← Chapters

အခန်း ၁၄၃

Vol. 10 Ch. 143

အခန်း ၁၄၃

Vol. 10 Ch. 143

အပိုင်း (၁၄၃)

ချူဟွား ပေးခဲ့သည်များက အလွန် များပြားလှ၏။ တစ်ခုချင်းစီတိုင်းက တိုင်းပြည်ဘဏ္ဍာတိုက်အတွက် ငွေအမြောက်အမြား ရှာဖွေပေးနိုင်စွမ်း ရှိကြသည်။

ငွေကြေးများ အဆင်သင့် ဖြစ်နေပြီဖြစ်ရာ အရှင်မင်းကြီးနှင့် မှူးမတ်များသည် လမ်းခင်းခြင်းကို မည်သို့ သဘောမတူဘဲ နေပါမည်နည်း။

မင်းသမီးအိမ်တော်မှ လူလွှတ်၍ ခင်းထားသော ကွန်ကရစ်လမ်းမှာ အစပြုရုံသာ ရှိသေးသော်လည်း သူတို့ထဲမှ လူအများအပြား သွားရောက်ကြည့်ရှုဖူးကြလေသည်။ ကွန်ကရစ်လမ်း ခင်းပြီးနောက်တွင်လည်း တုကျုံးကော်ဖြင့် ပြုလုပ်ထားသော တာယာပါသည့် ယာဉ်များကို စီးနင်းကာ အကြိမ်ကြိမ် အသွားအပြန် ပြုလုပ်ဖူးကြ၏။

ဤမျှ ညီညာပြန့်ပြူးသော လမ်းကို လျှောက်လှမ်းရမည်၊ ဤမျှ တုန်ခါမှု လျော့နည်းသော ယာဉ်ကို စီးနင်းရမည်၊ ခရီးသွားလာရာတွင် မြန်ဆန်ပြီး သက်သောင့်သက်သာ ရှိမည်ဖြစ်ရာ အရူးသာလျှင် သဘောမတူဘဲ နေလိမ့်မည်။

တစ်ခုတည်းသော ပြဿနာမှာ လုပ်ဆောင်ရမည့် အလုပ်အနည်းငယ် များပြားနေခြင်းပင်။

ထိုနေ့ တော်ဝင်စာကြည့်ဆောင်တွင် တာဝန်လက်ခံပြီးချိန်မှစ၍ မှူးမတ်များသည် ရူးသွပ်မတတ် အလုပ်လုပ်ကြပြီး အိပ်မက်ထဲတွင်ပင် မည်သို့ စီမံခန့်ခွဲရမည်၊ မည်သို့ ငွေရှာရမည်ကို တွေးတောနေကြလေသည်။

ယခုအချိန်တွင် သူတို့သည် နားလည်သွားကြလေပြီ။ ယခင်က ဝန်ထမ်းရေးရာဝန်ကြီးသည် ဓာတ်မြေဩဇာ ၁၀ မျိုးကျော်၏ ဖိအားပေးမှုကြောင့် အငြိမ်းစားယူ၍ ဇာတိပြန်ရန် နီးစပ်ခဲ့ရသည့် ခံစားချက်မှာ မည်သို့ရှိသည်ကို သိရှိသွားကြလေပြီ။ အမှန်တကယ်ပင် ခေါင်းမီးတောက်စရာ ကောင်းလှ၏။

ညီလာခံတစ်ခုလုံးရှိ ဌာနဆိုင်ရာ အားလုံးသည် အစွမ်းကုန် မောင်းနှင်နေကြပြီး ဌာနအကြီးအကဲမှစ၍ အောက်ခြေ တောက်တိုမယ်ရ အရာရှိလေးများအထိ လူတိုင်းသည် ခြေထောက် မြေမထိနိုင်အောင် အလုပ်ရှုပ်နေကြသည်။

ယခုနှစ် နန်းတွင်းစာမေးပွဲ ဖြေဆိုအောင်မြင်ပြီး ဝင်ရောက်လာသော အရာရှိများသည် ကံကောင်းကြလေသည်။ သူတို့သည် ရောက်ရှိလာသည်နှင့် လုပ်စရာ အလုပ်များ ရှိနေပြီး လုပ်သက်ရရန်အတွက် အလုပ်ပါးသော နေရာများတွင် နှစ်ပေါင်းများစွာ စောင့်ဆိုင်းနေရန် မလိုအပ်ပေ။

ယခုနှစ် ဝင်ရောက်လာသော အရာရှိများသည် ကံဆိုးကြပြန်၏။ ကျောက်မင်မင်းသမီးသည် မင်္ဂလာဆောင် ခွင့်ရက်ကုန်ဆုံးပြီးနောက် ညီလာခံသို့ ပြန်လည် ရောက်ရှိလာကာ ဘဏ္ဍာရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့ပြီး ညွှန်ကြားရေးမှူး ဖြစ်လာချိန်မှစ၍ လူတိုင်းသည် သူမ၏ စေခိုင်းမှုကြောင့် ချာချာလည်နေကြရသည်။

