← Chapters

အခန်း ၃၂၆

Vol. 33 Ch. 326

အခန်း ၃၂၆

Vol. 33 Ch. 326

အခန်း (၃၂၆) ယွဲ့ပြည်နယ်တွင် နဂါးကျားတောင် မရှိတော့ပြီ

ကျောက်လင်ခုန်း... ယန်ဖျင် နှင့် တန်မြန် ဟူသော မဟာသိုင်းသခင်သုံးပါး ဆက်တိုက်ဆိုသလို ကျဆုံးသွားပြီးနောက် ရွှမ်တန်အဆင့် သိုင်းသခင်ဆယ်ပါးကျော်လည်း သေဆုံးသွားခဲ့ပြီဖြစ်ရာ ယခုအခါ နဂါးကျား တာအိုဂိုဏ်းအတွက် မည်သည့်မျှော်လင့်ချက်မှ မရှိတော့ပေ။

သူတို့ကို စောင့်ကြိုနေသည်မှာ တစ်ဖက်သတ် သတ်ဖြတ်ခံရခြင်း သက်သက်သာ ဖြစ်လေသည်။

ကျန်းချဲ့သည် လဲ့ထင်ကို အလွယ်တကူ ဖိနှိပ်သတ်ဖြတ်ပြီးနောက် ထပ်မံ၍ ဝင်ရောက်မတိုက်ခိုက်တော့ချေ။

သူသည် မဟာသိုင်းသခင်ကြီးများနှင့်အတူ လေဟာနယ်ထက်မှနေ၍ အောက်ဘက်ရှိ မြင်ကွင်းကိုသာ ငုံ့ကြည့်နေလေသည်။ ယခုအခါ၌မူ သူသည် ရှန်ရှန်းအဆင့် မဟာသိုင်းသခင်များနှင့် တန်းတူရင်ပေါင်တန်းနိုင်သည့် အရည်အချင်းကို အပြည့်အဝ ပိုင်ဆိုင်နေပြီ ဖြစ်လေသည်။

ကျင့်ကြံခြင်းအဆင့် ကွာဟမှုကြောင့် ရှန်ရှန်းနှောင်းပိုင်းအဆင့် မဟာသိုင်းသခင်များနှင့် အလှမ်းဝေးနေဆဲဖြစ်သော်လည်း မည်သူကမျှ သူ့ကို အထင်မသေးရဲကြတော့ဘဲ စကားပြောဆိုရာတွင်ပင် သူ့ကို ဗဟိုပြု၍ ဆွေးနွေးနေကြလေသည်။

"ကောင်းတယ် သိပ်ကောင်းတာပဲ မင်းရဲ့ ခန္ဓာကိုယ်ထဲက ပြင်းထန်တဲ့ သွေးသားစွမ်းအင်တွေကို ငါကိုယ်တော် အာရုံခံမိတယ် နောင်တစ်ချိန် ခန္ဓာကိုယ်သန့်စင်ခြင်း လမ်းစဉ်ကို လျှောက်မယ်ဆိုရင်လည်း ရွေးချယ်မှုကောင်း တစ်ခု ဖြစ်လာလိမ့်မယ်..."

ကျောက်ယွမ်မင်က ချီမိသားစု၏ သမက်အသစ်စက်စက်လေးကို အကဲခတ်ကြည့်ရင်း ပြောလိုက်လေသည်။ သူ၏မျက်ဝန်းထဲတွင် ချီးကျူးမှုများ ပြည့်နှက်နေလေသည်။

ယခင်က ကျန်းချဲ့၏ နာမည်ကို သူကြားဖူးခဲ့သော်လည်း သိပ်ပြီး ဂရုမစိုက်ခဲ့ပေ။ သေးငယ်သော ရွှမ်တန်အဆင့် သိုင်းသခင်လေး တစ်ပါးအတွက်နှင့် သူက အောက်ကျခံကာ မိတ်ဆွေဖွဲ့ရန် မတန်ဟု ထင်မှတ်ခဲ့ခြင်း ဖြစ်သည်။ ပါရမီရှင် ဟူသော ဂုဏ်ပုဒ် ရှိနေလျှင်တောင် သူက ဂရုစိုက်မည် မဟုတ်ချေ။

