← Chapters

အခန်း ၁၄၅

Vol. 10 Ch. 145

အခန်း ၁၄၅

Vol. 10 Ch. 145

အပိုင်း (၁၄၅)

သံကူကွန်ကရစ် တာတမံများ၏ ရိုက်ခတ်မှုဒဏ် ခံနိုင်ရည်မှာ သိသာထင်ရှားသော်လည်း ရေဘေးကာကွယ်နိုင်စွမ်းကိုမူ သက်သေပြရန် ခက်ခဲလေသည်။

မှူးမတ်အရာရှိများသည် တိကျသေချာသော ရလဒ်တစ်ခုကို လိုချင်ကြသော်လည်း ချူဟွားက ထိုကဲ့သို့ အာမခံချက်မျိုး မပေးနိုင်ပေ။ သံကူကွန်ကရစ်က သာ့ရှန်းတွင် လက်ရှိ ရှိနေသော တာတမံ ဆောက်လုပ်ရေး ပစ္စည်းများထက် ပိုကောင်းမွန်ကြောင်းသာ ပြောနိုင်ပြီး လက်တွေ့ ရလဒ်ကိုသာ ပိုပြီး ကြည့်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့၏။

မှူးမတ်အရာရှိများသည် ဟိုဟာမကျ ဒီဟာမကျ တွန့်ဆုတ်နေကြပြီး နောက်ဆုံး အဖြေတစ်ခု ပေးရန် အမြဲ ငြင်းဆန်နေကြလေသည်။

သည်နေ့ နံနက် ညီလာခံတွင် ချူဟွားက ထပ်မံ လျှောက်တင်သော်လည်း မှူးမတ်များက မရေမရာ သဘောထားမျိုးသာ ဆက်လက် ပြသနေသဖြင့် system ပင် ဒေါသထွက်လာရတော့သည်။

[ပိုက်ဆံရှာရမဲ့ ကိစ္စဆိုရင် ခေါင်းပုတ်လိုက်တာနဲ့ လုပ်မယ်လို့ ဆုံးဖြတ်ကြပြီး အထက်ကနေ အောက်အထိ မကြိုးစားတဲ့သူ မရှိကြဘူး၊ ပိုက်ဆံသုံးရမဲ့ ကိစ္စကျတော့ ဆုံးဖြတ်ချက်ချဖို့ နှစ်လ သုံးလလောက် အပြန်အလှန် ဆွေးနွေးနေကြရတယ်၊ ဒါက ဘာရောဂါလဲ]

[အခုအချိန်မှာ သံကူကွန်ကရစ် တာတမံ စဆောက်ရင်တောင် ဒီနှစ် နေရာအနှံ့မှာ ဖြစ်လာနိုင်တဲ့ ရေဘေးကို ကာကွယ်ဖို့ မမှီနိုင်တော့ဘူး၊ ဒါပေမဲ့ ဘာပဲပြောပြော စောစောစီးစီး စလုပ်ရင် လူအများကြီး အကျိုးရှိနိုင်တာပဲကို ဘာတွေများ တွန့်ဆုတ်နေရတာလဲ]

အရာရှိတစ်ဦးက ပြန်ပြောရန် ပြင်လိုက်သော်လည်း systemက သူတို့ကို အချိန်မပေးဘဲ ပွစိပွစိ ဆက်ပြောလိုက်၏။ [လွန်ခဲ့တဲ့ ရက်နည်းနည်းတုန်းက မမကြီးဟွားကို ဘာလို့ ဒီထက် စောစော မထုတ်ပေးခဲ့လဲလို့ နင်တို့ ပြောခဲ့ကြတယ် မဟုတ်လား၊ အခု ထုတ်ပေးတော့လည်း နင်တို့က တွန့်ဆုတ်နေကြတာပဲ]

[နင်တို့ရဲ့ ဒီလို အကြိမ်ကြိမ် တိုက်တွန်းနေရပြီး အလုပ်မလုပ်ချင်တဲ့ စွမ်းဆောင်ရည်နဲ့ဆိုရင် မမကြီးဟွားက လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက တင်ပြခဲ့ရင်တောင် နောက်နှစ်ရောက်တဲ့အထိ ဆောက်ဖို့ သဘောတူမှာ မဟုတ်ဘူး]

