← Chapters

အခန်း ၁၄၇

Vol. 10 Ch. 147

အခန်း ၁၄၇

Vol. 10 Ch. 147

အပိုင်း (၁၄၇) ဇာတ်သိမ်း

ရှီးရုံနှင့် သာ့ရှန်းတို့ နှစ် ၃၀ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုလိုက်ကြောင်း သတင်းရသောအခါ ပေတိညီလာခံတစ်ခုလုံး ဆူညံပွက်လောရိုက်သွားလေသည်။

အကယ်၍ ရှီးရုံနှင့် သာ့ရှန်းတို့သာ စစ်မတိုက်တော့ဘဲ တိတ်တဆိတ် ပူးပေါင်းလိုက်လျှင် ပေတိသည် ဘက်ပေါင်းစုံမှ ရန်သူ၏ တိုက်ခိုက်ခြင်းကို ခံရလိမ့်မည်။

သူတို့ ရှီးရုံကို ရောင်းလိုက်သော ပေတိမြင်းများက ရှီးရုံမှတစ်ဆင့် သာ့ရှန်းလက်ထဲသို့ ရောက်သွားခြင်းသည် နှစ်ဖက်ပူးပေါင်းခြင်း၏ နိမိတ်လက္ခဏာတစ်ခု မဟုတ်ပါလော။

သာ့ရှန်းနှင့် နယ်စပ်ရေးရာ ပဋိပက္ခများကို ရေရှည်ထိန်းသိမ်းထားခြင်းမှာ ပထမအချက်အနေဖြင့် မြက်ခင်းပြင်သားတို့၏ သွေးဆာမှုကို မပျောက်ပျက်စေလိုခြင်းကြောင့် ဖြစ်ပြီး ဒုတိယအချက်မှာ နိုင်ငံရေးနည်းဗျူဟာအရ ရှီးရုံနှင့်ပူးပေါင်းကာ သာ့ရှန်းဟူသော အရိုးမာကို ကိုက်ဝါးလိုခြင်းကြောင့်ပင်။

ပေတိသည် မြေမျက်နှာသွင်ပြင် မြင့်မားပြီး အပူချိန်နိမ့်ကာ မိုးရေချိန် နည်းပါးသဖြင့် ရေကြည်ရာမြက်နုရာ လှည့်လည်သွားလာနေထိုင်ကြသည့် လူမျိုးစုများ ဖြစ်သောကြောင့် စားကျက်မြေ ထောင်ပေါင်းများစွာကြားတွင် အလှည့်ကျ ပြောင်းရွှေ့နေထိုင်ကြရလေ၏။

လူဦးရေ တိုးပွားလာသည်နှင့်အမျှ မွေးမြူရေးလုပ်ငန်းများ ပိုမို ကြီးမားလာသောအခါ စားကျက်မြေများ ပျက်စီးလာပြီး လူနှင့် ကျွဲနွားများအတွက် လိုအပ်သော အစားအစာများ စတင် လျော့နည်းလာသည့်အတွက် ဟင်းသီးဟင်းရွက်နှင့် လက်ဖက်ခြောက်ကဲ့သို့သော မရှိမဖြစ် ကုန်ပစ္စည်းများကို ရှီးရုံနှင့် သာ့ရှန်းတို့ထံမှ တင်သွင်းရတော့သည်။

ပေတိသည်လည်း ရှီးရုံကဲ့သို့ပင် ကျယ်ပြောပြီး သယံဇာတ ပေါကြွယ်ဝသော သာ့ရှန်းကို မျက်စိကျနေသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သော်လည်း ဝါးမျိုရန် ခက်ခဲနေခဲ့လေ၏။

ပိုပြီး ဆိုးရွားသည်မှာ အတူတူ အရိုးမာကို ကိုက်ဝါးမည်ဟု ပြောထားသော ရှီးရုံက ပေတိကို သစ္စာဖောက်ပြီး သာ့ရှန်းဘက်သို့ ပါသွားခြင်းပင်။

ပေတိဘုရင်မှာ ဒေါသထွက်လွန်းသဖြင့် ညီလာခံတွင် အော်ဟစ်ကြိမ်းမောင်းလိုက်လေသည်။

"ရှီးရုံက ကတိမတည်ဘူး၊ ပူးပေါင်းရကျိုး မနပ်ဘူး"

အရာရှိအမတ်များမှာ ဒေါသထွက်ကာ တံတွေးနှင့် ထွေးလိုသော်လည်း ပျော့ညံ့သော ရှီးရုံကို မည်သို့မှ မတတ်နိုင်ကြပေ။

