← Chapters

အခန်း ၁၃၆

Vol. 10 Ch. 136

အခန်း ၁၃၆

Vol. 10 Ch. 136

အပိုင်း (၁၃၆)

ဤကဲ့သို့ အဖြစ်အပျက်များကြောင့် ချူဟွားသည် အပြင်ထွက်ရန်ပင် မျက်နှာပူမိတော့သည်။

ကံကောင်းသည်မှာ ဝတ္ထုထဲတွင် ပုံပါမလာခြင်းပင်။ အပြင်ထွက်လျှင် ရုပ်ဖျက်သွားပါက မည်သူမျှ မှတ်မိမည် မဟုတ်ပေ။

နင်တို့ပြောနေတဲ့ ချူဟွားနဲ့ ငါ ချူသခင်မလေးနဲ့ ဘာဆိုင်လို့လဲ။

မသိဘူး။ မပတ်သက်ဘူး။ လာမမေးနဲ့။ မေးရင်လည်း မသိဘူးပဲ။

ချူဟွားသည် အတွေးပြောင်းလိုက်ရတော့သည်။ မကြည့်ဘူး။ နားမထောင်ဘူး။ မစဉ်းစားဘူး။

ကြည့်ချင်ရင် ကြည့်ကြပါစေ၊ သူများတွေ ဝတ္ထုဖတ်တာကို ငါက လိုက်တားလို့ ရမှာမို့လို့လား။

ငါ့မျက်စိရှေ့ လာမရှုပ်သရွေ့ သူတို့ မကြည့်ဘူးလို့ပဲ သဘောထားလိုက်မယ်။ ကြာလာရင်လည်း အသားကျသွားမှာပါ။

သုံးလခန့် ကြာပြီးနောက် ညတစ်ညတွင် သူမသည် ရှန်လုထံ၌ နက္ခတာရာ ဗေဒင်ပညာ သင်ယူနေစဉ် သူ၏ စာအုပ်စင်အောက်၌ ဖိထားသော ချူဟွား၏ အတ္ထုပ္ပတ္တိကို မထင်မှတ်ဘဲ တွေ့လိုက်ရလေသည်။ ဈေးကွက်ထဲတွင် ရောင်းအားကောင်းနေသော ပထမတွဲနှင့် ဒုတိယတွဲ အပြင် မရောင်းရသေးသော တတိယတွဲပါ ရှိနေသည်ကို တွေ့လိုက်ရ၏။

ချူဟွား"..."

သူမက ဝတ္ထုကို ကိုင်လျက် မျက်နှာအမူအရာ မကောင်းသည်ကို မြင်လိုက်ရသောအခါ ရှန်လု၏ စိတ်ထဲတွင် စိုးရိမ်ထိတ်လန့်သွားသလို အနေခက်သလိုလည်း ခံစားလိုက်ရလေသည်။

ချူဟွားသည် တခြားသူများက "ချူဟွား၏ အတ္ထုပ္ပတ္တိ" ဖတ်သည်ကို မကြိုက်မှန်း သိသောကြောင့် ကျားယီ လာပို့သော ဝတ္ထုကို ဝှက်ထားခဲ့ခြင်း ဖြစ်လေသည်။ သို့သော် ရှာတွေ့သွားလိမ့်မည်ဟု ထင်မထားခဲ့မိပေ။

ချူဟွားက ဝတ္ထုကို လှန်လှောကြည့်ရှုလိုက်၏။ အတော်လေး သစ်လွင်နေသေးသဖြင့် ‘အကြိမ်ရေ အများကြီး မဖတ်ရသေးဘူး။ တစ်ခါမှ မဖတ်ရသေးတာလည်း ဖြစ်နိုင်တယ်’ဟု တွေးလိုက်မိ၏။

လူစိမ်းများက သူမကို ဇာတ်လိုက်လုပ်ထားသည့် ဝတ္ထုကို ဖတ်ကြသည်မှာ ရှိစေတော့ ဆိုသော်ငြား ရှန်လုကပါ လိုက်ဖတ်နေသည်မှာ အနည်းငယ် နေရခက်စရာ ကောင်းနေသည်။

သူမက ကံကောင်းလို ကံကောင်းငြား မေးလိုက်သည်။ "ရှင် ဖတ်ပြီးပြီလား"

"အင်း" ရှန်လုက လိမ်မပြောရဲပေ။

ချူဟွား"ဘယ်နှခေါက်လဲ"

ရှန်လုက နှာခေါင်းထိပ်လေးကို ပွတ်သပ်ရင်း နေရခက်စွာ ပြောလိုက်၏။ "သိပ်အများကြီး မဟုတ်ပါဘူး"

ချူဟွား၏ စိတ်ထဲတွင် မကောင်းသော ခံစားချက်များ ပိုမို ပြင်းထန်လာပြီး တိကျသော အဖြေကို ရမှ ဖြစ်တော့မည်။ "ဒါဆို ဘယ်နှစ်ခေါက်လဲ"

ရှန်လုက ချောင်းတစ်ချက် ဟန့်လိုက်ပြီး နားရွက်ဖျားလေးများ ရဲလာလေသည်။ "ငါးခေါက်"

ချူဟွား၏ ခေါင်းပေါ်တွင် မေးခွန်းထုတ်စရာများ ပြည့်နှက်သွားတော့၏။

အမှန်တရား အခြေခံ သိပ်မရှိဘဲ လျှောက်ရေးထားတဲ့ အရာတစ်ခုကို နင်က ခေါက်တုံ့ခေါက်ပြန် ငါးခေါက်တောင် ဖတ်တယ်ပေါ့။ နင် အရမ်း အားနေလို့လား။

ဒါက လုံလောက်အောင် ရူးကြောင်ကြောင် နိုင်နေပြီ ဖြစ်သော်လည်း ပိုပြီး ရူးကြောင်ကြောင် နိုင်သော ကိစ္စများက နောက်တွင် ရှိနေသေး၏။

Systemသည် သူတို့နှစ်ဦး ပြောဆိုနေသည်ကို ကြည့်ပြီး စိတ်လောနေပြီ ဖြစ်ရာ အခြေအနေ မဟန်သည်ကို မြင်သည်နှင့် ရှန်လုရှေ့မှာပင် ချူဟွားကို တိုင်တောလေတော့သည်။

[မမကြီးဟွား မမကြီးဟွား၊ ငါ နင့်ကို ပြောပြမယ်။ အလှလေးရှန်လုပြောတဲ့ ငါးခေါက်ဆိုတာက အစကနေ အဆုံးထိ ငါးခေါက် ဖတ်တာကို ပြောတာ၊ သူ သဘောကျလို့ ထပ်ခါထပ်ခါ ဖတ်တဲ့ အခန်းတွေကို ထည့်မတွက်ထားဘူး]