System မှာ တကယ်ပင် ဒေါသထွက်လွန်း၍ သေတော့မလို ဖြစ်နေလေသည်။

သူ့သခင်က အရေးကြီးတဲ့ အချိန်ကျမှ ခြေထောက်ဆွဲတတ်တဲ့ ဝက်အဖွဲ့သားတွေနဲ့ ဘယ်လိုလုပ် သွားတွေ့ရတာပါလိမ့်။ ညီလာခံရှိ အရာရှိ အတော်များများမှာ နားထောင်ရ ခက်နေကြသော်လည်း တချို့ကမူ တိတ်တဆိတ် ရယ်မောနေကြပြီး နောက်ဆုံးတော့ သည်းမခံနိုင်တဲ့သူ ပေါ်လာပြီဟု တွေးလိုက်ကြ၏။

မင်းဆရာကြီး၊ မင်းဆရာအိုကြီးနှင့် အခြားသူများမှာ စောစောစီးစီးကတည်းက သဘောတူသည့်ဘက်မှ ဖြစ်ကြသည်။ သည်အချိန်တွင် တခြားသူများ ရှက်ရွံ့နေပြီး ဆင်းစရာ လှေကားထစ် ရှာမရ ဖြစ်နေသည့် ပုံစံကို ကြည့်ကာ စိတ်ထဲ ကျေနပ်နေကြလေသည်။

ချူဟွားက သံကူကွန်ကရစ် တာတမံ၏ ကြီးမားသော ကုန်ကျစရိတ်ကို ဖြေရှင်းနိုင်မည့် နည်းလမ်း ရှိသည်ဟု ပြောခဲ့သော်လည်း သူတို့က မယုံကြည်ခဲ့ကြပေ။

ကိုယ်တိုင်က သဘောမတူချင်ဘဲ ချူဟွားကို အရင် အလျှော့ပေးစေချင်ကြပြီး အမြတ်အစွန်းများမဲ့ နည်းလမ်းက ဘာလဲဆိုတာ ပြောပြမှ ဆုံးဖြတ်မယ် ဆိုတော့ ချူဟွားက အရူးမို့လို့ ဒီလို လက်ဗလာနဲ့ ဝံပုလွေ ဖမ်းတဲ့ အကွက်ထဲ ဝင်ပါ့မလား။

နှစ်ဖက်စလုံးက အလျှော့မပေးချင်ကြသဖြင့် ဆုံးဖြတ်ချက် တစ်ခုချရန် လဝက်ခန့် ကြာမြင့်နေရခြင်း ဖြစ်သည်။

မည်သူမျှ ကြားဝင်ဖြန်ဖြေသူ အဖြစ် ရှေ့ထွက်မလာသဖြင့် ညီလာခံ တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေတော့၏။

၃ မိနစ်တိတိ တိတ်ဆိတ်နေပြီးနောက် အားလုံးက ရှက်ရွံ့လွန်း၍ မြေကြီးထဲ တိုးဝင်ချင်လောက်အောင် ဖြစ်နေချိန်တွင် ချူဟွားက ရှေ့ထွက်လာခဲ့လေသည်။ "လူကြီးမင်းတို့ သံကူကွန်ကရစ် တာတမံ ဆောက်ဖို့ သဘောတူလိုက်ကြပြီလား"

သူမ၏ မျက်နှာထားမှာ တည်ငြိမ်နေပြီး အပြုံးပါးပါးလေး တစ်ခု ပါရှိနေသော်လည်း ထိုအပြုံးထဲတွင် 'ငါ့ရဲ့ သည်းခံနိုင်စွမ်းက သိပ်မရှိတော့ဘူး၊ နင်တို့ကို သည်းခံနေတာ ရက်အတော်ကြာနေပြီ၊ တကယ်လို့ ဒီလှေကားထစ်ကနေ မဆင်းဘူး ဆိုရင်တော့ ငါ့ကိုယ်ငါတောင် မထိန်းချုပ်နိုင်တဲ့ ကိစ္စတွေ လုပ်မိရင် အပြစ်မတင်နဲ့နော်' ဆိုသည့် အဓိပ္ပာယ် ပါဝင်နေ၏။

မှူးမတ်အရာရှိများ: "..." ဒီပုံစံ ကြည့်ရတာ ဘာလို့ ရင်းနှီးနေသလိုပါလိမ့်။

အရာရှိတစ်ဦးက အရှင်မင်းကြီး၏ သဘောထားကို သိချင်သဖြင့် မော့ကြည့်လိုက်ရာ ရွှေပလ္လင်ပေါ်တွင် ပါးကို လက်ထောက်ကာ ချူဟွားကို ပြုံးစစ ကြည့်နေသော အရှင်မင်းကြီးကို တွေ့လိုက်ရလေသည်။