အဆင့် ၅ ရှိသော ဘဏ္ဍာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးတစ်ဦးသည် အဘယ်ကြောင့် အဆင့် ၁၊ အဆင့် ၂ နှင့် အဆင့် ၃ အရာရှိကြီးများစွာကို ခိုင်းစေနိုင်ရသနည်းဟု မေးစရာ ရှိလိမ့်မည်။

မတတ်နိုင်ပေ။ အကြောင်းအရင်းမှာ ကျောက်မင်မင်းသမီးသည် ငွေရှာရာတွင် အလွန် ကျွမ်းကျင်သောကြောင့်ပင်။

သူမသည် မင်းသမီး ဟူသော ဂုဏ်ပုဒ်ကို ထုတ်ပြရန်ပင် မလိုအပ်ချေ။

"ပိုက်ဆံရှာချင်လား၊ တိုင်းပြည်ဘဏ္ဍာတိုက်ကို ပြည့်ဝစေချင်လား၊ လမ်းခင်းချင်လား" ဟု မေးလိုက်ရုံနှင့် အရာရှိများသည် အလုပ်လုပ်ရန် အလုအယက် ဖြစ်နေကြသည်။

သာ့ရှန်းရှိ အရာရှိများနှင့် ပြည်သူများသည် တိုင်းပြည်ဘဏ္ဍာတိုက်တွင် ငွေမရှိသဖြင့် လှောင်ပြောင်ခံရသော နေ့ရက်များကို သည်းခံနိုင်စွမ်း ကုန်ဆုံးနေကြပြီ ဖြစ်ရာ အားနည်းချက်ကို ထိုးနှက်လိုက်သည်နှင့် မလိုက်လျောသူ မရှိကြပေ။

ဘဏ္ဍာရေးဝန်ကြီးဌာနဘက်မှ အလုပ်များသည် အမြန်ဆုံး ပြီးစီးလေသည်။ ၎င်းမှာ သူတို့၏ တာဝန် ပေါ့ပါးသောကြောင့် မဟုတ်ဘဲ အလုပ်လုပ်သူ များပြားကာ အထူးသဖြင့် အံဝင်ခွင်ကျ ဖြစ်သောကြောင့်ပင်။

ချူဟွားသည် အမျိုးသားကဲ့သို့ ဝတ်ဆင်ကာ အစ်ကိုဖြစ်သူအစား ညီလာခံတက်ရောက်ခဲ့စဉ်ကတည်းက ဒုတိယမင်းသား၏ နောက်ဆောင်မှ အမျိုးသမီး တစ်စုကို ဘဏ္ဍာရေးဝန်ကြီးဌာနတွင် အလုပ်လုပ်ရန် ခေါ်ယူခဲ့ဖူးသည်။ သူမ ထွက်ခွာသွားပြီးနောက် ထိုအမျိုးသမီးများထဲမှ အချို့ ထွက်ခွာသွားကြသော်လည်း နောက်ပိုင်းတွင် အနောက်ဆောင်၌ နေရသည်မှာ ပျင်းစရာကောင်းသဖြင့် ပြန်လည် ရောက်ရှိလာကြလေ၏။

ယခုတစ်ကြိမ် တာဝန် ခွဲဝေချထားရာတွင် ၇၀ ရာခိုင်နှုန်းကို အရည်အချင်းရှိသော အမျိုးသမီးများက တာဝန်ယူလိုက်ကြပြီး ကျန်ရှိသော ၃၀ ရာခိုင်နှုန်းထဲမှ အများစုကိုလည်း ဘဏ္ဍာရေးဝန်ကြီးဌာန အရာရှိများ၏ ဇနီးမယားများက အကြံဉာဏ် ပေးခဲ့ကြခြင်း ဖြစ်သည်။

အမျိုးသမီးများ၏ လက်ထဲတွင် သူတို့ ကိုယ်တိုင် စီမံခန့်ခွဲရသော ဆိုင်များ ရှိကြသည်။ အသင့်ရှိပြီးသော နည်းလမ်းများနှင့် အသင့်ရှိသော လုပ်အားများကို ရယူလိုက်သည်နှင့် ရက်အနည်းငယ် အတွင်း ဆိုင်ဖွင့်လှစ်နိုင်ခဲ့ကြလေသည်။

ချူဟွား ပေးအပ်သော နည်းလမ်းများထဲမှ အများစုသည် သာ့ရှန်းတွင် မရှိဖူးသေးသော ပစ္စည်းဆန်းများ ဖြစ်ကြသည်။ ချို၊ ငန်၊ စပ်၊ ထုံ အရသာ သရေစာ အမျိုးမျိုး ပါဝင်သကဲ့သို့ မာလာရှမ်းကော၊ အသားကင်၊ ဟော့ပေါ့ စသည့် မူလ အခြေခံအပေါ်တွင် ပြုပြင်မွမ်းမံ အဆင့်မြှင့်တင်ထားသော အစားအသောက်များလည်း ပါဝင်လေသည်။

