အခန်း ၃၈၂
Vol. 39 Ch. 382
အခန်း ၃၈၂ - လူသားဧကရာဇ် ခေါင်းလောင်းနှင့် စစ်နတ်ဘုရား နန်းတော်
လင်းရွှင်းဖုန်း၏ အနောက်ဘက်တွင် ဝါးခမောက်ဆောင်း၍ အနက်ရောင် မျက်နှာဖုံး တပ်ဆင်ထားသည့် အနက်ရောင် ဝတ်စုံနှင့် လူတစ်ယောက် မတ်တတ်ရပ်နေ၏။ သူက လင်းရွှင်းဖုန်း၏ ပုခုံးတစ်ဖက်ကို ဆုပ်ကိုင်ထားပြီး ကျန်လက်တစ်ဖက်က ဓားတစ်လက်ကို ကိုင်ဆောင်ထားသည်။ လရောင်အောက်တွင် ထိုသူ၏ ပုံရိပ်မှာ တစ္ဆေတစ်ကောင်ကဲ့သို့ ဖြစ်နေ၏။
အနောက်ဘက်သို့ ကြည့်လိုက်သောအခါ တောအုပ်ထဲမှ လူရိပ်များ ခုန်ထွက်လာကြပြီး အနီးအနားတွင် ဆင်းသက်လိုက်ကြရာ လက်စားချေလိုသော တစ္ဆေများက ဂူအပေါက်ဝကို ပိတ်ဆို့ထားသကဲ့သို့ ဖြစ်နေတော့သည်။
လင်းရွှင်းဖုန်းက ဤမြင်ကွင်းကို မျက်စိထောင့်မှ မြင်လိုက်ရပြီး ရင်ထဲတွင် အကြီးအကျယ် ထိတ်လန့်သွားသည်။
မျှော်လင့်ထားသည့်အတိုင်း သားဖြစ်သူကို မကယ်တင်နိုင်ခဲ့သလို ဘယ်တော့မှ အောင်မြင်နိုင်မည် မဟုတ်ချေ။
လင်းရွှင်းဖုန်းက အံကြိတ်၍ ….
"အခြေအနေတွေက ဒီလိုဖြစ်လာမှတော့ အနည်းဆုံး ယွမ်မိသားစုက ဘာလို့ သူမကို အနိုင်ကျင့်ခဲ့တာလဲ၊ ပြီးတော့ မသေမျိုးဂိုဏ်းက ဘာလို့ သူတို့ကို အလိုလိုက်ထားတာလဲ ဆိုတာလေးတော့ သိပြီးမှ သေခွင့်ပေးနိုင်မလား..." ဟု မေးလိုက်သည်။
အနက်ရောင် ဝတ်စုံနှင့် လူက…
"မင်းကို ပြောပြလို့လည်း ဘာမှ မထိခိုက်ပါဘူး... သူမရဲ့ အမေက ယွမ်မိသားစုဝင် တစ်ယောက်ဖြစ်ပြီး အစွမ်းထက်တဲ့ တပည့်တစ်ယောက်နဲ့ စေ့စပ်ထားခဲ့တယ်... ဒါပေမဲ့ မင်္ဂလာမဆောင်ခင်မှာ တခြား တပည့်တစ်ယောက်နဲ့ ခိုးပြေးသွားခဲ့တယ်... ယွမ်မိသားစုက သူမကို ရှာတွေ့တဲ့ အချိန်မှာ သူမမှာ ကိုယ်ဝန်ရှိနေပြီ... ဒီကိစ္စက ယွမ် မိသားစုအတွက် အမည်းစက်တစ်ခုနဲ့ အရှက်ရစရာ တစ်ခုပဲ... ယွမ်မိသားစုမှာ အဖွဲ့ဝင်တွေ အများကြီး ရှိတော့ တချို့က သူမကို သတ်ချင်ကြပြီး တချို့ကတော့ ကာကွယ်ပေးချင်ကြတယ်... အဲဒါကြောင့်မို့လို့ ဒီကောင်မလေး အခုချိန်ထိ အသက်ရှင်နိုင်ခဲ့တာပေါ့..." ဟု ပြန်ဖြေလိုက်သည်။
ဤအချက်က လင်းရွှင်းဖုန်းကို စိတ်ပူပန်မှု အနည်းငယ် လျော့ကျသွားစေခဲ့သည်။ သူသည် ဖြစ်နိုင်ခြေ များစွာကို စဉ်းစားခဲ့ပြီး ဝေ့ရုံ၏ မိဘများက လူဆိုးများ ဖြစ်နိုင်ကြောင်းကိုပင် ခန့်မှန်းခဲ့မိသဖြင့် အနက်ရောင် ဝတ်စုံနှင့် လူ၏ စကားများက သူ့ကို စိတ်အေးသွားစေခဲ့သည်။
