← Chapters

အခန်း ၁၄၈

Vol. 10 Ch. 148

အခန်း ၁၄၈

Vol. 10 Ch. 148

အပိုင်း (၁၄၈)

IF ဇာတ်လမ်းခွဲ : အကယ်၍များ ချူဟွားသည် အစ်ကိုဖြစ်သူအစား ယောက်ျားလေးယောင်ဆောင်ပြီး ညီလာခံမတက်ခင် ဖရဲသီးစား system ရောက်လာခဲ့မည်ဆိုလျှင်

ဆောင်းဦးလေပြေသည် အေးမြနေပြီး ဖြည်းညင်းစွာ တိုက်ခတ်လာသောအခါ သင်းပျံ့သော ကွေ့ဟွားရနံ့များကို သယ်ဆောင်လာလေသည်။

ပွင့်ဖူးနေသော ကွေ့ဟွားပင်အောက်တွင် သက်သောင့်သက်သာရှိလှသော ပက်လက်ကုလားထိုင်တစ်လုံး ချထားပြီး ထိုအပေါ်တွင် မိန်းကလေးတစ်ဦး အိပ်ပျော်နေလေ၏။ မိန်းကလေး၏ မျက်နှာပေါ်တွင် ဖွင့်လျက်စ ဝတ္ထုစာအုပ်တစ်အုပ် တင်ထားသည်။

သေချာကြည့်လိုက်လျှင် ဝတ္ထုစာအုပ်နာမည်မှာ [နှစ်လိုဖွယ် မုဆိုးမနှင့် စာပေသမားချောလေး] ဖြစ်နေသည်ကို တွေ့ရလိမ့်မည်။

ဤမြင်ကွင်းသည် ယခုလေးတင် ရောက်ရှိလာသော ဖရဲသီးစား system ၁၈၈ ကို ဆွံ့အသွားစေခဲ့လေသည်။

သူက တကယ်ပဲ binding လုပ်ဖို့ အသင့်တော်ဆုံးလူ ဟုတ်ရဲ့လား။

ဘာလို့ စိတ်မချရသလို ခံစားနေရတာပါလိမ့်။

ဘယ်အိမ်က သမီးပျိုက အိမ်ထဲမှာနေပြီး ဒီလိုစာအုပ်မျိုး ဖတ်တာလဲ။ နာမည်ကြည့်တာနဲ့တင် မရိုးမှန်း သိသာနေတာကို။

မဟုတ်ဘူး... မဟုတ်ဘူး... system က အမှားမပါနိုင်ပါဘူး။

၁၈၈ သည် ပင်မ system က သင်တန်းပေးစဉ် ပြောကြားခဲ့သော အဆင့်များအတိုင်း လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်လေသည်။

[ဒင်... သင့်ရဲ့ ဖရဲသီးစား system အွန်လိုင်းတက်ပါပြီ]

၁၀ စက္ကန့် ကုန်ဆုံးသွား၏။

၃၀ စက္ကန့် ကုန်ဆုံးသွားလေသည်။

၆၀ စက္ကန့် ကုန်ဆုံးသွားလေ၏။

ကုလားထိုင်ပေါ်မှ မိန်းကလေးသည် နှစ်ခြိုက်စွာ အိပ်ပျော်နေဆဲဖြစ်ပြီး သံသယဖြစ်ခြင်း၊ ထိတ်လန့်ခြင်း စသည့် တုံ့ပြန်မှုများ မရှိပေ။

system သည် host အိပ်ပျော်လွန်းနေသဖြင့် မကြားရခြင်း ဖြစ်မည်ဟု သံသယဝင်လာလေသည်။ သို့မဟုတ်ပါက ဦးနှောက်ထဲ တိုက်ရိုက်ပေါ်လာသော အသံကို မည်သို့လုပ်ပြီး ဘာတုံ့ပြန်မှုမှ မရှိဘဲ နေနိုင်မည်နည်း။

[ဒင်... သင့်ရဲ့ ဖရဲသီးစား system အွန်လိုင်းတက်ပါပြီ]

