← Chapters

အခန်း ၁၃၇

Vol. 10 Ch. 137

အခန်း ၁၃၇

Vol. 10 Ch. 137

အပိုင်း (၁၃၇)

ချစ်ရေးချစ်ရာကိစ္စတွင် အတွေ့အကြုံမရှိသေးသောကြောင့် ဖုံးကွယ်တတ်ရန် အခက်အခဲရှိသည်က တစ်ကြောင်း၊ ချူဟွားရှေ့တွင် ဖုံးကွယ်ထားလိုစိတ် မရှိသည်က တစ်ကြောင်း၊ ဤနှစ်ချက်မှလွဲ၍ ကျန်သည့်ကိစ္စများတွင် ရှန်လုသည် အတော်ပင် ကျွမ်းကျင်ပိုင်နိုင်လေသည်။

ဤကိစ္စမှာ ကြာမြင့်နေသော်လည်း ဆုံးဖြတ်ချက် မချရသေးသောကြောင့် အပြောင်းအလဲရှိနိုင်သည်ဟု ယူဆကာ ချူဟွားရှေ့တွင် သူ၏ စိုးရိမ်ပူပန်မှုကို ထုတ်မပြဘဲနေ၏။

system သည် သူ၏ တည်ငြိမ်နေသော ပုံစံကို မြင်တိုင်း ချူဟွားနှင့် သီးသန့်စကားပြောခန်းတွင် မပြောဘဲ မနေနိုင်တော့ပေ။ [ညဘက်တွေမှာ သူ ဟိုလှည့်ဒီလှည့်နဲ့ အိပ်မပျော်ဖြစ်နေတာကိုသာ မမြင်ဖူးရင် သူ တကယ် ဂရုမစိုက်ဘူးလို့ ငါ ထင်မိမှာပဲ]

[မမကြီးဟွား၊ အလှလေးရှန်လုပုံစံကိုကြည့်ရတာ နင်တို့ အမြဲပြောနေကြတဲ့ အပြင်အေး အတွင်းမီး ဆိုတဲ့ ပုံစံမျိုးလား]

ချူဟွားမှာ ရှန်လုရှေ့တွင်ပင် ရယ်ချမိလုနီးပါးဖြစ်သွားပြီး ရယ်ချင်စိတ်ကို မနည်းထိန်းချုပ်လိုက်ရသည်။ [ထုံအာ၊ ငါ စာလုပ်နေတဲ့အချိန်ကျမှ လာမစနဲ့လေ]

system မှာ တကယ်ပင် မတရားစွပ်စွဲခံရသလို ခံစားလိုက်ရသည်။ [ငါက တမင်သက်သက် ရယ်အောင်လုပ်နေတာ မဟုတ်ပါဘူး၊ အရမ်းလေးနက်တဲ့ ကိစ္စတစ်ခုကို ဆွေးနွေးနေတာပါ]

ချူဟွား "..." ဘာလေးနက်တာလဲ။ အပြင်အေး အတွင်းမီး ဆိုတာလား။

နင့်ရဲ့ လေးနက်မှုနဲ့ ငါ့ရဲ့ လေးနက်မှုက သိပ်တူပုံမရဘူး။

ရှန်လုသည် ချူဟွားစိတ်လွင့်သွားသည်ကို သတိမထားမိဘဲ ခေါင်းငုံ့လျက် အလေးအနက် ရှင်းပြနေဆဲပင်။

အာရုံစိုက်ထားချိန်တွင် ပေါ်လွင်နေသော သူ၏ သေသပ်လှပသည့် မျက်နှာကို ကြည့်ရင်း ချူဟွားတစ်ယောက် ရင်ခုန်မိသွားတော့သည်။

အလုပ်ကြိုးစားနေသော ယောကျာ်းလေးများသည် အခန့်ညားဆုံးဟု ဆိုကြသော်လည်း ယခင်က ဓာတ်ခွဲခန်းမှ လုပ်ဖော်ကိုင်ဖက်များကို ကြည့်ပြီး မည်သည့်အခါကမျှ ခန့်ညားသည်ဟု သူမ မထင်ခဲ့ဖူးပေ။ ပတ်ဝန်းကျင် ပြောင်းလဲသွားမှသာ ခန့်ညားသည်ဟု ထင်မြင်လာမိတော့သည်။

တကယ်ပါပဲ။ ရုပ်ရည်ချောမောခြင်း၏ အားသာချက်က ရှိနေဆဲပင်။

ရှန်လု "..."

