အခန်း ၁၆၀
Vol. 16 Ch. 160
အခန်း (၁၆၀)
လကမ္ဘာပေါ်တွင် မြို့တစ်မြို့ တည်ဆောက်ခြင်း
အာကာသ ဘက်စ်ကား သုံးစင်းလုံး၏ အတွင်းပိုင်း မြင်ကွင်းများကို တစ်နိုင်ငံလုံးရှိ ကြည့်ရှုသူများထံ တိုက်ရိုက် ထုတ်လွှင့်နေခဲ့ပေသည်။
ဤသည်မှာ အတွင်းပိုင်း ပတ်ဝန်းကျင် အခြေအနေနှင့် လကမ္ဘာသို့ သွားရောက်မည့် အဖွဲ့သားများ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေများကို အဓိကထား ပြသလိုခြင်း ဖြစ်ပေ၏။
နိုင်ငံတော်အသင်းနှင့် ကောင်းယွမ်တို့၏ အခြေအနေမှာ ဆန့်ကျင်ဘက် အစွန်းနှစ်ဖက် ဖြစ်နေခဲ့လေ သည်။
"ကောင်းယွမ်က အပန်းဖြေခရီး ထွက်လာသလိုပဲလို့ ငါ ဘာလို့ ခံစားနေရတာလဲ..."
" ထွက်လာသလိုပဲ လို့ ဘာလို့ ပြောတာလဲ... တကယ်ကို အပန်းဖြေခရီး ထွက်လာတာကြတာပဲလေ... ဥက္ကဋ္ဌကောင်းအတွက်တော့ လကမ္ဘာဆိုတာ အပန်းဖြေဖို့ နေရာပဲ... သူ လကမ္ဘာပေါ်မှာ ကြော်ငြာနေရာ တွေ ငှားဖို့ လုပ်ခဲ့တာ မေ့သွားပြီလား... တခြားသူတွေအတွက်တော့ လကမ္ဘာက ကြော်ငြာနေရာ ဖြစ်ပေ မဲ့ သူ၏အတွက်တော့ သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို လာစစ်တဲ့ အပန်းဖြေခရီး မဟုတ်လို့ ဘာလဲ..."
"နိုင်ငံတော်အသင်းကတော့ သိပ်ကို တည်ကြည်နေတာပဲ..."
"ဟုတ်ပ... ငါသာဆိုရင်လည်း လကမ္ဘာကို သွားချင်မိမှာပဲ..."
အာကာသ ဘက်စ်ကား၏ ရှေ့တွင်တော့ အဆုံးအစမရှိ ကျယ်ပြောလှသည့် ဟင်းလင်းပြင်ကြီးက ချောက်ကမ်းပါးကြီးတစ်ခုကဲ့သို့ မှောင်မည်းနေပြီး လကမ္ဘာ၏ အလင်းရောင်မှာမူ ပို၍ ပို၍ လင်းလက် လာခဲ့လေသည်။
အာကာသ ဘက်စ်ကား၏ နောက်ကွယ်တွင်တော့ ကမ္ဘာမြေကြီး ရှိနေခဲ့ပေသည်။ ဤသည်မှာ လူအ တော်များများအတွက် သူတို့၏ ဘဝသက်တမ်းတစ်လျှောက် ကမ္ဘာမြေကြီး၏ ပုံရိပ် အပြည့်အစုံကို တိုက်ရိုက်ထုတ်လွှင့်မှုမှတစ်ဆင့် ပထမဆုံးအကြိမ် မြင်တွေ့ရခြင်း ဖြစ်ပေလိမ့်မည်။
မိမိတို့၏ ဘိုးဘေးဘီဘင်များသည် ကမ္ဘာမြေပေါ်တွင် နှစ်ပေါင်းထောင်ချီ၍ နေထိုင်ခဲ့ကြသော်လည်း ကမ္ဘာမြေကြီး၏ ပုံရိပ်အပြည့်အစုံကိုမူ တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးကြပေ။ ခေတ်သစ်ကာလသို့ ရောက်ရှိ၍ ဂြိုဟ်တုများ ပေါ်ပေါက်လာသည့် အချိန်မှသာ ကမ္ဘာမြေကြီး၏ ပထမဆုံး ဓာတ်ပုံကို ရရှိခဲ့ကြခြင်း ဖြစ် ပေ၏။
