← Chapters

အခန်း ၁၅၁

Vol. 16 Ch. 151

အခန်း ၁၅၁

Vol. 16 Ch. 151

အခန်း (၁၅၁)

ကျွန်ုပ်တို့ကို မည်သူ ထိန်းချုပ်နေသနည်း

ကောင်းချိုးသည် လူအများကို လက်ဝှေ့ယမ်း နှုတ်ဆက်လိုက်လေသည်။ လူအများက ဝမ်းသာအားရ သြဘာများပေးခဲ့ကြလေသည်။

"ငါ ပြန်ရောက်လာပြီ..."

ကောင်းချိုးသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ ကိရိယာများ၏ အကူအညီဖြင့် သူ၏အသံမှာ အခြေချစခန်းတစ်ခုလုံးသို့ ဟိန်းထွက်သွားပြီး ကီလိုမီတာ ရာပေါင်းများစွာအထိ ပျံ့နှံ့သွားခဲ့လေသည်။

ကောင်းချိုးသည် မည်သည့်အရာကို မျှော်မှန်းနေကြောင်း ကောင်းယွမ် နားမလည်နိုင်ခဲ့ပေ။

သို့သော် ဤအခိုက်အတန့်တွင်မူ ဘဝ၏ ရည်ရွယ်ချက်မှာ သမိုင်းတွင် မှတ်တိုင်တစ်ခု ချန်ထားရစ် ရန်သာ ဖြစ်ကြောင်း သူ နားလည်သွားခဲ့ပေ၏။

အနှစ်နှစ်ဆယ်ကျော်မျှ ပျောက်ဆုံးနေခဲ့သော်လည်း ကောင်းချိုးသည် ဤမျှလောက် လူကြိုက်များနေဆဲ ဖြစ်ရာ သူ၏ဘဝမှာ အမှန်တကယ်ပင် တန်ဖိုးရှိလှပေသည်။

ဤသည်မှာ သူ ဆက်လက် တောင့်ခံနေရသည့် အကြောင်းရင်း ဖြစ်နိုင်ပေသည်။

စောင့်ကြည့်ရေးစခန်းမှာ အပြည့်အစုံ တပ်ဆင်ထားသော အဆောက်အအုံတစ်ခု ဖြစ်ပြီး အပေါ်ဆုံးထပ် ရှိ အစည်းအဝေးခန်းထဲတွင် ကောင်းချိုးနှင့် ကောင်းယွမ်တို့သာ ရှိနေခဲ့ကြလေသည်။

"ကောင်းယွမ်... မင်း ပြီးခဲ့တဲ့ရက်တွေမှာ အများကြီး ပင်ပန်းသွားပြီ... မင်းအတွက် လက်ဆောင်တစ်ခု ပြင်ဆင်ထားတယ်..."

*ဘာများလဲ…*

ပြီးခဲ့သည့်အကြိမ်က ကောင်းချိုးသည် ကောင်းယွမ်ကို လက်ဆောင်တစ်ခု ပေးခဲ့ဖူးလေသည်။ ၎င်းမှာ နေရာဒေသ၏ အချိန်စီးဆင်းမှုကို လွှမ်းမိုးနိုင်သည့် အမှောင်ဒြပ်ထု သေတ္တာနက် ဖြစ်သော်လည်း ကောင်းယွမ်သည် ၎င်းကို များများစားစား အသုံးမပြုနိုင်ခဲ့ပေ။

ယခုတစ်ကြိမ် သူ ပြန်လာသည့်အခါတွင်လည်း ကောင်းယွမ်အတွက် လက်ဆောင်တစ်ခုကို ထပ်မံ ပြင်ဆင်ထားခဲ့ပြန်လေသည်။

"အဲဒါ ဘာများလဲ..." ဟု ကောင်းယွမ်က မေးလိုက်လေ၏။

"မင်းကို ကမ္ဘာကြီးရဲ့ ဘုရင်ဆိုတဲ့ ဘွဲ့ပေးဖို့ ငါ အာမခံတယ်... ငါက အခု အိုမင်းနေပြီဆိုတော့ အနာဂတ် က မင်းအတွက်ပဲ..."