ဝေ့ရုံကတော့ အံ့အားသင့်ခြင်း မရှိပေ၊ အကြောင်းမှာ သူမ သိပြီးသား ဖြစ်နေသောကြောင့်တည်း။ သူမသည် အနက်ရောင် ဝတ်စုံနှင့် လူကို စူးစိုက်ကြည့်နေပြီး နှစ်ပေါင်းများစွာ စုဆောင်းထားသော သူမ၏ နာကြည်းမှုများကို ထိုလူ့အပေါ်တွင် ပုံချချင်နေသည့်နှယ်။
သူမ ထိုအနက်ရောင် ဝတ်စုံနှင့် လူကို ဤမျှ မုန်းတီးနေရခြင်းမှာ အရင်က မြင်ဖူးခဲ့သောကြောင့် မဟုတ်ဘဲ ိူုသူက စီနီယာလင်း၏ ရင်ဘတ်ကို ဓားဖြင့် ထိုးသွင်းခဲ့ပြီး သူမ အကြောက်ဆုံး အရာကို မျက်စိရှေ့တွင် ဖြစ်ပေါ်လာစေခဲ့သောကြောင့် ဖြစ်၏။
ဝေ့ရုံအနေဖြင့် သူမ၏ ပတ်ဝန်းကျင်က လူတိုင်းက ဘာကြောင့် သူမအပေါ် ဆိုးရွားစွာ ဆက်ဆံကြသနည်း၊ သူမအပေါ် ကောင်းမွန်စွာ ဆက်ဆံသူကို ဘာကြောင့် သတ်ဖြတ်ရန် ကြိုးစားကြသနည်း ဆိုသည်ကို အမှန်တကယ်ပင် နားမလည်နိုင်ခဲ့ချေ။
သူမ၏ မိဘများ အမှားလုပ်ခဲ့လျှင်ပင် မည်သူ့ကိုမျှ ဒုက္ခမပေးခဲ့ချေ။ ယွမ် မိသားစုဝင်များ၏ လုပ်ရပ်များက ပို၍ ဆိုးရွားနေသည်မှာ သိသာလှပါလျက် ထျန်းချင်းမသေမျိုးဂိုဏ်းက ဘာကြောင့် မသိကျိုးကျွန် ပြုနေခဲ့သနည်း။ ဖြောင့်မတ်သော လမ်းစဉ်ဆိုသည်မှာ လူနည်းစုအတွက်သာ ဖြစ်သော ဖြောင့်မတ်သည့် လမ်းစဉ်လား။
ဖူး!
အနက်ရောင် ဝတ်စုံနှင့်လူက ဓားကို ဆွဲနှုတ်လိုက်တော့ သွေးများ နေရာအနှံ့ ပန်းထွက်သွားပြီး လင်းရွှင်းဖုန်း၏ ခန္ဓာကိုယ် ပျော့ခွေသွားကာ ဂူအပေါက်ဝရှေ့တွင် ဒူးထောက် ကျသွားတော့သည်။
သူက မြေပြင်ကို လက်များဖြင့် ထောက်ထားလိုက်ရာ ရင်ဘတ်မှ သွေးများ အဆက်မပြတ် စီးကျနေပြီး ခေါင်း မူးလာသလို ခံစားလိုက်ရသည်။
ဤကဲ့သို့ ခံစားရခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်ပေ၊ အရင်ကလည်း သေဘေးမှ အကြိမ်ကြိမ် လွတ်မြောက်ခဲ့ဖူးသည်။ သို့သော်လည်း ဤတစ်ကြိမ်တွင် သူ မည်သို့ အသက်ရှင်ကျန်ရစ်မည်ကို စိတ်ကူးကြည့်၍ မရနိုင်တော့ချေ။
သူက ဝေ့ရုံကို အရှက်ရနေသော အမူအရာဖြင့် ကြည့်လိုက်သည်။
ထိုအကြည့်က ဝေ့ရုံ၏ ရင်ထဲတွင် စူးရှသော နာကျင်မှုတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ သူမက ဘေးနားရှိ ကျောက်ခဲတစ်လုံးကို ကောက်ယူ၍ မတ်တတ်ရပ်လိုက်သည်။
အနက်ရောင် ဝတ်စုံနှင့်လူက သူမ ကျောက်ခဲကိုင်၍ ချဉ်းကပ်လာသည်ကို မြင်သောအခါ မျက်ဝန်းများတွင် အထင်သေးမှုများ ပြည့်နှက်သွား၏။ သူမ၏ မိခင်က ယွမ်မိသားစု တစ်ခုလုံးကို အရှက်ရစေခဲ့ပြီး ယခုအချိန်ထိပင် ဂိုဏ်းသားများက ဤကိစ္စနှင့် ပတ်သက်၍ သူ့ကို လှောင်ပြောင်နေကြဆဲ ဖြစ်သဖြင့် ဝေ့ရုံအပေါ်တွင်လည်း သူ မည်သည့် သနားညှာတာမှုမျှ မရှိခဲ့ချေ။
ထိုအခိုက်တွင်….