[ဥပမာ ပြောရရင် ဝတ္ထု အစပိုင်းမှာ သုံးနှစ်သမီး ချူဟွားလေးနဲ့ အမေတို့ စကားပြောတဲ့ အခန်းတို့၊ မှိုတက်နေတဲ့ လိမ္မော်သီး အကြောင်းတို့ ပြီးတော့ ဂျုံအထွက်နှုန်း နည်းလို့ လယ်သမားတွေ ငိုယိုပြီး ရိတ်သိမ်းနေတာကို မြင်တော့ နင်က "အမေ၊ သူတို့ ဘာလို့ ငိုနေတာလဲ"၊ "အမေ၊ ဒီလောကကြီးမှာ ဂျုံတွေ ပိုထွက်အောင် လုပ်ပေးနိုင်တဲ့ ပစ္စည်းမျိုး မရှိဘူးလား" လို့ မေးတဲ့ အခန်းတွေကို အကြိမ်ကြိမ် ဖတ်တာ]

[တုန်းဖန်ဟန်က ဒီအကြောင်းအရာတွေကို စိတ်ကူးယဉ် ရေးသားခဲ့တာ၊ တစ်ချက်က နင် ငယ်ငယ်တုန်းက ဘယ်လို အခြေအနေ ရှိခဲ့လဲ ဆိုတာ မသိလို့၊ ပြီးတော့ အတ္ထုပ္ပတ္တိ ရေးရင် ငယ်ဘဝကို ချန်လှပ်ထားလို့ မရဘူးလေ၊ နောက်တစ်ချက်က နောက်ပိုင်း ပင်နီစလင် နဲ့ ဓာတ်မြေဩဇာတွေ ပေါ်လာတဲ့အခါ ပိုပြီး ယုတ္တိရှိသွားအောင် ဇာတ်လမ်း ခင်းပေးထားတာ]

[ဝတ္ထုရေးသူ တုန်းဖန်ဟန်က နင့်အပေါ် အမြင်ကောင်းတွေ ရှိနေတော့ ဒီအကြောင်းအရာတွေကို ရေးတဲ့အခါ နင့်ကို အရမ်း ချစ်ဖို့ကောင်းအောင် ရေးထားတာလေ၊ "သမီးလေး လိုချင်အောင် လာမြှူဆွယ်နေတာလား" ဆိုတဲ့ အဆင့်ထိ ရောက်နေတော့ အလှလေးရှန်လုက ထပ်ခါထပ်ခါ ပြန်ဖတ်နေတာပေါ့]

ရှန်လု၏ မျက်နှာမှာ ချက်ချင်းပင် ဖြူတစ်လှည့် နီတစ်လှည့် ဖြစ်သွားလေသည်။

ကိုယ့်ချစ်သူမှာ အရာအားလုံး သိနိုင်တဲ့ ထောက်လှမ်းရေး system ရှိနေရင် ဘာဖြစ်မလဲ။

အဖြေ ကိုယ့်ချစ်သူ ဇာတ်လိုက်လုပ်ထားတဲ့ ဝတ္ထုကို ခိုးဖတ်လို့ မရဘူး။ မဟုတ်ရင် မျက်နှာချင်းဆိုင်မှာတင် လူမှုရေးအရ သေဆုံးသွားလိမ့်မယ်။

ချူဟွားက ဒေါသထွက်နေခြင်း မဟုတ်ပေ။ သာ့ရှန်းတစ်ပြည်လုံး "ချူဟွား၏ အတ္ထုပ္ပတ္တိ" ကို ဖတ်နေကြသူများ များပြားလှရာ ရှန်လုတစ်ယောက် ပိုလာရုံဖြင့် ကိစ္စ မရှိပေ။ သို့သော် အနည်းငယ် ထူးဆန်းသည်ဟု ခံစားမိသည်။ ရှန်လုဆိုသည့် လူက လေပြည်လေညင်းလေးလို အေးချမ်းတည်ငြိမ်ပြီး လောကီအရေးကို စိတ်မဝင်စားသူ မဟုတ်ပါလား။ ဘယ်ဘက်က ကြည့်ကြည့် ဝတ္ထုဖတ်ခြင်းနှင့် မသက်ဆိုင်သလိုပင်။

"ရှင်က ဘာဖြစ်တာလဲဆိုတာ သိရက်နဲ့။ ဘာလို့ ဒါကို ကြည့်နေသေးတာလဲ"

ရှန်လုသည် သူမ စိတ်ဆိုးသည့်ပုံ မပေါ်သည်ကို မြင်လိုက်ရမှ သူမကို ဆွဲခေါ်ပြီး ထိုင်ခိုင်းလိုက်ကာ လက်ဖက်ရည် သောက်ရင်း ဖြည်းဖြည်းချင်း ရှင်းပြလေသည်။

"အချက်အလက်ကို ဖယ်ထားရင်တောင် ဒါကို ကြည့်ရတာလည်း စိတ်ဝင်စားဖို့ ကောင်းတယ်"

စိတ်ဝင်စားဖို့ ကောင်းလို့လား။ ငါကျတော့ ဘာလို့ အဲဒီလို မခံစားရတာလဲ။ ချူဟွားသည် လက်ဖက်ရည်ကို မော့သောက်လိုက်ရာ ပါးစပ်ထဲတွင် ခါးသက်သွား၏။

ထိုအပြုအမူကို မြင်သောအခါ ရှန်လုက နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး ရင်ထဲက စကားကို ထုတ်ပြောလာသည်။ "အဲဒီထဲက အကြောင်းအရာတွေက မင်းအကြောင်း အစစ်အမှန် မဟုတ်ဘူး ဆိုတာ ငါ သိပါတယ်။ ဒါပေမဲ့ ဝတ္ထုအတွက် ကုန်ကြမ်း ပေးတာက မင်းဆရာကြီးနဲ့ မင်းဆရာအိုကြီး လေ၊ သူတို့က မင်းအကြောင်း ငါ့ထက် ပိုသိကြတယ်။ ငါက အဲဒီထဲကနေ ရင်းနှီးတဲ့ အငွေ့အသက်တွေကို ရှာဖွေချင်ရုံပါ"

Systemက သဘောကျသွားသည်။ [ငါ ဘာသာပြန်ပေးမယ်... ငါ အဲဒါ အတုကြီးမှန်း သိပါတယ်။ ဒါပေမဲ့ မင်းရဲ့ အတိတ်ကို သိနိုင်မဲ့ တခြားနည်းလမ်း မရှိလို့ အတုဖြစ်နေရင်တောင် ငါက များများ ဖတ်ချင်တယ်။ မင်းရဲ့ ပုံရိပ်အစစ်အမှန်ကို ရှာဖွေချင်တယ် တဲ့]

စာကြည့်ခန်း တစ်ခုလုံး တိတ်ဆိတ်သွားပြီး အသက်ရှူသံ နှစ်ခုသာ ကြားနေရလေသည်။ တစ်ခုက ပုံမှန် ဖြစ်ပြီး နောက်တစ်ခုက မြန်ဆန်နေ၏။ နောက်တစ်ခုက သေချာပေါက် ရှန်လု၏ အသက်ရှူသံပင်။