ဟာ သွားပြီ၊ အရှင်မင်းကြီးနဲ့ တူနေတာကိုး။ ဒီနှစ်ယောက်က သားအဖအရင်း မဟုတ်ပေမဲ့ သားအဖအရင်းထက် ပိုတူနေပါလား။

နှုတ်ဆိတ်နေခြင်းက ဆန့်ကျင်ခြင်းပဲ ဟု ယူဆပြီး သဘောထား မပေးချင်သော အရာရှိများ ယခုအချိန်အထိ ရှိနေဆဲပင်။

အရှင်မင်းကြီး: "ကျောက်မင်"

ချူဟွားက လူအုပ်ထဲမှ ထွက်လာပြီး ပြောလိုက်သည်။ "သမီးတော် ရှိပါတယ်"

အရှင်မင်းကြီးက ပြုံးရွှင်စွာ ပြောလိုက်၏။ "ဘယ်သူမှ မငြင်းကြဘူးဆိုတော့ အကုန်လုံး သဘောတူတယ် ဆိုတဲ့ သဘောပေါ့"

ချူဟွားက မျက်လွှာချကာ အပြုံးကို ဖုံးကွယ်လိုက်ပြီး ပြောလိုက်လေသည်။ "သမီးတော် အမိန့် နာခံပါတယ်"

မှူးမတ်အရာရှိများက ရုတ်တရက် မော့ကြည့်လိုက်ကြသည်။ အရှင်မင်းကြီး ဘယ်လိုလုပ်ပြီး ဒီလို လုပ်ရတာလဲ။

အရှင်မင်းကြီးက တကယ်ပင် ထိုသို့ လုပ်ဆောင်လိုက်၏။

ချူဟွားသည် ပြင်ဆင်မှုများစွာ ပြုလုပ်ထားပြီးဖြစ်ရာ ပုံကြမ်းများ၊ လူအင်အား၊ ပစ္စည်းများနှင့် ငွေကြေး အစရှိသည်တို့ အဆင်သင့် ဖြစ်နေပြီ ဖြစ်သောကြောင့် ညီလာခံက သဘောတူသည်နှင့် စတင် လုပ်ဆောင်ရုံသာ ကျန်တော့သည်။ သူက ဖခင်တစ်ယောက် အနေဖြင့် ခြေထောက်ဆွဲနေ၍ မဖြစ်ပေ။

"ကျောက်မင်၊ သမီးရဲ့ ပိုက်ဆံရှာမဲ့ နည်းလမ်းကို ပြောပြပါဦး"

သံကူကွန်ကရစ် တာတမံ ဆိုသည့် ရွှေမျိုသော သားရဲကြီးကို မည်သည့် နည်းလမ်းက အစာကျွေးနိုင်မည်နည်း။

မှူးမတ်အရာရှိများလည်း သိချင်ကြသည်။ နည်းလမ်း မကောင်းလျှင် ပြန်ကန့်ကွက်လို့ ရသည်ဟု တွေးမိကြသဖြင့် ဤအရေးကြီးသော အချိန်တွင် မည်သူမျှ ထွက်မကန့်ကွက်ကြပေ။

ချူဟွားက စကားလုံး လေးလုံး ပြောလိုက်၏။ "ပင်လယ်ရေကြောင်း ကုန်သွယ်ရေးပါ"

အရှင်မင်းကြီး: ???

မှူးမတ်အရာရှိများ: ???

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

"သာ့ရှန်းကလည်း ပင်လယ်ရေကြောင်း ကုန်သွယ်ရေး လုပ်နေတာပဲ၊ အဓိကက တိုင်းတစ်ပါးသားတွေနဲ့ ဖလှယ်တာလေ"

"ဒါက အလုပ်မဖြစ်ဘူး"

"အရင်မင်းဆက်တုန်းက လူလွှတ်ပြီး ပင်လယ်ပြင် ထွက်ခိုင်းတာ အကြိမ်ကြိမ်ပဲ၊ အကျိုးအမြတ် သိပ်မရဘူး"

အကျိုးအမြတ် သိပ်မရဘူးဟု ပြောခြင်းက နားထောင်ကောင်းအောင် ပြောခြင်းသာ ဖြစ်သည်။ အရင်မင်းဆက် ငွေရှိစဉ်က ပိုးထည်၊ လက်ဖက်ခြောက်၊ ကြွေထည် အစရှိသည့် ဒေသထွက်ကုန် အများအပြားကို ယူဆောင်ပြီး ပင်လယ်ပြင် ထွက်ခိုင်းခဲ့ဖူးသည်။ ပင်လယ်ပြင်ရှိ အခြား နိုင်ငံများနှင့် အခြား ဒေသထွက်ကုန် သို့မဟုတ် ရွှေငွေများ လဲလှယ်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

