အခန်း ၁၃၃
Vol. 9 Ch. 133
အပိုင်း (၁၃၃)
ကြောင်ဖရဲသီး စားလို့ရရင် ခွေးဖရဲသီးလည်း စားလို့ရမှာပေါ့။
လူတိုင်း လောကသစ် တံခါးကို ဖွင့်လိုက်ကြပြီး ဒီအရှိန်ဖြင့် ဖရဲသီးများကို ပိုစားချင်ကြသော်လည်း ချူဟွားက ရပ်တန့်လိုက်သည်။
အချိန်တော်တော် နှောင်းနေလေပြီ။ သူမ မနက်ဖြန် စောစောထပြီး သိုင်းသင်ရဦးမည်။ အိပ်ချိန်ရောက်ပြီ။
ထိုညတွင် ကျန်းရှီ အိမ်ပြန်ရောက်သော်လည်း လူးလှိမ့်ကာ အိပ်မပျော်နိုင် ဖြစ်နေရလေသည်။ တစ်ခါတလေ ဟွိုင်ရန် ကြောင်နှိပ်စက်သည်ကို တွေးပြီး မုန်းတီးလိုက်၊ တစ်ခါတလေ ဟွိုင်ရန်က သနားစရာ ကောင်းတယ် တွေးလိုက်၊ တစ်ခါတလေ ဟွိုင်ရန်လည်း တစ်နေ့ကျရင် အဲဒီအဘွားကြီးလို ကြောင်နှိပ်စက်ရာကနေ လူသတ်တဲ့ အဆင့် ရောက်သွားမလား ဆိုပြီး စိုးရိမ်လိုက်နှင့်ပင်။
သူမ ဟွိုင်ရန်အပေါ် ထားရှိခဲ့သော အနည်းငယ်မျှသော သဘောကျမှုများသည် ဟွိုင်ရန်က သူမကို အကြံစည်ပြီး သူမ သမီးကို လိမ်ညာခဲ့မှန်း သိလိုက်ကတည်းက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ဟွိုင်ရန် ကြောင်နှိပ်စက်တတ်ပြီး ဟန်ဆောင်ကောင်းမှန်း သိလိုက်သည့်အခါတွင်တော့ ကြောက်ရွံ့မှုအဖြစ် ပြောင်းလဲသွားလေသည်။
သူမ ငြင်းပယ်လိုက်ပြီးနောက် ဟွိုင်ရန်က စိတ်နာသွားပြီး လက်စားချေဖို့ ကျင်းကျင်းကို အန္တရာယ်ပြုမှာ သူမ ကြောက်သည်။
တကယ်လို့ ဟွိုင်ရန်ကလည်း အဲဒီအဘွားကြီးလို ရာဇဝတ်မှု ကျူးလွန်တဲ့ အဆင့် တက်သွားပြီး ကျင်းကျင်းကို ဖမ်းချုပ်၊ ရိုက်နှက်၊ လက်သည်းခွံ ခွာတာမျိုး လုပ်ရင်... အို၊ မဖြစ်ဘူး။ တွေးကြည့်လိုက်ရုံနှင့်ပင် သူမမှာ ရင်နာလွန်းလို့ မျက်ရည်ကျမိသည်။
ကျန်းရှီ စိုးရိမ်ကြောက်ရွံ့လွန်း၍ လုံးဝ အိပ်မပျော်နိုင်ဘဲ မိုးလင်းသည်အထိ မျက်လုံးပွင့်လျက်သား နေခဲ့ရသည်။
မိုးလင်းသည်နှင့် သမီးဆီ အမြန်သွားပြီး ဟွိုင်ရန်က မည်သို့သော လူစားမျိုးဖြစ်သည်ကို တစ်ခါတည်း ပြောပြလိုက်ချင်စိတ် ပေါက်သွားသည်။