အနောက်ဘက်မှ ဓားများက အသားများကို ခုတ်ထစ်လိုက်သည့် အသံတစ်ခု ထွက်ပေါ်လာသဖြင့် အနက်ရောင် ဝတ်စုံနှင့်လူ ထိတ်လန့်သွားပြီး မသိစိတ်ကြောင့် နောက်သို့ လှည့်ကြည့်လိုက်၏။ ယွမ် မိသားစုဝင်များ အားလုံး မြေပြင်ပေါ်တွင် လဲကျနေသည်ကို တွေ့လိုက်ရသဖြင့် သူ ထိတ်လန့်သွားတော့သည်။
"ဘယ်သူလဲ..."
အနက်ရောင် ဝတ်စုံနှင့် လူက အသံနက်ကြီးဖြင့် မေးလိုက်သည်။
သူသည် တစ်ဖက်လူ၏ အရှိန်အဝါကို မခံစားနိုင်သလို တစ်ဖက်လူ မည်သို့ လှုပ်ရှားခဲ့သည်ကိုလည်း မသိရှိနိုင်ခဲ့ရာ ဤသည်က သူတို့ကြားက စွမ်းအား ကွာဟချက်မှာ အလွန် ကြီးမားလှကြောင်း သက်သေပြနေသည်။
ထိုစဉ် သူ့မျက်ဆံများ ရုတ်တရက် ကျုံ့ဝင်သွားပြီး ဓားတစ်လက်က သူ့ မျက်လုံးထဲတွင် ကြီးမားစွာ ပေါ်လာခဲ့သည်။
အနောက်ဘက်မှ အသံကို ကြားသောအခါ လင်းရွှင်းဖုန်းက မသိစိတ်ကြောင့် လှည့်ကြည့်ရန် ကြိုးစားလိုက်သော်လည်း လည်ပင်းကို လှုပ်ရှားလိုက်သည်နှင့်တစ်ပြိုင်နက် နောက်ဆုံးကျန်ရှိနေသော ခွန်အားများ ကုန်ခန်းသွားပြီး အမှောင်ထုအတွင်းသို့ နစ်မြုပ်သွားတော့သည်။
………….
နွေရာသီ ကုန်ဆုံး၍ ဆောင်းဦးရာသီသို့ ကူးပြောင်းလာချိန်တွင် ခြောက်သွေ့နေသော သစ်ရွက်ဝါ တစ်ရွက် လွင့်ကျလာပြီး တောင်တန်းများကြားတွင် ယိမ်းနွဲ့နေကာ နောက်ဆုံးတွင် လီချင်းချိုး၏ ရှေ့သို့ ကျဆင်းလာခဲ့သည်။
မျက်လုံးများကို မှိတ်ထားလျက် သူက လက်လှမ်း၍ ကြွေကျလာသော သစ်ရွက်ကို ဖမ်းယူလိုက်သည်။ ထို့နောက် မျက်လုံးများကို ဖွင့်၍ တာအိုပုံစံပြားကို ဆွဲထုတ်ကာ ကျန်းကျောက်ရှားနှင့် အခြားသူများ၏ ပုံရိပ်များကို ရှာဖွေကြည့်လိုက်၏。
ပုံရိပ်များ ရှိနေဆဲ ဖြစ်ရာ ဤလူများ အသက်ရှင်နေသေးကြောင်း သက်သေပြနေသည်။
သုံးလ အချိန်ကုန်လွန်သွားခဲ့ပြီ ဖြစ်သော်လည်း ကျန်းကျောက်ရှားနှင့် အခြားသူများမှာ ချင်းရှောင်ဂိုဏ်းနှင့် အဆက်အသွယ် မရသေးသဖြင့် လီချင်းချိုးကို ပို၍ ပို၍ မသက်မသာ ဖြစ်လာစေခဲ့သည်။
တကယ်ပဲ ကြီးမားတဲ့ ပြဿနာတစ်ခုခု ဖြစ်သွားတာများလား….
