အခန်း ၃၈၃
Vol. 39 Ch. 383
အခန်း (၃၈၃ ) လီပိုင် ရောက်ရှိလာလိမ့်မည်
ထျန်းရွှမ်ဇီ စကားပြောပြီးနောက် လီချင်းချိုး၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းရင်း သူ့ကို စူးစိုက်ကြည့်နေ၏။
လီချင်းချိုးက တည်ငြိမ်စွာဖြင့်…
"မင်းက စကားလုံးတွေ အမျိုးမျိုး သုံးပြီး ပြောနေပေမဲ့ ငါ အခုတော့ နားလည်သွားပြီ... မင်းက လူသားဧကရာဇ် ခေါင်းလောင်းအတွက် ဒီကို ရောက်လာတာ မဟုတ်ဘူး... မင်းအတွက် မင်းကိုယ်တိုင် ရောက်လာတာပဲ... အဲဒီ တာဝန် ဆိုတာကတော့ အကြောင်းပြချက် တစ်ခု သက်သက်ပါပဲ... တကယ်တမ်းတော့ မင်းက လမ်းပိတ်နေပြီလေ..."
"ချင်းရှောင်ဂိုဏ်းက မိစ္ဆာနယ်မြေနဲ့ အနီးဆုံးဆိုတာ မင်း သိတယ်... လူသားဧကရာဇ် ခေါင်းလောင်းလိုမျိုး ရတနာတစ်ခုအကြောင်း ကြားရင် သူတို့ ငြင်းဖို့ ခက်ခဲလိမ့်မယ် ဆိုတာကိုလည်း မင်း သိတယ်... ဒါကြောင့်မို့လို့ မင်းက ဒီလောက်အထိ အကြောင်းပြချက်ကောင်းကောင်းတွေနဲ့ လာပြောနေတာပေါ့..."
ဤစကားကို ကြားသောအခါ ထျန်းရွှမ်ဇီ၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားပြီး သူကိုယ်တိုင်လည်း မသိလိုက်ဘဲ ခုခံပြောဆိုရန် ကြိုးစားလိုက်သည်။
ရုတ်တရက်!
ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု သူ့ကို လွှမ်းခြုံသွားသဖြင့် တစ်ကိုယ်လုံး တုန်ယင်လာတော့သည်။
လီချင်းချိုးက ထိုင်မြဲအတိုင်း ရှိနေသော်လည်း အမူအရာ အေးစက်သွားပြီး ထျန်းရွှမ်ဇီကို အလွန်အမင်း ဖိနှိပ်မှုများ ခံစားရစေသည်။
"ကျုပ် အဲဒီလို မတွေးပါဘူး... ကျုပ် တကယ်ပဲ..."
ထျန်းရွှမ်ဇီ ရှင်းပြလိုက်ရင်း နဖူးပေါ်တွင် ချွေးစေးများပင် ပေါ်လာတော့သည်။
လီချင်းချိုးက…
"ချင်းရှောင်ဂိုဏ်းကို ပရိယာယ်ဆင်ဖို့ ကြိုးစားနေတာလား... မင်းကိုယ်မင်း အထင်ကြီးလွန်းနေပြီ... ချင်းရှောင်ဂိုဏ်းရဲ့ ကံကြမ္မာက ကောင်းကင်ကို ပျံတက်နေတာ မင်း သိရက်နဲ့ ဒီကံကြမ္မာနဲ့ ကစားဖို့ မင်းမှာ ဘာအခွင့်အရေး ရှိတယ်လို့ ထင်လို့လဲ..."
ဝုန်း!
ကြောက်မက်ဖွယ်ကောင်းသော ဖိအားများ တစ်ဖန် ပြင်းထန်လာပြန်ရာ ထျန်းရွှမ်ဇီကို လီချင်းချိုး၏ ရှေ့တွင် ဒူးထောက်သွားစေတော့သည်။
လီချင်းချိုးက ထျန်းရွှမ်ဇီကို ဓမ္မနယ်မြေထဲသို့ ဆွဲသွင်းထားပြီး ဖြစ်သဖြင့် ခန်းမဆောင် ပြိုကျခြင်း မရှိချေ။
ထျန်းရွှမ်ဇီခင်မျာ ခေါင်းငုံ့၍ အသက်ကို အနိုင်နိုင် ရှူနေရပြီး နားထဲတွင် ကိုယ်ပိုင် နှလုံးခုန်သံများသာ ကြားနေရကာ ရင်ထဲတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေတော့၏။
ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!
