အခန်း ၃၂၄
Vol. 33 Ch. 324
အခန်း (၃၂၄) မဟာသိုင်းသခင်များ စုရုံးရောက်ရှိလာခြင်း... တိုက်ပွဲကြီး စတင်ပြီ
ကျန်းချဲ့ အပေါ် ချီထျန်းကျုံး ၏ သဘောကျ နှစ်သက်မှုများမှာ ယခုအခါ ပိုမို နက်ရှိုင်းလာခဲ့လေပြီ။
အကယ်၍ ယခင်က ကျန်းချဲ့ သည် သူ၏ စွမ်းရည် အနည်းငယ်ကိုသာ ပြသခဲ့သည်ဟု ဆိုလျှင် ယခုအခါ၌မူ သူ၏ အစစ်အမှန် စွမ်းအားများကို အပြည့်အဝ ထုတ်ဖော် ပြသလိုက်ခြင်း ပင်ဖြစ်သည်။
တောင်ပိုင်းယွဲ့ မှ မဟာသိုင်းသခင် လေးပါးကို တစ်ကိုယ်တော် အင်အားဖြင့် သတ်ဖြတ်နိုင်ခဲ့ရုံသာမက ဂိုဏ်းချုပ်ရှန်ရွှီ ကိုပါ အောင်မြင်စွာ တုံ့ပြန် သတ်ဖြတ်နိုင်ခဲ့လေသည်။
ဤမျှလောက် ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားမျိုးကို သူကိုယ်တိုင်ပင်လျှင် လုံးဝ စွမ်းဆောင်နိုင်မည် မဟုတ်ချေ။
ကျန်းချဲ့ သည် ယခုအခါ ချီမိသားစု နှင့် တန်းတူ ရင်ပေါင်တန်း နိုင်သည့် အရည်အချင်း တစ်စိတ်တစ်ပိုင်း ကို ပိုင်ဆိုင်နေပြီ ဖြစ်ကြောင်း လုံလောက်စွာ သက်သေပြ နေလေသည်။
လက်ရှိ အခြေအနေ အရ ကြည့်မည် ဆိုလျှင် နောင်တစ်ချိန် ကျန်းချဲ့ သာ အသက်အန္တရာယ် မကြုံတွေ့ခဲ့ပါက သိုင်းသူတော်စင် အဖြစ်သို့ ရောက်ရှိရန် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်သော ကိစ္စ မဟုတ်တော့ချေ။
အကယ်၍သာ ကျန်းချဲ့ တစ်ယောက် သိုင်းသူတော်စင် ဖြစ်လာခဲ့မည် ဆိုလျှင် ကျန်းမိသားစု နှင့် ချီမိသားစု တို့ ပူးပေါင်းကာ ပြည်နယ် တစ်ခုလုံးကို ကြီးစိုး ခြယ်လှယ် နိုင်မည်မှာ အသေအချာ ပင်ဖြစ်သည်။
အရေးအကြီးဆုံး အချက်မှာ ကျန်းချဲ့ နှင့် ချီမိသားစု ကြားရှိ ဆက်ဆံရေး က အလွန် နီးကပ် ခိုင်မာ လွန်းနေခြင်း ပင်ဖြစ်သည်။ သူ၏ တရားဝင် ဇနီးမယား မှာ ချီမိသားစု ၏ သမီးကြီး ဖြစ်ပြီး ချီမိသားစု ထံမှလည်း အကူအညီ ထောက်ပံ့မှု အမြောက်အမြား ကို ရယူထားခဲ့လေသည်။
ဘာအမှားအယွင်း မှ သာ မရှိခဲ့လျှင် ကျန်းမိသားစု နှင့် ချီမိသားစု တို့ မျိုးဆက် အဆက်ဆက် ရင်းနှီးသော မဟာမိတ်များ ဖြစ်လာရန် ဆိုသည်မှာ သေချာပေါက် ဖြစ်လာမည့် ကိစ္စ ပင်ဖြစ်သည်။
"အကြီးအကဲချုပ် ချီးကျူးလွန်းနေပါပြီ... ကျွန်တော် လုံးဝ လက်မခံဝံ့ပါဘူး..."
ကျန်းချဲ့ ၏ မျက်နှာပေါ်တွင်လည်း အပြုံးများ ပေါ်လွင်နေပြီး သူ့အပေါ် အမြဲတမ်း သဘောကောင်း ခဲ့သော အကြီးအကဲချုပ် အား လေးစားမှု များနှင့် ကျေးဇူးတင်မှု များ ပြည့်နှက် နေလေသည်။
"ဟားဟားဟား လူငယ်ဆိုတာ တက်ကြွတဲ့ စိတ်ဓာတ် ရှိရမယ်... မင်းကတောင် လက်မခံဝံ့ဘူး ဆိုရင် တစ်လောကလုံးမှာ လက်ခံဝံ့တဲ့သူ သိပ်များများစားစား ရှိမှာ မဟုတ်တော့ဘူးကွ... လာ ဒီအဘိုးကြီး မင်းကို မိတ်ဆက်ပေးမယ်... ဒီလူက ငါတို့ ချီမိသားစုရဲ့ တတိယအကြီးအကဲ... သူကတော့..."
ချီထျန်းကျုံး သည် အလွန် ပျော်ရွှင် တက်ကြွစွာ ဖြင့် ကျန်းချဲ့ အား အခြား လူအချို့ နှင့် မိတ်ဆက် ပေးနေလေသည်။
ထိုသူများ အများစု မှာ ကျန်းချဲ့ နှင့် ယခင်က လုံးဝ မဆုံဖူး ခဲ့ကြချေ။ ပုံမှန်အားဖြင့် မိသားစု အိမ်တော် တွင် နေလေ့ မရှိဘဲ ချီမိသားစု ၏ အခြားသော အကျိုးစီးပွား များကို ကာကွယ် စောင့်ရှောက် ရန် အပြင်ဘက် နေရာအသီးသီး တွင် တာဝန် ကျနေသူများ ပင်ဖြစ်သည်။
ထိုအထဲတွင် တော်ဝင်နန်းတော် အတွင်း၌ ရာထူး ရယူထားသူများ ပင် ပါဝင်လေသည်။
ချီမိသားစု ၏ အင်အား ကြီးမား ထည်ဝါမှုကို ဤသည်ကပင် သက်သေပြ နေလေသည်။ ကျန်းချဲ့ ၏ အတွေးထဲတွင် ချီမိသားစု တစ်ခုတည်း ၏ အင်အား ဖြင့်ပင် တောင်ပိုင်းယွဲ့ နိုင်ငံ ကို ဖျက်ဆီး နိုင်စွမ်း ရှိလောက်သည်ဟု ထင်မြင် မိလေသည်။
"စီနီယာတို့ကို ဂါရဝပြုပါတယ်..."