ဥပမာအားဖြင့် ဟော့ပေါ့ ဖြစ်သည်။

သာ့ရှန်းတွင် အိုးပွဲဟု ခေါ်ဝေါ်ကြပြီး ကြေးအိုးကို အသုံးပြုကြသည်။ ခိုင်ခံ့သော ကြေးအိုးတစ်လုံး ရရှိရန်အတွက် ငွေလျန် အနည်းငယ်ဖြင့် မရနိုင်သောကြောင့် အိမ်ထောင်စု အများအပြားမှာ မစားသုံးနိုင်ကြပေ။

စားသုံးနိုင်သော အိမ်ထောင်စုများကလည်း ဆောင်းရာသီ အေးမြသော အချိန်မှသာ ထုတ်ယူ စားသုံးလေ့ ရှိကြသည်။ တစ်နှစ်ပတ်လုံး စားသုံးလေ့ မရှိသကဲ့သို့ ရှိသမျှ အရာအားလုံးကို ဟော့ပေါ့ထဲ ထည့်စားလေ့လည်း မရှိကြချေ။

မြို့တော်၏ ပထမဆုံး ဟော့ပေါ့ဆိုင် ဖွင့်လှစ်သော နေ့တွင် "ကျောက်မင်မင်းသမီး စားသုံးပြီး ကောင်းမွန်သည်ဟု ချီးမွမ်းသော ဟော့ပေါ့" ဟူသည့် ကြွေးကြော်သံကို ထုတ်ပြန်လိုက်သည်။

ပြည်သူများသည် သတင်းကြားသည်နှင့် ရောက်ရှိလာကြ၏။ ငွေကြေး ချမ်းသာသူများက တစ်ဦးတည်း တစ်ဝိုင်း ယူကာ စာရင်းထဲရှိသမျှ တစ်လှည့်စီ မှာယူကြပြီး ငွေကြေး မပြည့်စုံသူများက မိသားစုလိုက် ဖြစ်စေ၊ လူအနည်းငယ် စုပေါင်း၍ ဖြစ်စေ တစ်ဝိုင်းယူကာ ဟင်းသီးဟင်းရွက်များကို ပိုမို မှာယူကြသည်။

လူအများစုသည် ကျောက်မင်မင်းသမီး၏ နာမည်ဂုဏ်သတင်းကြောင့် ရောက်ရှိလာကြခြင်း ဖြစ်သည်။ မိမိတို့ အားကျရသူ စားသုံးသော အရာကို လိုက်လံ စားသုံးချင်ရုံသာ ဖြစ်သော်လည်း စားကြည့်လိုက်သောအခါ... ဟင်… တကယ့်ကို ကောင်းမွန်နေပါလား ဖြစ်သွားကြသည်။

မှိုဟင်းရည်သည် ရှင်းသန့်ကာ အရသာ လတ်ဆတ်ပြီး မာလာအိုးသည် ပူစပ်နေသဖြင့် တစ်ကိုယ်လုံး နေလို့ကောင်းစေသည်။ ဝက်အူဟင်းရည်ဆိုလျှင် တိုက်ရိုက်ပင် သောက်သုံး၍ ရလေသည်။

လူအများအပြားသည် ချက်ချင်းပင် ဟော့ပေါ့ကို နှစ်သက်သွားကြပြီး တစ်နေ့လျှင် နှစ်နပ်ခန့် ဟင်းရည်အမျိုးအစား ပြောင်းလဲ စားသုံးကြသည်။ အချို့က ဟင်းရည်အကျန်ကို အိမ်သို့ သယ်ဆောင်သွားပြီး ထမင်းနှင့် နယ်စားကြရာ တစ်ပန်းကန်လုံး ကုန်စင်သွားသည်အထိ အရသာ ရှိလှ၏။

အစားအသောက် လုပ်ငန်းသည် လုပ်ကိုင်ရ အလွယ်ကူဆုံး ဖြစ်သလို အရင်းပြန်ရမှုလည်း အမြန်ဆုံး ဖြစ်သည်။

ကုန်သည် အများအပြားသည် ဤလုပ်ငန်းများမှ အကျိုးအမြတ်ကို မြင်တွေ့ရသဖြင့် ပိုင်ရှင်များကို လာရောက် တွေ့ဆုံကာ ငွေအမြောက်အမြား ပေး၍ နည်းလမ်းများကို ဝယ်ယူလိုကြသည်။ ဤအချိန်တွင် လုပ်ငန်းလုပ်ကိုင်ခွင့် ပေးမလား၊ အကျိုးအမြတ် ခွဲဝေမလား ဟူသည့် ရွေးချယ်မှုကို ရင်ဆိုင်ကြရတော့သည်။

ချူဟွားက ဤသို့ အကြံပေးခဲ့သည်။

"သာ့ရှန်းက ဒီလောက် ကြီးမားကျယ်ပြန့်ပြီး စီးပွားရေးတွေကလည်း များပြားတယ်၊ ဖောက်သည် ဖြစ်လာနိုင်သူတွေက သန်းနဲ့ချီ ရှိတာ၊ ညီလာခံက စီးပွားရေး အားလုံးကို လက်ထဲ ဆုပ်ကိုင်ထားဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး"