ချင်းရှောင်ဂိုဏ်းမှာ ဒီလို အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တစ်ဦးကို ဝှက်ထားတာပဲ!
လီချင်းချိုးက ကောင်းကင်နေမင်းနယ်ပယ်ကို ကျော်လွန်သွားပြီဟု သူ ထင်မြင်လိုက်သည်။ ဤမျှ ကျင့်ကြံခြင်းအဆင့်ဖြင့် ချင်းရှောင်ဂိုဏ်း၏ ကံကြမ္မာမှာ အလွန် ကြောက်မက်ဖွယ်ကောင်းသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။
သူသည် မိမိကိုယ်ကိုယ် သတိမေ့လျော့နေမိကြောင်း သဘောပေါက်သွား၏။ မိမိ၏ ကျင့်ကြံခြင်း အဆင့်ဖြင့်သာဆိုလျှင် သဘောတူညီမှု မရရှိခဲ့လျှင်ပင် ဘေးကင်းစွာ ထွက်ခွာနိုင်မည်ဟု ထင်မြင်ထားခဲ့ခြင်း ဖြစ်သည်။
အသက်ထိန်းချုပ် အဆောင်နှင့် ပတ်သက်၍လည်း တကယ်တမ်း ထိန်းချုပ်ခံရန် ရည်ရွယ်ချက် မရှိခဲ့ပေ။ သူသည် ၎င်းကို ထုတ်မပြမီ လီချင်းချိုး၏ ယုံကြည်မှုကို အရင်ဆုံး ရယူလိုခြင်း ဖြစ်သည်။ဝေထျန်းရှုံး ရှိနေကြောင်း သူ ကြိုမမြင်ခဲ့သော်လည်း ချင်းရှောင်ဂိုဏ်း၏ အစီအရင်များ၊ မှော်လက်နက်များနှင့် ဆေးလုံးများစွာတွင် ရှန်းယွမ်ဂိုဏ်း၏ တံဆိပ်များ ပါဝင်နေသည်ကို သတိပြုမိသဖြင့် ချင်းရှောင်ဂိုဏ်းက ရှန်းယွမ်ဂိုဏ်း၏ အမွေအနှစ်များကို လက်ခံရရှိထားသည်ဟု ခန့်မှန်းခဲ့ခြင်း ဖြစ်သည်။
အကယ်၍ လီချင်းချိုးသာ သက်စောင့်ထိန်းချုပ်ရေး အဆောင် အကြောင်း မသိပါက ပြဿနာ မရှိပေ၊ မည်သို့ ဖန်တီးရမည်ကို သင်ပေးနိုင်ပေလိမ့်မည်။
ဤသို့သော တွက်ချက်မှုများအားလုံး ရှိသော်လည်း လီချင်းချိုး ဤမျှ အစွမ်းထက်ပြီး ပြတ်သားလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။
ဤဂိုဏ်းငယ်လေးက ဝမ့်ယင်းဂိုဏ်းကို အနိုင်ယူနိုင်ပြီး ဇီယန်ကျွန်းကို တဖြည်းဖြည်း ချဲ့ထွင်နိုင်ကာ ဒေသခံ လူဆိုးဂိုဏ်းခေါင်းဆောင်သဖွယ် ဖြစ်နေသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။
ဒါက လူဆိုးဂိုဏ်းခေါင်းဆောင်ထက် ပိုနေပြီ၊ တကယ့်ကို အစွမ်းထက်တဲ့ နဂါးကြီး ဖြစ်နေတာပဲ!
