← Chapters

အခန်း ၁၅၀

Vol. 10 Ch. 150 - final

အခန်း ၁၅၀

Vol. 10 Ch. 150 - final

အခန်း (၁၅၀)

အကယ်၍များ... ချူဟွားနှင့် ဒုတိယအကြိမ် ချိတ်ဆက်မိလျှင်

အမှောင်ထွင်းထဲမှနေ၍ သတိထားပြီး ခေါ်လိုက်သည့် နို့နံ့မစင်သေးသော ကလေးသံလေးတစ်သံ ထွက်ပေါ်လာခဲ့သည်။

[မကြီးဟွား...]

ချူဟွားသည် မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ပြီး မယုံကြည်နိုင်သောလေသံဖြင့် မေးလိုက်လေသည်။

[188 လား]

Systemသည် ဝမ်းသာလွန်းသဖြင့် [ဝါး] ခနဲ အော်ငိုလိုက်တော့သည်။

[ဝါး... ပင်မsystemက ငါ့ကို မလိမ်ဘူးပဲ။ ငါ မကြီးဟွားကို တကယ်ကြီး ပြန်တွေ့ရပြီ]

ပင်မsystem ဟုတ်လား။ ချူဟွားသည် စကားပြောရန် ပြင်လိုက်သော်လည်း Systemက လုပ်ငန်းစဉ်အတိုင်း ဆက်သွားနေသည်ကို ကြားလိုက်ရ၏။

[တင်း... နင့်ရဲ့ဖရဲသီးSystem 188 အွန်လိုင်းတက်လာပါပြီ။ မကြီးဟွား ချိတ်ဆက်မလား]

ချူဟွားက စိတ်ထဲတွင် ပြောလိုက်သည်။ [ချိတ်ဆက်မယ်]

Systemသည် မျက်ရည်များကြားမှ ပြုံးလိုက်ကာ: [ချိတ်ဆက်မှု အောင်မြင်ပါတယ် ဟီးဟီး~]

ချူဟွားက အလျင်အမြန် မေးလိုက်၏။

[188 နင် ပြန်သွားပြီ မဟုတ်ဘူးလား]

Systemသည် ၎င်း၏systemလောကသို့ ပြန်ရောက်သွားပြီးနောက် နှစ်ဝက်အတွင်း လုပ်ခဲ့သမျှ အကြောင်းအရာများကို တစ်လုံးမကျန် ပြန်ပြောပြလေသည်။ ပင်မsystemက ဖရဲသီးမှတ် သန်းတစ်ထောင် သုံးလျှင် ချူဟွားကို ပြန်တွေ့နိုင်မည်ဟု ပြောခဲ့ကြောင်း အပါအဝင်ပင်။

[မကြီးဟွား... နင့်ကို ပြန်တွေ့ရတာ အရမ်းကောင်းတာပဲ ဟီးဟီး...]

ပြောရင်းပြောရင်းနှင့် အောင့်ထား၍မရတော့ဘဲ ရယ်မောမိတော့သည်။

ချူဟွားသည် ဤSystemအူကြောင်ကြောင်လေးက သူမကို ပြန်တွေ့ရန်အတွက် စုထားသမျှ မိမိပိုင်ပိုက်ဆံ သန်းတစ်ထောင်လုံးကို ပုံအောသုံးလိုက်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။ ပင်မsystemက 188 သနားစရာကောင်းလွန်းသဖြင့် မျက်နှာသာပေးလိုက်ခြင်းလေလား။ သို့တည်းမဟုတ် တိုင်ကြားစာစောင်ရေ ၁၀၀၀၀ ၏ ရလဒ်ကြောင်းလား ဆိုသည်ကိုတော့ မပြောတတ်ပေ။

သူမသည် ဖြစ်နိုင်ခြေရှိသော အကြောင်းပြချက်များကို ခန့်မှန်းနေစဉ် 188 က သူမကို စတင် ဂရုစိုက်လာခဲ့သည်။

[မကြီးဟွား... နင်က ရောဂါနဲ့ ဆုံးသွားပြီ မဟုတ်ဘူးလား။ ဘယ်လိုလုပ် အသက်ရှင်နေသေးတာလဲ။ ပြီးတော့ ဒီနေရာက ခေတ်သစ်ကမ္ဘာကြီးမလား]

ချူဟွားက ပြန်မေးလိုက်သည်။ [နင် ဖရဲသီးတွေ မဖတ်ထားဘူးလား]

Systemက ပြန်ဖြေလေသည်။ [ဖရဲသီးစွမ်းအင်က သိပ်မလောက်တော့လို့... ငါ ချွေတာသုံးနေရတာ]

ချူဟွား စဉ်းစားလိုက်သည်။ အင်းလေ... သန်းတစ်ထောင်သူဌေးကနေ မွဲပြာကျသွားတာဆိုတော့လည်း... ဒီကြားထဲမှာ ငါ့အကြောင်းလေး တစ်ခုပဲ လွတ်သွားတာကိုး။