ငယ်ဘဝ အတွေ့အကြုံများနှင့် ကြီးပြင်းလာသောအခါ ပိုမို ထူးခြားလာသော ရုပ်ရည်ကြောင့် သူသည် မကြာခဏဆိုသလို လူများ၏ သိသိသာသာသော်လည်းကောင်း၊ မသိမသာသော်လည်းကောင်း ကြည့်ရှုခြင်းကို ခံရလေ့ရှိသဖြင့် သူတစ်ပါး၏ အကြည့်များကို အထူးသတိထားမိတတ်သည်။

ချူဟွား၏ မခွာတမ်း စိုက်ကြည့်နေသော အကြည့်ကို အစပိုင်းတွင် သူ ဘာမှမဖြစ်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ အကြည့်မလွှဲဘဲ ပိုမို စူးရှလာသောအခါ သူ အနည်းငယ် နေရခက်လာလေသည်။

မဆိုင်သောသူများ၏ အကဲခတ်ကြည့်ရှုခြင်းသည် ကောင်းသောသဘောဖြစ်စေ၊ ဆိုးသောသဘောဖြစ်စေ သူ့အာရုံကို ဖမ်းစားနိုင်ခြင်း မရှိသော်လည်း ချူဟွားကမူ မတူပေ။ သူမသည် သူ့ကို ရင်ခုန်စေသောသူ ဖြစ်သည်။

ချူဟွားမလာခင်ကပင် သူ၏ ဝတ်စားဆင်ယင်မှု သေသပ်မှု ရှိမရှိ၊ မျက်နှာပေါ်တွင် ပြာမှုန်များ ပေကျံနေခြင်း ရှိမရှိ အကြိမ်ကြိမ် စစ်ဆေးခဲ့သော်လည်း ယခု ချူဟွားက ဤမျှ အလေးအနက် ကြည့်နေသောအခါ ရှန်လုသည် မိမိမျက်နှာပေါ်တွင် မင်များ ပေကျံနေလေသလားဟု သံသယဝင်လာမိလေသည်။

ရှန်လုသည် ရှင်းပြနေသည်ကို ရပ်တန့်လိုက်ပြီး လက်ပြန်ဖြင့် မျက်နှာကို ပွတ်သပ်လိုက်သည်။

"ဟွားအာ၊ ငါ့မျက်နှာ ပေနေလို့လား"

"နည်းနည်းပါ" ချူဟွားက တည်ငြိမ်စွာပင် ရှန်လုကို ညွှန်ကြားလိုက်သည်။ "အောက်နည်းနည်းဆင်း၊ ဘယ်ဘက်နည်းနည်းတိုး"

ရှန်လုသည် သံသယမရှိဘဲ ချူဟွား၏ အကြံပြုချက်အတိုင်း လိုက်လုပ်ကာ ဟိုနားပွတ် ဒီနားပွတ် လုပ်လေသည်။

system မှာ ခေါင်းတစ်ခုလုံး မေးခွန်းထုတ်စရာများဖြင့် ပြည့်နှက်သွားသည်။ ရှန်လုမျက်နှာ ဘယ်နားက ပေနေလို့လဲ။ မမကြီးဟွား က ဘာလို့ လိမ်ပြောနေရတာလဲ။

ဒီအတိုင်း ဆက်ပြီး ညွှန်ကြားနေလျှင် ရှန်လုဆိုသည့်လူက ကိုယ့်မျက်နှာကိုယ် နှမြောမည့်သူ မဟုတ်သဖြင့် အရေပြား ပွန်းပဲ့သွားမှာ စိုးရိမ်ရသည်။

ရှန်လုသည် အကြိမ်ကြိမ် ပွတ်သော်လည်း မစင်သဖြင့် အပြင်ထွက်ပြီး မျက်နှာသစ်ရန် ပြင်လိုက်သည်။ သူ၏ ရည်ရွယ်ချက် ပေါ်လွင်လာသည်နှင့် ချူဟွားက ရိပ်မိသွားသည်။

"ရှင့်ဘာသာ လုပ်ရတာ အဆင်မပြေပါဘူး၊ ကျွန်မ ကူညီပေးမယ်"

"ကျေးဇူးပါ" ရှန်လုက ကိုယ်ကို ကိုင်းလိုက်သည်။ ခဏအကြာတွင် ချူဟွားက တိုးကပ်လာပြီး သူ၏ မျက်နှာကို လှမ်းပွတ်ပေးလိုက်သည်။

ပွတ်ပြီးသည်နှင့် ပြီးသွားသင့်သော်လည်း ချူဟွား၏ လက်က ဖယ်ခွာသွားခြင်း မရှိဘဲ ရှန်လု၏ မေးစေ့ကို ဖွဖွလေး ဆွဲပင့်လိုက်၏။ ကိုယ်ကို ပိုမို တိုးကပ်လာပြီး သင်းပျံ့သော ရနံ့လေး တစ်ခု ပါလာကာ ရှန်လု၏ ပါးပြင်ကို နူးညံ့သောအရာတစ်ခုဖြင့် ထိတွေ့လိုက်ပြီး ချက်ချင်း ပြန်ခွာသွားလေသည်။