ထျန်းရွှမ်ဇီ၏ရင်ထဲတွင် နောင်တများဖြင့် ပြည့်နှက်နေပြီး ယခုအခါ သူ မည်သို့ လွတ်မြောက်ရမည်ကိုသာ တွေးတောနေမိသည်။
"ဂိုဏ်းချုပ် လီ... စကားပြောကြည့်ကြရအောင်... ကျုပ် ချင်းရှောင်ဂိုဏ်းအပေါ် ဘာရန်ငြိုးမှ မရှိပါဘူး... လူသားဧကရာဇ် ခေါင်းလောင်းက အမှန်တကယ် ရှိပါတယ်... ပြီးတော့ ဒီအရာက ခင်ဗျားကို တကယ် ကူညီပေးနိုင်ပါတယ်... ဒါကို အခွင့်အရေး တစ်ခုလို ကမ်းလှမ်းခဲ့တာ မှားပေမဲ့ ရလဒ်ကတော့ ခင်ဗျားအတွက် ကောင်းမွန်ပါတယ်..." ဟု ထျန်းရွှမ်ဇီက အံကြိတ်၍ တစ်ကိုယ်လုံး တုန်ယင်စွာဖြင့် ဆိုလိုက်သည်။
သူသည် လီချင်းချိုးက ပို၍ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားကြောင်း ခံစားမိလိုက်ရာ သူ့ကို အရှုံးပေးလိုက်ရတော့သည်။
လီချင်းချိုးက အရှိန်အဝါကို ထိန်းချုပ်လိုက်သော်လည်း ဓမ္မနယ်မြေကို ရုပ်သိမ်းခြင်း မရှိသေးပေ။ ပတ်ဝန်းကျင် ပြောင်းလဲခြင်း မရှိသလို ထင်ရသော်လည်း အမှန်တကယ်တွင် သူတို့နှစ်ယောက် အခြား နေရာတစ်ခုသို့ ရောက်ရှိနေကြပြီး မည်သူမျှ သူတို့၏ စကားပြောဆိုမှုကို ခိုးနားထောင်နိုင်မည် မဟုတ်ချေ။
"မင်း ပိုင်ဆိုင်ထားသမျှ အရာအားလုံးကို လျော်ကြေးအဖြစ် ပေးအပ်လိုက်ပါ..." ဟု လီချင်းချိုးက ထျန်းရွှမ်ဇီကို စိုက်ကြည့်ရင်း တည်ငြိမ်စွာ ဆိုလိုက်သည်။
ထိုအခါ ထျန်းရွှမ်ဇီက သိုလှောင်အိတ်နှင့် လက်စွပ်ကို အလျင်အမြန် ချွတ်ယူ၍ မြေပြင်ပေါ်တွင် ချထားလိုက်သည်။
လီချင်းချိုးက လက်မြှောက်၍ အသက်ထိန်းချုပ်အဆောင် တစ်ခုကို ထုတ်ယူလိုက်၏။ ထျန်းရွှမ်ဇီက ထိုအဆောင်ကို သိရှိသွားသဖြင့် အမူအရာ အကြီးအကျယ် ပြောင်းလဲသွားတော့သည်။
………………
တင်းရွှမ်နှင့် အခြားသူများက လီချင်းချိုးကို ကျင့်ကြံရေးခန်းမ၏ အဝင်ဝအထိ လိုက်ပို့ပေးကြသည်။ဂိုဏ်းချုပ် ဤမျှ ရက်စက်ပြတ်သားလိမ့်မည်ဟု မထင်မှတ်ထားသဖြင့် ချမ်းသာကြွယ်ဝသော အလုပ်အပ်သူကို မကောင်းဆိုးဝါး ဖိနှိပ်ရေးမျှော်စင်၏ အောက်ခြေသို့ တိုက်ရိုက် ပို့လိုက်သည်ကို သူတို့ အံ့ဩစွာဖြင့် ကြည့်နေကြတော့သည်။
လူသားဧကရာဇ် ခေါင်းလောင်း တာဝန် ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း သတင်းက ထိုနေ့မှာပင် ပျံ့နှံ့သွားခဲ့ရာ ဂိုဏ်းသားများနှင့် ဘုရားဖူးများကြားတွင် ဆွေးနွေးစရာ ဖြစ်လာခဲ့၏။ အများစုက လီချင်းချိုးကို ယုံကြည်ကြသော်လည်း ထျန်းရွှမ်ဇီ၏ နောက်ခံနှင့် ရည်ရွယ်ချက်များကို တွေးမရ ဖြစ်နေကြသည်။