ကိစ္စအဝဝသည် သူမကြောင့် ဖြစ်ရသည်ဖြစ်ရာ System၏ဒဏ်ရာဟောင်းကို မဆွလိုတော့ဘဲ အကျဉ်းချုံး ပြောပြလိုက်လေသည်။

[ငါလည်း ဘာဖြစ်သွားမှန်း မသိဘူး။ ပုံမှန်အတိုင်းဆိုရင်တော့ သေသွားတာပဲ။ ငါ့ရဲ့နာရေးကိစ္စတွေကိုတောင် စီစဉ်ပြီးသားလေ။ ဒါပေမဲ့ မျက်လုံးပြန်ဖွင့်လာတော့ ဒီကို ရောက်နေတာပဲ]

System: [ဟေ... ပြန်ရောက်လာတာပေါ့]

ချူဟွားက ဆက်ရှင်းပြလိုက်၏။

[ဟုတ်တယ်။ ပြန်ရောက်လာတယ် ဆိုပေမဲ့ လုံးဝကြီး ပြန်ရောက်လာတာတော့ မဟုတ်ဘူး။ ငါ့ရဲ့ မူလခန္ဓာကိုယ်ထဲကို ပြန်ရောက်တာ မဟုတ်ဘူး။ ဒီခန္ဓာကိုယ်ပိုင်ရှင် ချူဟွားက ဖျော်ဖြေရေးလောကထဲက အဆင့်၁၈ သရုပ်ဆောင်ပေါက်စလေးပဲ။ ပလတ်စတစ်ဆာဂျရီ မလုပ်ဖူးဘူး။ ရုပ်ရည်က လှတယ်။ ဒါပေမဲ့ ထုတ်မပြောထားတဲ့ စည်းမျဉ်းတွေကို လက်မခံလို့ ဝိုင်းပယ်ခံထားရပြီး အွန်လိုင်းတစ်ခုလုံးမှာ အမုန်းခံနေရတာ။ ငွေကြေးနောက်ခံ ရှိတယ်ဆိုပြီး အဆဲခံရတာ၊ ဆဲဆိုကြတာက ဆိုးရွားလွန်းလို့ နောက်ဆုံးမှာ အွန်လိုင်းက တိုက်ခိုက်မှုတွေကို မခံနိုင်တော့ဘဲ ကိုယ့်ကိုယ်ကို သတ်သေသွားတာ]

[မူလခန္ဓာကိုယ်ပိုင်ရှင်က အိပ်ဆေးသောက်ပြီး သေသွားတာ။ ငါ ရောက်လာတဲ့အချိန်မှာ အန်ထွက်အောင် လုပ်ပြီး လူနာတင်ယာဉ်နဲ့ ဆေးရုံရောက်လာတယ်။ အစာအိမ်ဆေးပြီး နှစ်ရက်လောက် နားလိုက်ရတယ်။ မူလပိုင်ရှင် ကိုယ့်ကိုယ်ကိုယ် သတ်သေပြီး ဆေးရုံရောက်တဲ့ကိစ္စက Hot Search တက်သွားတော့လည်း ငှားထားတဲ့ လူတွေက ဆဲကြပြန်ရော။ ဒီလိုအခြေအနေမျိုးမှာတောင် မန်နေဂျာက သူ့ကို Dating Show တစ်ခု လက်ခံပေးထားသေးတယ်။ နောက်နှစ်ရက်နေရင် ရိုက်ကွင်းထဲ ဝင်ရတော့မှာ။ သူ အသက်ရှင်နေမှာကိုတောင် ကြောက်နေသလား အောက်မေ့ရတယ်]

Systemသည် သူ့သခင်ကို သနားသွားတော့၏။

[မကြီးဟွား... တကယ့်ကို ကောင်းကင်ပြိုမတတ် အခြေအနေဆိုးကြီးပါလား]

ချူဟွားသည် ဘဝနှစ်ခုစာ လူဖြစ်ခဲ့ဖူးပြီး တစ်ဘဝလုံး ဝန်ကြီးချုပ်အဖြစ် နေထိုင်ခဲ့ဖူးသူ ဖြစ်လေရာ ဤမျှလောက် အခက်အခဲလေးကို မျက်လုံးထဲပင် မထည့်ချေ။

[ကိစ္စမရှိပါဘူး]

System:[ဒါဆို မကြီးဟွားက ဘယ်လို ဖြေရှင်းမလဲ။ ငါ ဘာကူညီပေးရမလဲ]

188 မရောက်လာခင်ကတည်းက ချူဟွားသည် ဖြေရှင်းမည့်နည်းလမ်းကို စဉ်းစားထားပြီးဖြစ်၏။ 188 ရောက်လာသောအခါ အခြေအနေများကို ဖြိုခွင်းရန် ပို၍ လွယ်ကူသွားတော့သည်။

[ငါ နင့်ကို ဖရဲသီးသတင်း နည်းနည်းလောက် အရင်ပြောပြမယ်။ ဖရဲသီးစွမ်းအင် ဖြည့်လိုက်ဦး။ ပြီးရင် နင် ငါ့ကို ကူညီပေးရမယ်]