"ရှင်တို့က ညီလာခံ အင်အားကြီးတယ်၊ မဖြစ်နိုင်တာ မရှိဘူးလို့ ပြောချင်နေမှန်း ကျွန်မ သိပါတယ်၊ ဒါပေမဲ့ ဘာလုပ်ဖို့လဲ။ ညီလာခံ ဆိုတာ သာ့ရှန်း တစ်ခုလုံးရဲ့ ဦးတည်ချက်ကို ထိန်းချုပ်ဖို့လေ၊ လုပ်စရာတွေ အများကြီး ရှိပါသေးတယ်။ တကယ်လို့ တိုင်းပြည် တစ်ခုလုံးရဲ့ စီးပွားရေးကို လက်ဝါးကြီးအုပ် ထိန်းချုပ်မယ်ဆိုရင် ရေတိုမှာတော့ ဟုတ်ကောင်း ဟုတ်နိုင်ပေမဲ့ ရေရှည်ကျရင် သေချာပေါက် အကျင့်ပျက်ခြစားသူတွေ ပေါ်လာမှာပါ"

ဘဏ္ဍာရေးဝန်ကြီးဌာန အရာရှိများ: "..."

အကျင့်ပျက်ခြစားမှုသည် ရှေးယခင်ကတည်းက မပြောင်းလဲသော ခေါင်းစဉ် တစ်ခု ဖြစ်သလို မည်သည့်အခါမျှ တားဆီး၍ မရနိုင်သော အကျင့်ဆိုးလည်း ဖြစ်သည်။

ချူဟွားက ပြောလိုက်သည်။ "လုပ်ငန်းလုပ်ပိုင်ခွင့် ရယူတာ ဒါမှမဟုတ် အကျိုးအမြတ် ခွဲဝေတဲ့ နည်းလမ်းကို အသုံးပြုရင် ငှားရမ်းလုပ်ကိုင်ကြေး ဒါမှမဟုတ် အမြတ်ဝေစု ရနိုင်တယ်၊ သိပ်ပြီး စိတ်ပင်ပန်းစရာ မလိုပါဘူး။ ကုန်သည်တွေကလည်း ပိုက်ဆံရဖို့အတွက် အစွမ်းကုန် ကြိုးစား စီမံခန့်ခွဲကြလိမ့်မယ်၊ ဘာမကောင်းစရာ ရှိလို့လဲ"

သေချာစွာ စိစစ် သုံးသပ်ပြီးနောက်တွင် ဘဏ္ဍာရေးဝန်ကြီးဌာနသည် ဤစီးပွားရေး ပုံစံကို သဘောတူလိုက်ပြီး အခြား စီးပွားရေး လုပ်ငန်းများတွင်လည်း ပုံတူကူးချ လုပ်ဆောင်ခဲ့သည်။ ခြောက်လ တိုတောင်းသော အချိန်ကာလ အတွင်း အကင်ဆိုင်၊ ဟော့ပေါ့ဆိုင် စသည့် အစားအသောက်ဆိုင် အမျိုးမျိုးတို့ သာ့ရှန်း နေရာအနှံ့ ပျံ့နှံ့ သွားခဲ့လေသည်။

အစားအသောက် မျိုးစုံ နေရာအနှံ့ ခေတ်စားလာပြီးနောက်တွင် မြို့တော်က ဦးဆောင်၍ အစားအသောက်လမ်းတန်း၊ အစားအသောက်ပွဲတော် လှုပ်ရှားမှုများကို စတင် ကျင်းပခဲ့သည်။

မျိုးကောင်း မျိုးသန့်နှင့် ဓာတ်မြေဩဇာများ ရှိလာပြီးနောက်တွင် စိုက်ခင်းများ၏ အထွက်နှုန်းမှာ သိသိသာသာ တိုးတက်လာခဲ့သည်။ ပြည်သူများ၏ လက်ဝယ်တွင် ပိုလျှံငွေများ ရှိလာပြီး နေ့ရက်များ တိုးတက် ကောင်းမွန်လာသည်ကို မြင်တွေ့ရသဖြင့် အစားအသောက်များ အပေါ်တွင် ငွေသုံးစွဲရန် ဝန်မလေးကြတော့ပေ။

အစားအသောက်များ၏ ကုန်ကြမ်း အများစုမှာ အိမ်မွေးတိရစ္ဆာန်များနှင့် ဟင်းသီးဟင်းရွက်များ ဖြစ်ကြပြီး စိုက်ပျိုးရေး ထွက်ကုန်များနှင့် များစွာ ဆက်စပ်မှု ရှိလေသည်။ ဝယ်လိုအား များပြားလာသောအခါ ပြည်သူများသည် ပင်ပန်းသည် ဆိုရုံမျှသာ ရှိပြီး ငွေပိုမို ရှာဖွေနိုင်လာကြသည်။ ဘဝက ပိုမို မျှော်လင့်ချက် ရှိလာပြီး ကောင်းမွန်သော သံသရာ တစ်ခု ဖြစ်ပေါ်လာတော့သည်။

