အခန်း ၁၄၉
Vol. 10 Ch. 149
အပိုင်း (၁၄၉) အချပ်ပို
system လောက၏ ဝင်ပေါက်။
[host တော့ နောက်ဆုံး သေသွားပြီ]
system ၁၀၀၉ သည် ဝင်ပေါက်ကို ဖြတ်ကျော်လာပြီးပြီးချင်း ပွစိပွစိ ပြောလာလေသည်။
[ဦးနှောက်ထဲမှာ ညစ်ညမ်းတာတွေပဲ ရှိတဲ့ host အတုံးနဲ့ တွေ့ရတာ ငါ့ကံက ၈ ဆက်လောက် ဆိုးနေလို့ ဖြစ်မယ်]
၁၀၀၉ သည် အောင့်ထားရသည်မှာ ကြာပြီဖြစ်၍ ပါးစပ်သရမ်းပြီး ဖွင့်ထုတ်လိုက်ခြင်း ဖြစ်သော်လည်း သူ စကားတစ်ခွန်း ပြောလိုက်ရုံရှိသေးသည်။ အခြား system တစ်ခုက ဝင်ပြောလာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။
[နင့် host က ဘာဖြစ်လို့လဲ]
၁၀၀၉ လှည့်ကြည့်လိုက်လေသည်။
[၁၈၈ လား... နင်လည်း ပြန်ရောက်လာပြီလား]
၁၈၈ က ခေါင်းညိတ်ပြလိုက်၏။
[ဟုတ်တယ်... နင့် host က ဘာဖြစ်လို့လဲ]
host အကြောင်း မပြောလျှင် တော်သေးသည်။ ပြောလိုက်သည်နှင့် ၁၀၀၉ ၏ ရင်ထဲတွင် ခါးသီးမှုများ ပြည့်နှက်လာလေတော့သည်။
[နင် မသိပါဘူး၊ ငါ့ host က ရုပ်ရည်သာမန်ပဲ ရှိပြီး ယုံကြည်မှု လွန်ကဲနေတာ၊ ငါနဲ့ binding လုပ်ပြီးရင် ရာထူးတိုး လစာတိုးပြီး သူဌေးမလေးကို လက်ထပ်ရမယ် ထင်နေတာလေ၊ လက်တွေ့ကျကျ နေခိုင်းတော့လည်း လက်မခံဘူး၊ နေ့တိုင်း မိန်းမချောလေးတွေရဲ့ သတင်း လိုက်စုံစမ်းခိုင်းနေတာ]
[ဖရဲသီးစားတာကတော့ ထားပါတော့... ငါတို့ အလုပ်က သတင်းစုံစမ်းရတာပဲလေ၊ ဒါပေမဲ့ သူ စုံစမ်းခိုင်းတာတွေက ဘာတွေလဲ သိလား၊ သူများမိန်းကလေးတွေရဲ့ မကောင်းသတင်းတွေ၊ ခြေအိတ်အနက် ဝတ်လား မဝတ်လား၊ ဇာ ဝတ်လား မဝတ်လား၊ အဲဒီလို စိတ်ကူးယဉ် အပျက်အစီးတွေ ရှိလား မရှိလား ဆိုတာတွေလေ]
[ငါ့လို system က ကိုယ်ကျင့်တရား ဘယ်လောက် မြင့်မားလိုက်လဲ၊ တစ်ခါတစ်လေ ဒီလိုသတင်းမျိုး တစ်ခုနှစ်ခု စုံစမ်းရတာ ကိစ္စမရှိပေမဲ့ နေ့တိုင်း စုံစမ်းခိုင်းနေလို့ ဖြစ်မလား၊ ပြီးတော့ ပုံမှန် host တွေက သတင်းရပြီးရင် ပျော်ရုံပဲလေ၊ ငါ့ host က ဘာလုပ်လဲ သိလား၊ သူက အဲ့သတင်းတွေနဲ့ ကာယကံရှင်ကို သွားခြိမ်းခြောက်ပြီး ပိုက်ဆံတောင်းတာ၊ ပိုက်ဆံမပေးရင် သတင်းဖြန့်မယ်ဆိုပြီး လုပ်တာ]
[လခွမ်း... အတုံးကောင်... system စည်းမျဉ်းတွေသာ မရှိရင်၊ host ကို ထိခိုက်အောင် မလုပ်ရဘူးဆိုတာသာ မရှိရင် ငါ သူ့ကို သတ်ပစ်ပြီး ပုံမှန်စိတ်ရှိတဲ့ host အသစ် ပြောင်းလိုက်တာ ကြာလှပြီ]
၁၈၈ : [....]