ဝမ်ယန်ယွီနှင့် ဝမ်ယန်ဟုန်တို့၏ သာ့ရှန်းအပေါ်ထားရှိသော သဘောထားမှာ လုံးဝ ဆန့်ကျင်ဘက်ဖြစ်ပြီး ပေတိအပေါ်ထားရှိသော သဘောထားမှာလည်း ဝေဝါးကာ မသဲကွဲ ဖြစ်နေ၏။ ဝမ်ယန်ယွီသည် ဝမ်ယန်ဟုန်ကို သတ်ဖြတ်ပြီး ထီးနန်းတက်လာသူ ဖြစ်သောကြောင့် သူတို့အနေဖြင့် ယခင်က ဝမ်ယန်ဟုန်နှင့် သဘောတူထားသော ပူးပေါင်းဆောင်ရွက်မှု အကြောင်းအရာများကို ယူပြီး ဝမ်ယန်ယွီကို မည်သို့ လုပ်ဆောင်ရမည်ဟု တောင်းဆို၍ မရနိုင်ချေ။

ပေတိဘုရင်နှင့် အမတ်များမှာ အလွန် ခေါင်းကိုက်နေကြလေသည်။

ထိုသို့ ရှီးရုံနှင့် သာ့ရှန်းကို နောင်တွင် မည်သို့သော သဘောထားဖြင့် ဆက်ဆံရမည်မှန်း မသိဘဲ ဝေခွဲမရ ဖြစ်နေချိန်တွင် သာ့ရှန်းသံတမန်များက အဝေးမှ ရောက်ရှိလာခဲ့လေသည်။

သူတို့သည် [ချူဟွားအတ္ထုပ္ပတ္တိ] ထဲမှ ဓာတ်မြေသြဇာများကို ယူဆောင်လာကြပြီး ပေတိ၏ မြေဆီလွှာကို ပြုပြင်ပေးနိုင်ကြောင်း၊ ပေတိနယ်မြေအတွင်းတွင် ဖြစ်ထွန်းပြီး ချိုမြိန်သော စားကျက်မြက်များ ပေါက်ရောက်လာစေနိုင်ကြောင်း၊ ပေတိ၏ လှည့်လည်သွားလာရသော ဘဝကို တဖြည်းဖြည်း အခြေတကျ ဖြစ်လာစေကာ ပိုပြီး တည်ငြိမ်အေးချမ်းစေနိုင်ကြောင်း အခိုင်အမာ ပြောဆိုကြ၏။

လှည့်လည်သွားလာနေရသည့် ယဉ်ကျေးမှုမှ စိုက်ပျိုးရေး ယဉ်ကျေးမှုသို့ ပြောင်းလဲခြင်းသည် လက်ရှိ ပေတိမင်းဆက်အတွက် ကြီးမားသော ရိုက်ခတ်မှုကြီး တစ်ခုပင်။

ပေတိဘုရင်နှင့် အမတ်များမှာ သာ့ရှန်းသံတမန်များ၏ ချိုသာသော စကားများကို သတိထားနေရင်း တစ်ဖက်တွင်လည်း သာ့ရှန်းက ပစ်ပေးသော ငါးစာကို ကြည့်ကာ သွားရည်ကျနေကြလေသည်။

သူတို့ နယ်မြေအတွင်းတွင် မြစ်ချောင်းအင်းအိုင် နည်းပါးပြီး ရေကြီးရေလျှံမှု ဘေးအန္တရာယ် မရှိသောကြောင့် ကွန်ကရစ် တာတမံများကို ဂရုမစိုက်သော်လည်း စားကျက်မြက်များနှင့် သီးနှံများကို ပိုမို ကြီးထွားဖြစ်ထွန်းစေသော ဓာတ်မြေသြဇာကမူ... တကယ့်ကို စိတ်လှုပ်ရှားဖွယ်ရာ ကောင်းလှ၏။

ပေတိအနေဖြင့် သာ့ရှန်းသံတမန်များ ယူဆောင်လာသော ဓာတ်မြေသြဇာများက တကယ်ပဲ ထိုကဲ့သို့ အာနိသင် ရှိမရှိ အတည်ပြုရန်ပင် မလိုအပ်ပေ။ အကြောင်းအရင်းမှာ [ချူဟွားအတ္ထုပ္ပတ္တိ] ထဲတွင် သာ့ရှန်းနယ်မြေအနှံ့ ဓာတ်မြေသြဇာများ သုံးစွဲနေကြပြီး သာ့ရှန်းပြည်သူများက ဓာတ်မြေသြဇာ၏ ကောင်းကျိုးများကို စောစီးစွာ ခံစားနေကြရပြီဟု ရှင်းလင်းစွာ ရေးသားထားသောကြောင့်ပင်။

သူတို့သည် တိတ်တဆိတ် လူလွှတ်ကာ သာ့ရှန်းသို့ သွားရောက်ပြီး ဓာတ်မြေသြဇာ အများအပြားကို ဝယ်ယူစေခဲ့ဖူးလေသည်။ ခိုးယူ သယ်ဆောင်လာပြီး အသုံးပြုကြည့်သောအခါ အာနိသင် အနည်းငယ် ရှိသော်လည်း ထင်သလောက် မများပြားပေ။

