အခန်း ၃၈၈
Vol. 39 Ch. 388
အခန်း ( ၃၈၈ ) ကောင်းကင်စက်ကွင်းကို ဖိနှိပ်ခြင်း၊ စစ်နတ်ဘုရား၏ လက်မောင်း
ဗုန်း!
ဧရာမ နန်းတော်တံခါးကြီး ပေါက်ကွဲထွက်သွားပြီး ကျူထျန်းဂိုဏ်းမှ ဖန်းပိုမိုက ယွဲ့လုံယန်ခြင်္သေ့ကို စီးနင်း၍ ဝင်ရောက်လာသည်။ ခြင်္သေ့၏ ဟိန်းဟောက်သံက နန်းတော်တစ်ခုလုံးကို တုန်လှုပ်သွားစေသည်။
ယခုချိန်တွင် ဖန်းပိုမို၏ ဝတ်ရုံက အနည်းငယ် စုတ်ပြဲနေပြီး မကြာသေးမီက တိုက်ပွဲများစွာကို ရင်ဆိုင်ခဲ့ရကြောင်း သိသာလှသည်။
သူ့အကြည့်က ပင်မခန်းမဆောင်၏ အလယ်ဗဟိုရှိ ဝိညာဉ်ရေကန်တစ်ခုပေါ်သို့ ကျရောက်သွားသည်။ ဝိညာဉ်ရေကန်၏ အလယ်တွင် စက်ဝိုင်းပုံ စင်မြင့်တခုရှိပြီး ထိုနေရာမှ ရွှေရောင်အလင်းတိုင်တစ်ခု ထွက်ပေါ်နေသည်။
ထိုအလင်းတိုင်အတွင်း၌ ရွှေရောင်နဂါးငယ်များ ရစ်ပတ်နေသော နက်မှောင်သည့် ရွှေရောင် လက်မောင်း အကာအကွယ်တစ်ခု လွင့်မျောနေသည်။
"ဒါက ဒဏ္ဍာရီလာ ကျန်းထျန်းကျီ များလား..."
ဖန်းပိုမို၏ မျက်လုံးများ အရောင်လက်သွားပြီး ချက်ချင်းပင် ခြေဖြင့် နင်း၍ ယွဲ့လုံယန်ခြင်္သေ့ကို ရှေ့သို့ ပျံသန်းရန် အချက်ပေးလိုက်သည်။
ယွဲ့လုံယန်ခြင်္သေ့ ခုန်တက်လိုက်သည်နှင့်တစ်ပြိုင်နက် ဖန်းပိုမို ခေါင်းလှည့်ကြည့်လိုက်တော့ အစွမ်းထက် အရှိန်အဝါတစ်ခု လျင်မြန်စွာ ချဉ်းကပ်လာသည်ကို ခံစားလိုက်ရသည်။
ထိုအခါ ဖန်းပိုမိုက မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး ခြင်္သေ့ခေါင်းထိပ်မှ ပျောက်ကွယ်သွားကာ ရွှေရောင် အလင်းတိုင်၏ ရှေ့သို့ ရောက်ရှိလာသည်။ သူသည် အလင်းတိုင်ကို ဖမ်းဆုပ်ရန် လက်ကို ဆန့်ထုတ်လိုက်သော်လည်း လက်ချောင်းများနှင့် ထိမိသည်နှင့်တစ်ပြိုင်နက် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသဖြင့် လက်ကို အလိုလို ပြန်ရုပ်သိမ်းလိုက်ရသည်။
သူ အောက်သို့ ငုံ့ကြည့်လိုက်တော့ လက်ချောင်း အရေပြားများလောင်ကျွမ်းသွားပြီး သွေးများ ပန်းထွက်နေကာ အရိုးများပင် ပေါ်နေသည်ကို တွေ့လိုက်ရသည်။
ထိုအချိန်တွင်………
ယွဲ့လုံယန်ခြင်္သေ့၏ ဝမ်းနည်းဖွယ် အော်ဟစ်သံ ထွက်ပေါ်လာပြီးနောက် နန်းတော်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်။