ကံဆိုးသည်မှာ ထိုလူများသည် ဘယ်လောက်ပဲ စေလွှတ်လိုက်ပါစေ၊ နောက်ဆုံးတွင် မည်သူမျှ ပြန်မလာခဲ့ကြချေ။

အရင်မင်းဆက်သည် ငွေကြေး အမြောက်အမြား အကုန်အကျခံပြီး လူအင်အား စုစည်းကာ တစ်ကြိမ်ပြီး တစ်ကြိမ် ထွက်ခွာစေခဲ့သော်လည်း အကျိုးအမြတ် လုံးဝ မရရှိခဲ့ပေ။ နောက်ဆုံးတွင် ပေးဆပ်မှုသာရှိပြီး ရလဒ်မရှိသော ပင်လယ်ပြင် ထွက်ခွာခြင်း ကိစ္စကို လက်လျှော့ခဲ့ရသည်။

လူအများ၏ သံသယကို ရင်ဆိုင်ရချိန်တွင် ချူဟွားက စကားနှစ်ခွန်းသာ ပြောလိုက်၏။ [ထုံအာ]

System က ဤအခိုက်အတန့်ကို စောင့်မျှော်နေခြင်း ဖြစ်သည်။ [လာပါပြီ]

[အရင်မင်းဆက်တုန်းက အရာရှိတွေကို ဦးဆောင်ခိုင်းပြီး ပင်လယ်ပြင် ထွက်တာ ၇ ကြိမ်တိုင်တိုင် ဘာသတင်းမှ မရခဲ့တာ ဘာကြောင့်လဲ ဆိုတာ နင်တို့ သိကြလား]

အရှင်မင်းကြီးနှင့် မှူးမတ်များ အားလုံး ခေါင်းခါလိုက်ကြပြီး ဖရဲသီးစားရန် ငြိမ်သက်စွာ စောင့်ဆိုင်းနေကြလေသည်။

System ကလည်း သူတို့ကို အကြာကြီး မျှော်လင့်မနေစေဘဲ တဲ့တိုး ပြောလိုက်တော့သည်။

[ဘာလို့လဲဆိုတော့ အရင်မင်းဆက် ၇ ကြိမ်လုံး ပင်လယ်ပြင် ထွက်တာက မြို့တော်ရဲ့ အရှေ့ဘက် ကျင်းဆိပ်ကမ်းကနေ ထွက်ခွာခဲ့ကြလို့ပဲ၊ အဲဒီဘက် တောင်ဘက် မိုင် တစ်သောင်းလောက်မှာ ကျွန်းကြီး တစ်ကျွန်း ရှိတယ်၊ အနီးအနားမှာလည်း ကျွန်းငယ်လေးတွေ ရှိသေးတယ်၊ အဲဒီအပေါ်မှာ အကုန်လုံးက ပင်လယ်ဓားပြတွေလေ၊ ပြီးတော့ ဘိုးစဉ်ဘောင်ဆက် ပင်လယ်ဓားပြတွေ ဖြစ်ခဲ့ကြတာ]

[ပင်လယ်ပြင် ထွက်တဲ့ အတွေ့အကြုံ မရှိတဲ့ ကြက်ပေါက်လေးတွေက ဘိုးစဉ်ဘောင်ဆက် အတွေ့အကြုံ ရှိတဲ့ ပင်လယ်ဓားပြတွေနဲ့ သွားတွေ့တော့ သင်္ဘောတစ်စီး လာရင် တစ်စီး အစားခံရတာ သဘာဝပဲလေ၊ သူတို့လက်ထဲမှာ တိုင်းတစ်ပါးသားတွေဆီက လုယူထားတဲ့ သေနတ်တွေ ရှိတယ်ဆိုတာ ထားလိုက်ဦး၊ သူတို့က ရုပ်ဖျက်တတ်တယ်၊ သရုပ်ဆောင်တတ်တယ်၊ လူလိမ်တတ်တယ်]

[တစ်ခါတုန်းကဆိုရင် အရင်မင်းဆက်က အရာရှိသင်္ဘောက ပင်လယ်ထဲမှာ မတော်တဆ ဖြစ်ချင်ယောင်ဆောင်ပြီး မှောက်နေတဲ့ သင်္ဘောအပျက်အစီးလေး ပေါ်မှာ အဘိုးနဲ့ မြေးမလေးကို တွေ့လိုက်ရတယ်၊ ပင်လယ်ထဲမှာ ဘယ်လောက်ကြာကြာ မျောနေလဲ မသိပေမဲ့ အရမ်း သနားစရာ ကောင်းနေတော့ သူတို့က သဘောထား ကောင်းပြီး လူတွေကို ကယ်တင်လိုက်တာပေါ့]

