အခန်း ၁၅၆
Vol. 16 Ch. 156
အခန်း (၁၅၆)
လပေါ်ဆင်းသက်ခြင်း တိုက်ရိုက်ထုတ်လွှင့်မှု
"လောင်ကောင်း... ငါတို့ ဒီနိုင်ငံခြားဈေးကွက်တွေကို ရဖို့ အရမ်းကို ကြိုးစားခဲ့ရတာ... အခု မင်း ဘာမှ မလုပ်ရင် တခြားသူတွေလည်း မကြာခင် လိုက်လုပ်ကြတော့မှာပဲ..."
ကျန်းပိုင်ရီက ပြောလိုက်လေသည်။
*အတုခိုးမယ် ဟုတ်လား…*
ကောင်းယွမ် ရယ်မောလိုက်လေ၏။
*အဲ့ဒီလိုဖြစ်လာရင် ပိုမကောင်းဘူးလား…*
*ယခုအချိန်က ပြည်ပမှာ အကုန်လုံး ကမောက်ကမ ဖြစ်နေကြာတာလေ… သူတို့အချင်းချင်း တိုက်ခိုက် ပြီးသွားရင် အနိုင်ရသူတွေနဲ့ ငါတို့က စာရင်းရှင်းလိုက်ရုံပဲပေါ့…*
တစ်ပြိုင်နက်တည်း ရှင်းလင်းပစ်ရသည်မှာ အလွန်ကောင်းမွန်လှပေသည်။
"မင်းရဲ့ အလုပ်ကိုပဲ အာရုံစိုက်ထားပါ... ပြည်ပက ကိစ္စတွေကို စိတ်မပူနေနဲ့... ရှလင်... ပြည်ပက ဝန်ထမ်းတွေ အားလုံးကို ပြန်ခေါ်လိုက်..."
...
ငါးရံ့နက် နည်းပညာကုမ္ပဏီသည် လျင်မြန်စွာ လှုပ်ရှားခဲ့လေသည်။ အမေရိကရှိ ဆိုင်မှ စက်ရုပ်များနှင့် ရှနိုင်ငံ ဝန်ထမ်းများသည် နောက်တစ်နေ့တွင်ပင် ရှနိုင်ငံသို့ ပြန်ရန် လေယာဉ်ပေါ်သို့ စတင်တက်ရောက်ခဲ့ ကြပေသည်။
အခြားသော ရှနိုင်ငံ ကုမ္ပဏီများသည်လည်း အမေရိကတွင် ဖယ်ကျဉ်ခံရမှုများနှင့် ရင်ဆိုင်ခဲ့ရလေသည်။
ငါးရံ့နက် နည်းပညာကုမ္ပဏီ၏ ဆိုင်လည်း ဖျက်ဆီးခံရကြောင်း ကြားလိုက်ရချိန်တွင် အစောပိုင်း၌ ဝမ်းသာသွားခဲ့ကြလေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ကိုယ်တိုင် ဝင်ရောက်စွက်ဖက်ရန် မလို အပ်တော့သောကြောင့် ဖြစ်၏။ ကောင်းယွမ်၏ ကိုယ်ရည်ကိုယ်သွေးအရ သူသည် ထိုသူများကို သေချာပေါက် ဖြုတ်ချပစ်မည်သာ ဖြစ်ပေသည်။
သို့သော် မထင်မှတ်ဘဲ ငါးရံ့နက် နည်းပညာကုမ္ပဏီသည် အလွန် လျင်မြန်စွာ လှုပ်ရှားခဲ့ပြီး ထိုသို့ လျင်မြန်သော်လည်း နောက်ဆုတ်ထွက်ပြေးသွားခြင်းပင် ဖြစ်ပေသည်။
အမေရိကရှိ တောက်ရင်၊ လစ်တဲဂရင်းဘွတ်ခ် ကဲ့သို့သော ကုမ္ပဏီများနှင့် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း အများအပြားသည် ငါးရံ့နက် နည်းပညာကုမ္ပဏီကို ကြီးမားသော စိတ်ဝင်စားမှုဖြင့် စောင့်ကြည့်နေခဲ့ ကြသော်လည်း ယခုတစ်ကြိမ်တွင် ငါးရံ့နက် နည်းပညာကုမ္ပဏီက နောက်ဆုတ်သွားမည်ဟု ထင်မှတ် မထားခဲ့ကြပေ။
