အခန်း ၃၈၇
Vol. 39 Ch. 387
အခန်း (၃၈၇) အင်မော်တယ်နှင့် သေမျိုးလူသားတို့၏ကွာခြားမှု……
လီချင်းချိုးက ကလေးမလေး၏ ဆက်ဆံရေးအကြောင်း စုံစမ်းလိုက်ခြင်းမှာ အကြိမ်တစ်သောင်း ဥပဒေသ ဝိညာဉ်မျက်လုံးက ကလေးမလေး၏ လမ်းကြောင်းများကို ထွင်းဖောက် မြင်တွေ့နေရပြီး ထိုခံစားချက်က ကျိယာကို မြင်တွေ့ရသည်နှင့် ဆင်တူနေသောကြောင့်ပင်။
တစ်နည်းအားဖြင့်ဆိုရလျှင် ဤကလေးမလေးက ထူးခြားသော ခန္ဓာကိုယ်မျိုးဆက်ကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။
သို့သော်လည်း ထိုကလေးမတွင် အသက်စွမ်းအင် မရှိကြောင်း သတိပြုမိလိုက်သဖြင့် တွေးတောမှုအချို့ကို ဖြစ်ပေါ်စေခဲ့သည်။
လီချင်းချိုး၏ မေးခွန်းကို ကြားသောအခါ ဝေကျင်းက နှာမှုတ်၍ "မင်းနဲ့ ဘာဆိုင်လို့လဲ..." ဟု ခပ်ဆတ်ဆတ်တုံ့ပြန်လိုက်သည်။
လီချင်းချိုးက…
"ငါ လမ်းမဖယ်ပေးရင် မင်း ငါ့ကို တိုက်ခိုက်တော့မှာလား..." ဟု ပြန်ပြောလိုက်သည်။
"မင်း သေချင်တာ မဟုတ်ဘူးဆိုရင်တော့ လမ်းဖယ်ပေးလိုက်..."ဟု ဝေကျင်းက စိတ်မရှည်စွာဖြင့် ဆိုလိုက်သည်။
အကယ်၍ သမီးဖြစ်သူသာ အနားတွင် မရှိခဲ့ပါက လီချင်းချိုးကို အခုပင် သတ်ပစ်လိုက်ပြီး ဖြစ်ပေလိမ့်မည်။
သူသည် ပေါ့ပေါ့ဆဆ နေထိုင်နေပုံ ပေါ်သော်လည်း တကယ်တမ်းတွင် သမီးရှေ့တွင် ပုံရိပ်ကောင်းရန် အလွန် အလေးထားနေသူ ဖြစ်သည်။
ဝေကျင်း၏ မောက်မာသော သဘောထားကြောင့် ဝေ့ရုံ အဆင်မပြေ ဖြစ်သွားပြီး မသိစိတ်ကြောင့် ဖခင်၏ လက်ကို လွှတ်ချလိုက်သည်။
လီချင်းချိုးက မျက်နှာဖုံးအောက်ကနေ အေးစက်သော အကြည့်ဖြင့်ကြည့်နေရင်း…
"ကောင်းပြီ... အခြေအနေတွေက ဒီလောက်ထိ ဖြစ်လာမှတော့ မင်း သေသွားလိုက်တော့..."