ဖန်းပိုမို နောက်သို့ လှည့်ကြည့်လိုက်တော့ ယွဲ့လုံယန်ခြင်္သေ့ကြီးက နန်းတော် နံရံကို ပြင်းထန်စွာ ဝင်တိုက်မိပြီး ဝမ်းဗိုက်တွင် ကြီးမားသော သွေးထွက်သံယို အပေါက်ကြီးတစ်ခု ဖြစ်ပေါ်နေသည်ကို မြင်လိုက်ရသည်။
သူ့အကြည့်များ နန်းတော် တံခါးဘက်သို့ ရောက်သွားတော့ အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး လှံတံရှည် နှစ်ချောင်းကို ကိုင်ဆောင်ထားသော လူကြီးတစ်ယောက် လျှောက်လာသည်ကို တွေ့လိုက်ရသည်။ ထိုသူသည် အနီရောင်သွေး မိစ္ဆာဂိုဏ်းမှ အနက်ရောင် မိစ္ဆာသခင်ပင် ဖြစ်သည်။ထိုသူကို မြင်လိုက်ရချိန်တွင် ဖန်းပိုမို မျက်မှောင် ကြုတ်လိုက်မိသည်။
အနက်ရောင် မိစ္ဆာသခင်၏ အကြည့်က ဖန်းပိုမို၏ နောက်ကွယ်ရှိ ရွှေရောင် အလင်းတိုင်ပေါ်တွင်သာ ငြိတွယ်နေသည်။
"ကောင်းကင်ကို ဖိနှိပ်နိုင်တဲ့ စစ်နတ်ဘုရားရဲ့ လက်မောင်း"
အနက်ရောင် မိစ္ဆာသခင်၏ မျက်လုံးများ အရောင်လက်သွားပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။ သူက ခြေလှမ်းများကို အရှိန်မြှင့်လိုက်ပြီး သူ့ ပုံရိပ်က လျင်မြန်စွာ ရွေ့လျားနေသည်။ အသက်ရှူကြိမ် အနည်းငယ် အကြာတွင် အနက်ရောင် မိစ္ဆာသခင်က ဖန်းပိုမို၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။
"မိစ္ဆာသခင်... ကျုပ်ရဲ့ စီးတော်သားရဲကို ဒီလိုမျိုး ဒဏ်ရာရအောင် လုပ်ဖို့ လိုအပ်လို့လား..." ဟု ဖန်းပိုမိုက မကျေမနပ်ဖြင့် ဆိုလိုက်သည်။
အနက်ရောင် မိစ္ဆာသခင်က ရွှေရောင် အလင်းတိုင်ကို စူးစိုက်ကြည့်ရင်း စိတ်မရှည်စွာဖြင့်…
"ဒီနေရာကနေ ထွက်သွား... မဟုတ်ရင် မင်းကိုပါ ငါ တိုက်ခိုက်ရလိမ့်မယ်!" ဟု အော်ဟစ်လိုက်သည်။
သူတို့နှစ်ဦးကြားတွင် ကျင့်ကြံခြင်း အဆင့်မှာ ကွာခြားနေသဖြင့် ဖန်းပိုမိုမှာ နာကြည်းစွာဖြင့် နောက်ဆုတ်သွားရုံသာ တတ်နိုင်တော့သည်။
ဖန်းပိုမိုနှင့် မတူဘဲ အနက်ရောင် မိစ္ဆာသခင်က မဆင်မခြင် ပြုမူခြင်း မရှိချေ။ သူသည် ပျံသန်းသော ဓားတစ်လက်ကို ထုတ်ယူ၍ ရွှေရောင် အလင်းတိုင်အတွင်းသို့ ထိုးသွင်းလိုက်သည်။ ချက်ချင်းပင် ထိုဓား အရည်ပျော်သွား၏။ ဤမြင်ကွင်းကို မြင်သောအခါ အနက်ရောင် မိစ္ဆာသခင်က မျက်ခုံးအနည်းငယ် ပင့်လိုက်သည်။
ဖန်းပိုမိုက နောင်တရနေသော အမူအရာကို ပြသလိုက်ပြီး စိတ်ထဲကနေ ထိုလူကြီးကို ဆဲရေးလိုက်သည်။