အဘယ်ကြောင့်ဆိုသော် ရှန်ရှန်းအဆင့် မဟာသိုင်းသခင် ဖြစ်လာသူတိုင်း... အထူးသဖြင့် ထိပ်တန်းအဆင့်သို့ ရောက်ရှိလာသူတိုင်းသည် ပါရမီရှင်များသာ ဖြစ်ကြသောကြောင့် ပင်ဖြစ်သည်။

သို့သော် ယခုအခါ၌မူ ကျန်းချဲ့၏ ဂုဏ်သတင်းများ ပိုမိုကြီးမားလာသည်နှင့်အမျှ စောစောက ကျန်းချဲ့ လက်တစ်ချက်ဝှေ့ယမ်းရုံမျှဖြင့် မျိုးဆက်တူ ရွှေအမြုတေအဆင့် သိုင်းသခင်တစ်ပါးကို သတ်ဖြတ်နိုင်ခဲ့သည်ကို မြင်တွေ့လိုက်ရသောအခါ သူ၏ အမြင်များ လုံးဝ ပြောင်းလဲသွားခဲ့လေသည်။

အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်ပင်လျှင် မျိုးဆက်တူချင်း ပြိုင်ဘက်ကင်း အဆင့်သို့ မရောက်ရှိနိုင်သောကြောင့် ပင်ဖြစ်သည်။

ကျန်းချဲ့က ထိုသို့ စွမ်းဆောင်နိုင်ခြင်းသည်ပင် သူ၏ ထူးခြားသော အရည်အချင်းကို အပြည့်အဝ သက်သေပြနေလေသည်။

နောင်တစ်ချိန်တွင် သူနှင့် တန်းတူ ရင်ပေါင်တန်းနိုင်ရုံသာမက သူ့ထက်ပင် သာလွန်သွားနိုင်ခြေ အလွန်များပြားလှပေရာ မိတ်ဆွေကောင်း တစ်ယောက်အဖြစ် ဖွဲ့ဆိုထားခြင်းက အလွန်တန်ဖိုးရှိလှပေသည်။ ထို့အပြင် ကျန်းချဲ့သည် ချီမိသားစု၏ သမက်လည်း ဖြစ်နေသဖြင့် သူတို့ကြားရှိ ဆက်ဆံရေးမှာ ပိုမို ရင်းနှီးလွယ်ကူ လေသည်။

"ကျွန်တော်လည်း ခန္ဓာကိုယ်သန့်စင်ခြင်း လမ်းစဉ်အပေါ် အများကြီး စိတ်ဝင်စားမှု ရှိပါတယ် နောင်တစ်ချိန် အခွင့်အရေး ရခဲ့ရင် စီနီယာဆီကနေ သင်ပြမှု ခံယူချင်ပါတယ်..."

ကျန်းချဲ့က ကျောက်ယွမ်မင် အား ရင်ဆိုင်ရာတွင် မောက်မာခြင်းလည်း မရှိသလို အောက်ကျို့ခြင်းလည်း မရှိဘဲ တည်ငြိမ်စွာ ပြန်ပြောလိုက်လေသည်။ သို့သော် ရှိသင့်ရှိထိုက်သော ယဉ်ကျေးမှုများကိုတော့ လုံးဝ လစ်ဟင်းမှု မရှိစေခဲ့ချေ။

သိုင်းလောကတွင် ကြီးမားလှသော ဂုဏ်သတင်းကို ရရှိထားပြီး သံလက်သီးတစ်စုံဖြင့် ချင်းပြည်နယ်ကို စိုးမိုးထားသူ ဟူသော ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားခြင်းကပင် ကျောက်ယွမ်မင် ၏ အစွမ်းထက်ပုံကို အပြည့်အဝ သက်သေပြနေလေသည်။

