အခန်း (၂၅၈၉-၂၅၉၀)
Vol. 259 Ch. 2589-2590
အခန်း (၂၅၈၉) - လူကြီးတွေကိစ္စ ကလေးတွေမမေးနဲ့
ဖြစ်ပျက်သမျှ အရာအားလုံးသည် မြန်ဆန်လွန်းလှပေသည်။
ထိုအသက်မဲ့ ပျက်စီးသွားခဲ့ပြီဖြစ်သော အတွင်းကမ္ဘာထဲမှ ယင်သူတော်စင်၏ အသံကြီး ထွက်ပေါ်လာခြင်းမှသည်။
ဖန့်ချန်တစ်ယောက် အောက်ကျိုချုံ၏ အတွင်းကမ္ဘာထဲမှ လှမ်းထွက်ကာ မိမိ၏ အတွင်းကမ္ဘာထဲသို့ တိုးဝင်သွားသည့် အချိန်အထိမှာ... မျက်တောင်တစ်ခတ်စာမျှသာ ကြာမြင့်ခဲ့ပေသည်။
“ယင်သူတော်စင်က... အရင်တုန်းက ဖန့်ချန် ကျိလင်ကို ဖမ်းဆီးခဲ့တဲ့ကိစ္စအတွက် လာပြီး ကလဲ့စားချေတာလား။”
အကြီးအကဲတစ်ဦးက မျက်မှောင်ကြုတ်ကာ ဆိုလိုက်သည်။
“ဒါနဲ့ ဖန့်ချန်က အခုအချိန်မှာ အတွင်းကမ္ဘာထဲကို ဘာကိစ္စအတွက် ဝင်သွားတာလဲ။”
အောက်ကျိုချုံက ခေတ္တမျှ ဆင်ခြင်သုံးသပ်လိုက်ပြီးမှ -
“ဖြစ်နိုင်တာကတော့ အဲဒီယင်သူတော်စင် တည်ရှိနေတဲ့ တည်နေရာ ဒါမှမဟုတ် နောက်ခံဇာတ်ကြောင်းကို တွက်ချက်ဖော်ထုတ်ဖို့ ထင်တယ်...။
သူက ဒီနေရာမှာ ဒီလိုမျိုး ကိစ္စကြီးကို လုပ်ဆောင်သွားတာတောင်မှ ကျောင်းတော်ဘက်က ဘယ်သူမှ သိခွင့်မရခဲ့ဘူးဆိုတော့... ဒါက ဘာကို သက်သေပြနေတာလဲ။”
“သက်သေပြနေတာကတော့... တစ်ဖက်လူက ဆန်းကြယ်တဲ့ လွတ်မြောက်ခြင်းအတတ်ပညာကို ပိုင်ဆိုင်ထားတာ ဒါမှမဟုတ်... ကျောင်းတော်က သူတော်စင်ကိုယ်တိုင် ဖြစ်နေတာပဲ။”
ဟေးဆန်းက လေးနက်တည်ကြည်သော လေသံဖြင့် ဆိုလိုက်သည်။
သူတော်စင်အပေါင်းတို့သည် တစ်စုံတစ်ခုကို သဘောပေါက်နားလည်သွားခဲ့ကြရသည်။
ရွှေဟွေးတံဆိပ်ခတ်နှိပ်မှု ဆိုသည်မှာ... ပြသရုံသက်သက်အတွက် ပေါ်ပေါက်လာခြင်း မဟုတ်ပါချေ၊ အပြင်လူများ၏ ရှေ့မှောက်တွင် မိမိတို့၏ အဆင့်အတန်းကို ဖော်ပြရန်အတွက်သာမက...
အခြားသော အလွန်အမင်း အရေးကြီးသည့် အခန်းကဏ္ဍတစ်ခုလည်း ရှိနေသေးရာ... ထိုအရာကား ရွှေဟွေးတံဆိပ် ရှိထားသော သူတော်စင်များအနေဖြင့် ရွှေဟွေးကျောင်းတော်အတွင်းသို့ လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်ပြီး... မည်သည့် စုံစမ်းထောက်လှမ်းခြင်းကိုမျှ ခံရမည် မဟုတ်ခြင်းပင် ဖြစ်သည်။
“ကျောင်းတော်မှာ တားမြစ်ချက်အစီရင် ရှိတယ်၊ ဒီတားမြစ်ချက်အစီရင်က ဟင်းလင်းပြင်ရဲ့ ပထမအလွှာကနေ ဒုတိယအလွှာအထိတောင် သက်ရောက်မှု ရှိတာ။”
“အကယ်၍ ကျောင်းတော်က သူတော်စင်သာ မဟုတ်ခဲ့ရင်... ဒီနေရာမှာ လှုပ်ရှားမှု လုပ်တာနဲ့ ငါ့ကို ထားလိုက်ဦး၊ လူမျိုးစုအသီးသီးရဲ့ ကျောင်းဆောင်က ကာကွယ်ရေးဆရာတွေ ဒါမှမဟုတ် ကျောင်းတော်အုပ်ကြီးတွေနဲ့ ကျောင်းအုပ်တွေတောင်မှ ချက်ချင်း သိရှိသွားကြမှာပဲ။”
“ဒါဆိုရင်... ဘယ်လိုလုပ်ပြီး ဘာအစအနမှ မပြဘဲ တိတ်တဆိတ်နဲ့ ဒီလိုမျိုး အမှုကြီးကို ကျူးလွန်နိုင်ပါ့မလဲ။”
ဟေးဆန်းက မိမိဘာသာ ရေရွတ်လိုက်မိသည်။
ကွမ်းကျင့်ရှုနှင့် အောက်ကျိုချုံတို့ အချင်းချင်း မျက်လုံးချင်းဆုံကာ ကြည့်လိုက်မိကြပြီး ခေါင်းကို အသာအယာ ညိတ်ပြလိုက်ကြသည်။
“ကျွန်တော်တို့လည်း ဒီလိုပဲ ထင်ပါတယ်၊ ဒါကြောင့်မို့လို့ ဒီကိစ္စကို လုပ်ဆောင်တဲ့သူက ကျောင်းတော်က သူတော်စင် ဖြစ်နေရမယ်၊ ဒါမှမဟုတ်ရင်လည်း အထူးဆန်းဆုံး လွတ်မြောက်ခြင်းအတတ်ပညာကို ပိုင်ဆိုင်ထားတာ ဖြစ်ရမယ်... ဥပမာအားဖြင့်... ဟင်းလင်းပြင်ငယ် လွတ်မြောက်ခြင်းအတတ်ပညာ မျိုးပေါ့။”
နျဲ့ချင့်တို့ ထိတ်လန့်တုန်လှုပ်ခြင်း မပြုနိုင်ကြသေးမီမှာပင်... အောက်ကျိုချုံက ထပ်မံ၍ ဖြည့်စွက်ပြောဆိုလိုက်ပြန်သည်။
“ယင်သူတော်စင်တွေရဲ့ လှုပ်ရှားမှုတွေက... အလွန် ဆန်းကြယ်ကောက်ကျစ်တယ်၊ သူတို့မှာ ဟင်းလင်းပြင်ငယ် လွတ်မြောက်ခြင်းအတတ်ပညာနဲ့ ဆင်တူတဲ့ အရာမျိုး ရရှိနိုင်တဲ့ နည်းလမ်း ရှိကောင်း ရှိနိုင်တယ်၊ ဒါမှမဟုတ်ရင်လည်း ဟင်းလင်းပြင်ငယ် လွတ်မြောက်ခြင်းအတတ်ပညာထက် ပိုပြီး သန်မာတဲ့ အထူးစွမ်းရည်မျိုး ရှိနေတာလည်း ဖြစ်နိုင်တာပဲ။”
နျဲ့ချင့်တို့ ဤနေရာသို့ ရောက်မှပဲ ရင်ထဲက သက်ပြင်းကို ချနိုင်တော့သည်။