ချူဟွား၏ မူလက စိတ်ရှုပ်ထွေးနေသော ခံစားချက်များသည် ချက်ချင်း ကြည်လင်သွားပြီး မေးထောက်လျက် အလှလေး၏ နေရခက်နေသော ပုံစံကို စိတ်ဝင်တစား ထိုင်ကြည့်နေလေသည်။

"တကယ်ပဲ system ပြောသလိုလား"

လူမိသွားပြီ ဖြစ်သဖြင့် ရှန်လုလည်း ဖုံးကွယ်မနေတော့ဘဲ တိုးညင်းစွာ ပြန်ဖြေလိုက်ပြီး ခေါင်းငုံ့ကာ လက်ဖက်ရည် သောက်နေလိုက်သည်။

ချူဟွားက ထပ်မေးလိုက်၏။ "ဒီစာအုပ်ကို တုန်းဖန်ဟန် ရေးတာ ဖြစ်နေရင်တောင်မှလား"

ရှန်လု"...... အင်း"

သူ၏ အလွန်အမင်း ရှက်ရွံ့ပြီး ချုပ်တီးထားရသော ပုံစံကြောင့် ချူဟွားသည် အလှလေးကို တမင်တကာ ကျီစယ် အနိုင်ကျင့်နေသည်ဟု ထင်ယောင်ထင်မှား ဖြစ်မိလေသည်။

သူတို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး သဘောထားများကို ဖွင့်ဟပြီး သဘောတူညီမှု ရရှိထားကြပြီးပြီ ဖြစ်ရာ လုပ်ထုံးလုပ်နည်း တစ်ခုသာ လိုတော့၏။ ထိုအရာ ပြီးသွားလျှင် စေ့စပ်ထားသူများ ဖြစ်လာကြမည် မဟုတ်ပါလား။

ချူဟွားသည် စိတ်ကူး တစ်ချက် ပြောင်းသွားပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။ "အချိန် နည်းနည်း နောက်ကျနေပြီ၊ ကျွန်မ ပြန်တော့မယ်"

ရှန်လုက လက်ဖက်ရည် သောက်နေသည်ကို ရပ်တန့်လိုက်ပြီး ခွက်ကို ချလိုက်လေသည်။ "အင်း၊ ငါ လိုက်ပို့မယ်"

ပြောသာ ပြောလိုက်သော်လည်း နှစ်ယောက်စလုံး ထရပ်ဖို့ အလျင်မလိုကြပေ။

ချူဟွားသည် ခါးကြားမှ အိတ်ကလေးထဲက ကြွေဘူးငယ်လေး တစ်ခုကို ထုတ်လိုက်ပြီး ဖွင့်လိုက်ကာ လက်ညှိုးဖြင့် အဝါနုရောင် အနှစ်များကို အနည်းငယ် ယူလိုက်၏။

"လက်က ခြောက်သွေ့လွယ်တယ်။ ဒါ ကျွန်မဘာသာ လုပ်ထားတဲ့ လက်လိမ်းခရင်မ်လေ"

"ဟာ၊ များသွားပြီ" ချူဟွားက သဘာဝကျကျပင် ရှန်လုဆီ လက်လှမ်းလိုက်သည်။ "လက်ပေး၊ ရှင့်ကို နည်းနည်း ခွဲပေးမယ်"

ရှန်လုက လိမ္မာစွာပင် လက်နှစ်ဖက်ကို ကမ်းပေးလိုက်ရာ ချူဟွားက ဖမ်းဆုပ်လိုက်ပြီး လက်လိမ်းခရင်မ် လိမ်းပေးသည့် အခွင့်ကောင်းယူကာ လက်ဖမိုးကို ပွတ်သပ်ပြီး လက်ချောင်းများကြား ယှက်နွယ်လျက် လက်ချင်း ချိတ်လိုက်လေသည်။

လက်ချောင်းများကြားတွင် ကိုယ်ပိုင်မဟုတ်သော အပူချိန်တစ်ခု စီးဆင်းသွားပြီး နှလုံးသားက ထိန်းချုပ်မရတော့ဘဲ ဒိန်းခနဲ ခုန်သွား၏။ နှစ်ယောက်သား၏ နှလုံးခုန်သံများ ချိတ်ဆက်သွားသလိုပင်။

မျက်ဝန်း၄ခု ဆုံသွားချိန်တွင် ဆန်းကြယ်သော သံယောဇဉ် အငွေ့အသက်များ ပျံ့လွင့်လာပြီး ရှန်လု၏ ဖြူဖျော့သော မျက်နှာထက်တွင် ပါးပါးလေး ရဲရောင်သန်းလာလေသည်။

အချိန် မည်မျှ ကြာသွားသည် မသိ။ ချူဟွားက နှုတ်ဆက်ပြီး ပေါ့ပါးစွာ ထွက်ခွာသွားလေသည်။

"ကောင်းသောညလေးပါ"

ကျန်ရစ်သူ ရှန်လုသည် ချူဟွားယူမသွားသော လက်လိမ်းခရင်မ်ဘူးကို ကြည့်ပြီး သူရော လက်လိမ်းခရင်မ်ပါ အသုံးချပြီး ပစ်ထားခဲ့ခံရသလိုမျိုး လွမ်းဆွတ်မှုကို ခံစားလိုက်ရ၏။

Systemတစ်ယောက်ကတော့ သီးသန့် ချတ်ခန်းထဲတွင် အော်မြည်နေသော ကြက်ရုပ်သဖွယ် အော်ဟစ်နေတော့သည်။ [အား... အား... အား... မမကြီးဟွား နင် တော်တော် တတ်တာပဲ]

[နင် အရင်ဘဝတုန်းက ရည်းစားမရှိတဲ့ တစ်ကိုယ်တည်းသမား ဖြစ်ခဲ့တာ သေချာရဲ့လား၊ ဘာလို့ အလှလေးရှန်လုနဲ့ တွေ့တော့ ဒီလောက်တောင် တတ်နေရတာလဲ။ မိန်းမတွေက မွေးရာပါ ယောင်္ကျားပိုးပန်းတဲ့ နေရာမှာ ဆရာကျတာလား၊ ကိုယ်ကြိုက်တဲ့သူနဲ့ တွေ့၊ မတွေ့ ဆိုတာပေါ်ပဲ မူတည်တာလား]

ချူဟွား"..."