စကားမပြောမီ မနေ့ညက ချူဟွားနှင့် system တို့ အကြံပေးခဲ့သည့် နည်းလမ်းကို သတိရသွားသည်။ ဟွိုင်ရန် မကောင်းကြောင်း အရင် သတိထားမိအောင် လုပ်ပြီးမှ ဖြည်းဖြည်းချင်း ရှင်းပြလျှင် ပိုပြီး လက်ခံလွယ်လိမ့်မည်။ ထို့ကြောင့် သူမ စိတ်လောနေမှုကို ထိန်းချုပ်လိုက်ပြီး သမီးဖြစ်သူ ပြဿနာကို ရှာတွေ့လာအောင် တဖြည်းဖြည်း လမ်းကြောင်းပေးလိုက်သည်။
သူမ အရိပ်အမြွက် အနည်းငယ် ပေးလိုက်သည်နှင့် ကျင်းကျင်းက ပြောလာ၏။ “အမေ၊ ဦးလေးဟွိုင်က လူဆိုးလား”
ကျန်းရှီ အံ့အားသင့်သွားပြီး စိုးရိမ်မှုကို ဖုံးကွယ်ကာ မေးလိုက်သည်။ “သူ ဘာလုပ်လို့လဲ။ သမီး မြင်လိုက်တာလား”
သူမ မမြင်ကွယ်ရာမှာ ဟွိုင်ရန်က ကျင်းကျင်းကို တစ်ခုခု လုပ်လိုက်မှာကို သူမ ပိုစိုးရိမ်သည်။
သို့သော် ကျင်းကျင်းက ခေါင်းခါလိုက်သည်။ “ဦးလေးဟွိုင်ကို မြင်တိုင်း ပိုင်ယွင်(ကြောင်)က နည်းနည်း ကြောက်နေသလိုပဲ၊ ဒါပေမဲ့ ဦးလေးကန်းကို မြင်ရင် ပိုင်ယွင်က မကြောက်ဘူး၊ ပျော်တောင် ပျော်နေသေးတယ်၊ ဦးလေးကန်းကို ပွတ်သီးပွတ်သပ် လုပ်ပြီး ဆော့တယ်လေ”
“လွန်ခဲ့တဲ့ ရက်ပိုင်းက ဦးလေးကန်းက သမီးနဲ့ ပိုင်ယွင်ကို အပြင်ခေါ်သွား ဆော့ပေးတယ်၊ ဓလေ့ထုံးတမ်းဝန်ကြီး အိမ်က မမကြီးဝမ်နဲ့ သိခဲ့ရတယ်၊ သူက ထာ့ရွှဲ့ အပါအဝင် ကြောင်လေးတွေ အများကြီး မွေးထားတာ၊ မမကြီးဝမ် ပြောတယ်၊ ကြောင်လေးတွေက အာရုံခံစားမှု ကောင်းတယ်တဲ့၊ ဘယ်သူက လူကောင်းလဲ။ ဘယ်သူက လူဆိုးလဲ ဆိုတာ ခွဲခြားတတ်တယ်တဲ့”
“မမကြီးဝမ်က ပြောသေးတယ်၊ တကယ်လို့ ပိုင်ယွင်က လူတစ်ယောက်ကို ကြောက်နေရင် အဲဒီလူက ပါးစပ်က ဘယ်လောက် ကောင်းတာတွေ ပြောပြော၊ ဘယ်လောက် နူးညံ့သိမ်မွေ့တဲ့ပုံ ပြပြ အဲဒါ အတုတွေတဲ့၊ ယုံလို့ မရဘူးတဲ့”