သူတို့သည် မိမိတို့ စစ်ဆေးရေးဌာန အတွင်းပိုင်းထဲမှ ဤကဲ့သို့သော ရက်စက်ကြမ်းကြုတ်သည့် ပုဂ္ဂိုလ်ကြီးတစ်ဦး ထွက်ပေါ်လာပြီး ကြီးမားလှသော အမှုကြီးကို ကျူးလွန်ခဲ့သည်ဟု မယုံကြည်နိုင်ကြပါချေ။
“အောက်ကျိုချုံ... မင်း ပြောတာကတော့ ဖန့်ချန် အတွင်းကမ္ဘာထဲကို ဝင်သွားတာက အဲဒီယင်သူတော်စင်ရဲ့ ခြေရာကို တွက်ချက်ဖို့ ဟုတ်လား။”
“သူက... ဒီနေရာမှာပဲ ရှိနေတာ မဟုတ်ဘူးလား။”
အကြီးအကဲတစ်ဦးက မလှမ်းမကမ်းရှိ အသက်မဲ့ ပျက်စီးနေသော အတွင်းကမ္ဘာကြီးဆီသို့ လက်ညှိုးထိုးပြလိုက်သည်။
အခုနက အသံကြီးက ထိုအတွင်းကမ္ဘာထဲမှ ထွက်ပေါ်လာခြင်း ဖြစ်သည်မလား။
“သူ ဒီနေရာမှာ ကျန်နေခဲ့ဖို့ မဖြစ်နိုင်ဘူး။”
အောက်ကျိုချုံက ခေါင်းကို အသာအယာ ခါယမ်းပြလိုက်သည်။
“ရင်ရှီအဆိပ်သာ ပေါက်ကွဲသွားခဲ့ရင်... အဆိပ်ချတဲ့သူကိုယ်တိုင်တောင်မှ ဒီအဆိပ်နဲ့ ထိမိတာနဲ့ လုံးဝ ကျဆုံးပျက်စီးသွားရမှာ ဖြစ်လို့၊ ဒီနေရာမှာ နေရဲမှာ မဟုတ်ဘူး။”
“ဖြစ်နိုင်တာကတော့... ဒါက ရင်ရှီအဆိပ် မဟုတ်တာလည်း ဖြစ်နိုင်တာပဲ မလား။”
“ဒါဆိုရင် အဲဒါက ဘာလဲ။”
“ဒါကတော့... မင်းတို့ စစ်ဆေးရေးဌာနဘက်ကပဲ စုံစမ်းစစ်ဆေးရမယ့် ကိစ္စပဲလေ။”
အောက်ကျိုချုံက ထိုအကြီးအကဲကို ဂရုမစိုက်တော့ဘဲ ဟေးဆန်းကို လှမ်းကြည့်လိုက်သည်။
“ကျောင်းတော်အုပ်ချုပ်သူကြီး... ဒီနေရာမှာ ဒီလိုမျိုး ကိစ္စ ဖြစ်ပျက်ပြီးတဲ့နောက်မှာ၊ တစ်စုံတစ်ယောက် ဒီနေရာမှ ထွက်ပြေးလွတ်မြောက်သွားတာကို လူကြီးမင်း ခံစားသိရှိမိတာမျိုး ရှိပါသလား။”
“ကိစ္စ ဖြစ်ပျက်တာနဲ့ ချက်ချင်းပဲ ငါက အလွန်ဝေးကွာတဲ့ နေရာကနေ ပြေးလာခဲ့တာ၊ ငါ့အမြင်အရ ပြောရမယ်ဆိုရင်တော့ ဒီကိစ္စ ဖြစ်ပျက်ပြီးတဲ့နောက်မှာ... ဘယ်သူတစ်ဦးတစ်ယောက်မှ ဒီနေရာမှ ထွက်ခွာသွားတဲ့ ခြေရာအစအန မရှိပါဘူး။”
“တစ်ချိန်တည်းမှာပဲ ဒီနေရာကို ငါ လုံးဝ ပိတ်ဆို့ထားပြီးပြီ၊ ဘယ်သူပဲဖြစ်ဖြစ် အနည်းငယ်လောက် လှုပ်ရှားလိုက်တာနဲ့ ငါ ချက်ချင်း ခံစားသိရှိနိုင်တယ်။”
ဟေးဆန်းက ဆိုလိုက်သည်။
အောက်ကျိုချုံက ခေါင်းညိတ်ပြလိုက်ပြီး -
“ဒါဆိုရင်တော့ ဖြစ်နိုင်ခြေ အလွန်မြင့်မားတဲ့ အချက်တစ်ခု ရှိတယ်၊ အဆိပ်ချတဲ့သူက မင်းနဲ့ ငါတို့ကြားထဲမှာ ရှိနေတာ ဖြစ်ရမယ်၊ ဒါမှမဟုတ်ရင်လည်း ဟင်းလင်းပြင်ရဲ့ နက်ရှိုင်းတဲ့ အလွှာထဲမှာ ရှိနေတာ ဖြစ်ရမယ်။”
လူတိုင်း ကြက်သီးတဖြန်းဖြန်း ထသွားခဲ့ကြရပြီး အချင်းချင်း ထိတ်လန့်တုန်လှုပ်စွာဖြင့် ကြည့်လိုက်မိကြတော့သည်။
“တောက်... စစ်ဆေးရေးဌာနက သူတော်စင်တွေက တကယ်ပဲ အစွမ်းအစ ရှိတာပဲ။”
“ဒါပေမဲ့လည်း ငါ့ကို ဖမ်းချင်သေးတယ်ဆိုရင်တော့... အရည်အချင်းက နည်းနည်း လိုပါသေးတယ်ကွာ။”
“ဟဲဟဲ”
အတွင်းကမ္ဘာ တံခါးဝတစ်ခု၏ နောက်ကွယ်တွင်... ပုံရိပ်တစ်ခုသည် လှောင်ပြောင် သရော်လိုသော မျက်နှာအမူအရာဖြင့် တံခါးဝအပြင်ဘက်က မြင်ကွင်းကို စိုက်ကြည့်နေခဲ့သည်။
ထိုတံခါးဝ၏ အပြင်ဘက်တွင်မူ အောက်ကျိုချုံ အမှူးပြုသော သူတော်စင်များ၏ ပုံရိပ်များ တည်ရှိနေကြပေသည်။
သို့သော်လည်း ဤနေရာကား ဟင်းလင်းပြင်၏ သာမန်ထက် ပိုမိုနက်ရှိုင်းသော အလွှာထဲတွင် တည်ရှိနေခြင်းကြောင့်... သူက အပြင်ဘက်က မြင်ကွင်းကို မြင်တွေ့နိုင်သော်လည်း၊ အပြင်လူများအနေဖြင့်မူ သူ၏ တည်ရှိမှုကို သိရှိနိုင်ရန် အလွန်တရာ ခက်ခဲလှပေသည်။
“ယန်ယွမ်... မင်းဆီမှာ အဲဒီလိုမျိုး ဟင်းလင်းပြင်သီး ရှိသေးလား။ ဒါက တကယ်ကို ကောင်းတဲ့ ပစ္စည်းပဲ၊ ဒီအသီးကို စားသုံးလိုက်တာနဲ့ ဟင်းလင်းပြင်ရဲ့ တစ်ဆယ့်တစ်လွှာမြောက် အလွှာဆီကိုတောင် အလွယ်တကူ ဝင်ရောက်နိုင်တယ်၊ ဟေးဆန်းလိုမျိုး ကောင်းကင်အရှင်အဆင့်ကြီးက တောင်မှ... ငါတို့ရဲ့ တည်ရှိမှုကို ခံစားမိဖို့ မလွယ်ကူဘူး။”