"ကျန်းချဲ့ မင်း အရမ်း ယဉ်ကျေးနေပါပြီ... ဒီအဘိုးကြီး လည်း မင်းရဲ့ သတင်းတွေကို ခဏခဏ ကြားနေရတာပါကွာ..."
"တကယ်ကို ထူးချွန်တဲ့ လူငယ်လေးပါလား..."
"ဟားဟားဟား အရမ်းကောင်းတယ်... တကယ်ကောင်းတယ်..."
လူတိုင်း က အလွန် ရင်းနှီး ဖော်ရွေစွာ နှုတ်ဆက် ကြလေသည်။ သိုင်းသခင် အချို့ က ကျန်းချဲ့ အပေါ် သဘောကျ နှစ်သက်မှု များကို ပွင့်လင်းစွာ ပြသ ကြပြီး အလွန် ရင်းနှီး သကဲ့သို့ ဆက်ဆံ ကြလေသည်။
အချိန် အနည်းငယ် ကြာပြီးနောက် မှသာ သူတို့၏ စကားဝိုင်း က အဓိက ကိစ္စရပ် ဆီသို့ ရောက်ရှိ သွားလေသည်။
"အကြီးအကဲချုပ်... ကျုပ်တို့ ဘယ်အချိန် လှုပ်ရှားကြမလဲ..."
ကျန်းချဲ့ က ပြုံး၍ မေးလိုက်လေသည်။
"မင်း ရောက်လာပြီ ဆိုမှတော့ လှုပ်ရှားရမယ့် အချိန် ရောက်ပြီပေါ့လေ..."
ချီထျန်းကျုံး က မျက်လုံးများ ပိတ်သွားသည် အထိ ပြုံးရွှင်စွာ ဖြင့် ပြောလိုက်လေသည်။
ဤနေ့တွင် လေငြိမ် သက်ပြီး ကောင်းကင်ယံ ၌ တိမ်တိုက် တစ်စက်မျှ ပင် မရှိချေ။ သို့သော် နဂါးကျား တောင် ပေါ်တွင်တော့ အကြီးအကဲ များ နှင့် တပည့်များ ၏ ရင်ထဲတွင် အလွန် လေးလံ ဖိစီး နေလေသည်။
ဤ အကြောင်းရင်း အားလုံးမှာ မြောက်ပိုင်း ချီမိသားစု က နဂါးကျား တောင် တစ်ခုလုံးကို တင်းကျပ်စွာ ဝိုင်းရံ ပိတ်ဆို့ ထားသောကြောင့် ပင်ဖြစ်သည်။
သူတို့ တွင်တော့ ပြန်လည် ခုခံနိုင်စွမ်း လုံးဝ မရှိတော့ချေ။ ဂိုဏ်း ကာကွယ်ရေး အစီအရင်ကြီး ကိုသာ အားကိုး ပြီး နောက်ဆုံး ထွက်သက် ကို စောင့်ဆိုင်း နေကြရလေသည်။
"ဟင်... မင်း... မင်းတို့ ဟိုမှာ ကြည့်လိုက်ကြစမ်း... အဲ့ဒါ ဘာကြီးလဲ..."
ရုတ်တရက် လူငယ် တပည့် တစ်ယောက် က မတော်တဆ ခေါင်းမော့ ကြည့်လိုက်မိရာ အဝေး သို့ ကြည့်နေသော သူ၏ မျက်ဝန်း ထဲတွင် အလွန် ထိတ်လန့် ကြောက်ရွံ့ နေသော အရိပ်အယောင် များ ပေါ်လွင် လာလေသည်။
ဤစကား ကို ကြားသောအခါ ပတ်ဝန်းကျင် ရှိ လူများ အားလုံး အကြီးအကျယ် တုန်လှုပ် သွားကြလေသည်။
အလျင်စလို ခေါင်းမော့ ကြည့်လိုက်ကြလေသည်။
နောက်တစ်စက္ကန့် တွင် လူတိုင်း ၏ မျက်နှာ ပေါ်တွင် ထိတ်လန့် တုန်လှုပ် နေသော အမူအရာများ ချက်ချင်း ပေါ်လွင် လာလေတော့သည်။
အကြောင်းရင်း မှာ အဝေးရှိ ကောင်းကင်ယံ ထက်မှ ဧရာမ မည်းနက်သော တိမ်တိုက်ကြီး များ က နဂါးကျား တောင် ထံသို့ လျင်မြန်စွာ ချဉ်းကပ် လာနေသောကြောင့် ပင်ဖြစ်သည်။ ထို့အပြင် တစ်ဖက်တည်း မှ မဟုတ်ဘဲ အရပ်လေးမျက်နှာ စလုံး မှ လာနေခြင်း ဖြစ်ပြီး နဂါးကျား တောင် တစ်ခုလုံး ကို မည်းနက်သော တိမ်တိုက်ကြီး များဖြင့် ရစ်ပတ် ဝိုင်းရံ လိုက်လေသည်။
မုန်တိုင်း မလာမီ လေပြင်း တိုက်ခတ် သကဲ့သို့ မည်းနက်သော တိမ်တိုက်များ က တောင် တစ်လုံးလုံး ကို ဖုံးအုပ် သွားလေသည်။
ကြောက်မက်ဖွယ် ကောင်းသော ဖိအားကြီး က လူတိုင်း ကို အသက်ရှူ မဝတော့မည့် အလား အလွန် ကြီးမားလှသော လွှမ်းမိုးမှု ကြီး တစ်ခု ကို ယူဆောင် လာလေသည်။
"ဘုန်း..."
မိုးကြိုး ပေါက်ကွဲသံ ကြီး တစ်ခု အလား ကျယ်လောင်စွာ ထွက်ပေါ် လာရာ လူတိုင်း အကြီးအကျယ် တုန်လှုပ် သွားကြလေသည်။
ထို့နောက် သတိဝင် လာသော နဂါးကျား တောင် မှ တပည့်များ က ချက်ချင်း အသံကျယ်ကြီး ဖြင့် အော်ဟစ် လိုက်ကြလေသည်။
"ရန်သူ... ရန်သူ လာပြီကွ..."
"ချီမိသားစု... ချီမိသားစု က လူတွေ ရောက်လာပြီ..."
"မြောက်ပိုင်း ချီမိသားစု က စတင် တိုက်ခိုက်တော့မယ်ဟေ့..."
"မြန်မြန်... အကြီးအကဲ တွေကို မြန်မြန် သွားအကြောင်းကြား..."
