← Chapters

အခန်း ၁၄၄

Vol. 10 Ch. 144

အခန်း ၁၄၄

Vol. 10 Ch. 144

အပိုင်း (၁၄၄)

မနေ့က အရှင်မင်းကြီးသည် ချူဟွားကို ဖြုန်းတီးသူဟု ဆူပူကြိမ်းမောင်းခဲ့သော်လည်း ဒုတိယနေ့ ညီလာခံတွင်မူ သူက သားသမီးကို ကာကွယ်ပေးသည့် အဖေအရင်းတစ်ယောက် ဖြစ်လာခဲ့လေသည်။ ချူဟွားကို မကောင်းပြောချင်သူ ရှိလျှင် သူက စိုက်ကြည့်နေပြီး မှူးမတ်ပေါင်းစုံမှာ ချွေးပြန်ရလေ၏။

ချူဟွားက ညီလာခံတွင် အဆိုပြုလိုက်သည်။

"သာ့ရှန်းက နှစ်တိုင်း ရေကာတာ ဆောက်လုပ်တာနဲ့ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးတွေမှာ ငွေအမြောက်အမြား သုံးစွဲနေရပြီး အဲဒီအထဲက ရေကာတာ ထက်ဝက်ကျော်က နှစ်နှစ် သုံးနှစ်တစ်ခါ ပြန်ဆောက်တာ ဒါမှမဟုတ် ပြုပြင်တာတွေ လုပ်နေရပါတယ်။ ကျွန်မက ပိုပြီး ခိုင်ခံ့တဲ့ သံကူကွန်ကရစ် ရေကာတာ ဆောက်လုပ်ဖို့ အကြံပြုလိုပြီး ဆယ်စုနှစ်ချီ အသုံးပြုရင်တောင် ပြဿနာမရှိပါဘူး"

သံကူကွန်ကရစ် ရေကာတာဟူသော အယူအဆကို တင်ပြလိုက်သည်နှင့် မှူးမတ်ပေါင်းစုံ၏ ပထမဆုံး တုံ့ပြန်မှုမှာ သက်တမ်းတာရှည်ခံမည်ဖြစ်သောကြောင့် အံ့သြဝမ်းသာခြင်း မဟုတ်ဘဲ တစ်ညီတစ်ညွတ်တည်း မေးခွန်းထုတ်လာခြင်း ဖြစ်လေသည်။

"ဒါက ဘာရေကာတာလဲ"

"တကယ်ပဲ ဆယ်စုနှစ်ချီ အသုံးခံပါ့မလား"

"မင်းသမီးက ဒီရေကာတာက လက်ရှိရေကာတာထက် ပိုကောင်းတယ်ဆိုတာ ဘယ်လိုအာမခံမလဲ"

"ဒီလိုရေကာတာရဲ့ ကုန်ကျစရိတ်က ပိုပြီး များနေမလား"

"သာ့ရှန်းမှာ ဘိလပ်မြေလမ်းတွေ နေရာအနှံ့ ခင်းနေတဲ့ အခုလိုအချိန်မှာ တိုင်းပြည်ဘဏ္ဍာတိုက်က ကုန်ကျစရိတ် ဒီလောက်ကြီးမားတဲ့ ရေကာတာဆောက်ဖို့ ငွေပိုရှိပါဦးမလား"

မှူးမတ်ပေါင်းစုံက ချူဟွားကို တမင်သက်သက် ပစ်မှတ်ထားနေခြင်း မဟုတ်ပေ။ ငွေသုံးရမည့် အဆိုပြုချက်တစ်ခု ထွက်လာတိုင်း မေးခွန်းထုတ်ခံရမည်သာ ဖြစ်သည်။ မဟုတ်ပါက စကားတစ်ခွန်းပြောရုံဖြင့် ငွေသုံးနိုင်လျှင် တိုင်းပြည်ဘဏ္ဍာတိုက်၌ ဘယ်မှာ ပိုက်ဆံအများကြီး ရှိလိမ့်မည်နည်း။

ထို့ကြောင့် အရှင်မင်းကြီး သူတို့ကို ကြည့်နေသည့် အကြည့်များထဲတွင် မကျေနပ်မှုအချို့ ပါဝင်နေပုံရလျှင်တောင် မှူးမတ်ပေါင်းစုံက အခက်အခဲကို ရင်ဆိုင်ရုံသာ ရှိလေ၏။

ချူဟွားက အကြံပြုချက် မတင်ပြမီကတည်းက မည်သည့်အခြေအနေမျိုး ကြုံတွေ့ရမည်ကို တွေးထားပြီး ဖြစ်သောကြောင့် မေးခွန်းထုတ်ခံရသော်လည်း ထိတ်လန့်ခြင်း မရှိပေ။

