အခန်း ၃၈၉
Vol. 39 Ch. 389
အခန်း (၃၈၉) မိုးပြာနဂါးကို လက်သီးဖြင့် အနိုင်ယူခြင်း
ယင်ကျင်းရှင်း၏ ခန္ဓာကိုယ်မှ ပိုမို ပြင်းထန်လာသော အစွမ်းထက် ယန်စွမ်းအား မီးလျှံများကို မြင်လိုက်ရချိန်တွင် အစွမ်းထက် ကျင့်ကြံသူ အားလုံးမှာ အံ့ဩသွားကြပြီး ထျန်းချင်းမသေမျိုးဂိုဏ်းမှ ကျန်းဟုန်းမင်ပင်လျှင် မျက်မှောင် ကြုတ်လိုက်မိသည်။
ဤကလေးငယ်က မည်သူနည်း။
ဝိညာဉ်အသိအာရုံအဆင့်နှင့် ဤသို့သော အရှိန်အဝါမျိုးကို မည်သို့ ရရှိနိုင်သနည်း။
မိုးပြာနဂါးနယ်မြေတွင် လူငယ်များ ဝိညာဉ်အသိအာရုံအဆင့်သို့ ရောက်ရှိခြင်းမှာ မဆန်းသော်လည်း ဤမျှ ကြောက်မက်ဖွယ်ကောင်းသော မီးလျှံများကို ပိုင်ဆိုင်ထားသူကို မည်သူမျှ မမြင်ဖူးခဲ့ကြချေ။
ကျိုးလင်ဟွမ်းလည်း မှင်တက်သွားသည်။ လီပိုင်၏ တပည့်က ဤမျှ စွမ်းဆောင်နိုင်လိမ့်မည်ဟု သူမ မထင်ထားခဲ့သဖြင့် လီပိုင်အပေါ် သူမ၏ စူးစမ်းလိုစိတ် ပိုမို ကြီးမားလာသည်။
ယင်ကျင်းရှင်းက အစွမ်းထက်သော ယန်စွမ်းအား မီးလျှံများကို အားကိုး၍ ပတ်ဝန်းကျင်ရှိ လူများကို လုံးဝ ဂရုမစိုက်ဘဲ ရှေ့သို့ တိုးဝင်သွားသည်။
ထိုစဉ် လီချင်းချိုး တစ်စုံတစ်ခုကို သတိပြုမိလိုက်သည်၊
ဤကလေးငယ် ဒေါသထွက်လေလေ၊ ယန်စွမ်းအား ခန္ဓာကိုယ်လည်း ပိုမို အစွမ်းထက်လာလေလေပင်….
ဒီကလေးရဲ့ စိတ်သဘောထားကလည်း ပိုပိုပြီး ဆိုးလာတာ မဆန်းတော့ဘူး…
လီချင်းချိုးကတော့ ယင်ကျင်းရှင်း၏ စိတ်သဘောထားကို ဆိုးသည်ဟု မထင်မြင်ချေ။ စိတ်သဘောထား တိုင်းတွင် အားသာချက်၊ အားနည်းချက် ရှိကြပြီး သူ့လက်အောက်တွင် ထိုကဲ့သို့သော စိတ်သဘောထားမျိုး ရှိသည့် တပည့်မျိုး လိုအပ်နေခြင်း ဖြစ်သည်။ ယင်ကျင်းရှင်းက ဆူပူမှုများ ဖြစ်စေခဲ့လျှင်ပင် သူ့နောက်တွင် အမြဲရှိနေမည် ဖြစ်ရာ သူ အနီးကပ် စောင့်ကြည့်နေရန်သာ လိုအပ်သည်။
"မောက်မာလှချည်လား!"