အကယ်၍ ကောင်းကင်ယံ ထက်မှ ငုံ့ကြည့် လိုက်မည် ဆိုပါက နဂါးကျား တောင် ပေါ်ရှိ သေးငယ်သော ပုရွက်ဆိတ် လေးများ အလား လူရိပ် များစွာ သည် ဂိုဏ်း ၏ အဓိက တောင်ထွတ် ကြီး ဆီသို့ လျင်မြန်စွာ စုဝေး လာနေကြသည် ကို ထင်ရှားစွာ မြင်တွေ့ နိုင်ပေသည်။
အတွင်း စည်း နှင့် အပြင် စည်း မှ တပည့် ထောင်ချီ ခန့် မှာ အလွန် ထိတ်လန့် ကြောက်ရွံ့ နေကြလေသည်။
အဓိက တောင်ထွတ် ကြီး ပေါ်တွင်။
အလင်းတန်း များစွာ လျင်မြန်စွာ စုဝေး လာပြီး လေဟာနယ် ထက်တွင် ရပ်တန့် လိုက်ကြလေသည်။
စုဝေး ရောက်ရှိ လာသော ကြောက်မက်ဖွယ် ဖိအားကြီး ကို ကြည့်ရင်း အကြီးအကဲချုပ် ကျောက်လင်ခုန်း ၏ မျက်နှာ မှာ အနည်းငယ် မည်းမှောင် သွားပြီး အင်္ကျီ လက်စ အောက်ရှိ လက်သီး များ ကိုလည်း တင်းကျပ်စွာ ဆုပ်ကိုင် ထားလိုက်လေသည်။
ကျန်ရှိ နေသော သူများ လည်း ထိုနည်းတူ ပင်ဖြစ်သည်။
ယန်ဖျင်... တန်မြန် အစရှိသော မဟာသိုင်းသခင် များ လည်း အလွန် လေးနက်သော အမူအရာ များ ပေါ်လွင် နေကြလေသည်။ ကျန်ရှိသော ရွှမ်တန်အဆင့် သိုင်းသခင် များ မှာလည်း အလွန် ကြောက်မက်ဖွယ် ကောင်းသော ရန်သူကြီး နှင့် ရင်ဆိုင် နေရသကဲ့သို့ အလွန် တင်းမာ စိုးရိမ် နေကြလေသည်။
အသက်တစ်ရှိုက်စာ... နှစ်ရှိုက်စာ... သုံးရှိုက်စာ... အသက်ဆယ်ရှိုက်စာ ခန့် အကြာတွင် မည်းနက်သော တိမ်တိုက်ကြီး များ က နဂါးကျား တောင် ၏ အဓိက တောင်ထွတ် ကြီး အပြင်ဘက် တွင် အပြည့်အဝ ဖုံးလွှမ်း သွားလေတော့သည်။
အဓိက တောင်ထွတ် ကြီး ပေါ်တွင်လည်း ယခုအခါ အလင်းတန်း များ တောက်ပ လာပြီး အစိမ်းရောင် အလင်းများ ဖြာထွက် နေသော ကာကွယ်ရေး အလွှာ ကြီး တစ်ခု အဖြစ် သို့ ပြောင်းလဲ သွားလေသည်။
နဂါးကျား တောင် ၏ ဂိုဏ်း ကာကွယ်ရေး အစီအရင်ကြီး။ ချင်းရွှမ် အဆုံးမဲ့ ဝိညာဉ် အလင်း အစီအရင်ကြီး ပင်ဖြစ်သည်။
ယခင်က နဂါးကျား တောင် ၏ ဘိုးဘေး များ သည် အစီအရင် သခင်ကြီး တစ်ပါး ကို ဖိတ်ခေါ် ကာ ဤ အစီအရင် ကို တည်ဆောက် ခဲ့ခြင်း ဖြစ်သည်။ မူလက နဂါးကျား တောင်တန်း တစ်ခုလုံး ကို ဖုံးလွှမ်း နိုင်စွမ်း ရှိသော်လည်း ကျောက်လင်ခုန်း က အစီအရင် ၏ အဓိက ဗဟိုချက် ကို အသုံးပြု ကာ စွမ်းအား အားလုံး ကို အဓိက တောင်ထွတ် ကြီး ပေါ်သို့ သာ စုစည်း ထားလိုက်လေသည်။
ဤနည်းဖြင့် ကာကွယ်ရေး စွမ်းအား ကို ပိုမို အားကောင်း စေရန် ပင်ဖြစ်သည်။
"ချီမိသားစု က မိတ်ဆွေတွေ ရောက်လာပြီ ဆိုမှတော့ ဘာလို့ ပုန်းကွယ် နေဦးမှာလဲ... ထွက်လာပြီး မျက်နှာချင်း ဆိုင် ကြတာပေါ့..."
ကျောက်လင်ခုန်း က အရှေ့ သို့ စူးစိုက် ကြည့်ကာ အားအင် ပြည့်ဝ သော အသံ ဖြင့် ပြောလိုက်လေသည်။ သူ၏ မူလဝိညာဉ် စွမ်းအား များ ၏ ပံ့ပိုးမှု ဖြင့် အသံ ကြီး က လှိုင်းလုံးကြီး များ အလား အရပ်လေးမျက်နှာ သို့ လွှမ်းခြုံ သွားလေသည်။
မူလဝိညာဉ် စွမ်းအား ဟူသည် မှာ မဟာသိုင်းသခင် များ ၏ မူလဝိညာဉ် မှ ထွက်ပေါ် လာသော စွမ်းအား ကို ခေါ်ဆိုခြင်း ပင်ဖြစ်သည်။
"ကျောက်လင်ခုန်း... မင်း အသက်ရှင် နေသေးတယ် လို့ တကယ်ကို မထင်ထားမိဘူး... ဟဲဟဲဟဲ... မဆိုးဘူး... တကယ် မဆိုးဘူး..."
မည်းနက်သော တိမ်တိုက်ကြီး ပေါ်မှ မြူခိုးများ လွင့်စင် သွားပြီးနောက် လူရိပ် ရာပေါင်းများစွာ က လေဟာနယ် ထက်တွင် မထင်မရှား ထွက်ပေါ် လာကြလေသည်။
ချီမိသားစု ၏ ခေါင်းဆောင် ချီကျန်းနန်... အကြီးအကဲချုပ် ချီထျန်းကျုံး... ကျန်းချဲ့ နှင့် အခြားသော ချီမိသားစု မှ အစွမ်းထက် သိုင်းပညာရှင် များ အားလုံး လုံးဝ ဖုံးကွယ် ခြင်း မရှိတော့ဘဲ ရုတ်တရက် ထွက်ပေါ် လာကြလေသည်။
ထို့နောက် ပိုမို ကြောက်မက်ဖွယ် ကောင်းသော ဖိအားကြီး တစ်ခု က အောက်ဘက် ရှိ လူများ ထံသို့ ရိုက်ခတ် သွားလေတော့သည်။
"မိတ်ဆွေတို့ရဲ့ သတိရမှုကို ကျေးဇူးတင်ပါတယ်... ဒီအဘိုးကြီး က ဒီလောက် လွယ်လွယ်လေး နဲ့တော့ ထာဝရအိပ်စက် သွားမှာ မဟုတ်ပါဘူးလေ..."