"ဘိလပ်မြေလမ်းအကြောင်း ရှင်တို့ သိပြီးကြပြီပဲ။ ဒီလမ်းက ဘယ်လိုအနေအထားရှိလဲဆိုတာလည်း သိကြမှာပါ။ ဘိလပ်မြေဆိုတာ တကယ်တော့ ကွန်ကရစ်ရဲ့ အစိတ်အပိုင်းပစ္စည်း တစ်ခုဖြစ်ပြီး ကွန်ကရစ်နဲ့လည်း လမ်းခင်းလို့ရသလို ရေစိမ့်ဝင်မှုကို ကာကွယ်နိုင်စွမ်းက ပိုကောင်းပြီး ကြာရှည်ခံမှုကလည်း ပိုပြီး မြင့်မားပါတယ်။ ယေဘုယျအားဖြင့် ပြောရရင် ကွန်ကရစ်လမ်းက ဘိလပ်မြေလမ်းထက် ပိုကောင်းပါတယ်"

"ဒါဆို ဘာလို့ မရှိ..." လူကြီးမင်းတစ်ဦးက နှုတ်သွက်လျှာသွက် မေးလိုက်သော်လည်း ချူဟွား ပြန်မဖြေခင်မှာပင် အကြောင်းအရင်းကို သဘောပေါက်သွားကာ အလျင်အမြန် ပါးစပ်ပိတ်ပြီး ချူဟွား မကြားပါစေနှင့်ဟု ဆုတောင်းလိုက်လေသည်။

သို့သော် ချူဟွားက ကြားသွားပြီ ဖြစ်သောကြောင့် ပြန်ဖြေလိုက်၏။

"ကွန်ကရစ်လမ်းရဲ့ ကုန်ကျစရိတ်က ပိုပြီး မြင့်မားလို့ တိုင်းပြည်ဘဏ္ဍာတိုက်မှာ ပိုက်ဆံမရှိလို့ပါ"

"တိုင်းပြည်ဘဏ္ဍာတိုက်မှာ ပိုက်ဆံမရှိဘူး" ဟူသော စကားတစ်ခွန်းက အရှင်မင်းကြီးနှင့် မှူးမတ်ပေါင်းစုံ၏ နာကျင်မှုကို အကြီးအကျယ် ထိုးနှက်လိုက်သလိုဖြစ်ပြီး မျက်ခုံးများ ပြင်းပြင်းထန်ထန် လှုပ်ခါသွားလေသည်။

အကျင့်ပျက်ခြစားသော အရာရှိများကို စစ်ဆေးအရေးယူပြီး နှစ်တစ်ရာ စုဆောင်းထားသော ဆွေကြီးမျိုးကြီးများကို ပိုင်ဆိုင်မှု သိမ်းဆည်းကာ ရှီးရုံနှင့် မြောက်ပိုင်းသားတို့ဆီမှ "ချစ်ကြည်ရေးထောက်ပံ့ငွေ" အများအပြား ရရှိခဲ့သည့်အပြင် စီးပွားရေးလုပ်ငန်း အများအပြား လုပ်ကိုင်ခဲ့သော်လည်း အဆုံးသတ်တွင် တိုင်းပြည်ဘဏ္ဍာတိုက်၌ ပိုက်ဆံမရှိ ဖြစ်နေရဆဲပင်။

ဟုတ်ပါသည်။

ကွန်ကရစ်လမ်းက ပိုကောင်းသော်လည်း သူတို့ဆီမှာ ပိုက်ဆံမရှိဘဲ မဆောက်လုပ်နိုင်သည်ကို ဘယ်သူ့သွားအပြစ်တင်ရမည်နည်း။

မှူးမတ်ပေါင်းစုံက ဆင်းရဲမွဲတေမှုကြောင့် မတတ်သာသည့် သက်ပြင်းသံများကို ထုတ်လိုက်ကြလေ၏။ သာ့ရှန်းက ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် ဆင်းရဲနေရတာလဲ။

ချူဟွားက မမြင်ချင်ယောင်ဆောင်ကာ သူမ ပြောစရာရှိသည်ကို ဆက်ပြောလိုက်သည်။

"သံကူကွန်ကရစ် ရေကာတာမှာ သုံးရမဲ့ သံချောင်းနဲ့ ကွန်ကရစ်တွေက ခန့်မှန်းလို့မရနိုင်တဲ့ ပမာဏဖြစ်ပြီး လက်ရှိ သံမဏိသန့်စင်နည်းရဲ့ ထုတ်လုပ်မှုပမာဏအရ ရေကာတာတစ်ခုစာအတွက် သံချောင်းပမာဏ ပေးဖို့တောင် အရမ်းကို ဝန်ပိနေပါလိမ့်မယ်"