အဖိုးအိုတစ်ဦးက ယန်ယွမ်၏ ဘေးနားသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့ပြီး၊ အတွင်းကမ္ဘာ တံခါးဝမှတစ်ဆင့် အပြင်ဘက်သို့ လှမ်းမြော်ကြည့်ရှုလိုက်ကာ... ဟေးဆန်းတို့တစ်စု မိမိတို့၏ တည်နေရာကို တရစပ် ဆွေးနွေးနေကြသည်ကို မြင်တွေ့လိုက်ရသည့်အခါ၊ မအောင့်နိုင်ဘဲ ဟဲဟဲ ဟု ရယ်မောလိုက်မိပြီး မျက်ဝန်းထဲတွင် လှောင်ပြောင်သရော်မှုရိပ်များ ဖုံးလွှမ်းနေခဲ့သည်။
တစ်ချိန်တည်းမှာပင် ထိုအဖိုးအို နီးကပ်လာသည်နှင့်အမျှ... မရေမရာလှသော အနံ့ဆိုးတစ်ခုက ယန်ယွမ်၏ နှာခေါင်းဝဆီသို့ ပျံနှံ့ဝင်ရောက်လာခဲ့သည်။
ယန်ယွမ်၏ မျက်ဝန်းထဲတွင် သတိပြုမိရန် ခက်ခဲလှသော ရွံရှာမုန်းတီးမှုရိပ်တစ်ခု လျှပ်ခနဲ ဖြတ်ပြေးသွားခဲ့ရသည်။
“ဟင်းလင်းပြင်သီး ဆိုတဲ့ ကမ္ဘာ့ရတနာမျိုးက ရဖို့ အလွန်ခက်ခဲတယ်၊ အခု ဒီတစ်လုံးကို စားသုံးပြီးတဲ့နောက်မှာ... ငါ့ဆီမှာလည်း နှစ်လုံးပဲ ကျန်တော့တယ်။”
“ဒါဆိုရင်တော့ တကယ်ကို နည်းလွန်းတာပဲ၊ အင်း... မင်း ငါ့ကိုယ်ပေါ်က အနံ့ကို ရွံရှာနေတာလား။”
“မင်း အထွတ်အထိပ်ထိပ်တာအိုအဆင့်ကို တက်လှမ်းပြီးတဲ့အခါမှာ... မင်းလည်း ငါ့လိုမျိုး ဖြစ်လာမှာပဲ၊ မင်း ငါ့ကို ရွံရှာတာက ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ရွံရှာတာနဲ့ အတူတူပဲ... ယန်ယွမ် ယင်သူတော်စင် ရဲ့။”
အဖိုးအိုက ပြုံးစိစိဖြင့် ဆိုလိုက်သည်။
“ငါက မင်းနဲ့ မတူဘူး၊ မင်းက အတွင်းကမ္ဘာတွေကို အလွန်အမင်း ဝါးမြိုခဲ့တာ.. ငါကတော့ ကျင့်စဉ်အဆင့် တက်လှမ်းဖို့အတွက်ပဲ ဒီနည်းလမ်းကို ခေတ္တချေးသုံးတာ၊ ငါ အထွတ်အထိပ်ထိပ်တာအိုအဆင့်ကို ရောက်သွားရင် မင်းလိုမျိုး အနံ့မျိုး ရှိလာမှာ မဟုတ်ဘူး။”
ယန်ယွမ်က အေးစက်စွာ ပြုံးလိုက်သည်။
အဖိုးအိုက ထိုအချက်ကို ငြင်းဆန်ခြင်း မပြုတော့ဘဲ ဤအကြောင်းအရာအပေါ် ဆက်လက်၍ နက်နက်နဲနဲ မပြောတော့ချေ။
“ငါတို့တွေ အခု ထွက်သွားသင့်ပြီမလား။ သူတို့ရဲ့ ဒီလိုမျိုး ပုံစံကို မြင်တွေ့ရတာ တကယ်ကို စိတ်ကျေနပ်စရာ ကောင်းတာပဲ။”
“ထွက်သွားမယ် ဟုတ်လား။ ကြည့်ရတာ ဒီလောက်အထိ မလွယ်ကူသေးဘူး၊ ခဏလောက် စောင့်ဦးမှ ဖြစ်မယ်၊ ဒီတစ်ကြိမ် လာတဲ့ စစ်ဆေးရေးဌာနက သူတော်စင်တွေက အလွန်များပြားလွန်းတယ်၊ သူတို့အားလုံးက ဟင်းလင်းပြင်ငယ် လွတ်မြောက်ခြင်းအတတ်ပညာ ဆိုတဲ့ အထူးစွမ်းရည်ကို ပိုင်ဆိုင်ထားကြတယ်။”
“ဟင်းလင်းပြင်သီးရဲ့ အာနိသင်က အချိန်အတိုင်းအတာတစ်ခုအထိ ထိန်းထားနိုင်ဦးမှာ ဖြစ်ပေမဲ့... ငါတို့တွေ ဒီတစ်ကြိမ် ခိုးဝင်လာတာက ဟင်းလင်းပြင်ရဲ့ တစ်ဆယ့်တစ်လွှာမြောက် အလွှာအထိ ဖြစ်နေလို့၊ အာနိသင် ဆုံးရှုံးမှုက အလွန်ကြီးမားတယ်။”
“အန္တရာယ်ကင်းကင်းနဲ့ ဆုတ်ခွာချင်တယ်ဆိုရင်တော့ သေချာပေါက် ဟင်းလင်းပြင်ရဲ့ ဒုတိယအလွှာကနေ သွားရမယ်၊ မဟုတ်ရင်တော့ ခြေလှမ်းအနည်းငယ် မလှမ်းရသေးခင်မှာတင် အာနိသင်က လုံးဝ ပျောက်ကွယ်သွားလိမ့်မယ်။”
“အကယ်၍ ဟင်းလင်းပြင်ရဲ့ ဒုတိယအလွှာကနေ သွားရင် စစ်ဆေးရေးဌာနက သူတော်စင်တွေ သိရှိသွားတာနဲ့... ဟေးဆန်းက မျက်စိတစ်မှိတ်အတွင်းမှာတင် ငါတို့ကို ဖမ်းဆီးသွားနိုင်တယ်။”
“ခဏလောက် ထပ်စောင့်ကြည့်ဦးမယ်၊ သူတို့တွေ ဒီနေရာမှာ အကြာကြီး စောင့်နေလိမ့်မယ်လို့ ငါ မယုံကြည်ဘူး။”
“ရင်ရှီအဆိပ်ရဲ့ အာနိသင်ကလည်း မကြာခင်မှာ အငွေ့ပျံ ပျောက်ကွယ်တော့မှာပဲ... ဒီကိစ္စမှာ သူတို့တွေ ဘယ်လို ခြေရာလက်ရာ အစအနကိုမျှ ရှာဖွေနိုင်မှာ မဟုတ်တော့ဘူး၊ မင်း ဒီပစ္စည်းကို ရှာဖွေနိုင်ခဲ့တာက တကယ့်ကို မလွယ်ကူလှဘူး။”
“ငါ့ကို ပြောပြလို့ ရမလား... ဒီပစ္စည်းကို ဘယ်နေရာကနေ ရရှိခဲ့တာလဲ။”
ယန်ယွမ်က ပေါ့ပေါ့ပါးပါးပင် မေးမြန်းလိုက်သည်။
ဟင်းလင်းပြင်၏ တစ်ဆယ့်နှစ်လွှာမြောက် အလွှာ။
“တကယ်ပဲ ရင်ရှီအဆိပ် ဖြစ်နေတာပဲ။”
ဖန့်ချန်သည် မိမိ၏ အတွင်းကမ္ဘာ တံခါးဝရှေ့တွင် မတ်တတ်ရပ်နေခဲ့ပြီး ယန်ယွမ်နှင့် အဖိုးအိုကို ငြိမ်သက်စွာဖြင့် စိုက်ကြည့်နေခဲ့သည်။
အကယ်၍ သူသာ ယခင်က စွမ်းအင်စုစည်းခြင်းအဆင့်မှ ယခုအခါ အသက်စွမ်းအင်အဆင့် အစောပိုင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်း မရှိပါက...