System: [ကောင်းပြီလေ]

ဒုတိယနေ့တွင် ချူဟွားသည် ဆေးရုံဆင်းရန် စာရွက်စာတမ်းကိစ္စများ ဆောင်ရွက်ပြီးနောက် အခွန်ဦးစီးဌာနသို့ သွားရောက်ကာ မူလခန္ဓာကိုယ်ပိုင်ရှင်၏ ကုမ္ပဏီမှ အခွန်တိမ်းရှောင်မှုများကို နာမည်အမှန်ဖြင့် တိုင်ကြားလိုက်လေသည်။

အခွန်ဦးစီးဌာနမှ ထွက်လာပြီးနောက် မှုခင်းရဲတပ်ဖွဲ့ (CID) သို့ သွားရောက်ပြီး ဖမ်းဝရမ်းထုတ်ထားသော ရာဇဝတ်သားအချို့၏ လိပ်စာအချက်အလက်များကို ပေးပို့လိုက်ပြန်သည်။

CID မှ ထွက်လာပြီးနောက်တွင်မူ နိုင်ငံတော်လုံခြုံရေးဌာနသို့ ဖုန်းဆက်၍ မြို့ထဲတွင် ပုန်းအောင်းနေသော သူလျှိုအချို့ကို သတင်းပေး တိုင်ကြားလိုက်လေသည်။

ကိစ္စအဝဝ ပြီးဆုံးသောအခါ ချူဟွားသည် အငှားကားစီး၍ အိမ်ပြန်လာခဲ့ပြီး အစာကြေလွယ်သော ဆန်ပြုတ်တစ်အိုးကို တည်လိုက်၏။

[188?]

System:[အင်း... ငါ ရှိတယ်]

ချူဟွား:[ဖရဲသီးစွမ်းအင် ဘယ်လောက် ဖြည့်ပြီးပြီလဲ]

System: [ရှေးခေတ်တုန်းကတော့ အများပြည်သူသုံးကွန်ရက်ကို ချိတ်လို့မရဘူးလေ။ ခေတ်သစ်ကမ္ဘာ ရောက်လာတော့ ငါ့အိမ်ငါ ပြန်ရောက်လာသလိုပဲ။ နင်ကလည်း စိတ်ကြိုက်သုံးခွင့် ပေးထားတော့ Wifi တွေ အင်တာနက်တွေနဲ့ ချိတ်လိုက်တာ ဖရဲသီးစိုက်ခင်းထဲမှာ ပျော်ပါးနေရသလိုပဲ]

[တစ်ရက်နဲ့ တစ်ညတောင် မကြာဘူး... အခွန်တိမ်းရှောင်မှုတွေ၊ ရာဇဝတ်မှု သက်သေတွေနဲ့ သူလျှိုကိစ္စတွေ စုံစမ်းဖို့ သုံးလိုက်တဲ့ စွမ်းအင်ကို နှုတ်ပြီးတာတောင် အခု စုစုပေါင်း ၃ သောင်းလောက် ရနေပြီ။ နင့်ရဲ့ အစီအစဉ်ကို သိလို့ ငါ အပျင်းမကြီးရဲပါဘူး။ စိတ်ချပါ]

လွန်ခဲ့သောဘဝက တစ်ကြိမ် လုပ်ဆောင်ခဲ့ဖူးပြီဖြစ်ရာ ယခုဘဝတွင် နောက်တစ်ကြိမ် ထပ်မံကူးယူဖော်ပြရန်မှာ မည်သို့ ခက်ခဲပါမည်နည်း။

ချူဟွားသည် နည်းနည်းလေးမှ ထိတ်လန့်ခြင်းမရှိဘဲ အစာကြေလွယ်သော ဆန်ပြုတ်ကို ဖြည်းဖြည်းချင်း သောက်ကာ နိုင်ငံတော်လုံခြုံရေးအဖွဲ့ ရောက်လာမည့်အချိန်ကို တည်ငြိမ်စွာ စောင့်ဆိုင်းနေလိုက်သည်။

မနက် ၃ နာရီအချိန်တွင် တံခါးခေါက်သံ ထွက်ပေါ်လာ၏။

Systemက တစ်ချက်ကြည့်လိုက်ပြီး [လုံခြုံရေးအဖွဲ့ ရောက်လာပြီ]

ချူဟွား: [...]

သူမသည် မျက်နှာကို စိတ်ညစ်ညူးစွာ ပွတ်သပ်လိုက်ပြီး တံခါးသွားဖွင့်လိုက်၏။ အပြင်ဖက်တွင် ရပ်နေသော နိုင်ငံတော်လုံခြုံရေးအဖွဲ့မှ အမျိုးသမီးလေးကို မြင်လိုက်ရမှ စိတ်အခြေအနေ အနည်းငယ် ကြည်လင်သွားလေသည်။

"မနက် ၃ နာရီပဲရှိသေးတယ်လေ... ရှင်တို့ နောက်ကျမှ လာလို့မရကြဘူးလား"