ဤအချိန်တွင် နန်းတော် အဝင်ဝမှနေ၍ လူအများအပြား ပျံသန်း ဝင်ရောက်လာကြသည်။ ဖန်းပိုမိုက သူတို့ကို တစ်ချက်ကြည့်၍ မျက်မှောင် ကြုတ်လိုက်ပြန်သည်။ အကြောင်းမှာ အသစ်ရောက်ရှိလာသူများက သူ့ထက် ကျင့်ကြံခြင်းအဆင့် မနိမ့်ကျသော နာမည်ကြီး ပုဂ္ဂိုလ်များ ဖြစ်ကြသောကြောင့်ပင်။
ကျိုးလင်ဟွမ်းနှင့်ဖန်းရွှမ်တို့လည်း ရောက်ရှိလာပြီး သူတို့၏ နောက်တွင် ထျန်းချင်းမသေမျိုးဂိုဏ်းမှ နံပါတ်တစ် ပါရမီရှင် ကျန်းဟုန်းမင်ပါ ရောက်ရှိလာခဲ့သည်။
ကျိူးလင်ဟွမ်း၏ စူးစမ်းလိုစိတ်နှင့် နှိုင်းယှဉ်ပါက ကျန်းဟုန်းမင်က အေးဆေးတည်ငြိမ်နေပြီး ဤရတနာအပေါ် စိတ်ဝင်စားပုံ မပေါ်ချေ။
ဖန်းပိုမိုနှင့် အနက်ရောင် မိစ္ဆာသခင်တို့က သူ့ကို မြင်လိုက်ရချိန်တွင် သူတို့၏ အမူအရာများ အနည်းငယ် ပြောင်းလဲသွားပြီး ဖိအားများကို ခံစားလိုက်ရသည်။
အရှေ့မှ ပျံသန်းလာသော အစွမ်းထက် ကျင့်ကြံသူများလည်း သူတို့၏ အမူအရာကို သတိပြုမိသွားကြသည်။ ကျန်းဟုန်းမင်ကို မြင်လိုက်ရချိန်တွင် အားလုံး ထိတ်လန့်သွားကြသဖြင့် ကျိုးလင်ဟွမ်းက ခေါင်းလှည့်၍ နှုတ်ခမ်းစူလိုက်သည်။
အနီးအနားတွင် ရပ်နေသော ဖန်းရွှမ်က….
"ဒီရတနာက သာမန် မဟုတ်ဘူး ဆိုတာ ထင်ရှားတယ်... နင် မဆင်မခြင် လုပ်မိမှာကို သူ စိုးရိမ်နေတာ ဖြစ်မယ်..." ဟု ဆိုလိုက်သည်။
ကျိုးလင်ဟွမ်းက…
"ငါ မိုက်မဲတာ မဟုတ်ပါဘူး... ရတနာ တစ်ခုက ငါ့မျက်စိရှေ့မှာတင် ဒီလောက် ထင်ထင်ရှားရှား ပြသနေတာကို ဘယ်လိုလုပ် မယူဘဲ နေမှာလဲ..."
ဖန်းပိုမိုက ဒဏ်ရာရထားသော လက်ကို ခါးနောက်တွင် တိတ်တဆိတ် ဖွက်ထားလိုက်သည်။
အစွမ်းထက် ကျင့်ကြံသူများ ဝိညာဉ်ရေကန် ပတ်လည်တွင် တစ်ဦးပြီးတစ်ဦး ဆင်းသက်လာကြပြီး ကောင်းကင်ကို ဖိနှိပ်သည့် စစ်နတ်ဘုရားလက်မောင်း၏ မူလဇစ်မြစ်အကြောင်း ဆွေးနွေးနေကြသည်။
သူတို့တွေ ကျန်းဟုန်းမင်ကို မကျော်လွန်နိုင်မှန်း သိရှိထားကြသော်လည်း ဒဏ္ဍာရီလာ ရတနာကို မြင်တွေ့ရုံမျှဖြင့် ဤခရီးက တန်ဖိုးရှိလှပေသည်။
ကျန်းဟုန်းမင်က စကားမပြောဘဲ ကျိုးလင်ဟွမ်းနှင့် အခြားသူတို့ကိုသာ ဆုံးဖြတ်ခွင့် ပေးထားလိုက်သည်။
အချိန်ကုန်လွန်လာသည်နှင့်အမျှ ကျိုးလင်ဟွမ်းတို့ဘက်က မည်သည့် လှုပ်ရှားမှုမျှ မလုပ်ဆောင်ကြသဖြင့် အစွမ်းထက် ကျင့်ကြံသူများ စိတ်မရှည် ဖြစ်လာကြသည်။