ရုတ်တရက် သက်လတ်ပိုင်းအရွယ် လူတစ်ယောက်က လက်မြှောက်လိုက်ရာ သူ၏ အင်္ကျီလက်ထဲမှ အစိမ်းရောင် စေတီငယ်တစ်ခု ပျံသန်း ထွက်ပေါ်လာပြ လျင်မြန်စွာ ကြီးထွားလာကာ ကောင်းကင်ကနေ ပြင်းထန်သော မီးလျှံများကို ဖိနှိပ်ရန် ရည်ရွယ်ချက်ဖြင့် ယင်ကျင်းရှင်းကို အုပ်မိုးလိုက်သည်။
သို့သော်လည်း အစိမ်းရောင် စေတီငယ် ကျမလာမီမှာပင် ထိုလူ၏ အမူအရာ ပြောင်းလဲသွားပြီး ချက်ချင်းပင် စေတီငယ်ကို ပြန်လည် သိမ်းဆည်းလိုက်သည်။
အစိမ်းရောင် စေတီငယ် ကျုံ့သွားပြီး သူ့လက်ထဲသို့ ရောက်ရှိလာချိန်တွင် အလွန် ပူပြင်းနေသဖြင့် အလျင်အမြန် လွှတ်ချလိုက်ရသည်။
ယင်ကျင်းရှင်းက မောက်မာသော အမူအရာဖြင့် ရှေ့သို့ တိုးသွားသော်လည်း ဆရာဖြစ်သူကို အတုယူ၍ နှေးကွေးစွာ လှုပ်ရှားနေသည်။
တကယ်ကို အစွမ်းထက်တာပဲ!
ဆရာ့ရဲ့ နတ်ဘုရား စွမ်းအားများကို ဖော်ပြပုံက တကယ်ကို အံ့ဩစရာ ကောင်းတာပဲ…
သို့သော်လည်း ဤအတွေး ဝင်လာသည်နှင့်တစ်ပြိုင်နက် သူ ရပ်တန့်သွားသည်။ သူ့မျက်လုံးများ ပြူးကျယ်သွားပြီး ပတ်ဝန်းကျင်တခုလုံး ရုတ်တရက် ပြောင်းလဲသွားကာ အဆုံးအစမရှိ လှိုင်းထနေသော သဲကန္တာရကြီးထဲသို့ ရောက်ရှိသွားပြီး သဲမုန်တိုင်းများ တိုက်ခတ်နေကာ နေမင်းကြီးကလည်း ပြင်းထန်စွာ ပူပြင်းနေသည်။
"ဒါက..."
ယင်ကျင်းရှင်းတယောက် ဆရာဖြစ်သူ ပြောပြဖူးသော ဓမ္မနယ်မြေကို ချက်ချင်း သတိရသွားသည်။ ကောင်းကင်နေမင်းနယ်ပယ် ကြီးမြတ်သည့် ကျင့်ကြံသူ အားလုံးတွင် ကိုယ်ပိုင် ဓမ္မနယ်မြေ ရှိကြပြီး ၎င်းကို လုံးဝ ထိန်းချုပ်နိုင်သဖြင့် ရန်သူများ ခုခံရန် မဖြစ်နိုင်ချေ။
သူ မလှုပ်ရှားနိုင်တော့ဘဲ အသက်ရှူရ ခက်ခဲလာသဖြင့် ဖိနှိပ်မှုများက အလွန် ပြင်းထန်လှသည်။
ဤသည်မှာ သူ့ရဲ့ ယန်စွမ်းအား ခန္ဓာကိုယ်ကို နိုးထလာပြီးနောက် ပထမဆုံးအကြိမ် ခံစားရသော ထိတ်လန့်မှု ဖြစ်သည်။
သူ့ရဲ့ ယန်စွမ်းအား မီးလျှံများက အရာအားလုံးကို မနိုင်နိုင်ဘဲ အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းသော ပြိုင်ဘက်မျိုးနှင့် မတွေ့ဆုံသေးခြင်းသာ ဖြစ်ကြောင်း သူ သဘောပေါက်သွားခဲ့သည်။
ဓမ္မနယ်မြေကို ရင်ဆိုင်ရချိန်တွင် သူ လုံးဝ အကူအညီမဲ့ ဖြစ်သွားပြီး ထိတ်လန့်မှုများသာ စိတ်ထဲတွင် ပိုမို နက်ရှိုင်းလာခဲ့သည်။
ထိုအချိန်တွင် ကောင်းကင်နှင့် မြေကြီး ကွဲအက်သွားပြီး သူ့ကို ဖိနှိပ်ထားသော အားမှာ ပျောက်ကွယ်သွားသည်။ သူသည် ရှေ့သို့ သုံးလှမ်းခန့် ယိုင်နဲ့နဲ့ လှမ်းလိုက်ပြီး ခါးကိုင်းကာ အသက်ကို အနိုင်နိုင် ရှူနေရသည်။ အရပ်လေးမျက်နှာမှ ကြီးမြတ်သည့် ကျင့်ကြံသူများက လီချင်းချိုးကို ကြည့်လိုက်ကြရင်း သူတို့၏ အမူအရာများမှာ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေကြသည်။
လီချင်းချိုး မည်သို့ လှုပ်ရှားလိုက်သည်ကိုပင် မမြင်လိုက်ရဘဲ ဓမ္မနယ်မြေကို တိုက်ရိုက် ဖျက်ဆီးလိုက်ခြင်း ဖြစ်သည့။
ဒီကလေး ဘာလို့ ဒီလောက် မောက်မာနေရတာလဲဆိုတာ သိလိုက်ပြီ!