ကောင်းချိုးမှာ အမှန်တကယ်ပင် အိုမင်းနေပြီ ဖြစ်သည်။ သူသည် မကြာသေးမီက ဗက်စတာ သတ္တု တွင်းများတွင် မြေတူးရန် ကြိုးစားပန်းစား လုပ်ဆောင်နေခဲ့ရပုံပေါ်ပြီး မှတ်မိနေသည်ထက်ပင် ပို၍ အိုမင်းနေပုံရလေ၏။

သူ၏ ကျောပြင်မှာလည်း ကုန်းစပြုလာခဲ့ပေသည်။ သို့သော် သူ၏ အသက် တစ်ရာ့ခုနစ်ဆယ်ကျော် အရွယ်ကို ထည့်သွင်းစဉ်းစားမည်ဆိုလျှင် သူ အမှန်တကယ်ပင် အိုမင်းသင့်နေပြီ ဖြစ်၏။

ကောင်းချိုးသည် သူ၏အိတ်ထဲမှ သေတ္တာငယ်လေးတစ်ခုကို ဂရုတစိုက် ထုတ်ယူလိုက်လေသည်။

၎င်းမှာ အလွန်သေးငယ်ပြီး လက်ဖဝါးအရွယ်အစားခန့်သာ ရှိပေသည်။

"အဲဒါက ဘာလဲ..."

"နျူထရွန်တစ်ခုလေ..."

ကောင်းယွမ် သိပ်နားမလည်ခဲ့ပေ။

"နျူထရွန်ဆိုတာ မျက်စိနဲ့မမြင်နိုင်တဲ့ သေးငယ်တဲ့ အမှုန်လေးတစ်ခုပေါ့..."

ကောင်းယွမ် ချက်ချင်းပင် နားလည်သွားခဲ့လေသည်။

"အက်တမ်ဗဟိုဆံကို ဖွဲ့စည်းထားတဲ့ အမှုန်လား..."

ကောင်းယွမ်သည် ယခင်က သိပ္ပံကျောင်းသားတစ်ဦး ဖြစ်ခဲ့သောကြောင့် ဤအခြေခံဗဟုသုတကို သိရှိ ထားပေသည်။

နျူထရွန်သည် လျှပ်စစ်ဓာတ်မဲ့ အမှုန်တစ်ခုဖြစ်ပြီး ဘေရီယွန် အမျိုးအစားတစ်ခု ဖြစ်ကာ ဒေါင်းကွာ့ခ် နှစ်ခုနှင့် အပ်ကွာ့ခ် တစ်ခုတို့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်၏။ နျူကလီးယား ဓာတ်ပြုမှုများတွင် နျူထရွန် များသည် အက်တမ်ဗဟိုဆံများကို ဗုံးကြဲရန် ဒုံးကျည်များကဲ့သို့ လုပ်ဆောင်နိုင်ပြီး ၎င်းတို့ကို ကွဲထွက် စေခြင်း သို့မဟုတ် ပေါင်းစပ်စေခြင်းဖြင့် ကြီးမားလှသော စွမ်းအင်များကို ထုတ်လွှတ်ပေးနိုင်ပေသည်။

သို့သော် ဤအရာက သူနှင့် မည်သို့ သက်ဆိုင်နေမည်နည်း။

"အဲဒါက လေးဖက်မြင် အာကာသထဲက နျူထရွန်ပဲ..." ဟု ကောင်းချိုးက ထပ်ဖြည့်ပြောလိုက်လေ သည်။

ကောင်းယွမ် နားမလည်နိုင်သေးဘဲ မေးလိုက်လေ၏။

"အဲဒါက ဘာအသုံးဝင်လို့လဲ..."

