အခန်း ၁၄၂
Vol. 10 Ch. 142
အပိုင်း (၁၄၂)
လက်ထပ်ပြီးနောက် နေ့ရက်များက အရင်နှင့် အလွန် ကွာခြားလေသည်။
ချူဟွားက အရင်က တစ်ယောက်တည်း အိပ်ခဲ့သော်လည်း အခုတော့ ဘေးနားမှာ လူတစ်ယောက် ရှိနေပြီ ဖြစ်သောကြောင့် အိပ်ရာနှင့် စောင်ကို တစ်ဝက် ခွဲပေးရသည်။ တစ်ဖက်ခြမ်းက လွတ်နေပြီး အေးစက်နေသဖြင့် သိပ်မကျင့်သားရဘဲ အိပ်ပျော်သွားတိုင်း ရှန်လုအနားကို တိုးကပ်သွားလေ့ ရှိလေ၏။
ရှန်လုက အိပ်စက်သည့် ပုံစံ ကောင်းမွန်ပြီး အိပ်ပျော်သွားသည့် ပုံစံအတိုင်း ပြန်နိုးလာလေ့ ရှိသော်လည်း ဇနီးသည်က အိပ်ပျော်သွားပြီးနောက် သတိမထားမိဘဲ တိုးဝှေ့လာတတ်သဖြင့် ရက်အနည်းငယ် အတွင်းမှာပင် သူ၏ အိပ်စက်သည့် ပုံစံ ပြောင်းလဲသွားရသည်။
သူတို့နှစ်ယောက်သည် ရင်းနှီးသည့် ကိစ္စများ ပြုလုပ်ပြီး ဖြစ်သော်လည်း နောက်တစ်နေ့ မနက် နိုးလာချိန်တွင် ထိုကဲ့သို့ ရင်းနှီးသည့် ပုံစံကို မြင်လိုက်ရသောအခါ ရှက်ရွံ့နေမိဆဲပင်။ မျက်နှာများ ရဲသွားပြီးမှ ခုတင်ပေါ်က ဆင်းတတ်ကြလေ၏။
system: [မမကြီးဟွား၊ ငါ သက်သေ လိုက်ပေးမယ်၊ ရှန်လုအလှလေးက နင် အိပ်ပျော်သွားတုန်း ဆွဲဖက်လိုက်တာ မဟုတ်ပါဘူး၊ ပြီးတော့ နင့်ကို ပြန်ပြီး စွပ်စွဲတာလည်း မဟုတ်ပါဘူး၊ တကယ်ပဲ နင်က အိပ်ပျော်သွားပြီး သတိမထားမိဘဲ တိုးသွားတာပါ]
[ဒါက ဆောင်းရာသီ ဆိုရင်တော့ ယောက်ျားလေးရဲ့ ကိုယ်ခန္ဓာက ပူနွေးလို့ နှစ်ယောက်သား ဖက်အိပ်တာ နွေးထွေးတယ်လို့ ပြောလို့ ရပေမဲ့ အခုက ၅ လပိုင်းလေ၊ မပူမအေးနဲ့ အနေတော်ဆုံး အချိန်ပဲ၊ ဒါကြောင့် နင်က သူ့ကို ဘယ်လောက်တောင် ကြိုက်လို့ အိပ်ပျော်သွားတာတောင် နှစ်ယောက်သား ပူးကပ်ချင်နေရတာလဲ]
ချူဟွား: "..."
အကယ်၍ system မှာ နောက်ဆုံး စည်းစောင့်မှု မရှိဘဲ အဖွဲ့လိုက် စကားပြောခန်း မုဒ်ကို ရွေးချယ်ပြီး ဒီစကားကို ပြောလိုက်ပါက မင်းသမီးအိမ်တော်ရှိ လူအားလုံး သူတို့နှစ်ဦး၏ အိပ်စက်ပုံ အနေအထားကို သိသွားကြလိမ့်မည်။ ချူဟွားက system ကို လူ့စိတ်သဘောထား ယုတ်မာပုံအား နက်နက်ရှိုင်းရှိုင်း သိမြင်အောင် လုပ်ပေးရတော့မည်။
သခင်၏ မျက်နှာထားက ဖြူတလှည့် နီတလှည့် ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် system သည် သခင်ကို ဒေါသထွက်အောင် စမိပြီး မကောင်းတဲ့ သုံးသပ်ချက် ပေးမယ်ဟု ခြိမ်းခြောက်ခံရမှာကို စိုးရိမ်သွားလေ၏။
လောလောဆယ်အထိ လူတစ်ယောက်နှင့် system တစ်ခု၏ ပူးပေါင်းဆောင်ရွက်မှုက အဆင်ပြေချောမွေ့နေပြီး သခင်က နှုတ်ကြမ်းသော်လည်း စိတ်ထားနူးညံ့သူ ဖြစ်သောကြောင့် တကယ်တမ်း မကောင်းသည့် သုံးသပ်ချက် ပေးပြီး သူ့၏ စွမ်းဆောင်ရည်နှင့် အကဲဖြတ်မှုကို ထိခိုက်အောင် လုပ်မည် မဟုတ်သော်လည်း မကောင်းသော သုံးသပ်ချက် ဆိုသည့် အရာက ကြားလိုက်ရုံဖြင့် system စိတ်ကို လှုပ်ရှားစေသဖြင့် မလုပ်တာ ပိုကောင်းပေသည်။
System က ခေါင်းစဉ်ကို အမြန် ပြောင်းလိုက်သည်။ [မမကြီးဟွား၊ မင်္ဂလာဆောင် ခွင့်ရက် ကုန်တော့မယ်၊ နင် မနက်ဖြန် ညီလာခံ တက်ရတော့မယ်]