သာ့ရှန်း နေရာအနှံ့အပြားတွင် သံကူကွန်ကရစ် ရေကာတာ မည်မျှ ဆောက်လုပ်ရမည်ကိုမူ ဆိုဖွယ်ရာ မရှိတော့ပေ။

အရာရှိအများအပြားက တိုင်းပြည်ဘဏ္ဍာတိုက်လည်း အရမ်းကို ဝန်ပိနေလိမ့်မည်ဟု စိတ်ထဲတွင် တိတ်တဆိတ် တွေးလိုက်ကြလေသည်။

ချူဟွားက ပြောလိုက်သည်။ "ကျွန်မဆီမှာ သံမဏိသန့်စင်နည်း ပုံစံအမျိုးမျိုး ရှိပေမဲ့ လက်ရှိအခြေအနေအောက်မှာ ထုတ်လုပ်မှုပမာဏ ဘယ်လောက်ရနိုင်မလဲဆိုတာ မသေချာပါဘူး။ ဒါကြောင့် ဘယ်နည်းလမ်းကို အတိအကျ သုံးမလဲဆိုတာ စမ်းသပ်ကြည့်ပြီးမှ သိရပါမယ်"

"ဒါပေမဲ့ ဘယ်လို သံမဏိသန့်စင်နည်းကို သုံးတာပဲဖြစ်ဖြစ် သံကူကွန်ကရစ် ရေကာတာ တည်ဆောက်ဖို့ လိုအပ်တဲ့ပမာဏက အရမ်းများလွန်းလို့ စက်ရုံတည်ဆောက်တဲ့အခါ ကုန်ကြမ်းရနိုင်တဲ့နေရာနဲ့ နီးရင် အကောင်းဆုံးပါပဲ။ ဒါဆိုရင် ကြားခံသယ်ယူပို့ဆောင်ရေး အချိန်နဲ့ ကုန်ကျစရိတ်ကို သက်သာစေနိုင်ပါတယ်"

"ကြည့်ရတာ သံကူကွန်ကရစ် ရေကာတာတစ်ခု တည်ဆောက်ဖို့ ပိုက်ဆံအများကြီး လိုအပ်ပုံပေါက်နေပေမဲ့ ကောင်းကောင်း တည်ဆောက်ပြီး ပစ္စည်းခိုးတာတွေ မလုပ်ဘူးဆိုရင် တစ်ခုဆောက်ထားတာနဲ့ ဆယ်စုနှစ်ချီ အသုံးပြုနိုင်မှာပါ။ နောက်ပိုင်း နှစ်နှစ် သုံးနှစ်တစ်ခါ ပြုပြင်ရတာတွေ မရှိတော့ဘဲ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းတွေ အားလုံး သက်သာသွားပါလိမ့်မယ်။ ရိုးရိုးရှင်းရှင်း ပြောရရင် ရေရှည်ကြည့်မယ်ဆို ပိုက်ဆံသက်သာတယ်၊ အရမ်းသက်သာတယ်၊ အများကြီး သက်သာပါတယ်"

"ပိုက်ဆံသက်သာတယ်" ဟူသော စကားလုံးကို သုံးကြိမ်ဆက်တိုက် ပြောလိုက်ရာ အရှင်မင်းကြီးနှင့် မှူးမတ်ပေါင်းစုံ၏ မျက်နှာထားများ အနည်းငယ် ကောင်းမွန်သွားကြလေသည်။

အကယ်၍ သံကူကွန်ကရစ် ရေကာတာသည် ချူဟွား ပြောသကဲ့သို့ အမှန်တကယ် ကောင်းမွန်ပါက ရွှေမျိုသော သတ္တဝါကြီး ဖြစ်နေလျှင်တောင် တိုင်းပြည်ဘဏ္ဍာတိုက်က အိုးခွက်ခွဲရောင်းပြီး ဆောက်လုပ်ရပေမည်။

ဒီဆယ်နှစ် အနှစ် ၂၀ လောက် သူတို့ ခါးပတ်တင်းကာ နေထိုင်ရပြီး ပင်ပန်းကောင်း ပင်ပန်းနိုင်သော်လည်း ရေရှည်ကြည့်လျှင် နောက်ထပ် ဆယ်စုနှစ်များစွာ ရာစုနှစ်များစွာတိုင် သာ့ရှန်း ပြည်သူများ ရေဘေးဒုက္ခ ခံစားရတော့မည် မဟုတ်ပေ။ အကြောင်းအရင်းမှာ သူတို့၌ ပိုကောင်းသော ရေကာတာများ ရှိလာမည်ဖြစ်သောကြောင့်ပင်။