“မမကြီးဝမ်က ပြောတယ်၊ ဦးလေးကန်းက သမီးနဲ့ ပိုင်ယွင်အပေါ် အရမ်း ကောင်းတယ်တဲ့၊ ဒါပေမဲ့ ဦးလေးကန်းက တခြားလူတွေအပေါ် အဲဒီလို မကောင်းဘူးတဲ့၊ ဒါကြောင့် သူ ထင်တာက ဦးလေးကန်းက တခြား တစ်ယောက်ယောက်ကို သဘောကျလို့ သမီးတို့ကိုပါ လိုက်ချစ်ပေးနေတာ ဖြစ်မယ်တဲ့၊ အမေ၊ ဦးလေးကန်းက ဘယ်သူ့ကို သဘောကျလို့ သမီးကို ဒီလောက် ကောင်းပေးနေတာလဲ”
ကျင်းကျင်းက နုနယ်သော မျက်နှာလေးကို မော့ကာ စပျစ်သီးကဲ့သို့ တောက်ပသော မျက်လုံးကြီးများဖြင့် ကြည့်နေသည်။ အကြည့်များက ကြည်လင်ပြီး ရိုးရှင်းသော်လည်း ကျန်းရှီမှာ တစ်ကိုယ်လုံး တောင့်တင်းသွားပြီး နားရွက်များ ရဲတက်လာကာ စကားပင် မပြောနိုင်တော့ပေ။
ဘယ်... ဘယ်သူ ရှိဦးမလဲ။
သေချာပေါက် သူမပေါ့။
ပါးစပ်က ထုတ်မပြောဘဲ လက်တွေ့ လုပ်ပြတတ်တဲ့ အဲဒီလူအကြောင်း သူမ မသိလိုက်ဘဲ ကလေးမလေးက အရင် သိသွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။
တကယ်ပဲ အသက်ကြီးလေ နောက်ပြန်ဆုတ်လေ ဖြစ်နေပြီ။
“အဟမ်း...” ကျန်းရှီက သမီးဖြစ်သူကို ကိုယ့်ရဲ့ အချစ်ရေးအကြောင်း ပြောပြဖို့ ရှက်တာကြောင့် ဝါးတားတားသာ ပြောလိုက်သည်။ “အမေလည်း မသိဘူးလေ”
“ဩော်” ကျင်းကျင်းက စိတ်ပျက်လက်ပျက်ဖြင့် ပါးဖောင်းဖောင်းလေးကို ဖောင်းလိုက်သည်။
ခြင်္သေ့ကြောင်ဖြူတစ်ကောင်က အပြင်မှနေ၍ ကြွကြွရွရွ လျှောက်လာပြီး ကျင်းကျင်း၏ ပေါင်ပေါ်သို့ ခုန်တက်လိုက်ကာ နှစ်ပတ်လောက် ပတ်ပြီး ဝပ်နေလိုက်သည်။
ကျင်းကျင်းက ပိုင်ယွင်၏ မေးစေ့ကို ကုတ်ပေးလိုက်ရင်း စိတ်အခြေအနေ ကောင်းသွားသည်။ “ဒါဆို သမီးဘာသာ ဦးလေးကန်းကို သွားမေးလိုက်မယ်”
ကျန်းရှီ “...”
ကျင်းကျင်း ဘာမေးမလဲ ဆိုတာ စဉ်းစားကြည့်လို့ ရသည်လေ။ “ဦးလေးကန်း၊ ဦးလေးက တစ်ယောက်ယောက်ကို သဘောကျလို့ သမီးကို ဒီလောက် ကောင်းပေးနေတာလား၊ ဦးလေး ဘယ်သူ့ကို သဘောကျတာလဲ” ဆိုပြီး မေးလျှင် ကျန်းရှီ၏ လိပ်ပြာ လွင့်ထွက်သွားမှာ သေချာသည်။