တကယ်တမ်းတွင် နိုင်ငံတကာမှ လူအများအပြားကလည်း စောင့်ကြည့်နေခဲ့ကြခြင်းဖြစ်လေသည်။
မည်သို့ပင်ဆိုစေကာမူ ဤကမ္ဘာပေါ်တွင် ငါးရံ့နက် နည်းပညာကုမ္ပဏီကို ထိပါးရဲသူ မည်သူမျှ မရှိတော့ ပေ။
ယခုတစ်ကြိမ် ငါးရံ့နက် နည်းပညာကုမ္ပဏီ၏ တုံ့ပြန်မှုမှာ အတော်လေး အံ့အားသင့်စရာ ကောင်းနေခဲ့ ပေသည်။
နိုင်ငံခြား အဖွဲ့အစည်း အများအပြားသည် ဂျပန်ကို အနိုင်ယူပြီးနောက် ငါးရံ့နက် နည်းပညာကုမ္ပဏီတွင် ဆန့်ကျင်ဘက်ဒြပ်ထု မရှိတော့ဘဲ ၎င်း၏ အာကာသစစ်သင်္ဘောမှာ ယခုအခါ အလှပြသက်သက်သာ ဖြစ်နေပြီဟု ယုံကြည်ကာ အောင်ပွဲခံနေကြလေသည်။
ရလဒ်အနေဖြင့် ငါးရံ့နက် နည်းပညာကုမ္ပဏီ၏ ထုတ်ကုန်များသည် ဒေသအသီးသီးတွင် ဖယ်ကျဉ်ခံလာ ရလေသည်။
ကောင်းယွမ်သည် ဤကိစ္စကို လုံးဝ ဂရုမစိုက်ဘဲ လျစ်လျူရှုထားခဲ့လေသည်။
ထိုအချိန်တွင် အသက်ဆက် အခြေခံဆေးရည်အတွက် သတင်းစာရှင်းလင်းပွဲကို သတ်မှတ်ထားသော နေရာ၌ ကျင်းပနေခဲ့လေသည်။ ကောင်းယွမ်သည် ထိုပွဲသို့ပင် တက်ရောက်ခဲ့ခြင်းမရှိဘဲ ကျန်းပိုင်ရီနှင့် ပိုင်မော့ယွီတို့ကသာ ဦးဆောင်ကျင်းပခဲ့ကြပေသည်။
အသက်ဆက် အခြေခံဆေးရည်မှာ အမှန်တကယ်ပင် အံ့မခန်း ဖြစ်ပေသည်။
သို့သော် ဆေးဘက်ဆိုင်ရာ နယ်ပယ်တွင် အလုပ်လုပ်နေသူ အများအပြားကမူ အကျပ်အတည်း တစ်ခု ကို ခံစားနေကြရလေသည်။
နိုင်ငံရပ်ခြားရှိ ကောင်းယွမ်၏ ကျရှုံးမှုများနှင့် ပေါင်းစပ်လိုက်သောအခါ အင်တာနက်ပေါ်ရှိ သူ၏ ဂုဏ်သတင်းမှာ ညတွင်းချင်း ပြောင်းပြန်ဖြစ်သွားခဲ့လေတော့သည်။
လူအများအပြားသည် ငါးရံ့နက် နည်းပညာကုမ္ပဏီကို စတင် အပုပ်ချလာကြလေသည်။
"ကောင်းယွမ်လို လူသတ်သမားက ငရဲကိုသွားဖို့ ထိုက်တန်တယ်... ဘာလို့ ဒီတစ်ကြိမ်မှာ လက်စားမချေ တာလဲ..."
"သူတို့က အာရှတိုက်သားတွေကိုပဲ ရန်စရဲတာ... အမေရိကမှာကျတော့ ခွေးတွေလို အနင်းခံနေရတာ တောင် ပြန်မချေပရဲကြဘူး..."
"ကောင်းယွမ်က လူဘယ်နှယောက်ရဲ့ ဘဝတွေကို ဖျက်ဆီးခဲ့ပြီးပြီလဲ... ကောင်းယွမ် အာဏာရလာက တည်းက ငါတို့ရဲ့ ဘဝတွေ ပိုခက်ခဲလာပြီး နိုင်ငံတကာ ပုံရိပ်ကလည်း ပိုဆိုးလာတယ်ဆိုတာ သတိထား မိကြရဲ့လား..."
