← Chapters

အခန်း ၁၄၁

Vol. 10 Ch. 141

အခန်း ၁၄၁

Vol. 10 Ch. 141

အပိုင်း (၁၄၁)

နန်းတွင်းစာမေးပွဲ ရလဒ် ထွက်လာသည့်နေ့တွင် ချူဟွားသည် အနီရောင် တောက်ပသော ပထမဆုရှင်ဝတ်စုံကို ဝတ်ဆင်လျက် မြင့်မားသော မြင်းဖြူကြီးကို စီးကာ မြို့တွင်း လှည့်လည်လာခဲ့လေသည်။

လမ်းတစ်လျှောက်တွင် မိန်းကလေးများ ပစ်ပေးသော မွှေးရနံ့အိတ်များကို မရေမတွက်နိုင်အောင် ရရှိခဲ့သလို လူငယ် အမျိုးသားများ ပစ်ပေးသော အိတ်များနှင့် ကလေးများ၏ ရယ်မောသံများလည်း ပါဝင်နေသည်။

ကျားမ မရွေး၊ အသက်အရွယ်မရွေး ဆွဲဆောင်နိုင်မှုက အလွန် ကြောက်စရာကောင်းသဖြင့် ဒုတိယဆုရှင်နှင့် တတိယဆုရှင်တို့သည် ချူဟွား နှင့် ခပ်လှမ်းလှမ်းတွင်သာ နေကြတော့သည်။

နန်းတွင်းစာမေးပွဲ ထိပ်တန်း သုံးဦးသား အတူတူ လှည့်လည်ရမည့် ကိစ္စ ဖြစ်သော်လည်း "ရှေ့က လူကို ငါတို့ မသိပါဘူး။ ကြိုက်သလို လုပ်ကြပါ၊ ငါတို့ကိုတော့ မထိခိုက်ပါစေနဲ့" ဟူသော ခံစားချက်မျိုး ဖြစ်ပေါ်လာစေသည်။

ချူဟွား: "..."

နင်တို့က သီးသန့် နေချင်ကြမှတော့ ငါ့ကို အပြစ်မတင်နဲ့တော့ : )

[ထုံအာ... အလုပ်လုပ်မယ်။ ဒုတိယဆုရှင် အကြောင်း မိတ်ဆက်ပေးလိုက်စမ်း]

system: ?

system မှာ ချူဟွားဆီ ပစ်ပေးထားသော မွှေးရနံ့အိတ် အရေအတွက်ကို ရေတွက်ရန် အလုပ်များနေခြင်း ဖြစ်သည်။ မိန်းကလေးတွေ ပိုပစ်ပေးတာလား၊ ယောကျာ်းလေးတွေ ပိုပစ်ပေးတာလား၊ ပြန်ရောက်ရင် ရှန်လုကို ပြောပြပြီး အလှလေးကို သဝန်တိုအောင် လုပ်မယ်လို့ စဉ်းစားထားတာ။ ချူဟွားက အလုပ်ခိုင်းလိုက်တော့ စိတ်တက်ကြွသွားသည်။

[လာပြီ... ၁၈၈ က စေတနာ အပြည့်နဲ့ ဝန်ဆောင်မှု ပေးနေပါတယ်]

[ဒီနှစ် ဒုတိယဆုရှင် နာမည်က ချွီကျန်းချန်၊ အသက် ၂၁ နှစ် ရှိပြီ။ အိမ်မှာ ဇနီးမယား၊ မယားငယ်၊ အပျော်မယား ဘာမှ မရှိဘူး။ လောင်းကစားတာ၊ မိန်းမလိုက်စားတာ၊ မူးယစ်ဆေးသုံးတာ စတဲ့ မကောင်းတဲ့ အကျင့်တွေလည်း မရှိဘူး။ ကိုယ့်ကိုယ်ကိုယ် တော်တော် ထိန်းသိမ်းတယ်]

[ဒီနှစ် နန်းတွင်းစာမေးပွဲ မေးခွန်းနဲ့ ဒုတိယဆု ရတယ် ဆိုကတည်းက သူက လောကီရေးရာတွေကို တော်တော် နားလည်တယ် ဆိုတာ ပြနေတာပဲ။ စာလည်း ဖတ်တတ်တယ်။ စာပေလည်း နားလည်တယ်။ ကဗျာလည်း ရေးတတ်တယ်။ ဇနီးသည်နဲ့ အချစ်ဇာတ်လမ်း ဖန်တီးနိုင်သလို အိမ်မှုကိစ္စတွေကိုလည်း ဂရုစိုက်တတ်တယ်။ တကယ့်ကို ခင်ပွန်းကောင်း ဖြစ်မဲ့သူပဲ]

[ဒါပေမဲ့ လူတိုင်းမှာ အပြစ်အနာအဆာ ဆိုတာ ရှိတတ်စမြဲလေ။ သူ့မှာ အားနည်းချက် သေးသေးလေး တစ်ခု ရှိတယ်။ အဲဒါကတော့ တိရစ္ဆာန်လေးတွေကို မွေးမြူရတာ ကြိုက်တယ်။ သူတို့ကို နာမည်ပေးတယ်။ အဝတ်အစား ချုပ်ပေးတယ်။ စကားပြောတယ်။ တိရစ္ဆာန်လေးတွေ သေသွားရင် သင်္ချိုင်းလုပ်ပေးတယ်]