[ရိုးရိုးသားသား ပြောရရင် ငါ့ဘာသာလည်း ဘာဖြစ်မှန်း မသိဘူး။ သူ့ကို မြင်လိုက်တိုင်း တစ်ခုခု လုပ်ချင်နေမိတာ]

Systemက မျက်နှာ ပျက်သွားသည်။ [စိတ်ထိန်းအုံး၊ ဒီခန္ဓာကိုယ်က ၁၅ နှစ်ပဲ ရှိသေးတယ်]

ချူဟွားက ဒေါသထွက်ပြီး မျက်စောင်းထိုးလိုက်၏။ [ဘာတွေ တွေးနေတာလဲ၊ ငါက သူ့ဆီကနေ မတူညီတဲ့ တုံ့ပြန်မှုတွေကို မြင်ချင်ရုံပါ၊ ဒါမှ သူက လောကီလူသား ဆန်သေးတယ်လို့ ငါ ခံစားရမှာ]

Systemက သူ နားလည်မှု လွဲသွားမှန်း သိလိုက်သဖြင့် ဟီးဟီး ဟု ရယ်မောပြီး ခပ်ပေါ့ပေါ့ လျှော်ချလိုက်လေသည်။ [သူက အရင်တုန်းက တောတောင်ထဲမှာ အနားယူနေတဲ့သူလေ၊ အခု နင့်ကို ကြိုက်နေပြီဆိုတော့ နင့်ကို ပစ်ထားပြီး တောနက်ထဲ တစ်ယောက်တည်း ပြေးသွားပြီး နေမှာ မဟုတ်လောက်ပါဘူး]

အဲဒါတော့ ပြောမရဘူး။

စိတ်ကူးဆိုတာ အသက်အရွယ်နဲ့ အတွေ့အကြုံပေါ် မူတည်ပြီး ပြောင်းလဲတတ်တယ်လေ။ ရှန်လုက အခု သူမကို ကြိုက်နေပေမဲ့ တစ်ချိန်ချိန်ကျရင် မကြိုက်တော့တာ ဖြစ်နိုင်တယ်။ အခု ကြိုက်နေတဲ့ စိတ်ခံစားချက်က သူ့ကို မြို့တော်မှာ ဆက်နေဖို့ တွန်းအား ပေးနိုင်ပေမဲ့ တစ်ချိန်ချိန်ကျရင် ညီလာခံ တိုက်ပွဲတွေကို ငြီးငွေ့ပြီး ထွက်ခွာသွားတာမျိုး ဖြစ်နိုင်တာပဲ။

ချူဟွားက ပြုံးလိုက်သည်။ [ကြိုက်ရင် အတူနေမယ်။ မကြိုက်ရင် ကိုယ့်လမ်းကိုယ် လျှောက်ကြမယ်။ ရိုးရိုးလေးပါပဲ]

Systemကတော့ ချူဟွားပြောသလောက် တကယ် ရိုးရှင်းမည် ဟုတ်မဟုတ် မသိသော်လည်း သူနှင့် သခင်သည် ချိတ်ဆက်ထားပြီး သူတို့နှစ်ဦးကသာ အကျိုးတူ ပူးပေါင်းသူများ ဖြစ်ကြောင်း သိထားသည်။

ချူဟွားအဆင်ပြေရင် သူ ပျော်တယ်။ ချူဟွားအဆင်မပြေရင် တခြားလူတွေလည်း အေးအေးဆေးဆေး နေရမယ် မထင်နဲ့။ ဟွန်း။

Systemက ဒေါသတကြီး ပြောလိုက်သည်။ [သူသာ နင့်ကို သစ္စာဖောက်ရဲရင် သာ့ရှန်းတစ်ပြည်လုံးက ပြည်သူတွေ ရှေ့မှောက်မှာ သူ့ကို လူမှုရေးအရ သေဆုံးအောင် ငါ လုပ်ပစ်မယ်]

Systemက ဒီလောက်ထိ အကာအကွယ် ပေးနေသဖြင့် ပုံမှန်ဆိုလျှင် ချူဟွားသည် ဝမ်းသာသင့်သော်လည်း သာ့ရှန်းတစ်ပြည်လုံးက ပြည်သူများ ရှေ့မှောက်တွင် သူမ ကိုယ်တိုင် လူမှုရေးအရ သေဆုံးနေသည့် ပုံစံကို တွေးမိလိုက်သောအခါ ဝမ်းသာရမလိုလိုနှင့် တစ်မျိုးကြီး ဖြစ်သွားလေသည်။ ဒုတိယမြောက် ကံဆိုးသူ မောင်ရှင် ရှိနေသေးတာပဲ။

ရှန်လုရေ၊ နင် စိတ်မပြောင်းနဲ့နော်၊ မဟုတ်ရင် ဘယ်လို ဇာတ်သိမ်းမျိုး ကြုံရမလဲ ဆိုတာ ငါလည်း မသိဘူး ။

စာကြည့်ခန်းထဲတွင် ရှိနေသေးသော ရှန်လုတစ်ယောက် ရုတ်တရက် တုန်တက်သွားလေသည်။ ငါ အအေးမိပြန်ပြီလား။

ဒီခန္ဓာကိုယ်က တကယ်ပဲ နည်းနည်း အားနည်းနေသလိုပဲ။

ရှန်လုက အဖိုးတန် အချိန်များကို ဝတ္ထုဖတ်ရင်း ဖြုန်းတီးပစ်မှာ စိုးရိမ်သဖြင့် ချူဟွားသည် system ကို သူမ၏ ယခင်ဘဝက ကိစ္စရပ်များကို ရှာဖွေခိုင်းလိုက်ပြီး နက္ခတ်ကြည့်မှန်ပြောင်း ပုံစံကို ကြည့်ရှုစေကာ system ၏ သတိပေးချက်နှင့် အညီ တစ်ဆင့်ချင်းစီ ပုံဆွဲ ပြင်ဆင်လေသည်။

သိုင်းပညာ လေ့ကျင့်ခြင်းနှင့် စာဖတ်ခြင်းက သူမ၏ အချိန်အများစုကို ယူထားသဖြင့် သူမသည် အားလပ်ချိန်လေးများတွင်သာ ဤအရာကို လုပ်ဆောင်နိုင်ခဲ့သည်။ ပုံကြမ်း ရေးဆွဲရာတွင် တစ်လနီးပါး ကြာမြင့်ခဲ့သော်လည်း ရှန်လု၏ အံ့သြဝမ်းသာနေသော မျက်နှာကို မြင်လိုက်ရချိန်တွင် ပင်ပန်းရကျိုး နပ်သွားလေသည်။

"အရင်တုန်းက ရှင့်ကို ပြောဖူးတယ်လေ၊ မှန်ပြောင်းက စရန်ငွေပဲ ရှိသေးတယ်လို့၊ အဲဒီတုန်းက ရှင့်ကို လိမ်ခဲ့တာ မဟုတ်ဘူး။ ဒါကမှ ကျွန်မ ရှင့်ကို တကယ် ပေးချင်တဲ့ ပစ္စည်းပဲ" ချူဟွားက အနည်းငယ် စိတ်မကောင်း ဖြစ်သလို ပြောလိုက်၏။

"ဝမ်းနည်းစရာ ကောင်းတာက ကျွန်မ ပုံပဲ ဆွဲပေးနိုင်တယ်။ ပစ္စည်း ဖြစ်လာအောင် လုပ်ပေးဖို့ အချိန် မရှိဘူး"