အရှင်မင်းကြီးသည် မနေ့က ချူဟွား၏ စာထဲမှ အကြောင်းအရာ အတော်များများကို ဖတ်ရှုခဲ့ပြီးဖြစ်ရာ မှူးမတ်ပေါင်းစုံက လောလောဆယ် ကန့်ကွက်စကား မဆိုသည်ကို မြင်သောအခါ မေးမြန်းလိုက်သည်။

"ကျောက်မင်.. မင်း ဘယ်လိုတွေးထားလဲဆိုတာ အသေးစိတ် ပြောပြပါဦး"

ချူဟွားလည်း သံကူကွန်ကရစ် ရေကာတာ တည်ဆောက်ရာတွင် မည်သည့်ပစ္စည်းများ လိုအပ်သည်၊ မည်သည့်နေရာတွင် တည်ဆောက်မည်၊ မည်သူ့ကို ရှာဖွေလုပ်ကိုင်ခိုင်းမည် အစရှိသည်တို့ကို အသေးစိတ် ပြောပြလိုက်၏။

သူမသည် စက်ရုံတည်ဆောက်မည့် နေရာကိုပင် ရွေးချယ်ပြီးဖြစ်ကာ တစ်နေရာတည်း မဟုတ်ပေ။

နာရီဝက်ခန့် ကြာသည်အထိ ပြောဆိုနေခဲ့ပြီး ကြားထဲတွင် အခြားအရာရှိများ၏ မေးခွန်းများကို ဖြေကြားပေးရသည့် အချိန်များလည်း ရှိရာ ချူဟွားမှာ အာခေါင်ခြောက်လာလေသည်။

ချန်ကျို့က တိတ်တဆိတ် ရှေ့တိုးကာ လက်ဖက်ရည် ငှဲ့ပေးပြီး ညီလာခံမှ အရပ်ဘက်စစ်ဘက် အရာရှိများရှေ့တွင် ရေနွေး ၂ ခွက် လာပို့ပေးလေသည်။ "မင်းသမီး သုံးဆောင်ပါ"

"ကျေးဇူးပါပဲ" ချူဟွားလည်း အားနာမနေဘဲ ရေ ၂ ခွက်ကို တစ်ပြိုင်နက် မော့သောက်လိုက်လေ၏။

"အားလုံးပဲ ဘာများ မေးစရာရှိသေးလဲ"

ဘဏ္ဍာရေးဝန်ကြီး ရှေ့ထွက်လာပြီး ပြောလာသည်။ "မင်းသမီး.. သံကူကွန်ကရစ် ရေကာတာ ဘယ်လောက်ကောင်းကောင်း ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း သိပါပြီ။ ဒါပေမဲ့ တိုင်းပြည်ဘဏ္ဍာတိုက်မှာ ပိုက်ဆံဘယ်လောက်ရှိပြီး နှစ်စဉ် ဝင်ငွေထွက်ငွေ ဘယ်လောက်ရှိလဲဆိုတာ မင်းသမီးလည်း သိတာပဲ။ ရေကာတာ ဆောက်ဖို့ ပိုက်ဆံက တကယ်ကို ခက်ခဲပါတယ်"

မှူးမတ်ပေါင်းစုံက ခေါင်းတညိတ်ညိတ် လုပ်လိုက်ကြ၏။

အားလုံးက သာ့ရှန်းနှင့် ပြည်သူများ ပိုမိုကောင်းမွန်လာစေရန်အတွက် ဖြစ်ပြီး ချူဟွား၏ စီမံကိန်းမှာလည်း အလွန်ပြည့်စုံကာ အချိန်ကြာမြင့်စွာ ပြင်ဆင်ထားမှန်း သိသာသော်လည်း ပိုက်ဆံမရှိပေ။ ဒီအချက်က သေရေးရှင်ရေးတမျှ အရေးကြီးလွန်းလှသည်။

ချူဟွားက တစ်ချက်ဝေ့ကြည့်လိုက်ရာ လူတိုင်းထိုကဲ့သို့ သဘောထားရှိနေသည်ကို တွေ့လိုက်ရသည်။

"တကယ်လို့ ချူဟွားက ငွေကြေးပြဿနာကို ဖြေရှင်းပေးနိုင်မယ်ဆိုရင် လူကြီးမင်းတို့က သံကူကွန်ကရစ် ရေကာတာကို လက်ခံကြမှာလား"