ခေတ်သစ်မှာ ဆိုရင်တော့ ဒီလို ဝါသနာမျိုးက ပြဿနာ မရှိပါဘူး။ လူအများအပြားက ဒါကို အသုံးချပြီး အိမ်မွေးတိရစ္ဆာန် အကြောင်း တင်ဆက်သူတွေ ဖြစ်လာကြတယ်။ ဗီဒီယို ရိုက်တယ်။ ကြော်ငြာ လက်ခံတယ်။ ရုံးဝန်ထမ်းတွေထက် ဝင်ငွေ ပိုကောင်းတယ်။ ပရိသတ်တွေရဲ့ ချစ်ခင်အားကျမှုကို ရရှိကြတယ်။

ရှေးခေတ်မှာတော့ တိရစ္ဆာန် ချစ်သူ တချို့က ချွီကျန်းချန်ကို နားလည်ပေးနိုင်ကြပေမဲ့ အများစုကတော့ သူ့ဦးနှောက် မကောင်းဘူးလို့ပဲ ထင်ကြတယ်။

ဒီအချက်မှာ ချွီကျန်းချန်နဲ့ ရှန်လုတို့ နည်းနည်း တူကြတယ်။ ဒီခေတ် လူတွေ နားမလည်နိုင်တဲ့ ဝါသနာတွေ ရှိကြတာလေ။

ကွာခြားတာက ချွီကျန်းချန် ရဲ့ မိသားစုက နားလည် လက်ခံပေးကြပေမဲ့ ရှန်လု ရဲ့ မိသားစုကတော့ သူ့ကို သတ္တဝါဆန်း တစ်ကောင်လို့ ထင်ပြီး ခြံဝင်းထဲမှာ တစ်ယောက်တည်း ပစ်ထားခဲ့ကြတယ်။ နောက်ဆုံးမှာ မိသားစုထဲကနေ မောင်းထုတ်လိုက်ကြတယ်။

ချွီကျန်းချန်၏ နုနယ်သော မျက်နှာလေးသည် နီရဲသွားလေသည်။

ချွီမိသားစုထဲတွင် အရာရှိများ ရှိသဖြင့် ချူဟွားနှင့် system အကြောင်းကို ချွီကျန်းချန် သိထားသော်လည်း ယခုအချိန်တွင် သူတို့ကို တားဆီး၍ မရသဖြင့် မျက်လုံးဖြင့်သာ ချူဟွားကို အပြစ်တင်လိုက်သည်။ နင် ဒီလောက်ထိ လုပ်စရာ လိုလို့လား။

ချူဟွားက မသိချင်ယောင်ဆောင်လိုက်သည်။ [ဒါက အားနည်းချက် သေးသေးလေးလို့ မခေါ်နိုင်ပါဘူး။ တစ်ကိုယ်ရေ ဝါသနာလို့ပဲ ပြောရမယ်။ ငါတို့ နားမလည်ရင်တောင် အခြေခံ လေးစားမှုတော့ ရှိသင့်ပါတယ်]

system က အကြီးအကျယ် ထောက်ခံသည်။ [ဟုတ်တယ်။ ဒါပေမဲ့ လူအများစုက နားမလည်ကြတော့ အားနည်းချက် သေးသေးလေးလို့ ပြောကြတာပေါ့]

[လူရှေ့သူရှေ့မှာ လူကောင်းလို နေပြီး ကွယ်ရာမှာ ကြောင်တွေ ခွေးတွေကို ရက်ရက်စက်စက် နှိပ်စက်သတ်ဖြတ်တတ်တဲ့ ကောင်တွေနဲ့ ယှဉ်ရင် သူက အများကြီး သာလွန်နေပါပြီ။ သူက မေတ္တာတရား ကြီးမားတယ်။ စာနာတတ်တယ်။ သနားတတ်တယ်။ ဒါပေမဲ့ လူတိုင်းကို ချစ်ပြီး လူတိုင်းကို ခွင့်လွှတ်တတ်တဲ့ သူတော်ကောင်းကြီးတော့ မဟုတ်ဘူး။ တကယ် ကောင်းတဲ့လူပါ]

ချွီကျန်းချန်၏ မျက်နှာ ပို၍ နီရဲလာသည်။

ချူဟွားက သူ့ကို လက်စားချေနေသည်ဟု ထင်ခဲ့သော်လည်း ချူဟွားနှင့် system နှစ်ဦးစလုံးက သူ့ဝါသနာလေးကို လေးစားပေးကြသည်ကို မထင်မှတ်ထားခဲ့ပေ။

တိရစ္ဆာန် နှိပ်စက်တတ်သော လူယုတ်မာများနှင့် နှိုင်းယှဉ်ခံရသည်ကို မကျေနပ်သော်လည်း နောက်ပိုင်း ချီးကျူးစကားများကြောင့် စိတ်ပြေသွားလေသည်။

system: [အစက ချွီကျန်းချန်က လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက စေ့စပ်ရတော့မှာ၊ ဒါပေမဲ့ ချူဟွားက စာမေးပွဲ ဖြေဖို့ သုံးနှစ် နောက်ဆုတ်လိုက်တယ် ဆိုတာ ကြားတော့ သူက ယောကျာ်းလေး တစ်ယောက် အနေနဲ့ မိန်းကလေးထက် မညံ့စေရဘူး ဆိုပြီး စေ့စပ်ပွဲကို ဖျက်သိမ်း၊ စာမေးပွဲ အတွက်ပဲ အာရုံစိုက်ခဲ့တာ]