"ရပြီ" ချူဟွားက ပြောလိုက်သည်။

ရှန်လုမှာ ကြောင်တောင်တောင် ဖြစ်ကျန်ရစ်ခဲ့သည်။ သူ... သူ အနိုင်ကျင့်ခံလိုက်ရတာလား။

Systemတစ်ယောက် အော်ဟစ်လေတော့သည်။ [မမကြီးဟွား နင် လူမိုက်လုပ်နေတာပဲ]

ထိုအသံကြောင့် ကြောင်နေသော ရှန်လုသတိဝင်လာသလို အပြင်တွင် တံခါးစောင့်နေသော ကျားယီနှင့် ချိုက်ကန်း တို့လည်း ပြုံးစိစိ ဖြစ်သွားကြသည်။

ချူဟွားက ဂရုမစိုက်ပေ။ [ချစ်သူရည်းစားတွေကြားက ကိစ္စကို ဘယ်လိုလုပ် လူမိုက်လုပ်တယ်လို့ ခေါ်မလဲ]

system [တရားဝင် နာမည်ရမှ လူမိုက်လုပ်တယ် မခေါ်တာလား။ မဟုတ်သေးပါဘူး၊ နင်တို့နှစ်ယောက်က စေ့စပ်တောင် မစေ့စပ်ရသေးဘူးလေ၊ ဘယ်ကလာ တရားဝင် နာမည်ရမှာလဲ]

ဤမေးခွန်းက အဓိကအချက်ကို ထိမှန်သွားသဖြင့် ချူဟွားတစ်ယောက် ချက်ချင်း ငြိမ်ကျသွားတော့သည်။

[ကောင်းပြီလေ၊ ဒါဆို သူ့ကို တရားဝင် နာမည်တစ်ခု ပေးလိုက်မယ်]

ရှန်လု၏ နှလုံးခုန်သံ ရုတ်တရက် မြန်ဆန်သွားတော့သည်။ ချူဟွားနှင့် system သည် တစ်ဦးချင်း သီးသန့် ပြောဆိုနေရမည့်အစား system က မျှဝေခြင်း လုပ်ဆောင်ချက်ကို ပိတ်ရန် မေ့သွားသဖြင့် သူတို့အားလုံး ကြားလိုက်ရသည်ဟု သူ သံသယဝင်မိသည်။

ကျေးဇူးပါ ထုံအာ ရေ၊ နင့်ရဲ့ အမှားလေးအတွက်။

ရှန်လု၏ နှလုံးခုန်သံ အလွန် မြန်ဆန်လာပြီး ဘာဆက်ဖြစ်မည်ကို ကြိုတင်ခန့်မှန်းမိလိုက်သည်။

ချူဟွား "ရှန်လု၊ ရက်ကောင်းရက်မြတ် တစ်ရက် ရွေးလိုက်တော့"

ရှန်လုသည် ဤတစ်သက်တွင် သူ၏ တုံ့ပြန်မှု အမြန်ဆုံးနေ့ ဖြစ်ကြောင်း ကျိန်ဆိုရဲသည်။ "လဝက်နေရင် ငါ မင်းအိမ်ကို လာပြီး ကမ်းလှမ်းမယ်"

ချူဟွားအနည်းငယ် ကြောင်သွားသည်။ သူမ ဘာပြောမည်ကို သူ ဘယ်လိုလုပ် သိနေတာလဲ။

system က တိုးတိုးလေး ပြောလာသည်။ [မမကြီးဟွား၊ စောစောက အဖွဲ့လိုက် ပြောဆိုမှု စနစ် ဖြစ်နေတယ်]

ချူဟွား "..."

system က မတော်တဆ မှားတာလား၊ တမင်သက်သက် လုပ်တာလား ဆိုတာတောင် မသိတော့ပေ။

ထားလိုက်ပါတော့။

"ကောင်းပြီ"

နောက်တစ်နေ့တွင် ချူဟွားသည် အနားယူချိန်၌ ဝမ်သခင်မထံသို့ သွားပြီး ရှန်လုကမ်းလှမ်းလာမည့် အကြောင်းကို ပြောပြလိုက်သည်။

ဝမ်သခင်မမှာ အံ့သြခြင်း မရှိဘဲ ချူဟွား၏ နဖူးကို လက်ညှိုးဖြင့် ထောက်ကာ ပြုံးလျက် ပြောလိုက်သည်။ "သမီး နေ့တိုင်း သူ့အိမ်သွားပြီး ကြယ်ကြည့်တာ ဘာညာ သင်နေကတည်းက သူ့အပေါ် တစ်ခုခု ကြံစည်နေမှန်း အမေ သိပြီးသားပါ"

