အခန်း ၁၃၄
Vol. 9 Ch. 134
အပိုင်း (၁၃၄)
System က ပေါင်ကို ရိုက်လိုက်၏။ [ဟုတ်တယ်မလား၊ ငါ ထင်တာကတော့ ဟွိုင်သခင်ကြီး လုပ်တာ မဟုတ်သေးဘူး။ မြို့တော်မှာ တခြား လူကောင်းတွေ မရှိတော့လို့လား၊ ဘာကိစ္စ တတိယသခင်လေးရဲ့ သူငယ်ချင်းနဲ့ ပေးစားရတာလဲ]
ချူဟွားကလည်း စဉ်းစားလိုက်သည်။ [တတိယသခင်လေးက မိန်းမကိစ္စ ရှုပ်ပေမဲ့ သူငယ်ချင်း သံယောဇဉ် ရှိတယ်လို့ ထင်လို့ နေမှာပေါ့၊ နောက်ပိုင်း ကိုယ့်စိတ်ရင်းကို သိလာရင်တောင် ချင်းကျင်းယောက်က သူငယ်ချင်းရဲ့ ဇနီး ဖြစ်နေပြီမို့ သူငယ်ချင်း မယား မထိပါးရ ဆိုပြီး အကွာအဝေး တစ်ခု ထားလိမ့်မယ်လို့ ယူဆခဲ့တာ ဖြစ်မယ်]
[မဟုတ်ရင် တတိယသခင်လေးက ချင်းကျင်းယောက် လက်ထပ်ပြီးမှ စိတ်ရင်းကို သိသွားပြီး တစ်ဖက်လူရဲ့ မိသားစု အခြေအနေက ဟွိုင်မိသားစုလောက် မကောင်းတာမို့ အာဏာသုံးပြီး ပြဿနာ ရှာရင် နာမည်ပျက်သွားနိုင်တယ်လေ]
System [ဟွိုင်သခင်မကြီးက စောစော ဆုံးသွားတော့ ဟွိုင်သခင်ကြီးက ဘာလို့ ဒီလူကို ရွေးလိုက်လဲ ဆိုတာ ဘယ်သူ့ကိုမှ မပြောပြခဲ့ဘူး။ အိမ်တော်ထိန်းနဲ့ စကားပြောရင်း စကားနည်းနည်း ပါသွားတာ ရှိတယ်။ နင် ပြောသလိုပဲ ဖြစ်လောက်တယ်]
[ချန်ဖန့်က ဇနီးသည်ရော သူငယ်ချင်းပါ သူ့ကို သစ္စာဖောက်တယ်လို့ ခံစားလိုက်ရတယ်။ ခေါင်းပေါ်မှာ ဦးထုပ်စိမ်းကြီး ဆောင်းထားရသလိုပဲ။ ချင်းကျင်းယောက်နဲ့ တတိယသခင်လေးကို မြင်တိုင်း သူတို့နှစ်ယောက် သူ့ကွယ်ရာမှာ ဖောက်ပြန်နေကြသလား ဆိုပြီး သံသယ ဝင်မိတယ်။ စိတ်ဒုက္ခ ရောက်ရတယ်။ အရက်သောက်ပြီး ဖြေဖျောက်တတ်လာတယ်]
[တစ်ရက်ကျတော့ ချင်းကျင်းယောက်က ဝမ်းသာအားရနဲ့ ကိုယ်ဝန်ရှိတဲ့ သတင်းကို ချန်ဖန့်ကို ပြောပြတယ်။ ချန်ဖန့်က ရက်တွက်ကြည့်တော့ အဲဒီရက်တွေမှာ သူ ဇနီးသည်နဲ့ အတူ မနေခဲ့ဘူး။ ဒါဆို ကလေးက ဘယ်သူ့ ကလေးလဲ ဆိုတာ ပြောစရာ လိုသေးလို့လား။ တတိယသခင်လေးရဲ့ ကလေးပဲ ဖြစ်ရမယ်။ ဒါ တရားမဝင်တဲ့ ကလေးပဲ]
[ချန်ဖန့်က ဦးထုပ်စိမ်း ဆောင်းတာ ခံနိုင်ပေမဲ့ ဒီကလေးကိုတော့ သည်းမခံနိုင်ဘူး။ ချင်းကျင်းယောက်ကို ကလေးဖျက်ခိုင်းတယ်။ ချင်းကျင်းယောက် မယုံနိုင် ဖြစ်သွားပြီး ကလေးကို ချမ်းသာပေးဖို့ ဒူးထောက် တောင်းပန်တယ်။ ချန်ဖန့်က ကြည့်လိုက်တော့ မင်းက သူ့ကို ဒီလောက်တောင် ချစ်တာလား၊ သူ့ကလေးအတွက် ငါ့ကို ဒူးထောက် တောင်းပန်တဲ့အထိ ချစ်တာလား ပေါ့]
ချူဟွားကလည်း လက်ဖက်ရည် ကြက်ဥတစ်လုံးနှင့် လောင်းရဲသည်။ ဒရာမာ ဇာတ်လမ်းတွေရဲ့ ပုံစံအရ ဒီကလေး သေချာပေါက် ပါသွားပြီ!
