← Chapters

အခန်း ၁၄၀

Vol. 10 Ch. 140

အခန်း ၁၄၀

Vol. 10 Ch. 140

အခန်း (၁၄၀)

"မြန်မြန်... မြန်မြန်..."

"နင် ဒါထက် ပိုမမြန်နိုင်တော့ဘူးလား... ဟ... ငါ စိတ်ပူလို့ သေတော့မယ်"

"မပူပါနဲ့၊ ပူလည်း အလကားပဲ"

"ရလဒ်က အဲဒီမှာ ရှိနေမှာပါ၊ ဘယ်မှ ထွက်ပြေးမသွားပါဘူး"

၂လပိုင်း၏ အေးစက်သော နေ့တစ်နေ့တွင် အမျိုးသမီးတစ်စုသည် အုပ်စုလိုက် ပြေးလွှားသွားလာနေကြသည်။ လူတိုင်း အလျင်လိုနေပုံရပြီး အရေးကြီးကိစ္စ တစ်ခုခု ရှိနေသကဲ့သို့ပင်။

လမ်းသွားလမ်းလာများက နားမလည်နိုင်စွာ မေးကြသည်။ "ဒါ ဘာသွားလုပ်ကြတာလဲ"

"ခင်ဗျားက မြို့တော်သား မဟုတ်ဘူး ထင်တယ်" ဖက်ထုပ်သည် အဘိုးအိုက ပြုံးရယ်လျက် ပြောလိုက်သည်။

လမ်းသွားလမ်းလာ : "ဟုတ်ပါတယ်။ ကျွန်တော်က ဆွေမျိုးတွေဆီ လာခိုလှုံတဲ့ နယ်သားပါ၊ ဦးကြီး၊ သူတို့ ဘာဖြစ်နေကြတာလဲ"

အဘိုးအိုက ရယ်မောလိုက်သည်။ "ဒီနေ့က ညီလာခံ စာမေးပွဲ ရလဒ် ထွက်တဲ့နေ့လေ"

လမ်းသွားလမ်းလာက သဘောပေါက်သွားသည်။ "ဪ... သူတို့အိမ်မှာ စာမေးပွဲဖြေတဲ့သူ ရှိလို့ကိုး"

အဘိုးအိုက အားရပါးရ ရယ်မောလိုက်သည်။ "ဟားဟား... မဟုတ်ပါဘူး။ သူတို့က သခင်မလေးချူရဲ့ ရလဒ်ကို သွားကြည့်ကြတာ၊ ငါသာ ဖက်ထုပ်ဆိုင် စောင့်စရာ မလိုရင် ငါလည်း သွားကြည့်ချင်တာ"

ချူဟွားလား။ ဒီနာမည်ကို သူ ရင်းနှီးတာပေါ့။

လမ်းသွားလမ်းလာက အဘိုးအိုကို အလျင်အမြန် ကျေးဇူးတင်စကား ပြောပြီးနောက် အပြေးလိုက်သွားလေသည်။

ရောက်ကာစ လူစိမ်းမို့ ကုန်းယွမ်(စာမေးပွဲခန်းမ) တည်နေရာ မသိလည်း ကိစ္စမရှိပေ။ အမျိုးသမီးများ သွားနေသည့် လမ်းကြောင်းအတိုင်း လိုက်သွားလျှင် ရပြီ။ လမ်းလျှောက်လေ လူပိုများလာလေ ဖြစ်ပြီး လူအများဆုံး စုဝေးနေသည့် နေရာသို့ ရောက်သောအခါ ထိုနေရာသည် ကုန်းယွမ် တံခါးပေါက် ဖြစ်နေလေသည်။

ဤနေရာတွင် စာမေးပွဲ ရလဒ် စောင့်ဆိုင်းနေသော ပြည်သူ အများအပြား စုဝေးနေကြပြီး လူပင်လယ်ကြီး ဖြစ်နေသည်။

အံ့သြစရာ အကောင်းဆုံးမှာ စောင့်ဆိုင်းနေသူ အများစုမှာ အမျိုးသမီးများ ဖြစ်နေကြခြင်းပင်။

သူတို့၏ မျက်နှာများတွင် စိုးရိမ်ပူပန်မှုများ ရှိနေကြသည်။ အချို့က လက်ကိုင်ပဝါကို ဆုပ်ကိုင်ထားကြပြီး အချို့က ဘေးလူ၏ လက်ကို ဆုပ်ကိုင်ထားကြသည်။ ထိုစိုးရိမ်ပူပန်နေသော ပုံစံများသည် ကိုယ်ပိုင် စာမေးပွဲ ရလဒ်ကို စောင့်ဆိုင်းနေသည့် အတိုင်းပင်။

"ဘာလို့ မထွက်လာသေးတာလဲ၊ ငါ ကြောက်လိုက်တာ"

"ဘာမှ မဖြစ်ပါဘူး။ အဆင်ပြေမှာပါ"

"သခင်မလေးချူမှာ မင်းဆရာကြီးနဲ့ မင်းဆရာအိုကြီး ဆိုတဲ့ ဆရာနှစ်ဆူ ရှိနေတာပဲ၊ ပထမအဆင့် သုံးနေရာ မရရင်တောင် စာမေးပွဲကျမှာတော့ မဟုတ်ပါဘူး"

"ဖွီ ဖွီ ဖွီ... နိမိတ်မရှိတာတွေ လျှောက်မပြောနဲ့"

လမ်းသွားလမ်းလာက မနေနိုင်ဘဲ ရေရွတ်လိုက်မိသည်။ "ချူဟွား က တကယ်ပဲ လူချစ်လူခင် များတာပဲ"

ဘေးနားမှ လူတစ်ယောက်ကလည်း လာကြည့်ရင်း လမ်းသွားလမ်းလာကို စကားပြောလာသည်။

"ဟုတ်တာပေါ့၊ ညီအစ်ကို မသိဘူးလား၊ ညီလာခံ စာမေးပွဲ မစခင်ကတည်းက လူတချို့က မိမိဆန္ဒအလျောက် ချူအိမ်တော်ကို သွားပြီး ကင်းလှည့်ပေးကြတာ၊ သခင်မလေးချူ စာဖတ်တာကို ဘယ်သူမှ မနှောင့်ယှက်ရအောင်လေ"