မသက်မသာ ဖြစ်နေသော်လည်း လီချင်းချိုး ဘာမှ မလုပ်နိုင်ခဲ့ချေ။ လောကကြီးက ကျယ်ပြောလှပြီး သူ မည်မျှပင် စွမ်းဆောင်နိုင်ပါစေ ကျန်းကျောက်ရှားနှင့် အခြားသူများကို သူ ရှာမတွေ့နိုင်ပေ။ ထို့အပြင် ချင်းရှောင်ဂိုဏ်းကိုလည်း ကာကွယ်ရန် လိုအပ်နေသေးသည်။
ချင်းရှောင်ဂိုဏ်းက ပိုမို အစွမ်းထက်လာသော်လည်း ရန်သူများလည်း တိုးပွားလာနေသဖြင့် သူ သတိလက်လွတ် နေ၍ မရနိုင်ချေ။
အောက်ဘက်တွင် ယွမ်လီနှင့် ယင်ကျင်းရှင်းတို့မှာ ထပ်မံ ယှဉ်ပြိုင်နေကြပြန်ပြီ ဖြစ်သော်လည်း သူတို့နှစ်ဦးစလုံး ရှေးဟောင်း သန့်စင်သော ခန္ဓာကိုယ်၏ စွမ်းအားများကို အသုံးမပြုကြဘဲ လက်သီးနှင့် ခြေထောက်သိုင်းများကိုသာ လေ့ကျင့်နေကြသည်။ သူတို့၏ လှုပ်ရှားမှုများက ပြင်းထန်ပြီး ခြေလှမ်းများကလည်း အလွန် လျင်မြန်လှသဖြင့် ရွှီယွီချုံးက မျက်လုံးများ ဖွင့်၍ စောင့်ကြည့်နေခဲ့ရသည်။
ရွှီယွီချုံးက ဤကျင့်ကြံရေး နေရာတွင် အမြဲတမ်း နေထိုင်နေခြင်း မဟုတ်ပေ။ သူသည် တစ်ခါတစ်ရံ အပြင်ထွက်၍ လမ်းလျှောက်လေ့ ရှိသဖြင့် စစ်မှန်သော မျိုးဆက် တပည့်များက စစ်မှန်သော မျိုးဆက်များ၏ ပြိုင်ပွဲအတွက် ပြင်ဆင်နေကြကြောင်း သိရှိထားသဖြင့် သူသည်လည်း စစ်မှန်သော မျိုးဆက် တပည့်များ၏ ယှဉ်ပြိုင်မှုကို သွားရောက် ကြည့်ရှုခဲ့ဖူးသည်။
မည်သို့ပင် ကြည့်စေကာမူ ဂိုဏ်းချုပ်၏ အဖွဲ့က ထိပ်ဆုံး သုံးနေရာကို လွှမ်းမိုးထားမည်ဟုသာ ခံစားရသည်။
သူကိုယ်တိုင်လည်း ဂိုဏ်းချုပ်၏ အဖွဲ့ကိုယ်စား ကောင်းမွန်သော ရလဒ်များကို ရယူပေးချင်နေမိသည်။
ယင်ကျင်းရှင်း၏ လျင်မြန်သော တိုးတက်မှုကို မြင်တွေ့ပြီးနောက် ရွှီယွီချုံးခင်မျာ ဦးလေးငယ်လေးနှင့် ယှဉ်ပြိုင်လိုသော စိတ်ကူးကို စွန့်လွှတ်လိုက်ပြီ ဖြစ်သည်။ဤအကြောင်းကြောင့် ယုံကြည်မှု ပျောက်ဆုံးသွားခြင်း မရှိဘဲ အခြားသော ဂိုဏ်းသားများကို ရင်ဆိုင်ရမည့် အချိန်ကို စတင် မျှော်လင့်လာတော့သည်။
ထိုအခိုက်တွင် လီချင်းချိုးက ဂိုဏ်းချုပ် တံဆိပ်ပြားကို ထုတ်ယူလိုက်ရာ ချူကျင်း၏ အသံ ထွက်ပေါ်လာသည်။
"ဂိုဏ်းချုပ်... ကျင့်ကြံရေးခန်းမမှာ တာဝန်တစ်ခု ရောက်လာပါတယ်... ဒုတိယ ခန်းမသခင်က အလုပ်အပ်သူရဲ့ တာအိုကံကြမ္မာကို ဆုံးဖြတ်ဖို့ အခက်အခဲ ဖြစ်နေလို့ပါ... အလုပ်အပ်သူက ခန်းမဆောင်ထဲမှာ ရောက်နေပြီး ဂိုဏ်းချုပ်ကို တွေ့ချင်နေပါတယ်... ဂိုဏ်းချုပ် ကိုယ်တိုင် လာလို့ရမလား ခင်ဗျာ..."
လီချင်းချိုးက အံ့အားသင့်စွာဖြင့်… "ငါ ကိုယ်တိုင် အာရုံစိုက်ဖို့ ထိုက်တန်တဲ့ တာဝန်က ဘာများလဲ..." ဟု မေးလိုက်သည်။
”အလုပ်အပ်သူက သာမန်လူ မဟုတ်ပါဘူး... သူက အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်သန်းကို ချက်ချင်း ကမ်းလှမ်းခဲ့ပြီး တာဝန်အတွက် အချိန်ကန့်သတ်ချက်လည်း မရှိပါဘူး... အဲဒါက အထွတ်အထိပ် ရတနာတစ်ခုကို ရှာဖွေပေးဖို့ပါ..."