ရိပ်ခြေဗုဒ္ဓအတတ်ပညာကို အားကိုးလျှင်ပင် ဟင်းလင်းပြင်၏ တစ်ဆယ့်နှစ်လွှာမြောက် အလွှာဆီသို့ ရောက်ရှိနိုင်လိမ့်မည် မဟုတ်ပေ၊ ထိုသို့ဆိုလျှင် ထိုကောင်နှစ်ကောင်၏ အရိပ်အယောင်ကို ရှာဖွေတွေ့ရှိနိုင်ရန် လုံးဝ မဖြစ်နိုင်ပါချေ။
တစ်ဆယ့်နှစ်လွှာမြောက် အလွှာကား... ဖန့်ချန်၏ လက်ရှိအချိန်တွင် ရောက်ရှိနိုင်သော အထွတ်အထိပ် ကန့်သတ်ချက်နေရာ ဖြစ်ပေသည်။
ချီယန်သူတော်စင်နှင့် လီဝူ တို့သည် သူ၏ ဘေးနားတွင် မတ်တတ်ရပ်နေခဲ့ကြပြီး အပြင်ဘက်က မြင်ကွင်းကို အတူတူပင် ကြည့်ရှုနေကြသည်။
လီဝူ၏ မျက်နှာအမူအရာမှာ အနည်းငယ် လေးနက်တည်ကြည်နေခဲ့သည်။
“ရှီးလူမျိုးစုရဲ့ ကျောင်းအုပ် ယန်ယွမ်က... ဒီအဖိုးအိုရဲ့ ကိုယ်ပေါ်မှာ အနံ့ဆိုး ရှိနေတယ်လို့ ပြောလိုက်တာကို ကြည့်ရင်၊ သူ ယင်သူတော်စင်ကျင့်စဉ်ထဲမှာ နစ်မြုပ်နေခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဆိုတာ သက်သေပြနေတာပဲ၊ သူ ဝါးမြိုခဲ့တဲ့ အတွင်းကမ္ဘာတွေကလည်း... ရေတွက်လို့တောင် ရနိုင်မှာ မဟုတ်တော့ဘူး။”
“ဖန့်ငရဲမင်း... ကြည့်ရတာ ဒီရှီးလူမျိုးစုက... တကယ်ပဲ ယင်သူတော်စင်တွေ အများအပြား ထွက်ရှိတဲ့ နေရာပဲလား။”
ချီယန်သူတော်စင်၏ မျက်ဝန်းထဲတွင် အံ့ဩချီးကျူးမှုရိပ်များ ဖုံးလွှမ်းနေခဲ့သည်။
“အစတုန်းက ထိုက်ဟောင်ယွီက ကျစ်ရွှယ် အပေါ် ယင်သူတော်စင်ကျင့်စဉ်ကို သုံးဖို့ ကြံစည်ခဲ့တယ်၊ အဲဒီနောက်ပိုင်းမှာ ကျိလင်ကလည်း ရုတ်တရက် ဒီကျင့်စဉ်ကို တတ်မြောက်သွားခဲ့ပြီး ဟော်ဆွေ့အနွယ်စုရဲ့ ချင်လွမ်း အပေါ် သုံးခဲ့တယ်။”
“အခုအချိန်မှာ ရှီးလူမျိုးစုရဲ့ ကျောင်းအုပ်ကလည်း ယင်သူတော်စင် ဖြစ်နေပြန်ပြီ၊ ဒါ့ပြင်... ပြင်ပကနေ လာတဲ့ ဒီယင်သူတော်စင်နဲ့ပါ ပူးပေါင်းပြီးတော့၊ ကျိုကျီတောင်အပေါ် လက်စသတ်ခဲ့ကြတယ်။”
“သူတို့ရဲ့ အခြေခံအကျဆုံး အကြောင်းအရင်းက... ကျိလင်အတွက် ကလဲ့စားချေပေးဖို့ မဖြစ်နိုင်ဘူး။”
“ဒီအကြီးအကဲ အချို့ရဲ့ သဘောထားအရ ကြည့်မယ်ဆိုရင်တော့... ဒီကိစ္စရဲ့ နောက်ကွယ်မှာ မြှောက်ပင့်ပေးနေတဲ့ သူတော်စင်တွေ ရှိနေရမယ်။”
“ဟော်ဆွေ့မျိုးနွယ်စုကတော့... ဒီဖြစ်ရပ် ဖြစ်ပွားပြီးတဲ့နောက်မှာ အသာစီး ပြန်ရချင်နေတာပဲ အနည်းဆုံးတော့ လူသားမျိုးနွယ်စု ကျောင်းဆောင်ရဲ့ အဆင့်မြင့်ခေါင်းဆောင်တွေကို အကုန်လုံး သူတို့လူတွေနဲ့ ပြန်ပြီး အစားထိုးချင်နေကြတာ ဖြစ်တယ်။”
“ဒီအချက်ကို အခြေခံပြီး ကောက်ချက်ချရမယ်ဆိုရင်တော့... ဟော်ဆွေ့မျိုးနွယ်စုနဲ့ သူ့ရဲ့ နောက်ကွယ်က အုပ်စုဟာ ယင်သူတော်စင်တွေနဲ့ တစ်စုံတစ်ရာသော အတိုင်းအတာအထိ အနီးကပ် ပူးပေါင်းဆောင်ရွက်နေကြတာပဲ။
ရင်ရှီအဆိပ်က ဟော်ဆွေ့မျိုးနွယ်စုဆီကနေ လာတာ မဟုတ်ရင်တောင်မှ... ဟော်ဆွေ့မျိုးနွယ်စုရဲ့ နောက်ကွယ်က တည်ရှိမှုတွေနဲ့ သေချာပေါက် ပတ်သက်မှု ရှိနေရမယ်။”
“ဒါပေမဲ့ မသိနိုင်သေးတာကတော့... ဒီပစ္စည်းကို သူတို့တွေက ဒီယင်သူတော်စင်ဆီကို လွှဲပြောင်းပေးခဲ့တာလား၊ ဒါမှမဟုတ် ယင်သူတော်စင်အနွယ်စုကပဲ ဘယ်နေရာကနေမဆို ရှာဖွေရရှိခဲ့တာလား ဆိုတာပါပဲ။”
ဖန့်ချန်က တိုးညှင်းသော လေသံဖြင့် မိမိဘာသာ ရေရွတ်လိုက်မိသည်။
လီဝူက ရုတ်တရက် လေးနက်တည်ကြည်သော လေသံဖြင့် ဆိုလိုက်သည်။
“ဒီကိစ္စက ဘယ်လို ရလဒ်မျိုးပဲ ထွက်လာထွက်လာ... လူသားမျိုးနွယ်စုရဲ့ အဆင့်မြင့်ခေါင်းဆောင်ပိုင်းတွေမှာ ပြောင်းလဲမှုတွေ ရှိလာမှာကိုတော့ စိုးရိမ်ရပါတယ်။
ဒါ့အပြင် ကျောင်းတော်အုပ်ချုပ်သူ အသစ်ရဲ့ ရာထူးသက်တမ်း သမိုင်းကြောင်းမှာလည်း အမည်းစက် ထင်ကျန်သွားရလိမ့်မယ်။
တစ်စုံတစ်ရာ အတိုင်းအတာအရ ပြောရမယ်ဆိုရင်တော့ ပြီးခဲ့တဲ့အကြိမ်က အရှင်သခင် အဖမ်းခံရပြီး ရွှေဟွေးကျောင်းတော်မှာ ပြဿနာတက်ခဲ့တဲ့ အပြောင်းအလဲကို ချေဖျက်ပစ်နိုင်တာပဲ။”
ဖန့်ချန်က ခေါင်းညိတ်ပြလိုက်ပြီး -
“ဟုတ်တယ်၊ အောက်ခြေက သူတော်စင်တွေရဲ့ အမြင်ကို လွှဲပြောင်းပေးနိုင်ရုံတင်မကသေးဘဲ... အခြားလူတွေကိုလည်း ပြောပြလို့ ရသွားတာပေါ့၊ ငါ့ရဲ့ ဆရာ ကျောင်းတော်အုပ်ချုပ်သူ ဖြစ်နေတုန်းက ငါ အသက်ရှင်လျက် ဖမ်းဆီးခြင်း ခံခဲ့ရတယ်။
ဟေးကောင်းကင်အရှင် ကျောင်းတော်အုပ်ချုပ်သူ ဖြစ်လာတဲ့အခါမှာတော့ ကျိုကျီတောင်ကြီးတစ်ခုလုံး ပျောက်ကွယ်သွားခဲ့ရပြီ။