ချူဟွားက ချွဲနွဲ့စွာဖြင့် ဝမ်သခင်မ၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်ကာ "အမေ၊ ဒီသမက်လောင်းက ဘယ်လိုလဲ၊ ချောတယ်မလား"

ဝမ်သခင်မက သမီးဖြစ်သူကို သံသယဖြင့် ကြည့်လိုက်၏။ "သမီးက သူ့ကို ချောလို့ ယူချင်တာ မဟုတ်ပါဘူးနော်"

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" ချူဟွားက သူမအတွက် ဂုဏ်သိက္ခာ ပြန်ဆယ်ရန် လိုအပ်သည်ဟု ထင်မြင်မိသည်။ ရှန်လု၏ ရုပ်ရည်ကို သဘောကျသည်မှာ မှန်သော်လည်း ဒါက တစ်ခုတည်းသော အကြောင်းရင်း မဟုတ်ပေ။ ပိုပြီး အရေးကြီးသည်မှာ...

"ရှန်လုက ညီလာခံနဲ့ ဝေးဝေးနေတော့ သူနဲ့ လက်ထပ်ရင် အင်အားကြီးနှစ်ခု ပေါင်းစည်းတာမျိုး မဟုတ်လို့ လူတွေ သတိထားစောင့်ကြည့်တာ မခံရဘူးလေ။ သူက စိတ်ခံစားမှု တည်ငြိမ်တယ်၊ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းနိုင်တယ်၊ အနေအထိုင် မှန်ကန်တယ်၊ မကောင်းတဲ့ အကျင့်ဆိုးတွေ မရှိဘူး၊ ရုပ်ရည်ကလည်း ချောမောတော့ ကြည့်ရတာ စိတ်ချမ်းသာတယ်"

ရှင်းပြလိုက်မှ ဝမ်သခင်မ နားလည်သွားတော့သည်။ "သူ့ဆီမှာ သမီး မကြိုက်တဲ့အချက်ဆိုလို့ မရှိသလောက်ပဲ မဟုတ်လား"

ချူဟွားပြန်စဉ်းစားလိုက်သည်။ "ခန္ဓာကိုယ်က နည်းနည်း အားနည်းတယ်၊ သူသာ လေ့ကျင့်ခန်း ပုံမှန်လုပ်ရင် ကောင်းမှာ" ဝမ်းဗိုက် ကြွက်သား ရှစ်မြှောင်းလောက် ရှိရင် အကောင်းဆုံးပဲ။

ဝမ်သခင်မ "..." အဲဒါ စာပေသမား အများစုရဲ့ အားနည်းချက် မဟုတ်ဘူးလား။

ထားလိုက်ပါတော့၊ သမီးရဲ့ အကြိုက်က တခြားလူတွေနဲ့ မတူဘူးဆိုတာ အမေ စောစောကတည်းက သိထားသင့်တာ။

"အမေနဲ့ သမီးအဖေကတော့ ကန့်ကွက်စရာ မရှိပါဘူး၊ သမီး သဘောကျရင် ပြီးတာပါပဲ"

ပြောပြီးသည်နှင့် ဝမ်သခင်မက ဘယ်ညာ ဝေ့ကြည့်လိုက်ရာ အခန်းထဲမှ လူများကို သူမ ထွက်သွားခိုင်းထားပြီးဖြစ်သဖြင့် သားအမိချင်း တိုးတိုးတိတ်တိတ် စကားပြောရန် အဆင်ပြေနေသည်။

ဝမ်သခင်မက ကောင်းကင်ကို လက်ညှိုးထိုးပြလိုက်သည်။ "ဟိုကရော ကန့်ကွက်စရာ မရှိဘူးလား"

ချူဟွားက ခေါင်းခါလိုက်သည်။ "အမေ စိတ်ချပါ"

system ဆီမှ ရထားသော သတင်းများကို ဝမ်သခင်မအား မျှဝေချင်သော်လည်း ကိစ္စတစ်ခုက အတည်မဖြစ်သေးသရွေ့ ပြောင်းလဲမှု ရှိနိုင်သေးသဖြင့် မပြောတော့ရန် ဆုံးဖြတ်လိုက်သည်။

ဝမ်သခင်မဝမ်းသာသွားသည်။ "ကောင်းပြီလေ၊ ဒါဆို အမေ သမီးရဲ့ မင်္ဂလာကိစ္စကို အတည်ပြုပေးလိုက်မယ်"