[အရာရှိဘက်က လူတွေကလည်း လုံးဝ သတိမထားတာတော့ မဟုတ်ဘူး၊ ဒါပေမဲ့ အဲဒီ အဘိုးနဲ့ မြေးမလေးက အသက် ၆၀ ကျော်နဲ့ ၃၊ ၄ နှစ် အရွယ်လေးတွေ ဖြစ်နေတော့၊ ပြီးတော့ ပင်လယ်ထဲမှာလည်း ဖြစ်နေတော့ သတိမလျော့ဘဲ နေဖို့ ခက်တယ်လေ၊ အဲဒီလို ပေါ့လျော့သွားတဲ့ အချိန်မှာပဲ မြေးမလေးက အစားအသောက်ထဲ ဆေးခပ်လိုက်လို့ အကုန်လုံး မူးမေ့သွားပြီး ပင်လယ်ထဲက ငါးစာ ဖြစ်သွားရတာပဲ]

[သင်္ဘောပေါ်မှာ အကုန်လုံးက လူငယ် လူရွယ်တွေချည်းပဲကို ဘာလို့ ဒီပင်လယ်ဓားပြတွေက ဖမ်းမခေါ်သွားတာလဲလို့ ငါ့ကို လာမမေးနဲ့နော်၊ သူတို့ကျွန်းပေါ်မှာ လူငယ် လူရွယ် လုပ်အားတွေ ပိုလျှံနေလို့ပေါ့၊ ကျွန်းပေါ်မှာက အစကတည်းက အမျိုးသမီး ရှားပါးနေတာ၊ ယောက်ျားတွေ ထပ်ခေါ်သွားပြီး သူတို့နဲ့ လုခိုင်းရင် ပိုပြီး ရှားပါးသွားမှာပေါ့]

အရှင်မင်းကြီး: "..."

မှူးမတ်အရာရှိများ: "..."

ဒါဆို သူတို့တွေသာ ပင်လယ်ပြင် ထွက်လိုက်ရင် တစ်ယောက်မကျန် ပင်လယ်ထဲ ပစ်ချပြီး ငါးစာ ကျွေးခံရမှာပေါ့။

System က အရှင်မင်းကြီးနှင့် မှူးမတ်များ၏ စိတ်ထဲ တွေးတောနေသည့် အကြောင်းအရာကို ခန့်မှန်းနိုင်သည်။ ချူဟွားနှင့် သီးသန့် စကားပြောခန်းတွင် အရင်မင်းဆက် ပင်လယ်ပြင် ထွက်သည့် ဖရဲသီးအကြောင်း ပြောတုန်းက သူ အကြီးအကျယ် ဝေဖန်ခဲ့ပြီးပြီ။

ရှေးခေတ်လူတွေက အယူသည်းပြီး အမျိုးသမီးတွေ သင်္ဘောပေါ် မတက်သင့်ဘူးလို့ ယူဆကြတယ်လေ။ ဒါကြောင့် အရင်မင်းဆက် ၇ ကြိမ်လုံး ပင်လယ်ပြင် ထွက်တဲ့ အရာရှိသင်္ဘောတွေပေါ်မှာ အမျိုးသမီး မပါခဲ့ဘူး။

ဒါကြောင့်လည်း တစ်ကြိမ်မှ အသက်ရှင်ကျန်ရစ်သူ မရှိခဲ့တာ ဖြစ်သည်။

System က ဆက်ပြောလိုက်၏။ [တစ်ခါတုန်းက အရာရှိသင်္ဘောက ကျွန်းအနီးအနားအထိ ရောက်သွားတယ်၊ ဘာသာစကား၊ အဝတ်အစား၊ ဆံပင်ပုံစံတွေက သူတို့နဲ့ မတူတာ တွေ့တော့ အဲဒါက ရည်မှန်းချက် ပန်းတိုင်ပဲ ဆိုပြီး ပျော်ရွှင်စွာနဲ့ သွားရောက် ပြောဆိုဆက်ဆံကြတာပေါ့၊ နောက်ဆုံး ဘာဖြစ်သွားလဲ နင်တို့ ခန့်မှန်းကြည့်]