"တကယ်တော့ ငါတို့ကမ္ဘာကြီးက ဇာတ်သိမ်းခန်းကို ရောက်နေပြီ... ငါရော ဖွံ့ဖြိုးတိုးတက်ရေး အထွေ ထွေအုပ်ချုပ်မှုဌာနပါ လူသားတွေကို နေအဖွဲ့အစည်းပြင်ပကို ခေါ်ထုတ်သွားချင်ကြတယ်... ဒါပေမဲ့ ငါတို့အားလုံး ဘာလို့ ကျရှုံးခဲ့ရလဲဆိုတာ မင်း သိလား..."

ကောင်းယွမ် မည်သို့ သိနိုင်မည်နည်း။

"နည်းပညာ အကန့်အသတ်တွေကြောင့် လေယာဉ်တွေက အရမ်းနှေးနေလို့ မဟုတ်ဘူးလား..."

ကောင်းချိုးက ခေါင်းခါလိုက်လေ၏။

"ငါတို့က အာကာသယာဉ်တွေကိုပဲ အားကိုးနေမယ်ဆိုရင် ဘယ်လောက်ပဲ တိုးတက်လာပါစေ နေအဖွဲ့ အစည်းကနေ ထွက်ခွာနိုင်မှာ မဟုတ်ဘူး... ဆန့်ကျင်ဘက်ဒြပ်ထု အင်ဂျင်ကို သုံးမယ်ဆိုရင်တောင် သီအိုရီအရ အလင်းအမြန်နှုန်းရဲ့ ဆယ်ရာခိုင်နှုန်းအထိပဲ အရှိန်မြှင့်နိုင်မှာ... ဒါပေမဲ့ အဲဒီလို အရှိန်တင်တဲ့ လုပ်ငန်းစဉ်က အနှစ်တစ်ရာ ကြာတယ်... အနီးဆုံး ကြယ်အဖွဲ့အစည်းကို သွားချင်တယ်ဆိုရင် ဘယ် လောက်ကြာမလဲ... "

"အရှိန်တင်ဖို့ အနှစ်တစ်ရာ... အရှိန်လျှော့ဖို့ အနှစ်တစ်ရာနဲ့ ကြားထဲမှာ ပျံသန်းချိန် အနှစ်လေးဆယ် ဆိုတော့ စုစုပေါင်း နှစ်ပေါင်း နှစ်ရာ့လေးဆယ်ပဲ... ဒါက သီအိုရီအရသာ ဖြစ်ပြီး လက်တွေ့မှာတော့ ရရှိဖို့ မဖြစ်နိုင်ပါဘူး... ဘယ်လို ပစ္စည်းကမှ အဲဒီလောက် မြင့်မားတဲ့ အပူချိန်မှာ နှစ်ပေါင်း နှစ်ရာ့လေး ဆယ်ကြာအောင် မခံနိုင်ဘူးလေ... ပြီးတော့ ဆန့်ကျင်ဘက်ဒြပ်ထု ဘယ်လောက် ကုန်ကျမလဲဆိုတာ မင်း သိလား..."

ကောင်းယွမ်တွင် မည်သည့် အကြံဉာဏ်မျှ မရှိသည်မှာ သေချာပေသည်။ သို့သော် နှစ်ပေါင်း နှစ်ရာ့လေး ဆယ်မျှသာ ကြာမြင့်မည့် အချိန်ကာလမှာ လွန်ကဲလှပေသည်။

သို့တိုင်အောင် ဤအရာက ခန္ဓာသုံးပါးပြဿနာ ဝတ္ထုထဲတွင် ထွိုင်ဆိုလာရန် ဂြိုဟ်သားများ ကမ္ဘာမြေသို့ လာရောက်သည့် အမြန်နှုန်းထက် များစွာ ပိုမြန်နေပြီ ဖြစ်၏။

"နေအဖွဲ့အစည်းက တကယ်တော့ လူသားတွေကို အခိုင်အမာ ပိတ်လှောင်ထားတဲ့ လှောင်အိမ်တစ်ခုပဲ... ငါတို့ လေ့လာစောင့်ကြည့်နေတဲ့ စကြဝဠာက အစစ်အမှန် မဟုတ်ဘဲ အတိတ်က အရာတွေဆိုတာ မင်း နားလည်လား..."