ဒါက အရှင်းလင်းဆုံး ဖြစ်တဲ့ နှိုင်းယှဉ်ချက်ပဲ။
ဒီအချက်ကို အခြေခံအချက်အဖြစ် ထားရှိပြီးတော့... သူတို့တွေ နောက်ပိုင်းမှာ ဘယ်လို အစီအစဉ်မျိုးပဲ လုပ်ဆောင်လုပ်ဆောင် အကြောင်းပြချက် ရှိသွားပြီ ဖြစ်တယ်။”
ထိုအချိန်တွင် ထိုအဖိုးအိုသည်လည်း ယန်ယွမ်ကို မျက်လုံးအနည်းငယ် ဝှေ့ယမ်းကြည့်ရှုလိုက်ပြီးနောက် ပါးစပ်ဟကာ ဆိုလိုက်တော့သည်။
“လူကြီးတွေကိစ္စ ကလေးတွေမမေးနဲ့။”
အခန်း (၂၅၉၀) - မင်းက ဖန့်ချန်ရဲ့ သူလျှိုလား
ယန်ယွမ်သည် တစ်ဖက်လူက မိမိအား ဤကဲ့သို့ ပြန်လည်ဖြေကြားလိမ့်မည်ဟု ထင်မထားခဲ့မိပေ။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူက အေးစက်စွာ အကြိမ်အနည်းငယ် ရယ်မောလိုက်ပြီး၊ ထိုအကြောင်းအရာကို အမှန်တကယ်ပင် ဆက်လက်၍ မေးမြန်းခြင်း မပြုတော့ချေ။
တစ်ဆယ့်နှစ်လွှာမြောက် ဟင်းလင်းပြင်
ချီယန်သူတော်စင်သည် ဖန့်ချန်နှင့် လီဝူတို့၏ စကားကို ကြားပြီးနောက် မျက်နှာတစ်ခုလုံး အံ့ဩမှင်တက်ခြင်းများဖြင့် ပြည့်နှက်သွားရသည်။
“ဒီလိုဆိုရင်တော့... လူသားမျိုးနွယ်စုရဲ့ ကျိုကျီတောင်လေး တစ်ခုတည်းနဲ့တင် တစ်ဖက်လူအတွက် အကျိုးအမြတ်တွေ အများကြီး သယ်ဆောင်ပေးနိုင်တာပေါ့။”
“အသစ်တက်လာတဲ့ ကျောင်းတော်အုပ်ချုပ်သူကိုတင် သက်ရောက်မှု ရှိစေတာ မဟုတ်ဘဲ၊ လူသားမျိုးနွယ်စုရဲ့ အဆင့်မြင့်ခေါင်းဆောင်ပိုင်းတွေအပြင် ဖန့်ငရဲမင်းကိုပါ သက်ရောက်မှု ရှိစေတာပဲ။”
“အကယ်၍ သူတို့သာ ရင်ရှီအဆိပ်ကို သုံးပြီးတော့ အမြဲတမ်း ပြဿနာရှာနေမယ်ဆိုရင်... ချင်းမင်ကမ္ဘာကြီးလည်း ရှုပ်ထွေးပွေလီကုန်တော့မှာ မဟုတ်ဘူးလား။”
ဖန့်ချန်က ခေါင်းကို အသာအယာ ခါယမ်းပြလိုက်ရင်း -
“ရင်ရှီအဆိပ်ရဲ့ အစွမ်းထက်တဲ့အချက်က... ဘာခြေရာလက်ရာမှ မကျန်ရစ်တာပဲ၊ အဆိပ်ချလိုက်ရုံနဲ့ တင် ရေတွက်လို့မရတဲ့ သူတော်စင်တွေကို သတ်ဖြတ်နိုင်ပြီး စစ်ဆေးရေးဌာနကိုလည်း ဘာမှ ရှာမတွေ့အောင် လုပ်နိုင်တယ်။”
“ဒါပေမဲ့ အောက်ကျိုချုံ စီနီယာ ပြောခဲ့သလိုပဲ... ဒီပစ္စည်းက သေချာပေါက် အမွေအနှစ် ပြတ်တောက်သွားခဲ့တဲ့ အရာမျိုး ဖြစ်တယ်၊ အခုအချိန်မှာ ချင်းမင်မှာ ဒီပစ္စည်း ပြန်ပေါ်လာတယ် ဆိုရင်တောင်မှ... အရေအတွက်က အများကြီး ရှိမှာ မဟုတ်ပါဘူး။”
“အကယ်၍ ငါသာ ဖြစ်မယ်ဆိုရင်တော့ ရင်ရှီအဆိပ်ကို အလွယ်တကူ ပေါ်မလာစေဘူး၊ ဒါက အဖက်ဖက်က လူတွေကို သတိထားမိသွားအောင် လုပ်သလို ဖြစ်လိမ့်မယ်။”
“သူတို့တွေ ရင်ရှီအဆိပ်ကို ခဏခဏ သုံးနိုင်တဲ့ နည်းလမ်း ရှိမှာ မဟုတ်ဘူး၊ ဒီတစ်ကြိမ်လိုမျိုး အကြီးအကျယ် ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်ရတဲ့ အခါမှပဲ... မတတ်သာတဲ့အဆုံး ဒီပစ္စည်းကို သုံးပြီး စမ်းသပ်မှု လုပ်တာ ဖြစ်ရမယ်။”
ဖန့်ချန်၏ အကြည့်က ထိုအဖိုးအို၏ ကိုယ်ပေါ်သို့ ကျရောက်သွားခဲ့ပြီး မျက်ဝန်းထဲတွင် အေးစက်လှသော အလင်းတန်းများ လျှပ်ခနဲ ဖြတ်ပြေးသွားခဲ့သည်။
ဒီတစ်ကြိမ်တွင် ရွှေဟွေးကျောင်းတော်က ဆွေ့ရွှမ်လင်ကို ရာထူးမှ ဖယ်ရှားခဲ့သော်လည်း၊ အထက်သို့ တက်လှမ်းလာသော ဟေးကောင်းကင်အရှင်မှာ... သေချာပေါက်ပင် သူ၏ ဆရာနှင့် တစ်ဖက်တည်း ဖြစ်ပေသည်။
ရွှေဟွေးကျောင်းတော်ကို ထိန်းချုပ်လိုကြသော အချို့သော ကောင်းကင်အရှင် စခန်းများအတွက်မူ... ဤအရာကား အစအဆုံး လုံးဝဥဿုံ ရှုံးနိမ့်ခဲ့ရခြင်းပင် ဖြစ်သည်။
ယခုအခါ ထိုအဖိုးကြီးက ရင်ရှီအဆိပ်ကို သယ်ဆောင်ပြီး ရောက်ရှိလာခဲ့ရာ... နောက်ကွယ်က နက်ရှိုင်းလှသော အဓိပ္ပာယ်မှာ ဘယ်လိုလုပ်ပြီး ရိုးရှင်းနိုင်ပါ့မည်နည်း။
သူ၏ အမြင်အရမူ ဤယန်ယွမ်မှာ ပူးပေါင်းဆောင်ရွက်ပေးရုံသက်သက် ဖြစ်သည့် ယင်သူတော်စင်သာ ဖြစ်ပြီး... သူက ဤကိစ္စ၏ နောက်ကွယ်က ဆက်နွှယ်မှုများကို ခန့်မှန်းမိလျှင်ပင် ထိုအဖိုးအို သိထားသလောက် သိရှိနိုင်မည် မဟုတ်ပါချေ။
ထိုအဖိုးအိုကား... အဓိက သော့ချက်ပင် ဖြစ်သည်။
“စစ်ဆေးရေးဌာနကသာ သူ့ကို ဖမ်းဆီးနိုင်ခဲ့ရင်... တစ်စုံတစ်ခုကို မေးမြန်းဖော်ထုတ်နိုင်တဲ့ နည်းလမ်း ရှိကောင်း ရှိနိုင်လိမ့်မယ်။”
အချိန်များသည် တရွေ့ရွေ့ ကုန်လွန်သွားခဲ့သည်။
ပထမအလွှာ ဟင်းလင်းပြင်
ဟေးဆန်းတို့တစ်စုသည် ရင်ရှီအဆိပ်များ တဖြည်းဖြည်း လွင့်ပြယ်သွားနေသည်ကို ခံစားမိနေကြပြီ ဖြစ်သည်။