[မင်္ဂလာပါ host... ငါက ဖရဲသီးစား system ၁၈၈ ပါ]

၁၀ စက္ကန့် ကုန်ဆုံးသွားသော်လည်း ထိုမိန်းကလေးထံမှ တုံ့ပြန်မှု မရှိသေးပေ။

system သည် ဆက်မစောင့်နိုင်တော့ဘဲ host ၏ ဦးနှောက်ထဲတွင် သီချင်းဖွင့်လိုက်လေတော့သည်။ ဒါက ချင်းဇန့်→↗↗↘↘ ကုန်းပြင်မြင့်....]

ချူဟွား : "..."

ဒီတစ်ခါတော့ သူမ တကယ်ကြီး လန့်နိုးသွားပြီး အတော်လေး ကြည်လင်သွားလေသည်။

ခေါင်းထဲတွင် system ဟု ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်သော အသံတစ်သံ ရုတ်တရက် ပေါ်လာပြီး နှစ်ပေါင်းများစွာ အချိန်နောက်ပြန်ဆုတ်ကာ ကူးပြောင်းလာသူအတွက် ရွှေလက်ချောင်း ဖြစ်နိုင်ဖွယ် ရှိသော်လည်း ချူဟွား မကြားလိုက်ခြင်း မဟုတ်ဘဲ ဒီအရာက အသုံးမဝင်ဟု ထင်နေခြင်းသာ ဖြစ်၏။

သူမက system ကို ဘယ်လို မောင်းထုတ်ရမလဲ စဉ်းစားနေစဉ်မှာပင် ဂန္ထဝင်မြောက် ချင်းဇန့်ကုန်းပြင်မြင့်သီချင်း ပေါ်လာလေသည်။

[ဘာလို့ ဒီသီချင်း ရွေးတာလဲ] ထို့ပြင် အစကတည်းက ဂန္ထဝင်အဖြစ်ဆုံး အပိုင်းရောက်နေလေ၏။

system : [နင့်ရဲ့ သီချင်းစာရင်းထဲက ရွေးလိုက်တာလေ၊ တစ်နေ့ကို ၅ ခေါက် ၆ ခေါက်လောက် ဖွင့်တာဆိုတော့ နင် တော်တော်ကြိုက်ပုံပဲ]

ချူဟွား : [....]

ကြိုက်တာပေါ့။

အိပ်ငိုက်နေတဲ့အချိန် အော်ဟစ်လိုက်ရင် ချက်ချင်း အိပ်ရာနိုးပြီး ရေနွေးကြမ်းဖိုးနဲ့ ကော်ဖီဖိုးတောင် သက်သာသေးတယ်။

system ကလည်း စကားအများကြီး မပြောတော့ပေ။ [binding လုပ်မလား]

ချူဟွား : [ငါက ဖရဲသီးစားတာတွေကို စိတ်မဝင်စားဘူး၊ နင် တခြား host တစ်ယောက်လောက် ပြောင်းရှာကြည့်ပါလား]

system : !!!

ဘယ်လိုလုပ်ပြီး ဖရဲသီး မကြိုက်တဲ့လူ ရှိရတာလဲ။

system အနေဖြင့် ဤမေးခွန်းသည် ဘယ်လိုလုပ်ပြီး ပိုက်ဆံမကြိုက်တဲ့လူ ရှိရတာလဲဟူသော မေးခွန်းကဲ့သို့ပင် နားလည်ရခက်ခဲလှ၏။

system က အကဲခတ်သည့်အနေဖြင့် ပြောလိုက်လေသည်။ [လျိုယွဲ့က နင့်အဖေကို ဦးထုပ်စိမ်း တော်တော်များများ ဆောင်းပေးထားတာတောင် နင် စိတ်မဝင်စားဘူးလား]