ယခုအခါ တန်ကျန့်လုံသည် သူ၏ နောက်ကွယ်မှ ကမ္ဘာမြေကြီးကို လှည့်ကြည့်လိုက်လေသည်။ သူ၏ ခံစားချက်ကို မည်သို့ ဖော်ပြရမည်မှန်း သူ မသိပေ။ အံ့ဩတုန်လှုပ်ခြင်း၊ ကြောက်ရွံ့ခြင်းနှင့် အားကိုးရာ မဲ့ခြင်းတို့ ရောပြွမ်းနေခဲ့သည်။
အချို့သောသူများသည် ချောက်ကမ်းပါး အစွန်းတွင် ရပ်လျက် ဟင်းလင်းပြင်ကြီးကို ငုံ့ကြည့်တတ်ကြ ပြီး၊ အချို့မှာမူ ဟင်းလင်းပြင်ထဲတွင် ရပ်လျက် ချောက်ကမ်းပါးကို မော့ကြည့်တတ်ကြသော်လည်း အာကာသထဲမှ ကမ္ဘာမြေကြီးကို မြင်တွေ့ရသည့် မြင်ကွင်းလောက် မည်သည့်မြင်ကွင်းကမျှ ရင်သပ်ရှု မောဖွယ် မကောင်းနိုင်ပေ။
ဤဂြိုဟ်ကြီးသည် လူသားမျိုးနွယ် အားလုံးကို မွေးဖွားပေးခဲ့ခြင်း ဖြစ်၏။ ဤသည်မှာ လူသားအားလုံး ၏ ဘုံအိမ်ဂေဟာပင် ဖြစ်ပေသည်။ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသူများမှာလည်း မှင်သက်သွား ခဲ့ကြရလေသည်။ တိုက်ရိုက်ထုတ်လွှင့်မှုတွင် မြင်တွေ့ရသည်မှာပင် ဤမျှ ဆန်းကြယ်နေပါက ကိုယ်တိုင် ကိုယ်ကျ မြင်တွေ့ရပါက မည်သို့ ခံစားရမည်နည်း။
ကောင်းယွမ်သည် အာကာသ ဘက်စ်ကားပေါ်တွင် ထိုင်လျက် အသားစား၊ ဝိုင်သောက်ရင်း လကမ္ဘာသို့ ရောက်သည့်အခါ ဘာလုပ်ရမည်ကို စတင် စဉ်းစားနေခဲ့လေသည်။
အချိန်များ ကုန်ဆုံးသွားခဲ့၏။ အင်တာနက် အသုံးပြုသူ အမြောက်အမြား၏ စောင့်ကြည့်မှုအောက်တွင် လကမ္ဘာကြီးမှာ ပို၍ ပို၍ ကြီးမားလာခဲ့ပြီး အာကာသယာဉ်မှူး တစ်ဦးက စတင် ရှင်းပြလိုက်လေသည်။
"ကျွန်တော်တို့ အခု သင့်တော်တဲ့ ဆင်းသက်မယ့် နေရာကို ရှာဖို့အတွက် လကမ္ဘာပတ်လမ်းကြောင်း ထဲကို ဝင်ရောက်တော့မှာ ဖြစ်ပါတယ်... ကျွန်တော်တို့ရဲ့ အစီအစဉ်အရ ပထမဆုံး လကမ္ဘာဆင်းသက်မှု အတွက် ကွမ်ဟန်နန်းတော် ကို ဆင်းသက်မယ့် နေရာအဖြစ် ရွေးချယ်ထားပါတယ်... ကွမ်ဟန်နန်းတော် ဟာ ချန်အီနဲ့ ယွီထုတို့ စူးစမ်းလေ့လာခဲ့တဲ့ မြေမျက်နှာသွင်ပြင် ဖြစ်ပါတယ်... အဲဒီနေရာဟာ မုန်တိုင်း သမုဒ္ဒရာနဲ့ စိုစွတ်သောပင်လယ်ကြားမှာ တည်ရှိပါတယ်..."
"ကျွန်တော်တို့ရဲ့ အာကာသ ဘက်စ်ကားဟာ အခု လကမ္ဘာကို တစ်ပတ် ပတ်ပြီးသွားပြီ ဖြစ်လို့ ဆင်းသက်မယ့် နေရာကို သတ်မှတ်ပြီးပါပြီ... အာကာသ ဘက်စ်ကား စတင် လှည့်ပတ်နေပါပြီ..."
ကောင်းယွမ်သည် ယာဉ်ပေါ်တွင် ထိုင်နေရင်း အကြောဆန့်လိုက်ကာ ပြောလိုက်လေ၏။
"ဆင်းကြစို့..."