အရှင်မင်းကြီး၊ မှူးမတ်အရာရှိများ: ဘာဖြစ်သွားလဲ။

System: [ကျွန်းတစ်ကျွန်းလုံးက ပင်လယ်ဓားပြတွေက သူတို့နဲ့အတူ လိုက်ပြီး သရုပ်ဆောင်ပေးကြတာပေါ့၊ လူတွေကို ယုံကြည်သွားအောင် လုပ်ပြီး နိုင်ငံခြား တိုင်းပြည်တစ်ခုကို ရောက်လာတယ်လို့ ယုံကြည်သွားကြတာ၊ ပြီးတော့ ဆေးခပ်ခံရပြီး အကုန်လုံး ပင်လယ်ထဲ ပစ်ချကာ ငါးစာ ကျွေးခံလိုက်ရတာပဲ]

[ဒီလူတွေ သေတဲ့အထိ သူတို့ ရောက်နေတဲ့ ကျွန်းပေါ်က လူတွေက တကယ်တော့ သူတို့နဲ့ တိုင်းပြည်တစ်ခုတည်းကပဲ ဆိုတာ မသိလိုက်ကြဘူး၊ ဘာသာစကား မတူတာက ဒေသိယစကားသံကြောင့်၊ အဝတ်အစား မတူတာက မြို့တော်နဲ့ ကျွန်းရဲ့ ရာသီဥတု မတူလို့၊ ဆံပင်ပုံစံ မတူတာက အလုပ်လုပ်ရလို့၊ ဒေသ ရိုးရာဓလေ့တွေ မတူတော့ ကိုယ့်ဘာသာ နိုင်ငံတစ်ခု ဖြစ်သွားသလိုပဲ]

[တိုင်းပြည်တစ်ခုတည်းပါလို့ ပြောရတာက ဒီပင်လယ်ဓားပြတွေရဲ့ ဘိုးဘေးတွေက ဒီမြေပေါ်ကနေ ဆင်းသက်လာလို့ပဲ၊ ဇာစ်မြစ်အရ ပြောရရင်တော့ တိုင်းပြည်တစ်ခုတည်းပါပဲ၊ ဒါပေမဲ့ အပြုအမူအရ ကြည့်ရင်တော့... သိပ်ပြီး ဆုံးဖြတ်ရ လွယ်ကူတာတော့ မဟုတ်ဘူး]

အကြောင်းအရင်းမှာ တစ်ဆက်ပြီး တစ်ဆက်၊ တစ်နှစ်ပြီး တစ်နှစ် သတ်ဖြတ်မှုတွေကြောင့် လုံးဝ ရန်သူတွေ ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

အရှင်မင်းကြီးနှင့် မှူးမတ်အရာရှိများ တဖြည်းဖြည်း နားလည်လာကြသည်။ ဒါဆို ချူဟွား ဆိုလိုတာက ပင်လယ်ဓားပြတွေရဲ့ အန္တရာယ်ကို ရှင်းလင်းပြီးရင် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးကို အဆင်ပြေပြေ လုပ်ဆောင်နိုင်မယ် ဆိုတာလား။

စစ်သူကြီးရွှမ်ဝေက စိတ်အားထက်သန်လာပြီး ရှေ့ထွက်ကာ တာဝန်ယူရန် လျှောက်တင်လေသည်။

"ကျွန်တော်မျိုး စစ်ချီသွားချင်ပါတယ်"

သူ ဦးဆောင်လိုက်သည်နှင့် အခြား စစ်သူကြီးများကလည်း အပြိုင်အဆိုင် လျှောက်တင်ကြတော့သည်။ အသက်အရွယ်၊ ရာထူး၊ ဝါစဉ် မရွေး အားလုံး၏ မျက်လုံးထဲတွင် 'ပင်လယ်ဓားပြတွေကို သတ်မယ်၊ ငါတို့ရဲ့ ငွေတွေကို ပြန်ယူမယ်' ဆိုသည့် အဓိပ္ပာယ်များ ပြည့်နေ၏။

အရှင်မင်းကြီး: "..."

အရပ်ဘက် အရာရှိများ: "..."