ချူဟွားက ၂ စက္ကန့်ခန့် တိတ်ဆိတ်သွားပြီး ပြောလိုက်၏။ [ဦးထုပ်စိမ်းဆောင်းတော့ရော ဘာဖြစ်လဲ]

system လန့်သွားလေသည်။ အံ့သြသွားသောကြောင့် ကလေးသံလေးပင် မြင့်တက်သွား၏။

[ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ယောကျ်ားတွေက ဒီကိစ္စကို ဂရုအစိုက်ဆုံး မဟုတ်ဘူးလား]

ချူဟွားက အတွေ့အကြုံရှိသူတစ်ဦး လေသံဖြင့် ပြောလိုက်လေသည်။ [အဲဒါ နင်ဆိုတဲ့ system က ဗဟုသုတ နည်းလို့လေ]

system က နှိမ့်ချစွာဖြင့် ပညာတောင်းခံလိုက်၏။ [ကျေးဇူးပြုပြီး host က ငါ့ကို သင်ပေးပါဦး]

ချူဟွားသည် မျက်နှာပေါ်အုပ်ထားသော ဝတ္ထုစာအုပ်ကို ဖယ်လိုက်လေသည်။ နေ့လယ်ခင်း တစ်ရေးအိပ်ဖို့ မဖြစ်နိုင်တော့သဖြင့် system နှင့် စကားပိုပြောလိုက်၏။

[ဒါက ရှေးခေတ်လေ၊ မိဘကို ရိုသေကိုင်းရှိုင်းမှုဆိုတဲ့ အရာက ဖိထားတာ၊ လျိုယွဲ့ကို သခင်မကြီးက ကာကွယ်ပေးထားတယ်၊ အဖေက လျိုယွဲ့နဲ့ တခြားယောကျ်ားကို အိပ်ရာထဲမိရင်တောင် အများဆုံး လုပ်နိုင်တာက လူကို ခြံဝင်းဆီ ပို့လိုက်ရုံပဲ ရှိမှာ]

[ဆွေကြီးမျိုးကြီးတွေက အိမ်တွင်းရေး အရှက်ကွဲတာကို အပြင်လူ မသိအောင် ထိန်းသိမ်းကြတယ်၊ အိမ်မှာ ဘယ်လိုပဲ အရှက်ရစရာကိစ္စ ဖြစ်ပါစေ၊ အတွင်းမှာပဲ ဖြေရှင်းလို့ရပေမဲ့ တခြားလူကို ပေးသိလို့ မရဘူး၊ တကယ်လို့ တစ်ယောက်ယောက်ကများ ဒီကိစ္စကို အပြင်ရောက်အောင် ပြောရဲရင် နောက်ဆုံး ဒုက္ခရောက်မှာက အဲ့ဒီ တစ်ယောက်ယောက်ပဲ]

system မှာ အံ့သြလွန်းသဖြင့် စကားပင် မပြောနိုင်တော့ပေ။ [ဘယ်လိုလုပ် အဲ့လိုဖြစ်ရတာလဲ]

system ၏ ဗဟုသုတ နည်းပါးပုံကို မြင်လိုက်ရသဖြင့် ချူဟွားသည် စေတနာ ဗုန်းဗောလအော ပါလာပြီး ရှင်းပြလိုက်လေသည်။ [လူအများစုအတွက် အမှန်တရားနဲ့ ဖြစ်ရပ်မှန်က အရေးမကြီးဘူး၊ အရေးကြီးတာက ကိုယ်နဲ့ ကိုယ့်မိသားစုရဲ့ ဂုဏ်သိက္ခာနဲ့ မျက်နှာပဲ]

[ဦးထုပ်စိမ်းဆောင်းရတာက ဆိုးရွားတယ်၊ ဒါပေမဲ့ ပိုဆိုးတာက ဦးထုပ်စိမ်းဆောင်းရတဲ့ ကိစ္စကို မြို့တော်တစ်ခုလုံး သိသွားတာပဲ]

system သဘောပေါက်သွားလေသည်။ [ငါ နားလည်သလို ရှိသွားပြီ]