အကြိမ်ကြိမ် စမ်းသပ်စစ်ဆေးပြီးနောက် နောက်ဆုံးတွင် ရက်အနည်းငယ်အကြာ၌... ရင်ရှီအဆိပ်များ လုံးဝဥဿုံ လွင့်ပြယ်သွားခဲ့ပြီဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ကြသည်။
ဆွေ့ဟုန်ကျူးသည် ချက်ချင်းပင် လူခေါ်ကာ ရှေ့သို့ တိုးဝင်၍ စုံစမ်းစစ်ဆေးလိုက်သည့်အခါ... ထိုအတွင်းကမ္ဘာများအားလုံးသည် လုံးဝကို သေဆုံးပျက်စီးသွားခဲ့ပြီ ဖြစ်ကြောင်းနှင့် အတွင်းရှိ သူတော်စင်များလည်း စောစီးစွာပင် အသက်ပျောက်သွားခဲ့ကြပြီ ဖြစ်ကြောင်းကို တွေ့ရှိလိုက်ရသည်။
သူတို့အနေဖြင့် နောက်ထပ် ညွှန်ကြားချက်များကို စောင့်ဆိုင်းရန်အတွက် ထိုအတွင်းကမ္ဘာများကို ဦးစွာ ထိန်းချုပ်ထားလိုက်ရုံသာ တတ်နိုင်တော့သည်။
ရက်အနည်းငယ်မျှသော အချိန်တိုအတွင်းမှာပင်... သတင်းများ မည်သို့ ပေါက်ကြားသွားခဲ့သည် မသိရဘဲ၊ ရွှေဟွေးကျောင်းတော်၏ ကျောင်းဆောင်အသီးသီးမှ... အထက် ကျောင်းအုပ်ကြီးများမှသည် အောက်ခြေ တစ်ပိုင်းသူတော်စင် ကျောင်းသားများအထိ၊ လူသားမျိုးနွယ်စု ကျောင်းဆောင်တွင် ဖြစ်ပွားခဲ့သော စိတ်မကောင်းစရာ ဘေးဒုက္ခကြီးကို သိရှိသွားခဲ့ကြရပြီ ဖြစ်သည်။
အနီးနားရှိ ဟင်းလင်းပြင်တွင်... တစ်ခုပြီးတစ်ခုသော အတွင်းကမ္ဘာများဖြင့် ပြည့်နှက်နေခဲ့ပြီ ဖြစ်သည်။
ရင်ရှီအဆိပ်နှင့် ပတ်သက်သည့် သတင်းများသည်လည်း... လျင်မြန်စွာ ပျံနှံ့နေခဲ့သည်။
ယခုအကြိမ်တွင် ယင်သူတော်စင်ဘက်က ကလဲ့စားချေခြင်း ဖြစ်သည်ဟူသော ကောလာဟလများသည်လည်း သူတော်စင်အသီးသီးတို့၏ ကြားတွင် ပျံနှံ့နေခဲ့ပေသည်။
“ကြားတာတော့... ကျိလင်ရဲ့ ဆရာကိုယ်တိုင် ထွက်လာပြီး ကလဲ့စားချေတာတဲ့။”
“သူကလည်း အဖိုးအို ယင်သူတော်စင်ကြီး တစ်ယောက်ပဲလေ၊ ဘာရင်ရှီအဆိပ်ကို သုံးလိုက်တာလဲ မသိဘူး... ချက်ချင်းပဲ ကျိုကျီတောင်ကို ဖျက်ဆီးပစ်လိုက်တာ၊ ဝေကွမ်းရှောင် ဆရာတောင်မှ အသက်မရှင်နိုင်ခဲ့ဘူး။”
“ရွှေရှင်းတို့လည်း အကုန် သေကုန်ကြပြီ ထင်တယ်၊ နှမြောစရာပဲ... အသက်ရှင်သန်ခြင်း အစွမ်းနဲ့ အစားထိုး အသေခံနိုင်ရင်တောင်မှ၊ အတွင်းကမ္ဘာကြီးက ဒီလိုမျိုး ပုံစံ ဖြစ်သွားပြီဆိုတော့... အကုန် ပျက်စီးသွားပြီ ထင်တာပဲ...။”
ရင်ရှီအဆိပ်များ လွင့်ပြယ်သွားပြီဖြစ်ကြောင်း အတည်ပြုပြီးဖြစ်သောကြောင့် ထိုသူတော်စင်များ ဤနေရာသို့ လာရောက်ခြင်းကို မည်သူမျှ တားဆီးခြင်း မပြုခဲ့ကြချေ။
နောက်ဆုံးတွင် လူသားမျိုးနွယ်စု ကျောင်းဆောင်မှ ဆရာများသည်လည်း... မိမိတို့၏ ကျောင်းသားများကို အသီးသီး ခေါ်ဆောင်ကာ ထိုနေရာသို့ ရောက်ရှိလာခဲ့ကြသည်။
သေခြင်းတရား အငွေ့အသက်များ ဖုံးလွှမ်းနေသော သောင်းချီသည့် အတွင်းကမ္ဘာများကို မြင်တွေ့လိုက်ရသည့်အခါ... လူသားမျိုးနွယ်စု သူတော်စင်များအားလုံးသည် တိတ်ဆိတ်ငြိမ်သက်ခြင်းထဲသို့ ကျရောက်သွားခဲ့ကြရတော့သည်။
“ငါ ကြားတာတော့... အဲဒီယင်သူတော်စင်က ဖန့်ချန်ကို သတိပေးဖို့နဲ့ ခြိမ်းခြောက်ဖို့အတွက် ဒီနေရာမှာ စကားတစ်ခွန်း ချန်ထားခဲ့သေးတယ်တဲ့။”
“ပြောရမယ်ဆိုရင်တော့... ကျိုကျီတောင်က ဒီတစ်ကြိမ်မှာ အလကားနေရင်း ဘေးဒုက္ခနဲ့ ရင်ဆိုင်ရတာဟာ၊ ဘယ်လိုပဲဖြစ်ဖြစ် ဖန့်ချန်နဲ့ နည်းနည်းတော့ ပတ်သက်မှု ရှိနေတာပဲ။”
ကရုဏာတောင်မှ လူများသည် ဤကဲ့သို့သော အပြောအဆိုများကို ကြားလိုက်ရသည့်အခါ ချက်ချင်းပင် အလွန်အမင်း ဒေါသထွက်သွားခဲ့ကြသည်။
“မလောပါနဲ့ဦး... အခြေအနေကို အရင် စောင့်ကြည့်ရအောင်။”
ကျန့်တောက်ယွဲ့ က တည်ငြိမ်နေဆဲ ဖြစ်ပြီး၊ ဝင်ရောက်ဖျန်ဖြေ ပိတ်ပင်လိုက်သည်။
ချန်ဖေးဖေးတို့တစ်စုသည် ထိုမှသာ ရင်ထဲက ဒေါသအဟုန်ကို ဖိနှိပ်ထားလိုက်ကြပြီး... ထိုသူတော်စင်များနှင့် အချင်းချင်း အော်ဟစ်ဆဲဆိုခြင်း မပြုခဲ့ကြချေ။
ထိုအချိန်တွင် အကြီးအကဲတစ်ဦးက မျက်မှောင်ကြုတ်ကာ ဆိုလိုက်သည်။
“ဖန့်ချန်က အခုထိ ပေါ်မလာသေးဘူးလား။ အဲဒီယင်သူတော်စင်ရဲ့ ခြေရာကို တွက်ချက်ဖို့အတွက် အတွင်းကမ္ဘာထဲ ဝင်သွားတယ်လို့ ပြောတာ မဟုတ်ဘူးလား။”
“ရက်အနည်းငယ်တောင် ကုန်လွန်သွားခဲ့ပြီ၊ အဲဒီယင်သူတော်စင်က အရင်တုန်းက ဒီနေရာမှာ ရှိနေခဲ့ရင်တောင်မှ... အခုအချိန်ဆိုရင် ဝေးဝေးကို ထွက်ပြေးလွတ်မြောက်သွားပြီ ဖြစ်မှာပေါ့။”
“မင်းက ဘာလို့ လောနေတာလဲ။ ဖန့်ချန်က အသက်စွမ်းအင် အစောပိုင်းအဆင့်ပဲ ရှိသေးတာ၊ သူ အဲဒီယင်သူတော်စင် ရှိတဲ့နေရာကို တွက်ချက်မဖော်ထုတ်နိုင်ရင်တောင်မှ... ဘာဖြစ်လဲ။”