ကျောက်လင်ခုန်း က အရှေ့ တွင် ရှိနေသော လူအချို့ ကို စူးစိုက် ကြည့်လိုက်လေသည်။
သူ၏ အကြည့်များ က လူတိုင်း ကို ဖြည်းညင်းစွာ ဝေ့ကြည့် လိုက်ပြီးနောက် နောက်ဆုံးတွင် ငယ်ရွယ်သော လူငယ် တစ်ယောက် ၏ အပေါ်တွင် အချိန်ခဏမျှ ရပ်တန့် သွားလေသည်။
ထိုလူငယ် မှာ နဂါးကျား တာအိုဂိုဏ်း ကို ယခုကဲ့သို့ အခြေအနေ ဆိုး သို့ ရောက်ရှိ စေခဲ့သော အဓိက တရားခံ ပင်ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိထားလေသည်။
သွေးပင်လယ် မိစ္ဆာနဂါး... ကျန်းချဲ့ ပင်ဖြစ်သည်။
ဂိုဏ်းချုပ်ရှန်ရွှီ ကို ချုံခို သတ်ဖြတ် ခဲ့သူ မှာလည်း သူ ပင်ဖြစ်သည်။
သို့သော် အပြစ်တင် မည် ဆိုပါက သူ့ကို အပြစ်တင် ၍ မရနိုင်ချေ။ မည်သို့ပင်ဆိုစေ မည်သို့ပင် ပြောပြော နဂါးကျား တာအိုဂိုဏ်း ကသာ စည်းကမ်း ကို အရင် ဖောက်ဖျက် ခဲ့ပြီး အရင် စတင် တိုက်ခိုက် ခဲ့ခြင်း ဖြစ်လေသည်။
ဂိုဏ်းချုပ်ရှန်ရွှီ ကိုယ်တိုင် ဝင်ရောက် တိုက်ခိုက် ခဲ့သည် တောင်မှ ဤလူငယ် ကို မသတ်ဖြတ် နိုင်ခဲ့သည့် အပြင် မြောက်ပိုင်း ချီမိသားစု ၏ ဤမျှလောက် ကြီးမားသော တုံ့ပြန်မှု ကြီး ကိုပါ ဖိတ်ခေါ် မိသကဲ့သို့ ဖြစ်သွား လိမ့်မည်ဟု သူ လုံးဝ မထင်မှတ် ထားခဲ့ချေ။
"မင်းရဲ့ ဝိညာဉ်အလင်း တွေ မှေးမှိန် နေပြီး သေမင်းရဲ့ အရိပ်အယောင် တွေ ရစ်ပတ် နေတာကို ကြည့်ရသလောက်... မင်း အသက်ရှင်ဖို့ ရက်ပိုင်း လောက်ပဲ ကျန်တော့တယ် ထင်တယ်... အေးအေးဆေးဆေး ကွယ်လွန် ဖို့ ရွေးချယ်တာက မင်းအတွက် အကောင်းဆုံးပဲ... အခု အသေအလဲ လာတိုက်ခိုက် နေရင်တော့ နောက်ဘဝ မှာ ပြန်လည် ဝင်စား ဖို့ အခွင့်အရေး တောင် ရမှာ မဟုတ်တော့ဘူးကွ..."
ချီထျန်းကျုံး က နဂါးခေါင်း တောင်ဝှေး ကို ထောက်ကာ အေးစက်စွာ ပြောလိုက်လေသည်။
"ဂိုဏ်း ရဲ့ သေရေးရှင်ရေး အကျပ်အတည်း ကို ရင်ဆိုင် နေရချိန်မှာ ဒီအဘိုးကြီး က နဂါးကျား တာအိုဂိုဏ်း ရဲ့ အကြီးအကဲချုပ် တစ်ယောက် အနေနဲ့ ဘယ်လိုလုပ် လက်ပိုက် ကြည့်နေလို့ ရမှာလဲ... အိုချီ... တကယ်လို့ မင်းတို့ ချီမိသားစု သာ မျိုးဖြုတ် ခံရမယ့် ဘေးအန္တရာယ် မျိုး ကြုံလာခဲ့ရင်... မင်းကရော အသေအလဲ မတိုက်ခိုက် ဘဲ နေမှာလား..."
ကျောက်လင်ခုန်း က ပြန်လည် တုံ့ပြန် လိုက်ပြီးနောက် သူ၏ အကြည့်များ ကို ကျန်းချဲ့ ထံသို့ ရွှေ့ပြောင်း လိုက်လေသည်။
"မင်းက မိတ်ဆွေလေး ကျန်းချဲ့ ဆိုတာလား..."
"မှန်ပါတယ်... ခင်ဗျား လူကြည့်တာ အရမ်း တိကျတာပဲ..."
ကျန်းချဲ့ က ခေါင်း အနည်းငယ် ညိတ်ပြ လိုက်ပြီး အေးဆေး တည်ငြိမ် နေလေသည်။ သူ၏ တစ်ကိုယ်လုံး တွင် အလွန် ကြီးမားလှသော ယုံကြည်ချက် များ ပြည့်နှက် နေလေသည်။
"အရင် ကိစ္စတွေ က နဂါးကျား တာအိုဂိုဏ်း က စည်းကမ်း ဖောက်ခဲ့တာပါ... ဒီအချက် ကို ဒီအဘိုးကြီး ဝန်ခံပါတယ်... ဒီကနေ့ အခြေအနေ အထိ ရောက်လာရတာ ကလည်း ချီမိသားစု က မင်းအတွက် တရားမျှတမှု ကို ရှာပေးချင်လို့ ဆိုတာ ဒီအဘိုးကြီး သိပါတယ်... ဒါပေမဲ့ ဒီအဘိုးကြီး တစ်ခွန်းလောက်တော့ အကြံပေး ပါရစေ... ငါတို့ နဂါးကျား တာအိုဂိုဏ်း က အင်အား နည်းသွားပြီ ဆိုပေမဲ့ နောက်ဆုံး အနေနဲ့ ပြန်လည် ခုခံနိုင်စွမ်း တော့ ရှိပါသေးတယ်..."