“ဦးလေးကန်းက လူကြီးလေ၊ ကျင်းကျင်း မေးတာ ဖြေချင်မှ ဖြေမှာ၊ အမေပဲ သွားမေးလိုက်ပါ့မယ်”
ဘာပဲဖြစ်ဖြစ် သမီးကို အရင် တားထားရမယ်။ မေးတာ မမေးတာ နောက်ထား။ နောက်ရက်နည်းနည်း ကြာရင် ကျင်းကျင်း မေ့သွားလောက်တယ်။
ကျင်းကျင်းက ပိုင်ယွင်၏ အမွေးများကို ဖြီးပေးရင်း အမေပြောတာ ဟုတ်တယ်ဟု တွေးမိကာ ခေါင်းညိတ်လိုက်သည်။ “ဟုတ်”
ကန်းချန်က သူမကို သဘောကျကြောင်း မနေ့ကမှ ကျန်းရှီ သိခဲ့ရခြင်း ဖြစ်သည်။ သူမ၏ စိတ်ကိုပင် သေချာ မဆုံးဖြတ်ရသေးရာ တကယ် သွားမေးမည် မဟုတ်ပေ။
သူမ သက်ပြင်းချလိုက်စဉ်မှာပင် ကျင်းကျင်းက ပြောလာ၏။ “တကယ်လို့ ဦးလေးကန်းက အမေ့ကို မပြောပြရင် သမီး သွားမေးမယ်နော်”
ကျန်းရှီ “...” ဒီကိစ္စကို နင် မမေးရရင် မနေနိုင်ဘူးလား။ ဟူး မိခင်ဘဝက ခက်ခဲလိုက်တာ။
ရင်ထဲတွင် ဘယ်လောက်ပဲ ကယောင်ချောက်ချား ဖြစ်နေပါစေ၊ သမီးကို အမှန်အတိုင်း မပြောရဲပေ။ ကွယ်ရာတွင် ဘယ်လို လုပ်ရမလဲ ဆိုပြီး စိတ်ညစ်နေရသည်။ တကယ်ကြီး သွားမေးရမှာလား။
ကန်းချန်က သူမကို သဘောကျတယ် ဆိုတာ system က အတည်ပြုပေးထားတာမို့ မှားစရာ အကြောင်း မရှိပါဘူး။ ဒါပေမဲ့ သူမဘက်က စမေးဖို့ကျတော့ အရမ်း ရှက်ဖို့ ကောင်းလွန်းတယ်။ ပါးစပ်က ထုတ်မပြောရဲဘူး။
မကြာမီတွင် တရားရေးဝန်ကြီးသည် မနေ့ညက ဖရဲသီးအစီရင်ခံစာကို ရရှိပြီး ဟွိုင်ရန်သည် သမီးနှင့် မြေးမလေးထံ ရည်ရွယ်ချက်ရှိရှိ ချဉ်းကပ်ခဲ့ကြောင်း၊ မသမာသော စိတ်ထားရှိသည့် ဟန်ဆောင်ကောင်းသူ ဖြစ်ကြောင်း၊ အနာဂတ်တွင် လူသတ်သမား အဆင့်ထိ ရောက်သွားနိုင်ကြောင်း သိလိုက်ရသောအခါ ဒေါသထွက်သွားလေသည်။
“ကောင်းပြီလေ၊ ငါ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းပြီး နေလာတာ နှစ်ပေါင်းများစွာ ကြာပြီ။ မိစ္ဆာကောင်တွေ တစ်ကောင်ပြီး တစ်ကောင် ထွက်လာကြလိမ့်မယ်လို့ မထင်ထားဘူး”
တရားရေးဝန်ကြီးဌာနမှ လူများ “...”