မှူးမတ်များသည် အစီရင်ခံစာ ဖတ်ပြီးမှ သိကြရသဖြင့် ဝမ်သခင်မထက် နောက်ကျမှ သိကြခြင်း ဖြစ်သည်။ အရှင်မင်းကြီး၏ စိတ်ကို ဆက်လက် ခန့်မှန်းရန် အချိန်မရလိုက်ဘဲ လက်ထပ်ထိမ်းမြားပေးသည့် အမိန့်ပြန်တမ်း ချူအိမ်တော်သို့ ရောက်ရှိလာလေသည်။

အရှင်မင်းကြီးသည် ချူဟွားနှင့် ရှန်လုတို့ကို လက်ထပ်ပေးလိုက်ပြီး သူတို့နှစ်ဦးသည် အရည်အချင်းရော ရုပ်ရည်ပါ ပြည့်စုံကာ နတ်ဖက်တဲ့ စုံတွဲဟု ချီးကျူးကာ ပစ္စည်းများစွာ ဆုချလိုက်သည်။

မှူးမတ်များ ???

အရှင်မင်းကြီးက ချူဟွားကို တော်ဝင်မိသားစုထဲ ထည့်မည့် အစီအစဉ်ကို ဒီလောက်နဲ့ပဲ စွန့်လွှတ်လိုက်တာလား။ မြန်လှချည်လား။ နောက်ကွယ်မှာ ဥာဏ်နီဥာဏ်နက်တွေ ရှိနေမလား။

သူတို့ မည်သို့ပင် တွေးတောနေပါစေ၊ ကိစ္စက အတည် ဖြစ်သွားပြီ ဖြစ်သည်။

ရှန်လုသည် မြို့တော်တွင် တစ်ကိုယ်တည်း ဖြစ်ပြီး မိသားစု နောက်ခံ မတောင့်တင်း၊ မိတ်ဆွေမရှိ၊ လူကြီးမိဘ မရှိသဖြင့် ချူအိမ်တော်သို့ ကမ်းလှမ်းရန် ပြင်ဆင်စရာများစွာ ရှိနေသည်။ ကံကောင်းသည်မှာ အရှင်မင်းကြီးက ပစ္စည်းကောင်းများစွာ ဆုချထားသလို ယဉ်ကျေးမှုဝန်ကြီးကိုပါ ကူညီရန် စေလွှတ်လိုက်ခြင်း ဖြစ်သည်။

ရှန်လုကို အတင်းအကျပ် ခေါ်ထုတ်လာခဲ့သူ တစ်ယောက်အနေဖြင့် ယဉ်ကျေးမှုဝန်ကြီးသည် တာဝန်ယူမှု အနည်းငယ် ရှိသင့်သဖြင့် ညည်းညူခြင်း မရှိဘဲ ကူညီပေးလေသည်။

တစ်လအကြာတွင် ရှန်လု၏ ဆရာနှင့် ဆရာကတော်တို့ သတင်းကြားပြီး မြို့တော်သို့ ရောက်လာကြသည်။

ချူဟွားသည် လူကြီးနှစ်ဦးနှင့် တွေ့ဆုံပြီး သူတို့ပေးသော တွေ့ဆုံလက်ဆောင်ကို လက်ခံရယူလိုက်ရာ နှစ်ဖက် မိဘများနှင့် တွေ့ဆုံပြီး ဖြစ်သွားလေသည်။

မင်္ဂလာကိစ္စ အတည်ဖြစ်သွားသော်လည်း ဘယ်အချိန် လက်ထပ်မလဲ ဆိုသည့် ကိစ္စအပေါ် နှစ်ဖက် မိဘများ သဘောထား ကွဲလွဲမှု ကြီးကြီးမားမား ဖြစ်ပွားလေသည်။

ချူဖျင် နှင့် ဝမ်သခင်မတို့က ချူဟွားငယ်ရွယ်သေးသဖြင့် နောက်ထပ် နှစ်နှစ်လောက် ထားလို့ရသည်ဟု ယူဆကြသည်။ ထို့ပြင် ချူဟွားသည် ညီလာခံ စာမေးပွဲ ဖြေဆိုရန် ပြင်ဆင်နေရသဖြင့် ကြားထဲတွင် မင်္ဂလာပွဲပါ ပြင်ဆင်ရမည် ဆိုပါက အချိန်နှင့် လူအင်အား များစွာ ကုန်ဆုံးလိမ့်မည် ဖြစ်သည်။

ရှန်လု၏ ဆရာနှင့် ဆရာကတော် တို့သည် အနာဂတ် ချွေးမလောင်းက တိုင်းပြည်နှင့် လူမျိုး အကျိုးပြု လုပ်ငန်းများ မည်မျှ လုပ်ဆောင်ခဲ့သည်ကို သိရှိထားကြသလို သူမ၏ ရည်မှန်းချက် ကြီးမားပုံကိုလည်း သိကြသည်။ သို့သော် ညီလာခံ စာမေးပွဲက အရေးကြီးသလို ဘဝလက်တွဲဖော် ကိစ္စကရော အရေးမကြီးလေသလား။