ငါးရံ့နက် အာကာသ ဘက်စ်ကားမှာ အောက်သို့ ထိုးဆင်းသွားခဲ့ရာ လနန်းတော် အမှတ် (၁) နှင့် လနန်း တော် အမှတ် (၂) ပေါ်မှ လူများမှာ ငါးရံ့နက် ယာဉ်ပျံက သူတို့ဘေးမှ လျင်မြန်စွာ ဖြတ်ကျော်သွားသည် ကို ကြည့်ကာ လန့်ဖျန့်သွားကြလေတော့သည်။
"တစ်ခုခုများ ဖြစ်သွားနိုင်မလား..."
တစ်စုံတစ်ယောက်က မေးလိုက်၏။
"မဖြစ်နိုင်ပါဘူးလေ..."
မိနစ်အနည်းငယ် ကြာပြီးနောက်တွင်မူ ကောင်းယွမ်၏ အသံမှာ အာကာသ ဘက်စ်ကား၏ ထိန်းချုပ် ခန်းမှ ထွက်ပေါ်လာခဲ့လေသည်။
"မြန်မြန်ဆင်းလာကြတော့လေ... ဘာလို့ ဒီလောက် နှေးနေကြတာလဲ..."
အာကာသယာဉ်မှူး တစ်စုမှာ တစ်ဦးကိုတစ်ဦး တွေဝေစွာ ကြည့်လိုက်ကြလေ၏။ ဤသည်မှာ လကမ္ဘာ ဖြစ်ပေသည်။ တန်ကျန့်လုံသည် စိတ်လှုပ်ရှားစွာဖြင့် စမ်းသပ်ကြည့်ချင်နေပြီ ဖြစ်၏။ နောက်ဆုံးတွင် သူတို့ ရောက်ရှိသွားခဲ့ပြီး အာကာသဝတ်စုံများကို ဝတ်ဆင်ကာ လိုအပ်သည့် ပြင်ဆင်မှုများအားလုံးကို လုပ်ဆောင်လိုက်ကြလေသည်။
ယာဉ်ဆင်းသက်သည့်အခါ ပြင်းထန်သော ရိုက်ခတ်မှုများ ရှိလိမ့်မည်ဟု သူ ထင်မှတ်ထားခဲ့သော်လည်း အာကာသ ဘက်စ်ကားမှာမူ ဖုန်တစ်စမျှပင် မထွက်ဘဲ တည်ငြိမ်စွာ ဆင်းသက်နိုင်ခဲ့ပေသည်။
တန်ကျန့်လုံသည် စိတ်လှုပ်ရှားနေသော မျက်နှာဖြင့် ကျိုးကူဘက်သို့ လှည့်ကာ မေးလိုက်၏။
"ဆရာကျိုး... ကျွန်တော်တို့ လကမ္ဘာကို ရောက်ပြီလား..."
"သေချာတာပေါ့..."
ကျိုးကူသည်လည်း အနည်းငယ် စိတ်လှုပ်ရှားနေခဲ့ပေသည်။ ယာဉ်အဝင်ဝသို့ ရောက်သည့်အခါ တံခါး ပွင့်သွားပြီး ကျိုးကူသည် ပထမဆုံး ခုန်ဆင်းလိုက်လေ၏။
ဆင်းသက်လိုက်ရသည့် ခံစားချက်မှာ အလွန်ပင် ပေါ့ပါးလှပေသည်။ အလင်းရောင်မှာ မှိန်ဖျော့နေခဲ့လေ ၏။ ကျိုးကူသည် အဝေးသို့ လှမ်းကြည့်လိုက်သည့်အခါ မှောင်မည်းနေသော ကောင်းကင်ယံနှင့် အပြာ ရောင် ဂြိုဟ်ကြီးကို လှမ်းမြင်လိုက်ရလေသည်။ အရာအားလုံးမှာ အလွန်ပင် ဆန်းကြယ်လှပေ၏။ သူ သည် သူ၏နောက်မှ လူများကို လက်ယပ်ခေါ်လိုက်လေသည်။
မကြာမီပင် လူတစ်စုမှာ တစ်ဦးပြီးတစ်ဦး ဆင်းလာခဲ့ကြလေ၏။ လနန်းတော် အမှတ် (၁) ၏ အဖွဲ့ ခေါင်းဆောင် အနေဖြင့် ကျိုးကူသည် တာဝန်အသီးသီးကို စတင် ခွဲဝေပေးလိုက်လေသည်။