သုံးနှစ်သား ကလေးကိုတောင် ငိုသွားစေနိုင်တဲ့ အဲဒီ ရက်စက်တဲ့ အပြုံးကြီးကို ကြည့်ပြီး ကိုယ့်လိပ်ပြာ ကိုယ်လုံအောင် ပြန်ပြောပါဦး။ ဘယ်သူက ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းနေလို့လဲ။ ဝန်ကြီး မဟုတ်တာတော့ သေချာတယ်။
တရားရေးဝန်ကြီးသည် ကိုယ့်ကိုယ်ကိုယ် မသိဘဲ အံကို တင်းတင်း ကြိတ်ထားဆဲ ဖြစ်သည်။
သမီးဖြစ်သူသည် တစ်ကြိမ် နာကျင်ခဲ့ရပြီးပြီ ဖြစ်ရာ မျက်ကန်းတစ္ဆေ တစ်ကောင်က သူမကို ထပ်မံ နာကျင်စေမည်ကို သူ လုံးဝ ခွင့်မပြုနိုင်ပေ။ ဒီဟွိုင်ရန် ဆိုတဲ့ကောင်က သတ္တိ တော်တော် ကောင်းတာပဲ၊ သူ့သတ္တိက သာ့ရှန်း ဥပဒေထက် ကြီးမလား ကြည့်ရသေးတာပေါ့။
ဟွိုင်ရန် ဆိုတဲ့ မြေးမိုက်က ကြောင်တွေကို အကြာကြီး နှိပ်စက်လာတာ ဘယ်သူမှ မထိန်းဘူး ဆိုတော့ ဟွိုင်မိသားစုရဲ့ အိမ်တွင်းရေးက မကောင်းတာ သေချာတယ်။
ဒီလို အိမ်မျိုးက ဥပဒေနဲ့ မလွတ်ကင်းတဲ့ ကိစ္စတွေ အများကြီး လုပ်ထားမှာ သေချာတယ်။
တရားရေးဝန်ကြီးက မည်းမှောင်သော အပြုံးဖြင့် ပြောလိုက်သည်။ “ဟွိုင်မိသားစုကို စစ်ဆေးစမ်း”
ဟွိုင်ရန်၏ လုပ်ရပ်သည် နန်းတွင်း အရာရှိ အတော်များများကို ဒေါသထွက်စေခဲ့သည်။ သူတို့ထဲမှ အချို့မှာ ကြောင်ချစ်သူများ ဖြစ်သဖြင့် ကြောင်လေးများ နှိပ်စက်ခံရသည်ကို မကြည့်ရက်ကြပေ။ အချို့မှာ ကြောင်နှိပ်စက်ခြင်းသည် ရက်စက်လွန်းသည်ဟု ထင်မြင်ကြပြီး အချို့မှာ ဟွိုင်ရန်၏ လုပ်ရပ်သည် လူသတ်သည့် အဆင့်ထိ ရောက်သွားမည်ကို စိုးရိမ်သဖြင့် မကောင်းမှု အစပျိုးကို အမြစ်ဖြတ်သင့်သည်ဟု ယူဆကြသည်။
တရားရေးဝန်ကြီးက ဦးဆောင်ပြီး ဟွိုင်မိသားစုကို စစ်ဆေးမည်ဟု ကြားသောအခါ လုပ်ဖော်ကိုင်ဖက်များက ဝိုင်းဝန်း ကူညီကြရာ လဝက် မကြာမီတွင် ဟွိုင်မိသားစု၏ ကိစ္စရပ်များကို စုံစမ်း သိရှိသွားကြသည်။
လွတ်သွားသော ငါးများ မရှိစေရန် စုစည်းထားသော အကြောင်းအရာ အားလုံးကို ချူဟွားထံ ပို့ပြီး system ကို စစ်ဆေးခိုင်းလိုက်သည်။
System သည် ဤဖရဲသီး အလကား စားရသည့် အခွင့်အရေးကို အသုံးချပြီး ဟွိုင်မိသားစု အကြောင်းကို အကုန်အစင် စစ်ဆေးလိုက်သည်။ အဘိုးဖြစ်သူ ဟွိုင်သခင်ကြီး၏ လာဘ်စားမှု၊ အခြားသူများကို မျက်နှာသာ ပေးမှုများမှ အစပြု၍ ဟွိုင်မိသားစု ဇနီးမယားများအကြား အပြန်အလှန် ဒုက္ခပေးမှု၊ ကိုယ်ဝန်ပျက်ကျစေမှုများ အထိ ပါဝင်သည်။
ဖရဲသီးများလွန်းသဖြင့် အများစုကို စကားအနည်းငယ်ဖြင့်သာ ကျော်သွားပြီး အသေးစိတ် မရှင်းပြသော်လည်း လူတိုင်း မျက်စိပွင့်သွားကြသည်။
System သည် အလွန် ရယ်စရာကောင်းသော ဖရဲသီး တစ်လုံးကို စားမိပြီး ချူအိမ်တော် တစ်ခုလုံး ကြားနိုင်လောက်အောင် ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။
[ဟားဟားဟားဟား system ကြီးရေ၊ ဒါက ရယ်စရာ ကောင်းလွန်းတယ် ဟားဟားဟား၊ ဒီနှစ်ရဲ့ အကောင်းဆုံး ဖရဲသီးလို့ သတ်မှတ်လိုက်ပြီ]
ချူဟွား???