ရှားပါးသော ပါရမီရှင် လူငယ်လေး၊ လျှို့ဝှက်ဆန်းကြယ်သော အစွမ်းထက် ကျင့်ကြံသူ၊ဒီသုံးဦးက မည်သူများ ဖြစ်ကြသနည်း။
ယင်ကျင်းရှင်း ချက်ချင်းပင် မတ်တတ်ရပ်လိုက်ပြီး မောက်မာစွာ မပြုမူတော့ဘဲ ဆရာနှင့် စီနီယာအစ်ကိုတို့ဆီသို့ လျှောက်သွားလိုက်ရာ အစွမ်းထက် ယန်စွမ်းအား မီးလျှံများလည်း သူ့ ခန္ဓာကိုယ်အတွင်းသို့ လျင်မြန်စွာ ပြန်လည် ဝင်ရောက်သွားလေသည်။
"ဒီရတနာကို ငါ ယူလိုက်မယ်... ကန့်ကွက်မယ့်သူ ရှိသေးလား..."
လီချင်းချိုးက လူတိုင်းကို တစ်ချက် ကြည့်လိုက်ပြီး သာမန်အတိုင်း မေးလိုက်သည်။
သူ့ရဲ့ မောက်မာမှုက ဉပဒေတစ်သောင်းဝိညာဉ်မျက်လုံးကို အခြေခံထားခြင်း ဖြစ်သည်။ အမှောင်ထဲတွင် စောင့်ကြည့်နေသော ပိုမို အစွမ်းထက်သည့် ပုဂ္ဂိုလ် မရှိကြောင်း သေချာသည့်အတွက်သာ ဤကဲ့သို့ ရဲရဲဝံ့ဝံ့ ပြုမူခြင်း ဖြစ်သည်။
ဤသူတို့က သူ့တပည့်ကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သဖြင့် သူတို့ကို သတ်ပစ်လျှင်ပင် မမှားချေ။
ဤစကားကို ကြားသောအခါ ကြီးမြတ်သည့် ကျင့်ကြံသူများ ချက်ချင်းပင် ဒေါသထွက်သွားကြပြီး အချို့က တိတ်တဆိတ် နောက်ဆုတ်၍ မည်သည့်အချိန်မဆို ထွက်ခွာရန် ပြင်ဆင်နေကြသည်။
"မင်းက ဘယ်သူလဲ... ဘာလို့ မျက်နှာဖုံး တပ်ထားတာလဲ..."
အနက်ရောင် မိစ္ဆာသခင်က လီချင်းချိုးကို စူးစိုက်ကြည့်၍ အသံနက်ကြီးဖြင့် မေးလိုက်သည်။
ယင်ကျင်းရှင်းက ယွမ်လီဆီသို့ ပြေးသွား၍ ယန်စွမ်းအား မီးလျှံ အစအနများကို ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူလိုက်ပြီး ရွှေရောင် လက်မောင်း အကာအကွယ်ကို ယွမ်လီထံသို့ ပေးအပ်လိုက်သည်။
ယွမ်လီသည် ပူပြင်းနေသော လက်မောင်း အကာအကွယ်ကို ဖမ်းဆုပ်လိုက်ရာ လက်ဖဝါးတခုလုံး ချက်ချင်းပင် လောင်ကျွမ်းသွားပြီး မီးခိုးများ ထွက်ပေါ်လာသော်လည်း တုန်ယင်ခြင်း မရှိချေ။ ဤမြင်ကွင်းက ကြီးမြတ်သည့် ကျင့်ကြံသူတို့ကို မျက်မှောင်ကြုတ်သွားစေသည်။
ဒီလူ သုံးယောက်လုံး တစ်ခုခု မှားနေတာပဲ!