လူကြီးနှစ်ဦးသည် ချူဖျင် နှင့် ဝမ်သခင်မတို့ကို ရင်ဖွင့်စကားများ ပြောကြလေသည်။

မူလက ရှန်လုတစ်ယောက် ဤဘဝတွင် အိမ်ထောင်မပြုတော့ဘဲ တစ်ကိုယ်တည်း ဖြတ်သန်းသွားမည်ကို သူတို့ စိုးရိမ်ခဲ့ကြသည်။ ယခု စိတ်တူကိုယ်တူ မိန်းကလေး တစ်ယောက်ကို တွေ့ရှိထားသဖြင့် သူတို့ အံ့သြဝမ်းသာ ဖြစ်မိကြသည်။

သို့သော် သူတို့နှစ်ဦး အသက်ကြီးပြီ ဖြစ်သဖြင့် နောက်နှစ် ချူဟွားအရွယ်ရောက်သည်နှင့် လက်ထပ်စေချင်ကြသည်။ သူတို့ တစ်နေ့နေ့တွင် ဆုံးပါးသွားပါက ရှန်လုဝမ်းနည်းခြင်းကာလ စောင့်ရမည် ဖြစ်သဖြင့် အချိန်များစွာ နှောင့်နှေးသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

မြေးကိစ္စနှင့် ပတ်သက်ပြီး လူကြီးနှစ်ဦးက ပြောသည်။ "ကျွန်တော်တို့ မလောပါဘူး၊ ပါလာရင် ကုသိုလ်ပေါ့၊ မပါရင်လည်း ကိစ္စမရှိပါဘူး"

ဆရာကတော်က ဝမ်သခင်မကို သီးသန့် ပြောသေးသည်။ "ဟွားအာက ရည်မှန်းချက် ကြီးမားတော့ သူနဲ့ ရှန်လုတို့ ဒီလို ဖူးစာဆုံတာကို ကျွန်မတို့ ဝမ်းသာပါတယ်။ ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးရတာက ဟွားအာရဲ့ စာမေးပွဲနဲ့ အရာရှိ လုပ်မဲ့ ကိစ္စကို ထိခိုက်မှာ စိုးရိမ်ရင် သူတို့နှစ်ယောက် အရင် လက်ထပ်ပြီး အတူမနေဘဲ နေလို့ ရပါတယ်"

ဝမ်သခင်မသည် သမီးဖြစ်သူကို စောစောစီးစီး အိမ်ထောင်မချပေးချင်သလို လူကြီးနှစ်ဦး တစ်ခုခု ဖြစ်သွားပြီး တစ်ဦးတည်းသော တပည့်၏ မင်္ဂလာပွဲကို မမြင်တွေ့လိုက်ရဘဲ နောင်တရသွားမည်ကိုလည်း မလိုလားပေ။

ဤကိစ္စတွင် ချူဖျင်က ဆုံးဖြတ်ချက် ချပေးလိုက်သည်။ "မဖြစ်ဘူး၊ အရမ်း အလုပ်ရှုပ်သွားလိမ့်မယ်"

"ဟွားအာက သူများတွေထက် နောက်ကျမှ စာသင်ရတာ၊ သာမန် အမျိုးသားတွေထက် ပိုကောင်းတဲ့ ရလဒ် ထွက်မှ လူတွေရဲ့ ပါးစပ်ကို ပိတ်နိုင်မှာ။ စေ့စပ်တာက နှစ်ဖက် မိဘ ကိစ္စ ဆိုတော့ ထားလိုက်တော့၊ တကယ် လက်ထပ်မယ် ဆိုရင် သူက အချိန်နဲ့ လူအင်အား ခွဲပြီး စီမံရမှာ မဟုတ်ဘူးလား"

"အရင် လက်ထပ်ပြီး အတူမနေဘူး ဆိုတာက မင်းတို့ မိန်းမတွေကို လိမ်တဲ့ စကားပဲ။ ဟွားအာလို ဇနီးကောင်းလေး ဘေးနားမှာ နေ့တိုင်း ရှိနေရင် ဘယ်ယောကျာ်းက သည်းခံနိုင်မှာလဲ။ သူက သွေးသားဆူဖြိုးတဲ့ အရွယ် ရောက်နေပြီ၊ တစ်ခုခု မှားယွင်းသွားရင် ဟွားအာ တစ်ဘဝလုံး ထိခိုက်သွားမှာပေါ့"

နွေဦးစာမေးပွဲ၊ နန်းတွင်းစာမေးပွဲ အချိန်နှင့် ကိုယ်ဝန်ဆောင် မီးဖွားချိန် တိုက်ဆိုင်သွားပါက နောက်ထပ် သုံးနှစ် ထပ်စောင့်ရလိမ့်မည်။