"စာမေးပွဲ ပထမနေ့မှာ မိန်းကလေး အများကြီးက သခင်မလေးချူကို စာမေးပွဲခန်း အထိ လိုက်ပို့ပေးကြတယ်။ သခင်မလေးချူနဲ့ စေ့စပ်ထားသူလည်း ရောက်လာတယ်။ အဲဒီ လူငယ်လေးက နတ်သားလေးလို ချောမောပေမဲ့ စကားတစ်ခွန်းမှ မပြောရသေးခင် မိန်းကလေးတွေက ဝိုင်းတွန်းထုတ်လိုက်ကြတယ်။ အကြောင်းပြချက်ကလည်း ခိုင်လုံသေးတယ်။ အရေးကြီးတဲ့ အချိန်မှာ ယောကျာ်းလှလှလေးတွေကြောင့် စိတ်မလွင့်စေရဘူးတဲ့၊ ပိုချောလေ ပိုမဖြစ်လေပဲ"

"ဟား..." လမ်းသွားလမ်းလာမှာ ရယ်ချလိုက်မိသည်။ တခြားလူများလည်း မထိန်းနိုင်တော့ဘဲ ထိုနေရာ တစ်ဝိုက်တွင် ပျော်ရွှင်စွာ ရယ်မောသံများ ထွက်ပေါ်လာသည်။

တစ်စုံတစ်ယောက်က ဆက်ဖြစ်မည့် အကြောင်းအရာကို သိချင်နေသဖြင့် တိုက်တွန်းလိုက်၏။

"ညီအစ်ကို၊ အထာကောက် မနေပါနဲ့၊ ဆက်ပြောပြပါဦး"

ထိုအမျိုးသားက ပါးစပ်ဖြဲပြီး ရယ်မောရင်း ကုန်းယွမ် တံခါး မပွင့်သေးမီ အချိန်ရနေသဖြင့် ဆက်ပြောပြလေသည်။

"စာမေးပွဲက သုံးရက်ကြာတယ်။ တတိယနေ့ ကုန်းယွမ် တံခါး ပွင့်တဲ့အချိန်မှာ အပြင်ဘက်မှာ လှလှပပ ပြင်ဆင်ထားတဲ့ မိန်းမလှလေးတွေ အများကြီး ရှိနေတော့ စာမေးပွဲဖြေသူတွေ မျက်စိကျိန်းကုန်တာပေါ့။ စာမေးပွဲဖြေသူ တစ်ယောက်ဆို ဖျားပြီး သတိမေ့နေလို့ ထမ်းစင်နဲ့ ထမ်းထုတ်လာတာ၊ ဒီအခြေအနေကို မြင်တော့ ချက်ချင်း ထထိုင်သွားသတဲ့"

"ကုန်းယွမ် ထဲက အခြေအနေ မကောင်းတာ ခင်ဗျားတို့လည်း သိသားပဲ၊ သုံးရက် စာမေးပွဲ ဖြေပြီးတော့ လူတော်တော်များများ မျက်နှာတွေ ဖြူဖပ်ဖြူရော်နဲ့ လမ်းတောင် ကောင်းကောင်း မလျှောက်နိုင်တော့ဘူး။ အပြင်မှာ ဒီလောက် လှပတဲ့ မိန်းကလေးတွေ အများကြီး မြင်လိုက်တော့ အမျိုးသား ဖြေဆိုသူတွေ အကုန်လုံး အားတင်းပြီး နေမကောင်းတဲ့ ပုံစံ လုံးဝ မပြရဲတော့ဘူး"

"ဒါပေမဲ့ မိန်းကလေးတွေက သူတို့ကို လာကြည့်တာမှ မဟုတ်တာ၊ သူတို့ စိတ်ထဲမှာ သခင်မလေးချူ တစ်ယောက်တည်း ရှိတာ။ သခင်မလေးချူ ထွက်လာတာနဲ့ မိန်းကလေး အုပ်စုလိုက် ဝိုင်းအုံပြီး ဂရုစိုက်ကြ၊ ချင်းပြုတ်ရည် တိုက်၊ သမားတော် ခေါ်ပေး၊ မုန့်ကျွေး၊ ပခုံးနှိပ်၊ လက်နှိပ်ပေးကြနဲ့၊ ဘေးက ကြည့်နေတဲ့လူတွေတောင် ပါးစပ်အဟောင်းသား ဖြစ်ကုန်တယ်"

အားလုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြပြီး စာမေးပွဲ တတိယနေ့ ကုန်းယွမ် တံခါးဝက ပရိသတ်များ၏အခြေအနေကို ကွက်ကွက်ကွင်းကွင်း မြင်ယောင်လာကြသည်။

ထိုအမျိုးသားက ဆက်ပြောသည်။ "ချူမိသားစုရဲ့ မြင်းလှည်းက အဲဒီမှာ ရှိတယ်။ စေ့စပ်ထားသူရဲ့ မြင်းလှည်းလည်း ရှိတယ်။ ဒါပေမဲ့ သခင်မလေးချူကို မိန်းကလေး တစ်အုပ်က ခေါ်သွားပြီး ချူအိမ်တော် အထိ လိုက်ပို့ပေးကြတယ်။ ကောင်းကောင်း အနားယူပါ၊ ဘာမှ လျှောက်မတွေးပါနဲ့လို့လည်း မှာလိုက်ကြသေးတယ်"

"ဒီနေ့ အခြေအနေ ကြည့်ရတာ သခင်မလေးချူ မလာလောက်ဘူး။ သူသာ လာရင်လေ..." ပြောရင်းနဲ့ ထိုအမျိုးသားက အဓိပ္ပာယ်ပါသော အပြုံးတစ်ခု ပြုံးလိုက်သည်။

ပရိသတ်တွေ စိတ်ဝင်စားသွားကြသည်။ "သူသာ လာရင် ဘာဖြစ်မှာလဲ"

"အဲဒါကတော့..." ထိုအမျိုးသား ဖြေမလို့ ပြင်နေစဉ် ကုန်းယွမ် တံခါး ပွင့်သွားပြီး လူတစ်စုက အနီရောင် စာရင်းကို ကိုင်လျက် ထွက်လာကြသည်။

ချက်ချင်းပင် လူအားလုံး၏ အာရုံသည် အနီရောင် စာရင်းဆီ ရောက်သွားပြီး အတင်းအဖျင်းများကို ဂရုမစိုက်နိုင်တော့ပေ။

ပြည်သူများသည် ကုန်းယွမ်ထဲက လူများအတွက် လမ်းဖယ်ပေးလိုက်ကြပြီး အားလုံး လည်ပင်းရှည်အောင် ဆန့်ထုတ်ကာ စာရင်းကို ကြည့်ကြသည်။ အနီရောင် စာရင်း ဖြည်းဖြည်းချင်း ပွင့်လာပြီး ပထမဆုံး နေရာတွင် စာလုံးနှစ်လုံး ပေါ်လာ၏။ ချူဟွား။

နာမည်ကို သေချာ မြင်လိုက်ရသည့် အခိုက်အတန့်တွင် လူအုပ်ကြီး ဆူညံသွားသည်။

မိန်းကလေးများ အော်ဟစ်လိုက်ကြသည်။ "အား.... အား.... အား...."