[အရင်တုန်းက အရှင်မင်းကြီးက စည်းမျဉ်းအရ နင့်ကို ဟန်လင်းကျောင်းတော်မှာ တာဝန်ချပေးခဲ့တာက တစ်ဖက်မှာ လူတွေရဲ့ ပါးစပ်ပေါက် ပိတ်ဖို့၊ နောက်တစ်ဖက်က နင့်ကို အလုပ်ပါးတဲ့ ရာထူးမှာ ခဏ ထားပြီး ဒီလောက် ကြာနေတဲ့ မင်္ဂလာပွဲကို အရင် ပြီးပြတ်စေချင်လို့လေ၊ နန်ကုန်းလင်လည်း ဒီလို အခွင့်အရေး ရထားတာပဲ၊ ခန့်မှန်းရရင်တော့ နောက်လ သူ မင်္ဂလာဆောင်ပြီးမှ ဆက်ပြောရမှာ]
[နင်ကတော့ နည်းနည်း ပိုမြန်လိမ့်မယ်၊ နင် ဒီတစ်ခေါက် ပြန်သွားရင် ရာထူးတက်တော့မယ်၊ ဌာနဆိုင်ရာ အကြီးအကဲတွေ အများကြီးက နင့်ကို လုနေကြတာ ငါ တွေ့တယ်၊ အရှင်မင်းကြီးက နင့်ကို ဘယ်ပို့ရမလဲ ဆိုတာ စိတ်ညစ်နေတယ်၊ နင် ကိုယ်တိုင်ရော ဘယ်သွားချင်လဲ စဉ်းစားထားလား]
ချူဟွား: [ဘဏ္ဍာရေးဝန်ကြီးဌာန]
System: [နင်နဲ့ ဘဏ္ဍာရေးဝန်ကြီး ဆက်ဆံရေး အကောင်းဆုံး မို့လို့လား]
ဤသည်မှာ အရှင်မင်းကြီးနှင့် ဝန်ကြီးအများစု၏ သံသယလည်း ဖြစ်လေသည်။
ချူဟွား၏ မင်္ဂလာဆောင် ခွင့်ရက် မကုန်ဆုံးသေးသဖြင့် အိမ်တွင် ဆက်လက် အနားယူသင့်သော်လည်း မွန်းလွဲပိုင်းတွင် အရှင်မင်းကြီး၏ အမိန့်တော် ရောက်ရှိလာပြီး အမိန့်တော်ပြန်တမ်း ဖတ်ကြားသည့် ကုန်းကုန်းက ရိုရိုသေသေဖြင့် နန်းတော်သို့ ခေါ်ဆောင်သွားလေ၏။
တော်ဝင်စာကြည့်ဆောင်ထဲတွင် မင်းဆရာကြီး၊ မင်းဆရာအိုကြီး၊ ဖူရွေ့ချင်းဝမ်၊ စစ်သူကြီးရွှမ်ဝေ၊ ဝန်ကြီးဌာန ၆ ခုမှ ဝန်ကြီးများ... တစ်ချက် ကြည့်လိုက်ရုံဖြင့် အဆင့် ၃ နှင့်အထက် အရာရှိများ အားလုံး ဒီနေရာတွင် ရောက်နေကြသည်။
"အရှင်မင်းကြီးကို ဂါရဝပြုပါတယ်"
ချူဟွားက ဂါရဝပြုလိုက်သည်နှင့် အရှင်မင်းကြီးက ထခိုင်းလိုက်ပြီး ပြုံးရွှင်စွာဖြင့် ဂရုတစိုက် မေးလိုက်သည်။ "ကျောက်မင်၊ မင်းသမီးအိမ်တော်မှာ နေရတာ အဆင်ပြေရဲ့လား"
"အဆင်ပြေပါတယ်၊ ဂရုစိုက်ပေးတဲ့ အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်" ချူဟွားက ပြုံးပြီး ပြန်ဖြေလိုက်၏။
အရှင်မင်းကြီးသည် ဟန်ဆောင်ပန်ဆောင် သိပ်မလုပ်ဘဲ အနည်းငယ် မေးမြန်းပြီးနောက် ပြောလာသည်။
"မင်းရဲ့ မင်္ဂလာဆောင် ခွင့်ရက် မကုန်သေးတော့ ကျန်း မင်းကို မနှောင့်ယှက်ချင်ပါဘူး..."
အရှင်မင်းကြီးသည် နဂါးရုပ်ထွင်း စားပွဲအောက်ရှိ အရာရှိ အများအပြားကို ကြည့်လိုက်ပြီး ခေါင်းကိုက်စွာဖြင့် ပြောလိုက်လေသည်။ "ကဲ၊ လူတွေလည်း ရောက်နေပြီ၊ မောင်မင်းတို့ ကိုယ်တိုင်ပဲ မေးလိုက်ကြတော့"
ချူဟွားက အချိန်ကိုက်ပင် သံသယ မျက်နှာထားကို ထုတ်ပြလိုက်သည်။
ဘဏ္ဍာရေးဝန်ကြီးက ဦးအောင် ပြောလိုက်သည်။ "ဒီလိုပါ၊ မင်းသမီးက ဒီရက်ပိုင်း ကတ္တရာလမ်း ခင်းတာတို့၊ တာယာနဲ့ စကိတ်စီးဖိနပ်တွေ လုပ်တာတို့ ရှိတယ်၊ အလုပ်တွေ လုပ်နေပေမဲ့ မင်းသမီးရဲ့ ရာထူးက ဟန်လင်းကျောင်းတော်မှာ ဖြစ်နေတော့ လူတွေ အပြစ်ပြောစရာ ဖြစ်လွယ်တယ်၊ ဒါကြောင့် ကျွန်တော်မျိုးတို့က မင်းသမီးကို ဘယ်ဌာန ပို့ရင် ပိုပြီး..."