အမတ်များက ထိုအချက်ကို ကိုင်စွဲပြီး ဓာတ်မြေသြဇာ၏ စားကျက်မြက်များအပေါ် သက်ရောက်နိုင်သော အာနိသင်ကို သံသယရှိကြောင်း ပြောဆိုကြ၏။

ထိုအခါ သာ့ရှန်းသံတမန်က ပြောလာလေသည်။

"သီးနှံတစ်မျိုးချင်းစီ လိုအပ်တဲ့ ဓာတ်မြေသြဇာက မတူကြဘူး၊ အခု ကျွန်တော်တို့ ယူလာတဲ့ ဓာတ်မြေသြဇာက ကျောက်မင်မင်းသမီးက ပေတိအတွက် သီးသန့် ထုတ်လုပ်ပေးထားတာပါ၊ တကယ်လို့ လူကြီးမင်းတို့ မယုံရင် စမ်းသပ်ကြည့်လို့ ရပါတယ်"

ပေတိဘုရင် : ???

ပေတိအမတ်များ : ???

သာ့ရှန်း၏ လတ်တလောနှစ်များအတွင်း ပြောင်းလဲတိုးတက်မှုများ အားလုံးသည် ကျောက်မင်မင်းသမီးကြောင့် ဖြစ်ကြောင်း သူတို့ သိထားကြပြီး ချူဟွားကို စည်းရုံးရန် ကြံစည်ခဲ့ဖူးသော်လည်း သူမ သွားလာရာတွင် နန်းစောင့်တပ်သားများက အမြဲတစေ ကာကွယ်စောင့်ရှောက်ထားပြီး တစ်ယောက်တည်း ရှိနေလေ့မရှိသည့်အပြင် ချူဟွားကိုယ်တိုင်ကလည်း ဘာမှ လိုအပ်ချက် မရှိပေ။

ချူဟွားတွင် အားနည်းချက် ရှိသည်ဟု ပြောရလျှင် သူမ၏ ခင်ပွန်းနှင့် မိသားစုပင် ဖြစ်လိမ့်မည်။

ခင်ပွန်းဖြစ်သူ ရှန်လုမှာ လောကီစည်းစိမ်ကို မက်မောမှု မရှိသူ ဖြစ်ပြီး ချူမိသားစုမှာလည်း နန်းစောင့်တပ်သားများ၏ အထပ်ထပ်သော စောင့်ရှောက်မှုအောက်တွင် ရှိနေသလို ချူဟွား အချစ်ဆုံး တူမလေးမှာလည်း ယခုနှစ်မှ ၃ နှစ်သာ ရှိသေးရာ လာဘ်ထိုးစည်းရုံးရန် အရွယ်မရောက်သေးချေ။

မိမိအတွက် အသုံးချမရလျှင် သေရမည်သာ။

ပေတိက လုပ်ကြံသတ်ဖြတ်သူများကို စေလွှတ်ခဲ့သော်လည်း သွားတစ်သုတ် သေတစ်သုတ် ဖြစ်ခဲ့ရပြီး နောက်ဆုံးတွင် ချူဟွားကို သတ်ရမည်ဟု ကြားသည်နှင့် မည်သည့် လုပ်ကြံသတ်ဖြတ်သူကမှ အလုပ်လက်မခံရဲတော့သည် အထိပင်။

ရလဒ်အနေဖြင့် ချူဟွားသည် ယခုအခါ ပေတိအတွက် သီးသန့်ရည်ရွယ်ပြီး စားကျက်မြက်များတွင် သုံးစွဲရန် ဓာတ်မြေသြဇာတစ်မျိုးကို ထုတ်လုပ်ပေးခဲ့သည်တဲ့လား။

သူတို့ ဘာလို့ ဒီလောက်တောင် မယုံချင်စရာ ကောင်းနေရတာလဲ။ ဒီအထဲမှာ ထောင်ချောက်တစ်ခုခု ရှိနေတာတော့ မဟုတ်ဘူးမလား။

ပေတိဘုရင်နှင့် အမတ်များမှာ ငြင်းပယ်ချင်သော်လည်း ဓာတ်မြေသြဇာက တကယ် အသုံးဝင်နေမည်ကို စိုးရိမ်သဖြင့် မယုံတဝက် ယုံတဝက်ဖြင့် စမ်းသပ်ကြည့်လိုက်ကြ၏။