ဓားပြ စရိုက် အပြည့်ရှိနေသည့် ဒီသိုင်းသမားတွေကို ကြည့်ပြီး ခေါင်းကိုက်သွားကြလေသည်။

System က ညီလာခံ၏ အခြေအနေသည် ချူဟွား ခန့်မှန်းထားသည့်အတိုင်း တစ်ပုံစံတည်း ဖြစ်နေသည်ကို မြင်သောအခါ စိတ်ထဲ ကျေနပ်နေပြီး မီးလောင်ရာ လေပင့် လုပ်လိုက်ပြန်သည်။

[ဒီပင်လယ်ဓားပြတွေက ပုံမှန်ဆိုရင် ဖြတ်သန်းသွားလာတဲ့ သင်္ဘောတွေကို တိုက်ခိုက် လုယက်ရတာ ကြိုက်ကြတယ်၊ တကယ်လို့ လွန်လွန်ကျွံကျွံ လုပ်မိလို့ ဘယ်သင်္ဘောမှ မဖြတ်သန်းရဲတော့ရင် သူတို့က နည်းနည်း ထိန်းသိမ်းလိုက်ပြီး ညဘက် ကမ်းပေါ်တက်ပြီး ပင်လယ်ကမ်းစပ်က ပြည်သူတွေကို တိုက်ခိုက် လုယက်ကြပြန်ရော]

[ငွေကြေးက တကယ်တော့ သူတို့ရဲ့ ပထမ ဦးစားပေး လုယက်မဲ့ ပစ်မှတ် မဟုတ်ဘူး၊ အဓိက လုယက်တာက ရိက္ခာပဲ၊ ဘာလို့လဲဆိုတော့ ကျွန်းပေါ်မှာ စိုက်ပျိုးဖို့ အဆင်မပြေဘူးလေ၊ ပြီးတော့ အမျိုးသမီးနဲ့ ကလေးတွေ၊ ဘာလို့လဲဆိုတော့ ကျွန်းပေါ်မှာ ယောက်ျား များပြီး မိန်းမ နည်းတယ်၊ ကလေးလည်း နည်းလို့ပဲ]

[အရာရှိသင်္ဘော တစ်စီးလုံးက လူတွေကို ပင်လယ်ထဲ ပစ်ချပြီး ငါးစာ ကျွေးရဲတဲ့အထိ သူတို့က ဘယ်လောက်တောင် ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်သားတွေလဲ ဆိုတာ စဉ်းစားသာ ကြည့်ကြပေတော့၊ ကျွန်းတည်နေရာကို အရာရှိတွေ ခြေရာခံမိမှာ စိုးရိမ်လို့ များသောအားဖြင့် တစ်နေရာရာကို တိုက်ခိုက် လုယက်ပြီးရင် ခြေရာ လက်ရာ ဖျောက်ဖျက်လေ့ ရှိတယ်]

[ခြေရာ လက်ရာ ဘယ်လို ဖျောက်ဖျက်လဲ ဆိုတာ ငါ မပြောရင်တောင် နင်တို့ သိကြမှာပါ၊ သတ်တယ်၊ ရှို့တယ်၊ လုတယ် ဆိုတဲ့ အချက်တွေပါပဲ၊ အတိုချုပ် ပြောရရင် မကောင်းမှု ဒုစရိုက် မှန်သမျှ လုပ်ကြတာ]

အရှင်မင်းကြီးနှင့် မှူးမတ်များ အားလုံး ဒေါသကြောင့် မျက်လုံးများ နီရဲလာကြသည်။ ဒီဓားပြတွေက ငါတို့ အရာရှိတွေကို သတ်တယ်၊ ငါတို့ မြေကို မီးရှို့တယ်၊ ငါတို့ ပြည်သူတွေကို လုယက်တယ်၊ သေသင့်တယ်။

ချူဟွားက မလုံလောက်သေးဟု ထင်သဖြင့် လက်ဟန်ခြေဟန် ပြလိုက်ရာ system က သေစေလောက်သည့် တိုက်ခိုက်မှု တစ်ခု ထုတ်သုံးလိုက်လေသည်။ [ဒီပင်လယ်ဓားပြတွေက မျိုးရိုးစဉ်ဆက် ဓားပြတွေပဲ၊ သူတို့က သာ့ရှန်း၊ အရင်မင်းဆက်၊ အရင့်အရင်မင်းဆက်တွေကို တိုက်ခိုက်ရုံသာမက ရှီးရုံနဲ့ သူတို့ရဲ့ အရင်မင်းဆက်တွေကိုလည်း တိုက်ခိုက်ခဲ့ကြတယ်၊ ဒါပေမဲ့ သူတို့က ရှိသမျှ အကုန် လုယက်တတ်တဲ့ အကျင့် ရှိတော့ ပိုက်ဆံ သုံးစရာ နေရာက ရှားတယ်လေ၊ ဒါဆို နင်တို့ ခန့်မှန်းကြည့်၊ နှစ်ရာချီ စုဆောင်းထားတာ ဘယ်လောက်တောင် များပြားတဲ့ ဓနဥစ္စာတွေ ဖြစ်နေမလဲ]