"မြောက်ပိုင်း ချီမိသားစု က အစွမ်းထက် တာ မှန်ပေမဲ့ ပြိုင်ဘက်ကင်း တော့ မဟုတ်ပါဘူး... နောက်ဆုံးမှာ နဂါးကျား တာအိုဂိုဏ်း ကို ဖျက်ဆီး နိုင်ခဲ့ရင်တောင်... ကိုယ်တိုင်လည်း အထိနာ သွားနိုင်တယ်လေ... ဒါကြောင့် စစ်ပွဲ ကို ရပ်တန့်ပြီး ဒီရန်ငြိုး တွေကို ပြေလည်အောင် ဖြေရှင်း လိုက်ရင် မကောင်းဘူးလား... မင်းသာ တောင်းဆိုမယ် ဆိုရင် မင်းရဲ့ တောင်းဆိုချက် တွေကို ဒီအဘိုးကြီး အားလုံး လက်ခံ ပေးပါ့မယ်..."
"သဘာဝ ရတနာတွေ... ဝိညာဉ် ဆေးတွေ... ဒါတင်မကသေးဘူး နဂါးကျား တာအိုဂိုဏ်း ရဲ့ အကျိုးအမြတ် တစ်ဝက် ကိုပါ ပေးနိုင်တယ်... မင်းသာ ချီမိသားစု ကို နောက်ဆုတ်အောင် ဖျောင်းဖျ နိုင်မယ် ဆိုရင်... ဒါတွေ အားလုံးက ပြဿနာ မဟုတ်ပါဘူး..."
ကျောက်လင်ခုန်း က လေးနက်သော အသံဖြင့် အကြံပေး စည်းရုံး လိုက်လေသည်။
ချီကျန်းနန် နှင့် ချီထျန်းကျုံး တို့ကလည်း အလိုအလျောက် ပင် ကျန်းချဲ့ ကို တစ်ချက် လှမ်းကြည့် လိုက်မိကြသော်လည်း ဘာမှ ဝင်မပြောကြချေ။ သူ ဘယ်လို ပြန်ဖြေမည် ကို စောင့်ကြည့် လိုပုံ ရလေသည်။
"သဘာဝ ရတနာတွေ... ဝိညာဉ် ဆေးတွေ... အကျိုးအမြတ် တွေကို ခွဲဝေ ပေးမယ် ဟုတ်လား... ဒီ စည်းကမ်းချက် တွေက တကယ်ကို မက်မော စရာ ကောင်းတာပဲ... ဒါပေမဲ့ ဒီအရာတွေ ဘယ်လောက်ပဲ တန်ဖိုးကြီးပါစေ... ကျုပ်ရဲ့ အသက်လောက်တော့ တန်ဖိုး မကြီးပါဘူး... နဂါးကျား တာအိုဂိုဏ်း က စည်းကမ်း ဖောက်ခဲ့မှတော့ တန်ဖိုး တစ်ခုကို ပြန်ပေးဆပ် ရမှာပေါ့... မဟုတ်ရင် နောင်တစ်ချိန် အတုယူ ပြီး လုပ်မယ့်သူ တွေ ထွက်လာမှာပေါ့..."
ကျန်းချဲ့ က ခေါင်းယမ်း ကာ ငြင်းဆန် လိုက်လေသည်။
"ဒါက မင်းရဲ့ အဖြေလား..."
ထိုစကား ကို ကြားသောအခါ ကျန်းချဲ့ က ပြုံး၍ ဆက်ပြော လိုက်လေသည်။
"ပြီးတော့ ခင်ဗျား စကား တစ်ခွန်း မှားသွားတယ် ထင်တယ်... ခင်ဗျား ကတိပေး ထားတဲ့ အဲ့ဒီ ပစ္စည်းတွေ အားလုံး က... နဂါးကျား တာအိုဂိုဏ်း ကိုသာ ဖျက်ဆီး နိုင်ခဲ့ရင် ငါတို့ ပိုင်ဆိုင်မယ့် အရာတွေချည်းပဲ... ခင်ဗျား ခွဲပေးစရာ တောင် မလိုပါဘူး..."
"တကယ်ကို လူငယ်ပီပီ... စကားပြောတာ အရမ်း မောက်မာ တာပဲ..."
ကျောက်လင်ခုန်း သည် ကျန်းချဲ့ ၏ စကားအပေါ် မည်သည့် မကျေနပ်မှု မျှ မပြသဘဲ သက်ပြင်း တစ်ချက်သာ ချလိုက်လေသည်။ ဤကဲ့သို့သော အခြေအနေ မျိုးကို သူ ကြိုတင် မျှော်လင့် ထားပြီး ဖြစ်ကာ နောက်ဆုံး အနေဖြင့် တစ်ကြိမ် ထပ်မံ ကြိုးစား ကြည့်ရုံ သက်သက်သာ ဖြစ်ကြောင်း အလွန် ထင်ရှား လှပေသည်။
"ကဲပါ စကားတွေ အများကြီး ပြောနေစရာ မလိုတော့ဘူး... ဒီနေ့ ဒီလောက် ကြီးမားတဲ့ စစ်တပ်ကြီး ချီတက် လာတာ က စေ့စပ် ဆွေးနွေး ဖို့ လာတာ မဟုတ်ဘူး... အရင်ကတည်းက ပြောခဲ့ပြီးပြီပဲ... နဂါးကျား တာအိုဂိုဏ်း ကို မျိုးဖြုတ် ဖို့ ပြင်ဆင် ထားဖို့... အခု ဘယ်လို ပြင်ဆင် ထားပြီးပြီလဲ... တကယ်လို့ ကူညီမယ့် စစ်ကူတွေ ရှိရင်လည်း အခု ချက်ချင်း ခေါ်ထုတ် လိုက်ပါ... မဟုတ်ရင်တော့... ငါတို့ စတင် တိုက်ခိုက်တော့မယ်..."
ချီကျန်းနန် သည် လက်နောက်ပစ် ကာ မတ်မတ် ရပ်နေပြီး အလွန် ခန့်ညား ထည်ဝါသော အရှိန်အဝါ များ ထွက်ပေါ် နေလေသည်။ ရှန်ရှန်းအထွတ်အထိပ် အဆင့် ၏ ကြောက်မက်ဖွယ် ကောင်းသော ဖိအားကြီး က သူ၏ တစ်ကိုယ်လုံး ကို လွှမ်းခြုံ ထားလေသည်။
ကျောက်လင်ခုန်း က သက်ပြင်း တစ်ချက် ချလိုက်ပြီး အချိန်ခဏမျှ တိတ်ဆိတ် သွားလေသည်။
"အစ်ကိုလင်း... ထွက်လာခဲ့ပါတော့..."
"မြောက်ပိုင်း ချီမိသားစု က တကယ်ကို အရှိန်အဝါ ကြီးမား တာပဲ... နားလည်မှု လွဲတာ လေး တစ်ခု ကိုများ ဒီလောက်တောင် အကြီးအကျယ် စစ်ပွဲတွေ ဖန်တီး နေရတယ်လို့... မသိတဲ့ သူတွေ ဆိုရင် ဒီလောကကြီး တစ်ခုလုံး မင်းတို့ ချီမိသားစု ပိုင်တယ် လို့တောင် ထင်သွားဦးမယ်..."