"ငါးရံ့နက်က စားဖိုမှူးနဲ့ သွားတိုးနေပြီ... ဟားဟား..."
...
ဤအချိန်တွင် ကောင်းယွမ်သည် တာချင်းတောင် အခြေစိုက်စခန်း၏ ဆောက်လုပ်ရေး တိုးတက်မှုကို စစ်ဆေးနေခဲ့လေသည်။ သူသည် ဆောက်လုပ်ရေးပိုးကောင်များကို ထပ်မံ အသုံးပြုခဲ့၏။ တာချင်း တောင်သည် အမှန်တကယ်ပင် ဝန်ထမ်း တစ်သိန်းကျော်ရှိသော မြို့တော်ကြီးတစ်ခု ဖြစ်လာခဲ့ပေသည်။
မုကျား ပတ်ဝန်းကျင်၌သာမက ထိုဒေသတစ်ခုလုံးရှိ လူငယ်အများအပြားသည် ငါးရံ့နက် နည်းပညာ ကုမ္ပဏီသို့ ဝင်ရောက် အလုပ်လုပ်ကိုင်လာခဲ့ကြလေသည်။
အချိန်ကျပြီဟု ကောင်းယွမ် ခံစားလိုက်ရပေသည်။
ပြီးခဲ့သည့်အကြိမ်က ကောင်းချိုး ပေးလိုက်သော စက်ရုပ်သည် အဆင့်မြင့် နည်းပညာလေးခုကို ယူ ဆောင်လာခဲ့လေသည်။ ဤနည်းပညာများကို အနာဂတ်ကမ္ဘာတွင်ပင် တင်းကျပ်စွာ ကန့်သတ်ထားခြင်း ဖြစ်၏။
အဏုဇီဝ မျိုးရိုးဗီဇပြုပြင်ရေး နည်းပညာကို အသုံးပြုနေပြီ ဖြစ်လေသည်။ အပင်သေစေသည့် အဆိပ် နှင့် အာဟာရအနှစ် ထုတ်လုပ်ပေးသော ဘက်တီးရီးယား အမျိုးမျိုးမှာ ဤနည်းပညာ၏ ထုတ်ကုန်များ ပင် ဖြစ်ကြပေသည်။
အခြား နည်းပညာသုံးခုဖြစ်သော ဆန့်ကျင်ဘက်ဒြပ်ထု ထုတ်လုပ်ရေးနည်းပညာ၊ စစ်သင်္ဘော ထုတ်လုပ် ရေးနည်းပညာနှင့် သုံးဖက်မြင် မိုက်ခရိုပုံနှိပ်နည်းပညာတို့နှင့် ပတ်သက်၍မူ ကောင်းယွမ်သည် ၎င်းတို့ကို ကမ္ဘာမြေပေါ်တွင် အသုံးပြုရန် မရည်ရွယ်ဘဲ လကမ္ဘာ အခြေစိုက်စခန်းအတွက် ဖွံ့ဖြိုးတိုးတက်စေရန် အလိုရှိနေခဲ့လေသည်။
ယခင်က သူ ချင်ကျင်းမြို့သို့ သွားစဉ်က နိုင်ငံတော်အတွက် လက်ဆောင်အဖြစ် အာကာသဘက်စ်ကား နှစ်စီးကိုလည်း ယူဆောင်သွားခဲ့လေသည်။
ယနေ့တွင်ပင် အမျိုးသား အာကာသစင်တာက ရှနိုင်ငံ၏ လူလိုက်ပါသော လပေါ်ဆင်းသက်မည့် စီမံ ကိန်းကို မနက်ဖြန်တွင် ကမ္ဘာတစ်ဝန်းသို့ တိုက်ရိုက် ထုတ်လွှင့်ပြသမည့်အကြောင်း ကြေညာခဲ့လေ သည်။
ကောင်းယွမ်သည် နိုင်ငံတော်နှင့် ပူးပေါင်းဆောင်ရွက်ရန် ပြင်ဆင်နေခဲ့လေသည်။
ဤတစ်ကြိမ်တွင် သူကိုယ်တိုင် လပေါ်သို့ တက်ကာ သတ္တုတူးဖော်ရေး၊ ထုတ်လုပ်ရေးနှင့် စစ်ရေးလုပ် ငန်းဆောင်တာများကို ပေါင်းစပ်ထားသော အခြေစိုက်စခန်းတစ်ခု တည်ဆောက်မည် ဖြစ်၏။
ထို့ကြောင့် ကောင်းယွမ်သည် ချင်ထျဲ့ကျွင်းထံ ဖုန်းခေါ်ဆိုလိုက်လေသည်။