ထိုသို့ စမ်းသပ်ကြည့်လိုက်သောအခါ ဓာတ်မြေသြဇာ အသစ်သည် တကယ်ပင် ကောင်းမွန်ကြောင်း တွေ့ရှိရပြီး နည်းလမ်းမှန်ကန်စွာ အသုံးပြုပြီးနောက် စိုက်ပျိုးထားသော စားကျက်မြက်များမှာ လျင်မြန်စွာ ကြီးထွားလာပြီး ဖြစ်ထွန်းလွန်းလှသဖြင့် သမားတော်များ မည်သို့ပင် သုတေသနပြုလုပ်စေကာမူ အထဲတွင် အဆိပ်ပါဝင်နေကြောင်း မတွေ့ရှိရပေ။

ပေတိဘုရင်နှင့် အမတ်များမှာ စိတ်လှုပ်ရှားသွားကြသော်လည်း ဤအရာကို အကြောင်းပြုပြီး သာ့ရှန်းနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုရန်အတွက်မူ ကြေးမလောက်သေးဟု ဆိုကြလေသည်။

ထိုအချိန်တွင် သာ့ရှန်းသံတမန်သည် ကျောက်မင်မင်းသမီး ဖော်စပ်ထားသော တိရစ္ဆာန်စာ သိုလှောင်နည်းလမ်းကို ထုတ်ပြလာလေသည်။

ဤနည်းလမ်းသည် အပင်လတ်များကို လတ်ဆတ်နေအောင် သိမ်းဆည်းထားနိုင်သော နည်းလမ်း ဖြစ်ပြီး ဆောင်းရာသီတွင်လည်း တိရစ္ဆာန်အစာ ရှားပါးတော့မည် မဟုတ်သလို ပြည်သူများအနေဖြင့် အစာမလောက်ငှသဖြင့် တစ်နှစ်ပတ်လုံး မွေးမြူထားသော ကျွဲနွားများကို မဖြစ်မနေ သတ်ပစ်ရသည့် အခြေအနေမျိုး ရောက်တော့မည် မဟုတ်ပေ။

သည်နည်းလမ်းတွင် ကောင်းကျိုးများစွာ ရှိပြီး ပေတိဘုရင်နှင့် အမတ်များကို အနှစ်သက်စေဆုံး အချက်မှာ တိရစ္ဆာန်စာသိုလှောင်နည်းသည် စားကျက်မြက် တစ်မျိုးတည်းသာမက ကန်စွန်းဥ၊ ဟင်းသီးဟင်းရွက် စသည်တို့ကိုပါ သိမ်းဆည်းထားနိုင်ပြီး ထိုနည်းဖြင့် ပြုလုပ်ထားသော တိရစ္ဆာန်အစာများသည် အနည်းဆုံး ၃ နှစ် ကြာအောင် သိမ်းဆည်းထားနိုင်ခြင်း ဖြစ်လေသည်။

၃ နှစ်တောင်လေ၊ အချိန်က တကယ် ကြာတာပဲ။

ထို့ပြင် ထိုနည်းလမ်းဖြင့် လုပ်ထားသော စားကျက်မြက်၏ အရသာနှင့် အာဟာရသည် မြက်ခြောက်များနှင့် ယှဉ်လျှင် အဆပေါင်းများစွာ သာလွန်ကောင်းမွန်လေ၏။

ကြီးမားလှသော အကျိုးအမြတ်ရှေ့မှောက်တွင် ပေတိတို့ ခေါင်းငုံ့သွားခဲ့ပြီး သာ့ရှန်းနှင့် နှစ် ၃၀ ကြာမြင့်မည့် ငြိမ်းချမ်းရေးစာချုပ်ကို လက်မှတ်ရေးထိုးလိုက်လေသည်။

ရှီးရုံမှာ : "..."

စိတ်ထဲတွင်တော့ 'ဟက်... ပေတိ နင်က တကယ့် ကောင်စုတ်ပဲ' ဟု ကျိန်ဆဲနေမိတော့သည်။

.....

တိုင်းပြည် ၃ ခု ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုပြီးနောက် နယ်စပ်တွင် ချထားသော တပ်အင်အား အများအပြားကို ပြန်လည်ရုပ်သိမ်းလိုက်သဖြင့် မင်းသားကြီးနှင့် ဒုတိယမင်းသမီး တို့သည် နယ်စပ်တွင် ရန်သူကို သတ်ဖြတ်ရန် ကာလကြာရှည် စောင့်နေစရာ မလိုတော့ဘဲ မြို့တော်သို့ ပြန်ကာ မိသားစုနှင့် ပြန်လည်ဆုံစည်းနိုင်ကြပြီ ဖြစ်လေသည်။

သူတို့သည် ငြိမ်းချမ်းရေး ရရှိရန် မလွယ်ကူကြောင်း သိထားသလို ဤကိစ္စတွင် ချူဟွားက အင်အား မည်မျှ စိုက်ထုတ်ထားသည်ကိုလည်း သိထားကြသဖြင့် တစ်ခါမှ မတွေ့ဖူးသော်လည်း ကျော်ကြားလှသော ညီမလေးအပေါ် အထူး စိတ်ဝင်စားနေကြ၏။