"ကိစ္စ မရှိပါဘူး။ မင်းက သိုင်းပညာလည်း သင်ရမယ်။ စာမေးပွဲ အတွက်လည်း ပြင်ဆင်ရမယ် ဆိုတာ ငါ သိပါတယ်။ ငါ့ကို ဒါလေး ပေးတာနဲ့တင် လုံလောက်နေပါပြီ" ရှန်လုက တကယ်ပဲ ပြဿနာ မရှိဟု ထင်မြင်နေခြင်း ဖြစ်သည်။

ပုံကြမ်းက အလွန် အသေးစိတ်ကျပြီး တစ်မီတာခွဲကျော် ရှည်လျားကာ အစိတ်အပိုင်း အကြီးအသေး အားလုံးကို သက်ဆိုင်ရာ အတိုင်းအတာနှင့် အမည်များ ရေးသားထားပြီး အသုံးပြုပုံများကိုပါ စာလုံးအသေးလေးများဖြင့် မှတ်သားထားလေသည်။

ချူဟွား၏ စေတနာနှင့် သူ့အပေါ် ထားရှိသော မေတ္တာကို မျက်မြင်ကိုယ်တွေ့ တွေ့မြင်နေရ၏။

ပစ္စည်း အစစ် ဖြစ်မလာသေးလျှင်တောင် ဤကဲ့သို့ ပုံကြမ်းမျိုးသည် တစ်လောကလုံးတွင် မရှိနိုင်သော ပစ္စည်းကောင်း ဖြစ်လေသည်။

အကယ်၍ လောကကြီးထဲက နက္ခတ်တာရာ ဝါသနာရှင် အားလုံးက ကြယ်အစစ်များကို သာမန်မျက်စိဖြင့် မြင်နိုင်သော ကိရိယာမျိုး ရှိသည်ကို သိရှိပါက ပျော်ရွှင်လွန်းအားကြီးပြီး နေရာမှာတင် မေ့လဲသွားကြပေလိမ့်မည်။

ရှန်လုသည် ယခုအချိန်တွင် ပျော်ရွှင်လွန်းသဖြင့် မူးမေ့မတတ် ခံစားနေရသည်။ "ငါ့ဘာသာ လုပ်လို့ ရပါတယ်"

ချူဟွားက ကုန်းရှုမိသားစု မျိုးဆက်များ၏ စွမ်းရည်ဖြင့် အသေးစိတ်ကျသော ပုံကြမ်း ရရှိထားပါက ဤပစ္စည်းကို ပြုလုပ်ရန် မခက်ခဲကြောင်း သိထားသည်။

သူမ စိတ်ပူသည်မှာ နည်းပညာပိုင်းဆိုင်ရာ မဟုတ်ပေ။ တကယ် မလုပ်တတ်လျှင်လည်း နှစ်အနည်းငယ်လောက် အချိန်ယူ စဉ်းစားလို့ ရသည်။ သူမ စိတ်ပူသည်မှာ ကုန်းရှုမိသားစု မျိုးဆက် ဆိုသည့် အထောက်အထား ပေါ်သွားပါက ရှန်လုသည် နောင်တွင် စစ်ဘက်ရေးရာ ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ရပြီး သာ့ရှန်းအတွက် သေကျေပျက်စီးစေနိုင်သော လက်နက်များကို ထုတ်လုပ်ပေးရမည်ကို စိုးရိမ်ခြင်း ဖြစ်၏။

"ရှန်လု" ချူဟွားက ရှန်လု၏ လက်ကို ဆုပ်ကိုင်ပြီး မျက်လုံးများကို စိုက်ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "ဒါကို လုပ်ရတာ မလွယ်ဘူး။ ကျွန်မ အထင်တော့ ရှင် ဆောက်လုပ်ရေးဝန်ကြီးဌာနကို သွားပြီး သူတို့နဲ့ တိုင်ပင်ကြည့်သင့်တယ်"

ရှန်လုသည် ပြီးခဲ့သော တစ်ခေါက်က ချူဟွားကို အမှန်အတိုင်း ပြောပြရန် ကြိုးစားချိန်တွင် ချူဟွားက စကားဖြတ်ပြောလိုက်သည်ကို သတိရသွားသည်။

ဟုတ်တာပဲ။ သူက စောစောကတည်းက သိနေခဲ့တာပဲ။ သူ မပါဝင်ချင်မှန်းလည်း သိနေတယ်။ သူ့ရဲ့ လျှို့ဝှက်ချက်ကို ကူညီ ကာကွယ်ပေးချင်နေတာပဲ။

ရှန်လုကလည်း ချူဟွားသူ့အတွက် မကြာခဏ စိတ်ပူနေရသည်ကို မလိုလားပေ။ "ကောင်းပြီလေ"

ပုံကြမ်းက ချူဟွား၏ မေတ္တာလက်ဆောင် ဖြစ်သဖြင့် ရှန်လုက ထာဝရ သိမ်းဆည်းထားချင်ပြီး ရံဖန်ရံခါ ထုတ်ကြည့်ချင်သည်။ မူရင်းအတိုင်း ပေးလိုက်ရမည်ကို မလိုလားသဖြင့် အချိန်ယူပြီး မိတ္တူပွားကာ ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ ပေးအပ်လိုက်လေသည်။

ဆောက်လုပ်ရေးဝန်ကြီးက ပုံကြမ်းကို မြင်မြင်ချင်း အံ့သြဝမ်းသာ ဖြစ်သွားတော့သည်။ "ဒီလောက် ကောင်းတဲ့ ပစ္စည်းကို ကြယ်ကြည့်ရုံသက်သက် သုံးတာ ဖြုန်းတီးရာ မကျဘူးလား"

ရှန်လု၏ မျက်လုံးများ ချက်ချင်း အေးစက်သွားတော့သည်။ ဖြုန်းတီးတယ် ဟုတ်လား။ နောက်တစ်ခေါက် ထပ်ပြောစမ်းပါ။

ဆောက်လုပ်ရေးဝန်ကြီးက စကားမှားပြောမိမှန်း သိလိုက်သဖြင့် ဟီးဟီးဟု ရယ်မောပြီး စကားလွှဲလိုက်ရလေသည်။ "ဒါက လူကြီးမင်းရှန် တီထွင်တာလား"

ရှန်လု၏ အေးစက်သော မျက်နှာထားသည် ချက်ချင်း အရည်ပျော်ကျသွားပြီး အသံတွင် နူးညံ့မှုများ ပါဝင်လာလေသည်။

"ဒါက ဟွား... ဒါက လူကြီးမင်းချူ ကျွန်တော့်ကို ပေးတဲ့ လက်ဆောင်"

ဆောက်လုပ်ရေးဝန်ကြီး "..."