ချူဖျင်သည် ဝမ်သခင်မနားယောင်ပြီး လူကြီးနှစ်ဦး၏ စကားကို လက်ခံလိုက်မည် စိုးရိမ်သဖြင့် သတိပေးလိုက်သည်။ "ဟွားအာ စာမေးပွဲဖြေပြီး အရာရှိ လုပ်ဖို့က အရှင်မင်းကြီးနဲ့ မင်းဆရာကြီး၊ မင်းဆရာအိုကြီး တို့ စောစောကတည်းက သတ်မှတ်ထားတဲ့ အချိန်လေ၊ မင်းက သူတို့ရဲ့ အစီအစဉ်ကို ဖျက်ဆီးချင်လို့လား"

ဝမ်သခင်မသတိဝင်လာပြီး အလွန် နောင်တရသွားသည်။ သူမ သေချာ မစဉ်းစားမိခြင်းပင်။

"ကျွန်မ အမှားပါ၊ မနက်ဖြန်ကျရင် သခင်မကြီးကို ငြင်းလိုက်ပါ့မယ်"

ချူဖျင်က ဆက်ပြောသည်။ "အရမ်းကြီး တဲ့တိုး ပြောစရာ မလိုပါဘူး၊ ချူရှူး ရဲ့ မင်္ဂလာပွဲက အရင် ရှိသေးတာပဲ၊ အစ်မကို အရင် ပေးစားရမှာပေါ့။ ချူရှူးက နောက်နှစ်မှ လက်ထပ်မှာ၊ ဟွားအာက နောက်နှစ်ကျရင် ယွမ်စာမေးပွဲ ပြင်ဆင်ရမယ်၊ နောက်တစ်နှစ်ကျရင် ပြည်နယ်စာမေးပွဲ ပြင်ဆင်ရမယ်၊ နောက်တစ်နှစ်ကျရင် နွေဦးစာမေးပွဲ၊ နန်းတွင်းစာမေးပွဲ ဖြေရမယ် ဆိုတော့ အချိန်က တစ်စတစ်စ ဆွဲသွားလို့ ရပါတယ်"

"လူကြီးနှစ်ယောက်လုံးက သဘောထားကြီးတဲ့သူတွေပါ၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါတို့ကို အခက်တွေ့အောင် လုပ်မှာ မဟုတ်ပါဘူး။ တကယ်လို့ ညှိမရရင် ငါ ရှန်လုနဲ့ သွားဆွေးနွေးမယ်၊ သူက အလောတကြီး မိန်းမယူချင်နေရင် နောက်တစ်ယောက် ပြောင်းလိုက်မယ်။ ဟွားအာက ယောကျာ်းတစ်ယောက်တည်း အပေါ်မှာပဲ တွယ်ကပ်နေမဲ့သူ မဟုတ်ပါဘူး၊ နောက်လူက ပိုကောင်းမှာ"

ဝမ်သခင်မမှာ အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားရလေသည်။ အတူအိပ်လာသည်မှာ အနှစ် ၂၀ ကျော် ရှိပြီ ဖြစ်သော ခင်ပွန်းသည်က ရုတ်တရက် တခြားလူတစ်ယောက်လို ပြောင်းသွားသလို ခံစားလိုက်ရသည်။

"ရှင်... ရှင် ဘာဖြစ်တာလဲ" ဘာလို့ သူမ မှတ်မရနိုင်လောက်အောင် ပြောင်းလဲသွားတာလဲ။

"ငါ ဘာမှ မဖြစ်ပါဘူး" ချူဖျင် က မသိနားမလည်သော မျက်နှာထားဖြင့် ပြောပြီးနောက် တစ်စုံတစ်ခုကို သတိရသွားကာ အံကြိတ်လျက် ပြောလိုက်သည်။ "ဘယ်သူမှ ငါ့ချူမိသားစုရဲ့ ပထမဆုံး အမျိုးသမီး ဇာတ်လိုက်ကျော် ထွက်ပေါ်လာမှာကို တားဆီးလို့ မရစေရဘူး"

ဝမ်သခင်မ "..." ဟုတ်ပါပြီ၊ ဒါ သူမ ရင်းနှီးတဲ့ ခင်ပွန်းသည်ပါပဲ။

ဤကဲ့သို့ စိုးရိမ်ပူပန်မှုများဖြင့် နှစ်ဖက်မိသားစု အကြိမ်ကြိမ် ဆွေးနွေးပြီး အပြန်အလှန် ရင်ဖွင့်ကြကာ နောက်ဆုံးတွင် မင်္ဂလာရက်ကို သတ်မှတ်လိုက်ကြသည်။ နန်းတွင်းစာမေးပွဲ ပြီးနောက်တွင်ဖြစ်သည်။