၎င်း၏ မျက်နှာထားမှာ မစင်ပုံ စားမိလိုက်သကဲ့သို့ ဖြစ်နေလေသည်။
၁၀၀၉ သည် ၁၈၈ ၏ မျက်နှာထားကို ကြည့်ပြီး ဘဝတူ system ချင်း စာနာစိတ် ဖြစ်သွားကာ ၁၈၈ လည်း host အတုံးနှင့် တွေ့ခဲ့ရသည်ဟု ထင်မှတ်သွားလေသည်။ သူက ခါးသီးမှုများကို ဖွင့်ထုတ်ပြောဆိုပြီးပြီ ဖြစ်ရာ တရားမျှတမှု ရှိစေရန် ၁၈၈ ကိုလည်း ပြန်ပြောခွင့် ပေးလိုက်၏။
[နင့် host ကရော ဘယ်လိုလဲ]
ဟေး... ဒီအကြောင်း ပြောလာရင်တော့ ငါ အိပ်ငိုက်တော့မှာ မဟုတ်ဘူးနော်။
၁၈၈ သည် ပါးစပ်ဖြီးနေအောင် ပြုံးလိုက်ပြီး ပျော်ရွှင်ကြည်နူးနေသော မျက်နှာထားဖြင့် ပြောလာလေသည်။
[ငါ့ host ကတော့... ငါက သူ့ကို မမကြီးဟွားလို့ ခေါ်တယ်... ငါ မမကြီးဟွားနဲ့ စတွေ့တုန်းက သူက ၁၃ နှစ်အရွယ် မိန်းကလေးပဲ ရှိသေးတယ်၊ ရှေးခေတ်မှာ မိန်းကလေးတစ်ယောက်အနေနဲ့ ဘယ်လောက်ခက်ခဲလဲ နင်လည်း သိတာပဲ...]
[သူက ရှေးခေတ် အိမ်တွင်းပုန်း အမျိုးသမီးတွေရဲ့ ဘောင်ထဲကနေ ဖောက်ထွက်ပြီး ဒုက္ခရောက်နေတဲ့ အမျိုးသမီးတွေကို ကူညီပေးတယ်၊ ဒါပေမဲ့ ဘာအဖိုးအခမှ ပြန်မတောင်းဘူး...]
[သူ့ရဲ့ ထူးချွန်ထက်မြက်မှုကြောင့် သူ့ကိုသိတဲ့ လူတိုင်းက နှမြောတသ ဖြစ်ကြရတယ်၊ ဒါကြောင့် သူ ညီလာခံကို တရားဝင် တက်ရောက်နိုင်အောင်လို့ အမျိုးသမီး ဝင်ခွင့်စာမေးပွဲကို သီးသန့် ဖွင့်လှစ်ပေးခဲ့ကြတယ်...]
[သူက စာပေကျမ်းဂန်တွေကို လေ့လာပြီး တော်ဝင်စာမေးပွဲ ဖြေဆိုခဲ့တယ်၊ ယောကျ်ားလေး အများအပြားကို အနိုင်ယူပြီး အဆင့်တိုင်းမှာ ပထမရတယ်။ ပြီးတော့ သာ့ရှန်းရဲ့ ပထမဆုံး အမျိုးသမီး ကျင့်ရှီပထမ ဖြစ်လာခဲ့တယ်...]
ထို ဗဟုသုတ ဖြန့်ဝေမှုကြီးက ၁၀၀၉ ကို ကြောင်အသွားစေပြီး ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ချီးကျူးမိလိုက်လေသည်။
[နင့် host က တော်လိုက်တာ]
[ဒါပေါ့]
၁၈၈ က ဂုဏ်ယူဝင့်ကြွားစွာဖြင့် အမြီးလေး ထောင်နေလေ၏။
[တခြား host တွေက system နဲ့ binding လုပ်ပြီးရင် ခိုးကြောင်ခိုးဝှက် သတင်းစုံစမ်းကြပေမဲ့ ငါ့ host ကတော့ ငါ့ကို နိုင်ငံတော်ဆီ အပ်နှံပြီး သတင်းထောက်လှမ်းရေး system နဲ့ တိုင်းပြည်တိုးတက်ရေး system အဖြစ် အသုံးပြုခဲ့တာ၊ နင် ထင်တောင် ထင်ထားမှာ မဟုတ်ဘူး]
[သူက သာ့ရှန်းမှာ လမ်းတံတားတွေ ဆောက်၊ တာတမံတွေ ဆောက်၊ ရေကြောင်းလုပ်ငန်းတွေ လုပ်ပြီး အခြေခံ အဆောက်အအုံတွေ အကြီးအကျယ် ဆောက်လုပ်ခဲ့တယ်...]