လီချင်းချိုးက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး မည်သူမျှ စကားမပြောသည်ကို မြင်သောအခါ ထွက်ခွာရန် ပြင်လိုက်သည်။
ယင်ကျင်းရှင်းက လူအုပ်ကြီးကို စိုက်ကြည့်လိုက်ပြီး… "ငါ ကြီးပြင်းလာရင် ပြန်လာပြီး လက်စားချေမယ်!" ဟု အော်ဟစ်လိုက်သည်။
ယင်ကျင်းရှင်းက မည်သူက ဓမ္မနယ်မြေကို ဖွင့်လိုက်မှန်း မသိသဖြင့် လူတိုင်းကို ရန်သူဟု သတ်မှတ်လိုက်ခြင်း ဖြစ်သည်။င
မည်သူမျှ သူ့စကားကို ဂရုမစိုက်ကြဘဲ လီချင်းချိုး၏ နောက်ကျောကိုသာ စိုက်ကြည့်နေကြသည်။
ယင်ကျင်းရှင်း၏ မီးလျှံများက အံ့ဩစရာ ကောင်းသော်လည်း ကောင်းကင်နေမင်းနယ်ပယ်ရှိသူများကတော့ သူ့ကို နှိမ်နင်းရန် ခက်ခဲမည် မဟုတ်ပေ။
တကယ့် ပြဿနာက ဤကလေး၏ ဆရာပင်….
ဓမ္မနယ်မြေကို အလွယ်တကူ ဖောက်ထွက်နိုင်ခြင်းမှာ သာမန် ကိစ္စ မဟုတ်ချေ။
"ရပ်လိုက်!"
အသံတစ်ခု ထွက်ပေါ်လာသဖြင့် လီချင်းချိုး ရပ်တန့်သွားသည်။
ဂိုဏ်းအသီးသီးမှ ကြီးမြတ်သည့် ကျင့်ကြံသူများလည်း ထိုအသံကြောင့် စိတ်လှုပ်ရှားနေကြသည်။အကြောင်းမှာ စကားပြောသူမှာ ထျန်းချင်းမသေမျိုးဂိုဏ်းမှ ကျန်းဟုန်းမင် ဖြစ်သောကြောင့်ပင်။
အကယ်၍ ကျန်းဟုန်းမင်သာ လီချင်းချိုးကို တားဆီးနိုင်ပါက ရွှေရောင် လက်မောင်း အကာအကွယ်၏ ကံကြမ္မာကလည်း မရေရာ ဖြစ်သွားလိမ့်မည်။
ကျန်းဟုန်းမင် စကားပြောသည်ကို ကြားသောအခါ ကျိုးလင်ဟွမ်းက ချက်ချင်းပင် စိုးရိမ်တကြီးဖြင့်… "ကျန်းဟုန်းမင်... သူများ ကိစ္စမှာ ဝင်မပါနဲ့!" ဟု ပြောလိုက်သည်။
ထိုအခါ ဖန်းရွှမ်၏ အကြည့်များ ပိုမို ထူးဆန်းလာသည်။
ကျန်းဟုန်းမင်က ကျိုးလင်ဟွမ်းကို လျစ်လျူရှု၍ လီချင်းချိုးကို စူးရှသော အကြည့်ဖြင့် စိုက်ကြည့်နေသည်။
လီချင်းချိုးက ခေါင်းလှည့်၍ ကျန်းဟုန်းမင်ကို တစ်ချက် ကြည့်လိုက်ပြီး …"မင်းမှာ ငါ့အတွက် ဘာအကြံပေးစရာ ရှိလို့လဲ..." ဟု မေးလိုက်သည်။
ကျန်းဟုန်းမင်က …"ငါ မင်းကို ရွှေရောင် လက်မောင်း အကာအကွယ် ပေးနိုင်တယ်... ဒါပေမဲ့ မင်းရဲ့ မူလဇစ်မြစ်ကိုတော့ ပြောပြရမယ်..."