[တချို့လူတွေက စာမေးပွဲ အောင်ပြီးရင် ဂုဏ်ပုဒ် မြင့်သွားပြီ။ လက်ထပ်မဲ့ မိန်းကလေးရဲ့ ဂုဏ်ပုဒ်လည်း မြင့်လာမှာပဲ ဆိုပြီး ဈေးကိုင်ချင်ကြတယ်။ ချွီကျန်းချန်ကတော့ စိတ်ထဲမှာ စာမေးပွဲနဲ့ တိရစ္ဆာန်လေးတွေပဲ ရှိတယ်။ တော်တော် ရိုးသားတဲ့လူပါ]

[အစွမ်းကုန် ကြိုးစားခဲ့ပေမဲ့ ကံမကောင်းစွာနဲ့ ပထမဆု လွဲချော်ခဲ့တယ်။ ဒါပေမဲ့ သူ့ရဲ့ ကြိုးစားအားထုတ်မှုက အသိအမှတ်ပြုဖို့ ကောင်းတယ်။ ဒါကြောင့် အနီးနားက လှပတဲ့ မိန်းကလေးတို့ရေ... စေ့စပ်ထားသူ မရှိသေးရင် ကျွန်တော်တို့ရဲ့ ဒုတိယဆုရှင် အစ်ကိုကြီး ချွီကျန်းချန်ကို ကြည့်လိုက်ကြပါဦး]

ရုတ်တရက် လူအားလုံး၏ အကြည့်များသည် ချူဟွား အနောက်ရှိ ချွီကျန်းချန်ဆီသို့ ရောက်သွားကြသည်။

ချွီကျန်းချန် “...”

လန့်သွားလွန်းသဖြင့် မြင်းပေါ်မှ ခုန်ဆင်းမိလုနီးပါး ဖြစ်သွားလေသည်။

ချူဟွားနှင့် system တို့က ဒီအကြံအစည် ရှိမှန်းသာ သိလျှင် သူ ချက်ချင်း မြင်းကို လှည့်ပြီး ထွက်ပြေးမိမှာ သေချာသည်။

ပတ်ဝန်းကျင်ရှိ မိန်းကလေးများသည် အကြံပေးချက်ကို နားထောင်ပြီး မြင်းပေါ်ရှိ ချွီကျန်းချန်ကို လေ့လာကြသလို တခြားလူများကိုလည်း ချွီကျန်းချန် အကြောင်း မေးမြန်းကြသည်။

မူလက ပထမဆုရှင်သည် အိမ်ထောင်ဖက် အဖြစ် ရေပန်းအစားဆုံး ဖြစ်သော်လည်း ဒီနှစ် ပထမဆုရှင်က မိန်းကလေး ဖြစ်နေသည်။

မိန်းကလေးတွေကို ဂုဏ်တက်စေတာတော့ မှန်ပါရဲ့။ ဒါပေမဲ့ လက်ထပ်လို့ မရဘူးလေ။ နှမြောစရာပဲ။

ပထမဆုရှင်နဲ့ တတိယဆုရှင်က မိန်းကလေးတွေ ဖြစ်နေတော့ ခင်ပွန်းသည် အဖြစ် ခေါ်သွားလို့ မရဘူး။ မစေ့စပ်ရသေးတဲ့ ဒုတိယဆုရှင်က အကောင်းဆုံး ရွေးချယ်စရာ ဖြစ်လာတာပေါ့။

စောစောက မိတ်ဆက်ပေးတာက ချွီကျန်းချန် ကိုယ်တိုင် အကြောင်းပဲ ပါသေးတယ်။ ချွီမိသားစုရဲ့ နောက်ခံ၊ မိသားစု စည်းကမ်း၊ လူကြီးမိဘတွေ အကြောင်း မပါသေးဘူး။ သူတို့က နောက်ထပ် မေးမြန်းပြီးမှ ဆုံးဖြတ်ချက် ချရဦးမယ်။

ချွီမိသားစုဝင်တွေလည်း ချွီကျန်းချန် လှည့်လည်တာကို လာကြည့်ကြတာ၊ မထင်မှတ်တဲ့ အခြေအနေ ဖြစ်လာတော့ ဂုဏ်ယူသလိုလို နေရခက်သလိုလို ဖြစ်ကုန်ကြတယ်။

မကြာခင်မှာပဲ ချွီကျန်းချန် တစ်ကိုယ်လုံး မိန်းကလေးများ ပစ်ပေးလာသော မွှေးရနံ့အိတ်များနှင့် ပြည့်နှက်သွားပြီး တစ်ကိုယ်လုံး မွှေးကြိုင်နေသဖြင့် နှာချေမိလေသည်။