အေးစက်သော ရယ်မောသံ တစ်ခု နှင့်အတူ နဂါးကျား တောင် ၏ ဆွေးနွေးပွဲ ခန်းမဆောင် အတွင်းမှ လူရိပ် သုံးခု က ဖြည်းညင်းစွာ ထွက်ပေါ် လာလေသည်။
ခန့်ညားသော ဝတ်ရုံ ကို ဝတ်ဆင်ထားပြီး အရှိန်အဝါ ကြီးမားသော သူ တစ်ယောက်... ဆံပင် နှုတ်ခမ်းမွေး များ ဖြူဖွေး နေပြီး အိုမင်း ရင့်ရော် နေသော အဘိုးအို တစ်ဦး... ထို့အပြင် အနီရောင် ဝတ်စုံ ကို ဝတ်ဆင် ထားသော အလွန် လှပ ကျက်သရေ ရှိသည့် အမျိုးသမီး တစ်ဦး တို့မှာ တန်းစီ ကာ လေဟာနယ် ထက်သို့ တက်လှမ်း လာကြလေသည်။
သူတို့၏ အမှတ်အသား များမှာ ယွင်ပြည်နယ် လင်းမိသားစု ၏ ခေါင်းဆောင် လင်းလန်ထျန်း... လင်းမိသားစု ၏ အကြီးအကဲချုပ် နှင့် အနီရောင် ဝတ်စုံ ကို ဝတ်ဆင် ထားသော သွေးပင်လယ် ဂိုဏ်း ၏ ဂိုဏ်းချုပ် ချီလျန် နတ်သမီး ဖေဟုန်ယီ တို့ ပင်ဖြစ်သည်။
ဤလူများ အားလုံးမှာ ကျောက်လင်ခုန်း ယခုတစ်ကြိမ် သွားရောက် အကူအညီ တောင်းခံ ခဲ့သော စစ်ကူများ ပင်ဖြစ်သည်။
ထိုသို့ ကူညီရန် အတွက် ပေးဆပ် လိုက်ရသော တန်ဖိုး မှာ ယွင်ပြည်နယ် လင်းမိသားစု နှင့် သွေးပင်လယ် ဂိုဏ်း တို့က နဂါးကျား တာအိုဂိုဏ်း ၏ အကျိုးအမြတ် ခုနစ်ဆယ် ရာခိုင်နှုန်း ကို ခွဲဝေ ယူမည် ဖြစ်ပြီး နဂါးကျား တာအိုဂိုဏ်း အနေဖြင့် ယွင်ပြည်နယ် လင်းမိသားစု ၏ လက်အောက်ခံ အဖြစ် တရားဝင် ဝင်ရောက် ရမည် ပင်ဖြစ်သည်။
မူလက လင်းမိသားစု သည် အလွယ်တကူ ဝင်ရောက် စွက်ဖက် ရန် ဆန္ဒမရှိဘဲ တောင်ပေါ်တွင် ထိုင်ကာ ကျား နှစ်ကောင် သတ်ပုတ် နေသည်ကို သာ ကြည့်ရှု လိုကြလေသည်။ သို့သော် ကျောက်လင်ခုန်း က သူတို့ကို ဖျောင်းဖျ ခဲ့လေသည်။
အကယ်၍ နဂါးကျား တာအိုဂိုဏ်း သာ ဖျက်ဆီး ခံလိုက်ရပါက ချီမိသားစု ၏ အင်အား မှာ ရုတ်တရက် အဆမတန် ကြီးမား လာမည် ဖြစ်ကြောင်း ရှင်းပြ ခဲ့လေသည်။
ဤသည်မှာ လင်းမိသားစု မြင်တွေ့ ချင်သော အရာ ဟုတ်ပါသလား။
ကျောက်လင်ခုန်း ဤသို့ ပြောဆို ရခြင်း မှာလည်း ယွင်ပြည်နယ် လင်းမိသားစု နှင့် မြောက်ပိုင်း ချီမိသားစု တို့ ကြားတွင် မျိုးဆက် အဆက်ဆက် လက်စားချေ ရန် ရှိသော ရန်ငြိုးကြီး များ ရှိနေကြောင်း ကို သိရှိ ထားသောကြောင့် ပင်ဖြစ်သည်။
သူတို့ နှစ်ဖက် ကြားရှိ ရန်ငြိုးများ ကို ပြေလည်အောင် ဖြေရှင်း ရန် အလွန် ခက်ခဲ ပြီး ဆက်လက်၍ ပင် တည်ရှိ နေဦးမည် ဖြစ်လေသည်။ တစ်ဖက်လူ ကို ဒုက္ခရောက် စေမည့် ကိစ္စ မှန်သမျှ ကို အခြား တစ်ဖက် က သေချာပေါက် လုပ်ဆောင် မည်သာ ဖြစ်လေသည်။
သွေးပင်လယ် ဂိုဏ်း ၏ ရည်ရွယ်ချက် ကတော့ ပိုမို ရိုးရှင်း လေသည်။ နဂါးကျား တာအိုဂိုဏ်း ၏ အကျိုးအမြတ် တစ်စိတ်တစ်ပိုင်း ကိုသာ လိုချင်ခြင်း ပင်ဖြစ်သည်။
သေချာသည် ကတော့ ထိုသို့သော တန်ဖိုး ဖြင့် ဖေဟုန်ယီ သည်လည်း လုံးဝ အသေအလဲ တိုက်ခိုက် ပေးမည် မဟုတ်ချေ။
တိုက်ပွဲ ဖြစ်ပွား ချိန်တွင် ချီမိသားစု မှ ရှန်ရှန်းအဆင့် မဟာသိုင်းသခင် တစ်ပါး သို့မဟုတ် မဟာသိုင်းသခင် နှစ်ပါး ကိုသာ တားဆီး ပေးမည် ဖြစ်လေသည်။ သို့သော် ဤမျှလောက် ဆိုလျှင်ပင် လုံလောက် နေပြီ ဖြစ်လေသည်။ မည်သို့ပင်ဆိုစေ ချီမိသားစု ၏ အပြင်ပန်း အင်အား အရ ဆိုလျှင် ရှန်ရှန်းနှောင်းပိုင်းအဆင့် မဟာသိုင်းသခင် နှစ်ပါး သာ ရှိသောကြောင့် ပင်ဖြစ်သည်။
"လင်းလန်ထျန်း... လင်းကျီတုန်း... ဖေဟုန်ယီ... ဒါက မင်းတို့ နဂါးကျား တာအိုဂိုဏ်း ရှာလာတဲ့ စစ်ကူတွေပေါ့..."