ခေတ်သစ်ကမ္ဘာကို ရောက်လာပြီးမှ နေ့တိုင်း မနက် ၃ နာရီထကာ ညီလာခံတက်ရသည့် ဒုက္ခမှ ကင်းဝေးပြီဟု မှတ်ယူထားသော်လည်း ဤအချိန်ကြီးမှ ကွက်တိ ရွေးလာကြသည်တဲ့လား။

လုံခြုံရေးဝန်ထမ်း အမျိုးသမီး : “…” အိပ်ရေးပျက်သွားစေတာတော့ တော်တော် အားနာဖို့ကောင်းသားပဲ။

အမျိုးသမီးက သူမ၏ သက်သေခံကတ်ပြားကို ထုတ်ပြလိုက်ပြီး မစ်ချူ... ကျွန်မတို့နဲ့ လိုက်ခဲ့ပါ"

ချူဟွားက သက်ပြင်းချလိုက်သည်။ "အဝတ်အစား လဲလိုက်ဦးမယ်"

သူမသည် အိမ်တံခါးမကြီးကို မပိတ်ဘဲ ထိုအတိုင်း ဟထားခဲ့ကာ အိပ်ခန်းထဲသို့ဝင်၍ အဝတ်အစားလဲပြီးနောက် လုံခြုံရေးအဖွဲ့နှင့်အတူ လိုက်ပါသွားလေသည်။

ကားကို ၂ နာရီကျော်ကြာ မောင်းနှင်ပြီးနောက် လုံခြုံရေးအဖွဲ့သည် ချူဟွားကို စစ်ဆေးမေးမြန်းရေးအခန်းဟု ယူဆရသော အမှောင်ခန်းတစ်ခုထဲသို့ ခေါ်ဆောင်သွားပြီးနောက် ချက်ချင်းပြန်ထွက်သွားကြကာ ချူဟွားတစ်ယောက်တည်းကိုသာ ထိုအခန်းထဲတွင် ထားရစ်ခဲ့ကြသည်။

၁ မိနစ် ကုန်ဆုံးသွား၏။

၁၀ မိနစ် ကုန်ဆုံးသွား၏။

မိနစ် ၂၀ ကုန်ဆုံးသွားလေသည်။

ချူဟွားက သက်ပြင်းချလိုက်ပြီး တစ်ဖက်မြင်မှန်ချပ်ကို ကြည့်ကာ ပြောလိုက်လေသည်။

"ကျွန်မက ဒီလောက်တောင် ရိုးသားမှုကို ပြထားတာကို... ရှင်တို့က စိတ်ဓာတ်စစ်ဆင်ရေး လုပ်နေစရာ လိုသေးလို့လား"

တစ်ဖက်မြင်မှန်ချပ် နောက်ကွယ်ရှိလူများ: [ဒီတစ်ယောက်က ကိုင်တွယ်ရ ခက်မယ့်ပုံပဲ]

မကြာမီ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် စစ်ဆေးရေးအခန်းထဲသို့ ဝင်ရောက်လာပြီး ချူဟွား၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ကြသည်။

သူတို့ စကားမစရသေးခင်မှာပင် ချူဟွားက ဦးအောင် ပြောလိုက်၏။

"သူလျှို မိသွားပြီလား"

ထိုနှစ်ယောက်: “...”

ကျန်သူများ: “...”

သူတို့ ပြန်မဖြေလည်း ကိစ္စမရှိပေ။ ချူဟွားက စေတနာဗလပွဖြင့် ကူညီ၍ သုံးသပ်ပြလေသည်။

"ကျွန်မ မနက် ၁၀ နာရီခွဲမှာ ဆေးရုံက ဆင်းတယ်။ အခွန်ရုံးကို အရင်သွားပြီး တိုင်တယ်။ ပြီးတော့ မှုခင်းရဲတပ်ဖွဲ့ဆီ သွားတယ်။ နောက်ဆုံးကျမှ လုံခြုံရေးဌာနဆီ ဖုန်းဆက်ပြီး တိုင်တယ်။ ကိစ္စပြီးတော့ ညနေ ၃ နာရီ ကျော်နေပြီ။ ရှင်တို့ ကျွန်မကို ရှာတွေ့ဖို့ ၁၂ နာရီတောင် အချိန်ယူလိုက်ရတာလား။ စွမ်းဆောင်ရည်က နည်းနည်း နှေးနေသလိုပဲနော်"

လူတိုင်း: “...”

ချူဟွားက ပြုံးလိုက်ကာ "ဒီသတင်းအချက်အလက်တွေ ဘယ်ကရလဲ၊ ကျွန်မက ဘယ်သူလဲ ဆိုတာကို ရှင်တို့ မေးချင်နေမှန်း ကျွန်မ သိပါတယ်။ ဒါပေမဲ့ ရှင်တို့ စုံစမ်းပြီးလောက်ပြီလို့လည်း ကျွန်မ ထင်တယ်။ သဲလွန်စ ဘာမှ ရှာမတွေ့လို့သာ ဒီလောက် ကြာသွားတာမလား"

"ယုံပေးကြပါ။ ကျွန်မက ရှင်တို့အပေါ် အကြီးမားဆုံးသော စေတနာထားပါတယ်။ ကျွန်မ ဒီနိုင်ငံကို တန်ဖိုးထား မြတ်နိုးလွန်းလို့ ကိုယ့်ကိုယ်ကိုယ် နိုင်ငံတော်ဆီ အပ်နှံဖို့ ဆုံးဖြတ်လိုက်တာပါ"

လူတိုင်းမှာ [???]