[တကယ်လို့ ဦးထုပ်စိမ်းဆောင်းရတဲ့ကိစ္စက ယောကျ်ားတစ်ယောက်အတွက် ထိခိုက်မှု ၁၀၀ ရှိတယ်ဆိုရင် တစ်မြို့လုံးက ပြည်သူတွေ သိသွားပြီး ထမင်းစားရေသောက် ပြောစရာ ဖြစ်လာတာ၊ အပြင်ထွက်ရင် လူတိုင်း လက်ညှိုးထိုးတာ ခံရမယ်ဆိုရင် ထိခိုက်မှုက ၁၀၀၀၀ ဖြစ်သွားမှာပေါ့]

[ဒါကြောင့် ထိခိုက်မှု လျော့နည်းအောင် သူက ဒီကိစ္စကို ဘာမှ မဖြစ်ခဲ့သလို ဟန်ဆောင်ပြီး အသေအချာ ဖုံးကွယ်ထားလိမ့်မယ်]

ချူဟွား ခေါင်းညိတ်လိုက်ပြီး မြေတောင်မြှောက်ပေး၍ ရမည့်ပုံစံဖြင့် ပြောလိုက်လေသည်။ [မမှားဘူး]

[ယေဘုယျအားဖြင့် အိမ်ထောင်ဦးစီးကို ဦးထုပ်စိမ်းဆောင်းပေးတဲ့ ကိုယ်လုပ်တော်နဲ့ ကြုံလာရရင် မျက်စိရှေ့က ပျောက်သွားအောင် ခြံဝင်းဆီ ပို့လိုက်တာမျိုး၊ ဒါမှမဟုတ် လူပွဲစားဆီ ပြန်ရောင်းပြီး တခြားနေရာ ရောက်သွားအောင် လုပ်တာမျိုးပဲ ရှိတယ်၊ တကယ်လို့ ရက်စက်တဲ့ အိမ်ရှင်နဲ့ တိုးရင်တော့ ဆေးတစ်ခွက်တိုက်လိုက်တာနဲ့ လူပါ ပျောက်သွားရော]

system က ရှီးခနဲ အသံထွက်သွားလေသည်။ [ဒါဆို နင့်အိမ်က ဘယ်လိုလုပ်မှာလဲ]

ချူဟွား : [လျိုယွဲ့က သခင်မကြီး ကာကွယ်ပေးထားတဲ့လူလေ၊ တကယ်လို့ သက်သေမရှိဘဲ လျှောက်ပြောရင် ငါပဲ ဒုက္ခရောက်မှာ၊ အဖေ လက်ပူးလက်ကြပ်မိအောင် စီစဉ်ရင်တောင် သခင်မကြီးက အသက်နဲ့လဲပြီး ကာကွယ်ပေးမှာပဲ]

[ဒီကိစ္စ ပေါက်ကြားသွားရင် ရလဒ်က နှစ်ခုရှိတယ်၊ အဖေက လျိုယွဲ့ အခန်းကို မသွားတော့ဘဲ လျိုယွဲ့ကို ခြံဝင်းဆီ ပို့လိုက်မယ်၊ အဲဒါက အခုလက်ရှိ အခြေအနေနဲ့ အတူတူပဲ မဟုတ်ဘူးလား]

system : [....]

တကယ်ပါပဲ။

ယခုအခါ ချူဖျင်က လျိုယွဲ့အခန်းကို မသွားတော့သလို လျိုယွဲ့ကလည်း ချူသခင်မကြီးနှင့်အတူ ခြံဝင်းသို့ မကြာခဏ သွားရောက်နေထိုင်တတ်သဖြင့် ပြောခြင်းနှင့် မပြောခြင်းသည် ကွာခြားမှု မရှိပေ။

Systemက အလွန် စိတ်ပျက်သွားလေသည်။ သတင်းအကြီးကြီးတစ်ခု ဖောက်လိုက်လျှင် host က binding လုပ်ချင်မည်ဟု ထင်ထားခဲ့ခြင်း ဖြစ်၏။