ချူမိသားစု ???
ဘာ ဖရဲသီးမို့လို့လဲ။ ပြောပြပါဦး။
System [ဟွိုင်မိသားစု တတိယသခင်လေးက ငယ်ရွယ်စဉ်တုန်းက လွတ်လပ်ပေါ့ပါးတယ်၊ အရည်အချင်းရှိတယ်၊ သဘောကောင်းတယ်၊ စကားပြောကောင်းတယ်၊ လူဆွဲဆောင်နိုင်တယ်၊ ပိုက်ဆံရှိပြီး သုံးဖို့လည်း ဝန်မလေးဘူး၊ မိန်းကလေး အများကြီးကို ရန်စခဲ့ဖူးတယ်၊ ဒါပေမဲ့ သူက ငယ်သေးတယ် ဆိုပြီး အတည်တကျ မနေချင်ဘူး၊ ကောင်မလေးတွေကို ရိသဲ့သဲ့ လုပ်တယ်၊ ပြည့်တန်ဆာအိမ် သွားတယ်၊ မုဆိုးမတွေနဲ့ တွေ့တယ်၊ အကျင့်ပျက်လွန်းလို့ လူတော်တော်များများက ကြည့်မရ ဖြစ်နေကြတာ၊ ဒါပေမဲ့ သူက ဂရုမစိုက်ဘဲ သူ့သဘောသူဆောင် နေခဲ့တယ်]
[တတိယသခင်လေးမှာ ချင်းကျင်းယောက်ဆိုတဲ့ ဝမ်းကွဲညီမ တစ်ယောက် ရှိတယ်၊ ငယ်ငယ်တုန်းက ချင်းမိသားစု စီးပွားပျက်သွားလို့ ဟွိုင်မိသားစုက ခေါ်မွေးထားတာ၊ နှစ်ယောက်သား ငယ်သူငယ်ချင်းလို ကြီးပြင်းလာကြတာ၊ ချင်းကျင်းယောက်က ဒီဝမ်းကွဲအစ်ကိုကို အရမ်း သဘောကျတယ်၊ ပိုက်ဆံအိတ်၊ အမွှေးအိတ်၊ ရှူးဖိနပ်၊ ခြေအိတ်တွေ ထိုးပေးတယ်၊ ချက်ပြုတ်ကျွေးမွေးတယ်]
[အတွင်းခံ အဝတ်အစားတွေအထိ ချင်းကျင်းယောက်က လုပ်ပေးတယ်၊ သုံးလည်း သုံးတယ်ဆိုတော့ တတိယသခင်လေးက ချင်းကျင်းယောက်ကို ကြိုက်တယ်လို့ ထင်စရာပဲ မဟုတ်လား၊ ဟွိုင်မိသားစုနဲ့ ချင်းကျင်းယောက်ကလည်း အဲဒီလိုပဲ ထင်ခဲ့ကြတယ်၊ ဒါပေမဲ့ ချင်းကျင်းယောက် အရွယ်ရောက်လာတာတောင် တတိယသခင်လေးက လေလွင့်နေတုန်းပဲ၊ ဟွိုင်သခင်ကြီးက မေးကြည့်တော့ တတိယသခင်လေးက အိမ်ထောင် မပြုချင်သေးဘူး၊ အပြင်က ပန်းပွင့်လေးတွေက လှပလွန်းလို့ အိမ်က ပန်းတစ်ပွင့်တည်းနဲ့ အချုပ်အနှောင် မခံချင်ဘူးလို့ ပြောတယ်]