လင်းရှောင်ဝင်းသို့ ပြန်ရောက်ချိန်တွင် လီချင်းချိုးက စစ်နတ်ဘုရား ဓားတံဆိပ်ပြားကို ကိုင်တွယ်ကြည့်ရှုရင်း သွားသင့်၊ မသွားသင့် ချီတုံချတုံ ဖြစ်နေသည်။
ထျန်းရွှမ်ဇီ၏ အဆိုအရ စစ်နတ်ဘုရား နန်းတော်အတွင်းရှိ ရတနာများက တိုင်းတာ၍ မရနိုင်ပေ။ အရေးကြီးဆုံးမှာ စစ်နတ်ဘုရား နန်းတော်က ရှေးခေတ် လူသားမျိုးနွယ်တို့ လောကကြီးကို သိမ်းပိုက်စဉ်က အသုံးပြုခဲ့သော မှော်လက်နက်တစ်ခု ဖြစ်ခြင်းပင်။ ရှေးခေတ် လူသားမျိုးနွယ်တို့တွင် ဤကဲ့သို့သော နန်းတော်များစွာ ရှိခဲ့ဖူးသည်။
စစ်နတ်ဘုရား မြေအောက်နန်းတော်နှင့် လူသားဧကရာဇ် ခေါင်းလောင်းအပေါ် လီချင်းချိုး အလွန် စိတ်ဝင်စားနေသည်။
မှန်ပေသည်၊ သူသည် စစ်နတ်ဘုရား မြေအောက်နန်းတော်အတွင်းရှိ ကျင့်ကြံရေး အရင်းအမြစ်များကို ပို၍ပင် မျှော်လင့်နေမိသည်။
ဤနယ်မြေမှာ ရှေးဟောင်း သမိုင်းကြောင်း များစွာ ရှိပြီး စွမ်းအားကြီးမားသော အင်အားစုများ၏ အကြွင်းအကျန်များ မြေအောက်တွင် မြှုပ်နှံထားသည်။ ချင်းရှောင်ဂိုဏ်းတွင် ထိုင်ကျူး မြေအောက်နန်းတော်နှင့် မိစ္ဆာသခင် မသေမျိုးနန်းတော် အပါအဝင် များပြားလှသောရတနာများကို စုဆောင်းထားပြီး ဖြစ်သည်။ဤမြေအောက် နန်းတော်နှစ်ခုက ချင်းရှောင်ဂိုဏ်းကို အရင်းအမြစ်များ အဆက်မပြတ် ပံ့ပိုးပေးနေပြီး ၎င်းတို့အတွင်းရှိ အမွေအနှစ်များက ချင်းရှောင်ဂိုဏ်းကို ပိုမို ဝေးကွာသော နေရာများသို့ ရောက်ရှိစေရန် ကူညီပေးနေသည်။
ချင်းရှောင်ဂိုဏ်းတွင် ယခုအခါ ကျင့်ကြံရေး နည်းလမ်းများ၊ မှော်ပညာများနှင့် လျှို့ဝှက် ပညာရပ်အသစ်များကို နေ့စဉ် ဖန်တီးနေသည်။ ထိုင်ကျူး မြေအောက်နန်းတော်နှင့် မိစ္ဆာသခင် မသေမျိုးနန်းတော်တို့က ဤဖွံ့ဖြိုးတိုးတက်မှုတွင် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်နေသည်။
အကြိမ်ကြိမ် စဉ်းစားပြီးနောက် လီချင်းချိုး ကိုယ်တိုင် သွားရောက်ရန် ဆုံးဖြတ်လိုက်သည်။
သူ ကိုယ်တိုင် သွားမှသာ စိတ်အေးရမည် …
ဓမ္မနယ်မြေ အတွင်းတွင် ထျန်းရွှမ်ဇီ မုသားမပြောကြောင်း သူ ခံစားမိသည်။၊ စစ်နတ်ဘုရား နန်းတော်က အင်အားစုများစွာ၏ မျက်စိကျခြင်းကို ခံနေရပြီး ဝံပုလွေအုပ်ကြားထဲမှ အစာကို လုယူခြင်းမှာ လွယ်ကူသော ကိစ္စ မဟုတ်ပေ။
သူသည် ချင်းရှောင်ဂိုဏ်း၏ ခေါင်းဆောင်အဖြစ် မသွားနိုင်ချေ။
လီပိုင်ဆိုတဲ့ နာမည်ကိုပဲ သုံးရတော့မယ်…
…….,..........