တောင်းဆိုချက်အရ ငါးရံ့နက် နည်းပညာကုမ္ပဏီသည် အမျိုးသား အာကာသအေဂျင်စီနှင့် ပူးတွဲ တိုက် ရိုက်ထုတ်လွှင့်မှု ပြုလုပ်မည် ဖြစ်ပေသည်။
ငါးရံ့နက် နည်းပညာကုမ္ပဏီအနေဖြင့် လုံးဝ ပူးပေါင်းဆောင်ရွက်ရန် မလိုအပ်သော်လည်း ဤသည်မှာ သဘောထားနှင့် သက်ဆိုင်သော ကိစ္စဖြစ်လေသည်။
ကောင်းယွမ်သည် ဖြစ်ပေါ်လာတော့မည့် ကမ္ဘာကြီးကို ထိန်းချုပ်ရန်အတွက် သူတို့နှင့် ရိုးသားစွာ ပူး ပေါင်းဆောင်ရွက်လိုကြောင်း နိုင်ငံ၏ ထိပ်တန်း ခေါင်းဆောင်များထံ ဖော်ပြနေခြင်းပင် ဖြစ်ပေသည်။
မည်သို့ပင်ဆိုစေကာမူ ကမ္ဘာမြေကြီးမှာ အလွန် ကြီးမားလှသဖြင့် ကောင်းယွမ် တစ်ဦးတည်း ကစား နေရမည်ဆိုပါက အလွန် ပျင်းစရာကောင်းနေပေလိမ့်မည်။
...
မုကျားရှိ ငါးရံ့နက် နည်းပညာစက်မှုဇုန် နယ်မြေအတွင်း ဒုတိယအဆင့် တည်ဆောက်မှု၌ ဧရာမ အာကာသဘက်စ်ကား ပစ်လွှတ်ရေးစခန်းတစ်ခု ရှိနေပေသည်။
၎င်းကို ပစ်လွှတ်ရေးဟု ခေါ်ဆိုသော်လည်း အမှန်တကယ် ဆူညံပွက်လောရိုက်မှုမှာ အနည်းငယ်မျှသာ ရှိပေသည်။ ဤအချိန်တွင် အမျိုးသား အာကာသအေဂျင်စီမှ ဝန်ထမ်းများ ရောက်ရှိနေကြပြီ ဖြစ်၏။
ကောင်းယွမ်လည်း လပေါ်သို့ သွားမည်ဖြစ်ကြောင်းကို ကျိုးကျန်းလီ သိရှိသောအခါ ပစ်လွှတ်မှုကို မုကျားရှိ ကောင်းယွမ်၏ အခြေစိုက်စခန်းသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်လိုက်လေသည်။ ဤသည်မှာ နှစ်ဖက်စလုံးက ရိုးသားဖြောင့်မတ်မှုကို ပြသလျက် ကျေးဇူးဆပ်သည့် နည်းလမ်းတစ်ခု ဖြစ်ပေသည်။
အခြေစိုက်စခန်းတွင် အာကာသဘက်စ်ကား သုံးစီးကို တန်းစီထားပြီး အာကာသအေဂျင်စီမှ အာကာသ ယာဉ်မှူး နှစ်ဆယ့်ခြောက်ဦးမှာလည်း နေရာယူထားပြီး ဖြစ်လေသည်။
အစီအစဉ်တင်ဆက်သူသည် မိုက်ခရိုဖုန်းကို ကိုင်ဆောင်ထားလျက်ရှိလေ၏။
ရှနိုင်ငံ ဗဟိုရုပ်သံလွှင့်ဌာန၏ ဘက်စုံချန်နယ်၊ ရှနိုင်ငံ ကွန်ရက်ရုပ်မြင်သံကြားဌာန၊ ရှသတင်းအေဂျင်စီ နှင့် ရှနိုင်ငံနေ့စဉ်သတင်းစာတို့မှ ဝန်ထမ်းများသည် ကင်မရာများဖြင့် ရိုက်ကူးနေခဲ့ကြလေသည်။
စီစီတီဗီမှ သတင်းကြေညာသူ ဟိုင်ယန်သည် မိုက်ခရိုဖုန်း အသုံးပြု၍ တင်ဆက်နေခဲ့ပေသည်။
"အားလုံးပဲ... ကျွန်မက ဟိုင်ယန်ပါ... ဒါကတော့ လပေါ်ဆင်းသက်ခြင်းကို စီစီတီဗီက တိုက် ရိုက် ထုတ်လွှင့်နေတာပဲ ဖြစ်ပါတယ်..."