ချွီကျန်းချန်သည် ဝံပုလွေအုပ်ထဲ ကျရောက်သွားသော ယုန်ဖြူလေး တစ်ကောင်ကဲ့သို့ ခံစားလိုက်ရပြီး အားလုံးက သူ့ကို ကိုက်ဝါးစားသောက်ချင်နေကြသဖြင့် ကြောက်လန့်တကြား တုန်ရီနေကာ ယုန်တွင်းထဲသို့ အမြန်ဆုံး ဝင်ပုန်းချင်စိတ်သာ ဖြစ်ပေါ်နေတော့သည်။

စာမေးပွဲအောင်စာရင်း ထွက်ပြီးနောက် သမက်လောင်း လုကြတာ ဒီလို ခံစားချက်မျိုးလား။

ကြောက်စရာ ကောင်းလိုက်တာ။

ဒီလို ဖြစ်မယ်မှန်းသာ သိရင် အမေ စီစဉ်ပေးတဲ့ မင်္ဂလာကိစ္စကို မငြင်းခဲ့ပါဘူး ဟမ့်...။

အခြေအနေကို မြင်သောအခါ ချူဟွားသည် မြင်းကို အမြန် မောင်းနှင်ပြီး ထွက်ခွာသွားလေသည်။ နန်ကုန်းလင်ကလည်း ပါးနပ်စွာဖြင့် နောက်မှ လိုက်ပါသွားကာ စစ်မြေပြင်ကို ဒုတိယဆုရှင် တစ်ယောက်တည်းအတွက် ချန်ထားခဲ့လိုက်သည်။

ရက်အနည်းငယ် ကြာပြီးနောက် system ထံမှ နောက်ဆက်တွဲ သတင်းများကို ချူဟွား ကြားသိရလေသည်။

[စာမေးပွဲ ရလဒ် ထွက်ပြီးတိုင်း သမက်လောင်း လုပွဲက ခေတ်စားလေ့ ရှိတယ်။ ဒီနှစ် ပထမဆုရှင်နဲ့ တတိယဆုရှင်က မိန်းကလေးတွေ ဖြစ်နေတော့ သမက်လောင်း နေရာမှာ ဒုတိယဆုရှင် တစ်ယောက်တည်း ကျန်တော့တယ်။ ချွီကျန်းချန်က အစကတည်းက ရေပန်းစားနေတာ၊ ငါ ကြော်ငြာပေးလိုက်တော့ ပိုပြီး ရေပန်းစားသွားတာပေါ့]

[တချို့လူတွေက သူ တိရစ္ဆာန်လေးတွေနဲ့ စကားပြောတတ်တာကို ကြောင်တောင်တောင် နိုင်တယ်လို့ ထင်ကြပေမဲ့ တချို့ မိန်းကလေးတွေကတော့ ဒီဝါသနာလေးက ရိုးသားပြီး ချစ်ဖို့ကောင်းတယ်လို့ ထင်ကြတယ်။ အိမ်ကို လာကမ်းလှမ်းတဲ့ အောင်သွယ်တော်တွေ များလွန်းလို့ တံခါးခုံတောင် ပါးသွားပြီ]

[ချွီကျန်းချန် အမေက သဘောကျထားတဲ့ မိန်းကလေး အိမ်အချို့ ရှိပြီးသား၊ စာမေးပွဲ ပြီးမှ ကမ်းလှမ်းမလို့ စောင့်နေတာ၊ ဒီအခွင့်အရေးကို အသုံးချပြီး ချွီကျန်းချန်ကို မေးကြည့်ပြီးတော့ မင်္ဂလာကိစ္စကို အမြန်ဆုံး အတည်ပြုလိုက်ကြတယ်]

[အမြန် အတည်မပြုလို့ မရဘူးလေ။ မင်္ဂလာကိစ္စ အတည်မဖြစ်သေးသရွေ့ သူတို့အိမ်က နေ့တိုင်း အောင်သွယ်တော်တွေကို ဧည့်ခံနေရမှာ၊ အောင်သွယ်တော်တွေ များလွန်းလို့ တစ်နေ့ကုန် ဘာအလုပ်မှ လုပ်လို့ မရဘူး ဖြစ်နေတာ။ ကံကောင်းတာက အရင်ကတည်းက လေ့လာထားပြီးသားမို့ အတည်ပြုတာ မြန်ဆန်ပေမဲ့ ဘာမှ မထိခိုက်ဘူး]

[မမကြီးဟွား၊ ဒီစုံတွဲက ငါ အောင်သွယ်ပေးလိုက်တာလို့ ပြောလို့ ရမလား] system က ပြောရင်းနှင့် လမ်းချော်သွားသည်။

ချူဟွားကလည်း လိုက်ချော်ပေးလိုက်သည်။ [ရတာပေါ့]

system: [ဒါဆို ငါ သူတို့ဆီက အောင်သွယ်ခ တောင်းသင့်လား]

ချူဟွား ပြန်မဖြေရသေးခင် system က စိတ်ဓာတ်ကျစွာ ပြောလိုက်သည်။ [သူတို့နှစ်ယောက်ရဲ့ အောင်သွယ်ခ ထားလိုက်ပါတော့။ နင်နဲ့ အလှလေးရှန်လု ရဲ့ မင်္ဂလာဆောင် သကြားလုံးတောင် ငါ စားရမှာ မဟုတ်ဘူး]