ပင်မ system သင်ကြားပေးလိုက်သော အဆင့်များအတိုင်း လုပ်ဆောင်ခဲ့သည်မှာ မမှားပေ၊ ဘာကြောင့် အသုံးမဝင်ရသနည်း။

system : [ဒါဆို နင့်အစ်ကို ချူဖျင်ရဲ့ သတင်းရော]

ချူဟွား : [သူက အခုလေးတင် တော်ဝင်စာမေးပွဲမှာ ထန်ဟွား ရထားတာလေ၊ ဘာအတင်းအဖျင်း ရှိမှာလဲ]

system : [ဥပမာ... သူ့ရဲ့ ညီလာခံစာမေးပွဲ ရမှတ်တွေက သိပ်မကောင်းဘဲ အရှင်မင်းကြီးက ရုပ်ချောတာကို ကြည့်ပြီး ထန်ဟွား ပေးလိုက်တာမျိုးပေါ့]

သူက သတင်းကြီးကြီးတစ်ခု ဖောက်လိုက်သည်ဟု ထင်နေသော်လည်း ချူဟွားက တည်ငြိမ်စွာဖြင့် ပြောလာ၏။ [ငါ သိတယ်လေ]

system : [ဟင်]

ချူဟွား : [ကိုယ့်အစ်ကို အဆင့်ကို ကိုယ်အသိဆုံးပဲလေ၊ ကျင့်ရှီ အောင်တာတောင် မဆိုးဘူး ပြောရမယ်၊ ထန်ဟွား ရတာကတော့ သေချာပေါက် ရုပ်ရည်ကြောင့် အသာစီးရသွားတာပေါ့၊ ငါက အလကားနေရင်း မျက်နှာပေါင်းတင်ဆေးတွေ စပ်ပေးပြီး စာလုပ်လို့ ပင်ပန်းနေတဲ့ကြားက ရုပ်ရည်မကျဆင်းအောင် ထိန်းထားပေးတယ် မှတ်နေလား]

system : [.... ဒါဆို ချူချီနဲ့ ချူရှူးတို့ရဲ့ သတင်းရော]

ချူဟွား : [သူတို့က ဥပဒေချိုးဖောက်ပြီး ချူမိသားစုကို မထိခိုက်စေသရွေ့ ငါနဲ့ မဆိုင်ဘူး]

system : [.... ဒါဆို နင့်အဖေနဲ့ အမေရော]

ချူဟွား : [သူတို့နှစ်ယောက်မှာ ငါမသိတဲ့ ဘာသတင်းကြီး ရှိဦးမှာမို့လို့လဲ]

system တိတ်ဆိတ်သွားလေသည်။

system က ဝူးခနဲ အော်ငိုလိုက်တော့၏။ [ဝူး... host ရှာရတာ ဘာလို့ ဒီလောက် ခက်ခဲရတာလဲ]

[ငါက စက်ရုံက ထွက်လာပြီး သင်တန်းတက်တာ နှစ်နည်းနည်းပဲ ရှိသေးတာ၊ ဒီနယ်မြေကို ကူးပြောင်းလာဖို့ ဖရဲသီးစွမ်းအင်တွေ အများကြီး သုံးထားရတာ၊ binding လုပ်ဖို့ အသင့်တော်ဆုံး host ကို ရှာဖို့အတွက်လည်း စွမ်းအင်တစ်ပုံ ထပ်သုံးထားရသေးတယ်၊ binding မလုပ်ရရင် စက်ပိတ်ပြီး သေရတော့မှာ... ဝူး]

[မနည်း ရှာတွေ့ထားတဲ့ host ကလည်း ဖရဲသီးစားတာကို စိတ်မဝင်စားဘူးတဲ့၊ ငါ့ကို မလိုချင်ဘူးတဲ့... ဟင့်... ဟင့်]

[၁၈၈ က အရင်ဘဝတုန်းက ဂလက်ဆီကို ဗုံးခွဲခဲ့မိလို့လား၊ ဘာလို့ ဒီလောက်တောင် သနားစရာ ကောင်းနေရတာလဲ... ဝူး]