သူ ဆက်ပြောမည့် စကားကို အလုပ်သမားဝန်ကြီးက အရေးကြီးသည့် နေရာတွင် ဖြတ်ပြောလိုက်သည်။
"ကတ္တရာလမ်းပဲ ဖြစ်ဖြစ်၊ တာယာ၊ စကိတ်စီးဖိနပ်၊ ကွန်ကရစ်ပဲ ဖြစ်ဖြစ်၊ ဒီအရာတွေ အားလုံးက အလုပ်သမားဝန်ကြီးဌာနရဲ့ တာဝန် နယ်ပယ်ထဲမှာ ရှိတာပါ၊ မင်းသမီးက ကျွန်တော်မျိုးတို့ အလုပ်သမားဝန်ကြီးဌာနကို လာတာ ပိုအဆင်ပြေပါတယ်"
"စကားကို ဒီလို ပြောလို့ မရဘူးလေ" လတ်တလော အလုပ်သမားဝန်ကြီးဌာနက နာမည်ကောင်းတွေ ရနေသဖြင့် တရားရေးဝန်ကြီးမှာ မနာလိုစိတ်ကြောင့် မျက်လုံးများပင် နီရဲနေပြီ ဖြစ်သည်။ အလုပ်သမားဝန်ကြီးဌာနက လူကြမ်းကြီးများကို ကျောက်မင်မင်းသမီးကို ပြန်လုယူခွင့် မပေးနိုင်ပေ။ သို့မဟုတ်ပါက တရားရေးဝန်ကြီးဌာန ထွန်းတောက်ခွင့် ဘယ်မှာ ရှိတော့မည်နည်း။
"ခင်ဗျားတို့ အလုပ်သမားဝန်ကြီးဌာနက ကတ္တရာလမ်း ခင်းရုံနဲ့တင် ဆယ်နှစ်လောက် လုပ်ရဦးမှာ၊ မင်းသမီးကို အလုပ်သမားဝန်ကြီးဌာနမှာ ဘယ်လိုလုပ် အမြဲ နေခိုင်းလို့ ရမှာလဲ၊ သေချာပေါက် ကျွန်တော်မျိုးတို့ တရားရေးဝန်ကြီးဌာနကို လာသင့်တာပေါ့၊ အမှုစစ်..."
"အမှုစစ်တာက မင်းသမီး ကျွမ်းကျင်တဲ့ ကိစ္စပဲလေ၊ တရားစီရင်ရေး ပြန်လည်သုံးသပ်ရေးရုံးတော်ကို ထည့်သွင်း စဉ်းစားပေးဖို့ မင်းသမီးကို မေတ္တာရပ်ခံပါတယ်" တရားစီရင်ရေး ပြန်လည်သုံးသပ်ရေးရုံးတော် ဝန်ကြီးချုပ်က ပြုံးရွှင်စွာဖြင့် တရားရေးဝန်ကြီး၏ စကားကို ဖြတ်ပြောလိုက်သဖြင့် တရားရေးဝန်ကြီးမှာ ဒေါသထွက်ပြီး မျက်နှာ မည်းမှောင်သွားတော့သည်။
"အမှုစစ်တာ system ရှိနေတာပဲ၊ မင်းသမီးကို အမှုသွားစစ်ခိုင်းတာက အရည်အချင်းရှိတဲ့သူကို နေရာမှား သုံးသလို မဖြစ်ဘူးလား" စိုက်ပျိုးရေးဝန်ကြီးက system ကို ထိခိုက်မှာ လုံးဝ မကြောက်ပေ။ ကိုယ်လုပ်တာ ကိုယ်ရသည်ပဲ။ မင်းသမီးကို သူ့ပန်းကန်ထဲ ရောက်လာဖို့အတွက် သူ စွန့်စားရဲသည်။
"ကျောက်မင်မင်းသမီး၊ မင်းသမီးရဲ့ နန်းတွင်းစာမေးပွဲ အဖြေလွှာထဲမှာ ပိုးသတ်ဆေး အကြောင်း ထည့်ရေးထားဖူးတယ်၊ ဘယ်တော့လောက် အသုံးပြုလို့ ရမလဲ မသိဘူး"
"ခင်ဗျားတို့ စိုက်ပျိုးရေးဌာနက ဓာတ်မြေဩဇာ အကြောင်းတောင် ကောင်းကောင်း နားမလည်သေးဘဲ ပိုးသတ်ဆေးကို မျှော်မှန်းနေတာ ဘာအသုံးဝင်မှာလဲ" အုပ်ချုပ်ရေးဝန်ကြီးက ယခုအချိန်တွင် ချူဟွား လက်လွတ်စပယ်ဖြင့် ဓာတ်မြေဩဇာ အမျိုးအစား တစ်ဒါဇင်လောက် ထပ်ထုတ်ပေးလိုက်မည်ကို အကြောက်ဆုံး ဖြစ်သည်။ ဓာတ်မြေဩဇာ တစ်မျိုးစီ၏ နောက်ကွယ်တွင် အရာရှိ ဒါဇင်နှင့်ချီ ရာနှင့်ချီ ခန့်အပ်ခြင်း၊ နေရာပြောင်းရွှေ့ခြင်း၊ ရာထူးတိုးမြှင့်ခြင်းများ ပါဝင်နေသည်။ နောက်ထပ် အကြိမ်အနည်းငယ်လောက် ထပ်လုပ်ပါက သူ တကယ်ပင် အငြိမ်းစားယူပြီး ဇာတိ ပြန်ရတော့မည်။
"မင်းသမီးက system လို နတ်ဘုရား လက်နက်ကို ပိုင်ဆိုင်ထားပြီး မင်းသမီးအိမ်တော်က အကြံပေးတွေကိုလည်း စနစ်တကျ စီမံခန့်ခွဲနိုင်တယ်၊ ဒီလို အရည်အချင်းမျိုးက သေချာပေါက် ကျွန်တော်မျိုးတို့ အုပ်ချုပ်ရေးဝန်ကြီးဌာနကို လာသင့်တာပေါ့၊ လူမှန် နေရာမှန် ခန့်ထားနိုင်ဆုံး နေရာလေ"
စစ်ရေးဝန်ကြီးက စကား သိပ်မပြောတတ်သဖြင့် ခြောက်ကပ်ကပ် စကားတစ်ခွန်းသာ ပြောနိုင်လိုက်သည်။ "ကျွန်တော်မျိုးတို့ စစ်ရေးဝန်ကြီးဌာနကလည်း တကယ်တော့ မင်းသမီးနဲ့ အရမ်း သင့်တော်ပါတယ်"
...