ငါ့ကို အသက်ကြီးပြီး နားလေးနေတယ်များ မှတ်နေလား။ ဟွား ဆိုတဲ့ စကားလုံးကို မကြားလိုက်ဘူး။ ဟွားအာ ဆိုတာကို မခန့်မှန်းမိဘူးများ ထင်နေလား။

မျက်နှာထားနဲ့ လေသံက ဒီလောက်တောင် နူးညံ့နေမှတော့ တိုက်ရိုက်သာ ပြောလိုက်ပါတော့လား။ ချစ်သူ ပေးတဲ့ လက်ဆောင်ပါ လို့။

ဆောက်လုပ်ရေးဝန်ကြီးက ဒီခွေးစာခွက်ကို ကန်ထုတ်လိုက်သင့်သော်လည်း ခဏလောက် စဉ်းစားပြီးနောက် ကောင်းကင်ကို လက်ညှိုးထိုးပြပြီး စေတနာဖြင့် သတိပေးလိုက်လေသည်။

"လူကြီးမင်းချူရဲ့ စွမ်းဆောင်ရည်အရ သူက တော်ဝင်မိသားစုထဲ ဝင်ရမှာ"

ဒါကြောင့် မင်း မဖြစ်သင့်တဲ့ စိတ်ကူးတွေကို စောစောစီးစီး ဖြတ်တောက်ပစ်တာ ကောင်းလိမ့်မယ်။

ရှန်လု၏ အပြုံးများမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

system ရဲ့ ဆန်းကြယ်တဲ့ စွမ်းရည်မျိုးကို ဘယ်ပြည့်ရှင်မင်းက လက်ထဲမှာ မပိုင်ဆိုင်ချင်ဘဲ နေမှာလဲ။

ချူဟွားက system နဲ့ ချိတ်ဆက်ချိန်မှာ ၁၃ နှစ်ပဲ ရှိသေးလို့သာ၊ တစ်နှစ်လောက် ပိုကြီးရင် အရှင်မင်းကြီးက အစောကြီးကတည်းက တော်ဝင်မိသားစုထဲ လက်ထပ်သွင်းပြီးလောက်ပြီ။

အခု ချူဟွားက ၁၅ နှစ်ခွဲ ရှိနေပြီ။ နောက်နှစ်ဆို အိမ်ထောင်ပြုလို့ ရပြီ။ လက်ထပ်ပွဲ မိန့်တော်ပြန်တမ်းက အချိန်မရွေး ကျလာနိုင်တယ်။

ရှန်လုက အရှင်မင်းကြီး တွေဝေနေရသည့် အကြောင်းရင်းကို မသိပေ။ အချိန်ကောင်း မတွေ့သေးလို့လား၊ ချူဟွားက အမိန့်ကို ဖီဆန်မှာ စိုးရိမ်လို့လား၊ ဒါမှမဟုတ်... နောက်ဆုံး ရွေးချယ်မဲ့လူကို မဆုံးဖြတ်ရသေးလို့လား။

မင်းသားကြီးနဲ့ မင်းသား ၂ တို့က အိမ်ထောင်ကျပြီးပြီ။ မင်းသား ၃ ကတော့ အရာမဝင်တော့ဘူး။ မင်းသား ၅ က ငယ်သေးတယ်။ မင်းသား ၄ တစ်ယောက်ပဲ သင့်တော်တဲ့သူ ရှိတယ်။

ဒါကြောင့် လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက မင်းသား ၄ ဇနီးသည် ရွေးချယ်ရမှာကို တော်ဝင်မိသားစုက အချိန်ဆွဲထားခဲ့တာ ဖြစ်မယ်။

မင်းသား ၄ ကို ရွေးချယ်မယ်ဆိုရင် လက်ထပ်ပွဲ မိန့်တော်ပြန်တမ်းက မကြာခင် ကျလာလိမ့်မယ်။ မင်းသား ၅ ကို ရွေးချယ်မယ်ဆိုရင်တော့ နှစ်အနည်းငယ် ထပ်စောင့်လို့ ရသေးတယ်။

သို့သော် မိန့်တော်ပြန်တမ်းက ဒီလောက်ထိ ကြာမြင့်နေမှတော့ အပြောင်းအလဲ ရှိနိုင်သည်ဟု သူ ထင်မြင်မိ၏။

ရက်အနည်းငယ် ကြာသောအခါ ချူဟွားက ရှန်လုကို နက္ခတ်ကြည့်မှန်ပြောင်း ပုံကြမ်း ပေးလိုက်သည့် သတင်း ပျံ့နှံ့သွားလေသည်။

ဒုတိယမင်းသား ကြင်ရာတော်နှင့် ဝူချဲ့ဖေး တို့မှာ စိတ်ပူသွားကြသည်။

သူမတို့ နှစ်ဦးသည် ယခုနှစ် မီးထွန်းပွဲတော် ညကတည်းက ချူဟွားနှင့် ရှန်လုကြားက သံယောဇဉ်ကို ရိပ်မိခဲ့ကြသည်။ ထိုလူနှစ်ဦးစလုံးက ဉာဏ်ကောင်းသူများ ဖြစ်ကြသဖြင့် မဖြစ်သင့်သော သံယောဇဉ်ကို စောစီးစွာ ဖြတ်တောက်ပစ်မည်ဟု ထင်မှတ်ခဲ့ကြသည်။

လေးလကျော် ကြာသွားသည် အထိ ပြတ်တောက်မသွားဘဲ သံယောဇဉ် ပိုမို ခိုင်မာလာသည်ဟု ဘယ်သူက ထင်ထားပါမည်နည်း။

ခမည်းတော်က လက်ထပ်ပွဲ မိန့်တော်ပြန်တမ်း ထုတ်ပြန်တော့မည့် အချိန်တွင် စိတ်တူကိုယ်တူ ချစ်သူ တစ်ယောက် ပေါ်လာသည် ဆိုတော့...

ဒုတိယမင်းသား ကြင်ရာတော်သည် ထိုနှစ်ယောက်၏ ဇာတ်သိမ်း မည်သို့ ဖြစ်လာမည်ကို မတွေးရက်နိုင်အောင် ဖြစ်နေတော့သည်။

သူမသည် ရက်အနည်းငယ်ကြာအောင် စိတ်ဆင်းရဲနေပြီး အနောက်ဆောင်က ညီမများနှင့် တိုင်ပင်သော်လည်း မည်သူမျှ နည်းလမ်းကောင်း မရှိကြပေ။

နောက်ဆုံးတွင် မင်းသား ၂ က သူမတို့ ပုံမှန် မဟုတ်သည်ကို သတိထားမိပြီး မေးမြန်းလိုက်မှ ဤကိစ္စ ဖြစ်ကြောင်း သိရသဖြင့် ပြောစရာ စကား မရှိ ဖြစ်သွားသော်လည်း ဝိုင်းဝန်း စဉ်းစားပေးလိုက်ကြသည်။

"သူက တော်ဝင်မိသားစုထဲ မဝင်ချင်ရင် ရှန်လုနဲ့ လက်ထပ်ဖို့ စောစောစီးစီး စီစဉ်လိုက်တာ ကောင်းမယ်"