လင်းလက်တောက်ပပြီး ကျယ်ဝန်းသော ခန်းမဆောင်အတွင်းတွင် ကျန်းကျောက်ရှား၊ ယန်ကျွယ်တိန်နှင့် ရွှီကျင်းတို့ ဦးဆောင်သော ချင်းရှောင်ဂိုဏ်းမှ ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာက ဧရာမ တိုင်လုံးကြီးတစ်ခု၏ ရှေ့တွင် တင်ပျဉ်ခွေ ထိုင်နေကြသည်။ မြေပြင်မှာ မညီမညာ ဖြစ်နေပြီး အသုံးအဆောင်များမှာ ရှေးကျနေသည်။
ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ အဝေးတွင် အခြား လူများလည်း ရှိနေကြပြီး ချင်းရှောင်ဂိုဏ်းမှ ကျင့်ကြံသူများကဲ့သို့ပင် မတူညီသော ကျောက်တိုင်များ၏ ရှေ့တွင် စုရုံးနေကြရာ တိတ်ဆိတ်မှုများဖြင့် ပြည့်နှက်နေသည်။ ယန်ကျွယ်တိန်က တိုင်လုံးကို မှီလျက် ပါးစပ်တွင် မြက်ပင်တစ်ချောင်းကို ကိုက်ထားကာ အဝေးသို့ ကြည့်၍…
"ဒီအစီအရင်ကို ဘယ်တော့ ပြန်စမယ်လို့ မင်းတို့ ထင်လဲ... ဒီအတိုင်း ဆက်စောင့်နေရင်တော့ ပြဿနာတွေ တက်လာတော့မယ်..."
ကျန်းကျောက်ရှားနှင့် ရွှယ်ကျင်းတို့က သူ့ရဲ့ ဘေးနှစ်ဖက်တွင် တင်ပျဉ်ခွေ ထိုင်နေသည်။ ထိုစကားကို ကြားသောအခါ ရွှယ်ကျင်းက မျက်လုံးမဖွင့်ဘဲ…
"ဘယ်သူ သိမှာလဲ... သူတို့ ပြောတာတော့ ဒီစစ်နတ်ဘုရား နန်းတော်က အစွမ်းထက်တဲ့ ဂိုဏ်းတွေကို ဆွဲဆောင်လိမ့်မယ်... ပြင်ပ အင်အားစုတွေက အစီအရင်ကို နှိုးဆွပေးနိုင်လိမ့်မယ်..."
ကျန်းကျောက်ရှားက စကားမပြောဘဲ ခွန်အားများကိုသာ ပြန်လည် ဖြည့်တင်းနေသည်။
သူ ပိတ်မိနေခဲ့သော လများအတွင်း ချင်းရှောင်ဂိုဏ်းအတွက် ငြိမ်းချမ်းမှုကို ရရှိစေရန် တိုက်ပွဲ အနည်းငယ် ဆင်နွှဲခဲ့ရသည်။
ယန်ကျွယ်တိန်က မော့ကြည့်လိုက်တော့ ပင်မခန်းမဆောင်၏ မျက်နှာကျက်မှာ ရှုပ်ထွေးပြီး နက်နဲသော ပုံစံများဖြင့် ဖွဲ့စည်းထားကာ ပုံရိပ်မျိုးစုံကို ပြသနေသော သံလိုက်အိမ်မြှောင်နှင့် ဆင်တူနေသည်။ ၎င်းထဲတွင် မြှုပ်နှံထားသော ဝိညာဉ်ကျောက်တုံးများက ကြယ်တာရာများသဖွယ် ဖြစ်နေသဖြင့် လူများကို ၎င်း၏ အလှတရားတွင် လမ်းပျောက်စေရန် လွယ်ကူစေသည်။
" ဒီစစ်နတ်ဘုရား နန်းတော်ကို ဘယ်သူ တည်ဆောက်ခဲ့တာလဲ... ရှေးခေတ် လူသားတွေက ကျောက်နံရံမှာ ဖော်ပြထားသလို တကယ်ပဲ အစွမ်းထက်ခဲ့တာလား..."