"ကျန်းဟုန်းမင်... မင်းရဲ့ ထျန်းချင်းမသေမျိုးဂိုဏ်းက ဖြောင့်မတ်ပြီး ဂုဏ်သိက္ခာရှိတဲ့ ဂိုဏ်းတစ်ခုပါ... အကယ်၍ မင်းတို့ မယူနိုင်ဘူးဆိုရင် ငါတို့ကို ပေးလိုက်ပါလား... ရတနာ ဆိုတာ ကံကြမ္မာနဲ့ ဆိုင်တာပဲ..." ဟု အဘိုးအို တစ်ဦးက စတင် ပြောဆိုလိုက်ရာ အခြားသူများကလည်း ထောက်ခံကြသည်။
သူတို့တွေက ကျန်းဟုန်းမင်က ထျန်းချင်းမသေမျိုးဂိုဏ်းမှ ဖြစ်ကြောင်း သိရှိထားသဖြင့် ကြောက်ရွံ့မှုများ ရှိသော်လည်း ဤနေရာတွင် ဆက်ရှိနေရန် ရဲဝံ့နေကြသည်။
ကျန်းဟုန်းမင်ကတော့ မကြားလိုက်ရသည့်အလား အမူအရာမဲ့စွာဖြင့် တုံ့ပြန်မှု မရှိပေ၊ ထိုအခါ စကားပြောလိုက်သော ကျင့်ကြံသူများက အရှက်ရပြီး ဒေါသထွက်နေကြသော်လည်း ဘာမှ ပြန်မပြောနိုင်ကြချေ။
ကျိုးလင်ဟွမ်းက ရွှေရောင် အလင်းတိုင်ကို စူးစိုက်ကြည့်နေပြီး မည်သို့ ဖြေရှင်းရမည်ကို မစဉ်းစားနိုင် ဖြစ်နေ၏။ သူမက ဖန်းရွှမ်ကို လှည့်ကြည့်၍… "နင် အရင်က ဒီလိုမျိုး မဟုတ်..." ဟု ပြောရန် ပြင်လိုက်ချိန်မှာပင်….
သူမ စကားမဆုံးမီမှာပင် အနောက်ဘက်မှ ကလေးတစ်ဦး၏ အသံ ပေါ်ထွက်လာသည်။
"ဆရာ... အဲဒီ မီးလျှံတွေက ထူးခြားတယ်!"
တိတ်ဆိတ်နေသော ပတ်ဝန်းကျင်တွင် အလွန် ကျယ်လောင်စွာ ထွက်ပေါ်လာသော ထိုအသံကြောင့် ကျန်းဟုန်းမင်အပါအဝင် လူတိုင်း၏ အာရုံကို ဖမ်းစားလိုက်သည်။ နန်းတော် အဝင်ဝကနေ လျှို့ဝှက်ဆန်းကြယ်သည့် အရှိန်အဝါကို ထုတ်လွှတ်နေသော ပြဇာတ် မျက်နှာဖုံးများ တပ်ဆင်ထားသည့် မိုးပြာရောင် ဝတ်စုံနှင့် လူ သုံးဦး ဝင်ရောက်လာကြပြီး စကားပြောသူမှာ စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်နေသော လူငယ်လေး ဖြစ်နေသည်။
အသစ်ရောက်ရှိလာသူ သုံးဦးထဲမှ နှစ်ဦးက ဝိညာဉ်အသိအာရုံအဆင့်သာ ရှိကြောင်း မြင်သောအခါ အစွမ်းထက် ကျင့်ကြံသူ အများစုက အထင်သေးစွာ ကြည့်လိုက်ကြသော်လည်း အချို့မှာတော့ မျက်မှောင် ကြုတ်၍ လေးနက်စွာ ကြည့်လိုက်ကြသည်။ အသစ်ရောက်လာသူများက အခြားသူ မဟုတ်ဘဲ လီချင်းချိုးတို့ ဆရာတပည့်သုံးယောက်ပင် ဖြစ်ကြသည်။
ယွမ်လီနှင့် ယင်ကျင်းရှင်းတို့၏ ကျင့်ကြံခြင်း အဆင့်ကို သိရှိနိုင်သော်လည်း လီချင်းချိုး၏ ကျင့်ကြံခြင်း အဆင့်ကိုတော့ မည်သူမျှ မခန့်မှန်းနိုင်ကြချေ။
ကျန်းဟုန်းမင်၏ အမူအရာလည်း အနည်းငယ် ပြောင်းလဲသွားသည်။
ကျိုးလင်ဟွမ်းက အဝေးကနေ သာမန်အတိုင်း လှည့်ကြည့်လိုက်ရာ သူမ၏အကြည့်မျညး ရုတ်တရက် ရပ်တန့်သွားပြီး တဖြည်းဖြည်း စိတ်လှုပ်ရှားလာသည်။
လီပိုင်!