ထိုအချိန်တွင် ကောင်းယွမ်သည် ငါးရံ့နက် ယာဉ်ပေါ်တွင် ထိုင်နေဆဲ ဖြစ်သော်လည်း စက်ရုပ်များမှာမူ ဆင်းသွားကြပြီ ဖြစ်၏။ ကောင်းယွမ်သည် အခြေစိုက်စခန်း တည်ဆောက်ရန် စက်ရုပ်များကို စတင် ညွှန်ကြားလိုက်လေသည်။
ငါးရံ့နက် နည်းပညာကုမ္ပဏီမှ လူများကို မြင်လိုက်ရသည့်အခါ ကျိုးကူသည် အံ့ဩသွားခဲ့ရလေသည်။ သူတို့သည် အာကာသဝတ်စုံများ ဝတ်ဆင်ထားခြင်း မရှိဘဲ... လကမ္ဘာ မျက်နှာပြင်ပေါ်တွင် မည်သည့် အကာအကွယ် အဝတ်အစားမျှ မပါဘဲ လွတ်လပ်စွာ သွားလာနေကြခြင်း ဖြစ်လေ၏။
*ဘာတွေ ဖြစ်ကုန်တာလဲ… သူတို့ ဘယ်လိုများ လုပ်လိုက်တာလဲ…*
*ငါးရံ့နက် နည်းပညာကုမ္ပဏီမှာ လူတွေကို လကမ္ဘာ မျက်နှာပြင်ပေါ်မှာ လွတ်လပ်စွာ သွားလာနိုင်စေတဲ့ အခြား အဆင့်မြင့်နည်းပညာများ ရှိနေတာများလား…*
ကျိုးကူသည် ထိုအကြောင်းကို နားမလည်နိုင်သဖြင့် သူ၏ အဖွဲ့သားများနှင့်အတူ အချက်အလက် ထုတ် လွှင့်စက်ကို အရင်ဆုံး တပ်ဆင်လိုက်လေသည်။ ထိုသို့ လုပ်ဆောင်ခြင်းအားဖြင့် တိုက်ရိုက်ထုတ်လွှင့်မှု မှာ ပိုမို ရှင်းလင်းလာမည် ဖြစ်လေ၏။
ကောင်းယွမ် လုပ်ဆောင်လိုသည်မှာ ဤနေရာတွင် အခြေစိုက်စခန်းတစ်ခု တည်ဆောက်ရန် ဖြစ်ပေ သည်။ ကောင်းယွမ်၏ အမိန့်ပေးမှုအောက်တွင် စက်ရုပ်တစ်စုမှာ အာကာသ ဘက်စ်ကားပေါ်မှ စက် ပစ္စည်းတစ်ခုကို ချလိုက်ကြလေ၏။
ဤသည်မှာ သူ ကမ္ဘာမြေပေါ်တွင် ပြင်ဆင်လာခဲ့သည့် သုံးဖက်မြင် မိုက်ခရိုပရင်တာ ဖြစ်ပေသည်။ ထို ကဲ့သို့သော နည်းပညာမျိုးသည် အနာဂတ်ကမ္ဘာတွင်ပင် အဆင့်မြင့်နည်းပညာ ဖြစ်၏။
မော်လီကျူးအဆင့် သန့်စင်ခြင်း နည်းပညာနှင့် ဇီဝချစ်ပ်ပြားများ၏ အစွမ်းထက်သော တွက်ချက်မှု စွမ်းရည်အပေါ် အခြေခံကာ သတ္တုတူးဖော်ခြင်း၊ အရည်ကျိုခြင်းနှင့် ထုတ်လုပ်ခြင်း လုပ်ငန်းစဉ်အားလုံး ကို တစ်ပါတည်း လုပ်ဆောင်နိုင်ခြင်း ဖြစ်ပေသည်။
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသူများသည် ငါးရံ့နက် နည်းပညာကုမ္ပဏီမှ ဝန်ထမ်းများက လကမ္ဘာပေါ်တွင် ထူးဆန်းသော စက်ပစ္စည်းတစ်ခုကို တပ်ဆင်နေသည်ကို ကြည့်နေကြလေသည်။ ဤသည်မှာ ငါးရံ့နက် နည်းပညာကုမ္ပဏီ၌သာ ရှိသော တစ်ခုတည်းသော ကိရိယာ ဖြစ်ချေ၏။
"ငါးရံ့နက် နည်းပညာကုမ္ပဏီက ဘာတွေ လုပ်နေတာလဲ…"
"ငါလည်း မသိဘူး... ဒါပေမဲ့ သူတို့ ဘာလို့ အာကာသဝတ်စုံတွေ မဝတ်ထားတာလဲဆိုတာကိုပဲ သိချင် တာ..."