"ဒီလပေါ်ဆင်းသက်မှုက ရှနိုင်ငံရဲ့ အာကာသယာဉ်မှူးတွေ တရားဝင် လပေါ်ကို ပထမဆုံးအကြိမ် ခြေချ တာပဲ ဖြစ်ပါတယ်... ကျွန်မတို့ အခု ရှန်းနန်ပြည်နယ်၊ လင်းကျိုးမြို့က မုကျား ပစ်လွှတ်ရေးစခန်းမှာ ရောက်ရှိနေတာပဲဖြစ်ပါတယ်... ကျွန်မရဲ့ အနောက်မှာရှိတဲ့ ဒီလူလိုက်ပါတဲ့ အာကာသယာဉ်က အရင်နဲ့ မတူဘူးဆိုတာကို မြင်တွေ့နိုင်ပါတယ်... "
"မိုးပျံနေတဲ့ ဒုံးပျံတွေ မရှိဘူး... ဧရာမ အထောက်အကူပြု တည်ဆောက်ပုံတွေလည်း မရှိဘူး... ပြုပြင် ပြောင်းလဲထားတဲ့ ဘက်စ်ကားတွေနဲ့တူတဲ့ ယာဉ်သုံးစီးပဲ ရှိပါတယ်... လောလောဆယ်တော့ ကျွန်မ ရှင်တို့ကို စိတ်လှုပ်ရှားအောင် ထားခဲ့ပါဦးမယ်... လပေါ်ဆင်းသက်ဖို့ ဘာကို အသုံးပြုမလဲဆိုတာ ရှင်တို့ ခန့်မှန်းနိုင်မလားရှင်..."
ဟိုင်ယန်သည် အာကာသဘက်စ်ကားဆီသို့ လျှောက်သွားခဲ့လေသည်။
ဤအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း လူတစ်စုက မှတ်ချက်များ အဆက်မပြတ် ရေးသားနေကြ လေတော့၏။
[သူတို့ ငါတို့ကို စိတ်လှုပ်ရှားအောင် သိပ်မလုပ်နိုင်ပါဘူး... ကောင်းယွမ် အရင်က တစ်ခါ ထုတ်ပြဖူးတယ် လေ... ဒီဟာကို ကလေးဘက်စ်ကားလို့ ခေါ်တယ်...]
[ဒါက ငါးရံ့နက် နည်းပညာကုမ္ပဏီရဲ့ အာကာသဘက်စ်ကား မဟုတ်ဘူးလား...]
[နိုင်ငံတော်ကြီး ယိုယွင်းပျက်စီးသွားပြီ...]
[မကြာသေးခင်က ငါးရံ့နက် နည်းပညာကုမ္ပဏီရဲ့ မဟာဗျူဟာမြောက် ဆုံးဖြတ်ချက်တွေ အများကြီး တိုးတက်လာတယ်ဆိုတာ ငါသိတယ်... အရင်ကဆို ကောင်းယွမ်ရဲ့ ပစ္စည်းတွေကို ထိရတဲ့သူတိုင်း သုတ် သင်ခံရတာချည်းပဲ... အခု သူတို့ဆိုင် ဖျက်ဆီးခံရတာကို ဝေ့ပေါ်မှာ ရှုတ်ချရုံပဲ လုပ်တယ်... အစိုးရက ဝယ်လိုက်တာပဲ ဖြစ်ရမယ်...]
[ကောင်းယွမ် ဘယ်မှာလဲ... ကောင်းယွမ် တရားဝင် အလုပ်ခန့်ခံရတယ်လို့ ငါ သံသယရှိတယ်... ဒါမှ မဟုတ်ရင် သူက ဘယ်လိုလုပ် ဒီလောက် တည်ငြိမ်နေမှာလဲ...]