ထို့အပြင် ကျန်းချဲ့ ကိုယ်တိုင်ကလည်း ခန္ဓာကိုယ်သန့်စင်ခြင်း လမ်းစဉ်ကို အမှန်တကယ် စိတ်ဝင်စားနေခြင်း ပင်ဖြစ်သည်။

သို့သော် ဤလမ်းစဉ်မှာ အလွန် ခက်ခဲကြမ်းတမ်းလှပြီး လိုက်လျှောက်သူလည်း အလွန် ရှားပါးလှပေသည်။ ကျောက်ယွမ်မင် ကဲ့သို့သော အဆင့်အတန်းမျိုးသို့ ရောက်ရှိနိုင်သူ ဆိုသည်မှာ လက်ချိုးရေတွက်၍ ရနိုင်လောက်အောင် နည်းပါးလှပေသည်။

"ကောင်းပြီလေ တကယ်လို့ မင်း စိတ်ဝင်စားရင် အချိန်မရွေး ချင်းပြည်နယ်ကို လာပြီး ငါကိုယ်တော်ကို လာရှာလို့ ရတယ်..."

ကျောက်ယွမ်မင် က ခေါင်းအနည်းငယ် ညိတ်ပြလိုက်ပြီးနောက် ဘေးတွင်ရှိသော အကြီးအကဲချုပ် ချီထျန်းကျုံး ကို ကြည့်ကာ ပြုံး၍ ပြောလိုက်လေသည်။

"အကြီးအကဲချုပ် ဒီတစ်ခေါက်တော့ ချီမိသားစု အကြီးအကျယ် အမြတ်ထွက်သွားပြီပဲ နဂါးကျား တာအိုဂိုဏ်း လည်း ပျက်စီးသွားပြီဆိုတော့ ချီမိသားစု က ယွဲ့ပြည်နယ်မှာ အခိုင်အမာ ခြေကုပ်ယူနိုင်တော့မယ် ဒါတင်မကသေးဘူး ဒီလောက်ကောင်းတဲ့ သမက်တစ်ယောက်ကိုတောင် ရထားသေးတယ် နှမြောစရာ ကောင်းတာက ငါကိုယ်တော့်မှာ သမီး မိန်းကလေး မရှိတာပဲ ကွာ..."

"ဒီတစ်ခေါက် အခုလို ချောချောမွေ့မွေ့ ပြီးဆုံးသွားတာက မိတ်ဆွေတို့ရဲ့ အကူအညီတွေကြောင့်ပါပဲ ကျုပ် ချီမုန့် အထူးပဲ ကျေးဇူးတင်ပါတယ်..."

ချီထျန်းကျုံး က မုတ်ဆိတ်ကို သပ်ကာ ထိုလူများကို ကျေးဇူးတင်စကား ပြောလိုက်သော်လည်း သမီးနှင့် သမက် အကြောင်းကိုမူ လုံးဝ ဆက်မပြောတော့ချေ။

ချီမိသားစု သမက်ကောင်း တစ်ယောက် ရထားသည် ဆိုသော ကိစ္စမှာ လူတိုင်း သိရှိထားပြီး ဖြစ်ရာ ထပ်ပြောနေစရာ မလိုတော့ချေ။

"ကျန်းချဲ့ စောစောက မင်း သုံးလိုက်တဲ့ နတ်စွမ်းရည်က ယင်ယန် မိစ္ဆာမီးတောက် လား..."

သူတို့ အချင်းချင်း စကားပြောနေကြစဉ် တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော ကျောက်ရှန်းကျီ က ရုတ်တရက် အကြည့်ရွှေ့ကာ မေးလိုက်လေသည်။

"စီနီယာက တကယ့်ကို မျက်လုံးရှင်တာပဲ..."