တစ်ယောက်တစ်ပေါက် ပြောဆိုနေကြသဖြင့် ခန့်ညားထည်ဝါသော တော်ဝင်စာကြည့်ဆောင်သည် မနက်စောစော ဈေးတန်းနှင့် တူနေတော့သည်။
ဘယ်သူမဆို ချူဟွား ဆိုသည့် မိုးပေါ်က ကျလာသော ဂေါ်ဖီထုပ်လေးကို အိမ်သယ်သွားချင်ကြသော်လည်း ဒီအရောင်းအဝယ် အာဏာက သူတို့လက်ထဲတွင် မရှိဘဲ ဂေါ်ဖီထုပ်လေးက သူတို့ထဲက ဘယ်သူ့ကို ကြည့်ရတာ အဆင်ပြေလဲ ဆိုတာကို ကြည့်ပြီး ကိုယ်တိုင် လိုက်သွားဖို့ မျှော်လင့်ရုံသာ ရှိတော့သည်။
ချူဟွားက သူတို့ ရန်မဖြစ်ခင် ဦးအောင် ပြောလိုက်သည်။ "လူကြီးမင်းတို့ရဲ့ လေးစားမှုကို ကျေးဇူးတင်ပါတယ်၊ ချူဟွားက ဘဏ္ဍာရေးဝန်ကြီးဌာနကို သွားဖို့ ဆုံးဖြတ်ပြီးသားပါ"
ဘဏ္ဍာရေးဝန်ကြီးသည် ကောင်းကင်ပေါ်က မုန့်ပန်းကန် ပြုတ်ကျလာပြီး သူ့ခေါင်းကို ဝင်တိုက်မိသလို မူးဝေသွားတော့သည်။
တခြားသူများမှာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ပြီး မယုံကြည်နိုင် ဖြစ်နေကြသည်။ ဘာလို့ ဘဏ္ဍာရေးဝန်ကြီးဌာန ဖြစ်ပြန်ရတာလဲ။
မင်းဆရာကြီးနှင့် မင်းဆရာအိုကြီးတို့သည် ချူဟွား ဟန်လင်းကျောင်းတော်မှ ထွက်ခွာပြီးနောက် သွားရမည့် နေရာကို သီးသန့် ဆွေးနွေးဖူးကြသည်။ ဘယ်နေရာ သွားသွား အဆင်ပြေသော်လည်း ဘယ်နေရာ သွားသွား နည်းနည်း လိုနေသလို၊ သူမရဲ့ အရည်အချင်းကို အပြည့်အဝ ထုတ်ပြဖို့ မလုံလောက်သလို ခံစားရပြီး နောက်ဆုံးတွင် သူမသည် ကျောက်မင်မင်းသမီး ဆိုသည့် အရာရှိ အဖြစ် ညီလာခံတွင် အလုပ်လုပ်နိုင်သည်ဟု ယူဆခဲ့ကြသည်။
ဤသည်မှာလည်း အရင်က တခြားသူများ လုနေကြချိန်တွင် သူတို့နှစ်ဦး လုံးဝ ဝင်မပါခဲ့ရသည့် အကြောင်းရင်း ဖြစ်လေသည်။
အရှင်မင်းကြီးလည်း စပ်စုချင်သွားသည်။ "ဘဏ္ဍာရေးဝန်ကြီးဌာန ဟုတ်လား။ ကျောက်မင်၊ မင်း ဘယ်လို စဉ်းစားထားတာလဲ"
"အရှင်မင်းကြီး" ချူဟွားက ပြောလိုက်၏။
"ချမ်းသာချင်ရင် လမ်းအရင် ဖောက်ရမယ်၊ ကျွန်မက ၅ နှစ်အတွင်း သာ့ရှန်းရဲ့ အဓိက လမ်းမကြီးတွေကို ကွန်ကရစ်လမ်း ခင်းချင်တယ်၊ တိုင်းပြည်ဘဏ္ဍာတိုက်မှာ ပိုက်ဆံ ဘယ်လောက်ရှိရှိ ဒီလောက် လုပ်ဖို့ မလောက်ဘူး၊ ဒါကြောင့် အရေးအကြီးဆုံးက ပိုက်ဆံရှာဖို့ပဲ"
"ဟိုက် ——" ရောက်ရှိနေသူ အားလုံး ပင့်သက်ရှိုက်မိသွားသည်။ တချို့က ရှူတာ များသွားပြီး လည်ချောင်း ယားသွားသလို တချို့က မတော်တဆ လျှာကို ကိုက်မိပြီး နာလွန်းလို့ မျက်ရည် ဝဲကုန်ကြသည်။
"မင်း ဘာပြောလိုက်တာလဲ" မင်းဆရာကြီးနှင့် မင်းဆရာအိုကြီးတို့ လုံးဝ အံ့အားသင့်သွားကြသည်။
ဘဏ္ဍာရေးဝန်ကြီးကတော့ မူးလဲလုနီးပါး ဖြစ်နေပြီ။
ချူဟွား၏ လုပ်နည်းအတိုင်း လုပ်ရလျှင် တိုင်းပြည်ဘဏ္ဍာတိုက်မှာ ငွေတစ်ပြားတစ်ချပ်မှ ကျန်ပါဦးမည်လား။ တိုင်းပြည်ဘဏ္ဍာတိုက်က ငွေပြည့်နေတာ ဘယ်နှစ်နှစ် ရှိသေးလို့လဲ။ သာ့ရှန်းရဲ့ တိုင်းပြည်ဘဏ္ဍာတိုက်က ဟာလာဟင်းလင်း ဖြစ်ပြီး လူတွေ လှောင်ပြောင်တာ ခံရမဲ့ ကံကြမ္မာပဲလား။