"နားမလည်ဘူး..."

"ငါတို့က ဘယ်အရာကိုမဆို လေ့လာဖို့ အလင်းကို လိုအပ်တယ်... ပြီးတော့ စကြဝဠာအကြောင်းကို အလင်းနဲ့ အာကာသ ရောင်ခြည်တွေကတစ်ဆင့် လေ့လာရတာပဲ... ဒါပေမဲ့ အလင်းနှစ် သိန်းပေါင်းများ စွာ ကွာဝေးတဲ့ ကြယ်တွေအကြောင်း ငါတို့ လေ့လာနေတာက တကယ်တော့ လွန်ခဲ့တဲ့ နှစ်သိန်းပေါင်း များစွာက မြင်ကွင်းတစ်ခုပဲ... လွန်ခဲ့တဲ့ နှစ်သိန်းပေါင်းများစွာက လူသားတွေ ရှိခဲ့လို့လား..."

"စစ်သေနာပတိချုပ်ကြီး... ကျွန်တော့်ကို ပြောပြပါ... အဲဒါက ဒီနျူထရွန်နဲ့ ဘာဆိုင်လို့လဲ..."

"ရိုးရိုးလေး ပြောရရင် နေအဖွဲ့အစည်းကို ဖန်တီးခဲ့တာပဲ... ငါတို့က အဲဒီကနေ ဘယ်တော့မှ ထွက်ခွာလို့ မရဘူး... ပြီးတော့ ထွက်သွားဖို့ အခွင့်အရေးကိုလည်း ဆုံးရှုံးခဲ့ပြီးပြီ... ဒါပေမဲ့ မင်းမှာ အခွင့်အရေး ရှိ သေးတယ်..."

ကောင်းယွမ် နားမလည်နိုင်သေးပေ။

အချိန်နှင့်အာကာသတံခါး တပ်ဆင်ရန် ကောင်းချိုး၏ မဟာဗျူဟာမှာ ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေ အုပ်ချုပ်မှုဌာနကို ဖြုတ်ချရန် ရည်ရွယ်ထားခြင်း မဟုတ်ပါလော။

"ဒီအကျပ်အတည်းကို ချိုးဖျက်ဖို့ ငါတို့ရဲ့ တစ်ခုတည်းသော အခွင့်အရေးက လေးဖက်မြင်ကမ္ဘာမှာပဲ ရှိ တယ်... ပြီးတော့ ဒီနျူထရွန်က လေးဖက်မြင် အာကာသကနေ လာတာပဲ..."

ကောင်းယွမ် အံ့ဩမှင်သက်သွားခဲ့လေသည်။

"စစ်သေနာပတိချုပ်ကြီး... ခင်ဗျား ဒီအရာကို ဘယ်လိုရခဲ့တာလဲ... ပြီးတော့ အခွင့်အရေးကို ဆုံးရှုံးခဲ့ ပြီလို့ ပြောတာက ဘာသဘောလဲ..."

"ငါတို့ လမ်းလွဲသွားခဲ့ပြီ... လူသားတွေရဲ့ ခြေရာတွေက နေအဖွဲ့အစည်းတစ်ခုလုံးကို ပျံ့နှံ့သွားပြီး လူတွေ က ထွက်ခွာဖို့ ကြိုးစားလာတဲ့အခါ ငါတို့ကို ရှာတွေ့သွားကြတယ်... အခု နေအဖွဲ့အစည်းကို ဝန်းရံထား တဲ့ အလွန်ပူပြင်းတဲ့ ကြယ်မုန်တိုင်း အတားအဆီးတစ်ခု ရှိနေပြီ... ငါတို့ ထွက်မပျံနိုင်တော့ဘူး... ငါတို့ အထဲမှာ ပိတ်မိနေပြီး သေကြရတော့မယ်... ဒါပေမဲ့ မင်း အဲဒီကို သွားတုန်းကတော့ အခွင့်အရေး ရှိနေ သေးတယ်..."