ချူကျင်းက အစပိုင်းတွင် အကျဉ်းချုပ် ပြောပြပြီးနောက် လီချင်းချိုး ငြင်းပယ်မည်ကို စိုးရိမ်သဖြင့် အသေးစိတ်ကို ဆက်လက် ရှင်းပြလိုက်သည်။
တစ်ခဏမျှ စဉ်းစားပြီးနောက် လီချင်းချိုးလည်း သွားရောက်ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။
သူ မတ်တတ်ရပ်၍ ယွမ်လီနှင့် ယင်ကျင်းရှင်းတို့ကို ရပ်တန့်ရန်နှင့် သူတို့ဘာသာ ကျင့်ကြံရန် ပြောလိုက်ပြီးနောက် တစ်ယောက်တည်း ထွက်ခွာသွားခဲ့သည်။
အမွှေးတိုင် တစ်တိုင်စာ အချိန်ကြာပြီးနောက် လီချင်းချိုး ကျင့်ကြံရေးခန်းမအတွင်းသို့ ဝင်ရောက်သွားသည်။
လမ်းတစ်လျှောက်တွင် ဂိုဏ်းသားများစွာက သူ့ကို နှုတ်ဆက်ခဲ့ကြသည်။ သူတို့ထဲမှ များစွာသော သူများမှာ ဂိုဏ်းချုပ်ကို ပထမဆုံးအကြိမ် မြင်တွေ့ရခြင်း ဖြစ်ပြီး အတော်လေး စိတ်လှုပ်ရှားနေကြသည်။
လီချင်းချိုးသည် တစ်ခါတစ်ရံ အချိန်ယူ၍ ဂိုဏ်းအတွင်းသို့ လာရောက်လေ့ ရှိသော်လည်း ဂိုဏ်းသား အများစုမှာ သူ့ကို တွေ့မြင်ရန် အခွင့်အရေး မရခဲ့ကြချေ။ ထိုဂိုဏ်းသားများအတွက်မူ သူသည် ချင်းရှောင်ဂိုဏ်း၏ အကြီးကျယ်ဆုံးသော ဒဏ္ဍာရီတစ်ခု ဖြစ်ပြီး ချီးမွမ်းစကားများ အားလုံးကို သူ့အတွက် အသုံးပြုနိုင်ပေသည်။
လီချင်းချိုးတယောက် ကျင့်ကြံရေးခန်းမ၏ ပင်မတံခါးမှနေ၍ ခန်းမဆောင် အကြီးအကဲ၏ ခြံဝင်းအတွင်းသို့ ရောက်ရှိရန် နောက်ထပ် အမွှေးတိုင် တစ်တိုင်စာ အချိန်ယူခဲ့ရသည်။
ဒုတိယခန်းမသခင် တင်းရွှယ်က တာဝန်ခံ အကြီးအကဲများနှင့် ဂိုဏ်းသား တစ်စုနှင့်အတူ ခန်းမဆောင်အတွင်း၌ ထိုင်နေကြသည်။ ဂိုဏ်းချုပ် ရောက်လာသည်ကို မြင်သောအခါ သူတို့အားလုံး မတ်တတ်ရပ်၍ အရိုအသေပေးလိုက်ကြသည်။
တင်းရွှမ်ဆိုသူက ကျင့်ကြံရေးခန်းမတွင် အလွန် အတွေ့အကြုံရှိသော ဂိုဏ်းသားတစ်ဦး ဖြစ်သည်။ ထိုစဉ်က ပေါ်ကျောက်၊ ယွင်ချိုင်နှင့် အခြားသူများ ချင်းရှောင်ဂိုဏ်းသို့ ရောက်ရှိလာနိုင်ခြင်းမှာ သူမ၏ ကျေးဇူးကြောင့်ပင် ဖြစ်၏။ ယွင်ချိုင် တစ်ယောက်တည်းကို ပြန်လည် ခေါ်ဆောင်လာနိုင်ခြင်းကပင် ကျင့်ကြံရေးခန်းမရှိ အခြား မည်သည့် ဂိုဏ်းသားနှင့်မျှ မယှဉ်နိုင်သော ပံ့ပိုးမှုတစ်ခု ဖြစ်သည်ဟု ဆိုလျှင် ချဲ့ကားပြောဆိုခြင်း မဟုတ်ပေ။ ကျိန့်ယွင်ချောင် သေဆုံးပြီးနောက် လီချင်းချိုးက သူမကို ဒုတိယ ခန်းမသခင်အဖြစ် ရာထူးတိုးပေးခဲ့သည်။ ယနေ့တိုင်အောင် ယွင်ချိုင်နှင့် သူမ၏ အဖော် ခုနစ်ဦးတို့က တင်းရွှမ်နှင့် ဆက်ဆံရေး ကောင်းမွန်နေဆဲ ဖြစ်ပြီး ဤဆက်ဆံရေးကြောင့် သူမကို မည်သူကမျှ ပြဿနာ မရှာရဲကြချေ။
လီချင်းချိုးက တင်းရွှမ်ကို ခေါင်းညိတ်ပြလိုက်ပြီးနောက် မတ်တတ်မရပ်သေးသော သက်လတ်ပိုင်းအရွယ် အမျိုးသားကို ကြည့်လိုက်သည်။
ထိုသက်လတ်ပိုင်းအရွယ်အမျိုးသားက မိုးပြာရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး သိမ်မွေ့ပြီး ယဉ်ကျေးသော အမူအရာ၊ ချောမောသော မျက်နှာ၊ သေသပ်စွာ ဖြီးသင်ထားသော မုတ်ဆိတ်မွေးနှင့် သပ်ရပ်စွာ ထုံးဖွဲ့ထားသော ဆံပင်အရှည်တို့ ရှိနေသည်။ ထိုနေရာတွင် ထိုင်နေရုံဖြင့်ပင် မွေးရာပါ မြင့်မြတ်သော အရှိန်အဝါကို ဖုံးကွယ်ရန် ခက်ခဲလှပြီး ၎င်းက လီချင်းချိုးကို စုန့်ချန်ရှန်းကို အကြောင်းပြချက်မရှိ ပြန်လည် သတိရမိစေသည်။
ကောင်းကင်နေမင်းနယ်ပယ်!