လအနည်းငယ် အတွင်းမှာပင် ဒေသအသီးသီးသည် နမူနာယူ လိုက်လုပ်လာကြပြီး အစားအသောက်လမ်းတန်းနှင့် အစားအသောက်ပွဲတော် လှုပ်ရှားမှုများသည် အိမ်နီးချင်း နိုင်ငံများသို့ပါ ပျံ့နှံ့သွားမည့် အလားအလာ ရှိလာလေသည်။

အလုပ်သမားဝန်ကြီးဌာန၏ ယက်ကန်းစင်နှင့် လွန်းတံမှာ ဒုတိယမြောက် အောင်မြင်မှု အဖြစ် ထွက်ပေါ်လာသည်။

အလုပ်သမားဝန်ကြီးဌာနတွင် သာ့ရှန်း၏ ထိပ်တန်း နည်းပညာရှင်များ စုဝေးနေကြရာ ပုံကြမ်းများ ရှိနေပါက စက်ကိရိယာ အနည်းငယ် တီထွင်ဖန်တီးရန်မှာ အလွန် လွယ်ကူသော ကိစ္စပင်။

အဆ ၂၀ နှုန်းဖြင့် လည်ပတ်နိုင်သော ယက်ကန်းစင် ထွက်ပေါ်လာသည်နှင့် မြို့တော်တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး အထည်အလိပ်လောကသည် ချက်ချင်းပင် အပြိုင်အဆိုင် ဖြစ်လာကြတော့သည်။

ထို့နောက်တွင် စစ်ရေးဝန်ကြီးဌာန၏ စက်ဘီးနှင့် သုံးဘီးကားများလည်း ထွက်ပေါ်လာလေသည်။ ညီညာပြန့်ပြူးသော ကွန်ကရစ်လမ်းမပေါ်တွင် လျင်မြန်စွာ မောင်းနှင်သွားကြရာ မြန်ဆန်လွန်းသဖြင့် လူအများအပြားမှာ မိမိတို့ မျက်စိမှားနေသည်ဟုပင် ထင်မှတ်သွားကြသည်။

ဤအရာနှစ်ခု ထွက်ပေါ်လာခြင်းက ဈေးကွက်၏ တုကျုံးကော်နှင့် ရော်ဘာ လိုအပ်ချက်ကို ပိုမို မြင့်တက်လာစေသည်။ တုကျုံးပင် စိုက်ပျိုးထားသော ပြည်သူအများအပြားမှာ ပျော်ရွှင်နေကြပြီး အချို့မှာ စိုက်ပျိုးနှုန်းကို လျင်မြန်စွာ တိုးမြှင့်လိုက်ကြသလို အချို့မှာလည်း နောက်ကျမှ သိရှိကာ လိုက်လံ စိုက်ပျိုးကြလေသည်။

နောက်ထပ် နှစ်အနည်းငယ် ကြာမြင့်ပြီး သာ့ရှန်းတွင် ရော်ဘာ စိုက်ပျိုးနိုင်လျှင်ပင် တုကျုံးသည် ဆေးဖက်ဝင် ပစ္စည်း ဖြစ်နေဆဲပင်။ ပြည်သူများ အနေဖြင့် စိုက်ပျိုးထားလျှင် ရှုံးစရာ မရှိသကဲ့သို့ ဤဝင်ငွေရသော ပညာရပ်ကို သားစဉ်မြေးဆက် လက်ဆင့်ကမ်းပေးနိုင်လျှင် ပို၍ပင် မရှုံးနိုင်ချေ။

ပြည်သူများက သာ့ရှန်းသည် ဝှက်ဖဲတစ်ခု ရှိနေသကဲ့သို့ ထူးခြားနေသည်ဟု ခံစားနေကြရသည်။ ညီလာခံရှိ ဌာနဆိုင်ရာ အသီးသီးသည် ပြိုင်ပွဲဝင်နေကြသကဲ့သို့ တစ်ခုပြီးတစ်ခု ပစ္စည်းကောင်းများကို တီထွင် ထုတ်လုပ်နေကြလေသည်။

ဤမမြင်နိုင်သော ပြိုင်ပွဲကြီးထဲတွင် ပထမ ရရှိသင့်သည်ဟု ထင်မှတ်ရသော ဓလေ့ထုံးတမ်းဝန်ကြီးဌာနကမူ နောက်ကျ ကျန်ရစ်ခဲ့လေသည်။

ဓလေ့ထုံးတမ်းဝန်ကြီးဌာနမှ အရာရှိများသည် သူတို့ ရေးသားသော ဇာတ်လမ်းများနှင့် ထုပ်ပိုးမှု ဒီဇိုင်းများအပေါ်တွင် အလွန် မြင့်မားသော စံနှုန်းများ ထားရှိကြသည်။ သူတို့ တစ်ဦးချင်းစီသည် စိတ်စွဲလမ်းရောဂါ ရှိသူများ သို့မဟုတ် ပြီးပြည့်စုံမှုကို လိုလားသူများ ဖြစ်ကြကာ အသေးစိတ် အချက်အလက်များကို မှန်ဘီလူးဖြင့် ကြည့်ရှု စစ်ဆေးတတ်ကြပြီး အပြစ်ရှာစရာ အနည်းငယ်မျှ မရှိတော့ကြောင်း သေချာမှသာ တင်ပြလေ့ ရှိကြသည်။