သူသည် လီချင်းချိုးကို စိတ်မဝင်စားသော်လည်း ယင်ကျင်းရှင်းကို အလွန် စိတ်ဝင်စားနေပြီး တပည့်အဖြစ် ခေါ်ယူချင်နေသည်။
သူသည် ယင်ကျင်းရှင်းတွင် မိုးပြာနဂါး အဆင့်သတ်မှတ်ချက်ကို ဝင်ရောက်နိုင်သည့် ပါရမီ ရှိနေသည်ကို မြင်တွေ့ခဲ့ရပြီး သူထက်ပင် အဆင့်မြင့်နိုင်ကြောင်း ခန့်မှန်းထားသည်။
လီချင်းချိုး ပြန်မဖြေမီ ယင်ကျင်းရှင်းက ဒေါသတကြီးဖြင့် …"မင်းက ဘယ်သူမို့လို့လဲ... ဘာတွေ လာလုပ်ပြနေတာလဲ!" ဟု အော်ဟစ်လိုက်သည်။
ဤလူငယ်လေး၏ မောက်မာပုံကို မြင်သောအခါ ကြီးမြတ်သည့် ကျင့်ကြံသူ အားလုံး ပြုံးနေကြသည်။ သူတို့လည်း ကျန်းဟုန်းမင်ကို မနှစ်မြို့ကြသဖြင့် သူ အရှက်ကွဲသည်ကို မြင်လိုကြသည်။
ကျန်းဟုန်းမင်ကတော့ ဒေါသထွက်ခြင်း မရှိဘဲ လီချင်းချိုးကိုသာ စိုက်ကြည့်နေဆဲပင်။
ထိုစဉ် ကြီးမားသော အရှိန်အဝါတစ်ခုက နန်းတော်တစ်ခုလုံးကို လွှမ်းခြုံသွားသဖြင့် ယင်ကျင်းရှင်း ချက်ချင်းပင် အေးခဲသွားပြီး သူ့ မျက်လုံးများတွင် ကြောက်ရွံ့မှုများ ပေါ်လွင်နေသည်။
ဤအခိုက်တွင် ဓမ္မနယ်မြေထဲသို့ ပြန်ရောက်သွားသကဲ့သို့ ဖြစ်နေသည်။
ယွမ်လီလည်း လှုပ်ရှားနိုင်ခြင်း မရှိဘဲ လျှို့ဝှက်စွာ ထိတ်လန့်နေကာ ကျန်းဟုန်းမင်၏ ကျင့်ကြံခြင်းအဆင့်ကို အလွန် သိလိုနေပြီး ထိုသူက သာမန် ကောင်းကင်နေမင်းနယ်ပယ် ကျင့်ကြံသူများနှင့် မတူကြောင်း ခံစားလိုက်ရသည်။
လီချင်းချိုး လှည့်လိုက်သည်နှင့် ယွမ်လီတို့အပေါ်သက်ရောက်နေသော ဖိနှိပ်မှုများ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။
ကျန်းဟုန်းမင်က ဤအချက်ကို သတိပြုမိပြီး မျက်မှောင်ကြုတ်လိုက်သည်။
လီချင်းချိုးအနေနှင့် ကျန်းဟုန်းမင် ပြဿနာ ရှာမည်ကို လုံးဝ မကြောက်ရွံ့ပေ။ ကျန်းဟုန်းမင် ပြဿနာ ရှာလျှင်ပင် ပိုကောင်းသေးသည်။ဤနည်းဖြင့် သူ့ စွမ်းအားကို အစောပိုင်းတွင် ပြသနိုင်မည် ဖြစ်ပြီး လူသားဧကရာဇ် ခေါင်းလောင်းကို လုယူရန်နှင့် ချင်းရှောင်ဂိုဏ်းကို ဆုတ်ခွာစေရန် ကြိုးစားချိန်တွင် အတားအဆီးများ လျော့နည်းသွားပေလိမ့်မည်။