ထိုသူ၏ ကျင့်ကြံခြင်းအဆင့်က စုန့်ချန်ရှန်း သို့မဟုတ် ဓားမိစ္ဆာတို့လောက် မမြင့်မားသော်လည်း အမှန်တကယ်ပင် ကောင်းကင်နေမင်းနယ်ပယ်၏ စစ်မှန်သော ကြီးမြတ်သည့် ကျင့်ကြံသူ တစ်ဦး ဖြစ်ပေသည်။
မိုးပြာရောင်ဝတ်အမျိုးသားကလည်း လီချင်းချိုးထံသို့ အကြည့်လွှဲလိုက်သည်။လီချင်းချိုးက တုနှိုင်းမဲ့ ယန်စွမ်းအား ခန္ဓာကိုယ်ကို နိုးထလာပြီးကတည်းက အရှိန်အဝါကို ဖုံးကွယ်သည့် နည်းလမ်းကို ကြိုးစားပမ်းစား လေ့လာနေခဲ့သည်။အကြိမ်တစ်ရာသန့်စင်ခြင်း နတ်ဆိုးခန္ဓာ၏ အကူအညီဖြင့် ဤလျှို့ဝှက်ပညာရပ်ကို ကျင့်ကြံရာတွင် ချောမွေ့စွာ တိုးတက်လာခဲ့ပြီး ယခုအခါ ကိုယ်ပိုင် စွမ်းအား၊ အရင်းအမြစ်ချီနှင့် ယန်စွမ်းအား မီးလျှံများကို ဖုံးကွယ်ထားနိုင်ပြီ ဖြစ်သည်။င
မိုးပြာရောင်ဝတ်အမျိုးသား၏ မျက်လုံးထဲတွင် လီချင်းချိုး၏ပုံစံက နက်နဲသိမ်မွေ့လွန်းနေပုံ ရသည်။
လီချင်းချိုးက ရွှယ်ကျင်း ပိုင်ဆိုင်သော ပင်မထိုင်ခုံဆီသို့ လျှောက်သွားပြီး ထိုင်ချလိုက်ကာ အကြည့်များက မိုးပြာရောင်ဝတ်အမျိုးသားအပေါ်သို့ ကျရောက်သွားလေသည်။
တင်းရွှယ်ကလည်း ချက်ချင်းပင် မိတ်ဆက်ပေးလိုက်သည်။
"ဂိုဏ်းချုပ်... ဒီတာအိုမိတ်ဆွေရဲ့ နာမည်က ထျန်းရွှမ်ဇီ လို့ ခေါ်ပါတယ်... သူက အနောက်ဘက်က လာတာလို့ ပြောပြီး ရှေးဟောင်း ရတနာတစ်ခု ဖြစ်တဲ့ လူသားဧကရာဇ် ခေါင်းလောင်းကို ရှာဖွေဖို့ ကျွန်မတို့ဘက်က ကူညီပေးနိုင်မယ်လို့ မျှော်လင့်နေပါတယ်... လောလောဆယ် ကျွန်မတို့ သိထားတာက လူသားဧကရာဇ် ခေါင်းလောင်းက စစ်နတ်ဘုရား နန်းတော်မှာ ရှိတယ် ဆိုတာပါပဲ..."
ထျန်းရွှမ်ဇီဟု အမည်ရသော မိုးပြာရောင် ဝတ်ရုံနှင့်လူက လက်မြှောက်၍ ပြုံးလိုက်ကာ…
"ထျန်းရွှမ်ဇီက ဂိုဏ်းချုပ်လီကို နှုတ်ခွန်းဆက်သပါတယ်..."
"ဘာလို့ ကျွန်တော်တို့ရဲ့ ချင်းရှောင်ဂိုဏ်းကို လာခဲ့တာလဲ..."