[မျိုးကောင်းမျိုးသန့်တွေ ထုတ်လုပ်၊ ဓာတ်မြေသြဇာတွေ ထုတ်၊ ပိုးသတ်ဆေးတွေ ထုတ်၊ နိုင်ငံခြားက ဆေးဝါးတွေနဲ့ စီးပွားဖြစ် သီးနှံပင်တွေကို မရေမတွက်နိုင်အောင် တင်သွင်းပေးခဲ့တယ်...]
[အခြေခံ ပညာရေးကို အားပေးမြှင့်တင်ပြီး ခေတ်သစ် ဆေးပညာနဲ့ ဓာတုဗေဒ ဗဟုသုတတွေကို သာ့ရှန်းဆီ ယူဆောင်လာပေးခဲ့တယ်...]
[ငါ့ host မှာ တစ်သက်လုံး သားသမီး မရှိခဲ့ဘူး၊ အရာအားလုံးကို သာ့ရှန်းနဲ့ ပြည်သူတွေအတွက် ပေးဆပ်ခဲ့တယ်၊ သူက အဲဒီကမ္ဘာအတွက် အများကြီး ပေးဆပ်ခဲ့လို့ အသက်ရှင်နေတုန်းမှာတင် ပြည်သူအများအပြားက သူ့အတွက် ဘုရားကျောင်းဆောင် ဆောက်လုပ်ပြီး ပူဇော်ကြတယ်၊ နှစ်ပေါင်းထောင်ချီအတွင်း လူကြိုက်အများဆုံး ဝန်ကြီးချုပ်ပဲ]
၁၀၀၉ ခမျာ ပြန်ရောက်ရောက်ချင်း system လောက ဝင်ပေါက်တွင် ၁၈၈ ဆွဲထားသဖြင့် ၃ နာရီတိတိ စကားပြောလိုက်ရပြီး တောက်လျှောက်လုံး ၁၈၈ ၏ ကြွားလုံးများကိုသာ နားထောင်နေရလေသည်။
အစပိုင်းတွင် ၁၀၀၉ သည် အံ့သြတကြီးနှင့် အရသာခံ နားထောင်နေသော်လည်း နောက်ပိုင်းတွင် ၁၈၈ စကားများလွန်းသည်ဟု ခံစားလာရကာ ဘယ်လိုပြောပြော မပြီးနိုင် ဖြစ်နေလေ၏။ ထို့နောက်တွင်တော့ ၁၈၈ စကားပြော မတတ်ဟု တွေးမိလာတော့သည်။
သူ့ host အကြောင်း သူ ကြွားချင်တာ ကြွားပါစေလေ၊ ၁၈၈ ရဲ့ host က တခြား system တွေရဲ့ host နဲ့ မတူဘဲ တကယ်ပဲ ကြွားချင်စရာ ကောင်းနေတာ မဟုတ်လား။
သို့သော် ဒီကောင်က နှိုင်းယှဉ်ပြီး နှိမ်ချသည့် နည်းလမ်းကို သုံးလာလေသည်။
၁၈၈ : [မမကြီးဟွားနဲ့ စပြီး binding လုပ်တုန်းက ငါက တွေးမိသေးတယ်၊ မိန်းကလေးဆိုတော့ ဖရဲသီးစားတာကို သိပ်စိတ်ဝင်စားမှာ မဟုတ်ဘူးပေါ့၊ ဒါပေမဲ့ သူက ဖရဲသီးစား system ကို ထောက်လှမ်းရေး system အဖြစ် သုံးမယ်လို့ ဘယ်သူ ထင်မှာလဲ]
[၁၀၀၉... နင့် host နဲ့ ယှဉ်ကြည့်လိုက်လေ၊ ငါ့ရဲ့ မမကြီးဟွားက ပိုမတော်ဘူးလား]
၁၀၀၉ : [.... အင်း]
၁၈၈ : [နင့် host က နေ့တိုင်း မိန်းကလေးတွေရဲ့ သတင်းကို လိုက်စုံစမ်းပြီး ကိုယ်ကျိုးအတွက် ခြိမ်းခြောက်တာနဲ့ ယှဉ်လိုက်ရင် ငါ့ရဲ့ မမကြီးဟွားက ရည်မှန်းချက် ပိုကြီးမားပြီး စိတ်ဓာတ် ပိုမမြတ်ဘူးလား]
၁၀၀၉ : [.... အင်း]
၁၈၈ : [နင့် host နဲ့ ယှဉ်လိုက်ရင်...]