အခန့်သင့်ဆိုသလိုပင်။ ညီလာခံမှ သူတို့၏ နှစ်ပေါင်းများစွာ ပေးဆပ်ခဲ့မှုများကို ကြိုဆိုဂုဏ်ပြုရန်အတွက် နန်းတော်တွင် ညစာစားပွဲ ကျင်းပပေးခဲ့ရာ မင်းသားကြီး၊ မင်းသားကြီး၏ ကြင်ရာတော်၊ ဒုတိယမင်းသမီးနှင့် အခြားသူများက ဤအခွင့်အရေးကို အသုံးချပြီး ချူဟွားကို ကောင်းကောင်း ကြည့်ရှုရန် ရည်ရွယ်ထားကြလေသည်။

သူတို့လက်ထဲတွင် ပြည့်စုံသော [ချူဟွားအတ္ထုပ္ပတ္တိ] ရှိနေကြပြီး မြို့တော်မှ ပေးပို့လိုက်သော သတင်းအချက်အလက်များကိုလည်း လက်ခံရရှိထားသဖြင့် ချူဟွားသည် တိုင်းပြည်နှင့် ပြည်သူအတွက် အကျိုးရှိသော အရာများစွာကို လုပ်ဆောင်ခဲ့ကြောင်းနှင့် သူမ၏ စိတ်နေသဘောထားမှာ အလွန် ရိုးရှင်းကြောင်း သိထားကြ၏။

သို့သော် ထိုအရာများမှာ တစ်ဆင့်စကားများသာ ဖြစ်သဖြင့် သူတို့ ကိုယ်တိုင် မျက်စိဖြင့် ကြည့်ပြီး ကိုယ်တိုင် အကဲဖြတ်လိုကြလေသည်။

ညစာစားပွဲ စတင်ရန် နာရီဝက်နီးပါး လိုသေးသော်လည်း လူအများစု ရောက်ရှိနေကြပြီ ဖြစ်သည်။

မင်းသားကြီးနှင့် ဒုတိယမင်းသမီးတို့သည် ဖယောင်းတိုင် တစ်တိုင်စာ အချိန်စောရောက်လာကြပြီး ချူဟွား မရောက်သေးသည်ကို တွေ့ရသဖြင့် အခြားသူများနှင့် နှုတ်ဆက်စကား ပြောဆိုနေကြ၏။

စကားပြောရင်း သူတို့၏ အကြည့်များက ဝင်ပေါက်ဆီသို့ ရောက်သွားတတ်လေသည်။ ဘာလို့ မလာသေးတာလဲ။ တစ်ခုခု ဖြစ်နေတာလား။ လူလွှတ်ပြီး သွားကြည့်ခိုင်းရမလား။

ညစာစားပွဲ စတင်ချိန် ကျော်လွန်သွားမှ ချူဟွားသည် ကပျာကယာ ရောက်ရှိလာလေသည်။

ထိုအချိန်တွင် မင်းသားကြီးနှင့် ဒုတိယမင်းသမီးတို့သည် နားနားကပ်ပြီး ပြောလိုက်သကဲ့သို့သော ကလေးအသံလေးကို ကြားလိုက်ရလေ၏။ နောက်ဆုံးတော့ အမီ‌ရောက်လာပြီ။

system : [မမကြီးဟွား... ငါ ပြောပါတယ် စောစောထွက်ပါလို့၊ မမကြီးဟွားက ဓာတ်ခွဲခန်းထဲမှာပဲ ပိုပြီး အချိန်ဖြုန်းချင်နေတာလေ၊ ပြင်ဆင်ဖို့တောင် အချိန်မမီတော့ဘူး]

system : [အရှင်မင်းကြီးနဲ့ မိဖုရားခေါင်ကြီးက မမကြီးဟွား မရောက်သေးတာသိလို့ တမင် နောက်ကျမှ လာပြီး စောင့်နေပေးလို့သာပေါ့၊ မဟုတ်ရင် သူတို့ထက် နောက်ကျတာက ပြောစရာ ဖြစ်တော့မှာ]

ချူဟွားမှာ ခေါင်းကိုက်နေရလေသည်။

ချူဟွား : [မရွတ်နဲ့တော့... မရွတ်နဲ့တော့... ခေါင်းကိုက်နေပြီ]

system က နှာခေါင်းရှုံ့လိုက်၏။

system : [ငါ့ကို မရွတ်စေချင်ရင် မမကြီးဟွား ဓာတ်ခွဲခန်းထဲမှာ နေ့တိုင်း မနေနဲ့လေ၊ ကြည့်ပါဦး... ဒီတစ်ခါ ညဉ့်နက်တာ ဘယ်လောက်ကြာပြီလဲ]

ချူဟွားက တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ ထားလိုက်ပါတော့၊ သူမ အမှားတွေပါ။

မင်းသားကြီးနှင့် ဒုတိယမင်းသမီး : "..."