ထင်တဲ့အတိုင်းပဲ!
System [ချင်းကျင်းယောက်က ဘယ်လိုမှ လက်မခံဘူး။ အစားအသောက်ထဲ ဆေးခတ်မှာ စိုးရိမ်လို့ အစာငတ်ခံ ဆန္ဒပြတယ်။ ချန်ဖန့်က မေးစေ့ကို ညှစ်ပြီး ကိုယ်ဝန်ဖျက်ဆေး အတင်း တိုက်တယ်။ "မင်း ကလေးလိုချင်ရင် ငါ ပေးမယ်၊ ဒါပေမဲ့ သူ့ကလေးကိုတော့ လုံးဝ မမွေးရဘူး" လို့ ပြောတယ်။ ချင်းကျင်းယောက် လန့်ဖျပ်သွားတာပေါ့]
[ကလေး မရှိတော့ဘူး။ ချင်းကျင်းယောက်လည်း သေလုမျောပါး ဖြစ်သွားတယ်။ ခင်ပွန်းသည်ကို ဖုံးကွယ်ထားမိတဲ့ အပြစ်ရှိစိတ်ရော၊ ခင်ပွန်းသည်က ကိုယ့်ကို မယုံကြည်တဲ့ နာကျည်းစိတ်ရော ပေါင်းပြီး အရိုးပေါ် အရေတင် ဖြစ်သွားတယ်]
[ချန်ဖန့်က ဒီအချိန်အတွင်း မယားငယ် နှစ်ယောက် ယူလိုက်တယ်။ နေ့တိုင်း ပျော်ပါးနေတယ်။ တစ်ယောက်က ချင်းကျင်းယောက်နဲ့ နည်းနည်း တူတယ်။ ဆောင်ကြာမြိုင်က ဝယ်လာတာ၊ ချန်ဖန့်က အဲဒီ မယားငယ်ကို ဖက်ပြီး "အားယောက်" လို့ ခေါ်တတ်တယ်။ ချင်းကျင်းယောက်လည်း ချန်ဖန့်က အားယောက်လို့ ခေါ်တာခံရဖူးတော့ အရှက်ရတယ်လို့ ခံစားရပြီး ဝမ်းနည်း ဒေါသထွက်ပြီး ရေတွင်းထဲ ခုန်ချ သတ်သေသွားတယ်]
[ဈာပနမှာ ချင်းကျင်းယောက်ရဲ့ အစေခံမက ငိုပြီး ချန်ဖန့်ကို ပြောတယ်။ "သခင်မက သခင်ကြီးအပေါ် ဘယ်တော့မှ အမှားမလုပ်ခဲ့ပါဘူး။ အဲဒီကလေးက သခင်ကြီး ကလေးပါ" တဲ့၊ တစ်ရက်မှာ ချင်းကျင်းယောက်က စာကြည့်ခန်းမှာ မူးနေတဲ့ ချန်ဖန့်ကို သွားပြုစုတုန်း နှစ်ယောက် အတူနေခဲ့ကြတယ်။ ကိစ္စပြီးတော့ ချင်းကျင်းယောက်က အခန်း ပြန်သွားတယ်။ ဒါပေမဲ့ ချန်ဖန့်က မူးနေတော့ မေ့သွားတာ]
ဒီဖရဲသီးကြောင့် ချူဟွားမှာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
[ပါးစပ်မပါတဲ့ နောက်ထပ်ဇာတ်လမ်းတစ်ခုပဲ]
ချူမိသားစုဝင် တစ်ယောက်ချင်းစီလည်း ရင်ဘတ်အောင့်သွားကြသည်။ ဘာတွေ ဖြစ်ကုန်တာလဲ။
ဒီကိစ္စမှာ ချင်းကျင်းယောက်၊ ချန်ဖန့်၊ အစေခံမ သုံးယောက်ထဲက တစ်ယောက်လောက် ပါးစပ်ပါပြီး စောစောစီးစီး ရှင်းပြလိုက်ရင် ဒီလို ဝမ်းနည်းစရာ ဇာတ်လမ်း ဖြစ်လာမှာ မဟုတ်ဘူး။