ချူဟွား: "ဆရာ၊ ကျွန်မ လမ်းခင်းချင်တယ်"
အရှင်မင်းကြီးနှင့် ဝန်ကြီးများ: "..."
"လမ်းခင်းတာက ကောင်းတဲ့ ကိစ္စပါ၊ ဒါပေမဲ့ မင်းက တစ်ခါတည်းနဲ့ သာ့ရှန်းရဲ့ အဓိက လမ်းမကြီးတွေ အကုန်လုံးကို ခင်းမယ် ဆိုတော့ နည်းနည်း မများလွန်းဘူးလား" မင်းဆရာကြီးသည် သူ ကိုယ်တိုင် လက်ထပ် သင်ပေးထားသည့် တပည့်က ဒီလောက်အထိ လက်ရဲဇက်ရဲ နိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
"မများပါဘူး" ချူဟွားက ခေါင်းခါလိုက်သည်။ "အဓိက လမ်းမကြီးတွေ ကောင်းမွန်သွားရင် သာ့ရှန်းက လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သွားမယ်၊ တောင်ပိုင်းက ရိက္ခာတွေကို နယ်စပ်ဆီ အမြန်ဆုံး ပို့ဆောင်နိုင်မယ်၊ မြို့တော်က အမိန့်တွေကို နေရာအနှံ့ အမြန်ဆုံး ပေးပို့နိုင်မယ်၊ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေး ဘယ်ရှုထောင့်က ကြည့်ကြည့် အရမ်း အကျိုးရှိပါတယ်"
အရှင်မင်းကြီးနှင့် ဝန်ကြီးများ ဆွံ့အသွားကြသည်။ လမ်းခင်းခြင်း၏ အကျိုးကျေးဇူးကို သူတို့ မသိကြသည် မဟုတ်၊ ပိုက်ဆံမရှိ၍ မဟုတ်ပါလား။
အရှင်မင်းကြီးသည် တိုင်းပြည်ဘဏ္ဍာတိုက်တွင် ငွေရှိသည့် နေ့ရက်များကို ခံစားနေသည်မှာ နှစ်အနည်းငယ်သာ ရှိသေးပြီး ကိစ္စတိုင်းတွင် တွက်ကပ်နေစရာ မလိုတော့သော်လည်း ချူဟွား၏ စီမံကိန်းကို ကြားလိုက်ရသည်နှင့် ခေါင်းကိုက်သွားတော့သည်။ ကျောက်မင်ရေ၊ မင်းရဲ့ စီမံကိန်းကို ကျန်း သဘောတူပါတယ်၊ ဒါပေမဲ့ တိုင်းပြည်ဘဏ္ဍာတိုက်မှာ ပိုက်ဆံမရှိလို့ မလုပ်နိုင်ပါဘူး ဟု သူ မပြောသာပေ။
သူကဲ့သို့ ဘုရင်တစ်ပါးက မျက်နှာ မလိုချင်ဘဲ နေမလား။
ထို့ကြောင့် မျက်ရိပ်တစ်ချက် ပြလိုက်သည်နှင့် ဘဏ္ဍာရေးဝန်ကြီးက အပြစ်ခံပေးရတော့သည်။
ဒီအပြစ်ကို ဘဏ္ဍာရေးဝန်ကြီးက လိုလိုလားလား ခံယူလိုက်သည်။ "မင်းသမီးရယ်၊ မင်းသမီး ပြောသလိုပဲ၊ မင်းသမီးရဲ့ နည်းလမ်းအတိုင်း လုပ်ရမယ်ဆိုရင် တိုင်းပြည်ဘဏ္ဍာတိုက် ဘယ်နှခု ရှိရှိ ဒီလောက် သုံးဖို့ မလောက်ပါဘူး"
"ဒါကြောင့် ကျွန်မ ပိုက်ဆံရှာမဲ့ နည်းလမ်းကို ပြင်ဆင်ထားပြီးပါပြီ" ချူဟွားက အင်္ကျီလက်အိတ်ထဲမှ စာရွက် အထူကြီး တစ်ထပ်ကို ထုတ်လိုက်လေသည်။
"အဝတ်အစား၊ အစားအသောက်၊ နေထိုင်ရေး၊ သွားလာရေး စတဲ့ ကဏ္ဍစုံကနေ ပိုက်ဆံရှာမယ်၊ သာ့ရှန်း ပြည်သူတွေရဲ့ ပိုက်ဆံကို ရှာရုံတင် မကဘူး တခြား နိုင်ငံတွေရဲ့ ပိုက်ဆံကိုလည်း ရှာရမယ်။ ငွေကြေး လည်ပတ်မှသာ ငွေက ငွေကို မွေးနိုင်မှာ၊ ဈေးကွက်နဲ့ စီးပွားရေးကို သက်ဝင်လှုပ်ရှားစေမှာ"