လီချင်းချိုး မျက်နှာဖုံး တပ်ထားသော်လည်း သူ့ပုံစံကို သူမ တစ်ချက်ကြည့်ရုံဖြင့် မှတ်မိလိုက်သည်။ သို့သော်လည်း သူမ အော်ခေါ်လိုက်ခြင်း မရှိပေ။ သူသည် မျက်နှာဖုံး တပ်ထားသဖြင့် မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်လိုခြင်း မရှိကြောင်း သူမ သိရှိထားပြီး သူ့ကို ဒုက္ခပေးလိုခြင်း မရှိချေ။
လီချင်းချိုးက အဝေးက ရွှေရောင် အလင်းတိုင်ကို ကြည့်လိုက်တော့ အံ့ဩသွားတော့သည်။ ဤမီးလျှံက မရိုးရှင်းပေ။ယန်စွမ်းအား မီးလျှံထက် မပြင်းထန်သော်လည်း သူ တစ်ခါမျှ မတွေ့ဖူးသော အစွမ်းထက်ဆုံး မီးလျှံ ဖြစ်နေသည်။
ရွှေရောင် လက်မောင်း အကာအကွယ်က ဤမျှ ပြင်းထန်သော မီးလျှံများထဲတွင် ပျက်စီးခြင်း မရှိသည်မှာ သာမန် လက်နက်မျိုး မဟုတ်ကြောင်း သိသာလှပေသည်။
လီချင်းချိုးက တစ်ချက် ကြည့်ရုံဖြင့် ဆုံးဖြတ်ချက် ချလိုက်ပြီး…
"လီအာ... ဒီရတနာက မင်းအတွက်ပဲ..." ဟု ဆိုလိုက်သည်။
ဤစကားကို ကြားသောအခါ ယွမ်လီ အလွန် ပျော်ရွှင်သွားသည်။ သူသည် ဤလက်မောင်း အကာအကွယ်ကို ပထမဆုံး မြင်သည်နှင့် စွဲလမ်းသွားပြီး ၎င်းမှာ အစွမ်းထက်သော ခွန်အားများ ပါဝင်နေကာ ခန္ဓာကိုယ် ကျင့်ကြံသူများအတွက် အလွန် သင့်လျော်ကြောင်း ပင်ကိုယ်အသိစိတ်က ပြောပြနေသည်။
ယင်ကျင်းရှင်းက ယွမ်လီနှင့် မယှဉ်ပြိုင်ချေ။ သူသည် ရွှေရောင် အလင်းတိုင်အပေါ်တွင်သာ စိတ်ဝင်စားနေသည်။
သူတို့ သုံးဦးက ဝိညာဉ်ရေကန် ပတ်လည်ရှိ လူများကို ဂရုမစိုက်ဘဲ တန်းတန်းမတ်မတ် ပျံသန်းသွားကြတော့သည်။
ဝိညာဉ်ရေကန် အတွင်းနှင့် အပြင်ဘက်တွင် လူ ၁၃ ဦး ရှိနေပြီး အဆင့်အနိမ့်ဆုံး ကျင့်ကြံသူများပင် ကောင်းကင်နေမင်းနယ်ပယ် ပထမအဆင့်တွင် ရှိနေကြသူများ ဖြစ်သည်။ သူတို့အားလုံး အပြင်လောကတွင် ထင်ရှားကျော်ကြားသူများ ဖြစ်ကြ၏။
လီချင်းချိုး သုံးဦးမှာ လေထဲတွင် လျှောက်လှမ်းနေသကဲ့သို့ ပျံသန်းသွားသည်ကို မြင်သောအခါ သူတို့၏ အမူအရာများ ထူးဆန်းသွားတော့သည်။
ကျိုးလင်ဟွမ်းက လီချင်းချိုးကို ပျော်ရွှင်စွာဖြင့် ကြည့်နေပြီး သူ့ထံသို့ ချက်ချင်းပင် ပြေးသွားချင်စိတ် ပေါက်နေမိသည်။