ချီကျန်းနန် ၏ မျက်နှာ အနည်းငယ် မည်းမှောင် သွားသော်လည်း အရမ်းကြီး အံ့အားသင့် သွားပုံ မရချေ။ အဘယ်ကြောင့်ဆိုသော် သူ သည် အစောပိုင်း ကတည်းက ဤကိစ္စ တွင် တစ်စုံတစ်ယောက် ဝင်ရောက် စွက်ဖက် လာမည်ကို ကြိုတင် ခန့်မှန်း ထားပြီး ဖြစ်သောကြောင့် ပင်ဖြစ်သည်။
"ဂိုဏ်း တစ်ခု မျိုးဆက် ဆက်လက် ရှင်သန် နိုင်ဖို့ ဆိုတာ မလွယ်ကူ ပါဘူး... ဒီအဘိုးကြီး လည်း ဂိုဏ်း ကြီး ပျက်စီး သွားတာကို မမြင်ချင် လို့ မိတ်ဆွေ အချို့ကို အကူအညီ လှမ်းတောင်း လိုက်ရတာပါ... ချီကျန်းနန်... ဒီအဘိုးကြီး လည်း မင်းတို့နဲ့ အသေအလဲ မတိုက်ခိုက် ချင်ပါဘူး... စစ်ပွဲ ကို ရပ်တန့် လိုက်ရင် မကောင်းဘူးလား... ဒီအဘိုးကြီး တန်ဖိုး အချို့ကို ပေးဆပ် ဖို့ လိုလား ပါတယ်..."
စစ်ကူများ ရရှိ လာသော်လည်း ကျောက်လင်ခုန်း သည် အတင်းအကျပ် ဖိအားပေး ခြိမ်းခြောက် ခြင်း မပြုချေ။ အဘယ်ကြောင့်ဆိုသော် ယခု တစ်ကြိမ် သူ ပေးဆပ် လိုက်ရသော တန်ဖိုး များကို သူ ကောင်းစွာ သိရှိ သလို မြောက်ပိုင်း ချီမိသားစု ၏ အခြေခံ အုတ်မြစ် ကိုလည်း သူ သိရှိ ထားသောကြောင့် ပင်ဖြစ်သည်။
"ချီကျန်းနန်... ငါကိုယ်တော် လည်း မင်းနဲ့ လက်ရည် မစမ်းရတာ ကြာပြီပဲ... ကြားရသလောက်တော့ မင်းက မဟာ နတ်စွမ်းရည် တစ်ခုကို အောင်မြင်အောင် လေ့ကျင့် ထားနိုင်တယ် ဆို... ဘယ်လိုလဲ စမ်းကြည့် ချင်လား..."
လင်းလန်ထျန်း က အေးဆေး တည်ငြိမ်စွာ ဖြင့် ပြောလိုက်ပြီး အလွန် ယုံကြည်ချက် ရှိနေပုံ ရလေသည်။ တကယ်တမ်း တွင်လည်း ထိုသို့ပင် ဖြစ်လေသည်။
သူတို့ ဘက်တွင် မဟာသိုင်းသခင် လေးပါး အထိ ရှိနေလေသည်။
ချီမိသားစု ဘက်တွင်မူ လောလောဆယ် မဟာသိုင်းသခင် နှစ်ပါး သာ ရှိပြီး အခြား လျှို့ဝှက် အင်အား များ ရှိနေဦးမည် ဆိုလျှင်တောင် လုံးဝ မယှဉ်ပြိုင် နိုင်စရာ အကြောင်း မရှိချေ။
ထို့အပြင် နဂါးကျား တာအိုဂိုဏ်း ကို အသုံးချ ၍ ချီမိသားစု ၏ အင်အား ကို လျှော့ချ နိုင်ခြေ ရှိသေးရာ သူ သည် စစ်ပွဲ ဆင်နွှဲ ရန် လုံးဝ ဝန်လေး နေမည် မဟုတ်ချေ။
"မင်းလောက် နဲ့များ... မတန်သေးပါဘူးကွာ..."
ချီကျန်းနန် က အေးစက်စွာ နှာခေါင်းရှုံ့ လိုက်လေသည်။ သူ နှင့် လင်းလန်ထျန်း တို့ ကြားတွင် မသေးငယ်သော ရန်ငြိုးများ ရှိနေကြောင်း အလွန် ထင်ရှား လှပေသည်။
"ဟုတ်လို့လား... ဒါဆိုရင်လည်း မင်းတို့ ချီမိသားစု ရဲ့ အင်အား က ဘယ်လောက် အထိ ရှိလဲ ဆိုတာ ငါတို့ စောင့်ကြည့် ရသေးတာပေါ့..."
လင်းလန်ထျန်း က အေးစက်စက် ပြုံးလိုက်လေသည်။
"မိတ်ဆွေ နှစ်ယောက်... ထွက်လာခဲ့ပါတော့..."
ချီကျန်းနန် က လင်းလန်ထျန်း တို့ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ရုတ်တရက် အသံကျယ်ကြီး ဖြင့် ခေါ်လိုက်လေသည်။
မျက်တောင်တစ်ခတ် အတွင်း ဓားသံ ကြီး တစ်ခု ရုတ်တရက် ထွက်ပေါ် လာပြီး အဆုံးအစ မရှိသော ဓားစွမ်းအင် များ က မည်းနက်သော တိမ်တိုက်ကြီး များကို ခွဲထုတ် ပစ်လိုက်လေသည်။
ထို့နောက် အစိမ်းရောင် ဝတ်စုံ ကို ဝတ်ဆင် ထားပြီး ပြည့်ဖြိုးသော ခန္ဓာကိုယ်၊ အေးစက်သော မျက်နှာထား ဖြင့် အမျိုးသမီး တစ်ဦး ဖြည်းညင်းစွာ ဆင်းသက် လာလေသည်။ သူမ မှာ ဝိညာဉ်ဓား တောင် ၏ ချင်းရှောင် ဓားသခင် ကျောက်ရှန်းကျီ ပင်ဖြစ်သည်။
ကျန်းချဲ့ က အနောက်သို့ လှည့်ကာ သူမ ကို တစ်ချက် လှမ်းကြည့် လိုက်လေသည်။ ဤသည်မှာ ပထမဆုံး အကြိမ် တွေ့ဆုံခြင်း မဟုတ်သော်လည်း သူမ နှင့် ပတ်သက်၍ သူ၏ ရင်ထဲတွင် အလွန် နက်ရှိုင်းသော မှတ်ဉာဏ်များ ရှိနေဆဲ ပင်ဖြစ်သည်။
သူမ ၏ စွမ်းအား မှာ သာမန် မဟုတ်ချေ။ ရှန်ရှန်းအလယ်အလတ်အဆင့် တွင်သာ ရှိသေးသော်လည်း သူမ ၏ ဓားတာအို နတ်စွမ်းရည် က အလွန် ကြောက်မက်ဖွယ် ကောင်းလှရာ ရှန်ရှန်းနှောင်းပိုင်းအဆင့် မဟာသိုင်းသခင် တစ်ပါး နှင့်ပင် ယှဉ်ပြိုင် နိုင်စွမ်း ရှိပုံ ရလေသည်။
ကျောက်ရှန်းကျီ ထွက်ပေါ် လာပြီးနောက် ဘာစကား မှ မပြောဘဲ ကျန်းချဲ့ ကိုသာ တစ်ချက် လှမ်းကြည့် လိုက်ပြီးနောက် ချက်ချင်း အကြည့် လွှဲသွားလေသည်။
နောက်တစ်စက္ကန့် တွင် ချီကျန်းနန် ၏ အနောက်ဘက် မှ အလင်းတန်း တစ်ခု ထပ်မံ ထွက်ပေါ် လာလေသည်။ အနက်ရောင် သိုင်းဝတ်စုံ ကို ဝတ်ဆင် ထားပြီး ရိုင်းစိုင်း ကြမ်းတမ်း သော အရှိန်အဝါ များ ထွက်ပေါ် နေကာ မျက်လုံး များ ထဲတွင် သတ်ဖြတ် လိုစိတ်များ ပြည့်နှက် နေပြီး အလွန် တောင့်တင်း ခိုင်မာ သော ခန္ဓာကိုယ် ကြီး ကို ပိုင်ဆိုင် ထားလေသည်။
သူ ထွက်ပေါ် လာခြင်း က အဝေး မှ လင်းလန်ထျန်း ကိုပင် အနည်းငယ် ကြက်သေသေ သွားစေခဲ့လေသည်။
"ကျောက်ယွမ်မင်..."