"လူသားဧကရာဇ် ခေါင်းလောင်းဆိုတာ လောကီကမ္ဘာက မိစ္ဆာတွေနဲ့ မကောင်းဆိုးဝါးတွေကို ဖိနှိပ်ဖို့ အထူးတလည် အသုံးပြုတဲ့ ရှေးဟောင်း ရတနာတစ်ခုပါ... ကိုးပြည်ထောင်နယ်မြေက မိစ္ဆာတွေနဲ့ မကောင်းဆိုးဝါးတွေရဲ့ နယ်မြေနဲ့ အနီးဆုံးပါ... အကယ်၍ ကိုးပြည်ထောင်နယ်မြေသာ ကျဆုံးသွားမယ်ဆိုရင် ဒီတိုက်ကြီး တစ်ခုလုံးက မိစ္ဆာဧကရာဇ်ရဲ့ လက်အောက်ငယ်သားတွေရဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကို ခံရမှာပါ... ဝေးကွာတဲ့ မိုးပြာနဂါးနယ်မြေကတော့ တောင့်ခံနိုင်ကောင်း တောင့်ခံနိုင်ပေမဲ့ လောကီကမ္ဘာကတော့ သေချာပေါက် ပျက်စီးသွားမှာပါ..."
"မင်းမှာ ဒီလို စိတ်ထားမျိုး ရှိမှတော့ ဘာလို့ ကိုယ်တိုင် မသွားရှာတာလဲ..."
"စစ်နတ်ဘုရား နန်းတော်က မြေအောက်မှာ မြှုပ်နှံခံထားရတာ နှစ်ပေါင်း တစ်သောင်း ရှိပါပြီ... မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေ ကြိုးစားခဲ့ပေမဲ့ ရှာမတွေ့ခဲ့ကြဘူး... ခင်ဗျားတို့ဂိုဏ်းကို ရှာဖွေခိုင်းရတဲ့ အကြောင်းရင်းကတော့ ကျွန်တော်က ကံကြမ္မာ ပညာရပ်ကို နားလည်လို့ပါ... ချင်းရှောင်ဂိုဏ်းရဲ့ ကံကြမ္မာက ကောင်းကင်ကို ပျံတက်နေတဲ့ နဂါးတစ်ကောင်လိုပဲ မိုးပြာနဂါးနယ်မြေမှာတောင် အရမ်း ရှားပါးပါတယ်... ပြီးတော့ ချင်းရှောင်ဂိုဏ်းက မိစ္ဆာတွေနဲ့ မကောင်းဆိုးဝါးတွေရဲ့ နယ်မြေနဲ့ အနီးဆုံး နေရာမှာ ရှိနေလို့ပဲ..."
ဤစကားများက ကျင့်ကြံရေးခန်းမမှ ဂိုဏ်းသားများ တစ်ခါမျှ မကြားဖူးခဲ့သော စကားများ ဖြစ်ပြီး တစ်ယောက်ကိုတစ်ယောက် စူးစမ်းလိုစိတ်များဖြင့် ပြည့်နှက်နေစွာ ကြည့်လိုက်ကြသည်။
လီချင်းချိုးက စဉ်းစားကြည့်လိုက်ပြီး ဤတာဝန်အတွက် အချိန်ကန့်သတ်ချက် မရှိသဖြင့် ၎င်းကို လက်ခံ၍ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်သန်းကို အလကား ရယူခြင်းက ဘာမှ မနစ်နာနိုင်ကြောင်း တွေးလိုက်၏။
သူ စကားပြောရန် ပြင်လိုက်ချိန်မှာပင် ထျန်းရွှမ်ဇီက…
"ဂိုဏ်းချုပ် လီ... သီးသန့် စကားပြောလို့ ရမလား..." ဟု မေးလိုက်သည်။
ဤစကားကို ကြားပြီးနောက် လီချင်းချိုးကလည်း ခေါင်းညိတ်ပြလိုက်သည်။
သူ မတ်တတ်ရပ်ရန် မလိုဘဲ တင်းရွှမ်က အရင်ဆုံး မတ်တတ်ရပ်ကာ ကျင့်ကြံရေးခန်းမမှ လူများကို ခေါ်ဆောင်၍ ထွက်ခွာသွားခဲ့သည်။
ခန်းမဆောင်အတွင်း၌ သူတို့နှစ်ဦးသာ ကျန်ရစ်ချိန်တွင် ထျန်းရွှမ်ဇီက မတ်တတ်ရပ်၍ အင်္ကျီလက်ထဲမှ ကျောက်စိမ်းဓားတစ်လက်ကို ထုတ်ယူလိုက်၏။ထိုဓားက ဆယ့်ငါးစင်တီမီတာခန့် ရှည်လျားပြီး လှပသေသပ်စွာ ဖန်တီးထားကာ ၎င်း၏ ကျောက်စိမ်းကိုယ်ထည်မှ အလင်းရောင်များ မှိန်ဖျော့စွာ ထွက်ပေါ်နေသည်။