အရင် ဘုရင်မင်းမြတ်တုန်းက ကျန်းနန် မြို့ဝန်၏ မယားငယ်ကို မိဖုရား မြှောက်ခဲ့သဖြင့် နှစ်ပေါင်းများစွာ အပြောအဆို ခံခဲ့ရဖူးသည်။ အရှင်မင်းကြီးက အရင် ဘုရင်မင်းမြတ်၏ လုပ်ရပ်များကို အလွန် မုန်းတီးသူ ဖြစ်သဖြင့် ထိုကဲ့သို့သော ရွေးချယ်မှုမျိုး လုပ်လိမ့်မည် မဟုတ်ပေ။

ဒုတိယမင်းသား ကြင်ရာတော်နှင့် အခြားသူများလည်း ဤနည်းလမ်းကို စဉ်းစားဖူးကြသော်လည်း စိုးရိမ်နေကြဆဲပင်။ "တကယ်လို့ မတော်တဆမှု တစ်ခုခု ဖြစ်သွားရင်ရော"

သူမက ရှင်းရှင်းလင်းလင်း မပြောသော်လည်း လူတိုင်းက ဆိုလိုရင်းကို နားလည်ကြသည်။ ရှန်လုသာ "မတော်တဆ" သေဆုံးသွားလျှင် ချူဟွားက တော်ဝင်မိသားစုထဲ ဝင်လို့ ရနေဦးမည် မဟုတ်ပါလား။

မင်းသား ၂ သည် သူတို့၏ ကောင်းကင်ဘုံကို ပြိုလဲစေလောက်သည့် ရဲတင်းသော အတွေးများကြောင့် လန့်သွားလေသည်။ "ရှန်လုဆိုတာ ယဉ်ကျေးမှုဝန်ကြီးက သုံးခေါက်တိုင်တိုင် သွားတွေ့ပြီး တံခါးပိတ် ငြင်းတာကို ခံခဲ့ရတာတောင် မလျှော့ဘဲ ခက်ခက်ခဲခဲ ခေါ်ထုတ်လာခဲ့ရတဲ့သူလေ၊ ခမည်းတော်က ဘယ်လိုလုပ် သူ့ကို သတ်မှာလဲ"

ဝူချဲ့ဖေးက ရက်စက်စွာ ပြောလိုက်၏။ "အဲဒီတုန်းကတော့ ရာသီဥတုကို တိတိကျကျ ခန့်မှန်းနိုင်မဲ့လူ လိုချင်လို့လေ၊ အခု system ရှိနေပြီဆိုတော့ ချူဟွားအသက်ရှင်နေသရွေ့ system က မိုးလေဝသ ခန့်မှန်းချက် ထုတ်ပေးနိုင်မှာပဲ။ ရှန်လုရှိရှိ မရှိရှိ သက်ရောက်မှုက သိပ်မကြီးတော့ဘူး"

ဒုတိယမင်းသား ကြင်ရာတော်က ပြောလိုက်သည်။ "နန်းစောင့်တပ်နဲ့ လျှို့ဝှက်တပ်ဖွဲ့က သန့်သန့်ရှင်းရှင်း ရှင်းလိုက်ရင် ရှန်လုဘယ်လို သေသွားလဲ ဘယ်သူ သိမှာလဲ"

အခြား ညီမများက ပိုပြီး စိတ်ပူလာကြသည်။

"ဟုတ်တယ်။ ကျန်းနန် မြို့ဝန်လည်း မတော်တဆ သေဆုံးသွားတာပဲလေ"

"ပိုင်မိသားစုက လက်ဦးမှု မရယူခဲ့ရင် သူ လျှို့ဝှက်တပ်ဖွဲ့ လက်ချက်နဲ့ သေမှာပဲ"

"အရှင်မင်းကြီးက အရင် ဘုရင်မင်းမြတ်ရဲ့ သားအရင်းပဲလေ၊ သားက အဖေနဲ့ တူမှာပေါ့"

"ဘယ်လို ဆေးမျိုး သုံးလိုက်ရင် အသံတိတ် သေဆုံးသွားနိုင်မလဲ"

မင်းသား ၂ သည် သူ မြို့တော်က ထွက်ခွာသွားပြီးနောက် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို မသိပေ။ အနောက်ဆောင်က မိန်းကလေးများ၏ သတ္တိသည် ပိုပိုပြီး ကြီးလာသလို ခံစားရသည်။ သူ့ရှေ့မှာတင် အရှင်မင်းကြီးနှင့် အရင် ဘုရင်မင်းမြတ်ကို အတင်း ပြောရဲနေကြပြီ။

လွန်ခဲ့သော နှစ်နှစ်အတွင်း systemနှင့် အတူတူ အတင်းဖျင်းများ လိုက်နားထောင်ရင်း အကျင့်ပါသွားတာ ဖြစ်လောက်သည်။

ထားလိုက်ပါတော့၊ သူတို့နဲ့ သွားမပြိုင်တော့ဘူး။ မင်းသား ၂ က မျက်မှောင်ကို ဖိနှိပ်လိုက်သည်။

"ရှန်လုက ရာသီဥတု လေ့လာတဲ့ နက္ခတ်ပညာရှင် တစ်ယောက်တင် မဟုတ်ဘူး။ သူက ကုန်းရှုမိသားစုရဲ့ တပည့်ပဲ။ ဟုတ်တယ်။ နင်တို့ ထင်နေတဲ့ နှစ်တစ်ထောင် သမိုင်းကြောင်း ရှိတဲ့ ကုန်းရှုမိသားစုပဲ။ ပြီးတော့ ကွယ်လွန်သွားတဲ့ စစ်သူကြီးကျင်ဝူ ရဲ့ မြစ် လည်း တော်စပ်တယ်"

"အဲဒီတုန်းက ရှန်လုအခေါ်ခံရတုန်းက ဆွေစဉ်မျိုးဆက် စာရင်းကနေ ပယ်ဖျက်ခံလိုက်ရလို့ တရားဝင် ရှန်မိသားစုဝင် မဟုတ်တော့ပေမဲ့ ရှန် ဆိုတဲ့ မျိုးရိုးနာမည်က ကျန်နေသေးတယ်။ ဖူရွေ့ချင်းဝမ် ငယ်ငယ်တုန်းက စစ်သူကြီးကျင်းဝူ ဆီမှာ သိုင်းပညာ သင်ခဲ့ဖူးတယ်။ ခမည်းတော်က သူ့ကို သတ်မှာ မဟုတ်ဘူး"

သိုင်းပညာ သင်ပေးခဲ့တဲ့ ဆရာတပည့် သံယောဇဉ်က မိသားစုကနေ စွန့်ခွာလာတဲ့ ရှန်လုကို ဖူရွေ့ချင်းဝမ် အနေနဲ့ ကာကွယ်ပေးဖို့ မလုံလောက်ရင်တောင် အရှင်မင်းကြီးက ရှန်လုကို လုပ်ကြံဖို့ လူလွှတ်လိုက်ရင် ဖူရွေ့ချင်းဝမ်က လုံးဝ သဘောတူမှာ မဟုတ်ဘူး။