မှန်ချပ်နောက်ကွယ်က လူများသာမက ကင်မရာမှတဆင့် ချူဟွားကို ကြည့်နေသူများပါ သူမ၏ ဆိုလိုရင်းကို နားမလည်နိုင် ဖြစ်နေကြ၏။

အပ်နှံတယ်ဆိုတာ ရိုးရှင်းသည်။ နားလည်ရလွယ်သည်။ သို့သော် ကိုယ့်ကိုယ်ကို အပ်နှံသည် ဆိုသည်မှာ မည်သို့သော လုပ်ဆောင်ချက်နည်း။

ချူဟွားက တစ်ဖက်မြင်မှန်ချပ်ကို လှမ်းကြည့်လိုက်ပြီး "ဒါရိုက်တာတိန့်... ဒီဖက်လာထိုင်ပါလား"

"အဆင်ပြေမယ်ဆိုရင် မီတာ ၅၀ ပတ်လည်လောက်ကို လူရှင်းပေးပါ။ လူအများကြီး မထားပါနဲ့။ တကယ်လို့ ထားချင်တယ်ဆိုရင်လည်း နှုတ်လုံပြီး ယုံကြည်ရတဲ့လူလောက်ပဲ ထားပေးပါ"

မှန်ချပ်နောက်ကွယ်ရှိ ဒါရိုက်တာတိန့်: “...”

ချူဟွား၏ ကိစ္စရပ်များတွင် အစမှအဆုံး မထူးဆန်းနေသည့်အချက်ဟူ၍ မရှိပေ။

သာမန်မိသားစုမှ ဆင်းသက်လာသည့် ဖျော်ဖြေရေးလောကမှ အဆင့်၁၈ တန်းစား ကြယ်ပွင့်လေးတစ်ယောက်၊ ဆွေမျိုးဆိုလို့လည်း အခြေခံလူတန်းစား ဝန်ထမ်းတစ်ယောက်သာ ရှိသူ၊ သတင်းအချက်အလက် နည်းပညာပိုင်းတွင်လည်း အသာစီးရထားခြင်း မရှိဘဲ အစိုးရအဖွဲ့အစည်းများပင် ရှာမတွေ့နိုင်သော သတင်းများကို သိရှိနေခြင်းက ထူးဆန်းနေသည်။

ထို့အပြင် သူတို့ သိထားသည့် ချူဟွားသည် အွန်လိုင်းမှ အနိုင်ကျင့်ခံရမှုများကြောင့် စိတ်ကျရောဂါ ခံစားနေရပြီး အိပ်ဆေးတစ်ပုလင်းလုံးသောက်ကာ ကိုယ့်ကိုယ်ကို သတ်သေခဲ့သူ ဖြစ်သည်။

ယခု လုပ်ငန်းကိုင်ငန်း စနစ်ကျပြီး တည်ငြိမ်ရင့်ကျက်လွန်းနေသော၊ ဉာဏ်များလွန်းသည်ဟုပင် ဆိုနိုင်သော ချူဟွားနှင့် မည်သို့မျှ တွဲကြည့်၍ မရနိုင်ချေ။

စရိုက်ကွဲ ၂ခုများလား။

အရင်တုန်းကလည်း ဒီလိုလက္ခဏာမျိုး မရှိခဲ့ပါဘူး။

အထပ်ထပ် စဉ်းစားပြီးနောက် ဒါရိုက်တာတိန့်သည် ချူဟွားပြောသည့်အတိုင်း လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်လေသည်။

အနည်းဆုံးတော့ ယခုအချိန်အထိ ချူဟွားသည် မည်သည့် ရန်လိုမှုကိုမှ မပြခဲ့သည့်အပြင် ရာဇဝတ်သားများနှင့် သူလျှိုများကို ဖမ်းဆီးနိုင်ရန်ပင် ကူညီပေးခဲ့သေးသည် မဟုတ်ပါလား။

"မင်း ပြောတဲ့အတိုင်း လုပ်ပြီးပြီ" ဒါရိုက်တာတိန့်သည် ချူဟွား၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ကာ "ပြောပါဦး။ မင်း ဒီလိုတွေ လုပ်နေတာ ဘာအတွက်လဲ"

ချူဟွားက Systemကို မေးလိုက်သည်။ [သူတို့ တကယ်လုပ်လိုက်တာလား]

Systemက အတည်ပြုပေးလိုက်၏။ [တကယ် လုပ်လိုက်တာ]

ချူဟွားက ပြုံးလိုက်ပြီး ပြောလေသည်။ "ခုနက ပြောပြီးပြီလေ။ ကိုယ့်ကိုယ်ကို အပ်နှံမလို့ပါလို့"