"မင်းက ဒီမီးတောက်ကို ဘယ်လိုများ သိမ်းပိုက်နိုင်ခဲ့တာလဲ ကြားရသလောက်တော့ ယင်ယန် မိစ္ဆာမီးတောက် က အရမ်းကို ကြမ်းတမ်းလွန်းလို့ ကိုယ်ပိုင် အဖြစ် သန့်စင်ဖို့ အရမ်းခက်ခဲတယ် ဆို ကံကြမ္မာ အကူအညီနဲ့ပဲ ထိန်းချုပ်လို့ ရနိုင်တယ်တဲ့ ငါ သိထားသလောက် ဆိုရင် ပိုင်ယွဲ့ နိုင်ငံတွေမှာပဲ ဒီမီးတောက်ကို ထိန်းချုပ်နိုင်တဲ့သူ ရှိတယ် ဆိုတာပဲ ဒါမှမဟုတ် မင်းကများ..."

"မှန်ပါတယ် ဒီ ယင်ယန် မိစ္ဆာမီးတောက် က ပိုင်ယွဲ့ နယ်မြေကနေ ရခဲ့တာပါ သန့်စင်တဲ့ ကိစ္စကတော့ ကံကောင်းထောက်မလို့ပါပဲ..."

ကျန်းချဲ့က ပြုံးလိုက်ပြီး အများကြီး ထပ်မရှင်းပြတော့ချေ။

အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်ပင်လျှင် အပြည့်အဝ နားမလည်သောကြောင့် ဖြစ်လေသည်။ အဆင့်တက်နေစဉ် အတွင်း အလွန် ချောမွေ့စွာဖြင့်ပင် ထိုမီးတောက်ကို သန့်စင်နိုင်ခဲ့ခြင်း ဖြစ်သည်။ အကြောင်းရင်းကို ပြောရလျှင် သေချာပေါက် ကောင်းကင်ယဇ်ပလ္လင် ကျောက်တိုင် ၏ ကျေးဇူးကြောင့် ပင်ဖြစ်သည်။

"ကံကောင်းထောက်မလို့ပေါ့လေ..."

ကျောက်ရှန်းကျီ ၏ လှပသော မျက်ဝန်းများ တောက်ပသွားပြီး ကျန်းချဲ့ ထပ်မပြောချင်တော့ကြောင်းကို ရိပ်မိသွားသဖြင့် ဆက်မမေးတော့ချေ။ သို့သော် သူမ၏ ကိုယ်တွင်းရှိ ပြဿနာကို တွေးမိသောအခါ ရင်ထဲတွင် မနေနိုင်ဘဲ သက်ပြင်းတစ်ချက် ချလိုက်မိလေသည်။

သူမသည် လင်းကျန့် တောင် ဂိုဏ်း စတင် တည်ထောင်ကတည်းက ကျင့်ကြံခြင်း အမြန်ဆုံး သူတစ်ယောက် ဖြစ်ပြီး နှစ်တစ်ရာပင် မပြည့်သေးသော အချိန်အတွင်း၌ ရှန်ရှန်းအလယ်အလတ်အဆင့် သို့ ရောက်ရှိခဲ့လေသည်။ သူမ၏ အလွန် အစွမ်းထက်သော ဓားတာအို နတ်စွမ်းရည်များ က ရှန်ရှန်းနှောင်းပိုင်းအဆင့် မဟာသိုင်းသခင် များကိုပင် ယှဉ်ပြိုင် တိုက်ခိုက်နိုင်စွမ်း ရှိလေသည်။ ချင်းရှောင် ဓားသခင် ဟု ဂုဏ်ပုဒ်ရရှိထားပြီး အလွန် လှပကျက်သရေ ရှိသူ ပင်ဖြစ်သည်။