"ဘယ်သူက ရှာတွေ့သွားတာလဲ..." ကောင်းယွမ်က မေးလိုက်လေ၏။

"ငါလည်း မသိဘူး... ဒါပေမဲ့ မင်းသွားမယ့် ကမ္ဘာကလွဲလို့ ငါတို့လုပ်သမျှ အရာအားလုံးက သူ့ရဲ့ စောင့် ကြည့်မှုအောက်မှာ ရှိနေတယ်... မင်း အဲဒီကမ္ဘာကို အမြန်ဆုံး ထိန်းချုပ်ပြီး ဟင်းလင်းပြင်လှိုဏ်ခေါင်းကို ဖြတ်ကျော်ထွက်သွားဖို့ ဒီနျူထရွန်ကို အသုံးပြုရမယ်... မင်း ထွက်သွားနိုင်မှပဲ ငါတို့ကို ဘယ်သူ ထိန်း ချုပ်နေလဲဆိုတာ ငါသိအောင် မင်း ကူညီပေးနိုင်မှာ..."

"ဒါကို ဘယ်လို သုံးရမှာလဲ..." ဟု ကောင်းယွမ်က မေးလိုက်၏။

ကောင်းချိုးက ခေါင်းခါလိုက်လေသည်။

"ငါ မသိဘူး..."

ထိုစကားကို ကြားသောအခါ ကောင်းယွမ် ဒေါသပေါက်ကွဲတော့မတတ် ဖြစ်သွားခဲ့ပေသည်။

*ဒီလောက် အများကြီး ပြောပြီးတာတောင် အဆုံးကျတော့ သူက မသိဘူးလို့ ပြောလိုက်တာလား…*

ကောင်းယွမ်သည် ကောင်းချိုး၏ မျက်လုံးများကို တည့်တည့် စိုက်ကြည့်လိုက်၏။

"အဘိုး... ခင်ဗျား ကျွန်တော့်ကို ထပ်လိမ်နေပြန်ပြီ..."

ကောင်းချိုးက တည်ငြိမ်စွာပင် ပြောလိုက်လေသည်။

"ငါ တကယ် မသိတာပါ... ဘာလို့လဲဆိုတော့ ဒီနျူထရွန်ကိုလည်း သော့ခတ်ထားလို့ပဲ... အဲဒါကို ဘယ်လို သုံးရမလဲဆိုတာ လေ့လာစူးစမ်းဖို့ မင်းက ဒါကို အဲဒီကမ္ဘာဆီ ယူသွားဖို့ လိုအပ်တယ်..."

ကောင်းယွမ်သည် မိမိကိုယ်ကို တည်ငြိမ်စေရန် အသက်ပြင်းပြင်း အကြိမ်အနည်းငယ် ရှူလိုက်လေ၏။

"ကောင်းပြီ... နျူထရွန်အကြောင်း မပြောကြရအောင်... အခု ကျွန်တော် ဘာလုပ်ဖို့ လိုအပ်လဲ..."

"အဲဒီကမ္ဘာကို ပြန်သွားပြီး ကမ္ဘာကြီးရဲ့ ဘုရင် ဖြစ်လာအောင် လုပ်..."

"ဒီကုန်ကြမ်းတွေကလွဲရင် ခင်ဗျား ကျွန်တော့်ကို ဘာလုပ်စေချင်သေးလဲ... လင်းရှောင် ပြောတဲ့ သံမဏိ ကတော့ လုံးဝ မဖြစ်နိုင်ဘူး... ကမ္ဘာတစ်ခုလုံးမှာ အဲဒီလောက်များတဲ့ သံမဏိတွေ မရှိဘူး..."

ကောင်းချိုးသည် လက်ဝှေ့ယမ်းလိုက်လေ၏။

"သံမဏိအတွက် စိတ်မပူပါနဲ့... ငါ့ဆီမှာ အဲဒီကမ္ဘာကို မြန်မြန်ဆန်ဆန် ထိန်းချုပ်နိုင်ဖို့ မင်းကို ကူညီ ပေးမယ့် နည်းပညာတချို့ ရှိပါတယ်..."