သူသည် စစ်နတ်ဘုရား မြေအောက်နန်းတော်ရှိ လူများကို ကြိုတင် ထိတ်လန့်သွားစေလိုခြင်း ဖြစ်သည်။
သူသည် ကျန်းဟုန်းမင်ဆိုသူက ကျိုးလင်ဟွမ်း၏ ဂိုဏ်းတူအစ်ကို ဖြစ်ကြောင်းနှင့် သူ့ဆရာ လင်းရွှင်းဖုန်း၏ ဂိုဏ်းတူအစ်ကို ဖြစ်ကြောင်း သိရှိထားသော်လည်း ၎င်းမှာ အရေးမကြီးပေ။
ကျန်းဟုန်းမင် မည်သူပင် ဖြစ်ပါစေ၊ သူ့ကို ပြဿနာ ရှာရဲသူမှန်သမျှ မျက်နှာပေးမည် မဟုတ်ပေ။
လီချင်းချိုး လှည့်လိုက်သည်နှင့် ကျန်းဟုန်းမင်နှင့် အားပြိုင်နိုင်သော အခြား အစွမ်းထက် အရှိန်အဝါတစ်ခု ထွက်ပေါ်လာရာ နန်းတော် တစ်ခုလုံး တုန်လှုပ်သွားတော့သည်။
ဒီလူရဲ့ အရှိန်အဝါက ကျန်းဟုန်းမင်ထက် မလျော့ဘူး!
လီချင်းချိုး၏ အရှိန်အဝါကို ကြည့်ခြင်းအားဖြင့် ကောင်းကင်နေမင်းနယ်ပယ်တွင် ရှိနေသည်ဟု ထင်ရသည်။ အကယ်၍ ထိုသို့ဆိုလျှင် သူ ဘာကြောင့် ဤမျှ အစွမ်းထက်နေရတာလဲ။
နန်းတော်တခုလုံး တုန်လှုပ်နေသော်လည်း လေထုကတော့ တိတ်ဆိတ်နေသည်။ မည်သူမျှ စကားမပြောရဲကြဘဲ ယင်ကျင်းရှင်း ပင်လျှင် စကားမပြောတော့ဘဲ ကျန်းဟုန်းမင်ကို သူ့ဆရာ ရိုက်နှက်မည့် အချိန်ကို စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေလေသည်။
သူ ကျန်းဟုန်းမင်ကို ဘယ်လိုမှ သဘောမကျပေ။ တည်ငြိမ်စွာ ပြောနေသော်လည်း ထိုသူ၏ စကားများက မောက်မာပြီး အနိုင်ယူတတ်လွန်းသည်။
ကျန်းဟုန်းမင်က လျှပ်စီးကဲ့သို့ ပျံသန်းသွားပြီး လီချင်းချိုးကို အပေါ်ကနေ ရိုက်ချရန် လက်ဝါးကို မြှောက်လိုက်သည်။ ဤလက်ဝါးချက်တွင် ကျယ်ပြန့်သော စွမ်းအင်များကို စုစည်းထားပြီး လက်ဝါး မကျရောက်မီမှာပင် လီချင်းချိုးတို့ သုံးဦး ပတ်လည်ရှိ မြေပြင်တခုလုံး ချက်ချင်းပင် ပြိုကျသွားသည်။
ယွမ်လီတို့ သုံးဦးကတော့ ထိခိုက်ခြင်း မရှိဘဲ သူတို့ ပတ်လည်တွင် နွေးထွေးမှုကို ခံစားနေရသည်။
မောက်မာနေသော ကျန်းဟုန်းမင်ကို ရင်ဆိုင်ရင်း လီချင်းချိုးက လက်သီးဖြင့် အပေါ်သို့ တိုက်ရိုက် ပင့်ထိုးလိုက်သည်။
သူ့လက်သီးက ကျန်းဟုန်းမင်၏ လက်ဝါးထက် ပိုမို မြန်ဆန်ပြီး ကျန်းဟုန်းမင် လက်ဝါး မြှင့်လိုက်သည်နှင့် သူ့လက်သီးက အပေါ် တက်သွားလေပြီ….