ဤစကားကို ကြားသောအခါ ဝေကျင်း မျက်မှောင် ကြုတ်လိုက်သည်။ သူ စကားပြောရန် ပြင်လိုက်ချိန်တွင် လီချင်းချိုးမ လေထဲမှ ပေါ်ထွက်လာပြီး သူ့ရှေ့တွင် ရပ်နေချေပြီ။
ဝုန်းးးး
ဝေကျင်း ကျည်ဆန်တစ်ခုကဲ့သို့ လွင့်စင်သွားပြီး တောင်တန်းများကို ဖြတ်ကျော်၍ လဲပြိုသွားသည်။ ရုတ်တရက် ဖြစ်ပျက်သွားသော အဖြစ်အပျက်က ဝေ့ရုံကို ထိတ်လန့်သွားစေသဖြင့် သူမ မြေပြင်ပေါ်သို့ လဲကျသွားသည်။
တိုက်ခိုက်မှု၏ စွမ်းအားများက ကြောက်မက်ဖွယ်ကောင်းလှပြီး တောင်တန်းများကိုပင် တုန်ခါသွားစေသည်။ ဝေ့ရုံ၏ ပါးပြင်တွင် ဒဏ်ရာအချို့ ပေါ်ထွက်လာပြီး သွေးများ လျင်မြန်စွာ စိမ့်ထွက်လာသည်။
သူမ မြေပြင်ပေါ်တွင် ထိုင်လျက် လီချင်းချိုးကို ထိတ်လန့်စွာဖြင့် ငေးကြည့်နေရှာသည်။ ဖခင်ဖြစ်သူနှင့် အချိန်အကြာကြီး မနေခဲ့ရသော်လည်း ဖခင်ဖြစ်သူက အစွမ်းထက်ဆုံးသူ ဖြစ်မည်ဟု ထင်မြင်ထားခဲ့သည်။ ထို့ကြောင့် မည်သူကမျှ ဖခင်ဖြစ်သူကို တစ်ချက်တည်းဖြင့် ပြင်းထန်စွာ ဒဏ်ရာရစေနိုင်မည်ဟု သူမ စိတ်ကူးမယဉ်ခဲ့မိချေ။
ဘာတွေ ဖြစ်သွားမှန်း သူမ သေချာ မမြင်လိုက်ရသော်လည်း ထိုဖြစ်စဉ်က သူမကို တကယ်ပင် ထိတ်လန့်သွားစေသည်။
လီချင်းချိုးက ဝေ့ရုံကို တစ်ချက် ကြည့်လိုက်ပြီး… "မင်း သူ့အကြောင်းကို သေချာ သိပုံမရဘူးနော်..." ဟု မေးလိုက်သည်။
သူသည် ဝေ့ရုံက ဝေကျင်း၏ လက်ကို လွှတ်ချလိုက်သည်ကို သတိပြုမိသွားသဖြင့် ထိုမေးခွန်းကို မေးလိုက်ခြင်း ဖြစ်သည်။
လီချင်းချိုးက ရက်စက်သူ ဖြစ်သော်လည်း အပြစ်မဲ့သော ကလေးတစ်ဦးကို ထိခိုက်စေရန် မလုပ်ဆောင်နိုင်ခဲ့ချေ။
မှန်ပေသည်၊ အကယ်၍ တစ်ဖက်လူက ချင်းရှောင်ဂိုဏ်းအတွက် ခြိမ်းခြောက်မှု တစ်ခု ဖြစ်လာမည်ဆိုပါက ကရုဏာ သက်နေမည် မဟုတ်ပေ။
ဝေ့ရုံက လီချင်းချိုးကို ပြန်မဖြေဘဲ ခါးမှ ဓားမြှောင်တစ်လက်ကို ဆွဲထုတ်၍ လီချင်းချိုးကို ချိန်ရွယ်လိုက်သည်။ ဤဓားမြှောင်က သူမ၏ ဖခင် ပေးထားသော ဓားမြှောင် ဖြစ်သည်။
အသက်ငါးနှစ်အရွယ် ကလေးမလေးက ဓားကိုင်၍ သူ့ကို တိုက်ခိုက်ရန် ပြင်ဆင်နေသည်ကို မြင်သောအခါ လီချင်းချိုး အံ့ဩသွားပြီး ရွှီနင်းကို ပြန်လည် သတိရသွားသည်။
ရွှီနင်းသည်လည်း ကလေးဘဝက ဤမျှ ခေါင်းမာသူ ဖြစ်ခဲ့သည်။
ကွာခြားချက်မှာ လီချင်းချိုးက ဝေ့ရုံ၏ ရှေ့တွင် လုံးဝ စွမ်းအားကြီးမားသော ပုံစံကို ပြသထားသော်လည်း သူမက ဓားကိုပင် ဆွဲထုတ်ရဲနေခြင်း ဖြစ်သည်။ ဤကဲ့သို့ ရဲရင့်မှုမျိုးက ကမ္ဘာပေါ်ရှိ ယောကျ်ားအများစုတွင်ပင် ရှားပါးလှပေသည်။
လီချင်းချိုးမှာ ဝေ့ရုံကို သဘောကျသွားပြီး ….