[ဟွိုင်သခင်ကြီးက အဲဒီတုန်းက ဘာမှ မပြောဘူး၊ သိပ်ပြီး စိတ်ဆိုးတဲ့ပုံလည်း မပေါက်ဘူး၊ မကြာခင်မှာပဲ ချင်းကျင်းယောက်ကို တတိယသခင်လေးရဲ့ သူငယ်ချင်း ချန်ဖန့်နဲ့ လက်ထပ်ပေးလိုက်တယ်၊ မင်္ဂလာရက်ကိုလည်း နီးနီးလေး သတ်မှတ်လိုက်တယ်၊ ချင်းကျင်းယောက်က ကန့်ကွက်စရာ မရှိဘူး၊ မင်္ဂလာဝတ်စုံ ချုပ်တယ်၊ မင်္ဂလာပစ္စည်း ပြင်ဆင်တယ်၊ ဟွိုင်အိမ်တော်ကနေ ထွက်သွားတယ်]
သည်လောက် ရှည်လျားသော နောက်ခံဇာတ်လမ်းကို နားထောင်ပြီးသည်နှင့် နောက်ဆက်တွဲက ရင်နာစရာ ဇာတ်လမ်း ဖြစ်လာလိမ့်မည်ဟု ချူဟွားသိလိုက်သည်။
[သူများ လက်ထပ်ပြီးမှ တတိယသခင်လေးက ချင်းကျင်းယောက်ကို ချစ်မှန်း သိသွားပြီး နောင်တရတာ၊ လူလိမ္မာလေး ပြန်ဖြစ်လာတာ၊ ဇနီးသည်ကို ပြန်လိုက်ရှာတာမျိုး မဟုတ်ပါဘူးနော်]
ဒါက သူ့ဇနီးသည်လည်း မဟုတ်တော့ဘူးလေ။
ဦးထုပ်စိမ်းနဲ့ ကိုယ်ကျင့်တရား ဖောက်ပြန်တဲ့ ဇာတ်လမ်းမျိုးလား။ အော့ —— ဒါက သေလမ်း ရှာတာပဲ။
System [တစ်ဝက်မှန်ပြီး တစ်ဝက်မှားတယ်၊ မှန်တဲ့ တစ်ဝက်ကို အရင် ပြောကြရအောင်]
[ချင်းကျင်းယောက် လက်ထပ်ပြီး ၃ ရက်အကြာ အိမ်ပြန်လာတော့ ဇနီးမောင်နှံကို သူ့ရှေ့မှာ မြင်လိုက်ရတယ်၊ ချင်းကျင်းယောက်က ရှက်သွေးဖြာပြီး ပြုံးနေတာ မြင်တော့ တတိယသခင်လေး ရင်ဘတ်ထဲက နာကျင်သွားတယ်၊ အဲဒီတော့မှ သဘောပေါက်သွားတာ၊ ဩော် ငါ ဝမ်းကွဲညီမလေးကို ချစ်တာပါလား ဆိုပြီးတော့]
[ပြီးတော့ သူက သတို့သားကို ရှောင်ပြီး ချင်းကျင်းယောက်နဲ့ စကားပြောတယ်၊ "အားယောက်၊ နင် ငါ့ကို ချစ်ရက်နဲ့ ဘာလို့ သူများကို လက်ထပ်လိုက်တာလဲ"၊ "သူက ငါ့ထက် ဘာကောင်းလို့လဲ"၊ "သူက ငါ့လောက် နင့်ကို ပျော်အောင် ထားနိုင်လို့လား" ဆိုပြီး မေးတယ်]
ချူဟွားမှာ မျက်နှာသေ ဖြစ်သွားတော့သည်။ [...... ကောင်းရော၊ ရောဂါက မသေးဘူးပဲ]
ချူမိသားစုဝင် အားလုံး ရွံရှာသော မျက်နှာထား ဖြစ်ကုန်ကြသည်။ ဟုတ်တာပေါ့!