ဟေးဆန်းက မျက်မှောင်ကြုတ်ကာ ဆိုလိုက်သည်။
ထိုအကြီးအကဲသည် ကျောင်းတော်အုပ်ချုပ်သူကြီးက ပါးစပ်ဟလာသည်ကို မြင်လိုက်ရသဖြင့်... ဆက်လက်၍ စကားမဆိုတော့ချေ။
“နျဲ့ချင့်... သတင်းတွေကို အကုန်လုံး အကြောင်းကြားပြီးပြီလား။”
အောက်ကျိုချုံက ရုတ်တရက် ပါးစပ်ဟလိုက်သည်။
နျဲ့ချင့်က ရှေ့သို့ လှမ်းလာကာ လက်သီးဆုပ် ဂါရဝပြုလိုက်ပြီး -
“သတင်းတွေကို အကုန်လုံး အကြောင်းကြားပြီးပါပြီ၊ ရွှေဟွေးကျောင်းတော်ရဲ့ သူတော်စင်တွေထဲက... ကျောင်းတော်ထဲမှာ ရှိနေသေးတဲ့သူမှန်သမျှ ချွင်းချက်မရှိ အကုန်လုံး ရောက်လာကြပါပြီ။”
သူတော်စင်အပေါင်းတို့သည် ခေတ္တမျှ မှင်တက်သွားခဲ့ကြရသည်။ အချိန်အတော်ကြာအောင် လုပ်ဆောင်နေခဲ့ခြင်းမှာ... သတင်းများကို စစ်ဆေးရေးဌာနဘက်က တိတ်တဆိတ် ပေါက်ကြားအောင် လုပ်ခဲ့ခြင်း ဖြစ်နေပါလား။
ဒါက ဘာအတွက်ကြောင့်လဲ။
အောက်ကျိုချုံက တည်ငြိမ်စွာ ဆိုလိုက်သည်။
“ပထမဆုံး ကျောင်းတော်အုပ်ကြီးတွေကို စစ်ဆေးမယ်၊ အဲဒီနောက်မှာ ကျောင်းအုပ်တွေကို စစ်ဆေးမယ်၊ ပြီးရင်တော့ ကာကွယ်ရေးဆရာတွေ၊ တောင်ဆရာတွေနဲ့... သူတို့လက်အောက်က ကျောင်းသားတွေကို စစ်ဆေးမယ်။”
“ဒီနေရာမှာ ဘယ်နှစ်ယောက် ရောက်မနေဘူးလဲ ဆိုတာကို ကြည့်ရအောင်။”
“အားလုံးကို စာရင်းပြုစုမှတ်တမ်းတင်ထားပါ၊ ကိစ္စပြီးရင်တော့ သူတို့ရဲ့ လက်ရှိခြေရာတွေကို လိုက်လံစုံစမ်းရမယ်။”
“ဒါနဲ့... ရွှေဟွေးကျောင်းတော်ရဲ့ အကြီးအကဲတွေကိုလည်း စစ်ဆေးရမယ်၊ ဒီနေ့မှာ အကြီးအကဲအချို့ ရောက်မနေတာ ရှိသေးတယ်၊ သူတို့တွေ ဘယ်နေရာမှာ ရှိနေလဲ၊ ဘာတွေလုပ်နေလဲ ဆိုတာကို ကြည့်ရမယ်။”
“အမိန့်အတိုင်း ဆောင်ရွက်ပါ့မယ်။”
နျဲ့ချင့်က ပြုံးစိစိဖြင့် ခေါင်းညိတ်ပြလိုက်ပြီး... ထို့နောက်တွင် လက်ကို ဝှေ့ယမ်းလိုက်ကာ၊ ရာဂဏန်းမျှရှိသော စစ်ဆေးရေးသူတော်စင်များကို ခေါ်ဆောင်၍ အနီးနားရှိ သူတော်စင်များထံသို့ ပျံသန်းသွားခဲ့ကြပြီး မေးမြန်းစုံစမ်းမှုများကို စတင်လုပ်ဆောင်ကြတော့သည်။
အကြီးအကဲတစ်ဦးက ခေတ္တမျှ မှင်တက်သွားခဲ့ရပြီး မျက်မှောင်ကြုတ်ကာ ဆိုလိုက်သည်။
“တကယ်ပဲ အကြီးအကဲအချို့က ကျောင်းတော်မှာ မရှိကြဘူး၊ ဒါပေမဲ့ သူတို့ ဘယ်နေရာမှာ ရှိနေလဲဆိုတာကို ငါတို့ အကုန်သိတယ်၊ မင်းက ငါတို့ အကြီးအကဲတွေကို သံသယဝင်တယ်ဆိုတာ... နည်းနည်းတော့ လွန်သွားပြီ ထင်တယ်။”
အောက်ကျိုချုံက အသာအယာ ပြုံးလိုက်ရင်း -
“စစ်ဆေးရေးဌာနရဲ့ စည်းမျဉ်းက ဒီလိုပါပဲ၊ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်တာ ဖြစ်လို့... အားလုံးလည်း စိတ်မဆိုးကြပါနဲ့၊ ကောင်းကောင်းမွန်မွန် ပူးပေါင်းဆောင်ရွက်ပေးကြပါ။”
ထိုအကြီးအကဲက နှာမှုတ်လိုက်ပြီး... ဤကိစ္စကို ဆက်လက်၍ ငြင်းခုံခြင်း မပြုတော့ချေ။
အနီးနားတွင် လာရောက်ကာ အခြေအနေ ကြည့်ရှုနေကြသော သူတော်စင်များသည်... မိမိတို့ကိုယ်တိုင်လည်း စုံစမ်းစစ်ဆေးခြင်း ခံရမည်ဟု ထင်မထားခဲ့ကြသဖြင့်၊ ခေတ္တမျှ မှင်တက်သွားခဲ့ကြပြီးနောက်မှ စစ်ဆေးရေးဌာန၏ နျဲ့ချင့် အမှူးပြုသော သူတော်စင်များကို စတင်ပူးပေါင်းဆောင်ရွက်ပေးကြတော့သည်။
နျဲ့ချင့်တို့၏ လှုပ်ရှားမှုများက အလွန်လျင်မြန်ပြီး ထိရောက်မှု အလွန်မြင့်မားလှပေသည်။
အလွန်တိုတောင်းသော အချိန်အတွင်းမှာပင်... ရောက်ရှိမနေသော သူတော်စင်များ၏ စာရင်းတစ်ခုကို ရရှိခဲ့ကြသည်။
သို့သော်လည်း ဤစာရင်းကား အလွန်တရာ ရှည်လျားလွန်းလှသဖြင့်... တစ်ဦးချင်းစီကို လိုက်လံစုံစမ်းစစ်ဆေးရန်အတွက် အနည်းဆုံး နှစ်ပေါင်း ဆယ်ဂဏန်းမျှ ကြာမြင့်လိမ့်မည် ဖြစ်သည်။
အောက်ကျိုချုံသည် မိမိဘာသာ စာရင်းကို အရင်ဆုံး ဝှေ့ယမ်းကြည့်ရှုလိုက်ပြီးနောက်... ကွမ်းကျင့်ရှုထံသို့ လွှဲပြောင်းပေးလိုက်သည်။
ကွမ်းကျင့်ရှုကလည်း တစ်ချက် ဝှေ့ယမ်းကြည့်လိုက်ပြီးနောက် အသာအယာ ခေါင်းညိတ်ပြလိုက်သည်။
“အချိန်နည်းနည်း ပေးရလိမ့်မယ်။”
“ဘာမှမဖြစ်ဘူး၊ ဒီလိုမျိုး ကိစ္စက အချိန်နည်းနည်း ပိုပေးရတာလည်း ကိစ္စမရှိပါဘူး။”
အောက်ကျိုချုံ၏ မျက်ဝန်းထဲတွင် အေးစက်လှသော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားခဲ့သည်။
တစ်ဆယ့်တစ်လွှာမြောက် ဟင်းလင်းပြင်