ယန်ကျွယ်တိန် တိုးတိုးလေး ရေရွတ်လိုက်သော်လည်း ပတ်ဝန်းကျင်ရှိ လူတိုင်းမှာ သူ့ကဲ့သို့ပင် ကိုးပြည်ထောင်နယ်မြေ၏ မြေရိုင်းများမှ လာကြသူများ ဖြစ်ကြသဖြင့် ဤလောက၏ အတိတ်အကြောင်းကို နည်းနည်းသာ သိရှိထားကြရာ မည်သူမျှ သူ့ရဲ့ သိချင်စိတ်ကို ဖြေရှင်းပေးနိုင်ခြင်း မရှိချေ။
"ကံကောင်းသူ" ကံကြမ္မာကို ပိုင်ဆိုင်ထားသော ပိုင်နင်းအာက သိုင်းဘိုးဘေးခန်းမသခင် ယန်တောက်ကျုံး၏ ဘေးတွင် တရားမှတ်နေသည်။
ပျင်းရိနေသော ပိုင်နင်းအာက ခေါင်းလှည့်ကြည့်လိုက်ရာ ယန်တောက်ကျုံးတယောက် မျက်မှောင်အနည်းငယ်ကြုတ်နေဆဲ ဖြစ်သည်ကို မြင်လိုက်ရသည်။
"အကြီးအကဲယန်... နောက်ပိုင်း ဘာတွေ တွေးနေတာလဲ..."
"ငါ ကျောက်နံရံထဲက လျှို့ဝှက် ပညာရပ်တစ်ခုကို နားလည်ခဲ့တယ်... ဒါပေမဲ့ ဒီပညာရပ်က အပြည့်အစုံ မဟုတ်ဘူး... ငါ အခုထိ စီစစ်နေတုန်းပဲ... အကယ်၍ ကျင့်ကြံလို့ ရရင်တော့ ကျမ်းစာခန်းမကို ပေးအပ်လိုက်မယ်..."
"ဒါက အကြီးအကဲရဲ့ ပိုင်ဆိုင်မှုပါ... ပေးအပ်စရာ မလိုပါဘူး... အကြီးအကဲက သိပ်ပြီး ရှေးရိုးစွဲဆန်ပြီး ပျင်းစရာကောင်းတာပဲ..." ဟု စိတ်ဆိုးမာန်ဆိုးဖြင့် ဆိုလိုက်သည်။
ယန်တောက်ကျုံးက ပိုင်နင်းအာ၏ စကားများကို လျစ်လျူရှု၍ မပြည့်စုံသော လျှို့ဝှက် ပညာရပ်ကိုသာ ဆက်လက် စဉ်းစားနေတော့သည်။
အခြား တစ်ဖက်တွင်….
စစ်နတ်ဘုရား နန်းတော်၏ အခြား ဥမင်လှိုဏ်ခေါင်းတစ်ခုတွင် လူရိပ် နှစ်ခု ရှေ့သို့ လျှောက်လှမ်းနေကြသည်။ ထိုသူတို့မှာ ထျန်းချင်းမသေမျိုးဂိုဏ်းမှ ကျိုးလင်ဟွမ်းနှင့် ဖန်းရွှမ်တို့ ဖြစ်ကြသည်။
အမျိုးသမီး နှစ်ဦး ဘေးချင်းယှဉ် လျှောက်လှမ်းနေကြပြီး မှိန်ဖျော့သော အလင်းရောင် အောက်တွင်ပင် နတ်သမီးများကဲ့သို့ တောက်ပနေသည်။
"ဘာလို့ တခြားသူတွေနဲ့ လမ်းခွဲလာခဲ့တာလဲ..."ဟု ဖန်းရွှမ်က ကျိုးလင်ဟွမ်းကို တစ်ချက်ကြည့်၍ မေးလိုက်သည်။
ကျိုးလင်ဟွမ်းက ရှေ့ကို ကြည့်၍ စိတ်ကူးယဉ်ဆန်စွာဖြင့် …
"စစ်နတ်ဘုရား နန်းတော် ပေါ်ထွက်လာမှုက ဆူညံမှု ကြီးမားစေတယ်... လီပိုင် ရောက်လာလိမ့်မယ်လို့ ငါ ခန့်မှန်းမိတယ်... ဒါပေမဲ့ သူသာ လူတွေ အများကြီးနဲ့ တွေ့ရင် ငါ့အနားကို မချဉ်းကပ်ဝံ့မှာစိုးရိမ်တာနဲ့ နင်နဲ့အတူ လမ်းခွဲပြီး သီးသန့် လုပ်ဆောင်ဖို့ ခေါ်လာတာပါ..."