ပိုမို ကောင်းမွန်အောင် ကြိုးစားခြင်း ဖြစ်ရာ ကောင်းမွန်ပါပေသည်။

ချူဟွားက မည်သည့် ကန့်ကွက်ချက်မှ မရှိသော်လည်း ဓလေ့ထုံးတမ်းဝန်ကြီးမှာ ဒေါသထွက်လွန်း၍ မောပန်းနေလေပြီ။ အခြား ဌာနများထက် နှေးကွေးနေခြင်းက သူ့ကို မျက်နှာပျက်စေသည်ဟု ခံစားနေရသည်။

ကံကောင်းသည်မှာ သူတို့ စေ့စပ်သေချာစွာ ပြင်ဆင်ထားသော ဇာတ်လမ်းများနှင့် ဒီဇိုင်းများကို ဆပ်ပြာမွှေး၊ မျက်နှာသစ်ဆေး စသည့် နေ့စဉ်သုံး ပစ္စည်းများနှင့် နှုတ်ခမ်းနီ၊ မျက်ခုံးဆွဲခဲတံ စသည့် အလှကုန်များတွင် အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ဤပစ္စည်းများသည် ကြော်ငြာပြီးနောက်တွင် ငွေကြေး မရှားပါးသော ဂုဏ်သရေရှိ အမျိုးသမီးကြီးများက ဝယ်ယူ သိမ်းဆည်းခဲ့ကြသဖြင့် အလွန် ဝင်ငွေ ကောင်းလှသည်။

ထိုပစ္စည်းများကို အိမ်နီးချင်း နိုင်ငံများသို့ တင်ပို့ ရောင်းချသောအခါ ဈေးနှုန်း တစ်ဆ နှစ်ဆ မြှင့်ထားလျှင်ပင် ဝယ်ယူမည့်သူများ ရှိနေလေသည်။ ထို့ကြောင့် ဓလေ့ထုံးတမ်းဝန်ကြီးဌာန တစ်ခုလုံး ပျော်ရွှင်ပြီး အားတက်လာကြကာ ရှီးရုံ၊ ပေတိနှင့် တုန်းယီမှ လူများ၏ ငွေများကို ပြောင်စင်သွားအောင် ယူမည်ဟု ကျိန်ဆိုကြတော့သည်။

နှိုင်းယှဉ်ကြည့်မည် ဆိုပါက တိရစ္ဆာန်မွေးမြူရေးဝန်ကြီးဌာန၏ လှုပ်ရှားမှုမှာ အနှေးကွေးဆုံး ဖြစ်လေသည်။

ချူဟွားသည် ကြက်၊ ဘဲ၊ ငန်း ဥများကို စီးပွားဖြစ် မည်သို့ ဖောက်ရမည်ကို သိရှိသော်လည်း တိကျသော အခြေအနေများနှင့် အပူချိန် အသေးစိတ်ကို ကောင်းစွာ မသိရှိပေ။ ထို့ကြောင့် တိရစ္ဆာန်မွေးမြူရေးဝန်ကြီးဌာနမှ အရာရှိများ ကိုယ်တိုင် စမ်းသပ် ရှာဖွေကြရသည်။

အရှင်မင်းကြီးသည် ဤနည်းလမ်းများ၏ ငွေရှာနိုင်စွမ်းကို သိရှိပြီးနောက် အချိန်အတော်ကြာ ပျော်ရွှင်နေကာ လင်ယိုနှင့် ချန်ကျို့ကို ပြောလိုက်သည်။ "ကျောက်မင်က စီးပွားရေး နတ်ဘုရား ဆင်းသက်လာတာများလား"

ချန်ကျို့သည် အရှင်မင်းကြီး စိတ်လက် ကြည်သာနေသည်ကို မြင်သဖြင့် အရွှမ်းဖောက်ကာ ပြောလိုက်သည်။ "ကျောက်မင်မင်းသမီးက ပိုက်ဆံရှာရာမှာ ဒီလောက် တော်မှတော့ ကြီးပွားခြင်း နတ်ဘုရား မဟုတ်ရင်တောင် ရတနာအိုး နတ်ဝင်နေတာပဲ ဖြစ်မှာပါ"

"ခွီး" အရှင်မင်းကြီး ရယ်မောသွားပြီး လက်ကာပြကာ ဘေးနားရှိ အခြား စာအုပ်တစ်အုပ်ကို လှန်လိုက်လေသည်။

ထိုအခြေအနေကို မြင်သောအခါ လင်ယိုနှင့် ချန်ကျို့တို့သည် တိတ်တဆိတ် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ကြသည်။