မှူးမတ်ပေါင်းစုံမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ကြောင်အသွားကြလေသည်။ ကျောက်မင်မင်းသမီးက ဘယ်လိုလုပ် ဒီလောက် ယုံကြည်မှု ရှိနေရသနည်း။ သူမဆီမှာ တကယ်ပဲ တခြားနည်းလမ်း ရှိနေတာလား။

ဘိလပ်မြေလမ်း နေရာအနှံ့ ခင်းဖို့အတွက် ညီလာခံတစ်ခုလုံး အလုပ်ဘယ်လောက် လုပ်ခဲ့ရပြီး ပိုက်ဆံအများကြီး ရှာနိုင်ခဲ့တာတောင် ဒီတွင်းကို မဖို့နိုင်ခဲ့သည်ကို တွေးမိလိုက်သည်နှင့် လူအများစုမှာ ချက်ချင်းပင် တုန်လှုပ်သွားကြလေသည်။ မနက်ဖြန်ကစပြီး နေ့ရောညပါ ၂၄ နာရီပတ်လုံး အလုပ်လုပ်ရပြန်တော့မှာလား။

ဖူရွေ့ချင်းဝမ်က စိတ်အားထက်သန်နေလေသည်။ ပြီးခဲ့သည့် ညီလာခံတစ်ခုလုံး အလုပ်လုပ်ရသည့် အသုတ်ထဲတွင် သူ မပါဝင်ခဲ့သဖြင့် သူ အနည်းငယ် အထီးကျန်နေခဲ့ရသည် မဟုတ်ပါလား။

"ကျောက်မင်.. သံကူကွန်ကရစ် ရေကာတာ ဘယ်လောက်ကောင်းကောင်း ငါတို့တွေ ရလဒ်ကို မမြင်ဖူးသေးဘူး"

ဆိုလိုရင်းမှာ မှူးမတ်များ ယုံကြည်လက်ခံလာအောင် လုပ်ရန် ခြေလှမ်းတစ်လှမ်း လိုနေသေးသည် ဟူ၍ပင်။

ချူဟွားက ပြောလိုက်၏။ "ရေကာတာ တည်ဆောက်တာက ပိုက်ဆံကုန် အချိန်ကုန်လွန်းလို့ လူကြီးမင်းတို့ကို အချောထည် ထုတ်မပြနိုင်ပါဘူး။ ဒါကြောင့် ချူဟွားက မင်းသမီးအိမ်တော်က နံရံတစ်ခုကို ဖျက်ပြီး သံကူကွန်ကရစ် နံရံ ဆောက်လုပ်ထားပါတယ်။ လူကြီးမင်းတို့ ညီလာခံ ပြီးတာနဲ့ သွားရောက် စမ်းသပ်နိုင်ပါတယ်"

စမ်းသပ်ရမယ်။ ဘာကို စမ်းသပ်ရမှာလဲ။

မှူးမတ်ပေါင်းစုံ အံ့အားသင့်သွားကြလေသည်။ ကျောက်မင်မင်းသမီးက သူတို့ကို နံရံသွားရိုက်ခိုင်းနေတာလား။ ဒါ ဖြစ်ပါ့မလား။

လူတိုင်း တီးတိုးပြောဆိုနေကြစဉ် အထက်မှ အရှင်မင်းကြီးက ခေါ်လိုက်သည်။

"လင်ယို"

နန်းစောင့်တပ်မှူး လင်ယိုက ရှေ့ထွက်လာပြီး လျှောက်တင်လိုက်၏။

"ကျွန်တော်မျိုး ရှိပါတယ်"

"မနေ့က ကျွန်တော်မျိုး နန်းစောင့်တပ်သား ၂၀ ကို မင်းသမီးအိမ်တော်ဆီ လွှတ်ပြီး တူတွေ၊ ကျောက်တုံးတွေ၊ လက်ရိုက်တွေစတဲ့ ကိရိယာမျိုးစုံသုံးပြီး သံကူကွန်ကရစ်နံရံကို တိုက်ခိုက်ခိုင်းခဲ့ပါတယ်။ ဒီလိုနံရံမျိုးရဲ့ မာကျောမှုနဲ့ တုန်ခါမှုကို ခံနိုင်ရည်အားက အရမ်းမြင့်မားပြီး တွယ်တက်ဖို့လည်း မလွယ်ကူတာကြောင့် မြို့ရိုးအဖြစ် အသုံးပြုဖို့ အရမ်းသင့်တော်တာကို တွေ့ရှိခဲ့ရပါတယ်"

ဒါသည် ချူဟွား စာရေးလိုက်သည့် ရည်ရွယ်ချက်ပင်။ အရှင်မင်းကြီးကို လူလွှတ်စမ်းသပ်ခိုင်းပြီးနောက် ညီလာခံတွင် သူမအတွက် သက်သေခံပေးရန်ဖြစ်သည်။