စာမေးပွဲအတွက် အပြည့်အဝ ပြင်ဆင်နိုင်ရန် ညဘက် နက္ခတ်တာရာ သင်တန်းကို မင်းဆရာကြီးနှင့် မင်းဆရာအိုကြီးတို့က ရပ်နားခိုင်းလိုက်သည်။

ရှန်လုကလည်း ကြယ်ကြည့်သည့် ကိစ္စကို သူ လုပ်ဆောင်မည် ဖြစ်ပြီး ချူဟွားအနေဖြင့် ထိုမျှ ပင်ပန်းခံရန် မလိုအပ်ကြောင်း၊ ပိုထွက်လာသည့် အချိန်ကို အိပ်စက်အနားယူလျှင် ပိုကောင်းကြောင်း ထင်မြင်မိသည်။

ချူဟွားက သူ့ကို ရယ်မောလိုက်၏။ "ကျွန်မ ညတိုင်း ရှင့်ဆီ လာပြီး ကြယ်ကြည့်တယ်လို့ တကယ် ထင်နေတာလား"

ထိုအခါမှသာ တစ်စုံတစ်ယောက်က သူ့ကို တိတ်တခိုး သဘောကျနေသည်မှာ မည်မျှ ကြာပြီလဲ ဆိုသည်ကို ရှန်လုနားလည်သွားပြီး မျက်နှာတစ်ခုလုံး ရဲသွားလေသည်။

စေ့စပ်ထားသူက ဤကဲ့သို့ သဘောထားကို ဖွင့်ဟလာသဖြင့် သူကလည်း ဘာမှ မတုံ့ပြန်ဘဲ နေ၍ မရတော့ပေ။ ချူဟွား၏ လက်ကို အချိန်ကြာမြင့်စွာ ဆုပ်ကိုင်ထားပြီး မလွှတ်ပေးဘဲ နေလိုက်သည်။ ဤထက် ပို၍တော့ မလုပ်ပေ။

စေ့စပ်ထားသူများ ဟူသော နာမည် ရှိသော်လည်း သူသည် ဓလေ့ထုံးစံများကို လိုက်နာပြီး ချစ်သူကို မလေးမစား မလုပ်လိုပေ။

system က ခေါင်းခါလိုက်၏။ [အဲဒီထဲမှာ အလှလေးကို ကြည့်ချင်တဲ့ အကြောင်းပြချက် တစ်စိတ်တစ်ပိုင်း ပါဝင်ပေမဲ့ စာအုပ်ကြီးလေးအုပ်၊ ဂန္တဝင်စာအုပ်ကြီးငါးအုပ်ကြောင့် စိတ်ညစ်ပြီး အရသာပြောင်းချင်လို့၊ စိတ်အပန်းဖြေချင်လို့ ဆိုတဲ့ အကြောင်းပြချက်လည်း ရှိတာပဲ မဟုတ်ဘူးလား။ ဘာလို့ နင်က သူ့အတွက် သက်သက် ကြယ်ကြည့်ဖို့ သွားသင်သလို ပြောနေတာလဲ]

အစောပိုင်းက system ၏ မိုးလေဝသ ခန့်မှန်းချက်ကို ဖုံးကွယ်ရန်အတွက် နက္ခတ်ပညာ သင်ခဲ့သည်မှာ မှန်သော်လည်း နောက်ပိုင်းတွင် ချူဟွားက စိတ်ဝင်စားလာသဖြင့် system ကို အပ်နှံပြီးသည့်တိုင် ဤသင်တန်းကို မရပ်နားခဲ့ပေ။

ရှန်လုကို သဘောကျသွားသည်မှာ နောက်ပိုင်းမှ ဖြစ်ပျက်ခဲ့သော ကိစ္စ ဖြစ်ပြီး အစီအစဉ်က ပြောင်းပြန် ဖြစ်နေသည်။

ချူဟွားက မငြင်းလိုက်ပေ။ [ဒါက စကားပြောတတ်တဲ့ အနုပညာပဲ]

system [မမကြီးဟွား၊ နင် တော်တော် ကောက်ကျစ်တာပဲနော်၊ ဟွန်းဟွန်း၊ အလှလေးရှန်လုတော့ နင့်လက်ထဲက ပြေးမလွတ်တော့ဘူး]

ချူဟွား [ရှူး... စေ့စပ်ထားတဲ့သူတွေကြားက ကိစ္စကို ဘယ်လိုလုပ် ကောက်ကျစ်တယ်လို့ ပြောလို့ ရမလဲ]

system [......] ဒီခွေးစာကို နင်က မကျွေးမဖြစ် ကျွေးမှရမှာလား။

….

All Chapters