သူမသည် အပေါ်ဆုံးက ပုံကြမ်းစာရွက် အချို့ကို အလုပ်သမားဝန်ကြီးအား ကမ်းပေးလိုက်သည်။ "ဒါက ပြုပြင်မွမ်းမံထားတဲ့ ယက်ကန်းစင်နဲ့ လွန်း ပုံကြမ်းတွေပါ၊ လက်ရှိ အထည်ယက်လုပ်တဲ့ နှုန်းထက် အဆ ၂၀ လောက် မြန်ဆန်စေပါတယ်"
"ဟင် ——" အားလုံးက မျက်လုံး ပြူးထွက်လုမတတ် အံ့သြသွားကြသည်။ တကယ်လား အတုလား။ အဆ ၂၀ တောင်လား။
ချူဟွားက ပိုထူသော ပုံကြမ်းစာရွက် တစ်ထပ်ကို ဘဏ္ဍာရေးဝန်ကြီးအား ပေးလိုက်သည်။
"ဒီအပေါ်မှာ နို့လက်ဖက်ရည်၊ ကိတ်မုန့်၊ သကြားလုံး၊ အသားခြောက်၊ ငါးပုစွန် စတဲ့ အစားအသောက် မျိုးစုံရဲ့ ပြုလုပ်နည်းတွေ ပါတယ်၊ ပြီးတော့ အစားအသောက်လမ်းတန်း၊ အစားအသောက်ပွဲတော် စတဲ့ လှုပ်ရှားမှု စီမံကိန်းတွေလည်း ပါတယ်"
ပုံကြမ်းစာရွက် တစ်ထပ်ကို မွေးမြူရေး တာဝန်ယူထားသည့် တိရစ္ဆာန်မွေးမြူရေးဝန်ကြီးဌာန အကြီးအကဲအား ပေးလိုက်သည်။ "ဒီအပေါ်မှာ ကြက်၊ ဘဲ၊ ငန်း ဥတွေကို အစုလိုက် အပြုံလိုက် ဖောက်တဲ့ နည်းလမ်း၊ ငါးနဲ့ ပုစွန်တွေကို စီးပွားဖြစ် မွေးမြူတဲ့ နည်းလမ်းတွေ ပါတယ်၊ ပြီးတော့ တိရစ္ဆာန်အစာ တချို့ ပြုလုပ်နည်းတွေလည်း ပါတယ်"
ပုံကြမ်းစာရွက် တစ်ထပ်ကို စစ်ရေးဝန်ကြီးအား ပေးလိုက်သည်။
"ဒီအပေါ်မှာ စက်ဘီး၊ သုံးဘီးကား ပုံကြမ်းတွေ ပါတယ်၊ အစကတော့ အလုပ်သမားဝန်ကြီးဌာနကို ပေးသင့်တာ၊ ဒါပေမဲ့ သူတို့ အလုပ်တွေ အရမ်း များလွန်းလို့ စစ်ရေးဝန်ကြီးဌာနလည်း လုပ်နိုင်မယ်လို့ ကျွန်မ ထင်တယ်"
စစ်ရေးဝန်ကြီးက ဒီတာဝန်ကို သိပ်မယူချင်ပေ။ အခက်တွေ့နေသော မျက်နှာထား ပေါ်လာခါစ ရှိသေးသည် ချူဟွားက ပြောလိုက်၏။
"စက်ဘီး ရှိရင် နာရီဝက် အတွင်း အနည်းဆုံး ၁၀ မိုင် လောက် သွားနိုင်တယ်၊ တကယ်ကို ခရီးသွားဖို့ အကောင်းဆုံး ကိရိယာပါပဲ"
စစ်ရေးဝန်ကြီးနှင့် စစ်ဘက်အရာရှိများ မျက်လုံး ပြူးကျယ်သွားကြသည်။
စစ်တပ်၏ ပုံမှန် ချီတက်နှုန်းမှာ တစ်ရက်လျှင် ၁၅ မိုင်မှ ၂၀ မိုင်ခန့်သာ ရှိသည်။ စက်ဘီး အသုံးပြုပါက ဒီခရီးအကွာအဝေးကို တစ်နာရီအတွင်း ပြီးမြောက်နိုင်သည်တဲ့။ အမြန်နှုန်းက အရမ်း မြန်လွန်းတယ်။ ဒါက အမြန်ချီတက်ပွဲပဲ။
"ငါ လုပ်မယ်" စစ်ရေးဝန်ကြီးက ပုံကြမ်းစာရွက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။ အဲဒီပုံစံက ဘယ်သူများ သူ့ဆီက လာလုရဲလဲ၊ လုရင် စိတ်ဆိုးမယ်ဆိုတဲ့ ပုံစံမျိုးပင်။
ချူဟွားက ဓလေ့ထုံးတမ်းဝန်ကြီး ရှေ့တွင် ရပ်လိုက်ပြန်သည်။ ဓလေ့ထုံးတမ်းဝန်ကြီးက အံ့သြသွားသည်။
"ငါ့မှာလည်း ရှိသေးတာလား"
ချူဟွားက မည်သည့်ပစ္စည်းမှ မပေးဘဲ ပြောလိုက်၏။ "လူကြီးမင်း၊ ချူဟွားရဲ့ ဖန်ထည်စက်ရုံ အကြောင်း ကြားဖူးမယ်လို့ ထင်ပါတယ်၊ အရင်က ဖန်ထည်စက်ရုံက ကလေး ကစားစရာလောက်ပဲ ရှိတာပါ"
အရှင်မင်းကြီးနှင့် ဝန်ကြီးများ: "..."