ကျောက်မင်က တကယ် သဘောကောင်းတာပဲ၊ ဒီလောက် ပွစိပွစိ အလုပ်ခံနေရတာတောင် စိတ်မဆိုးဘူး။

အကယ်၍ အိပ်ရာထ နောက်ကျတာမျိုး သို့မဟုတ် အခြား အကြောင်းပြချက်တစ်ခုခုကြောင့်ဆိုလျှင် လူတိုင်းက အနည်းနှင့်အများ အမြင်ကပ်ကောင်း ကပ်နိုင်ပေလိမ့်မည်။

သို့သော် ချူဟွားက ဓာတ်ခွဲခန်းထဲတွင် အလုပ်လုပ်နေခြင်း ဖြစ်ပြီး ဓာတ်ခွဲခန်းမှ ထွက်ပေါ်လာသော အရာများသည် သာ့ရှန်းနှင့် ပတ်ဝန်းကျင် နိုင်ငံများကို အကျိုးပြုသဖြင့် အရှင်မင်းကြီးနှင့် မိဖုရားခေါင်ကြီး ကိုယ်တိုင်က ချူဟွားအတွက် စားပွဲစချိန်ကို နောက်ဆုတ်ပေးထားရာ သူတို့အနေဖြင့် ဘာမှ ပြောစရာ မရှိချေ။

"လူကြီးမင်းချူ လာပြီ"

"မင်းသမီး နေကောင်းရဲ့လား"

"လူကြီးမင်းချူ မျက်နှာအရောင် သိပ်မကောင်းဘူး၊ ကျွန်တော်မျိုး ဆေးစစ်ပေးရမလား"

"မင်းသမီး လက်ဖက်ရည်ပူပူလေး သောက်လိုက်ပါဦး"

မင်းသားကြီးက မျက်ခုံးပင့်ကာ မေးလိုက်လေသည်။

"ဒီအခေါ်အဝေါ်တွေက ဘယ်လိုဖြစ်တာလဲ"

မင်းသားကြီး၏ ကြင်ရာတော်နှင့် ဒုတိယမင်းသမီးတို့လည်း သိချင်စိတ် ပြင်းပြနေကြပြီး နားစွင့်နေကြ၏။

အရာရှိတစ်ဦးက ဖြေကြားလေသည်။

"ကျောက်မင်မင်းသမီးက ကိုယ့်ကိုယ်ကိုယ် ချူဟွားလို့ပဲ သုံးပြီး မင်းသမီးဂုဏ်ပုဒ်နဲ့ မနေတာကြောင့် ကျွန်တော်မျိုးတို့က ဒီလိုပဲ ခေါ်ဝေါ်ကြတာပါ"

အခေါ်အဝေါ်များ ရှုပ်ထွေးနေသော်လည်း ကိစ္စမရှိပေ။

မင်းသားကြီးက နှစ်ခွန်းသုံးခွန်းလောက် ထပ်မေးချင်သေးသော်လည်း အရှင်မင်းကြီးနှင့် မိဖုရားခေါင်ကြီး ရောက်လာသဖြင့် စားပွဲတော် တရားဝင် စတင်လေတော့သည်။

စားသောက်ပျော်ပါးကြပြီးနောက် မင်းသားကြီးနှင့် ဒုတိယမင်းသမီးတို့သည် အရက်ခွက်ကို ကိုင်ကာ ချူဟွားနှင့် စကားပြောရန် သွားလိုက်ကြ၏။

မထင်မှတ်ဘဲ မင်းသား၅က ဦးအောင် ဖြတ်ဝင်လာလေသည်။

"မမကြီးဟွား... မမကြီးဟွားက ပြည်သူ့ဆောက်လုပ်ရေးဝန်ကြီးဌာနကနေ အခမ်းအနားဝန်ကြီးဌာနကို ပြောင်းသွားတာ မဟုတ်ဘူးလား၊ ဘာလို့ ဓာတ်ခွဲခန်းထဲ ထပ်ရောက်သွားရတာလဲ"

ချူဟွားက မျက်ခုံးနှစ်ခုကြားကို နှိပ်နယ်ရင်း ပြောလိုက်၏။

"ဒါက ချင်းဟောက်ဆု (ငှက်ဖျားရောဂါအတွက်ဆေး) အကြောင်း တိုးတက်မှုလေး ရှိလာလို့လေ၊ ရှားရှားပါးပါး တိုးတက်လာတာဆိုတော့ ဘယ်လိုလုပ် လက်လွှတ်ခံလို့ ဖြစ်မလဲ"