ချူဟွား၏ ဦးနှောက်ထဲတွင် ကလေးဆိုး ဆယ်ယောက်လောက် ဝိုင်းအော်ငိုနေသကဲ့သို့ ခံစားရပြီး ခေါင်းကိုက်လာလေသည်။

[တခြား host ပြောင်းလိုက်ရင် ပြီးရော မဟုတ်ဘူးလား]

system က ပိုပြီး ကျယ်လောင်စွာ ငိုလေသည်။ [နင်က ဒီနယ်မြေမှာ binding လုပ်ဖို့ အသင့်တော်ဆုံး host ပါလို့ ငါ ပြောပြီးပြီလေ]

ချူဟွား : [.... နင် ငါ့အစ်ကိုနဲ့ binding လုပ်လို့ ရတာပဲ]

system က အကြီးအကျယ် ခေါင်းမာနေလေသည်။ [မလုပ်ဘူး... ငါက နင့်ကိုပဲ သဘောကျတာ၊ နင့်ကိုပဲ လိုချင်တာ]

ချူဟွား သက်ပြင်းချလိုက်သည်။ တကယ့် system အတုံးလေးပဲ။ သူမ ဘာမှမပြောရသေးဘူး အကုန် ဖွင့်ပြောနေပြီ။

[နင် စောစောက ငါ့သီချင်းစာရင်း အကြောင်း ပြောတယ်ဆိုတော့ ငါ့ရဲ့ အရင်ဘဝ အကြောင်းတွေပါ သိနေတာလား]

system က ရှိုက်သံတဝက်ဖြင့် ပြောလာ၏။ [ဟုတ်... ဟုတ်တာပေါ့၊ မဟုတ်ရင် ငါက ဘယ်လိုလုပ် စွမ်းအင် ပြတ်လပ်တော့မှာလဲ]

[ငါက binding လုပ်ရမှာဆိုတော့ သူက ဘယ်လိုလူလဲ၊ ယုံကြည်ရလားဆိုတာ သိရမှာပေါ့၊ နင်က အရမ်း ထူးခြားတာပဲ၊ နင့်နောက်လိုက်ရင် ရာထူးတိုး လစာတိုးပြီး system လောကရဲ့ ထိပ်ဆုံးရောက်မယ်လို့ ထင်ထားတာ]

စကားအဆုံးတွင် system က မိုးမွှန်အောင် အော်ငိုပြန်လေသည်။ [ဒါပေမဲ့ နင်က ငါ့ကို မလိုချင်ဘူးဆို... ဟင့်... ဟင့်... စက်ရုံက ထွက်လာကာစပဲ ရှိသေးတယ် သေရတော့မယ်... ဝူး]

ချူဟွား ခေါင်းကိုက်လာလေ၏။ [တော်တော့... binding လုပ်မယ်... လုပ်မယ်... မငိုနဲ့တော့]

system : ???

မယုံနိုင်စရာပဲ။ ငိုသံ ရပ်တန့်သွားပြီး တစ်စက္ကန့်အတွင်း အဆင်သင့် ဖြစ်သွားလေသည်။

[ဟုတ်ကဲ့... binding လုပ်ခြင်း အောင်မြင်ပါတယ်]

[ကျေးဇူးတင်ပါတယ် host... နင် ဘာသတင်း သိချင်လဲ၊ ငါ ရှာပေးမယ်နော်၊ ဒါပေမဲ့ ငါ့မှာ စွမ်းအင် နည်းနေလို့ နင့်ဘေးနားက လူတွေဆီကနေပဲ စရမယ်]

ချူဟွား : [ဘာဖြစ်လို့လဲ]

system : [ရှေးခေတ်မှာ အင်တာနက် မရှိတော့ ငါက အသင့်ရှိပြီး ငါ့လိုင်းကို ယူသုံးလို့ မရဘူး၊ ကိုယ်ပိုင် ဖရဲသီးစွမ်းအင် ကွန်ရက် တည်ဆောက်ရတယ်၊ အဲ့ဒါက စွမ်းအင်ကို အရင်းအနှီးပြုပြီး နင့်ကို ဗဟိုပြု တည်ဆောက်ရတာ၊ ရှင်းအောင်ပြောရရင် နင်နဲ့ ပိုရင်းနှီးတဲ့လူဆိုရင် သတင်းယူရတာ စွမ်းအင်ကုန်ကျစရိတ် ပိုသက်သာတယ်]

ချူဟွား နားလည်သွားသော်လည်း နှမြောစရာ ကောင်းနေလေသည်။ [ငါ တကယ် ဘာသတင်းမှ မသိချင်ဘူး]

system : [....]