System က သူတို့ ဒေါသထွက်နေရသော အကြောင်းအရင်းကို သိနေသဖြင့် သက်ပြင်းချလိုက်လေသည်။
[အစေခံမက ပါးစပ်ပါတယ်။ ဒါပေမဲ့ ချိန်ကိုက်လွဲနေတာ၊ ဒါမှမဟုတ် အရမ်း ကောင်းလွန်းတယ်လို့ ပြောရမလား၊ တတိယသခင်လေးရော ချန်ဖန့်ရော ကြားသွားတာကိုး]
[အဲဒီတော့မှ တတိယသခင်လေးက သူ ချင်းကျင်းယောက်ကို အကြိမ်ကြိမ် နှောင့်ယှက်မိလို့ ချင်းကျင်းယောက်ကို ချန်ဖန့်က အထင်လွဲသွားစေပြီး ချင်းကျင်းယောက် သတ်သေရတဲ့အထိ ဖြစ်သွားတာ သိလိုက်ရတယ်။ ချန်ဖန့်ကျတော့ ချင်းကျင်းယောက်က တတိယသခင်လေးကို စောစောကတည်းက စိတ်ကုန်နေပြီ ဆိုတာ သိလိုက်ရတယ်။ သူ့ရဲ့ မယုံကြည်မှု၊ သံသယ၊ စော်ကားမှုတွေက ချင်းကျင်းယောက်နဲ့ သူတို့ကလေးကို သေစေခဲ့တာ သိလိုက်ရတယ်]
[ကိစ္စတွေ ဒီအဆင့် ရောက်သွားတော့ တတိယသခင်လေးနဲ့ ချန်ဖန့် လုံးဝ ပြတ်စဲသွားကြတယ်။ ဆက်ဆံရေး မရှိကြတော့ဘူး။ ချန်ဖန့်က ချင်းကျင်းယောက်နဲ့ မမွေးရသေးတဲ့ ကလေးအပေါ် အပြစ်ရှိတယ် ခံစားရပြီး မယားငယ်က သားမွေးပေးလို့ အိမ်မှာ မျိုးဆက်ကျန်ခဲ့တာနဲ့ ဘုန်းကြီး ဝတ်သွားတယ်။ တတိယသခင်လေးကတော့ အဲဒီကတည်းက ပန်းခင်း(မိန်းမလိုက်စားတာ)ထဲ ပိုပျော်ပါးလာတယ်]
[ချင်းကျင်းယောက်က တတိယသခင်လေးရဲ့ ရင်ထဲက လရောင်ဖြူ ဖြစ်သွားတယ်။ သူ အိမ်ခေါ်လာတဲ့ မိန်းမတွေက ချင်းကျင်းယောက်နဲ့ နည်းနည်းတော့ တူကြတယ်။ မျက်နှာ တူရင်တူ၊ အသံ တူရင်တူပေါ့]
ကောင်းရော။ လူစားထိုး ဇာတ်လမ်း လာပြီ! ချူဟွားမှာ လုံးဝကို ထုံကျသွားတော့သည်။
[ဒီ ဒရာမာ ဖရဲသီးတွေ စားရတာ ငါ ဗိုက်နာတယ်။ ဒါနဲ့ ထုံအာရေ၊ နင့်ရယ်စရာရော]
System [မလောပါနဲ့၊ ဒါက နောက်ခံ ဇာတ်လမ်းလေ၊ ဒါ မပြောရင် နောက်ပိုင်း ဇာတ်လမ်းရဲ့ အရသာကို နင် ခံစားရမှာ မဟုတ်ဘူး]
ဟုတ်ပါပြီ။ ချူဟွားက စိတ်ရှည်လက်ရှည် စောင့်လိုက်သည်။