အရင် ဘုရင်မင်းမြတ်တုန်းက ကျန်းနန် မြို့ဝန်ကို လုပ်ကြံဖို့ စိတ်ကူးခဲ့တာက တခြားနည်းလမ်း မရှိတော့လို့၊ ပြီးတော့ အတင်းပြောတဲ့ system မရှိလို့လေ။

၁၈၈က ရှန်လုအပေါ် သဘောထား အရမ်းကောင်းတာ၊ အရှင်မင်းကြီးက အမိန့်ပေးလိုက်ရုံပဲ ရှိသေးတယ်။ လျှို့ဝှက်တပ်ဖွဲ့က မလှုပ်ရှားရသေးခင် system က နေရာအနှံ့ လိုက်အော်လိုက်ရင် ပြဿနာ တက်ပြီပဲ။

system က ညီလာခံအတွက် မရေမတွက်နိုင်သော သတင်း အချက်အလက် အားသာချက်များကို ပေးစွမ်းနိုင်ပြီး ချူဟွားက သာ့ရှန်းအတွက် တိုင်းပြည် အင်အားတောင့်တင်းပြီး ပြည်သူများ ချမ်းသာကြွယ်ဝစေမည့် အားသာချက်များကို ပေးစွမ်းနိုင်လေသည်။

ပင်နီစလင်၊ ကျောက်ရောဂါ ကာကွယ်ဆေး၊ ငှက်ဖျားဆေး တို့ကို ထည့်မပြောနဲ့ဦး။ ကန်စွန်းဥ၊ မှန်ပြောင်း၊ ပေါင်းစပ်လေး တို့ကိုလည်း ထည့်မပြောနဲ့ဦး။ ဓာတ်မြေဩဇာ ဆယ်မျိုးကျော်လောက်နဲ့တင် သာ့ရှန်း ပြည်သူတွေက သူမကို ဘုရားစင်တင် ကိုးကွယ်ဖို့ လုံလောက်နေပြီ။

အဲဒီလို ပစ္စည်းမျိုးတွေ ချူဟွားလက်ထဲမှာ အများကြီး ရှိနေသေးတယ်။ နက္ခတ်ကြည့်မှန်ပြောင်းက သက်သေပဲ။

သာ့ရှန်းက လောလောဆယ် ချူဟွားနဲ့ system ကို လက်လွှတ်လို့ မရသေးဘူး။

ချူဟွားနဲ့ ရှန်လုက အပြန်အလှန် ချစ်ကြိုက်နေကြပြီ ဆိုတာ သိနေကြပြီ၊ ချစ်သက်လက်ဆောင် မှန်ပြောင်းနဲ့ နက္ခတ်ကြည့်မှန်ပြောင်းလည်း ပေးပြီးပြီ ဆိုတော့ အရှင်မင်းကြီးက ဒီလောက် ကြီးမားတဲ့ စွန့်စားမှု လုပ်ပြီး သူတို့နှစ်ဦးကို ခွဲပစ်မှာတော့ မဟုတ်လောက်ပါဘူး။

ဒါ့အပြင် ချူဟွားက system ကို အပ်နှံပြီး စာမေးပွဲဖြေပြီးတဲ့နောက် အရာရှိ လုပ်ဖို့ ပြင်ဆင်နေတာက အရာအားလုံးကို သာ့ရှန်းနဲ့ ပြည်သူတွေအတွက် ပေးဆပ်မယ်ဆိုတာ ထင်ရှားနေတာပဲ။

ဒီအခြေအနေ ရောက်နေမှတော့ တော်ဝင်မိသားစုထဲ ဝင်တာက သင်္ကေတ တစ်ခုအနေနဲ့ပဲ အဓိပ္ပာယ် ရှိတော့မှာ။

မင်းသား ၂က မျက်လုံးများကို ကျဉ်းမြောင်းထားလိုက်သည်။ ခမည်းတော်က အမိန့်တော်ပြန်တမ်း မထုတ်ဘဲ အချိန်ဆွဲနေတာ ဒါကြောင့် ဖြစ်လောက်တယ်။

တကယ်လို့ ဒီအဆင့်တိုင်းကို ချူဟွားက ကြိုတင် တွက်ချက်ထားတာ ဆိုရင်တော့ သူမက တကယ် ကြောက်စရာ ကောင်းတဲ့ အမျိုးသမီးပဲ။

မဖြစ်ဘူး။ ခမည်းတော်ကို သွားပြီး နားချရမယ်။

မင်းသား ၂တစ်ယောက် နန်းတော်ထဲသို့ အလျင်အမြန် ဝင်ရောက်သွားပြီး သားအဖ နှစ်ယောက် အကြာကြီး ဆွေးနွေးကြလေသည်။ အရှင်မင်းကြီးက မင်းဆရာကြီး၊ မင်းဆရာအိုကြီး နှင့် ဖူရွေ့ချင်းဝမ် တို့ကို နန်းတော်ထဲ ခေါ်ယူပြီး ဆွေးနွေးကြပြန်သည်။

ထိုညတွင် system က ချူဟွားကို နောက်ဆုံး ဆွေးနွေးမှု ရလဒ်ကို ပြောပြလေ၏။ [မမကြီးဟွား၊ အရှင်မင်းကြီးက နင့်ကို တော်ဝင်မိသားစုထဲ လက်ထပ်သွင်းဖို့ လက်လျှော့လိုက်ပြီ၊ ဒါပေမဲ့ လက်ထပ်ပွဲ အမိန့်တော်ပြန်တမ်း ထုတ်ဖို့တော့ လက်မလျှော့ဘူး။ မင်းသား ၄ နေရာမှာ အလှလေးရှန်လုကို အစားထိုးလိုက်ပြီ ဟီးဟီး]

[အရှင်မင်းကြီးက နင့်ကို မွေးစားသမီး တော်ချင်နေသေးတယ်။ ဘွဲ့နာမည်တောင် စဉ်းစားပြီးပြီ၊ ဒီလိုဆိုရင် တော်ဝင်မိသားစုထဲ လက်ထပ်စရာ မလိုဘဲ နင်က တော်ဝင်မိသားစုဝင် ဖြစ်သွားမှာလေ။ စကားမစပ်၊ ဒီနည်းလမ်းကို မင်းဆရာကြီးက အကြံပေးတာ၊ ဘွဲ့နာမည်ကို မင်းဆရာအိုကြီးက အကြံပြုတာ၊ ဖူရွေ့ချင်းဝမ်က ဓာတ်မြေဩဇာ အောင်မြင်မှု ရပြီးမှ မိန့်တော်ပြန်တမ်း ထုတ်ဖို့ အကြံပြုတာ]

ချူဟွား"..." နင်တို့ ပူးပေါင်းဆောင်ရွက်မှုက တော်တော် အဆင်ပြေနေကြပါလား။

...

All Chapters