"အဲဒါ ဘာလဲ..."

"ဆန့်ကျင်ဘက်ဒြပ်ထု ထုတ်လုပ်ရေးနည်းပညာ၊ အဏုဇီဝ မျိုးရိုးဗီဇပြုပြင်ရေး နည်းပညာ၊ စစ်သင်္ဘော ထုတ်လုပ်ရေးနည်းပညာနဲ့ သုံးဖက်မြင် မိုက်ခရိုပုံနှိပ်နည်းပညာတွေ အားလုံးကို စက်ရုပ်တွေရဲ့ အချက် အလက်သိုလှောင်ခန်းထဲမှာ ပေါင်းထည့်ထားတယ်... ဒီစက်ရုပ်တွေကို မင်းနဲ့အတူ ယူသွား... ဒီနေရာမှာ စစ်ပွဲတွေ ဖြစ်တော့မယ်... ပြီးတော့ ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဌာနကလည်း ဒီကိစ္စကို အလွတ်ပေးမှာ မဟုတ်ဘူး..."

*စစ်ပွဲ ဖြစ်တော့မှာလား…*

ကောင်းယွမ် အံ့ဩတုန်လှုပ်သွားခဲ့ပေသည်။ ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဌာန၏ အင်အား ဖြင့် ကမ္ဘာမြေကို ဖျက်ဆီးရန်မှာ သူတို့အတွက် လွယ်ကူလွန်းလှပေသည်။

"စစ်သေနာပတိချုပ်ကြီး... ခင်ဗျား ယုံကြည်မှု ရှိရဲ့လား..."

"ခြောက်ဆယ်ရာခိုင်နှုန်းလောက်ပေါ့... အဲဒါက ငါ့ကိစ္စပါ... စိတ်မပူပါနဲ့... ငါရှုံးသွားရင်တောင် ကိစ္စမရှိပါ ဘူး... မင်းက ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဌာနနဲ့ ဆက်ပြီး ပူးပေါင်းဆောင်ရွက်လို့ ရတယ် ... ငါရှုံးသွားရင် မင်းရဲ့ အချက်အလက်တွေ အားလုံး ဆူးမူယန်ရဲ့ စားပွဲပေါ် ရောက်သွားလိမ့်မယ်... သူ မင်းကို ထိခိုက်အောင် လုပ်မှာ မဟုတ်ဘူး... သေချာတာပေါ့... သူ မင်းကို ထိခိုက်အောင် လုပ်လို့ မရပါ ဘူး..."

"အဘိုး... အရင်က ခင်ဗျား အဲဒီကို ဘယ်လို ရောက်သွားတာလဲ... အနားယူဖို့ အဲဒီကမ္ဘာဆီ ကျွန်တော် နဲ့အတူ ဘာလို့ မလိုက်ခဲ့တာလဲ... ခင်ဗျားအတွက် အဘွားကြီး တချို့ ရှာပေးမယ်... အဲဒီတော့ ခင်ဗျား သက်တောင့်သက်သာ နေလို့ရတာပေါ့..."

ကောင်းချိုးက ရွံရှာသော အမူအရာဖြင့် ပြောလိုက်လေသည်။

"ငါ အဘွားကြီးတွေကို မကြိုက်ဘူး..." ဟု

ကောင်းယွမ် ဆွံ့အသွားခဲ့လေသည်။

"ဖြည်းဖြည်း လုပ်ပါဗျာ... ခင်ဗျားက အသက် တစ်ရာ့ခုနစ်ဆယ်ကျော်နေပြီ... ခါးနာမသွားအောင် သတိ ထားဦး..."

"သွားတော့... အခုကစပြီး စက်ရုပ်တွေက ပစ္စည်းတွေကို ယူလာပေးလိမ့်မယ်... လောလောဆယ် ဒီနေရာကို မလာနဲ့ဦး... ငါ အလုပ်များနေဦးမယ်..."

All Chapters