"ချင်းဟောက်ဆု" ဟူသော စကားလုံး သုံးလုံးမှာ ပုံမှန်အားဖြင့် အလွန် စိမ်းနေသော်လည်း မင်းသား၅မှာ တစ်နေရာရာတွင် ကြားဖူးသလိုလို ခံစားနေရပြီး ချက်ချင်း စဉ်းစား၍ မရ ဖြစ်နေလေသည်။

သူ့ကို မဆိုထားနှင့် မင်းသားကြီးနှင့် ဒုတိယမင်းသမီးတို့လည်း စိမ်းနေသော်လည်း ရင်းနှီးသလို ခံစားရကာ မည်သည့်နေရာတွင် ကြားဖူးမှန်း စဉ်းစား၍ မရ ဖြစ်နေကြ၏။

system က ဒေါသထွက်ထွက်နှင့် တအံ့တဩပြောလေတော့သည်။

system : [ဒါက ငှက်ဖျားရောဂါကို ကုပေးနိုင်တဲ့ ချင်းဟောက်ဆုလေ၊ ပစ္စည်းကောင်းကြီးကို၊ နင်တို့ ဘယ်လိုလုပ် မေ့ထားလို့ ရမှာလဲ]

လူတိုင်း : ???

လူတိုင်း :

"ဟာ" တိုတောင်းသော အာမေဋိတ်သံ ထွက်ပေါ်လာပြီးနောက် လူတိုင်း၏ အာရုံသည် စားပွဲတော်၌ မရှိတော့ဘဲ ချူဟွားကိုသာ စိုက်ကြည့်နေကြတော့သည်။

"လူကြီးမင်းချူ... ချင်းဟောက်ဆုကို နောက်ဆုံးတော့ သုတေသန လုပ်နိုင်သွားပြီလား"

"ဒီစီမံကိန်းက တကယ်ကို နှစ်အတော်ကြာနေပြီ"

"၈ နှစ်တောင် ရှိနေပြီပဲ"

"အိုက်ယိုး... ဒီလောက်တောင် ကြာသွားပြီလား"

အရှင်မင်းကြီးသည် မြင့်မားသော ပလ္လင်ထက်မှ ဆင်းလာလေသည်။

"ဟွားအာ... ချင်းဟောက်ဆုကို ထုတ်လုပ်နိုင်ခဲ့ပြီလား"

"ဟုတ်ပါတယ်"

ချူဟွား၏ မျက်နှာတွင် ဝမ်းသာရွှင်မြူးမှုများ ပြည့်နှက်နေလေသည်။

"ဒီနေ့ပဲ နည်းလမ်းမှန်ကို မတော်တဆ တွေ့ရှိခဲ့ပြီး အချောထည်တချို့ ထုတ်လုပ်နိုင်ခဲ့ပါတယ်၊ ငှက်ဖျားရောဂါ ကုသတဲ့နေရာမှာ တိကျတဲ့ အာနိသင်ကို သိရဖို့ကတော့ စမ်းသပ်မှုတွေ လုပ်ပြီးမှပဲ သိရမှာပါ၊ ဒီအပိုင်းကိုတော့ တော်ဝင်ဆေးကုဌာနကို လွှဲပေးလိုက်ပါပြီ"

အရှင်မင်းကြီးက အလွန် ဝမ်းသာသွားပြီး ပြောလိုက်၏။

"ကောင်းလိုက်တာကွာ... သာ့ရှန်းမှာ ငှက်ဖျားရောဂါကို ကုသနိုင်တဲ့ ဆေးတစ်လက် ထပ်ရပြီပေါ့"

သာ့ရှန်းတွင် နိုင်ငံခြားသားများထံမှ ဝယ်ယူရရှိသော စင်ခိုးနား အပင်များကို စိုက်ပျိုးထားပြီး ယင်းမှရရှိသော ဆေးဖြင့် ငှက်ဖျားရောဂါကို ကုသနိုင်သောကြောင့် အစပိုင်းတွင် သူတို့သည် အလားတူ အာနိသင်ရှိသော ချင်းဟောက်ဆုကို လိုအပ်ချက် သိပ်မပြင်းပြခဲ့ကြပေ။

သို့သော် စင်ခိုးနားပင် စိုက်ပျိုးခြင်းမှာ ထင်ထားသလောက် မလွယ်ကူဘဲ သာ့ရှန်းနယ်မြေအတွင်းတွင် ငှက်ဖျားရောဂါ ဖြစ်ပွားသူ ဦးရေ မနည်းလှသလို ရှီးရုံနှင့် ပေတိဘက်တွင်လည်း လိုအပ်ချက် ရှိနေသဖြင့် နိုင်ငံခြားသားများက ဈေးကို စိတ်ကြိုက် တင်ကြလေသည်။