အဲဒီလောက် ပိုက်ဆံရတဲ့ ဖန်ထည်စက်ရုံက သူ့ပါးစပ်ထဲမှာ ကလေး ကစားစရာလောက်ပဲ ရှိတာလား။
ဝန်ကြီးများ လက်ထဲက ပိုပြီး ပိုက်ဆံရမဲ့ ပစ္စည်းတွေကို ကြည့်လိုက်တော့ သူတို့ ရုတ်တရက် အမှန်တကယ်ပင် ကလေး ကစားစရာလောက်ပဲ ဖြစ်နေသလို ခံစားလိုက်ရသည်။ ချူဟွားသာ တကယ် အားစိုက်လုပ်လိုက်ရင် သာ့ရှန်း တစ်ခုလုံးရဲ့ ကောင်းကင်ကို အပေါက်ဖောက်နိုင်လောက်သည်။
ချူဟွားက ပြောလိုက်သည်။ "ကျွန်မ ဖန်ထည်တွေကို အရမ်း သေသပ်လှပအောင် လုပ်ချင်တယ်၊ အရေအတွက်ကို ထိန်းချုပ်ပြီး အဆင့်မြင့် ကုန်ပစ္စည်း အဖြစ် လုပ်ချင်တယ်၊ ဓလေ့ထုံးတမ်းဝန်ကြီးဌာန အနေနဲ့ ထူးခြားတဲ့ ပုံစံတချို့ ရေးဆွဲပေးဖို့၊ ဒဏ္ဍာရီပုံပြင်တချို့ ရေးသားပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ အရောင်အသွေးတွေ ထည့်သွင်းပေးဖို့ မျှော်လင့်ပါတယ်၊ ဒါမှ လူများစုက ဝယ်ယူချင်စိတ် ဖြစ်လာမှာ..."
ဓလေ့ထုံးတမ်းဝန်ကြီးက သဘောပေါက်သွားသည်။ ဒါက အရင်တုန်းက "ချူဟွား အတ္ထုပ္ပတ္တိ" ရောင်းတုန်းက သုံးခဲ့တဲ့ နည်းလမ်း မဟုတ်လား။ သူ နားလည်ပြီ။
ချူဟွားက ဆက်ပြောသည်။ "ကျွန်မဆီမှာ နှုတ်ခမ်းနီ၊ လက်သည်းနီ၊ မျက်ခုံးဆွဲခဲတံ ပြုလုပ်နည်းတွေ ရှိသေးတယ်၊ အရောင်သစ်တချို့ ရှိတယ်၊ ဓလေ့ထုံးတမ်းဝန်ကြီးဌာန အနေနဲ့ ပုံစံ အတွဲလိုက် ရေးဆွဲပေးဖို့ မျှော်လင့်ပါတယ်..."
နောက်ပိုင်း သူမ စကားတွေ အများကြီး ဆက်ပြောခဲ့သည်။ ဓလေ့ထုံးတမ်းဝန်ကြီးက အနှစ်ချုပ်လိုက်သည်။ ရေးသားခြင်းနှင့် ဒီဇိုင်းဆွဲခြင်းပင်။
ဒီအလုပ်ကို ဓလေ့ထုံးတမ်းဝန်ကြီးဌာနက ကျွမ်းကျင်တာပေါ့။ သူတို့ ဓလေ့ထုံးတမ်းဝန်ကြီးဌာနက သာ့ရှန်း တစ်ခုလုံးမှာ စာတတ်ပေတတ် အရာရှိတွေ စုစည်းရာ နေရာလေ၊ မင်းသမီးက ဒီအလုပ် လုပ်ဖို့ သူတို့ကို လာရှာတာ လူမှန် နေရာမှန်ပဲ။
...