၁ ရက်ကြာပြီးနောက်။

system : [host... ဒီနေ့ သတင်းစားချင်ပြီလား]

ချူဟွား : [ဟင့်အင်း]

၃ ရက်ကြာပြီးနောက်။

system : [host... ဒီနေ့ သတင်းစားချင်ပြီလား]

ချူဟွား : [ဟင့်အင်း]

၁၀ ရက်ကြာပြီးနောက်။

system : [host... ဒီနေ့ သတင်းစားချင်ပြီလား]

ချူဟွား : [ဟင့်အင်း]

system သည် အောင့်အီးသည်းခံနေသော်လည်း နောက်ဆုံးတွင် မထိန်းနိုင်တော့ဘဲ မိုးမွှန်အောင် အော်ငိုလေတော့သည်။ [ဝူး... နင့်ကို binding လုပ်လိုက်တာ ဘာအသုံးဝင်လို့လဲ]

[host က သတင်းကို စိတ်လည်း မဝင်စားဘဲနဲ့ ဘာလို့ system က နင့်ကို အသင့်တော်ဆုံးလူလို့ သတ်မှတ်လိုက်တာလဲ]

[နင့်ကို binding လုပ်ပြီးကတည်းက ငါ စွမ်းအင် တစ်ပြားမှ မရတဲ့အပြင် စုထားတဲ့ မုန့်ဖိုးတွေတောင် အများကြီး ပါသွားပြီ]

ပြောရင်းဆိုရင်း system ဝမ်းနည်းပက်လက် ဖြစ်လာလေသည်။ [ငါတော့ ဘယ်တော့မှ ရာထူးတိုး လစာတိုးပြီး system လောကရဲ့ ထိပ်ဆုံးကို ရောက်တော့မှာ မဟုတ်ဘူး... ဝူး]

ချူဟွား : "..."

system က သူမ ဝတ္ထုဖတ်တာကို နှောင့်ယှက်နေမည် စိုးသဖြင့် မတတ်သာဘဲ ပြန်ပြောလိုက်ရလေသည်။ [တော်တော့... နင် ပြောချင်တဲ့သတင်းသာ ပြောတော့]

system : [ကောင်းပါပြီ၊ ဒါဆို နင့်ရဲ့ အနီးကပ်အပျိုတော် ဟုန်မေရဲ့ သတင်း ပြောပြမယ်]

စိတ်လှုပ်ရှားစွာဖြင့် ပွစိပွစိ ပြောလေတော့သည်။

ချူဟွားသည် စိတ်ကို နှစ်ခွခွဲလိုက်ပြီး တစ်ဖက်က system ပြောတာ နားထောင်ကာ တစ်ဖက်က စာအုပ်ဖတ်ရင်း ရံဖန်ရံခါ အင်း၊ အဲ လိုက်လုပ်ပေးနေလိုက်၏။

system : [....]

ပြီးစလွယ် လုပ်ခံလိုက်ရသလို ခံစားလိုက်ရသည်။

နဂိုက စိတ်လှုပ်ရှားနေသမျှ ရေခဲရေနှင့် ပက်လိုက်သကဲ့သို့ ချက်ချင်း အေးစက်သွားလေသည်။

သွားပါပြီ... သူ တကယ်ကြီး ရာထူးတိုး လစာတိုးပြီး system လောကရဲ့ ထိပ်ဆုံးရောက်ဖို့ မဖြစ်နိုင်တော့ဘူး... ဝူး ဝူး။

...

If line End.

All Chapters