ဖန်းရွှမ်က ခေါင်းခါ၍…
"နင် တကယ်ကို စွဲလမ်းနေတာပဲ... နင်ပြောတဲ့အတိုင်းဆို လီပိုင်ဆိုတာ လေလွင့်ကျင့်ကြံသူ တစ်ယောက်ပဲလေ... လေလွင့်ကျင့်ကြံသူတွေက ပြဿနာကို အမုန်းဆုံးဆိုတော့ သူ ဒီလို ကိစ္စမျိုးမှာ ပါဝင်လာမှာ မဟုတ်ဘူး..."
"မဖြစ်နိုင်တာ... သူက မောက်မာတတ်တယ်လို့ ငါ အမြဲ ခံစားနေရတယ်..."
ကျိုးလင်ဟွမ်းက ပြန်ဖြေလိုက်ရင်း လီပိုင်ကို တွေးမိချိန်တွင် သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်ထွက်လာသည်။
ဖန်းရွှမ်လည်း မေးခွန်းများ ထပ်မမေးတော့ပေ။ သူမက လီပိုင် သို့မဟုတ် စစ်နတ်ဘုရား နန်းတော်အပေါ် အထူးတလည် စိတ်ဝင်စားခြင်း မရှိဘဲ ကျိုးလင်ဟွမ်း၏ ဖိတ်ကြားချက်ကြောင့် လာခဲ့ခြင်း ဖြစ်သည်။
ထိုစဉ် ကျိုးလင်ဟွမ်းက တစ်ခုခုကို သတိရသွားပုံဖြင့်…
"ဒါနဲ့ လင်းရွှင်းဖုန်း ဆိုတဲ့ တပည့်အကြောင်းကော... သူ့အတွက် ဘာမှ မလုပ်ပေးတော့ဘူးလား... ယွမ်မိသားစုက တကယ်ကို ရွံဖို့ ကောင်းတယ်... အဲဒီကောင်မလေးကို အပ်ဖို့ ငါ ပြောခဲ့ပေမဲ့ သူတို့က သတ်ပစ်ရဲသေးတယ်... ပြီးတော့ ငါ့အဖေကလည်း တကယ်ကို အရည်အချင်း မရှိဘူး... ယွမ်မိသားစုအတွက် ပေးတဲ့ အပြစ်ပေးမှုက မထိရောက်ဘူး..."
ဖန်းရွှမ်က တည်ငြိမ်စွာဖြင့် ….
"သူက ထျန်းချင်းမသေမျိုးဂိုဏ်းကို သစ္စာဖောက်သွားပြီလေ... သူ့မှာ နစ်နာမှုတွေ ရှိနေရင်တောင် အဲဒါက သူ့ရဲ့ ဆုံးဖြတ်ချက်ပဲ... ငါ သူ့နောက်ကို လိုက်ဖမ်းရမယ်လို့ နင် မျှော်လင့်နေတာလား... ယွမ်မိသားစု အတွက် ပြောရရင် အစွမ်းထက်တဲ့ မျိုးနွယ်စုနဲ့ ပါရမီ သာမန်လောက်ပဲ ရှိတဲ့ ကောင်မလေး တစ်ယောက်ကြားမှာ ရွေးချယ်ရရင် အဲဒါက ကောင်းတဲ့ ရွေးချယ်မှုပါ... ဂိုဏ်းချုပ် လုပ်တာ မှန်တယ်လို့ ငါ ထင်တယ်..."
ဤစကားများကို ကြားသောအခါ ကျိုးလင်ဟွမ်းက မျက်မှောင် ကြုတ်လိုက်သည်။
ဤသို့သော စကားများက သူမအတွက် နားထောင်ရခက်နေစေသည်။
"လူတစ်ယောက်ရဲ့ အသက်ဆိုတာ လူထောင်သောင်းရဲ့ အသက်နဲ့ ယှဉ်ရင် တရားမျှတမှု မရှိဘူး ဆိုတာတော့ ဟုတ်တာပေါ့..." ဟု ကျိုးလင်ဟွမ်းက လှောင်ပြောင်သည့် လေသံဖြင့် ဆိုလိုက်သည်။
"ငါ နင့်ကို အကြံပေးချင်တယ်... နင့်အဖေနဲ့ ဘယ်တော့မှ မဆန့်ကျင်ပါနဲ့... ထျန်းချင်းမသေမျိုးဂိုဏ်းက အစွမ်းထက်တယ်ဆိုပေမဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက် တစ်ခုခုကြောင့် ပျက်စီးသွားနိုင်တယ်... နင့်အဖေကို နားလည်ပေးပါ... သူ အမှားတွေ လုပ်ခဲ့ကောင်း လုပ်ခဲ့လိမ့်မယ်... ဒါပေမဲ့ ထျန်းချင်းမသေမျိုးဂိုဏ်း အတွက်ဆိုရင် သူက ရှားပါးပြီး ကောင်းမွန်တဲ့ ဂိုဏ်းချုပ် တစ်ယောက်ပါ..."