ဟုတ်ပေသည်။ နန်းတွင်းစာမေးပွဲ ရလဒ် ထွက်ပြီးနောက် ချူဟွား နှင့် ရှန်လု လက်ထပ်ကြတော့မည်ဖြစ်သည်။

ဒါက လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက စီစဉ်ထားတာ၊ ဒီလောက်ထိ နောက်ကျသွားတော့ အဘက်ဘက်က ပြည့်စုံအောင် ပြင်ဆင်ထားပြီးသား။

ရလဒ် ထွက်ပြီး နောက်တစ်နေ့မှာ အရှင်မင်းကြီးက အမိန့်ပြန်တမ်း ထုတ်ပြီး ချူဟွား ကို မွေးစားသမီး အဖြစ် သတ်မှတ်ကာ ကျောက်မင်မင်းသမီး ဘွဲ့ ပေးအပ်လိုက်သည်။ ထို့အပြင် ယဉ်ကျေးမှုဝန်ကြီးဌာနကို မင်းသမီးနှင့် ကြင်ရာတော်တို့၏ မင်္ဂလာပွဲ အတွက် တာဝန်ယူခိုင်းလိုက်သည်။

"ကျောက်" ဆိုတာ အလင်းရောင်၊ တောက်ပခြင်း၊ ထွန်းလင်းခြင်း ဆိုတဲ့ အဓိပ္ပာယ် ရပြီး ဒီဘွဲ့နာမည်က အရှင်မင်းကြီးရဲ့ မျှော်လင့်ချက်နဲ့ ချီးကျူးမှုကို ဖော်ပြနေတာ။

ဒီအမိန့်ပြန်တမ်းကို မူလက ဓာတ်မြေဩဇာ အကျိုးသက်ရောက်မှု ထွက်လာပြီးမှ ထုတ်ပြန်ဖို့ စီစဉ်ထားတာ၊ ဝမ်းနည်းစရာ ကောင်းတာက ဓာတ်မြေဩဇာ သုတေသနက မျှော်လင့်ထားတာထက် ပိုနှေးကွေးနေတော့။ နောက်ပိုင်း "ချူဟွား၏ အတ္ထုပ္ပတ္တိ" နဲ့ ဓာတ်မြေဩဇာကို ကြော်ငြာလိုက်ရတယ်။ စာမေးပွဲ ဖြေဖို့ကလည်း နှစ်ဝက်လောက်ပဲ ကျန်တော့တယ်။ အဲဒီအချိန်မှာ ချူဟွားကို မင်းသမီး ဘွဲ့ပေးဖို့က သိပ်မသင့်တော်တော့ဘူးလေ။

တကယ်လို့ ပထမအဆင့် သုံးနေရာ ဝင်သွားရင် ပြည်သူတွေက မင်းသမီး ဂုဏ်ပုဒ်ကြောင့် ပေးတယ်လို့ ထင်သွားကြမှာ၊ တကယ်လို့ မဝင်ပြန်ရင်လည်း အရည်အချင်း မရှိဘဲ စာမေးပွဲ ဝင်ဖြေတယ် ဆိုပြီး လှောင်ပြောင်ခံရမှာ၊ မလိုအပ်တဲ့ သံသယတွေ ဖြစ်လာမှာ။

နှစ်ဝက် ဆိုတာ သိပ်မကြာပါဘူး။ အကြိမ်ကြိမ် စဉ်းစားပြီးနောက် ရေးပြီးသား အမိန့်ပြန်တမ်းကို သိမ်းထားလိုက်ရတယ်။

အမိန့်ပြန်တမ်း ထုတ်ပြန်ချိန် ပြောင်းလဲသွားပေမဲ့ ကျောက်မင်မင်းသမီးရဲ့ နန်းဆောင်ကတော့ စောစီးစွာကပင် တည်ဆောက်ပြီးနေပြီ။ အတွင်းပိုင်း ဖြည့်ဆည်းဖို့ပဲ ကျန်တော့တာ။

အမိန့်ပြန်တမ်း ထွက်လာတာနဲ့ အရှင်မင်းကြီး၊ မိဖုရားခေါင်ကြီး၊ မင်းသား ၂ ရဲ့ ကြင်ရာတော်၊ ကြင်ရာတော်ရှု အစရှိသူတွေက ပရိဘောဂတွေ၊ လိုက်ကာတွေ၊ လက်ဝတ်ရတနာတွေ ပေးပို့ကြတယ်။ မင်းဆရာကြီးနဲ့ မင်းဆရာအိုကြီး တို့က စာအုပ်စင် အပြည့် စာအုပ်တွေ ပေးပို့ကြတယ်။ စစ်သူကြီးရွှမ်ဝေက သိုင်းကွင်း တစ်ခုလုံး ပေးပို့လိုက်တယ်...