"တကယ်လို့ လူကြီးမင်းတို့ မယုံဘူးဆိုရင် ညီလာခံပြီးတဲ့အခါ ကိုယ့်သဘောဆန္ဒအတိုင်း သွားကြည့်နိုင်ပါတယ်"

ကျန်သည့်စကားများကို သူမ ဆက်မပြောတော့ပေ။ လူအများ စိတ်ဝင်စားနေကြသည့် သံကူကွန်ကရစ် ရေကာတာ တည်ဆောက်မည့်ငွေ ဘယ်ကရမလဲ ဆိုသည်ကိုတော့ မှူးမတ်ပေါင်းစုံက ကတိမပေးသရွေ့ သူမလည်း ပြောမည်မဟုတ်ပေ။

ညီလာခံပြီးနောက် ချူဟွားကို လူအများအပြားက တားပြီး ညီလာခံတွင် မေးမြန်းရန် အဆင်မပြေသည့် အသေးစိတ် အချက်အလက်အချို့ကို မေးမြန်းကြလေသည်။

မျက်လုံးထောင့်စွန်းမှ လီဟယ်နှင့် လီချန် သားအဖ၏ စိုးရိမ်ပူပန်နေသော အကြည့်များကို မြင်လိုက်ရသဖြင့် ချူဟွားက သူတို့ကို ခေါင်းခါပြကာ စိတ်မပူရန် အချက်ပြလိုက်၏။

လီဟယ်နှင့် လီချန် သားအဖသည် နယ်ဘက်တွင် ရေကာတာများကို နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့ပြီး ရေဘေးကာကွယ်ရာတွင် အကျိုးဆောင်မှုများ ပြုခဲ့သူများ ဖြစ်သည်။ မနှစ်ကမှ နေပြည်တော်အရာရှိအဖြစ် ရာထူးတိုးမြှင့်ခံရပြီး သူမ ညီလာခံတွင် ယခုလေးတင် ထောက်ခံပေးခဲ့သည့် သံကူကွန်ကရစ် ရေကာတာ တည်ဆောက်မည့် သူများလည်း ဖြစ်လေသည်။

ထိုနေ့တွင် မင်းသမီးအိမ်တော်၌ ဧည့်သည်အများအပြား ရောက်ရှိလာပြီး အရာရှိများ၊ အစေခံများနှင့် အလုပ်သမားများ ပါဝင်လေသည်။

ထိုလူများက အိမ်တော်ထဲသို့ မဝင်ကြဘဲ အပြင်ဘက်ရှိ သံကူကွန်ကရစ်နံရံကိုသာ လေ့လာကြပြီး မိမိတို့ ယူဆောင်လာသည့် အကြီးအသေး ကိရိယာမျိုးစုံဖြင့် အစွမ်းကုန် ရိုက်နှက်ကြတော့သည်။

ရိုက်နှက်သူ များပြားပြီး ကြာမြင့်လာသည်နှင့်အမျှ လမ်းသွားလမ်းလာများနှင့် အသံကြားရသည့် ပြည်သူများက ထိုလူများ ရူးနေသည်ဟု ထင်မှတ်ကာ မင်းသမီးအိမ်တော်မှ ကိုယ်ရံတော်များကို သွားရောက်တိုင်ကြားပြီး နံရံရိုက်နေသူများ ဦးနှောက်မကောင်း ဖြစ်နိုင်ကြောင်း ပြောကြလေသည်။

ကိုယ်ရံတော်များက ရယ်ချင်စိတ်ကို အောင့်ကာ ပြည်သူများကို မင်းသမီး ဘာလုပ်ခဲ့သည်ကို ရှင်းပြလိုက်၏။ "ဒါက နောင်ကျရင် ရေဘေးကာကွယ်ရေး ရေကာတာမှာ သုံးမဲ့ ပစ္စည်းတွေပါ။ ခင်ဗျားတို့ စမ်းချင်ရင်လည်း ဝင်ရိုက်နိုင်ပါတယ်"

ပြည်သူများ : ???