"ဟားဟား... ဒါကတော့ အခြေခံအကျဆုံး မှားယွင်းမှုပဲ... လကမ္ဘာမှာ လေမှ မရှိတာ... ကောင်းယွမ်... မင်း ဒါကို စတူဒီယိုထဲမှာ ရိုက်ထားတာလား... ကိုယ့်ကိုယ်ကိုယ် အရှက်မခွဲစမ်းပါနဲ့..."
"ဝါး... သိပ်ကို မိုက်တာပဲ... ဘာမှ မဝတ်ထားဘူးလား... ခရမ်းလွန်ရောင်ခြည်တွေကို မကြောက်ဘူး လား... အသက်ရှူဖို့ရော မလိုဘူးလား..."
"ငါးရံ့နက် နည်းပညာကုမ္ပဏီက အများကြီး ရှေ့ရောက်နေတာပဲ... ကြောက်စရာ ဘာရှိလို့လဲ... ငါ့အထင် တော့ ငါးရံ့နက် ဝန်ထမ်းတွေ အားလုံးက လိပ်အသက်ရှူနည်းကို တတ်မြောက်ထားကြတာ ထင်တယ် ..."
တိုက်ရိုက်ထုတ်လွှင့်မှုတွင် သရော်စာ ပြောဆိုနေသူများစွာ ရှိနေခဲ့ပေသည်။ သို့သော် ထိုအရာများသည် ကောင်းယွမ်နှင့် ဘာမျှ မသက်ဆိုင်ပေ။ ယခုအခါတွင်မူ သူသည် ဘာကိုမျှ ဂရုစိုက်မနေတော့ဘဲ ဟန် ဆောင်နေရန်လည်း မလိုတော့ပေ။ ကမ္ဘာကြီးမှာလည်း ပျက်စီးလုနီးပါး ဖြစ်နေပြီဖြစ်ရာ ဖုံးကွယ် ထားရန် မလိုအပ်တော့ခြင်းလည်း ဖြစ်ပေ၏။
မယုံကြည်သူများသည် မည်သို့ပင် ပြောစေကာမူ ယုံကြည်လိမ့်မည် မဟုတ်ပေ။ ယုံကြည်သူများ အတွက်မူ ရှင်းပြနေရန် မလိုဘဲ သူတို့ ဘာသာ နားလည်ကြလိမ့်မည် ဖြစ်သည်။
စက်ရုပ်များသည် သုံးဖက်မြင် မိုက်ခရိုပရင်တာကို တပ်ဆင်ပြီးသွားခဲ့ပြီ ဖြစ်၏။
နိုင်ငံတော်အသင်း ဘက်တွင်မူ နိုင်ငံတော်အလံကို လွှင့်ထူပြီးသွားပြီ ဖြစ်ကာ အချို့က နမူနာ ပစ္စည်းများ ကို စုဆောင်းနေကြပြီး၊ အချို့မှာမူ အချက်အလက်များကို စမ်းသပ်နေကြလေသည်။
ကောင်းယွမ်သည် သက်ပြင်းချလိုက်မိ၏။
*ဘာလို့ ဒီလောက်အထိ ပင်ပန်းခံနေကြတာလဲ…*
"လကမ္ဘာပေါ်မှာ မြို့တစ်မြို့ တည်ဆောက်ကြမယ်... စတင်လိုက်ကြ..."