တစ်နာရီ ကြာပြီးနောက် ရောက်ရှိနေသော အရာရှိ အားလုံးနှင့် စစ်ဘက်အရာရှိများပါ တာဝန် ရရှိသွားကြသည်။ မင်းဆရာကြီး၊ မင်းဆရာအိုကြီးနှင့် ဖူရွေ့ချင်းဝမ်တို့သာ အားလပ်နေကြသဖြင့် သုံးယောက်သား နေရထိုင်ရ ခက်နေကြလေသည်။
သူတို့ အသက်ကြီးလို့၊ အားအင် မရှိတော့လို့လား။
ဘာလို့ ချူဟွားက တခြားသူတွေကို တာဝန်တွေ ခွဲပေးပြီး သူတို့ ၃ ယောက်ကိုတော့ မပေးရတာလဲ။ ဒါမှမဟုတ် သူတို့ ၃ ယောက်ရဲ့ ဂုဏ်ဒြပ်က မြင့်လွန်းလို့ ချူဟွားက အလုပ်ခိုင်းဖို့ မရဲတာလား။
သူတို့ထက် ပိုပြီး နေရထိုင်ရ ခက်နေသူမှာ အရှင်မင်းကြီးပင်။
သူ နဂါးပလ္လင်ပေါ်တွင် ထိုင်ပြီး တစ်နာရီလောက် ကြည့်နေခဲ့သည်။ အရာရှိများကို တာဝန်ခွဲဝေပေးရသည့် သူ့အလုပ်က အလုခံလိုက်ရသလို ခံစားနေရသည်။ မသေချာဘူး၊ ပြန်ကြည့်လိုက်ဦးမယ်။
ချူဟွားက တာဝန်တွေ ခွဲပေးပြီးနောက် လည်ချောင်း ခြောက်သွားတော့သည်။ ချန်ကျို့က အချိန်ကိုက်ပင် အပူချိန် အနေတော် ဖြစ်သော လက်ဖက်ရည် တစ်ခွက် လာပို့ပေးသည်။
"ကျေးဇူးပါ"
အရှင်မင်းကြီး: "..."
သူ့ ကိုယ်ရံတော် ကုန်းကုန်းလည်း အလုခံလိုက်ရတာလား။ မသေချာဘူး၊ ပြန်ကြည့်လိုက်ဦးမယ်။
ချူဟွားက လက်ဖက်ရည် တစ်ခွက် သောက်ပြီးသွားသော်လည်း ရေငတ်နေသေးသည်ဟု ခံစားရသည်။ ချန်ကျို့က သောက်လို့ ကောင်းပြီး ရေငတ်ပြေစေမည့် ရေနွေး တစ်ခွက် ထပ်ပို့ပေးပြန်သည်။
"ကျေးဇူးပါ"
အရှင်မင်းကြီး: "..."
မင်းဆရာကြီး၊ မင်းဆရာအိုကြီးနှင့် ဖူရွေ့ချင်းဝမ်တို့သည် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်နေသော အရှင်မင်းကြီးကို ကြည့်လိုက်၊ ဘာမှ သတိမထားမိသော ချူဟွားကို ကြည့်လိုက်ဖြင့် ရယ်မောမိလုမတတ် ဖြစ်သွားကြသည်။
ချူဟွား ရေငတ်ပြေသွားပြီးနောက် မင်းဆရာကြီးနှင့် မင်းဆရာအိုကြီးတို့၏ မျက်ရိပ်ပြမှုကို သတိထားမိမှသာ သူမ မေ့လျော့နေသည့်အရာကို သတိရသွားတော့သည်။
သူမက အရှင်မင်းကြီးကို အားနာစွာ ပြုံးပြလိုက်သည်။
"သမီးတော် စဉ်းစားမှု အားနည်းသွားပါတယ်၊ ခမည်းတော် ခွင့်လွှတ်ပေးပါ"
အရှင်မင်းကြီးက အမိန့်ထုတ်ပြန်ပြီး ချူဟွားကို မွေးစားသမီးအဖြစ် လက်ခံခဲ့သော်လည်း သူမက အမြဲတမ်း စည်းကမ်းလိုက်နာပြီး အရှင်မင်းကြီးရှေ့တွင် "အရှင်မင်းကြီး" ဟု ခေါ်ကာ တခြားသူများရှေ့တွင် "သမီးတော်" ဟု ကိုယ့်ကိုယ်ကိုယ် မသုံးနှုန်းဘဲ "ချူဟွား" ဟုသာ သုံးနှုန်းလေ့ ရှိသဖြင့် အရှင်မင်းကြီးမှာ "ချူဟွားက ငါ့သမီး မလုပ်ချင်ဘူးလား" ဟု အမြဲ ခံစားနေရသည်။
ဒီတစ်ခါ "ခမည်းတော်" ဟု ခေါ်လိုက်သံက အရှင်မင်းကြီးကို တစ်ကိုယ်လုံး ရွှင်လန်းသွားစေသည်။
"ကိစ္စ မရှိပါဘူး၊ ဟွားအာက တိုင်းပြည်အတွက် စိတ်ရောကိုယ်ပါ နှစ်မြှုပ်ထားတာပဲ၊ ပြီးတော့ နိုင်ငံရေးလောကထဲ အခုမှ စဝင်တာဆိုတော့ လစ်ဟင်းမှု ရှိတာ ပုံမှန်ပါပဲ၊ နောက်ပိုင်း အားလပ်ရင် နန်းတော်ထဲ များများ လာခဲ့၊ ခမည်းတော် သင်ပေးမယ်"
ချူဟွားက လှပစွာ ပြုံးလိုက်သည်။ "ကျေးဇူးတင်ပါတယ် ခမည်းတော်"
"အေး" အရှင်မင်းကြီး ပိုပြီး ပျော်ရွှင်သွားကာ မျက်လုံးများ ပိတ်သွားသည်အထိ ရယ်မောလိုက်တော့သည်။
အရာရှိများ: "..." အရှင်မင်းကြီး၊ အရှင်မင်းကြီးက ချော့ရတာ အရမ်း လွယ်လွန်းနေတာ မဟုတ်ဘူးလား။
…