ပြည်သူများ :

အား... ကျောက်မင်မင်းသမီးက နောက်ဆုံးတော့ ရေဘေးကာကွယ်ရေး ရေကာတာကို ကိုင်တွယ်လိုက်ပြီပဲ။

ဝမ်းသာစရာကိစ္စ။ ဝမ်းသာစရာကိစ္စကြီးပဲ။

ရေဘေးဒုက္ခ ခံစားနေရတဲ့ ဆွေမျိုးမိတ်ဆွေ မရှိတဲ့သူ ဘယ်သူရှိလို့လဲ။

နေပြည်တော် ပြည်သူများက မောင်းတီး၍ လိုက်လံအသိပေးကြရာ လာရောက်ကြည့်ရှုသူနှင့် စမ်းသပ်သူများ တစ်သုတ်ပြီးတစ်သုတ် ရောက်ရှိလာကြလေသည်။

ဒီကိစ္စက လဝက်လောက်အထိ စည်ကားနေခဲ့ပြီး ထိုကာလအတွင်း နံရံလာရိုက်သူများ အဆက်မပြတ် ရှိနေခဲ့သည်။ ရလဒ်တော့ ရှိပါသည်> သို့သော် သိပ်မများလှပေ။ အရာရှိများနှင့် ပြည်သူများ ကြည့်ပြီး အလွန်ပျော်ရွှင်သွားကြလေသည်။

နံရံက ခိုင်ခံ့နေတာလား။ ဒါဆို ကောင်းတာပေါ့။

ဒါကြောင့် ညီလာခံက သံကူကွန်ကရစ် ရေကာတာကို ဘယ်တော့ စဆောက်မှာလဲ။ သူတို့ မစောင့်နိုင်တော့ပေ။

ကောင်းမွန်သည့် မှတ်ချက်များနှင့် မျှော်လင့်ချက်များ အများအပြားကြားတွင် သဟဇာတ မဖြစ်သည့် အသံအနည်းငယ်လည်း ထွက်ပေါ်လာသည်။

systemက ဒေါသထွက်လွန်း၍ ပြောလိုက်သည်။ [ငါ သိတယ် သံကူကွန်ကရစ် ရေကာတာကို နင် တင်ပြလိုက်ပြီးတာနဲ့ နင် ဘာလို့ စောစောစီးစီး မထုတ်ပေးခဲ့လဲဆိုပြီး ပြောမဲ့ အရူးတွေ ရှိလာမယ်ဆိုတာ ငါ သိနေတယ် ဘာကို စောစောစီးစီး ထုတ်ပေးရမှာလဲ။ အဲဒီအချိန်တုန်းကသာ ဆောက်ပြီးသွားရင် ညီလာခံက ပိုက်ဆံအများကြီး ဆုံးရှုံးမှာ မဟုတ်သလို ပြည်သူတွေ အိုးမဲ့အိမ်မဲ့ဖြစ်ပြီး လယ်ယာမြေတွေ ရေလွှမ်းမိုးခံရမှာ မဟုတ်ဘူးတဲ့...]

systemက ပြောလေ ဒေါသထွက်လေဖြစ်ပြီး နောက်ဆုံးတွင် အသံပါ ကွဲအက်သွားလေသည်။ [သူတို့ရဲ့ ဉာဏ်ကြီးရှင် ဦးနှောက်သေးသေးလေးတွေနဲ့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက သာ့ရှန်းမှာ ပိုက်ဆံဘယ်လောက်ရှိလဲဆိုတာ ဘာလို့ မစဉ်းစားကြတာလဲ။ အစပဲ ရှိသေးတယ်၊ တိုင်းပြည်ဘဏ္ဍာတိုက်က ပိုက်ဆံကုန်သွားပြီး အဲဒီမှာပဲ ပစ်ထားလိုက်ရင် အပြီးမသတ်နိုင်တဲ့ စီမံကိန်း ဖြစ်သွားမှာပေါ့]

[ကျောက်မီးသွေး၊ သံသတ္တုရိုင်း၊ ထုံးကျောက်၊ မြေစေး ဒီပစ္စည်းတွေက တစ်နေရာတည်းမှာ ရှိနေတာမှ မဟုတ်တာ။ ဘိလပ်မြေလမ်းတောင် မခင်းရသေးဘဲ ကုန်ကြမ်းတွေကို ဘယ်လိုသယ်မှာလဲ။ သယ်ယူပို့ဆောင်ရေး အရှိန်က အရမ်းနှေးကွေးတယ် ဟုတ်ပြီလား]

[လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက နင်က အရာရှိတစ်ယောက်တောင် မဟုတ်သေးဘူး။ ဒီအကြံဉာဏ်တွေ တင်ပြရင် ဘယ်သူက နားထောင်မှာလဲ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက လီဟယ်နဲ့ လီချန် သားအဖက နယ်ဘက်မှာ ရိုးရိုးရေကာတာတွေ ဆောက်လုပ်ပြီး အတွေ့အကြုံနဲ့ လုပ်သက် ယူနေရတုန်းပဲ ရှိသေးတယ်]