ကျန်းချဲ့ လည်း အနည်းငယ် အံ့အားသင့် သွားပြီး သူ၏ စိတ်ထဲတွင် ထိုသူ ၏ အမှတ်အသား ချက်ချင်း ပေါ်လာလေသည်။
သံလက်သီး တစ်စုံ ဖြင့် ချင်းပြည်နယ် ကို စိုးမိုး ကာ ကြယ်ပျံ ခြေလှမ်း ဖြင့် ထာဝရ ကျော်ကြား ခဲ့သူ။ ချင်းပြည်နယ် ယွမ်မင် တောင် ၏ ဂိုဏ်းချုပ်... နတ်လက်သီး ကျောက်ယွမ်မင် ပင်ဖြစ်သည်။ ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်ကြံသူ ပင်ဖြစ်သည်။
ဝိညာဉ်ရေးရာ ကို မကျင့်ကြံ ဘဲ လက်ရှိ ဘဝ အတွက် ရုပ်ခန္ဓာ ကိုသာ အဓိက ထား၍ ကျင့်ကြံသူ ဖြစ်သည်။ ရှန်ရှန်းအဆင့် မဟာသိုင်းသခင် များ ထဲတွင် အလွန် နာမည် ကျော်ကြား သော ပုဂ္ဂိုလ် တစ်ဦး ပင်ဖြစ်သည်။
ယောက္ခမ ဖြစ်သူ တွင် ဤမျှလောက် ကြီးမားသော အဆက်အသွယ် များ ရှိနေလိမ့်မည် ဟု ကျန်းချဲ့ လုံးဝ မထင်မှတ် ထားခဲ့ချေ။
"လင်းလန်ထျန်း... လွန်ခဲ့တဲ့ နှစ်တစ်ရာ က တိုက်ပွဲ ပြီးကတည်းက ငါတို့ ပြန်မတိုက်ဖြစ်ကြ တော့ဘူးနော်... အတော်ပဲ... ငါကိုယ်တော် လည်း မင်းနဲ့ လက်ရည် လာစမ်း ချင်နေတာ... အခု မင်းရဲ့ စွမ်းရည် က ဘယ်လောက် အထိ ရှိနေပြီလဲ ဆိုတာ စမ်းကြည့် ရသေးတာပေါ့..."
ကျောက်ယွမ်မင် ၏ အသံ ကြီး က မိုးခြိမ်းသံ အလား ဟိန်းဟောက် ထွက်ပေါ် လာပြီး အလွန် ခန့်ညား ထည်ဝါ နေလေသည်။
လင်းလန်ထျန်း ၏ မျက်နှာ အနည်းငယ် ပျက်ယွင်း သွားပြီး ဘာစကား မှ ထပ်မပြော တော့ဘဲ တိတ်ဆိတ် သွားလေတော့သည်။ ချီကျန်းနန် က ဤမျှလောက် အထိ ကြိုတင် ပြင်ဆင် ထားလိမ့်မည် ဟု သူ လုံးဝ မထင်မှတ် ထားခဲ့ကြောင်း အလွန် ထင်ရှား လှပေသည်။
ကျောက်ယွမ်မင် ကိုပင် ဖိတ်ခေါ် ထားသေးရာ ဤကိစ္စ က အလွန် ခက်ခဲ သွားခဲ့ပြီ ဖြစ်လေသည်။
သို့သော် မကြာမီ မှာပင် သူ ပြန်လည် တည်ငြိမ် သွားလေသည်။ မဟာသိုင်းသခင် လေးပါး နှင့် မဟာသိုင်းသခင် လေးပါး အချင်းချင်း ယှဉ်ပြိုင် ရမည် ဖြစ်ပြီး နဂါးကျား တောင် ၏ ကာကွယ်ရေး အစီအရင်ကြီး လည်း ရှိနေသေးရာ သူတို့ ၏ အနိုင်ရနိုင်ခြေ မှာ အလွန် မြင့်မား နေဆဲ ပင်ဖြစ်သည်။
"ဒီတိုက်ပွဲ မှာ ဒီလောက် များပြား တဲ့ မိတ်ဆွေတွေ ရောက်လာလိမ့်မယ် လို့ မထင်ထားဘူး... ဟဲဟဲဟဲ... တကယ်ကို ကြီးကျယ် ခမ်းနား တဲ့ ပွဲကြီး ပွဲကောင်း တစ်ခုပဲ..."
ရုတ်တရက် ရယ်မောသံ ငယ်လေး တစ်ခု ထွက်ပေါ် လာပြီး လေဟာနယ် ထက်တွင် စာပေသမား ဝတ်ရုံ ကို ဝတ်ဆင် ထားကာ လက်ထဲတွင် ခေါက်ယပ်တောင် တစ်ချောင်း ကို ကိုင်ဆောင် ထားသော ချန်ချင်းဖန် က ပြုံးရွှင်စွာ ဖြင့် ထွက်ပေါ် လာလေတော့သည်။