ဝုန်းးး
ထိုအခါ ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ခု ပေါက်ကွဲထွက်သွားပြီး အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သော လေပြင်းကြီးတစ်ခု ထွက်ပေါ်လာ၏။
ကျန်းဟုန်းမင်၏ အမူအရာ အကြီးအကျယ် ပြောင်းလဲသွားသည်။ သူ့ဆံပင်ရှည်များ အပေါ်သို့ လွင့်တက်သွားပြီး ဝတ်ရုံများပင် ပျက်စီးလုနီးပါး ဖြစ်သွားသည်။ သူ့ ပတ်ပတ်လည်တွင် စွမ်းအင် အကာအကွယ် တစ်ခု ပေါ်ထွက်လာသော်လည်း ၎င်းမှာ ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကွဲအက်သွားလေသည်။
သူ လဲကျသွားစဉ် တစ်ခဏမျှ ရပ်တန့်သွားပြီးနောက် ပိုမို မြန်ဆန်သော အရှိန်ဖြင့် အပေါ်သို့ ပျံသန်းသွားကာ နန်းတော် မျက်နှာကျက်ကို ဖောက်ထွက်သွားသဖြင့် နန်းတော်တခုလုံး ပိုမို ပြင်းထန်စွာ တုန်လှုပ်သွားပြီး ကျောက်တုံးများ တစ်ခုပြီးတစ်ခု ကြွေကျလာသည်။
အားလုံးက ထိုမြင်ကွင်းကို မျက်လုံးအပြူးသားနှင့် ထိတ်လန့်နေသော အမူအရာဖြင့် ကြည့်နေကြသည်။
လီချင်းချိုးက လက်သီး ထိုးထားသည့် အတိုင်း ရပ်နေပြီး သူ့ခန္ဓာကိုယ်မှ နဂါးတစ်ကောင်ကဲ့သို့ စွမ်းအင်များ ထုတ်လွှတ်နေကာ ဝတ်ရုံမှာ လေထဲတွင် လွင့်ပျံနေသည်။ သူ့လက်သီး လားရာအတိုင်း အပေါ်ဘက်တွင် မျက်စိဖြင့် မြင်နိုင်သော အပေါက်ကြီးတစ်ခု ရှိနေသည်။
ဒီလူက ကျန်းဟုန်းမင်ကို လက်သီး တစ်ချက်တည်းနဲ့ လွှင့်ပစ်လိုက်တာလား!
သူက ကျန်းဟုန်းမင်လေ.. မိုးပြာနဂါး အဆင့်သတ်မှတ်ချက်ရဲ့ စတုတ္ထမြောက် ပုဂ္ဂိုလ်ကွ..!
ကျန်းဟုန်းမင်သည် စတုတ္ထမြောက် ဖြစ်သော်လည်း အသက်အရွယ်ကြောင့် ကောင်းကင်နေမင်းနယ်ပယ် ပါရမီရှင်များထက် ကျင့်ကြံခြင်းအဆင့် သာလွန်နေသဖြင့် မိုးပြာနဂါးနယ်မြေတွင်ပင် ထင်ရှားသူ ဖြစ်သည ထိုကဲ့သို့သော သူတယောက် တစ်ချက်တည်းဖြင့် ဤမျှ ပြင်းထန်စွာ ဒဏ်ရာရသွားခြင်းမှာ မည်သို့ ဖြစ်နိုင်မည်နည်း။
ကျိုးလင်ဟွမ်းပင်လျှင် လီချင်းချိုး အစွမ်းထက်ကြောင်း သိထားသော်လည်း အံ့ဩတုန်လှုပ်ရယ၍ မျက်လုံးများ ပြူးကျယ်နေသည်။ သူ့ဘေးရှိ ဖန်းရွှမ်က ပို၍ပင် ကြောက်လန့်သွားပြီး နားမလည်နိုင် ဖြစ်နေတော့သည်။
ယွမ်လီက ဆရာဖြစ်သူကို ကြည့်လိုက်ရင်း ထိုပုံရိပ်က သူ့အတွက် အလွန်ပင် စွဲမက်ဖွယ် ကောင်းနေလေသည်။
ဆရာက တကယ်ပဲ ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းကိုလည်း လုပ်တာပဲ!