ဒါရိုက်တာတိန့်: "ကိုယ့်ကိုယ်ကို နိုင်ငံတော်ဆီ အပ်နှံနိုင်တာ စစ်သားတွေပဲ ရှိတယ်"

ချူဟွားက ဆက်ပြုံးနေဆဲပင်။ "ဒါရိုက်တာတိန့်... Systemအကြောင်း ကြားဖူးလား"

ဒါရိုက်တာတိန့် ခေတ္တ ကြောင်သွားပြီးနောက်... "ကြားဖူးပါတယ်"

ချူဟွား: "ဒါဆိုရင် လွယ်သွားပြီ။ 188 ထွက်လာခဲ့။ လူတွေနဲ့ မိတ်ဆက်ပေးလိုက်ဦး"

Systemသည် မျှဝေခြင်း လုပ်ဆောင်ချက်ကို ဖွင့်လိုက်ရာ ထိုခဏ၌ မီတာ ၅၀ ပတ်လည်အတွင်းရှိ လူအားလုံး ချစ်စရာကောင်းသော ကလေးသံလေးကို ကြားလိုက်ကြရလေသည်။

[ဟိုင်း... အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်က ချူဟွားရဲ့ ဖရဲသီးSystem 188 ပါ။ ပထမဆုံး တွေ့ဆုံခြင်းပါနော်။ တွေ့ရတာ ဝမ်းသာပါတယ်။ မကြီးဟွားက သူ့ကိုယ်သူရော ကျွန်တော့်ကိုပါ အပ်နှံလိုက်ပြီဆိုတော့ အားလုံးက လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်သွားကြပြီပေါ့။ နောက်နောင်ကျရင် ဂရုစိုက်ပေးကြပါဦးနော်]

လူအားလုံး: “...”

လူအားလုံး: [!!!]

အသံကို ကြားရကြောင်းနှင့် ကြားရသည့် အတိုင်းအတာပမာဏကို အတည်ပြုပြီးနောက် အားလုံးမှာ ကြောင်တောင်တောင် ဖြစ်သွားကြတော့သည်။ ဪ... လူရှင်းခိုင်းတယ် ဆိုတာ ဒါကြောင့်ကိုး။

ဒါရိုက်တာတိန့်က နဖူးကို လက်ဖြင့် ထောက်လိုက်ပြီး ပြောလိုက်၏။ "မင်း ဘယ်လိုလုပ်လိုက်လဲ မသိပေမဲ့ Systemတစ်ခု ရှိတယ်ဆိုတာကို ယုံဖို့ကတော့ နည်းနည်း ယုတ္တိမဲ့လွန်းတယ်"

ချူဟွားက စကားမပြောဘဲ စိတ်အာရုံဖြင့်သာ Systemနှင့် ဆက်သွယ်လိုက်သည်။

[ဘာလို့ ယုတ္တိမရှိရမှာလဲ။ ရှင်တို့ စစ်ဆေးပြီးပြီ မဟုတ်ဘူးလား]

[ချူဟွားဆိုတဲ့ လူတစ်ယောက်ရဲ့ ကြီးပြင်းလာပုံနဲ့ နိယာမတွေအရဆိုရင် သူမအနေနဲ့ ဒီအရာတွေကို ထိတွေ့နိုင်ခွင့် မရှိဘူးလေ။ ပြီးတော့ ကျွန်မ အခွန်ရုံး၊ CID နဲ့ လုံခြုံရေးအဖွဲ့ကို ပေးခဲ့တဲ့ သတင်းအချက်အလက်တွေက သက်သေပြဖို့ မလုံလောက်သေးဘူးလား]

လူတိုင်း: “...”

ချူဟွား ပါးစပ်မဟဘဲနှင့် မီတာ ၅၀ အတွင်းရှိ လူတိုင်း၏ နားထဲသို့ အသံရောက်လာခြင်း ဖြစ်ရာ ၎င်းကို မိမိအသံကို တခြားမှ ပေါ်ထွက်လာဟန် နည်းပညာဖြင့်လည်း ရှင်းပြ၍ မရနိုင်တော့ချေ။

သူတို့ရှိနေသော နေရာ၌လည်း ထိုကဲ့သို့ အကျိုးသက်ရောက်မှုမျိုး လုပ်နိုင်မည့် အခြားစက်ကိရိယာများ မရှိပေ။

မယုံချင်သော်လည်း မယုံ၍ မရတော့ပေ။

ချူဟွား: [ထုံအာရေ... သူတို့ ယုံအောင် နောက်ထပ် သူလျှိုနည်းနည်းလောက်ရဲ့ သတင်းအချက်အလက် ပေးလိုက်ပါဦး]

System: [အိုကေ]

နာရီအနည်းငယ် ကြာပြီးနောက် ချူဟွားသည် စစ်ဘက်ဆိုင်ရာလေယာဉ်ဖြင့် မြို့တော်ရှိ စခန်းတစ်ခုသို့ ပို့ဆောင်ခြင်း ခံလိုက်ရလေသည်။