မှူးမတ်တွေ ပေးပို့တဲ့ ပစ္စည်းတွေ များလွန်းလို့ ရက်အနည်းငယ် အတွင်းမှာပဲ နန်းဆောင်က ဟာလာဟင်းလင်း ဖြစ်နေရာကနေ တကယ့် အိမ်တစ်လုံး ဖြစ်သွားတယ်။ ချူဟွားနဲ့ ရှန်လုတို့ ရှေးခေတ်ပုံစံ အိတ်ဆွဲပြီး တန်းဝင်နေရုံပဲ ဆိုတဲ့ အခွင့်အရေးကို ခံစားလိုက်ရတယ်။

ချူဟွားက system ကို နှစ်သိမ့်လိုက်သည်။ [မင်္ဂလာဆောင် သကြားလုံးတော့ ပေးလို့ မရပေမဲ့ နင် ဖရဲသီး နည်းနည်း ပါးပါး စုထားပြီး ကိုယ်ပိုင် ဥစ္စာ လုပ်ထားလို့ ရတာပဲ၊ ငါ့ဘက်က ပေးတဲ့ သကြားလုံးလို့ သဘောထားလိုက်ပေါ့]

system:

အံ့သြစရာ ကောင်းလိုက်တာ။

ချူဟွားက ညီလာခံနဲ့ ပူးပေါင်းပြီးကတည်းက သူ ဖရဲသီးစွမ်းအင် လုံးဝ မပြတ်လပ်တော့ဘူး။ ညဘက် စာလုပ်စရာလည်း မလိုတော့ဘူး။ ဒါပေမဲ့ အဲဒီ ဖရဲသီးစွမ်းအင်တွေက ယာယီ သိမ်းထားတာပဲ၊ အချိန်မရွေး အသုံးပြုခံရနိုင်တယ်။

သူ ကိုယ်ပိုင် သိမ်းထားလို့ မရတာတော့ မဟုတ်ဘူး။ တခြားလူတွေက system မျက်နှာပြင်ကို မမြင်ရတော့ စွမ်းအင် ဘယ်လောက် ကျန်လဲ ဆိုတာ မသိကြဘူး။ ဒါပေမဲ့ system တစ်ယောက်ရဲ့ ကျင့်ဝတ် သိက္ခာက ဒီလို မလုပ်သင့်ဘူးလို့ ပြောနေတယ်။

ထူးချွန်တဲ့ system တစ်ယောက်က သခင် နဲ့ အပြန်အလှန် အကျိုးပြုပြီး ပူးပေါင်းဆောင်ရွက်တဲ့ အခြေအနေကို ဖန်တီးသင့်တာလေ။

အဲဒီလို လုပ်ရင် ကိုယ်ပိုင်ဥစ္စာ နည်းနည်းတော့ ရနိုင်ပေမဲ့ မြေခွေးအိုကြီးတွေ သိသွားရင်...

ညီလာခံက သတင်းအချက်အလက် စုဆောင်းနိုင်တဲ့ စွမ်းရည်ကြောင့် system ကို ကြောက်ရွံ့ပြီး ရန်မစရဲတာ၊ ဘာမှ မလုပ်ရဲတာ၊ အလျှော့ပေးတာမျိုး ဖြစ်နိုင်ပေမဲ့၊ ဒီလို လုပ်လိုက်ရင် နှစ်ဖက်ကြားက ယုံကြည်မှု အခြေခံ ပျက်စီးသွားလိမ့်မယ်။

အရှင်မင်းကြီးနဲ့ မှူးမတ်တွေက တွေးကြလိမ့်မယ်။ system က စွမ်းအင် ကိစ္စမှာ လိမ်ညာရင် တခြား ကိစ္စတွေမှာရော လိမ်ညာနေမလား၊ ဥပမာ သတင်းအချက်အလက် ပေါ့။

ညီလာခံက စုဆောင်းပေးထားတဲ့ စွမ်းအင်တွေကို သူနဲ့ ချူဟွား တို့ရဲ့ ကိုယ်ရေးကိုယ်တာ ဝါသနာနဲ့ စူးစမ်းချင်စိတ်ကြောင့် အသုံးပြုတာကို တားမြစ်မထားဘူး။ system က အရမ်းကြီး လောဘ မတက်ချင်ပါဘူး။

ဒါပေမဲ့ အခု သခင် ကိုယ်တိုင်က သူ့ကို ကိုယ်ပိုင်ဥစ္စာ သိမ်းထားဖို့ ပြောနေတာလေ။

Systemမှာ အလွန် ပျော်သွားပြီး ကလေးသံလေးထဲမှာ ပျော်ရွှင်မှုများ ဖိတ်လျှံကျလာတော့သည်။

[မမကြီးဟွား၊ ကျေးဇူးပါ]

ချူဟွားက ပြုံးလိုက်သည်။ [ငါကလည်း နင့်ကို ကျေးဇူးတင်ပါတယ်]

နှစ်လကျော် ကြာပြီးနောက် ကျောက်မင်မင်းသမီး မင်္ဂလာဆောင် ကျင်းပလေသည်။

ထိုနေ့တွင် အရှင်မင်းကြီးနှင့် မိဖုရားခေါင်ကြီး ကိုယ်တိုင် ကြွရောက်လာကြပြီး မင်းသား ၂ နှင့် ကြင်ရာတော် အစရှိသော တော်ဝင်မိသားစုဝင်များလည်း ရောက်လာကြသည်။ မှူးမတ် အများစုလည်း ရောက်လာကြသည်။ မလာနိုင်သူများမှာ အလုပ်မအား၍ မလာနိုင်ကြခြင်း ဖြစ်သည်။