"ဒါက စစ်နတ်ဘုရား ဓားတံဆိပ်ပြားပါ... စစ်နတ်ဘုရားရဲ့ မြေအောက်နန်းတော်ဆီ လမ်းပြပေးနိုင်ပါတယ်..." ဟု ထျန်းရွှမ်ဇီက ရှင်းပြလိုက်သည်။
လီချင်းချိုးက သူ့လက်ထဲက ကျောက်စိမ်းဓားကို မကြည့်ဘဲ သူ့ကိုသာ စူးစိုက်ကြည့်နေခဲ့သည်။
ထျန်းရွှမ်ဇီက…
"ရိုးရိုးသားသား ပြောရရင် ကျွန်တော့်မှာ ရန်သူတွေ အများကြီး ရှိပြီး ကျွန်တော် ကိုယ်တိုင် လှုပ်ရှားဖို့ အဆင်မပြေဘူး... စစ်နတ်ဘုရား ဓားတံဆိပ်ပြား ဆယ့်ရှစ်ခု ရှိပြီး လူတွေကြားထဲမှာ ပြန့်ကြဲနေတာပါ... ကျွန်တော် ခန့်မှန်းရသလောက် လူတော်တော်များများက စစ်နတ်ဘုရား နန်းတော်မှာ စုရုံးရောက်ရှိနေလောက်ပြီ... ဒါပေမဲ့ ထူးခြားတဲ့ ကောင်းကင်ဖြစ်စဉ်တွေ မရှိသေးဘူးဆိုတာ လူသားဧကရာဇ် ခေါင်းလောင်း လောကမှာ မပေါ်ထွက်သေးဘူးဆိုတာ သက်သေပြနေတယ်... အကယ်၍ ကျွန်တော် အဲဒီကို သွားရင် လူသားဧကရာဇ် ခေါင်းလောင်းကို ရဖို့နဲ့ လောကကြီးကို ကယ်တင်ဖို့ဆိုတာ ဝေးစွ သေချာပေါက် ပြန်လာနိုင်မှာ မဟုတ်ဘူး..."
ထိုအခါ လီချင်းချိုးက တည်ငြိမ်စွာဖြင့်…
"မင်းက အရမ်း ဒုက္ခများလွန်းတယ်... မင်းကို ငါ မယုံနိုင်ဘူး..." ဟု ဆိုလိုက်သည်။
ထျန်းရွှမ်ဇီက အလျှာ့မပေးသေးဘဲ…
"ခင်ဗျားရဲ့လက်ထဲမှာ အသက်ထိန်းချုပ်အဆောင် လို့ ခေါ်တဲ့ အဆောင်တစ်ခု ရှိတယ်... အဲဒါကို အရင်က ရှန်းယွမ်ဂိုဏ်းက ဖန်တီးခဲ့တာပါ... အကယ်၍ ခင်ဗျား ကျူပ်ကို မယုံရင် အသက်ထိန်းချုပ် အဆောင်ကို သုံးပြီး ကျူပ်ကို ထိန်းချုပ်ထားလို့ ရပါတယ်... ကျုပ်ရဲ့ စွမ်းရည်တွေ အားလုံးကို ချင်းရှောင်ဂိုဏ်းအတွက် ပံ့ပိုးပေးဖို့ ဆန္ဒရှိပါတယ်... သေချာတာပေါ့... အကယ်၍ ခင်ဗျား ကျုပ်ကို လက်ခံလိုက်ရင် ခင်ဗျားလည်း ကျုပ်ရဲ့ ရန်ငြိုးတွေကြောင့် ထိခိုက်နစ်နာရလိမ့်မယ်... ရွေးချယ်မှုကတော့ ခင်ဗျားပေါ်မှာပဲမူတည်ပါတယ်..."
"လူသားဧကရာဇ် ခေါင်းလောင်းက မိစ္ဆာနယ်မြေရဲ့ မိစ္ဆာဧကရာဇ်ကို တိုက်ခိုက်ဖို့ သော့ချက်ပါ... မဟုတ်ရင် မိစ္ဆာနယ်မြေက ဒီလောက် အချိန်အကြာကြီး တည်ရှိနေနိုင်မှာ မဟုတ်ဘူး..."
လီချင်းချိုး သူ့ကို ကြည့်လိုက်ရင်း အတော်လေး အံ့အားသင့်သွားခဲ့သည်။
ဤလူက အသက်ထိန်းချုပ် အဆောင် အကြောင်းကိုပင် သိရှိနေပါလား…
ဒါက တကယ်ပဲ တွက်ချက်ထားတာများလား…
အကယ်၍ ဤလူက ဗေဒင်ဟောကိန်းချရာတွင် ကျွမ်းကျင်ပါက ထိုသူ၏ ချင်းရှောင်ဂိုဏ်းကို ရွေးချယ်မှုမှာ ဂိုဏ်း၏ ကံကြမ္မာကြောင့်ဆိုသည်ထက် ပိုနေနိုင်မည်လား။