စင်ခိုးနားပင်၏ ဈေးနှုန်းမှာ အလွန် မြင့်မားပြီး စင်ခိုးနားပင် အနည်းငယ် ဝယ်ယူရန်အတွက် မျက်နှာချိုသွေးကာ လက်ဆောင်ပဏ္ဍာမျိုးစုံ ပေးနေရသဖြင့် အရာရှိများမှာ ဒေါသထွက်နေကြရ၏။

ချင်းဟောက်ဆု ထွက်ပေါ်လာသည်နှင့် သာ့ရှန်းသည် ထိုကဲ့သို့သော အခြေအနေမျိုးကို သည်းခံနေစရာ မလိုတော့ပေ။

ကျောက်ရောဂါပြီးနောက် ငှက်ဖျားရောဂါသည်လည်း လူတိုင်း ကြောက်ရွံ့ရသော ရောဂါ မဟုတ်တော့ပြီ။ တကယ့်ကို ကောင်းလွန်းလှသည်။

အရှင်မင်းကြီးနှင့် အမတ်များမှာ အလွန် ပျော်ရွှင်နေကြလေ၏။

"ဟွားအာ... သမီးက တကယ့်ကို သာ့ရှန်းရဲ့ လာဘ်ကောင်လေးပဲ၊ ငါ့အတွက် ဂုဏ်ယူရဆုံး သမီးပဲ"

အရှင်မင်းကြီးက လူတိုင်းရှေ့တွင် ချီးကျူးစကား ဆိုလိုက်သည်။

အမတ်များက ခေါင်းတညိတ်ညိတ် ထောက်ခံကြပြီး မင်းသား၊ မင်းသမီးနှင့် ကိုယ်လုပ်တော်များမှာလည်း ပြုံးပျော်ရွှင်မြူးနေကြရာ လူတိုင်းက သဘောတူကြောင်း ထင်ရှားနေလေသည်။

ချူဟွားကိုယ်တိုင်ကမူ အားနာဟန်ဖြင့် ပြောလာ၏။

"ခမည်းတော်က မြှောက်ပင့်လွန်းပါပြီ"

မင်းသား၅က ပြုံးရွှင်စွာဖြင့် ဝင်ပြောလေသည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ သာ့ရှန်း ဒီနေ့လို ဖြစ်လာတာ အားလုံး မမကြီးဟွားရဲ့ ကျေးဇူးတွေလေ"

ဒုတိယမင်းသားကလည်း ပြောလာ၏။

"ညီမလေးဟွားက စစ်မတိုက်ဘဲ ရန်သူကို အညံ့ခံခိုင်းနိုင်တာ၊ သာ့ရှန်းရဲ့ လာဘ်ကောင်လေးဆိုတာ တကယ့်ကို ထိုက်တန်ပါတယ်"

ပထမမင်းသမီး နှင့် မင်းသား၄တို့ကလည်း ပြောကြသည်။

"ညီမလေးဟွားက အရမ်း နှိမ့်ချလွန်းနေပါပြီ"

မင်းသားကြီးနှင့် ဒုတိယမင်းသမီး တို့မှာ : ???

ဘာလဲဟ... နင်တို့အားလုံး ပေါင်းပြီး မြှောက်ပင့်ပြီး သတ်နေကြတာလား။ ညီမလေးနဲ့ နိုင်ငံ့အကျိုးပြုသူအပေါ် ဒီလိုနည်းလမ်းသုံးတာ နည်းနည်း မလွန်လွန်းဘူးလား။

မကြာမီတွင်ပင် ထိုချီးကျူးစကားများသည် လူတိုင်း၏ ရင်ထဲမှလာသော စစ်မှန်သည့် စကားများ ဖြစ်ပြီး မြှောက်ပင့်ပြီး သတ်ခြင်းနှင့် တစ်ပြားသားမှ မပတ်သက်ကြောင်း သူတို့ နားလည်သွားကြလေသည်။

၃ လ ကြာပြီးနောက် ချင်းဟောက်ဆုသည် သာ့ရှန်းတွင် တရားဝင် စတင် အသုံးပြုနိုင်ခဲ့ပြီး ငှက်ဖျားရောဂါ ကုသရာတွင် ဆေးကောင်းတစ်လက် ဖြစ်လာခဲ့လေသည်။

ထိုလတွင်ပင် ညီလာခံ အမတ်များ၏ ထပ်ခါတလဲလဲ တောင်းဆိုမှုကြောင့် အရှင်မင်းကြီးသည် ကျောက်မင်မင်းသမီး ချူဟွားကို သာ့ရှန်း၏ ပထမဆုံးသော ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကြောင်း အမိန့်ပြန်တမ်း ထုတ်ပြန်လိုက်လေသည်။

သမိုင်းတွင်တော့ ချူရှန်း (ဝန်ကြီးချုပ်ချူ) ဟု တွင်လေတော့သည်။

...

မူလဇာတ်ကြောင်း ပြီးပါပြီ။

All Chapters