မြို့တော်ရှိ ဆိုင် ၉၀ ရာခိုင်နှုန်းခန့်သည် ဈေးလျှော့ပေးကြပြီး တချို့ဆိုင်များက ပစ္စည်းဝယ်လျှင် သကြားလုံး လက်ဆောင် ပေးကြသည်။ ကျောက်မင်မင်းသမီး မင်္ဂလာဆောင်မို့ ဝမ်းသာလို့ ကိုယ့်ငွေနဲ့ကိုယ် ဝယ်ပြီး ဝေတာပါ ဟု ပြောကြသည်။

လမ်းဘေး ဈေးသည်များပင် ပါဝင်ကြပြီး ဈေးလျှော့ပေးခြင်း သို့မဟုတ် ပိုထည့်ပေးခြင်းများ ပြုလုပ်ကြကာ မေးလိုက်လျှင် ကျောက်မင်မင်းသမီး ပထမဆု ရလို့၊ မင်္ဂလာဆောင်လို့ ဝမ်းသာလို့ပါ ဟု ဖြေကြသည်။

နယ်မှ လာသူ အများအပြား အံ့သြသွားကြသော်လည်း နားလည်ပေးနိုင်ကြသည်။

ပြည်သူများသည် ကျောက်ရောဂါကို မကြောက်ကြတော့။ ကူးစက်ရောဂါကို မကြောက်ကြတော့။ ငှက်ဖျားကို မကြောက်ကြတော့။ စားနပ်ရိက္ခာ မလုံလောက်မှာ မပူကြတော့... နေ့ရက်တိုင်းက မျှော်လင့်ချက် ပြည့်ဝနေမှတော့ ကျောက်မင်မင်းသမီးကို ကျေးဇူးမတင်ဘဲ နေမည်တဲ့လား။

အိမ်အများအပြားသည် မိန်းကလေး မွေးလျှင် အရှုံးပေါ်သည်ဟု သဘောထားပြီး ကြီးလာလျှင် ရောင်းစားရန် သို့မဟုတ် ခန်းဝင်ပစ္စည်း ယူပြီး ယောက်ျားပေးစားရန် ရည်ရွယ်ခဲ့ကြသည်။ တချို့ဆို မိန်းကလေး မွေးသည်နှင့် ရေနှစ်သတ်ပစ်ကြသည်။

ယခုအခါတွင်တော့... အမျိုးသမီးများ စာမေးပွဲ ဖြေနိုင်ပြီ။ အရာရှိ လုပ်နိုင်ပြီ။ အမျိုးသားများနှင့် မခြားနားတော့သဖြင့် အိမ်အများအပြားသည် သမီးမိန်းကလေးများကို ပြုစုပျိုးထောင်ရန် ဆုံးဖြတ်လာကြသည်။

ကျောက်မင်မင်းသမီးသည် အမျိုးသမီး အကြံပေး အရာရှိ အများအပြား ခေါ်ယူထားပြီး မင်္ဂလာဆောင် ပြင်ဆင်ရင်း သူမတို့အတွက် အလုပ်ရှာပေးရန် မမေ့ပေ။

လွန်ခဲ့သည့် နှစ်လအတွင်း မြို့တော် နေရာအနှံ့အပြားတွင် အမျိုးသမီး အရာရှိများက အမျိုးသား အမျိုးသမီး အများအပြားကို ဦးဆောင်ပြီး တက်ကြွစွာ အလုပ်လုပ်နေကြသည်ကို တွေ့မြင်နိုင်သည်။

တချို့က လမ်းခင်းနေကြသည်။ တချို့က အိမ်ဆောက်နေကြသည်။ တချို့က စမ်းသပ်စိုက်ခင်းထဲ ရောက်နေကြသည်။ လူတိုင်း လုပ်စရာ အလုပ် ကိုယ်စီ ရှိနေကြသည်။

လွန်ခဲ့သည့် လက မြို့တော်၏ ပထမဆုံးသော ဘိလပ်မြေလမ်းမကြီး ပြီးစီးခဲ့ပြီး လူတိုင်း ထိုမွဲခြောက်ခြောက်နှင့် မညီမညာ ဖြစ်နေသော ဘိလပ်မြေလမ်းပေါ်တွင် စမ်းသပ် လျှောက်ကြည့် ကခုန်ကြည့်ကြသည်။

ဤမျှ ညီညာသော လမ်းမျိုး တစ်ခါမှ မမြင်ဖူးခဲ့ကြ၊ မျက်လုံးမှိတ် လျှောက်လျှင်တောင် ချော်လဲမှာ မပူရတော့။ မိုးရွာရင် ရွှံ့တွေ မပေတော့။ မြင်းလှည်း စီးရင်လည်း အရင်လောက် မတုန်ခါတော့။

ပိုပြီး အံ့သြစရာ ကောင်းသည်က ကျောက်မင်မင်းသမီးက တုကျုံးကော် ရာဘာတာယာကိုပါ ထုတ်လုပ်လိုက်ခြင်း ဖြစ်သည်။

မူလက ရာဘာတာယာ လုပ်ရန် ရည်ရွယ်ထားသော်လည်း သာ့ရှန်း မှာ ရာဘာ အလုံအလောက် မရှိသေးသဖြင့် တုကျုံးကော်(တရုတ်ရာဘာပင်) ရာဘာတာယာကို အရင် စမ်းလုပ်ကြည့်လိုက်သည်။