စကားအနည်းငယ် ပြောပြီးနောက် ၁၀၀၉ မျက်နှာထား ပျက်လာလေတော့သည်။
[၁၈၈... ငါ ပင်မ system ဆီသွားပြီး ဒီတစ်ခေါက် တာဝန်ပြီးဆုံးကြောင်း အစီရင်ခံစာ သွားတင်လိုက်ဦးမယ်၊ နောက်မှ အချိန်ရရင် နင်နဲ့ စကားဆက်ပြောကြတာပေါ့]
သူသည် နောက်မှ ခွေးရူးလိုက်ဆွဲသကဲ့သို့ အမြန် လစ်ပြေးသွားလေသည်။
၁၈၈ သည် အာသီသ မပြေနိုင်သေးဘဲ ပါးစပ် တပြင်ပြင် ဖြစ်ကျန်ရစ်၏။
၁၀၀၉သည် အဝေးသို့ ရောက်အောင် ပြေးပြီးနောက် ပြန်လှည့်ကြည့်လိုက်ရာ ၁၈၈သည် နောက်ထပ် ကံဆိုးသူတစ်ဦးကို ဖမ်းမိထားပြီး သူ့ မမကြီးဟွားအကြောင်း စတင် ကြွားလုံးထုတ်နေသည်ကို တွေ့လိုက်ရလေသည်။
ဒီကောင် ဘာဖြစ်နေတာလဲ။
အပြင်တစ်ခေါက် ထွက်သွားလိုက်တာနဲ့ စရိုက်တွေ ဒီလောက်တောင် ပြောင်းလဲသွားရသလား။
အရင်တုန်းက အလိုက်ကမ်းဆိုး မသိတာလောက်ပဲ ရှိတာ၊ အခုတော့ အတုံးလေး ဖြစ်သွားပြီ။
၁၀၀၉ ခေါင်းခါလိုက်သည်။ သူ အစီရင်ခံစာ တင်သွင်းပြီးနောက် အနိမ့်ဆုံး E- အဆင့် သတ်မှတ်ချက်ကို ယူကာ ခေါင်းငိုက်စိုက်ကျလျက် ပြန်လာသောအခါ အခြား system များ စုဝေးပြီး စကားပြောနေသည်ကို ကြားလိုက်ရလေသည်။
[၁၈၈ က ဝင်ပေါက်မှာ နောက် system တစ်ခုကို စောင့်ဖမ်းနေပြန်ပြီ]
[သူ ကြွားနေတာ ဘယ်လောက်ကြာပြီလဲ၊ သူ ပြောရတာ မမောပေမဲ့ ငါ နားထောင်ရတာ မောနေပြီ]
[အဲဒီ အတုံးလေးက ကံကောင်းတာကိုး၊ အဲလောက် ထူးချွန်တဲ့ host နဲ့ binding လုပ်ခွင့်ရတာလေ]
[ဟုတ်တယ်နော်... ငါတို့ တာဝန်ပြီးဆုံးမှု အကဲဖြတ်အမှတ်က B နဲ့ C ရရင် ကံကောင်းလှပြီ၊ အဲ့ဒီ အတုံးလေးက S+ ရတာတဲ့]
[ဘာ... ဘယ်လိုလုပ် အဲ့လောက် မြင့်ရတာလဲ၊ ငါ့မှာ B ပဲ ရှိတာ]
[နင် အံ့သြစရာအကောင်းဆုံး ကိစ္စကို သိပြီးပြီလား]
[ဘာလဲ]
[သူ့ host က သေခါနီးမှာ ညီလာခံတစ်ခုလုံးကို ဆင့်ခေါ်ပြီး တိုက်ကြီးတစ်ခုလုံးက သတင်းတွေကို စုစည်းပြီးတော့ ၁၈၈ အတွက် ဖရဲသီးစွမ်းအင် သန်း ၁၀၀၀ စုပေးလိုက်တာတဲ့]
[ဟာ....]