[ကျစ်... ငါလည်း စိတ်ဝင်စားသွားပြီ... ဘာလို့လဲတော့ မမေးနဲ့... အာဏာပိုင်တွေက ကောင်းယွမ်လို လူသတ်သမားတွေနဲ့ ပူးပေါင်းတာက လူ့အခွင့်အရေးကို ချိုးဖောက်တာပဲ...]
ဟိုင်ယန်သည် အာကာသဘက်စ်ကားရှေ့သို့ ရောက်ရှိသွားခဲ့လေသည်။
"ရှင်တို့ မြင်တဲ့အတိုင်းပဲ... ဒီဘက်စ်ကားနဲ့တူတဲ့ ယာဉ်က တကယ်တော့ အတော်လေး ကြီးမားပါတယ်... အတွင်းပိုင်းနေရာရဲ့ တစ်ဝက်က ခရီးသည်တွေနဲ့ မော်တော်ယာဉ် အမျိုးမျိုးအတွက်ပါ... ဒီလပေါ်ဆင်း သက်မယ့် စီမံကိန်းကို 'လနန်းတော် စီမံကိန်း' လို့ အမည်ပေးထားပြီးတော့ ဒီနေရာမှာ အာကာသဘက်စ် ကား သုံးစီး ရှိနေပါတယ်... ဒါကို လနန်းတော် အမှတ် (၁) လို့ ခေါ်ပြီး သူ့အနောက်က တစ်စီးကို လနန်း တော် အမှတ် (၂) လို့ ခေါ်ပါတယ်... ပြီးတော့ နောက်ဆုံးတစ်စီးကိုတော့... ငါးရံ့နက်လို့ ခေါ်ပါတယ်..."
ဟိုင်ယန် စကားပြောပြီးနောက် သူမ၏ ကိုယ်ပိုင် ခံစားချက်များကိုပင် မထိန်းချုပ်နိုင်ခဲ့ပေ။
အင်တာနက်အသုံးပြုသူများမှာ ပို၍ပင် ရယ်မောသဘောကျသွားကြလေသည်။
[နာမည်ပေးကောင်းလိုက်တာပဲ... တတိယတစ်စီးကို လနန်းတော် အမှတ် (၃) လို့ ခေါ်မလားဆိုတာ ငါ ခန့်မှန်းရဦးမယ် ထင်နေတာ...}
[အမှားအယွင်းများ ရှိနေတာလား... အဲဒါကို ငါးရံ့နက် အမှတ် (၁)၊ အမှတ် (၂) နဲ့ အမှတ် (၃) လို့ ခေါ်သင့် တာလေ...]
[နိုင်ငံတော်က နောက်ဆုံးတော့ လက်မြှောက်လိုက်ပြီပဲ... သူတို့ ကိုယ်ပိုင်ဒုံးပျံတွေ တည်ဆောက်တာကို ရပ်တန့်လိုက်ပြီး အခု ငါးရံ့နက် နည်းပညာကုမ္ပဏီရဲ့ အာကာသဘက်စ်ကားကို သုံးနေပြီ...]
ဤအချိန်တွင် အာကာသယာဉ်မှူး နှစ်ဆယ့်ခြောက်ဦးသည် တန်းစီနေကြပြီး အားလုံးမှာ အနည်းငယ် စိတ်လှုပ်ရှားနေခဲ့ကြလေသည်။ ဤသည်မှာ ရှနိုင်ငံ၏ ပထမဆုံး လပေါ်ဆင်းသက်မှု ဖြစ်၏။
ကောင်းယွမ် အကြိမ်များစွာ ရောက်ဖူးကြောင်း အင်တာနက်ပေါ်တွင် ကောလာဟလများ ပျံ့နှံ့နေသော် လည်း တရားဝင် အတည်ပြုထားခြင်း မရှိသလို ကောင်းယွမ် ကိုယ်တိုင်လည်း ဝန်ခံထားခြင်း မရှိပေ။ ထို့ကြောင့် သူတို့သည်သာ လပေါ်သို့ ဆင်းသက်ခဲ့ကြောင်း တရားဝင် မှတ်တမ်းတင်ခံရမည့် ပထမဆုံး လူများ ဖြစ်လာခဲ့ကြလေသည်။
သို့သော် ယခုတစ်ကြိမ်တွင် လူအတော်များများ ပါဝင်နေခဲ့ပေသည်။