"မင်း ငါ့ကို တကယ်ပဲ တိုက်ခိုက်ချင်တာလား... သူက မင်းကို ဂရုစိုက်မှာ မဟုတ်ဘူး... မဟုတ်ရင် မင်း ကျင့်ကြံခြင်း မစတင်ခင်ကတည်းက ဒီနေရာကို ခေါ်လာမှာ မဟုတ်ဘူး..."
ဝေ့ရုံက စကားတစ်ခွန်းမျှ မပြောဘဲ သူ့ကိုသာ စူးစိုက်ကြည့်နေခဲ့သည်။
လီချင်းချိုးက ခေါင်းခါ၍ ရယ်မောလိုက်ပြီးနောက် လှည့်၍ ခုန်ချသွားကာ တပည့်နှစ်ယောက်ကို စောင့်ဆိုင်းရန် ဂူအပေါက်ဝသို့ ပြန်သွားလိုက်သည်။
ဝေ့ရုံက ချောက်ကမ်းပါး အစွန်းသို့ အလျင်အမြန် ပြေးသွားပြီး အောက်ဘက်သို့ ငေးကြည့်လိုက်သည်။ ပေအနည်းငယ် မြင့်မားသော နေရာမှ ခုန်ချရန် သူမအတွက် မဖြစ်နိုင်ပေ။
ထို့ကြောင့် လီချင်းချိုးကိုသာ ကြည့်ရင်း ဘာလုပ်ရမှန်း မသိ ဖြစ်နေရှာသည်။ တစ်ခဏမျှ ချီတုံချတုံ ဖြစ်သွားပြီးနောက် တဖက်လှည့်၍ ဖခင်ဖြစ်သူကို ရှာဖွေရန် ပြေးသွားတော့သည်။
ယွမ်လီနှင့် ယင်ကျင်းရှင်းတို့ တောင်တက်နေချိန်တွင် သူမလည်း ဆက်လက် တောင်တက်နေခဲ့သည်။
လက်ရှိချိန်တွင် လီချင်းချိုးက ဓားကို စီး၍ ပျံသန်းနေပြီး တပည့် နှစ်ဦးလည်း အနီးကပ် လိုက်ပါသွားကြသည်။
ယင်ကျင်းရှင်းက ဘာတွေ ဖြစ်ပျက်သွားသည်ကို မေးရန် ပြင်လိုက်ချိန်တွင် အကြည့်များက တောင်တက်နေသော ဝေ့ရုံထံသို့ ရောက်ရှိသွားသည်။ အသက်ငါးနှစ်အရွယ် ကလေးမလေး တောင်တက်နေသည်မှာ မြင်ရခဲသော မြင်ကွင်းတစ်ခု ဖြစ်သည်။
"ဆရာ... အဲဒီ ကလေး..."
ယင်ကျင်းရှင်းက ဝေ့ရုံကို လက်ညှိုးထိုး၍ မေးလိုက်သည်။
လီချင်းချိုး သိပ်ပြီး မြန်မြန် မပျံသန်းဘဲ ဝေ့ရုံကို တစ်ချက် ကြည့်လိုက်ပြီး… "သူက ခုနက ငါ့ကို သတ်ဖို့ ကြိုးစားခဲ့တာ..." ဟု ဆိုလိုက်သည်။
ဤစကားကို ကြားသောအခါ ဝေ့ရုံအပေါ် ယင်ကျင်းရှင်း၏ သနားညှာတာမှုများ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။ သူက ဝေ့ရုံကို ပြင်းထန်စွာ စိုက်ကြည့်လိုက်ပြီး ဆရာဖြစ်သူနှင့်အတူ ထွက်ခွာသွားလေသည်။
ဝေ့ရုံ တောင်တက်နေစဉ် ခေါင်းလှည့်ကြည့်လိုက်တော့ လီချင်းချိုးတို့ သုံးဦး ထွက်ခွာသွားသည်ကို မြင်လိုက်ရပြီး သူမ၏ ရင်ထဲတွင် ရှုပ်ထွေးသော ခံစားချက်များဖြင့် ပြည့်နှက်နေသည်။
ဤအခိုက်အတန့်တွင် မသေမျိုးများနှင့် သာမန်လူများကြားက ကွာခြားချက်ကို အမှန်တကယ် နားလည်သွားတော့သည်။
သူမက အခုအချိန်မှာ ကျင့်ကြံသူတွေကြားက ပုရွက်ဆိတ်တွေ၊ အင်းဆက်တွေနဲ့ ဘာများ ထူးခြားနေလို့လဲ….
အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် ဖခင်ကို ဆက်လက် ရှာဖွေနေခဲ့သည်။
လီချင်းချိုးက ပေါ့ပေါ့ပါးပါး ထိုးနှက်ချက် တစ်ခုကို အသုံးပြုခဲ့သော်လည်း သူမခင်မျာ တောင်တန်းများစွာကို ဖြတ်ကျော်ရန် နှစ်နာရီကြာအောင် အချိန်ယူခဲ့ရပြီးနောက် နောက်ဆုံးတွင် မောပန်းနွမ်းနယ်နေသော ဖခင်ကို ရှာတွေ့သွားခဲ့သည်။
ဝေကျင်းက ပြိုကျနေသော တောင်နံရံရှေ့တွင် လဲလျောင်းနေပြီး အက်ကြောင်းများဖြင့် ပြည့်နှက်နေသည်။ သူသည် သွေးများဖြင့် ရွှဲနစ်နေပြီး ခြေလက်များ ကျိုးပဲ့နေကာ ကျော့ရှင်းသပ်ရပ်မှုများ ပျောက်ဆုံးသွားပြီး ဆံပင်များလည်း ဖရိုဖရဲ ဖြစ်နေသည်။
ဖခင်ဖြစ်သူ၏ အဖြစ်ဆိုးကို မြင်သောအခါ ဝေ့ရုံ၏ မျက်နှာထား အကြီးအကျယ် ပြောင်းလဲသွားပြီး တုန်ယင်စွာဖြင့် ဖခင်အနားသို့ ချဉ်းကပ်သွားခဲ့သည်။
"ငါ့ကို မထိနဲ့... ငါ မသေသေးဘူး..."
ဝေကျင်း ရုတ်တရက် စကားပြောလိုက်သဖြင့် ဝေ့ရုံ ထိတ်လန့်သွားပြီး ရပ်တန့်သွားသည်။
တစ်ခဏမျှ အံ့ဩသွားပြီးနောက် စိတ်ထဲတွင် ဝမ်းသာမှု တစ်ခု ဖြစ်ပေါ်လာသည်။ထို့နောက် နှစ်လှမ်း နောက်သို့ ဆုတ်လိုက်ပြီး မြေပြင်ပေါ်သို့ လဲကျသွားကာ ဖခင်ဖြစ်သူကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်နေခဲ့သည်။
အတူရှိနရတာ အချိန်အနည်းငယ်ပဲ ရှိသေးပေမဲ့ ဖခင်အတွက်ဆိုရင် ငါ့အသက်ကိုတောင် စွန့်ဖို့ ဝန်မလေးဘူး….
စိတ်တည်ငြိမ်သွားပြီးနောက် လီချင်းချိုး၏ စကားများကို ပြန်တွေးမိပြန်သည်၊ သူမ၏ ဖခင်က သူမကို အမှန်တကယ် ဂရုစိုက်ခြင်း မရှိပေ။
………,...........