ညီလာခံတွင် အသက်ရှူသံများ တဖြည်းဖြည်း ပြင်းထန်လာကြသည်။ တချို့က တိတ်တဆိတ် လက်ချောင်းများဖြင့် တွက်ချက်ကြည့်နေကြသည်။ ပိုက်ဆံ ဘယ်လောက်တောင် ရှိမလဲ။

ချူဟွားက အချိန်ကိုက် ဝင်ပြောလိုက်၏။ [ထုံအာ၊ စာရင်း တွက်မနေနဲ့တော့၊ နိုင်ငံတော် ဘဏ္ဍာတိုက် ဘယ်နှခုစာ ရှိလဲ ဆိုတာပဲ ပြောလိုက်၊ အင်း... ဒါမှမဟုတ် သံကူကွန်ကရစ် တာတမံ ဘယ်နှခု ဆောက်လို့ ရမလဲ ဆိုတာ ပြောလိုက်ရင်လည်း ရပါတယ်]

အရှင်မင်းကြီးနှင့် မှူးမတ်အရာရှိများက ခေါင်းထဲတွင် မေးခွန်းထုတ်လိုက်ကြသည်။ ဘာလို့ ဒီတိုင်းတာမှု ယူနစ်ကို သုံးရတာလဲ။

System က ပြတ်ပြတ်သားသား ပြောလိုက်၏။ [ဆောက်ပြီးရင်တောင် ပြဿနာ မရှိဘူး၊ အများကြီး ပိုနေဦးမှာ]

အရှင်မင်းကြီး:

မှူးမတ်အရာရှိများ:

သည်အခိုက်အတန့်တွင် အရှင်မင်းကြီးနှင့် မှူးမတ်များကြား ဆယ်စုနှစ်များစွာ တည်ဆောက်ခဲ့သော နားလည်မှုက ချက်ချင်း အလုပ်လုပ်သွားတော့သည်။ မဖြစ်မနေ တိုက်ရမည်။

"အရှင်မင်းကြီး၊ ကျွန်တော်မျိုး တိုင်းပြည် ဂုဏ်သိက္ခာ မြှင့်တင်ဖို့ ခွင့်ပြုပေးပါ"

"အရှင်မင်းကြီး၊ ကျွန်တော်မျိုး လူအိုကြီးက ဒီအသက်အရွယ် ရောက်နေပေမဲ့ ပွဲပေါင်း တစ်ရာလောက် ထပ်တိုက်နိုင်ပါသေးတယ်"

"အရှင်မင်းကြီး၊ ဘဏ္ဍာရေးဝန်ကြီးဌာနမှာ စစ်တိုက်ဖို့ ပိုက်ဆံ ရှိပါတယ်"

"အရှင်မင်းကြီး၊ အလုပ်သမားဝန်ကြီးဌာနမှာ လက်နက် အလုံအလောက် ရှိပါတယ်"

အရပ်ဘက် စစ်ဘက် အရာရှိများမှာ ကြက်သွေးထိုးထားသကဲ့သို့ တစ်ယောက်ချင်းစီတိုင်းက ရတနာသိုက်ကြီး ရှိနေသော ပင်လယ်ဓားပြကျွန်းကို သွားရောက် တိုက်ခိုက်ချင်နေကြသည်။

ချူဟွားက အနည်းငယ် ပြုံးလိုက်ပြီး ဘာမှ ဝင်မပြောပေ။

မင်းဆရာကြီးနှင့် မင်းဆရာအိုကြီးတို့သည် ညီလာခံ၏ အငွေ့အသက် ချက်ချင်း ပြောင်းလဲသွားသည်ကို မြင်လိုက်ရပြီး ထောင့်တစ်နေရာတွင် ပုန်းကွယ်ကာ ဘာမှ မပြောသလို နေနေသော ချူဟွားကို ကြည့်ပြီး တိတ်တိတ်လေး နဖူးကို စမ်းလိုက်ကြလေသည်။

သွားပါပြီ။ သူတို့နှစ်ယောက် ပိုပြီး ရက်စက်ကြမ်းကြုတ်တဲ့ မြေခွေးမလေး တစ်ကောင်ကို မွေးထုတ်ပေးလိုက်မိပြီ ထင်တယ်။

မင်းသား ၅ က ဘယ်နေရာများ ကောက်ကျစ်စဉ်းလဲလို့လဲ။ တကယ့် ကောက်ကျစ်စဉ်းလဲတဲ့သူက ဒီမှာ ရှိနေတာပဲ။

….

All Chapters