"ချူဟွား ပထမ"

"ချူဟွား ပထမအဆင့် သုံးနေရာလုံး ရပြီ"

"ချူဟွား အရမ်း တော်တာပဲ"

"ချူဟွားက ငါတို့ မိန်းမတွေရဲ့ မျက်နှာကို အားရှိစေပြီ"

"အား.... အား.... အား...." မိန်းကလေးများ၏ စိတ်လှုပ်ရှားစွာ အော်ဟစ်သံများ၊ ငိုကြွေးသံများသည် ကုန်းယွမ် တံခါးဝတွင် ပဲ့တင်ထပ်နေတော့သည်။

အမျိုးသမီးများသည် ဖိနှိပ်ခံထားရသည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။ သူမတို့ထဲမှ လူအများစုသည် ချူဟွားနှင့် တစ်ပြားသားမှ မပတ်သက်သော်လည်း အမျိုးသမီးချင်း အတူတူမို့ ချူဟွား မြင့်မားသော နေရာသို့ ရောက်ရှိသွားသည်ကို မြင်ချင်ကြသည်။ သူမတို့ အိပ်မက်ထဲမှာတောင် မလုပ်နိုင်ခဲ့သော အရာများကို ချူဟွား လုပ်ပြနိုင်သည်ကို မြင်ချင်ကြသည်။

ယခု ချူဟွား လုပ်ပြနိုင်ခဲ့ပြီ။ အမျိုးသား အများအပြားကို ကျော်ဖြတ်နိုင်ခဲ့ပြီ။ သူမတို့ ကိုယ်တိုင် လုပ်နိုင်ခဲ့သကဲ့သို့ ခံစားလိုက်ရသည်။

စိတ်လှုပ်ရှားခြင်း၊ ဂုဏ်ယူခြင်းတို့ကြောင့် အော်ဟစ်ငိုကြွေးချင်စိတ်သာ ဖြစ်ပေါ်လာသည်။ ဤနှစ်များအတွင်း ခံစားခဲ့ရသော ဝမ်းနည်းမှုနှင့် နာကျင်မှုများကို ငိုထုတ်ပစ်ချင်ကြသည်။

မကြာမီ ဦးဆောင်သူ မိန်းကလေး တစ်ဦးက မျက်လုံးများ နီရဲလျက် ရှေ့ထွက်လာလေသည်။

"ညီအစ်မတို့ရေ... နောက်လဆို နန်းတွင်းစာမေးပွဲ ရောက်ပြီ။ သခင်မလေးချူက ပထမအဆင့် သုံးနေရာ ယူနိုင်ခဲ့ပေမဲ့ နောက်ဆုံး အဆင့် တစ်ခု ကျန်သေးတယ်။ ညီမတို့ အားလုံး စိတ်လှုပ်ရှားမှုတွေကို နောက်တစ်လ အထိ သိမ်းထားကြရအောင်။ အဲဒီအချိန်ကျရင် သူ ပထမဆုံး အမှတ်အများဆုံးအမျိုးသမီးစာသင်သား ဖြစ်လာရင် ငါတို့ ထပ်ပြီး ပျော်ကြမယ်။ ထပ်ပြီး အောင်ပွဲခံကြမယ်"

"အခုက ညီလာခံ စာမေးပွဲ အဆင့်လေးပဲ ရှိသေးတယ်။ ငါတို့ လှုပ်ရှားမှု အရမ်း ကြီးမားသွားရင် သခင်မလေးချူ အတွက် မလိုအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ်။ ညီမတို့ရေ... ငါ့စကား နားထောင်ပါ၊ ခဏလောက် သည်းခံကြပါ၊ ဆယ်စုနှစ်များစွာ သည်းခံခဲ့ပြီးပြီပဲ၊ ဒီနောက်ဆုံး တစ်လလောက်ကို မကြောက်ပါနဲ့"

မိန်းကလေးများ သတိဝင်လာကြပြီး မျက်ရည်များ သုတ်၊ အဝတ်အစားများ ပြင်ဆင်လိုက်ကြရာ လှပသော မိန်းကလေးများ အဖြစ် ပြန်လည် ရောက်ရှိသွားကြသည်။

"ဟုတ်တယ်။ စန်းညန် ပြောတာ မှန်တယ်"

"ခက်ခက်ခဲခဲ ပေါ်ထွက်လာတဲ့ ပထမအဆင့် သုံးနေရာရှင် အမျိုးသမီးကို ငါတို့ကြောင့် အမည်းစက် မထင်စေရဘူး"

"ညီမတို့ရေ... ခဏလောက် သည်းခံကြစို့"

"တစ်လကြာရင် ပြန်တွေ့မယ်"

အပြန်အလှန် နှစ်သိမ့် အားပေးပြီးနောက် မိန်းကလေးများ စည်းကမ်းတကျ ထွက်ခွာသွားကြတော့သည်။

သူမတို့ သိချင်သော အကြောင်းအရာကို သိပြီးပြီ ဖြစ်သဖြင့် အခြားသူများ စာမေးပွဲ ရလဒ် ကြည့်ရှုခြင်းကို မနှောင့်ယှက်သင့်တော့ပေ။

တချို့ မိန်းကလေးများလည်း အနီရောင် စာရင်း ရှေ့တွင် ကျန်ရစ်ခဲ့ပြီး အစမှ အဆုံးထိ ဖတ်ရှုကာ အမျိုးသမီး အားလုံး၏ ရလဒ်များကို မှတ်တမ်းတင်ကြသည်။

ချူဟွား၏ ရလဒ်နှင့် စွမ်းဆောင်ရည်သည် အလွန် တောက်ပလွန်းသဖြင့် အခြား အမျိုးသမီးများ၏ အရောင်အဝါကို မှေးမှိန်သွားစေသော်လည်း သူမတို့သည်လည်း ကြံ့ကြံ့ခံပြီး တောက်ပနေဆဲ ဖြစ်သည်။