ကောင်မလေးက မင်းကို ကြိုက်တုန်းက မင်းက ဖိနပ်ဟောင်းလို သဘောထားပြီး ကောင်မလေး သူများနောက် ပါသွားမှ မင်းက ဘယ်နေရာကနေ မနာလို ဝန်တိုတဲ့ မျက်နှာဘေးနဲ့ လာမေးနေရတာလဲ။ ဒီလောက် ရောဂါရနေရင် မြေမြှုပ်လိုက်တာက ပိုကောင်းမယ်။
ဩော်၊ မီးသင်္ဂြိုဟ်တယ် ဆိုတာ ဒီသဘောလား။
ပုံဖော်ရတာ တော်တော် ကောင်းတာပဲ။
System က ဆက်ပြောသည်။ [ချင်းကျင်းယောက်က သူများမယား ဖြစ်နေပြီမို့ သူ့ကို ဂရုမစိုက်ချင်ဘူး၊ ဒါပေမဲ့ တတိယသခင်လေးက အကြိမ်ကြိမ် နှောင့်ယှက်တယ်၊ တစ်ခါကဆို သူ့အိမ်ထိ လိုက်သွားပြီး ချန်ဖန့်ကို ဖယ်ခိုင်းပြီး သူ့ကို ပွတ်သီးပွတ်သပ် လုပ်တယ်၊ "ငါ အခုထိ နင် ကိုယ်တိုင် ချုပ်ပေးထားတဲ့ ဖိနပ်နဲ့ ခြေအိတ်ကို စီးထားတာ၊ နင် ထိုးပေးထားတဲ့ ရနံ့အိတ်ကို ဆောင်ထားတာ" ဘာညာ ပြောတော့ သူ လန့်သေမတတ် ဖြစ်သွားတာပေါ့]
[ချင်းကျင်းယောက်က သူများ တွေ့သွားပြီး နာမည်ပျက်မှာ၊ အိမ်ထောင်ရေး ထိခိုက်မှာ စိုးရိမ်လို့ သူ့ကို တဲ့တိုး ပြောလိုက်တယ်၊ "အဲဒီနေ့တုန်းက ကျွန်မ တံခါးအပြင်ဘက်မှာ ရှိနေတယ်၊ ရှင် အိမ်ထောင် မပြုချင်ဘူး ဆိုတာ ကျွန်မ ကြားခဲ့တယ်" ဆိုပြီးတော့၊ တတိယသခင်လေးက အဲဒီတော့မှ သူ ဘယ်လို လွဲချော်ခဲ့လဲ ဆိုတာ သိပြီး နောင်တရသွားတယ်၊ "ငါ နင့်ကို မယူချင်တာ မဟုတ်ပါဘူး"၊ "နင် ဘာလို့ ငါ့ကို မမေးတာလဲ" ဆိုတဲ့ စကားတွေ ပြောတာပေါ့]
[ကံကြမ္မာက မျက်လှည့်ပြတယ်၊ နှစ်ယောက်သား စကားပြောနေတုန်း ချန်ဖန့်က စောစော ပြန်ရောက်လာတယ်၊ သူတို့နှစ်ယောက်ကြားမှာ ဇာတ်လမ်း ရှိခဲ့ဖူးမှန်း ကြားလိုက်ရတယ်၊ ကိုယ့်ဇနီးသည်က သူငယ်ချင်းကို တစ်ဖက်သတ် ကြိုက်ခဲ့တာ နှစ်ပေါင်းများစွာ ကြာပြီ ဆိုတာ ဟွိုင်မိသားစု တစ်ခုလုံး သိတယ်၊ လက်ထပ်ခါနီးတောင် ဖြစ်ခဲ့သေးတယ်၊ ဒါဆို သူက ဘာလဲ]
ချူဟွားမျက်နှာထား မလုပ်တတ်တော့ပေ။ [ဒရာမာတွေ]
ပြောပြီးသည်နှင့် တခြားသူများကို ဒီစကားလုံးရဲ့ အဓိပ္ပာယ် ရှင်းပြပေးလိုက်သည်။ [အရမ်း ချဲ့ကားတာ၊ တိုက်ဆိုင်လွန်းတာ၊ မယုံနိုင်စရာ ကောင်းတာကို ဆိုလိုတာပါ]
ချူမိသားစု ...... တကယ် တိုက်ဆိုင်လွန်းတယ်။ ဒရာမာပဲ။
…