System [တတိယသခင်လေးက မိန်းမတွေအပေါ် ထားတဲ့ သဘောထားက ဘယ်သူ ချင်းကျင်းယောက်နဲ့ အတူဆုံးလဲ၊ အဲဒီလူက အချစ်ခံရဆုံးနဲ့ ပိုက်ဆံ အများဆုံး ရတယ်။ တခြား မိန်းမတွေဆီမှာ အချစ်ဦးရဲ့ အရိပ်အယောင်ကို လိုက်ရှာနေတာ၊ သူက တွေ့သမျှ မိန်းမကို သိမ်းပိုက်တယ်။ အိမ်ခေါ်လာတယ်။ မိန်းမတွေက ကြက်တိုက်သလို တိုက်ခိုက်နေကြတာ၊ သားသမီးတွေ မွေးလာလည်း ဂရုမစိုက်ဘူး။ ကိုယ့်ကလေးနဲ့ မယားငယ်ကိုတောင် မှားတတ်တယ်]
[သူက နေ့တိုင်း အရက်နဲ့ မိန်းမနဲ့ ပျော်ပါးနေတယ်။ သူ မရလိုက်တဲ့ အချစ်ထဲမှာ နစ်မွန်းပြီး ကိုယ့်ကိုယ်ကိုယ် အချစ်ကြီးသူလို့ သတ်မှတ်တယ်။ သူ့ကြောင့် သေသွားတဲ့ မိန်းမတစ်ယောက်ကို တစ်ဘဝလုံး လွမ်းဆွတ်နေတယ်။ ပြီးတော့ ချင်းကျင်းယောက်နဲ့ တူတဲ့ မိန်းမတစ်သိုက်ကိုလည်း ဒုက္ခပေးနေတယ်]
[မယားငယ်တွေက နှစ်အတော်ကြာ တိုက်ခိုက်ပြီးနောက် သေသွားတဲ့ လူတစ်ယောက်ကို မနိုင်မှန်း သိတော့ လက်လျှော့လိုက်ကြတယ်။ တတိယသခင်လေးက အိမ်ကို လူသစ်တွေ ထပ်ခေါ်လာတာ မြင်ရတော့ ပြောလို့လည်း မရတော့ တကယ် စိတ်ကုန်သွားကြတယ်။ အဲဒါနဲ့သူတို့ ပူးပေါင်းပြီး သူ့ရဲ့ ထမင်းဟင်းနဲ့ အချိုပွဲတွေထဲ ဆေးခတ်ကြတယ်။ တစ်ခါထည့်ရင် နည်းနည်းပဲ ထည့်တာ]
[တတိယသခင်လေးရဲ့ စွမ်းဆောင်ရည်က တဖြည်းဖြည်း ကျဆင်းလာတယ်။ သူက အရင်တုန်းက အရမ်း ပျော်ပါးခဲ့လို့ ထင်ပြီး ထိန်းသိမ်းရင် ကောင်းသွားမယ် ထင်နေတာ၊ တကယ်တမ်းကျတော့ ပိုဆိုးလာပြီး နောက်ဆုံး လုံးဝ ပျောက်သွားရော]
ချူဟွား[ပြီးပြီလား]
System [ပြီးပြီလေ]
ချူဟွား[ရယ်စရာက ဘယ်နားမှာလဲ]
Systemမှာ မျက်လုံးလည်သွားတော့သည်။ [တတိယသခင်လေးက လူတွေကို ဒေါသထွက်အောင် လုပ်မိလို့ မယားငယ်တွေ ပေါင်းပြီး အပေးအယူမျှမျှနဲ့ သင်းကွပ်ခံလိုက်တာတောင် မသိဘူးလေ။ နေ့တိုင်း သူ အဆင်ပြေသေးသလို ဟန်ဆောင်နေတာလေ၊ မယားငယ်တွေနဲ့ သားသမီးတွေက စောစောကတည်းက သိပြီးသား ဆိုတာ သူ လုံးဝ မသိဘူးလေ။ သူ သရုပ်ဆောင်နေတာကို ထိုင်ကြည့်နေကြတာလေ၊ ဒါက မရယ်ရဘူးလား]
ချူဟွား“...”