သို့သော် ကျင့်ကြံခြင်းအဆင့် လျင်မြန်စွာ တိုးတက်လာခြင်းမှာ ကြီးမားသော တန်ဖိုးပေးဆပ်မှုများ ရှိနေကြောင်းကို သူမ ကိုယ်တိုင်သာ အသိဆုံး ဖြစ်လေသည်။ သူမ၏ ထူးခြားသော ခန္ဓာကိုယ် အခြေအနေကြောင့် ယင်ဓာတ် ဝိညာဉ်စွမ်းအင်များကို အများအပြား သန့်စင်ခဲ့မိလေသည်။

၎င်းက သူမ၏ ကိုယ်တွင်း၌ ယင်ယန် ဟန်ချက်မညီမှုများကို ဖြစ်ပေါ်စေခဲ့ပြီး မူလဝိညာဉ် ဖွံ့ဖြိုးမှုကို အဟန့်အတား ဖြစ်စေခဲ့ရာ ရှန်ရှန်းနှောင်းပိုင်းအဆင့် သို့ အချိန်အတော်ကြာသည်အထိ အဆင့်မတက်နိုင်ဘဲ ဖြစ်နေခဲ့ရလေသည်။

ထိုအရာက ယခုအခါ သူမအတွက် အကြီးမားဆုံး အဟန့်အတားကြီး တစ်ခု ဖြစ်နေခဲ့လေပြီ။ သူမကလည်း ယင်ယန် ဟန်ချက်ညီစေမည့် နည်းလမ်းကို အမြဲတမ်း ခက်ခဲစွာ ရှာဖွေနေခဲ့ရာ ယခုတစ်ကြိမ်တွင် ကျန်းချဲ့က ယင်ယန် မိစ္ဆာမီးတောက် ကဲ့သို့သော ထူးဆန်းသည့် မီးတောက်ကို သိမ်းပိုက်နိုင်ခဲ့သည်ကို မြင်တွေ့လိုက်ရသဖြင့် မနေနိုင်ဘဲ မေးမြန်းလိုက်မိခြင်း ပင်ဖြစ်သည်။

သို့သော် နှမြောစရာ ကောင်းသည်မှာ ကျန်းချဲ့က ထိုလျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောဆိုရန် ဆန္ဒမရှိပုံ ရလေသည်။ ထို့အပြင် အမှန်တကယ်ပင် ကံကောင်းထောက်မစွာဖြင့် ရရှိခဲ့ခြင်းလည်း ဖြစ်နိုင်ပေရာ သူမ၏ စိတ်အခြေအနေမှာ အနည်းငယ် ကျဆင်းသွားရလေသည်။

ကျန်းချဲ့ လည်း ဤအချက်ကို သတိထားမိလိုက်သော်လည်း သူတို့ နှစ်ယောက်ကြားရှိ ရင်းနှီးမှုမှာ အလွန် နည်းပါးလှပြီး ယခုမှ ဒုတိယအကြိမ် တွေ့ဆုံဖူးခြင်းသာ ဖြစ်လေသည်။ တစ်ဖက်လူ၏ ရည်ရွယ်ချက် အစစ်အမှန်ကို သေချာ မသိရဘဲနှင့် အလွန်အကျွံ ပတ်သက်ရန်မှာ မသင့်တော်လှချေ။

"ကိစ္စတွေလည်း ပြီးသွားပြီ ဆိုတော့ ကျုပ် ချန်မုန့် လည်း ဆက်မနေတော့ပါဘူး မိတ်ဆွေတို့ ကျုပ်ကို ခွင့်ပြုပါဦး..."

အောက်ဘက်ရှိ တိုက်ပွဲမှာ အဆုံးသတ်လုနီးပါး ဖြစ်နေပြီကို မြင်သောအခါ လုပ်စရာရှိသည်များ လုပ်ပြီးသွားပြီ ဖြစ်ကြောင်း ချန်ချင်းဖန် သိရှိလိုက်သည်။ ဤနေရာတွင် ဆက်လက်နေထိုင်ပြီး စကားစမြည် ပြောနေခြင်းမှာလည်း သူ၏ စတိုင်မဟုတ်သဖြင့် တိုက်ရိုက် နှုတ်ဆက် ထွက်ခွာရန် ပြင်လိုက်လေသည်။

"ဒီတစ်ခေါက် နတ်တမန်ချန် ကို အထူးပဲ ကျေးဇူးတင်ပါတယ်..."