စစ်နတ်ဘုရား နန်းတော်သည် မြေအောက်တွင် တည်ရှိပြီး နေ့နှင့်ည ခွဲခြား၍ မရနိုင်ဘဲ အမြဲတမ်း မှောင်မိုက်နေသည်။
ချောက်ကမ်းပါးပေါ်တွင် ရပ်လျက် လီချင်းချိုးက ယွမ်လီနှင့် ယင်ကျင်းရှင်းတို့ ဂိုဏ်းပေါင်းစုံမှ လူရာနှင့်ချီကို တိုက်ခိုက်နေသည်ကို စောင့်ကြည့်နေခဲ့သည်။
ယင်ကျင်းရှင်း၏ ရိုင်းစိုင်းသော ရယ်မောသံကို ကြားသောအခါ အနည်းငယ် နောင်တရမိသည်။
လူရာနှင့်ချီ၍ ဤနှစ်ဦးကို တိုက်ခိုက်နေလျှင်ပင် သူတို့ကို အန္တရာယ် ဖြစ်စေနိုင်သည့် အခြေအနေသို့ ရောက်အောင် မလုပ်နိုင်ခဲ့ချေ။
ယင်ကျင်းရှင်းသည် အသက် ဆယ်နှစ်သာ ရှိသေးသော်လည်း ယန်စွမ်းအား မီးလျှံများကို အပြည့်အဝ ထုတ်သုံးလိုက်ပါက မည်သည့် မှော်ပညာမျှ သူ့ကို မထိခိုက်နိုင်ပေ။ သူ့အနေနှင့် ရန်သူနှင့် ထိတွေ့ရန်ပင် မလိုဘဲ အနီးသို့ ချဉ်းကပ်ရုံမျှဖြင့် ဒဏ်ရာရစေနိုင်သည်။
ယန်စွမ်းအား မီးလျှံများကို အမှီပြု၍ ယင်ကျင်းရှင်းက ယွမ်လီထက်ပင် ပိုမို ကြောက်မက်ဖွယ်ကောင်းနေသည်။
ယွမ်လီ၏ လက်သီးချက်များနှင့် ခြေကန်ချက်များက ကြောက်မက်ဖွယ်ကောင်းသော်လည်း အနီးကပ် တိုက်ခိုက်ရာတွင် ရှောင်တိမ်းနိုင်သည်။ သို့သော်လည်း ယန်စွမ်းအား မီးလျှံကတော့ ကွဲပြားသည်။ မီးလျှံ ပိုမို ပြင်းထန်လေလေ၊ လောင်ကျွမ်းနိုင်သော နယ်ပယ် ပိုမို ကျယ်ပြန့်လေလေပင်။
"ဒီမိစ္ဆာသန္ဓေသားက ဘယ်က လာတာလဲ... သူက လူသားလား၊ မိစ္ဆာလား..."
"သူ့ရဲ့ မီးလျှံတွေကို သတိထား... တစ်ခါထိမိသွားရင် ရေနဲ့ လောင်းပြီး မငြိမ်းသတ်နိုင်ဘူး..."
"သောက်ကျိုးနည်း... ဒီလို ဆက်တိုက်နေလို့ မရဘူး... သူတို့ ပင်ပန်းတဲ့ အရိပ်အယောင် မရှိဘူး..."
"မီးမသုံးတဲ့ကောင်ကို အရင် တိုက်!"
"မဟုတ်ဘူး... ဒီလူက မီးသုံးတဲ့ ကလေးထက် ပိုအန္တရာယ်များတယ်..."
ယွမ်လီနှင့် ယင်ကျင်းရှင်းတို့ ပိုမို ပြင်းထန်စွာ တိုက်ခိုက်နေကြသဖြင့် ရန်သူတို့၏ စိတ်ဓာတ်များ ကျဆင်းသွားပြီး တိုက်ပွဲပုံစံကိုပင် မထိန်းသိမ်းနိုင်တော့ချေ။
ဤမြင်ကွင်းကို ကြည့်ရင်း လီချင်းချိုးလည်း တိုက်ပွဲမှာ မကြာမီ ပြီးဆုံးတော့မည် ဖြစ်ကြောင်း သိရှိလိုက်သည်။
သူတို့နှစ်ဦးကို အန္တရာယ် ရှိသည့် အခြေအနေမျိုး ကြုံတွေ့စေရန် မလုပ်ဆောင်နိုင်သော်လည်း တိုက်ပွဲမှတစ်ဆင့် တိုးတက်လာကြောင်း ခံစားမိသည်။
ရှေးဟောင်း သန့်စင်သော ခန္ဓာကိုယ်များက ထူးခြားလှပြီး သူတို့၏ တိုက်ခိုက်ရေး နားလည်နိုင်စွမ်းကလည်း သာမန်လူတို့နှင့် မယှဉ်နိုင်ချေ။
"သူတို့ကို ကောင်းကင်နေမင်းနယ်ပယ်နဲ့ ရင်ဆိုင်ခိုင်းသင့်လား..."
လီချင်းချိုး ရုတ်တရက် စိတ်ကူးတစ်ခု ရလာသော်လည်း မသင့်တော်သလို ခံစားမိလိုက်သည်။ သူ အနားမှာ ရှိနေမှန်း သိထားလျှင် ယွမ်လီတို့နှစ်ယောက် မည်သို့မျှ စိတ်ဓာတ်ကျမည် မဟုတ်ပေ။
ကောင်းပြီ၊ လူသားဧကရာဇ် ခေါင်းလောင်းကိုပဲ အရင် ရှာကြစို့….