အနီရောင် စာရင်းပေါ်ရှိ အမျိုးသမီးတိုင်းသည် အခြား အမျိုးသမီးများ အားကျရသော ပုံစံဖြင့် ရှင်သန်နေကြပြီး သူမတို့၏ လေးစားမှုနှင့် အားကျမှုကို ခံယူထိုက်သူများ ဖြစ်ကြသည်။

တစ်စုံတစ်ယောက်က ရလဒ်ကို မြင်သည်နှင့် ချူအိမ်တော်သို့ သတင်းသွားပို့ပြီး ဆုကြေးငွေ ရယူလေသည်။

ချူဟွားကမူ system မှတဆင့် ရလဒ်ကို စောစီးစွာကပင် သိရှိထားပြီး ဖြစ်သည်။ ယခုအချိန်တွင် နန်ကုန်းလင် နှင့်အတူ စာသင်နေလေသည်။

ရလဒ် ထွက်လာတော့ ဘာဖြစ်လဲ။ သင်စရာ ရှိတဲ့ စာကို လျှော့သင်လို့ မရဘူး။ သူမတို့နှစ်ယောက် ညီလာခံ စာမေးပွဲမှာ အဆင့်ကောင်း ရထားတဲ့အတွက် ဆရာနှစ်ယောက်က ပိုပြီး တင်းကျပ်လာသေးတယ်။

သူတို့ ပြောစကားအရ ဆိုရင် "မင်းတို့က အမျိုးသမီးတွေအတွက် လမ်းဖောက်ပေးဖို့ ဆုံးဖြတ်ထားမှတော့ နောင်လာနောက်သားတွေ ဘယ်တော့မှ ကျော်ဖြတ်လို့ မရနိုင်တဲ့ ရလဒ်မျိုး လုပ်ပြရမယ်။ ဒါမှ လူတွေ ပြောစမှတ် တွင်ပြီး ဘယ်တော့မှ မမေ့နိုင်ကြမှာ" တဲ့။

အရင်တုန်းက ဧကရီ လိုမျိုးပေါ့။

"ရှေးယခင်ကနေ ယခုအထိ ပထမဆုံးသော ဧကရီ" ဆိုတဲ့ ဂုဏ်ပုဒ် တစ်ခုတည်းနဲ့တင် နောင်လာနောက်သားတွေ ထာဝရ အမှတ်ရနေဖို့ လုံလောက်နေပါပြီ။

မင်းဆရာကြီးနဲ့ မင်းဆရာအိုကြီးတို့က ချူဟွား နဲ့ နန်ကုန်းလင်ကို ဖိအား အရမ်း မပေးချင်ကြပေမဲ့ သူတို့နှစ်ဦးကို ထိပ်ဆုံး သုံးနေရာမှာ နှစ်နေရာ ယူစေချင်ကြတာ အမှန်ပဲ။ ရလဒ်က လုံလောက်အောင် တောက်ပနေမှသာ တခြား အမျိုးသမီးတွေကို စာသင်ဖို့ ဆွဲဆောင်နိုင်မှာ၊ အမျိုးသမီး အထူးစာမေးပွဲကလည်း ဆက်လက် တည်တံ့နိုင်မှာလေ။

အတိအလင်း မပြောရင်တောင် ချူဟွားနဲ့ နန်ကုန်းလင်တို့က ကိုယ့်ပခုံးပေါ် ရောက်နေတဲ့ တာဝန်ကို နားလည်ကြတယ်။

သူတို့ရဲ့ ရလဒ်က ကိုယ့်အတွက်၊ မိသားစုအတွက် သက်သက် မဟုတ်ဘဲ ကိုယ့်ကံကြမ္မာ ကိုယ်ပြောင်းလဲချင်တဲ့ အမျိုးသမီး အားလုံးကို ကိုယ်စားပြုနေတာမို့ ရှေ့ကိုပဲ ဆက်သွားပြီး ထိပ်ဆုံးကို ရောက်အောင် သွားရမှာပဲ။

တစ်လအကြာတွင် နန်းတွင်းစာမေးပွဲကို နန်းတော်ထဲတွင် ကျင်းပလေသည်။

အခြားသူများက နန်းတော်ထဲသို့ ပထမဆုံးအကြိမ် ရောက်ဖူးသဖြင့် စိတ်လှုပ်ရှားနေကြသော်လည်း ချူဟွားကတော့ ချူချင်း အဖြစ် ရုပ်ဖျက်ပြီး အကြိမ်ကြိမ် လာဖူးသဖြင့် စိတ်မလှုပ်ရှားသည့်အပြင် system နှင့် စကားပြောရန်ပင် အချိန်ရနေသေးသည်။

system: [မမကြီးဟွား၊ နင် ဒီကို ပထမဆုံး ရောက်တုန်းက ငါတို့နှစ်ယောက် ရေစက်ဆုံခဲ့ကြတာ ငါ မှတ်မိသေးတယ်]

ချူဟွား: [ဒီစကားကို ရှန်လု ရှေ့မှာ သွားမပြောနဲ့နော်]

system က မနှစ်မြို့သည့်ပုံစံ ပြလိုက်သည်။ [ဟွန်း... စေ့စပ်ထားသူ ရှိတဲ့လူတွေက ဒါမျိုး အဆင်မပြေဘူး။ နောက်ပြောင်လို့လည်း မရဘူး]

အရာရှိများ: "..."

စာမေးပွဲဖြေသူများ: "..."

ဒါဆို နင်ကလည်း စေ့စပ်ထားသူ ရှိတဲ့လူကို သွားမစနဲ့လေ။

ချူဟွားက ရယ်လိုက်သည်။ [နင် အရင်တုန်းက သူ့ကို အရမ်း သဘောကျတယ် မဟုတ်လား၊ နေ့တိုင်း အလှလေး အလှလေး ဆိုပြီး ခေါ်နေတာ၊ ငါနဲ့သူ့ကို အောင်သွယ်ပေးချင်နေတာလေ]

system ၏ လေသံက ဆွေးမြေ့သွားတော့သည်။ [မရခင်က အကောင်းဆုံးပဲ၊ ရပြီးသွားရင် တန်ဖိုး မထားတော့ဘူးလေ]

ချူဟွား: [နင် တော်တော် ငရှုပ်ပါလား]

system က အော်ဟစ်လိုက်သည်။ [ငါ့ရဲ့ နာမည်ပြောင်က system အရှုပ်ကောင် ဆိုတာ နင် ဘယ်လို သိလဲ]

အားလုံး: "..."