[သာ့ရှန်းညီလာခံမှာ သူတို့သားအဖထက် ရေကာတာ ပိုဆောက်တတ်တဲ့သူ ရှိနေရင် ရေကာတာတွေက နှစ်တိုင်းဆောက် နှစ်တိုင်းပြို ဖြစ်နေမှာ မဟုတ်ဘူး။ တကယ်လို့ သူတို့သားအဖကို အတွေ့အကြုံယူဖို့ အချိန်မပေးဘူးဆိုရင် သံကူကွန်ကရစ် ရေကာတာကို ဘယ်သူက လာဆောက်မှာလဲ။ ဘယ်လိုဆောက်မှာလဲ]

[တခြားလူ ပြောင်းခိုင်းလိုက်ပြီး ငွေတွေ အများကြီး သုံးလိုက်ရပေမဲ့ ကောင်းကောင်း မဆောက်နိုင်ခဲ့ရင် အဲဒီလူက ရေကာတာ မဆောက်တတ်ဘဲ ဇွတ်တာဝန်ယူချင်တဲ့ ပြဿနာလား။ ဒါမှမဟုတ် သံကူကွန်ကရစ် ရေကာတာ ကိုယ်တိုင်ရဲ့ ပြဿနာလား]

systemက အလွန်စိတ်လှုပ်ရှားနေသည်ကို မြင်သောအခါ ချူဟွားက အမြန်ပင် နှစ်သိမ့်ပေးလိုက်ရသည်။ [ကဲပါ.. စိတ်မဆိုးပါနဲ့တော့။ နင်က သူတို့နဲ့ ဘာသွားပြီး ဖက်ပြိုင်နေတာလဲ]

[ငါက နင့်အစား ဝမ်းနည်းလို့ပါ] system၏ ကလေးအသံလေးမှာ ရှိုက်သံပါနေပြီး ဒေါသထွက်လွန်း၍ ငိုနေသည့်ပုံ ပေါက်နေလေသည်။ [နင်က သာ့ရှန်းအတွက် ပေးဆပ်ခဲ့တာ မလုံလောက်သေးလို့လား။ သူတို့က ဘယ်လိုလုပ် နင့်ကို ဒီလိုထင်ရက်ကြတာလဲ]

လူတစ်ယောက်နှင့် systemတစ်ခု စကားပြောနေချိန်တွင် ရှန်လုလည်း ဘေးနားတွင် ရှိနေပြီး ကြားလိုက်ရသဖြင့် ချူဟွား၏ လက်ကို ဆုပ်ကိုင်လိုက်လေသည်။ သူလည်း ဇနီးသည်အတွက် ဝမ်းနည်းနေမိ၏။

"ကျွန်မ ဘာမှမဖြစ်ပါဘူး" ချူဟွားက ပြုံးလိုက်ပြီး ရှန်လု၏လက်ကို ပြန်လည်ဆုပ်ကိုင်လိုက်သည်။

[ငါ အဲဒါတွေ လုပ်ခဲ့တာက သာ့ရှန်းနဲ့ ပြည်သူတွေ ပိုကောင်းမွန်လာစေချင်လို့ပါ။ သူတို့ ကျေးဇူးတင်တာပဲဖြစ်ဖြစ်၊ မုန်းတီးတာပဲဖြစ်ဖြစ် ဒါတွေက ငါ ထိန်းချုပ်နိုင်တာ မဟုတ်ပါဘူး]

[လူ့ဘဝဆိုတာ ဆယ်စုနှစ် အနည်းငယ်ပဲ ရှိတာပါ။ ငါက ကိုယ့်လိပ်ပြာကိုယ်လုံပြီး တိုင်းပြည်နဲ့ ပြည်သူအပေါ် တာဝန်ကျေချင်ရုံ သက်သက်ပါပဲ]

ရှန်လု၏ မျက်လုံးများထဲတွင် တုန်လှုပ်ခြင်းနှင့် အပြုံးများ ပြည့်နှက်နေပြီး ချူဟွား၏လက်ကို ဆွဲယူကာ ဖွဖွလေး နမ်းလိုက်လေသည်။ "ကိုယ် မင်းကို ထာဝရ ထောက်ခံနေမှာပါ"

systemကလည်း အားကျမခံပေ။ [ငါရောပဲ]

ယနေ့အတွက် အစီရင်ခံစာ အရှင်မင်းကြီးနှင့် မှူးမတ်ပေါင်းစုံ လက်ထဲသို့ ရောက်ရှိသွားသောအခါ လူအများအပြားမှာ တုန်လှုပ်ပြီး သက်ပြင်းချမိကြလေသည်။

ကျောက်မင်မင်းသမီးက ဘယ်လိုလုပ်ပြီး မင်းသားတစ်ပါး ဖြစ်မလာရတာလဲ။ နှမြောစရာ ကောင်းလိုက်တာ။

...

All Chapters