ချူမိသားစု “...”
တကယ်လို့ ဒီဖရဲသီးထဲမှာ လူသေတာ မပါရင် သူတို့ တကယ် ရယ်မိလောက်သည်။ လူသေထားတာ ဆိုတော့ ရယ်ဖို့ ခက်နေလေသည်။
ချင်းကျင်းယောက်ကို သေအောင် ဝိုင်းပို့လိုက်တဲ့ ယောက်ျားနှစ်ယောက်၊ တစ်ယောက်က ကိုယ့်သဘောနဲ့ကိုယ် ဘုန်းကြီးဝတ်သွားတယ်။ နောက်တစ်ယောက်က အတင်းအကျပ် ဘုန်းကြီးဝတ် (သင်းကွပ်) ခံလိုက်ရတယ်။
လူတချို့အမြင်မှာတော့ ထိုစွမ်းရည် ပျောက်ဆုံးသွားခြင်းက ယောက်ျားတစ်ယောက်အတွက် ပြင်းထန်သော ပြစ်ဒဏ်ဟု ထင်ကောင်း ထင်ကြလိမ့်မည်။
သို့သော် လက်တွေ့တွင် ချန်ဖန့်မှာ ဇနီးနှင့် မယားငယ် ရှိသည်။ မျိုးဆက် ကျန်ခဲ့သည်။ စိတ်ပြောင်းသွားလျှင် အချိန်မရွေး လူထွက်နိုင်သည်။ တတိယသခင်လေးမှာလည်း မယားငယ် အများအပြား ရှိသည်။ သားသမီးများ ရှိသည်။ စားသောက်ရန် မပူရ၊ ထိုစွမ်းရည် ပျောက်ဆုံးသွားသည်မှ လွဲ၍ ဘာလိုအပ်ချက် ရှိပါသေးသနည်း။
ဤကိစ္စတွင် အသနားစရာ အကောင်းဆုံးမှာ ချင်းကျင်းယောက်နှင့် ဖခင်ဖြစ်သူ၏ သံသယကြောင့် အဖျက်ခံလိုက်ရသော ကလေးပင်။
တတိယသခင်လေးက စိတ်များပြီး အချစ်ရှုပ်ကာ အနေအထိုင် မဆင်ခြင်ဘဲ လက်ထပ်ပြီးသော ဝမ်းကွဲညီမနှင့် ပွတ်သီးပွတ်သပ် မလုပ်ခဲ့လျှင်၊ မဆိုင်တာတွေ မပြောခဲ့လျှင် နောက်ဆက်တွဲ အထင်လွဲမှုများ ဖြစ်လာလိမ့်မည် မဟုတ်ပေ။
ချန်ဖန့်က သံသယ မဝင်ဘဲ သက်သေရှာဖို့ မကြိုးစားဘဲ ကိုယ့် ဆုံးဖြတ်ချက်ကိုသာ ယုံကြည်ပြီး ကိုယ့်နည်းကိုယ့်ဟန်နှင့် ဖြေရှင်းရန် ခေါင်းမာမာဖြင့် မလုပ်ခဲ့လျှင် အသက်နှစ်ချောင်း ဆုံးရှုံးရလိမ့်မည် မဟုတ်ပေ။
ဟုတ်ပါတယ်။ ချင်းကျင်းယောက်လည်း အတိတ်ကို ကောင်းကောင်း နှုတ်မဆက်ခဲ့ဘဲ သင့်တော်တဲ့အချိန်မှာ ရှင်းရှင်းလင်းလင်း မပြောပြခဲ့လို့ ယောက်ျားနှစ်ယောက်လုံး အထင်လွဲသွားတာ၊ သူလည်း မှားတာပါပဲ။
ပြောရမယ်ဆိုရင်...