ဒီအဖြစ်အပျက်ကြောင့် လူအားလုံး၏ တင်းမာနေသော စိတ်များ လျော့ပါးသွားပြီး အရှင်မင်းကြီးကို ဂါရဝပြုခြင်းနှင့် နန်းတွင်းစာမေးပွဲ ဖြေဆိုခြင်း လုပ်ငန်းစဉ်များတွင် အနည်းငယ် သက်သာရာ ရသွားကြသည်။

စိတ်ဓာတ်ကြံ့ခိုင်သူများက အခွင့်ကောင်းယူပြီး ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ကာ အကောင်းဆုံး အခြေအနေဖြင့် စာမေးပွဲကို ရင်ဆိုင်ကြသော်လည်း စိတ်ဓာတ်ပျော့ညံ့သူများကတော့ ချူဟွား နှင့် system တို့၏ နောက်ပြောင်မှုကို နားထဲ မဝင်ဘဲ ကြောက်လန့်တကြား ချွေးပြန်နေကြသဖြင့် ဘာပြောပြော အရာမထင်တော့ပေ။

နန်းတွင်းစာမေးပွဲတွင် မူဝါဒရေးရာ မေးခွန်းတစ်ပုဒ်သာ မေးပြီး အရှင်မင်းကြီး ကိုယ်တိုင် မေးခွန်းထုတ်ခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် လက်ရှိ ညီလာခံက အာရုံစိုက်နေသော အရေးကြီး ကိစ္စရပ်များကို မေးလေ့ရှိသည်။

ဒီနှစ် မေးခွန်းကတော့ "တိုင်းပြည် ဘဏ္ဍာတိုက် မပြည့်စုံခြင်း"

စာမေးပွဲဖြေသူများ: ???

မဟုတ်သေးဘူးလေ။ တိုင်းပြည် ဘဏ္ဍာတိုက်က ဘာလို့ မပြည့်စုံရပြန်တာလဲ။

သူတို့ အမှတ် မမှားဘူးဆိုရင် မကြာသေးခင်က ဓာတ်မြေဩဇာ ရောင်းအား တော်တော် ကောင်းနေတာ မဟုတ်ဘူးလား။

နိုင်ငံတစ်ဝန်းလုံးမှာ ရူးသွပ်မတတ် ရောင်းချနေရသလို ကုန်သည် အများအပြားက ဓာတ်မြေဩဇာကို တင်ဆောင်ပြီး ရှီးရုံ၊ ပေတိ စတဲ့ နိုင်ငံတွေကို သွားရောင်းကြတာလေ။ ညီလာခံက ဈေးသက်သက်သာသာနဲ့ ရောင်းရင်တောင် ဒီပမာဏ ဆိုရင် တိုင်းပြည်ဘဏ္ဍာတိုက် ပြည့်စုံဖို့ လုံလောက်နေပြီပဲ။

—— တိုင်းပြည် ဘဏ္ဍာတိုက် မပြည့်စုံရင် ဘာလုပ်မလဲ။ ဘာလုပ်ရမှာလဲ။ ပိုက်ဆံရှာဖို့ စဉ်းစားရမှာပေါ့။

စာမေးပွဲဖြေသူများထဲတွင် ဆွေကြီးမျိုးကြီး သားသမီးများ ပါသလို သာမန် ပြည်သူ့ သားသမီးများလည်း ပါဝင်သည်။ သူတို့ အများစုသည် စာဖတ်ခြင်းကိုသာ အာရုံစိုက်ကြပြီး အခြား ကိစ္စများကို ဂရုမစိုက်ကြသဖြင့် ဒီမေးခွန်းကို မြင်လိုက်ရသည်နှင့် အခက်တွေ့ကုန်ကြသည်။

ဆွေကြီးမျိုးကြီး သားသမီး အများအပြားသည် အိမ်က စီးပွားရေး လုပ်ငန်း အချို့ကိုပင် သေချာ မသိကြချေ။ တစ်လ ဘယ်လောက် မြတ်လဲ ဆိုတာလည်း မသိကြပေ။ တကယ် ဖြေရမည် ဆိုလျှင်လည်း ယေဘုယျလောက်သာ ဖြေနိုင်မည်။ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ အကြံပြုချက် အတိအကျတော့ ပေးနိုင်မည်မဟုတ်။

တချို့လူတွေကတော့ ဒီအကြောင်း နည်းနည်း နားလည်ထားပြီး စိတ်ထဲမှာ အကြမ်းဖျင်း စဉ်းစားထားပြီးပြီ။

ဒီမေးခွန်းက ချူဟွား ဘက်ကို ယိမ်းနေသလိုပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ သူမက ဒီမှာ ရှိနေတဲ့ စာမေးပွဲဖြေသူတွေ အကုန်လုံးထဲမှာ ပိုက်ဆံ အရှာတတ်ဆုံးသူ ဖြစ်နေလို့လေ။ အရှင်မင်းကြီးက ချူဟွားကို အမှတ်အမြင့်ဆုံး အမျိုးသမီးစာသင်သားနေရာ ပေးချင်လို့များလား။ ဒါပေမဲ့ နည်းနည်းလောက် စဉ်းစားကြည့်ရင် အရှင်မင်းကြီးရဲ့ ရည်ရွယ်ချက်အမှန်ကို သိနိုင်တယ်။

သာ့ရှန်းက ဒီနှစ်ပိုင်းတွေမှာ ပစ္စည်းကောင်းတွေ အများကြီး ထုတ်ပြလာတယ်။ အဆီတဝင်းဝင်းနဲ့ အရသာရှိပေမဲ့ တိုက်ခိုက်နိုင်စွမ်း မရှိတဲ့ အသားတုံးကြီးလို ဖြစ်နေတော့ ရှီးရုံ၊ ပေတိနဲ့ တုန်းယီတို့က မျက်စောင်းထိုးနေကြပြီ။ စစ်ပွဲက အချိန်မရွေး ဖြစ်ပွားလာနိုင်ပြီး အဆိုးရွားဆုံး အခြေအနေကတော့ သုံးဖက်စလုံးက တိုက်ခိုက်လာတာမျိုးပေါ့။

အဲဒီအချိန် ရောက်ရင် သာ့ရှန်း မှာ တိုင်းပြည် ဘဏ္ဍာတိုက် ဘယ်နှခု ရှိရှိ လောင်ကျွမ်းဖို့ မလုံလောက်ဘူး။

အရှင်မင်းကြီးက မကြာခင် အရာရှိ ဖြစ်လာမဲ့ သူတွေကို သာ့ရှန်း နဲ့ ညီလာခံရဲ့ အန္တရာယ် ရှိနေတဲ့ နေရာကို သိစေချင်တာ။