ရှေ့မှောက်တွင် ဖြစ်ပျက်နေသော မြင်ကွင်းများကို ကြည့်ရှုရင်း... ယန်ယွမ်၏ မျက်နှာပေါ်တွင် ပူပန်သောကရောက်ရသည့် အရိပ်အယောင်များ ပေါ်ထွက်လာခဲ့ရသည်။
“စစ်ဆေးရေးဌာနက တကယ်ပဲ အပိုအလုပ်တွေ လျှောက်လုပ်နေတာပဲ၊ ကြည့်ရတာ ငါလည်း အဲဒီစာရင်းထဲမှာ ပါသွားပြီ ထင်တယ်။”
အဖိုးအိုက တည်ငြိမ်စွာ ဆိုလိုက်သည်။
“ဘာလို့ လောနေတာလဲ။ ကျောင်းတော်မှာ မရှိတဲ့ သူတော်စင်တွေက အများကြီးပဲ၊ မင်း တစ်ယောက်တည်းမှ မဟုတ်တာ။ ဒီနေရာက ထွက်ခွာသွားဖို့ အခွင့်အရေးကို စောင့်ဆိုင်းနိုင်သရွေ့တော့... မင်းအတွက် ဒီကိစ္စကို ဖြေရှင်းပေးနိုင်မယ့် နည်းလမ်း ရှိပါတယ်။”
သူက ခေတ္တမျှ ရပ်တန့်လိုက်ပြီး -
“မင်း ဟင်းလင်းပြင်သီး နှစ်လုံးလောက် ထပ်စားပြီးတော့... ဒီနေရာကနေ အမြန်ဆုံး ထွက်ပြေးလိုက်တာ ပိုကောင်းမလား။ သူတို့ ထွက်သွားတာကို ဒီနေရာမှာ အလကားနေရင်း ထိုင်စောင့်မနေနဲ့တော့။”
“အကယ်၍ ဟင်းလင်းပြင်သီး နှစ်လုံး ထပ်စားမယ်ဆိုရင်တော့... စတုတ္ထအလွှာ ဟင်းလင်းပြင်ကနေ ထွက်ခွာနိုင်မယ့် နည်းလမ်း ငါ့မှာ ရှိပါတယ်။”
“ဒါပေမဲ့...”
ယန်ယွမ်က အတွင်းကမ္ဘာ တံခါးဝမှတစ်ဆင့် ဟေးဆန်းကို လှမ်းကြည့်လိုက်သည့်အခါ မျက်ဝန်းထဲတွင် အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်မှုများ ပြည့်နှက်နေခဲ့ရသည်။
“သူက ကောင်းကင်အရှင် ဖြစ်နေတာ၊ စတုတ္ထအလွှာ ဟင်းလင်းပြင်ထဲကို ဝင်ရောက်ဖို့ဆိုတာ သူ့အတွက် မခက်ခဲဘူး၊ သူ ရိပ်မိသွားမှာကို ငါ စိုးရိမ်တယ်...”
အတိအကျပင် ထိုအချိန်၌ အဖိုးအို၏ မျက်နှာအမူအရာက လှုပ်ရှားသွားခဲ့ရသည်။
“ဖန့်ချန် ဆိုတဲ့ ကောင်လေး ထွက်လာပြီ။”
ယန်ယွမ်က တံခါးဝ၏ အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည့်အခါ... အမှန်တကယ်ပင် ဖန့်ချန်၏ ပုံရိပ်ကို မြင်တွေ့လိုက်ရသည်။
……
……
ဖန့်ချန် ပေါ်လာသည်နှင့်တစ်ပြိုင်နက်... ဟေးဆန်း၊ အောက်ကျိုချုံ အမှူးပြုသော သူတော်စင်များ၏ အကြည့်များသည် သူ၏ ကိုယ်ပေါ်သို့ ချက်ချင်း စုပြုံကျရောက်သွားခဲ့ကြသည်။
ဖန့်ချန်က ဆိုလိုက်သည်။
“ကျွန်တော့်ရဲ့ သူလျှိုက ပြောပြချက်အရတော့... ယင်သူတော်စင်က ရှီးလူမျိုးစုရဲ့ ကျောင်းအုပ် ယန်ယွမ် ဖြစ်ပြီး၊ အခုအချိန်မှာ ဟင်းလင်းပြင်သီးကို စားသုံးပြီးတော့ တစ်ဆယ့်တစ်လွှာမြောက် ဟင်းလင်းပြင်ထဲမှာ ပုန်းကွယ်နေပါတယ် ”
ထိုနေရာသို့ ရောက်ရှိနေကြသော ရှီးလူမျိုးစု သူတော်စင်များအားလုံး ဆူညံပွက်လောရိုက်သွားခဲ့ကြရပြီး၊ ကျောင်းအုပ်ကြီး ဆုန်ချန်သောက်က ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။
“မဖြစ်နိုင်တာ”
တစ်ဆယ့်တစ်လွှာမြောက် ဟင်းလင်းပြင်
ယန်ယွမ်သည် ထိတ်လန့်တုန်လှုပ်ခြင်းနှင့် ဒေါသတကြီး ဖြစ်ခြင်းများ ဒွန်တွဲနေခဲ့ရသည်။
“မဖြစ်နိုင်တာ”
သူက ခေတ္တမျှ ရပ်တန့်လိုက်ပြီး ထိုအဖိုးအိုကို သေလုမတတ် စိုက်ကြည့်လိုက်သည်။
“မင်းက ဖန့်ချန်ရဲ့ သူလျှိုလား ”
စကားပြောနေစဉ်အတွင်းမှာပင် သူက ဟင်းလင်းပြင်သီး နှစ်လုံးကို ချက်ချင်း ထုတ်ယူကာ တစ်လုံးပြီးတစ်လုံး ဆက်တိုက် ဝါးမြိုပစ်လိုက်သည်။
အတွင်းကမ္ဘာကြီးသည် ဟင်းလင်းပြင်၏ ပိုမိုနက်ရှိုင်းသော အလွှာထဲသို့ ထပ်မံ၍ နစ်မြုပ်သွားခဲ့ပြန်ရာ... သို့သော်လည်း ဤတစ်ကြိမ်တွင်မူ တစ်ဆယ့်တစ်လွှာမှ တစ်ဆယ့်နှစ်လွှာထဲသို့သာ နစ်မြုပ်သွားခဲ့ခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဟေးဆန်း၏ တုံ့ပြန်မှုက အလွန်လျင်မြန်လှပေရာ... မျက်စိတစ်မှိတ်အတွင်းမှာပင် အတွင်းကမ္ဘာကို မောင်းနှင်ကာ ဟင်းလင်းပြင်၏ အလွှာအသီးသီးထဲသို့ အတင်းအကျပ် ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။
သို့သော်လည်း ဒသမအလွှာ ဟင်းလင်းပြင်သို့ ရောက်ရှိသွားသည့်အခါ... ဟင်းလင်းပြင်၏ တွန်းကန်မှုစွမ်းအားက အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှပြီး၊ သူနှင့် သူ၏ အတွင်းကမ္ဘာကိုပါ အမှုန့်ခြေဖျက်ပစ်တော့မည့်အလား ခံစားလိုက်ရသည်။
“တောက်... ငါ့ရဲ့ ကျင့်စဉ်အဆင့်က နည်းနည်း လိုသေးတာပဲ...။”
ဟေးဆန်း၏ မျက်နှာပေါ်တွင် မတတ်သာသည့် အမူအရာတစ်ခု ပေါ်ထွက်လာခဲ့ရသည်။
သူသည် တစ်ဆယ့်တစ်လွှာမြောက် ဟင်းလင်းပြင်ဆီသို့ မရောက်ရှိနိုင်ပါချေ။