ကျေးဇူးပြုပြီး စကားပြောတတ်တဲ့ ပါးစပ်လေးတွေ ပါလာကြပါတော့။
System တောင် စိတ်ဖတ်နိုင်တာ မဟုတ်ဘူး။ တခြားလူတွေဆို ပိုဝေးသေး၊ ဘာကိစ္စမဆို ရင်ထဲမှာပဲ သိမ်းမထားကြပါနဲ့။
ဒီနှစ် အကောင်းဆုံး ဖရဲသီး၏ ရိုက်ခတ်မှုက မျှော်မှန်းထားသည်ထက် ကျော်လွန်ပြီး နောက်ဆက်တွဲ ရိုက်ခတ်မှုက ရက်အတော်ကြာ ဆက်ရှိနေခဲ့သည်။
ချူဟွားကတော့ အိမ်တွင်းရေး ဇာတ်လမ်းတွဲတွေ တစ်ခုပြီး တစ်ခု ကြည့်နေရသလို ခံစားရပြီး စိတ်ပင်ပန်းလှသည်။ ထိုအထဲမှ မိန်းမချင်း တိုက်ခိုက်ကြသည်များကို နားထောင်ရတာ ခေါင်းကိုက်လှသည်။
ခြေနှစ်ချောင်းပါတဲ့ ယောက်ျား ရှာရတာ ခက်လို့လား။ ဘာလို့ ယောက်ျား တစ်ယောက်တည်းကိုပဲ စိုက်ကြည့်ပြီး အနောက်ဆောင်မှာ ပြွတ်သိပ်နေကြတာလဲ။
ညီအစ်မတို့ရေ၊ အမြင်ကျယ်ကျယ် ကြည့်ကြပါလို့! ဒီယောက်ျား မကောင်းရင် နောက်တစ်ယောက် ပြောင်းပေါ့။ နောက်တစ်ယောက်က ပိုချို၊ ပိုလိမ္မာ၊ ပိုစကားနားထောင်မယ်ဆိုတာ အာမခံတယ်!
မင်းသား ၅ သည် အနောက်ဆောင်က အမျိုးသမီးများ၏ ရက်စက်သော နည်းလမ်းများကို ကြားပြီး လန့်လွန်းသဖြင့် ဖရဲစေ့ပင် ပြုတ်ကျသွားလေသည်။ လက်ဖက်ရည် သောက်တိုင်း တွန့်ဆုတ်နေရပြီး အထဲတွင် ထူးဆန်းသော ဆေးများ ပါနေမလားဟု စိုးရိမ်နေရသည်။ ဘယ်သူ့ကြည့်ကြည့် "ငါ့ကို ဒုက္ခပေးမဲ့ သူယုတ်မာတွေ" ဟု သံသယ ဝင်နေမိတော့သည်။
သူက ငယ်သေးလို့၊ ဘယ်မိန်းကလေးနဲ့မှ ဇာတ်လမ်း မရှိသေးလို့ လက်စားချေခံရဖို့ မရှိပေမဲ့ ထမင်းစားတိုင်း ငွေအပ်နဲ့ စမ်းသပ်ချင်နေတော့တယ်။
နန်ကုန်းလင်ကတော့ "စာချုပ်ဖြင့် ပေါင်းသင်းခြင်း" အကြံအစည်ကို ပိုမို ခိုင်မာသွားစေသည်။
သူမ အလုပ်ကို ဝင်မစွက်ဖက်သရွေ့ အနာဂတ် ခင်ပွန်းသည်က မယားငယ် ဘယ်နှစ်ယောက် ယူယူ ဂရုမစိုက်ပေ။ သူမ မျက်စိရှေ့ လာမရှုပ်သရွေ့ မယားငယ်များ ဘယ်လို လုလု၊ ဘယ်လို တိုက်ခိုက် တိုက်ခိုက် ဂရုမစိုက်၊ သူမနှင့် မဆိုင်ပေ။
အိမ်ရှင်မရဲ့ တာဝန်နဲ့ ဝတ္တရားဟုတ်လား။ ငါ့ကိစ္စ မဟုတ်ဘူး။