၁၀၀၉ နှင့် အခြား system များ အံ့သြလွန်းသဖြင့် အသက်ရှူမှားသွားကြလေသည်။
သန်း ၁၀၀၀ တောင်နော်။
၁၈၈ သာ ဖြုန်းတီးမပစ်ရင် ဒီတစ်သက် သုံးလို့ ကုန်မှာ မဟုတ်ဘူး။
system အားလုံး မနာလို ဖြစ်သွားကြလေသည်။ အတူတူ system ဖြစ်ရက်နဲ့ သူတို့ကျတော့ ဘာလို့ ၁၈၈ လောက် ကံမကောင်းရတာလဲ။
ရက်အနည်းငယ် ကြာပြီးနောက် system လောက ဝင်ပေါက်တွင် ထိုင်စောင့်နေဆဲဖြစ်သော ၁၈၈ သည် ပင်မ system ၏ ဆင့်ခေါ်မှုကို ရရှိလေသည်။
၁၈၈ ပျော်ရွှင်စွာ သွားလိုက်၏။
[ပင်မ system... ဘာကိစ္စ ရှိလို့လဲ]
ပင်မ system က တည်ငြိမ်သော မျက်နှာထားဖြင့် ပြောလာသည်။
[၁၈၈... ဒီရက်ပိုင်း ငါ တိုင်ကြားစာ ၉၉၉၉ စောင်၊ အော်... အခု ၁၀၀၀၀ ပြည့်သွားပြီ၊ လက်ခံရရှိထားတယ်]
၁၈၈ကလေး ကြောင်သွားလေသည်။
[တိုင်ကြားစာ... ကျွန်တော့်ကို တိုင်တာလား]
ပင်မ system : [မင်းရဲ့ ကြွားလုံးထုတ်မှုတွေက တခြား system တွေကို ဆိုးရွားစွာ ထိခိုက်စေတဲ့အတွက် သတိပေးလိုက်တာ]
၁၈၈ ကြောင်အ နေဆဲပင်။
[ကြွားလုံးထုတ်တာ... ကျွန်တော် မလုပ်ပါဘူး]
system အတုံးလေးမှာ အလွန် ဝမ်းနည်းသွားလေသည်။
[ကျွန်တော်က အမှန်တရားတွေကို ပြောပြတာပါ၊ ဘယ်နေရာမှာ ကြွားလို့လဲ]
ပင်မ system သည် ၁၈၈ ၏ စစ်မှန်သော ဝမ်းနည်းမှုကို မြင်လိုက်ရသဖြင့် ဘာပြောရမှန်း မသိတော့ဘဲ လေသံအနည်းငယ် လျှော့လိုက်လေသည်။
[အမှန်တရားက အမှန်တရားပါပဲ၊ ဒါပေမဲ့ မင်းက system တစ်ခုကို ဖမ်းမိတာနဲ့ မင်း host အကြောင်း ကြွားနေတာ၊ အဲဒီ အပြုအမူကို လုပ်နေတာ ဝက်ဝက်ကွဲအောင် ရှိနေပြီ၊ နည်းနည်း မလွန်လွန်းဘူးလား]
၁၈၈ခမျာ ပိုပြီး ဝမ်းနည်းသွားလေသည်။
[ကျွန်တော်ရဲ့ မမကြီးဟွားက ဒီလောက် ကောင်းတာ၊ လူတိုင်းသိအောင် လုပ်ပေးသင့်တာ မဟုတ်ဘူးလား]
ပင်မ system : [သူတို့အားလုံး အခု သိကုန်ကြပြီ၊ ပြီးတော့ ငါ မတရားဘူးဆိုပြီး လာတိုင်ကြတယ်၊ ငါက မင်းကို ထူးခြားတဲ့ host နဲ့ တွဲပေးပြီး မင်းရဲ့ တာဝန်ကို ပေါ့ပါးအောင် လုပ်ပေးထားတယ် ဆိုပြီး ပြောနေကြတာ]
[ချူဟွားနဲ့သာ မတွေ့ရင်၊ သူနဲ့ တိုင်းပြည်တစ်ခုလုံးက ဝိုင်းမကူညီရင် မင်း သေချာပေါက် S+ ရမှာ မဟုတ်ဘူး]
၁၈၈ သည် ထိုစကား၏ အဓိပ္ပာယ်အမှန်ကို နားမလည်ဘဲ ပါးစပ်လေး ထောင်တက်သွားကာ အလွန် ပျော်ရွှင်သွားလေသည်။
[ဟုတ်တယ်လေ]
[ကျွန်တော်က ဒီဘဝရဲ့ ကံကောင်းမှု အားလုံးကို မမကြီးဟွားနဲ့ တွေ့ဖို့ သုံးလိုက်ရတာလို့ ထင်တယ်၊ သူသာ မရှိရင် ကျွန်တော် ဘယ်လိုလုပ် ဒီလောက် ကောင်းမွန်တဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရမှာလဲ၊ အဲ့ဒါက ဖရဲသီးစွမ်းအင် သန်း ၁၀၀၀ တောင် ရှိတာနော်၊ မမကြီးဟွားက ကျွန်တော်အပေါ် အရမ်းကောင်းတာပဲ]
ပင်မ system : [....]