ဝါရင့်ပညာရှင်ကြီးများသည် ချူဟွားကို တစ်ကိုယ်လုံး စစ်ဆေးမှုများ ပြုလုပ်ကြပြီး Systemကို စစ်ဆေးရန်အတွက်လည်း ထူးထူးဆန်းဆန်း စက်ကိရိယာများစွာကို သယ်ဆောင်လာကြသည်။ အလုပ်ရှုပ်လွန်းသဖြင့် ချွေးများပြန်နေကြသော်လည်း လူတိုင်း၏ မျက်နှာပေါ်တွင် မသိနားမလည်သေးသော အရာတစ်ခုအပေါ် စူးစမ်းလိုစိတ်နှင့် စိတ်လှုပ်ရှားမှုများ အထင်းသား ပေါ်လွင်နေ၏။

Systemကလည်း အလွန် ပူးပေါင်းဆောင်ရွက်မှု ရှိလေသည်။ သိချင်စိတ်ဖြင့်လည်း မေးလိုက်၏။

[ငါက ဒေတာကုတ်တွေပဲလေ။ သုံးတာကလည်း ဖရဲသီးစွမ်းအင်။ နင်တို့ သိထားတဲ့ စွမ်းအင်ပုံစံတွေနဲ့ ဘာမှမတူဘူး။ စွမ်းအင်လှိုင်းတောင် ဖမ်းမမိနိုင်ဘဲနဲ့ နင်တို့ ငါ့ကို ဘယ်လို ဖမ်းမှာလဲ]

တကယ်လည်း ဖမ်းမမိကြသော ဝါရင့်ပညာရှင်ကြီးများ: “...”

နည်းလမ်းပေါင်းစုံ သုံးသော်လည်း ရှာမတွေ့သဖြင့် နောက်ဆုံးတွင် လူဆယ်ဂဏန်းဆံ့သော အစည်းအဝေးခန်းမတစ်ခုသို့ ပြောင်းရွှေ့လိုက်ကြလေသည်။

ချူဟွားသည် စောင်း၊ တရုတ်စစ်တုရင်၊ စာရေးကိရိယာ၊ ပန်းချီဆွဲကိရိယာ စသည်တို့ကို တောင်းယူလိုက်ပြီး သူမ တာ့ရှန်း မင်းဆက်တွင် နေထိုင်စဉ်က ရရှိခဲ့သော အကျိုးကျေးဇူးများကို လက်တွေ့ သရုပ်ပြလေသည်။

ထိုအချိန်၌ System 188 ကလည်း systemလောကသို့ ပြန်ရောက်နေစဉ် နှစ်ဝက်အတွင်း လုပ်ဆောင်ခဲ့သည့် အရာများကို နောက်တစ်ကြိမ် ထပ်ပြောပြနေပြန်သည်။ ၎င်းမှာ ချူဟွားအကြောင်း ဝါကြွားခြင်းပင် ဖြစ်၏။

ဒီတစ်ခါတော့ Systemမှာ နေသားကျနေပြီ ဖြစ်သည်။

systemလောကတွင် ထိုအကြောင်းများကို ကြွားလုံးထုတ်သောအခါ အခြားSystemများက နားထောင်ရင်း စိတ်မရှည်ဖြစ်လာတတ်ကြပြီး မနာလိုဝန်တိုမှုများဖြင့် စာစီကုံးရေးဖွဲ့နေသည်ဟု တိုင်ကြားတတ်ကြသည်။ သို့သော် ယခု နားထောင်နေသော လူအုပ်ကြီးမှာမူ အလွန် အလေးအနက်ထား နားထောင်နေကြသည့်အပြင် သူ မေ့ကျန်ခဲ့မည့် အသေးစိတ် အချက်အလက်များကိုပါ စနစ်တကျ မေးမြန်းနေကြသဖြင့် အကောင်းဆုံးသော နားဆင်သူ ပရိသတ်ကြီး ဖြစ်နေတော့သည်။

Systemက တတွတ်တွတ် ပြောနေချိန်တွင် ချူဟွားသည် အစီရင်ခံစာများ ရေးသားခြင်း၊ စောင်းတီးခြင်း၊ စစ်တုရင်ထိုးခြင်း၊ ပန်းချီဆွဲခြင်းတို့ကို ပြီးမြောက်အောင် လုပ်ဆောင်ပြခဲ့ပြီး ကာရန်ညီစကားစုများ၊ စောင်းသီချင်းစာအုပ်၊ စစ်တုရင်နည်းလမ်းများနှင့် နောက်ဆုံးတွင် Systemက စကားပြော၍ မပြီးနိုင်သည်ကို မြင်သောအခါ ရှန်လု ပြုစုထားသော ရှေးခေတ် ကြယ်တာရာမြေပုံကိုပါ ဆွဲပြလိုက်လေသည်။

ဤအခြေအနေသို့ ရောက်သောအခါ မယုံကြည်သူဟူ၍ မရှိတော့ချေ။

"တကယ်ကြီး ကူးပြောင်းသွားတာပဲ!"