ပြီးတော့ သူက ငါ့ထက်တောင် သာလွန်နေသေးတယ်!
ဤကဲ့သို့ စွမ်းအားမျိုးက သူ့ကို အလွန်ပင် စွဲဆောင်သွားပြီး ဆရာ့ရဲ့ စွမ်းအားနှင့် နှိုင်းယှဉ်ပါက သူ့ရဲ့ စွမ်းအားများက ဘာမှ မဟုတ်တော့သလို ခံစားလိုက်ရသည်။
ဤသည်မှာ ယင်ကျင်းရှင်း ပထမဆုံးအကြိမ် ဆရာဖြစ်သူ၏ မောက်မာသော အရှိန်အဝါကို မြင်တွေ့ရခြင်း ဖြစ်ပြီး စိတ်လှုပ်ရှားမှုများကြောင့် တုန်ယင်နေရှာသည်။
………………..
ချင်းရှောင်ဂိုဏ်းမှ ဂိုဏ်းသားများအားလုံး အခြား အဆောင်ငယ် တစ်ခုတွင် ရှိနေကြပြီး ဤတစ်ခါ တုန်ခါမှုက ယခင်ကထက် ပိုမို ပြင်းထန်လှသဖြင့် နန်းတော်ကြီးတခုလုံး ပြိုကျလုနီးပါး ဖြစ်နေသည်။
"ဘယ် နတ်ဘုရားတွေ တိုက်ခိုက်နေကြတာလဲ..."
ပိုင်နင်းအာ မနေနိုင်ဘဲ ရေရွတ်လိုက်ပြီး ကျန်ရှိသူများမှာလည်း စိုးရိမ်ထိတ်လန့်နေကြသည်။
အချိန်အတော်ကြာသွားပြီးနောက် တုန်ခါခြင်း ရပ်တန့်သွားသဖြင့် သက်ပြင်းချနိုင်ခဲ့ကြသည်။
ရွှယ်ကျင်းက ကျန်းကျောက်ရှားကို ကြည့်၍…
"ဆရာ... ကျွန်တော်တို့ ဂိုဏ်းချုပ်ကို ထပ်ပြီး အဆက်အသွယ် လုပ်သင့်လား... သူ သတိထားဖို့ ပြောဖို့ပေါ့... ဘာပဲဖြစ်ဖြစ် ဒါက ကိုးပြည်ထောင်နယ်မြေ မဟုတ်ဘူးလေ..." ဟု မေးလိုက်သည်။
ကျန်းကျောက်ရှားက…
"အဆက်အသွယ် လုပ်ရမှာလား... စီနီယာအစ်ကိုကို မစိတ်ရှုပ်စေနဲ့... သူ့ကို ယုံကြည်ပါ... သူက မဆင်မခြင် လုပ်မယ့်သူ မဟုတ်ဘူး....."
ဤသည်မှာ သူ့အတွေးသက်သက်ပင် ဖြစ်သည်။ အကြောင်းမှာ စီနီယာအစ်ကိုက အောင်မြင်မှုအတွက် သေချာမှု မရှိဘဲ မဆင်မခြင် လုပ်ဆောင်မည့်သူ မဟုတ်ကြောင်း သူ သိရှိထားသောကြောင့်ပင်။
သူသည် စီနီယာအစ်ကိုကို အမြဲတမ်း စနောက်လေ့ ရှိပြီး သူ့မှာ အနိုင်မခံရှုံးမပေးတတ်သည့် ပုံစံမျိုး ရှိသော်လည်း တကယ်တမ်းတွင်မူ တမင်တကာ ရွေးချယ်မှုများ၏ ရလဒ်သာ ဖြစ်ကြောင်း သူ သိထားသည်။
ဤစကားကို ကြားသောအခါ ရွယ်ကျင်း လက်လျှော့လိုက်ရသော်လည်း စိုးရိမ်စိတ်များမှာ ရှိနေဆဲပင်။
သူတို့ထဲက ဘယ်သူပဲ သေသွားပါစေ ဂိုဏ်းချုပ်ကိုတော့ ဘာမှ မဖြစ်စေရဘူး…