၁၈၈ ၏ အဖြူထည် အတုံးလေး စရိုက်ကိုသာ မသိလျှင် ပင်မ system အနေဖြင့် ၁၈၈ က သူ့ကို တမင် လှောင်ပြောင်နေသည်ဟု သံသယဝင်မိပေလိမ့်မည်။
သူက ပင်မ system ဖြစ်တာတောင် ကိုယ်ပိုင်ငွေ သန်း ၁၀၀၀ မရှိဘူးလေ။ သောက်ကျိုးနည်း... သူလည်း အားကျတာပေါ့။
ပြောရင်းဆိုရင်း ၁၈၈ ဝမ်းနည်းလာကာ ကလေးအသံလေး တိုးဝင်သွားပြီး ငိုသံပါလာတော့သည်။
[ငါ့ရဲ့ မမကြီးဟွား အဲ့လောက်ကောင်းတာ၊ ဘာလို့ ရောဂါနဲ့ သေဆုံးသွားရတာလဲ]
[သာ့ရှန်းရဲ့ အတော်ဆုံး သမားတော်တွေက သူ့ကို ကျန်းမာရေး စောင့်ရှောက်ပေးတယ်၊ အတော်ဆုံး နန်းစောင့်တပ်ဖွဲနဲ့ အစောင့်တပ်ဖွဲ့တွေက ကာကွယ်ပေးတယ်၊ အမျိုးသမီးတွေအတွက် အန္တရာယ်အများဆုံး ဖြစ်တဲ့ ကလေးမွေးဖွားတာကိုတောင် သူ ဒုက္ခရောက်မှာစိုးလို့ ဘယ်သူမှ ကိုယ်ဝန်မဆောင်ခိုင်းရဲကြဘူး၊ ဒါကို သူက ဘာလို့ ငယ်ငယ်ရွယ်ရွယ်နဲ့ ရောဂါရပြီး သေသွားရတာလဲ... ဝူး ဝူး]
ပင်မ system က တရားမျှတသော စကားတစ်ခွန်း ဝင်ပြောလိုက်လေသည်။
[ရှေးခေတ်မှာ အသက် ၆၃ နှစ်အထိ နေရတာ သက်တမ်းတိုတယ် မခေါ်ဘူးမလား]
၁၈၈ က အော်ငိုလေတော့သည်။
[ဒါပေမဲ့ မင်းဆရာကြီးတို့ အိမ်ရှေ့စံဆရာတို့ဆို အသက် ၈၀ ကျော်ထိ နေရတာပဲ၊ ငါ့ရဲ့ မမကြီးဟွားက အဲလောက်ကောင်းတာ၊ နေ့တိုင်း သိုင်းကစားပြီး လေ့ကျင့်ခန်း လုပ်တာ၊ ခန္ဓာကိုယ် အားနည်းတဲ့ စာပေပညာရှင်တချို့လောက်တောင် မသန်စွမ်းဘူးလား]
[မမကြီးဟွား နေမကောင်းဖြစ်တုန်းက ကျွန်တော် system ထဲမှာ ရှာကြည့်ဖူးတယ်၊ သူ ငယ်ငယ်တုန်းက ဆောင်းရာသီမှာ ရေကန်ထဲ ပြုတ်ကျတုန်းက ခန္ဓာကိုယ် ထိခိုက်သွားတာ၊ နောက်ပိုင်း သာ့ရှန်းနဲ့ ပြည်သူတွေအတွက် နေ့မနားညမနား အားသွန်ခွန်စိုက် ကြိုးစားရင်း ပင်ပန်းသွားတာ၊ သူ အရမ်း ပင်ပန်းနေခဲ့တာ... ဝူး]
[သူက ကောင်းမှုတွေ အများကြီး လုပ်ခဲ့တာ၊ ကုသိုလ်တွေ အများကြီး စုဆောင်းခဲ့တာ၊ အသက်တိုလွန်းတယ်၊ မတရားဘူး... ဝူး]