အရှင်မင်းကြီးသည် စာအုပ်ထဲရှိ အကြောင်းအရာများကို သေချာစွာ မြင်လိုက်ရသောအခါ အပြုံးများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီးနောက် ထုံထိုင်းသွားတော့သည်။

ဤသည်မှာ ဘဏ္ဍာရေးဝန်ကြီးဌာနမှ တင်ပြလာသော ကွန်ကရစ်လမ်းခင်းခြင်း စာရင်းအင်း ဖြစ်လေသည်။ ဤအချက် တစ်ခုတည်းဖြင့်ပင် အထက်ဖော်ပြပါ ငွေရှာသည့် လုပ်ငန်းများမှ အကျိုးအမြတ် အားလုံးကို ဖြည့်သွင်းလိုက်လျှင်ပင် မလုံလောက်သေးဘဲ တိုင်းပြည်ဘဏ္ဍာတိုက်ထဲမှ တစ်စိတ်တစ်ပိုင်း ထပ်မံ ထုတ်ယူလိုက်ရသေးသည်။

ယခင်က ပျော်ရွှင်ခဲ့ရသလောက် ယခုတော့ ထိုထက်ပိုပြီး ရင်ကွဲရတော့သည်။

ချူဟွားက ပစ္စည်းကောင်းများစွာကို တစ်ကြိမ်တည်းနှင့် ထုတ်ပေးခဲ့သည်မှာ မဆန်းတော့ပေ။ တကယ်တမ်းတွင် ပစ္စည်းကောင်းများ အားလုံး ပေါင်းစည်းလိုက်လျှင်ပင် ဤတွင်းနက်ကြီးကို ပြည့်အောင် မဖို့နိုင်ပေ။

စီးပွားရေး နတ်ဘုရား ဆင်းသက်လာတာတဲ့လား။ သူမက ဖီရှူး မျိုးနွယ်များ ဖြစ်နေမလား။

"ဘယ်လိုလုပ်ပြီး ဒီလောက်တောင် များနေရတာလဲ" အရှင်မင်းကြီးသည် နှလုံးနာလွန်းသဖြင့် တုန်ရီနေပြီး မူးဝေကာ အသက်ရှူမဝ ဖြစ်သွားတော့သည်။ စာရင်းအင်းကို ဆက်လက် မကြည့်ရှုနိုင်တော့ပေ။ "လင်ယို၊ မင်း ပြောစမ်း"

လင်ယိုသည် ဘဏ္ဍာရေးဝန်ကြီးဌာနမှ တင်ပြလာသော စာရင်းအင်းကို မကြည့်ရှုဖူးသော်လည်း နန်းစောင့်တပ်မှ ချူဟွားအား အနီးကပ် ကာကွယ်ရန် အမိန့်ရရှိထားသဖြင့် မင်းသမီးအိမ်တော်၏ ကြီးမားသော လှုပ်ရှားမှုများကို သူ သိရှိထားသည်။

"မင်းသမီးက မင်္ဂလာမဆောင်ခင်ကတည်းက ကွန်ကရစ်လမ်းခင်းဖို့ လူတစ်စုကို လေ့ကျင့် သင်ကြားပေးထားခဲ့ပါတယ်၊ တစ်ဖက်က လမ်းခင်းရင်း တစ်ဖက်က လူတွေကို သင်ကြားပေးခဲ့ပါတယ်၊ စီမံကိန်း အောင်မြင်ပြီးနောက်မှာ လမ်းတစ်ပိုင်းကို နှစ်ဖက်ခွဲပြီး စတင် တည်ဆောက်စေပါတယ်၊ ခေါင်းနဲ့ အမြီးကို ဆက်သွယ်စေတာပါ"

"ဒီလို တည်ဆောက်တာက အရှိန်အများကြီး ပိုမြန်စေပါတယ်၊ အကြောင်းအရင်းကတော့ တည်ဆောက်တဲ့ လမ်းတွေက အရာရှိတွေရဲ့ ကိုယ်ပိုင် စီမံအုပ်ချုပ်မှု အောက်က လမ်းတွေ ဖြစ်သလို ပြည်သူတွေ ကိုယ်တိုင် ဆယ်စုနှစ်နဲ့ချီ အသုံးပြုရမဲ့ လမ်းတွေ ဖြစ်နေလို့ပါ၊ အရာရှိရော ပြည်သူတွေပါ ဘယ်သူမှ အပျင်းမကြီးရဲကြပါဘူး၊ ပြည်သူအများစုက ကိုယ့်သဘောနဲ့ကိုယ် ထိန်းသိမ်းကြတဲ့အတွက် စောင့်ကြည့်ကြီးကြပ်ရတဲ့ အလုပ် အများကြီး သက်သာသွားစေပါတယ်"

"အလုပ်သက်သာပြီး မြန်ဆန်လာတဲ့အခါ မင်းသမီးက ဒီအတွေ့အကြုံရှိတဲ့ လူတွေကို နောက်ထပ် လူတွေကို ထပ်သင်ပေးခိုင်းပါတယ်၊ ဒီနည်းအတိုင်းပဲ အစပိုင်းမှာ လမ်းကြောင်း အနည်းငယ်ကို ပြိုင်တူ ပြုပြင်ရာကနေ ဆယ်ချီတဲ့ လမ်းကြောင်းတွေ ပြိုင်တူ ပြုပြင်လာနိုင်ပါတယ်၊ အခုဆိုရင် လမ်းကြောင်းပေါင်းများစွာကို တစ်ပြိုင်နက်တည်း ပြုပြင်နေပြီ ဖြစ်တဲ့အတွက် ကုန်ကျစရိတ်က နှင်းလုံးလိမ့်သလို ကြီးထွားလာပြီး..."