"တကယ်ကြီး Systemဆိုတာ ရှိတာပဲ!"

"တကယ်ကြီး ပြန်ကူးပြောင်းလာတဲ့လူ ရှိတာပဲ!"

"တကယ်ကြီး Systemကို နိုင်ငံတော်ဆီ အပ်နှံတဲ့လူ ရှိတာပဲ!"

ရှိနေသူ အားလုံးမှာ အာမေဋိတ်သံများ မဆုံးနိုင်အောင် ဖြစ်နေကြပြီး ချူဟွားကို ကြည့်သည့် အကြည့်များမှာ နိုင်ငံတော်အဆင့် ရတနာကို ကြည့်သကဲ့သို့ ဖြစ်နေလေသည်။

တကယ်လည်း နိုင်ငံတော်အဆင့် ရတနာ ဖြစ်နေသည် မဟုတ်ပါလား။

တာ့ရှန်း ဆိုသည်မှာ သမိုင်းတွင် မှတ်တမ်းမရှိသော မင်းဆက်တစ်ခု ဖြစ်သော်လည်း အပြိုင်စကြဝဠာတစ်ခုမှ မင်းဆက်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်။ ကိုးကားစရာနှင့် အသုံးပြုနိုင်သော သတင်းအချက်အလက်များစွာ ရှိနေသည်။

စောင်းသီချင်းစာအုပ်၊ စစ်တုရင်နည်းလမ်း၊ ကြယ်တာရာမြေပုံ... ဒါတွေအားလုံးက အဖိုးတန်အရာများ မဟုတ်ပါလား။

ချူဟွားနှင့် Systemသည် သူတို့အတွက် အပြိုင်ကမ္ဘာများကို လေ့လာရန် သက်သေအထောက်အထားများ ဖြစ်ကြသည်။

ထို့အပြင် Systemကိုယ်တိုင်ကလည်း ရတနာကြီးတစ်ခု ဖြစ်သည်။

ဖရဲသီးSystemကို ထောက်လှမ်းရေးSystemနှင့် နိုင်ငံကို ကြွယ်၀ချမ်းသာစေကာ အင်အားတောင့်တင်းစေမည့် Systemအဖြစ် အသုံးပြုနိုင်သော ချူဟွားသည်လည်း ရတနာကြီးတစ်ခု ဖြစ်နေပြန်သည်။ နိုင်ငံနှင့် လူမျိုးကို ချစ်မြတ်နိုးသော ရတနာကြီးပင်။

System စိုးရိမ်မိသည့် ကိစ္စကတော့ [မကြီးဟွား... သူတို့ သိသွားရင် နင့်ကို တစ်ခုခု လုပ်ကြမှာ စိတ်မပူဘူးလား]

ထိုအချိန်က ချူဟွား ဤသို့ ပြန်ဖြေခဲ့သည်။ [ထာဝရအသက်ရှင်တာကို မလိုချင်တဲ့သူ ဘယ်သူရှိမလဲ။ ဒါပေမဲ့ နင်ကြည့်လိုက်လေ... ငါ ထာဝရအသက်ရှင်သွားလို့လား]

[ပထမအကြိမ် ကူးပြောင်းသွားတဲ့ အကြောင်းရင်းကို ငါ မသိဘူး။ ဒါပေမဲ့ ငါ ပြန်လာနိုင်ခဲ့တာက နင် ပေးဆပ်လိုက်တဲ့ ဖရဲသီးစွမ်းအင် သန်းတစ်ထောင်ကြောင့် ဖြစ်နိုင်သလို ငါတို့ တာ့ရှန်းမင်းဆက်မှာ လုပ်ခဲ့တဲ့ ကောင်းမှုတွေကြောင့်လည်း ဖြစ်နိုင်တယ်။ ဒီလိုကိစ္စမျိုးက ထပ်တူကူးချလို့ မရနိုင်ဘူး]

[ထုံအာရေ... ငါ ဒီနိုင်ငံကို အတိုင်းအဆမရှိ ချစ်မြတ်နိုးပြီး ယုံကြည်တယ်။ နိုင်ငံတော် ပိုကောင်းမွန်လာဖို့အတွက် ငါ ပေးဆပ်ဖို့ ဝန်မလေးဘူး]

System: [မကြီးဟွားရဲ့ ဆုံးဖြတ်ချက်တိုင်းကို ငါ သဘောကျပြီး ထောက်ခံတယ်။ မကြီးဟွား... ငါတို့တွေ လက်တွဲပြီး နောက်ထပ် အောင်မြင်မှုတွေ ဖန်တီးကြရအောင်]

[ကျေးဇူးပဲနော် ထုံအာလေး]

[ရပါတယ်။ အားမနာပါနဲ့ မကြီးဟွားရယ်~]

နင်နဲ့ တွေ့ဆုံခွင့် ရတာက ငါ 188 ရဲ့ ဒီဘဝအတွက် အကြီးမားဆုံးသော ကံကောင်းခြင်းပါပဲ။

...

ပြီးပါပြီ

ကဲ တကယ်ပြီးသွားပါပြီရှင်။

All Chapters