ပင်မ systemမှာ ခေါင်းကိုက်လာလေသည်။
[မငိုနဲ့တော့... အခု သူ့ကို ပြန်တွေ့နိုင်မဲ့ အခွင့်အရေး တစ်ခု ရှိတယ်၊ ဒါပေမဲ့ ကန့်သတ်ချက် တစ်ခုတော့ ရှိတယ်]
၁၈၈ ၏ ငိုသံ ရပ်တန့်သွား၏။
[ကျွန်တော် သဘောတူတယ်]
ပင်မ system ကြောင်သွားလေသည်။
[ငါ ဘာမှတောင် မပြောရသေးဘူးလေ]
၁၈၈ : [မမကြီးဟွားကို ပြန်တွေ့ရမယ်ဆိုရင် ဘာကန့်သတ်ချက်ဖြစ်ဖြစ် သဘောတူတယ်]
ပင်မ system က ပြုံးပြီး ကန့်သတ်ချက်ကို ပြောလိုက်လေသည်။
[ဖရဲသီးစွမ်းအင် သန်း ၁၀၀၀ ပေးရမယ်]
၁၈၈ ချက်ချင်း ဖြေလိုက်၏။
[ကောင်းပြီ]
ပင်မ system : [ထပ်ပြီး မစဉ်းစားတော့ဘူးလား]
၁၈၈ က ရှက်သွေးဖြာသော အပြုံးလေး ပြုံးလိုက်လေသည်။
[ဒီစွမ်းအင် သန်း ၁၀၀၀ က မမကြီးဟွားက ကျွန်တော် လမ်းမှာ စွမ်းအင်မလောက်မှာ စိုးလို့ ညီလာခံနဲ့ ပြည်သူတွေကို စုဆောင်းခိုင်းပြီး ပေးလိုက်တဲ့ နှုတ်ဆက်လက်ဆောင်ပါ]
[တကယ်လို့ သူ့ကို ပြန်မတွေ့ရတော့ဘူးဆိုရင် ဒါက ကျွန်တော် သူ့ကို လွမ်းဆွတ်တဲ့အခါ ကြည့်ဖို့ အရာတစ်ခုပဲ ဖြစ်မှာ၊ တကယ်လို့ သူ့ကိုသာ ပြန်တွေ့ရမယ်ဆိုရင် သန်း ၁၀၀၀ မကဘူး၊ သန်း ၁၀၀၀၀ လည်း ကျွန်တော် ပေးနိုင်တယ်၊ ကျွန်တော်အတွက်တော့ သူ့ကို ပြန်တွေ့ရတာထက် ပိုတန်ဖိုးရှိတဲ့အရာ မရှိတော့ဘူး]
ပင်မ system : [....]
စက်ရုံက ထွက်လာကာစ ၁၈၈ သည် ဘာမှ မသိနားမလည်သော ကလေးလေး ဖြစ်ပြီး အရာရာကို သင်ယူနေရသူ ဖြစ်၏။ သင်တန်းပေးပြီးသည့်တိုင် အခြား system များထက် ပိုပြီး အတုံးလေး ဖြစ်နေသဖြင့် သူ အလွန် စိတ်ပူခဲ့ရသည်။ လွှတ်လိုက်သည်နှင့် ပျက်စီးသွားမလားဟု တွေးခဲ့မိသည်။
မထင်မှတ်ထားသည်မှာ ၁၈၈ သည် ချူဟွားနှင့် တွေ့ဆုံပြီးနောက် အရွယ်ရောက် ကြီးပြင်းသွားခဲ့လေပြီ။
ပင်မ system သည် အလွန် ကျေနပ်အားရသွားလေသည်။
[မင်း ဆန္ဒပြည့်ဝပါစေ၊ လမ်းခရီး ဖြောင့်ဖြူးပါစေ]
...