တိုင်းပြည် ဘဏ္ဍာတိုက် မပြည့်စုံခြင်းက သမိုင်းကြောင်းအရ ကျန်ရစ်ခဲ့တဲ့ ပြဿနာ ဖြစ်သလို အနာဂတ်မှာလည်း သူတို့ကို အမြဲ နှောင့်ယှက်နေမဲ့ ပြဿနာ တစ်ခုပဲ။ စီးပွားရေးကို မေးနေသလို ထင်ရပေမဲ့ တကယ်တမ်းကျတော့ စီးပွားရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး ဘက်စုံ ထည့်သွင်း စဉ်းစားရမှာ။

တကယ်လို့ တစ်ယောက်ယောက်က မေးခွန်းကို သေချာ နားမလည်ဘဲ တချို့အချက်တွေ ချန်လှပ်ထားခဲ့ရင် တစ်သုတ်တည်း ဖြေတဲ့ တခြားလူတွေလည်း ချန်လှပ်ထားခဲ့သလား ဆိုတာ ကြည့်ရမှာပေါ့။

ချူဟွားက အကြာကြီး စဉ်းစားနေလေသည်။

မူဝါဒရေးရာ မေးခွန်းကို အများဆုံး စာလုံးရေ နှစ်ထောင်လောက်ပဲ ဖြေလို့ ရတယ်။ တစ်ချက်က စာရွက် အကန့်အသတ် ရှိလို့ အများကြီး ရေးလို့ မရဘူး။ နောက်တစ်ချက်က နန်းတွင်းစာမေးပွဲက ဒုတိယနေ့မှာ ရလဒ် ထွက်မယ်။ တတိယနေ့မှာ စာရင်း ထုတ်ပြန်မယ် ဆိုတော့ စာမေးပွဲဖြေသူတိုင်း အဲဒီလောက် အများကြီး ရေးရင် အဖြေလွှာ စစ်တဲ့ အရာရှိတွေ ရလဒ် ထုတ်ပေးဖို့ အချိန် မမီတော့ဘူး။

ဒါပေမဲ့ သူမ ရေးချင်တဲ့ အကြောင်းအရာတွေက တကယ် များနေတယ်။ ဘယ်အရာကိုမှ မပယ်ချင်ဘူး။ အတတ်နိုင်ဆုံး အကျဉ်းချုံး ရေးရတော့မှာပဲ။

တကယ်လို့ အရှင်မင်းကြီးနဲ့ မှူးမတ်တွေက အသေးစိတ် အကြောင်းအရာတွေကို သိချင်ရင် သူမ အရာရှိ ဖြစ်လာပြီးမှ အသေးစိတ် ရှင်းပြတော့မယ်။

စဉ်းစားပြီးနောက် ချူဟွား စတင် ရေးသားတော့သည်။

အရှင်မင်းကြီးနှင့် အခြား ကြီးကြပ်ရေးမှူးများ၏ အကြည့်များသည် ခန်းမထဲတွင် လှည့်လည်ကြည့်ရှုနေပြီး ချူဟွား ၏ တည်ငြိမ်အေးဆေးစွာ စာရေးနေပုံကို မြင်လိုက်ရသဖြင့် စူးစမ်းချင်စိတ် ပြင်းပြလာကြသည်။

နန်းတွင်းစာမေးပွဲ မေးခွန်းအတွက် ရွေးချယ်စရာတွေ အများကြီး ရှိပေမဲ့ အရှင်မင်းကြီးက ချိန်ဆပြီးနောက် ဒီမေးခွန်းကို ရွေးချယ်လိုက်တာ။ သူက မတူညီတဲ့ အဖြေလွှာ တချို့ကို မျှော်လင့်နေတာ၊ အဲဒီထဲမှာ အမျှော်လင့်ဆုံးကတော့ ချူဟွား ရဲ့ အဖြေလွှာပဲ။

အရှင်မင်းကြီးနဲ့ မှူးမတ်တွေ အကုန်လုံး သိကြတယ်။ ချူဟွား လက်ထဲမှာ ထုတ်မပြရသေးတဲ့ ပစ္စည်းကောင်းတွေ အများကြီး ရှိသေးတယ် ဆိုတာ။ ဒီအခွင့်အရေးကို အသုံးချပြီး အကုန်လုံး ထုတ်ယူလိုက်ရင်... ဝါး... စဉ်းစားကြည့်ရုံနဲ့တင် စိတ်လှုပ်ရှားစရာ ကောင်းနေပြီ။

နန်းတွင်းစာမေးပွဲ ပြီးဆုံးသွားပြီ။ စာမေးပွဲဖြေသူများ အလှည့်ကျ ထွက်ခွာသွားကြသည်။ အရှင်မင်းကြီးက ထိန်းချုပ်ထားသော စူးစမ်းချင်စိတ်ကို မထိန်းနိုင်တော့ပေ။ "ယူလာခဲ့"

အရာရှိများ: "..."

ဒီနှစ် အရှင်မင်းကြီး ခန့်အပ်ထားသော အဖြေလွှာစစ် အရာရှိများသည် ယဉ်ကျေးမှုဝန်ကြီး၊ ဘဏ္ဍာရေးဝန်ကြီး အစရှိသူများ ဖြစ်ကြသည်။ ယခု အဖြေလွှာစစ် အရာရှိ အားလုံးက အရှင်မင်းကြီးကို လက်လျှော့လိုက်ရသလို ကြည့်နေကြလေသည်။

"အရှင်မင်းကြီး၊ နန်းတွင်းစာမေးပွဲက နာမည်ဖုံး စနစ်ပါ"

အဖြေလွှာတွေကို နာမည်ဖုံးပြီး ပြန်မကူးရေးရသေးဘူးလေ၊ ဘယ်လိုလုပ် တန်းယူကြည့်လို့ ရမှာလဲ။

အရှင်မင်းကြီး: "သူ့ရဲ့ အဖြေလွှာက နာမည်ဖုံးပြီး ပြန်ကူးမရေးလည်း မှတ်မိနေမှာပါ"

အရာရှိများ: "..." အမှန်တရားက အမှန်တရား ဖြစ်ပေမဲ့ ကိစ္စကို ဒီလို လုပ်လို့ မရဘူးလေ။

ယဉ်ကျေးမှုဝန်ကြီးက အလျှော့မပေးလိုပေ။ "အရှင်မင်းကြီး၊ ဒါက စည်းကမ်းနဲ့ မညီပါဘူး"