ယွမ်လီနှင့် ယင်ကျင်းရှင်းတို့ တည်ငြိမ်စွာ ကြီးထွားလာပါက ဂိုဏ်း၏ အထောက်အပံ့ ဖြစ်လာနိုင်သဖြင့် အလျင်စလို လုပ်ရန် မလိုပေ။
အမွှေးတိုင် တစ်တိုင်စာ အချိန်ကြာပြီးနောက် ယွမ်လီတို့ကို ဝန်းရံ တိုက်ခိုက်နေသော ကျင့်ကြံသူများ ထွက်ပြေးသွားကြပြီ ဖြစ်သည်။ လီချင်းချိုးက သူတို့ကို မလိုက်ရန် ပြောလိုက်သဖြင့် စစ်မြေပြင်ကို လုယူရန်သာ ပြင်ဆင်လိုက်ကြသည်။
ဤဂိုဏ်းက လီချင်းချိုးတို့အဖွဲ့ကို ပြဿနာ ရှာရန် တက်ကြွစွာ ကြိုးစားခဲ့သူများ ဖြစ်သဖြင့် သေဆုံးသူ အရေအတွက် မည်မျှပင် များပြားစေကာမူ သူတို့မှာ အပြစ်ရှိသည်ဟု မခံစားခဲ့ရပေ။
ဤသည်မှာ ယင်ကျင်းရှင်း ပထမဆုံးအကြိမ် လူသတ်ခြင်း ဖြစ်ပြီး အဆင်မပြေ ဖြစ်ခြင်း မရှိဘဲ ပျော်ရွှင်နေသည်။
ဤသည်ကလည်း လီချင်းချိုး၏ စိတ်ကူးလွဲမှားခြင်း ဖြစ်နိုင်သည်၊ ယင်ကျင်းရှင်းက စိတ်ပိုင်းဆိုင်ရာ သာမက ကိုယ်ရည်ကိုယ်သွေးတွင်ပါ ပိုမို စိတ်လှုပ်ရှားလာပုံ ရသည်။
ယွမ်လီတို့ကိုလည်း သိုလှောင်အိတ် အပိုများစွာကို ယူဆောင်လာရန် ညွှန်ကြားထားသဖြင့် ရတနာများကို ယွမ်လီတို့ကိုသာ အရင် သယ်ဆောင်ခိုင်းလိုက်သည်။ သူ့ရဲ့ကိုယ်ပိုင် သိုလှောင်အိတ်များကို ပိုမို အဖိုးတန်သော ရတနာများအတွက် ချန်ထားလိုပြီး ထိုရတနာသိုက်များကိုလည်း သူ ရှာဖွေတွေ့ရှိပြီး ဖြစ်သည်။
ဝုန်းးးးး
ထိုစဉ် မြေပြင် ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားသည်။ လီချင်းချိုး မော့ကြည့်လိုက်တော့ စွမ်းအားကြီးမားသော ဝိညာဉ်ချီများ ထွက်ပေါ်နေသည့် နန်းတော်တစ်ခုကို တွေ့လိုက်ရပြီး ကျင့်ကြံသူ များစွာကို ဆွဲဆောင်နေသည်။
"မြန်မြန်လုပ်... ရတနာကို လုယူရမယ်!"
လီချင်းချိုး တိုက်တွန်းလိုက်သည်နှင့် ဤစကားကို ကြားသောအခါ ယွမ်လီတို့တွေ ခြေလှမ်းများကို အရှိန်မြှင့်လိုက်ကြသည်။
ကောင်းကင်နေမင်းနယ်ပယ် အစွမ်းထက် ကျင့်ကြံသူ များစွာကို မြင်တွေ့လိုက်ရပြီး သူတို့၏ အရှိန်အဝါများက ဓားမိစ္ဆာအောက် မလျော့နည်းဘဲ နန်းတော်ဆီသို့ ပျံသန်းသွားနေကြသည်။
တိုက်ပွဲကြီး တစ်ခု ဖြစ်တော့မယ်ထင်တယ်!
မကြာမီ ယွမ်လီတို့လည်း ပစ္စည်းများကို သိမ်းဆည်းပြီး လီချင်းချိုးနှင့်အတူ နန်းတော်သို့ လိုက်ပါသွားကြသည်။