မြင်းလှည်း ဘီးလုံးများတွင် တုကျုံးကော် ရာဘာတာယာ တပ်ဆင်ခဲ့ပြီး ကွန်ကရစ်လမ်းနှင့် တွဲသုံးသောအခါ တုန်ခါမှု လျှော့ချပေးနိုင်စွမ်း အလွန် ကောင်းမွန်ပြီး စီးဖူးသူတိုင်းက အဆင်ပြေကောင်းမွန်သည်ဟု ပြောကြသည်။

တုကျုံးကော် အထွက်နှုန်းက သိပ်မများသဖြင့် မြင်းလှည်း တစ်စီးစာ တာယာ နှစ်လုံး လုပ်ဖို့အတွက် တုကျုံးရွက် ပိဿာ တစ်ထောင်လောက် သုံးရသည်ဖြစ်ရာ တုကျုံးရွက် ဖြုန်းတီးသလို ဖြစ်နေသည်။

မြင်းလှည်း တစ်စီးက လူအနည်းငယ်သာ စီးနင်းနိုင်သည်။ အရင်းအမြစ် ချွေတာဖို့အတွက် ကျောက်မင်မင်းသမီးက လက်သမား အများအပြား ခေါ်ယူပြီး စကိတ်စီးပြား၊ စကိတ်ဖိနပ် စသည့် လူကြီးလူငယ် မရွေး သုံးလို့ရသော သယ်ယူပို့ဆောင်ရေး ပစ္စည်းများကို လုပ်ပေးလိုက်သဖြင့် လမ်းလျှောက်နှုန်း မြန်ဆန်လာပြီး စကိတ်စီးပြားနှင့် စကိတ်ဖိနပ်များ ခေတ်စားလာခဲ့သည်။

တုကျုံးသည် တိုင်းရင်းဆေး တစ်လက်ဖြစ်ပြီး တုကျုံးကော် ရာဘာတာယာ ပေါ်လာသဖြင့် ဈေးကွက် လိုအပ်ချက် အလွန်များလာခဲ့သည်။

တုကျုံး အခေါက်၊ အရွက်၊ အစေ့ အစိတ်အပိုင်းအားလုံး ရောင်းချလို့ရနိုင်သဖြင့် ညီလာခံက ပြည်သူများကို တုကျုံးပင် စိုက်ပျိုးရန် တိုက်တွန်းခဲ့သည်။ စိုက်ပျိုးချင်သည့် ပြည်သူများကို လမ်းညွှန်ပေးသည်။ လူအများအပြားသည်လည်း ဝင်ငွေလမ်းကြောင်းသစ် ရလာကြသည်။

ဒီလို ဥပမာမျိုး အများကြီး ရှိသေးလေသည်။

ကျောက်မင်မင်းသမီးနှင့် သူမ၏ အကြံပေး အရာရှိများ လုပ်ပေးသေည့် ကိစ္စများမှာ များပြားလွန်းသဖြင့် ပြည်သူများမှာ အမှန်ပင် ကျေးဇူးတင်နေကြပြီး ဘာလုပ်ပေးရမလဲ မသိဖြစ်နေကြကာ သည်လို နေ့ထူးနေ့မြတ်မှာ ဆုတောင်းမေတ္တာ ပို့သပေးကြခြင်းပင်။

ချူဟွားကလည်း အကြောင်းရင်းကို သိလိုက်ရချိန်တွင် မတားဆီးလိုက်တော့ချေ။

ပြည်သူတွေရဲ့ စေတနာ အလျောက် လုပ်ဆောင်မှုမို့ အတင်းအကျပ် တားမြစ်တာ မကောင်းပါဘူး။

သူမ လုပ်နိုင်တာကတော့ အရာရှိ ဖြစ်ပြီး မင်းသမီး ဖြစ်ချိန်တွင် ပိုကြီးမားတဲ့ အာဏာ ရလာတဲ့အခါ အလုပ်တွေ ပိုလုပ်ပေးမယ်။ ပြည်သူတွေ နေထိုင်မှု ဘဝ ပိုကောင်းအောင် လုပ်ပေးမယ်။ သူမအတွက် ဆုတောင်းပေးခဲ့တာ နောင်တ မရစေရဘူး ဆိုတာပါပဲ။

မင်္ဂလာဦး အခန်းထဲတွင် ချူဟွားသည် ရှေ့မှ အနီရောင် ဝတ်စုံနှင့် ပြိုင်ဘက်ကင်း လှပနေသော သတို့သားလောင်းကို ကြည့်ရင်း မင်္ဂလာဦး လက်ဖက်ရည်ခွက်ကို ပြုံးရွှင်စွာ သောက်လိုက်သည်။

"ဖူကျွင်း... မင်္ဂလာဦးမှာ ပျော်ရွှင်ပါစေ"

ရှန်လုသည် ဖြည်းဖြည်းချင်း တိုးကပ်လာပြီး ချူဟွားကို အနမ်းချွေလိုက်တော့သည်။

"ဖူရန်... မင်္ဂလာဦးမှာ ပျော်ရွှင်ပါစေ"

...

All Chapters