အရှင်မင်းကြီးက လက်ကာပြလိုက်သည်။ "ထားလိုက်ပါတော့၊ ဒါဆို ကျန်း တစ်နာရီလောက် စောင့်ပြီးမှ ကြည့်မယ်"

တစ်နာရီ ကြာပြီးနောက် အရှင်မင်းကြီးသည် ပြန်ကူးရေးထားသော အဖြေလွှာ အများအပြားထဲမှ ချူဟွား၏ အဖြေလွှာကို အတိအကျ ရှာတွေ့သွားခဲ့သည်။ တကယ်ပဲ မှတ်မိလွယ်လွန်းတယ်။

ချူဟွားက အဖြေလွှာထဲမှာ ပိုးသတ်ဆေး၊ ရာဘာတာယာ၊ ဘိလပ်မြေ၊ ကွန်ကရစ် စတဲ့ ဘယ်သူမှ မကြားဖူးတဲ့ အသစ်အဆန်းတွေကို ထည့်ရေးထားသလို သူတို့ နည်းနည်း ရင်းနှီးတဲ့ လမ်းဖောက် တံတားဆောက်တာတွေကိုလည်း ထည့်ရေးထားတယ်။

ပိုးသတ်ဆေးက ပိုးမွှားတွေကို သတ်နိုင်တယ်။ ကာကွယ်နိုင်တယ်။ အထွက်နှုန်း တိုးစေတယ်။ ကြည့်လိုက်တာနဲ့ ဓာတ်မြေဩဇာနဲ့ တွဲသုံးရမဲ့ ပစ္စည်းမှန်း သိသာတယ်။ ပြည်သူတွေက ဓာတ်မြေဩဇာ သုံးတာကို အသားကျပြီး ယုံကြည်လာပြီ ဆိုရင် ပိုးသတ်ဆေးကို ချက်ချင်း စီစဉ်လို့ ရပြီ။

လမ်းဖောက် တံတားဆောက်တာက အခြေခံ အဆောက်အအုံ တည်ဆောက်တာ၊ ဘိလပ်မြေ၊ သံချောင်း၊ ကွန်ကရစ် တို့နဲ့ လမ်းဖောက်၊ တံတားဆောက်၊ အိမ်ဆောက်၊ မြို့ရိုးဆောက်လို့ ရတယ်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးနိုင်တယ်။ အမိန့်အာဏာ ဖြန့်ဝေဖို့ လွယ်ကူတယ်။

ရော်ဘာတာယာက တုန်ခါမှုကို လျှော့ချပေးနိုင်တယ်။ မြင်းလှည်းမှာ တပ်ဆင်လိုက်ရင် လူစီးစီး၊ ပစ္စည်းတင်တင် အများကြီး အဆင်ပြေပြီး ငြိမ်သက်စေတယ်။ ဘိလပ်မြေလမ်း၊ ကတ္တရာလမ်းတွေနဲ့ တွဲသုံးရင် ပြည်သူတွေ သွားလာရ လွယ်ကူမယ်။ နေရာဒေသ အသီးသီးရဲ့ စီးပွားရေး၊ နိုင်ငံရေးတွေကို ပိုပြီး သက်ဝင်လှုပ်ရှားစေမယ်။

...

ချူဟွားက အများကြီး ရေးထားပေမဲ့ တစ်ခုချင်းစီကို အပေါ်ယံလောက်ပဲ ရေးထားတယ်။ ပိုးသတ်ဆေး၊ ဘိလပ်မြေ၊ သံချောင်း၊ ကွန်ကရစ်၊ ကတ္တရာလမ်း စတာတွေကို တကယ်တမ်း ဘယ်လို လုပ်ရမလဲ၊ ကုန်ကျစရိတ် ဘယ်လောက်လဲ၊ ဘေးထွက်ဆိုးကျိုး ရှိမရှိ ဆိုတာတွေကိုတော့ ထည့်မရေးထားဘူးပဲ။

အရှင်မင်းကြီးသည်လည်း လည်ပင်းညှစ်ခံထားရသော ကြောင်ကဲ့သို့ သိချင်လွန်းသဖြင့် တပိုင်းသေမတတ် ဖြစ်နေသော်လည်း မလှုပ်ရှားရဲချေ။

ယဉ်ကျေးမှုဝန်ကြီး အစရှိသူများလည်း ဖတ်ပြီးနောက် အလားတူ အဖြစ်မျိုး ကြုံရပြီး အဖြေလွှာများကို အမြန်ဆုံး စစ်ဆေးကာ ညလုံးပေါက် အလုပ်လုပ်ပြီး လူအားလုံး၏ ရလဒ်များကို စုစည်းလိုက်ရသည်။

နောက်တစ်နေ့ ရလဒ် ထွက်သည်နှင့် system က လာပြီး သတင်းကောင်း ပြောလေသည်။ [မမကြီးဟွား၊ ဂုဏ်ယူပါတယ်။ နင် တကယ်ပဲ အမှတ်အမြင့်ဆုံး အမျိုးသမီးစာသင်သား ဖြစ်သွားပြီ]

ချူဟွားက အမှန်အတိုင်း ပြောလိုက်သည်။ [မေးခွန်းဖြေနည်းနဲ့ ကူးပြောင်းလာသူရဲ့ အခွင့်အရေးကို အသုံးချလိုက်လို့ပါ]

[ဒီရလဒ်က အရည်အသွေး သိပ်မမီဘူး။ စိတ်မသန့်ဘူး။ ဒါပေမဲ့ ဒီအမှတ်အမြင့်ဆုံးနေရာ ရထားတော့ နောက်တစ်ကြိမ် ညီလာခံ စာမေးပွဲကျရင် အမျိုးသမီးတွေ ပိုပြီး လာလျှောက်ကြမှာ သေချာတယ်။ အစကောင်း တစ်ခုတော့ ဖြစ်သွားတာပေါ့]

system: [ဒါတင် မကဘူး။ အရှင်မင်းကြီးက နန်ကုန်းလင်ကို တတိယဆု ပေးလိုက်သေးတယ်]

[သာ့ရှန်း တော်ဝင်မိသားစု အများစုက ရုပ်ရည်ကို ဦးစားပေးကြတယ်။ စာမေးပွဲတိုင်းရဲ့ တတိယဆုရှင်က ရလဒ် သိပ်မကောင်းရင်တောင် ရုပ်ချောရမယ်။ မဟုတ်ရင် နင့်အစ်ကိုရဲ့ အရည်အချင်းနဲ့ ဘယ်လိုလုပ် တတိယဆု ရနိုင်မှာလဲ]