မကြာမီပင် ဆောက်လုပ်ရေးပိုးကောင်များနှင့် သုံးဖက်မြင် မိုက်ခရိုပရင်တာတို့ စတင် အလုပ်လုပ်ကြ လေတော့သည်။ ဆောက်လုပ်ရေးပိုးကောင်များသည် အလင်းကွမ်တမ် ကွန်ပျူတာ၏ ထိန်းချုပ်မှု အောက်တွင် ကွမ်ဟန်နန်းတော်၌ အဓိက အဆောက်အအုံကို စတင် တည်ဆောက်လိုက်ကြလေ၏။
ဤသည်မှာ ကောင်းယွမ်၏ လကမ္ဘာပေါ်ရှိ အဓိက အခြေစိုက်စခန်း ဖြစ်လာပေလိမ့်မည်။ နောင်တွင် ၎င်း၏ ဘေးနား၌ ခရီးသွား အခြေစိုက်စခန်းတစ်ခုကို တည်ဆောက်သွားမည် ဖြစ်ရာ မုန်တိုင်းသမုဒ္ဒရာ သို့ သွားရောက်မည့် ခရီးသွားလမ်းကြောင်းကို ဖွင့်လှစ်ပေးနိုင်မည် ဖြစ်၏။
အခြေစိုက်စခန်းမှာ ဘေးနားတွင် ရှိနေသဖြင့် လိုအပ်သည့် ပစ္စည်းများအားလုံးကို အလွယ်တကူ ရရှိနိုင် မည် ဖြစ်ရာ သယ်ယူပို့ဆောင်ရေးအတွက် ပင်ပန်းနေရန် မလိုတော့ပေ။ ဤသည်မှာ အချိန်များစွာကို သက်သာစေမည်သာ ဖြစ်ပေသည်။
နိုင်ငံတော်အသင်းမှ အာကာသယာဉ်မှူးများသည် ကောင်းယွမ် ဘာလုပ်နေသည်ကို ကြည့်ကာ အံ့ဩ နေကြလေသည်။ သို့သော် အဆောက်အအုံတစ်ခု၏ အုတ်မြစ်ကြီးမှာ ဆောက်လုပ်ရေးပိုးကောင်များ၏ အစွမ်းဖြင့် လကမ္ဘာ မျက်နှာပြင်ပေါ်တွင် အံ့ဩဖွယ်ကောင်းလောက်အောင် 'ပေါက်ဖွား' လာသည်ကို မြင်လိုက်ရသည့်အခါ သူတို့အားလုံး မှင်သက်သွားကြလေတော့သည်။
*ကောင်းယွမ်က မြို့တစ်မြို့ကို တည်နေတာလား…*
ကမ္ဘာမြေပေါ်မှ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသည့် အင်တာနက် အသုံးပြုသူများမှာလည်း မှင်သက်သွားခဲ့ကြလေတော့၏။
အချို့ကမူ ဝေဖန်နေကြဆဲပင် ဖြစ်သည်။
"ဒီဗီဒီယို ဖန်တီးချက်က တော်တော်လေး ညံ့တာပဲ... ပိုက်ဆံလေး နည်းနည်းလောက် ပိုသုံးလို့ မရဘူး လား..."
"ငါ ဆောက်လုပ်ရေးပိုးကောင်ကို မြင်လိုက်ရတယ်... ဒါကြောင့် ဆောက်လုပ်ရေးပိုးကောင်က ဒီလို အလုပ်လုပ်တာကိုး..."
"ဘုရားရေ... ကောင်းယွမ်က လကမ္ဘာ ခရီးသွားလမ်းကြောင်း ဖွင့်မယ်လို့ ပြောတုန်းက ငါ မယုံခဲ့ဘူး... ဒါပေမဲ့ အခု သူတို့တွေ မြို့တစ်မြို့ကို တည်ဆောက်နေကြပြီပဲ..."
"လကမ္ဘာ အခြေစိုက်စခန်း... ကွမ်ဟန်နန်းတော်လား..."
ဆောက်လုပ်ရေးပိုးကောင်များက တည်ဆောက်ရေး လုပ်ငန်းများကို စတင်လိုက်ကြသလို သုံးဖက်မြင် မိုက်ခရိုပရင်တာသည်လည်း စတင်၍ လည်ပတ်နေခဲ့ပြီ ဖြစ်လေ၏။
လူများသည် ကုန်ပစ္စည်းတင် ပတ်လမ်းကြိုးတစ်ခုမှာ မြေအောက်နှင့် အဝေးသို့ အလိုအလျောက် ဆန့် ထွက်သွားပြီး လကမ္ဘာရှိ ကျောက်တုံးများကို စုပ်ယူကာ ကုန်ကြမ်း အမှုန်အမွှားများအဖြစ် အဆက်မ ပြတ် ချေဖျက်ပစ်နေသည်ကို မြင်တွေ့လိုက်ကြရလေသည်။
ထိုအမှုန်အမွှားများကို သုံးဖက်မြင် ပရင်တာဖြင့် ယာဉ်များအဖြစ် ထုတ်လုပ်နေခြင်း ဖြစ်ပေတော့သည်။