ဖန်းရွှမ်၏ စကားများက ကျိုးလင်ဟွမ်းကို မလှုပ်ရှားနိုင်စေခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ပို၍ပင် စိတ်မရှည် ဖြစ်လာတော့သည်။
"နင့်အတွက်တော့ ဟုတ်မှာပေါ့... ဒါပေမဲ့ မတရားခံရတဲ့ တပည့်တွေအတွက်တော့ သူက အဆိုးဆုံး လူဆိုးပဲ... ဒါ့အပြင် သူက ခင်ပွန်း တစ်ယောက်နဲ့ ဖခင် တစ်ယောက်အနေနဲ့လည်း တာဝန်ကျေပွန်ခြင်း မရှိခဲ့ဘူး... နင်က သူ့ရဲ့ ကောင်းမွန်တဲ့ အရည်အချင်းတွေကို အသိအမှတ်ပြုနိုင်ပေမဲ့ ငါကတော့ သူ့ကို ရွံမုန်းပိုင်ခွင့် ရှိတယ်..."
ကျိုးလင်ဟွမ်း ဒေါသထွက်လာသဖြင့် ဖန်းရွှမ် စကားမပြောမီ သူမက အကြောင်းအရာကို ပြောင်းလဲ၍….
"ဒီတစ်ခါ အစွမ်းထက်တဲ့ ပါရမီရှင်တွေ အများကြီး လာတယ်လို့ ကြားတယ်... ဟုတ်လား..." ဟု မေးလိုက်သည်။
ဖန်းရွှမ်က ခေါင်းညိတ်၍…
"ဟုတ်တယ်... စစ်နတ်ဘုရား နန်းတော်က အလွန် အရေးကြီးပြီး ဂိုဏ်းတွေ အများကြီးက စောင့်ကြည့်နေကြတာ... မသေမျိုးဂိုဏ်းက တာဝန်ယူထားပြီး သဟဇာတ မဖြစ်တာမျိုးကို မလိုလားဘူး... အဲဒါကြောင့် လာတဲ့သူ အားလုံးက လူငယ် ပါရမီရှင်တွေပဲ... ဂိုဏ်းငယ်လေးတွေက အသက်ကြီးတဲ့ ကျင့်ကြံသူတွေလည်း ရောက်လာကြတယ်... ပြောရရင် ဒီခရီးက လွယ်မှာ မဟုတ်ဘူး... နင် တွေးနေတဲ့ လီပိုင် တကယ်လာရင် ပြဿနာ ရှာနေတာနဲ့ အတူတူပဲ..."
ဤစကားကို ကြားသောအခါ ကျိုးလင်ဟွမ်းက မျက်လုံးများ ပြူးကျယ်သွားပြီး….
"မဖြစ်နိုင်တာ... အဲဒီ နတ်ဆိုး အိုကြီးတွေသာ မပေါ်လာရင် လီပိုင်ကို ဘယ်သူမှ မနိုင်နိုင်ဘူး... ဓားမိစ္ဆာတောင်မှ မနိုင်နိုင်ဘူး..."
"ဓားမိစ္ဆာက အစွမ်းထက်တယ် ဆိုပေမဲ့ မိုးပြာနဂါးနယ်မြေမှာ ဓားမိစ္ဆာထက် ပိုအစွမ်းထက်တဲ့ ကောင်းကင်နေမင်းနယ်ပယ် ကျင့်ကြံသူတွေ ရှိတယ်... ဒါ့အပြင် ဒီခရီးမှာ ပိုမြင့်မားတဲ့ အဆင့်ရှိတဲ့ ပါရမီရှင်တွေနဲ့လည်း တွေ့နိုင်တယ်..."