[အရှင်မင်းကြီးက အမျိုးသမီး စာမေးပွဲ ဖြေတာကို အားပေးချင်လို့ တတိယဆုကို နန်ကုန်းလင်ဆီ ပေးဖို့ ဆုံးဖြတ်လိုက်တာ၊ တကယ်တော့ ကိုယ်ရေးကိုယ်တာ အကြောင်းရင်း နည်းနည်းလည်း ပါတာပေါ့၊ နန်ကုန်းလင်နဲ့ နင်က ဆက်ဆံရေး ကောင်းပြီး မင်းသား ၅ ရဲ့ စာသင်ဖော်တွေ ဖြစ်တယ်။ ဒီအကျိုးသက်ရောက်မှုကို ငါ မပြောလည်း နင် သိမှာပါ]

[အရှင်မင်းကြီးက မင်းသား ၅ ကို ဆက်ခံသူ အဖြစ် သတ်မှတ်ချင်နေပုံ ရတယ်။ သူ့အတွက် နင်တို့နှစ်ယောက်ကို စည်းရုံးနေတာလေ] system က လေးလေးနက်နက် ပြောလိုက်လေသည်။

ချူဟွားက ဒီလေးနှစ်အတွင်း မင်းသား ၅ ရဲ့ အနီးဆုံး နေရာမှာ နေခဲ့ပြီး သူ ဘယ်လိုလူလဲ ဆိုတာ သိတယ်။

မင်းသား ၅ ဘေးနားက အမျိုးသမီးတွေ အကုန်လုံး တော်ကြတယ်။ သူမနဲ့ နန်ကုန်းလင် အပြင် ရှုဖေး၊ မိဖုရားခေါင်ကြီး၊ မင်းသမီး ၂ တို့လည်း ရှိသေးတယ်။ အမျိုးသမီးတွေက စာပေရော စစ်ရေးပါ ကျွမ်းကျင်ကြတယ်။ စီးပွားရေး တွက်ချက်တာလည်း ယောကျာ်းလေးတွေထက် မညံ့ကြဘူး။

Systemကတဆင့် ယောကျာ်းလေး အများအပြား စားသောက် ပျော်ပါး လောင်းကစား လုပ်နေကြတာကို သူ တွေ့ခဲ့ရတယ်။ မိန်းကလေး အများအပြားက ဒီကိစ္စတွေကြောင့် အတိုင်းအဆမဲ့ ဝမ်းနည်းပူဆွေး ခံစားနေကြရတာကိုလည်း တွေ့ခဲ့ရတယ်။ ဒါကြောင့် ယောကျာ်းလေး ဘက်ကချည်း တွေးမှာ မဟုတ်ဘူး။

တကယ်လို့ မင်းသား ၅ သာ နောက်တက်မဲ့ ဧကရာဇ် ဖြစ်လာရင် ချူဟွား အနေနဲ့ အမျိုးသမီးထု အတွက် အကျိုးခံစားခွင့်တွေ တောင်းဆိုဖို့ ပိုအဆင်ပြေလိမ့်မယ်။

ဒါ့အပြင် မင်းသား ၅ က ငယ်သေးတယ်။ သူ နန်းတက်မဲ့ အချိန်ကျရင် ချူဟွားက ကိုယ်ပိုင် အင်အား တည်ဆောက်ပြီးနေလောက်ပြီ၊ သူမကို ယုံကြည်တဲ့ အရှင်မင်းကြီးနဲ့ တွေ့ရင် သေချာပေါက် စွမ်းဆောင်ရည် ပြသနိုင်မှာ။

စဉ်းစားတာတော့ ဟုတ်ပါရဲ့။ အနာဂတ်မှာ ဘာဖြစ်မလဲ ဆိုတာ၊ မင်းသား ၅ ရဲ့ စိတ်နေသဘောထား ပြောင်းလဲသွားမလား ဆိုတာတော့ ဘယ်သူမှ မပြောနိုင်ဘူးလေ။

ချူဟွားက ဘေးကင်းလုံခြုံသည့် အဖြေတစ်ခုသာ ပေးလိုက်လေသည်။ [ငါကတော့ ခိုင်မာတဲ့ ကြားနေဝါဒီပဲ၊ ဘယ်မင်းသား ဘက်ကိုမှ မပါဘူး။ သာ့ရှန်း နဲ့ ပြည်သူတွေကိုပဲ သစ္စာရှိတယ်]

system က ဒီစကားမှာ နောက်ထပ် အဓိပ္ပာယ် တစ်ခု ရှိသေးသည်ဟုထင်နေသည်။ [မမကြီးဟွား၊ နင့်သဘောက ဘယ်သူ အရှင်မင်းကြီး ဖြစ်ဖြစ် အရေးမကြီးဘူး။ တိုင်းပြည် အေးချမ်းပြီး ပြည်သူတွေ ကောင်းကောင်းမွန်မွန် နေရရင် ပြီးရော ဆိုတဲ့ သဘောလား]

ချူဟွားက မဖြေဘဲ system ကို ပြန်မေးလိုက်သည်။ [ထုံအာ၊ နင် မှတ်မိသေးလား၊ နှစ်ပေါင်း ငါးထောင် သမိုင်းကြောင်းမှာ မင်းဆက်တွေနဲ့ ဘုရင်တွေ ဘယ်လောက် လဲလှယ်ခဲ့လဲ ဆိုတာ]

system က နည်းနည်း စဉ်းစားလိုက်သည်နှင့် နားလည်သွားခဲ့သည်။ [ဟုတ်သားပဲ၊ ပြည်သူက ထာဝရ၊ ဘုရင်က ဧည့်သည်၊ ဒါကို ဘာလို့ စိတ်ရှုပ်ခံနေမှာလဲ]

[တကယ်လို့ နောက်တက်မဲ့ ဘုရင်ရဲ့ စိတ်နေသဘောထားကို စိတ်မချရင်၊ မမကြီးဟွား နင် သူ့ကို ကန်ထုတ်ပြီး ကိုယ်တိုင် တက်လုပ်လိုက်ပါလား]

ချူဟွား: "..."

ကောင်းရော။ နင်က ငါ့ကို ဘုရင်မ ဖြစ်စေချင်တဲ့ စိတ်ကူးကို မစွန့်လွှတ်သေးပါလား။ တော်တော် ဇွဲကောင်းတာပဲဟဲ့။

….

All Chapters