လီချင်းချိုးကတော့ ထိုအရာများကို သိပ်ပြီး အာရုံမစိုက်ပေ။ ကျိုးလင်ဟွမ်းကို လိုက်ပို့စဉ်က သူမ အလွန် ထိန်းချုပ်နေသဖြင့် သူမတွင် သူ့အပေါ် ခံစားချက် ရှိနေပါကလည်း ၎င်းမှာ မထင်ရှားလှကြောင်း သူ ခံစားခဲ့ရသည်။ ဖန်းရွှမ်ကတော့ ကျိုးလင်ဟွမ်း၏ အမူအရာကို သတိပြုမိသွားပြီး နားလည်သွားကာ လီချင်းချိုးထံသို့ အကြည့် ရောက်သွားပြီး စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သည်။
မကြာမီ လီချင်းချိုးတို့ သုံးဦး ဝိညာဉ်ရေကန်အတွင်းသို့ ဆင်းသက်လိုက်ရာ သူတို့၏ ခြေဖဝါးများကို ဝိညာဉ်စွမ်းအင်များဖြင့် ဖုံးလွှမ်းထားသဖြင့် မြေပြင်ပေါ်တွင် လျှောက်လှမ်းနေသကဲ့သို့ ခံစားရစေသည်။
သူတို့ ဆက်လက်၍ မရပ်တန့်သည်ကို မြင်သောအခါ ဖန်းပိုမိုနှင့် အနက်ရောင် မိစ္ဆာသခင်တို့ အပါအဝင် လူအများက လှောင်ပြောင်သော အမူအရာများ ပြသနေကြပြီး ရှေ့ဆုံးမှ လျှောက်လှမ်းနေသော စကားပြော လွန်ကဲသည့် လူငယ်လေးကို စောင့်ကြည့်နေကြသည်။
ယင်ကျင်းရှင်းတယောက် ရွှေရောင် အလင်းတိုင်ဆီသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားသည်ကို မြင်သောအခါ အားလုံးက အထင်သေးသည့် အပြုံးများဖြင့် သူ အပြာရောင် သွေးအိုင် ဖြစ်သွားသည်ကို စောင့်ကြည့်နေကြသည်။
သို့သော်လည်း အံ့ဩဖွယ်ကောင်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာသည်။
ယင်ကျင်းရှင်းက ရွှေရောင် အလင်းတိုင်ထဲသို့ တိုက်ရိုက် ခုန်ဝင်သွားပြီး ကျန်းထျန်းကျီကို ဆွဲထုတ်လိုက်ကာ လီချင်းချိုးတို့ဘက်သို့ လှည့်၍ ပြေးသွားတော့သည်။ သူသည် ရွှေရောင် အလင်းတိုင်က မည်သည့် စွမ်းအားမျှ မရှိသကဲ့သို့ပင် လွယ်ကူစွာ ဝင်ထွက်သွားခဲ့သည်။
ဤမြင်ကွင်းက အဆင့်မြင့် ကျင့်ကြံသူ အများအပြားကို သာမန်လူများက တစ္ဆေကို မြင်လိုက်ရသကဲ့သို့ ဖြစ်စေခဲ့သည်။
ယင်ကျင်းရှင်း လီချင်းချိုးတို့ဘက်သို့ ပြေးသွားရန် ပြင်ဆင်နေစဉ်မှာပင် အနက်ရောင် မိစ္ဆာသခင်က ချက်ချင်းပင် လှုပ်ရှား၍ သူ့ကို ပိတ်ဆို့လိုက်သည်။
"ဟေ့... ကောင်လေး... ဒီရတနာက မင်း ယူဖို့ မဟုတ်ဘူး!"