စာဖတ်နားချိန်တွင် သုံးဦးသား မကြာသေးမီက စားခဲ့ရသော ဖရဲသီးများအကြောင်း ဆွေးနွေးကြသည်။
ပြောပြီးနောက် စာကြည့်ခန်းက တိတ်ဆိတ်သွားတော့သည်။
တကယ်ပဲ စာဖတ်သူ သုံးယောက်က ဝေခွဲမရတဲ့ သုံးယောက် ဖြစ်နေကြတာလား။ တစ်ယောက်ချင်းစီ ရလိုက်သော ခံစားချက်က တော်တော် ကွာခြားကြသည်။
မင်းဆရာအိုကြီးကပင် သူတို့သုံးယောက်ကြောင့် တိတ်ဆိတ်သွားပြီး လက်ဖက်ရည်ကို တစ်ငုံချင်း သောက်ပြီးမှ ပြောလာ၏။ "အင်း၊ အခုခေတ် လူငယ်တွေက အကြံဉာဏ် ကောင်းကြတယ်"
မင်းဆရာကြီး သိလိုက်ရသောအခါ "..."
အဲဒါ အကြံဉာဏ် ကောင်းတာလား။ အဲဒါ အကြံဉာဏ် လွန်ကဲနေတာ။ တစ်တိုင်းပြည်လုံးမှာ ဒီလောက် လွဲနေတာ မရှိတော့ဘူး။
သူများတွေ ဖရဲသီးစားရင် အပျော်သဘော ကြည့်ကြတယ်။ စားပြီးရင် ပြီးရော၊ နင်တို့ သုံးယောက်က သင်ခန်းစာတွေပါ ယူနေကြတယ်ပေါ့။
နင်တို့ လုပ်သလို လုပ်ရင် သာ့ရှန်းက အမျိုးသားတွေ မယားငယ် ယူလို့ မရတော့ဘူး။ မဟုတ်ရင် "မိန်းမက ငါ မစွမ်းဘူး ထင်နေပြီ။ ပိုလိမ္မာတဲ့ နောက်တစ်ယောက် သွားရှာတော့မှာလား"၊ ဒါမှမဟုတ် "မယားငယ်တွေ ပေါင်းပြီး ငါ့ကို ဒုက္ခပေးတော့မယ်!"၊ ဒါမှမဟုတ် "ရှင် မယားငယ် ယူချင်ယူ၊ ကျွန်မ စီးပွားရေး ကျွန်မ လုပ်မယ်၊ တစ်ယောက်နဲ့ တစ်ယောက် ဝင်မစွက်ဖက်ကြေး" ဆိုပြီး ဖြစ်ကုန်တော့မယ်၊ မိသားစု သာယာပါဦးမလား။
ချူဟွား"တစ်လင်တစ်မယားစနစ်၊ သစ္စာရှိခြင်း၊ ယောက်ျားတွေက နည်းနည်းပဲ ယူရင် ကောင်းတာပေါ့"
မင်းသား ၅ "ဟုတ်တယ် ဟုတ်တယ်။ မမဟွား ပြောတာ အဓိပ္ပာယ် ရှိတယ်!"
နန်ကုန်းလင် "စေ့စပ်ဖို့ မလောကြနဲ့လေ၊ မိန်းကလေးတွေကို သူတို့ နှစ်သက်တဲ့သူ ဖြည်းဖြည်းချင်း ရှာခိုင်းလိုက်ရင် ပြီးရော မဟုတ်လား"
မင်းဆရာကြီး "..."
ထားလိုက်ပါတော့၊ နောက်နှစ်ပေါင်းများစွာက နင်တို့ လူငယ်တွေရဲ့ လောကပဲလေ၊ ငါက သေနှင့်ပြီပဲ။ နင်တို့ ဘယ်တော့ လက်ထပ်မလဲ၊ တစ်ယောက်တည်းပဲ ယူမလား ဆိုတာ ငါနဲ့ ဘာဆိုင်လို့လဲ။
...