"ရပ်လိုက်တော့" အရှင်မင်းကြီး ဆက်လက် နားမထောင်ချင်တော့ပေ။

သူသည် ချူဟွား မည်မျှ ငွေကြေး သုံးစွဲနေသည်ကို မသိချင်သကဲ့သို့ မည်မျှ မွဲပြာကျစေမည့် စီမံကိန်းကို သူ သဘောတူလိုက်မိသည်ကိုလည်း မသိချင်တော့ပေ။

ပိုမို ရှင်းလင်းစွာ သိရလေ ပိုမို နောင်တရလေပင်။

ချန်ကျို့သည် အလျင်အမြန် ရှေ့တိုးလာပြီး အရှင်မင်းကြီးကို ပခုံးနှိပ် ကျောထုပေးလေသည်။ အရှင်မင်းကြီးသည် အချိန်အတော်ကြာမှ သက်သာရာ ရသွားပြီး စာရင်းအင်းကို တကယ်တမ်း ဘေးဖယ်ထား၍ မရကြောင်း သိသဖြင့် ပြန်လည် ကောက်ယူကာ လှန်လှော ကြည့်ရှုလိုက်သည်။

ဤသို့ လှန်လှောကြည့်လိုက်ရာ စာရင်းအင်းထဲတွင် စာတစ်စောင် ညှပ်ပါနေသည်ကို အရှင်မင်းကြီး တွေ့ရှိလိုက်ရသည်။ စာအိတ်ပေါ်တွင် "ခမည်းတော် ထံသို့" ဟူသော စာလုံးများ ရေးသားထားလေသည်။

ထိုလက်ရေးသည် ကြည့်လိုက်သည်နှင့် ချူဟွား၏ လက်ရေးမှန်း သိသာနေသည်။

အရှင်မင်းကြီး: "....ချန်ကျို့၊ မီးရှို့လိုက်ပါ"

ဤစာကို ကြည့်ရသည်မှာ သူ့ကို စိတ်ဂယောက်ဂယက် ဖြစ်စေပြီး သေသည်အထိ မဖွင့်ကြည့်သင့်ဘူး ဟူသော ခံစားချက်မျိုး ဖြစ်ပေါ်နေစေသည်။ သူသည် မိမိ၏ အာရုံခံစားမှုကို အလွန် ယုံကြည်သူ ဖြစ်သည်။

ချန်ကျို့က မည်သို့ လုပ်ရဲပါမည်နည်း။ အရှင်မင်းကြီးသည် ဒေါသဖြင့် ပြောဆိုခြင်းသာ ဖြစ်ပြီး တကယ်တမ်း လုပ်ဆောင်မည် မဟုတ်ကြောင်း သူ သိရှိသည်။

ထို့အပြင်...

"အရှင်မင်းကြီး၊ တကယ်လို့ အရှင်က ကျောက်မင်မင်းသမီးရဲ့ စာကို မီးရှို့လိုက်ရင် မနက်ဖြန်ကျရင် ထုံအာက ဒီကိစ္စကို ညီလာခံမှာ ဖောက်သည်ချပါလိမ့်မယ်၊ အဲဒီအချိန်ကျရင် ညီလာခံ တစ်ခုလုံးက အရာရှိတွေ အကုန် သိကုန်ကြပါလိမ့်မယ်"

အရှင်မင်းကြီးသည် အံကို ကြိတ်လိုက်မိသည်။ ကျောက်မင်နှင့် system သည် တကယ်ပင် သူ့ကို နှိပ်စက်နေကြပါလား။

သူသည် အသက်ပြင်းပြင်း ၁၀ ကြိမ်ခန့် ဆက်တိုက် ရှူရှိုက်ပြီးမှ စာအိတ်ကို ဖွင့်လိုက်သည်။ အစပိုင်းကို မြင်လိုက်သည်နှင့် မျက်လုံး ပြာဝေသွားပြီး တစ်ဝက်ခန့် ရောက်သောအခါ ရင်ဘတ်ကို ဖိထားလိုက်ရသည်။ နောက်ဆုံးပိုင်း ရောက်သောအခါတွင်မူ မေ့လဲမသွားစေရန် မိမိ၏ နှာခေါင်းအောက် ရန်ကျုံးအမှတ်ကို အတင်း ဖိဆိတ်ထားလိုက်ရတော့သည်။

"ကျောက်မင်... နင်က တကယ့်ကို မွဲပြာကျအောင် လုပ်တဲ့ မိန်းကလေးပဲ"

...

All Chapters