အနက်ရောင် မိစ္ဆာသခင်က ယင်ကျင်းရှင်းကို ပြောလိုက်ပြီး လီချင်းချိုးကို တစ်ချက် ကြည့်လိုက်သည်။ သူ့ကဲ မသိစိတ်က ဤသူကသာ ယင်ကျင်းရှင်း၏ အားကိုးရာ ဖြစ်ကြောင်း ပြောပြနေသည်။
အခြား အစွမ်းထက် ကျင့်ကြံသူများကလည်း ယင်ကျင်းရှင်းကို ဝန်းရံရန် လှုပ်ရှားလာကြသော်လည်း အနက်ရောင် မိစ္ဆာသခင်ကဲ့သို့ပင် သူတို့၏ အကြည့်များက လီချင်းချိုးပေါ်တွင်သာ ရှိနေကြသည်။
"လမ်းဖယ်ပေး!"
ယင်ကျင်းရှင်းတယောက် ပိတ်ဆို့ခံလိုက်ရသဖြင့် ဂုဏ်သိက္ခာ ကျဆင်းသွားသည်ဟု ခံစားရသဖြင့် ဒေါသထွက်လာသည်။
ကံမကောင်းစွာဖြင့် မည်သူမျှ သူ့ကို အာရုံမစိုက်ကြပေ။
ကျန်းဟုန်းမင်ကလည်း လီချင်းချိုးကို စူးစမ်းလိုစိတ်ဖြင့် ကြည့်နေပြီး ဤသူက အခြေအနေကို မည်သို့ ကိုင်တွယ်မည်ကို သိလိုနေသည်။
ယင်ကျင်းရှင်း ဝန်းရံခံလိုက်ရသည်ကို မြင်သောအခါ ယွမ်လီ ရှေ့သို့ တိုးလာပြီး စွမ်းအားများကို ထုတ်လွှတ်ကာ အစွမ်းအစများကို ပြသလိုက်သဖြင့် စုရုံးနေသော ကျင့်ကြံသူများကို အံ့ဩသွားစေသည်။ ဤမျှ စွမ်းအားနှင့် ဝိညာဉ်အသိအာရုံအဆင့်သာ ရှိပါသလား?
ပါရမီရှင်!
ဤသည်မှာ ယွမ်လီနှင့် ပတ်သက်၍ လူတိုင်း၏ လက်ရှိ အကဲဖြတ်ချက် ဖြစ်ပြီး ၎င်းတို့ထဲတွင် ကျိုးလင်ဟွမ်း နှင့် ဖန်းရွှမ်တို့လည်း ပါဝင်နေသည်။
"သူက လေလွင့်ကျင့်ကြံသူ မဟုတ်ဘူးလား... ဘယ်လိုလုပ် တပည့်တွေ ရှိနေတာလဲ..."
ကျိုးလင်ဟွမ်း စိတ်ရှုပ်ထွေးသွားသည်။
လီပိုင် သူ့ကို လိမ်ညာခဲ့ကြောင်း ရုတ်တရက် သဘောပေါက်သွားသည်။
ဝုန်းးးး
ထိုစဉ် အစွမ်းထက်သော ကျင့်ကြံသူများကြားမှ ကြောက်မက်ဖွယ်ကောင်းသော မီးလျှံများ ပေါက်ကွဲထွက်သွားသဖြင့် သူတို့အားလုံး ထိတ်လန့်စွာဖြင့် နောက်သို့ ဆုတ်သွားကြသည်။ သူတို့၏ အကြည့်များက ယင်ကျင်းရှင်းထံတွင်သာ စူးစိုက်နေကြပြီး ယုံကြည်ရခက်နေကြသည်။
"ငါ မင်းတို့ကို ဖယ်ပေးဖို့ ပြောနေတယ်!"
ယင်ကျင်းရှင်းက အံကြိတ်၍ ရေရွတ်လိုက်ရင်း အစွမ်းထက်သော ယန်စွမ်းအား မီးလျှံများက မီးတောင် ပေါက်ကွဲသကဲ့သို့ ပြင်းထန်စွာ ထွက်ပေါ်လာပြီး သူ့အနောက်ဘက်က ရွှေရောင် အလင်းတိုင်ကိုလည်း တိုက်ရိုက် စုပ်ယူလိုက်တော့သည်။