ချီထျန်းကျုံး က လက်ယှက်ကာ အရိုအသေ ပေးလိုက်လေသည်။

"ဟဲဟဲ အကူအညီ တောင်းခံရလို့ လုပ်ပေးရတာပါ ဒါက ဖြစ်သင့်ဖြစ်ထိုက်ပါတယ် ကျန်းချဲ့ မင်းနဲ့ ငါ့ရဲ့ ကတိကို မမေ့နဲ့ဦး နောက်ရက်အနည်းငယ် ကြာရင် မင်းဆီကို လူလွှတ်ပြီး အကြောင်းကြားလိုက်မယ်..."

ချန်ချင်းဖန် က ခေါက်ယပ်တောင်ကို တစ်ချက်ခပ်လိုက်ပြီး ပြောဆိုကာ ချက်ချင်း လှည့်ထွက်သွားလေရာ သူ၏ အရှိန်အဝါများမှာ အလွန် ခန့်ညားလှပေသည်။ မျက်တောင်တစ်ခတ်အတွင်း လူတိုင်း၏ မျက်စိရှေ့မှောက်မှ ပျောက်ကွယ်သွားလေတော့သည်။

"ကတိ..."

ချန်ချင်းဖန် ထွက်သွားပြီးနောက် ချီထျန်းကျုံး က ကျန်းချဲ့ကို ကြည့်လိုက်ပြီး ကျောက်ရှန်းကျီ နှင့် အခြားတစ်ယောက် တို့လည်း ကျန်းချဲ့ ထံသို့ အကြည့်များ ရောက်ရှိသွားကာ အနည်းငယ် တွေဝေသွားကြလေသည်။

"ကျွန်တော် က ချန်ချင်းဖန် ကို တော်ဝင်နန်းတော် ကိုယ်စားပြုပြီး အရှေ့ပင်လယ် သိုင်းပညာ ပြိုင်ပွဲမှာ ဝင်ပြိုင်ပေးမယ်လို့ ကတိပေးထားလို့ပါ..."

ကျန်းချဲ့က ပေါ့ပေါ့ပါးပါး ရှင်းပြလိုက်လေသည်။

"ဪ ဒီလိုကိုး ဒါကြောင့်မို့ သူ ကိုယ်တိုင် ကိုယ်ထင်ပြတာကိုး..."

နဂါးကျားတောင်၊ ဆွေးနွေးပွဲ ခန်းမဆောင်။

ယခုအခါ မြောက်ပိုင်း ချီမိသားစု နှင့် နဂါးကျား တာအိုဂိုဏ်း တို့ကြားရှိ တိုက်ပွဲမှာ အပြည့်အဝ အဆုံးသတ်သွားခဲ့လေပြီ။ နဂါးကျား တာအိုဂိုဏ်း မှ တပည့် ထောင်ချီခန့် အနက် ကြိုတင် လက်နက်ချ အညံ့ခံသူ အချို့မှလွဲ၍ ကျန်ရှိသော တပည့်များ နှင့် အကြီးအကဲများ အားလုံး သတ်ဖြတ်ခံခဲ့ရလေသည်။

နဂါးကျား တောင် တစ်ခုလုံး အထက်အောက် နေရာအနှံ့အပြားတွင် အလောင်းများ ပြန့်ကျဲနေပြီး သွေးများက မြေကြီးကိုပင် ရွှဲနစ်သွားစေခဲ့လေသည်။ မြောက်ပိုင်း ချီမိသားစု မှ လူများကတော့ စစ်တလင်းပြင် ကို ရှင်းလင်းရေး လုပ်ဆောင်နေကြပြီး နဂါးကျား တာအိုဂိုဏ်း ၏ များပြားလှသော ရတနာသိုက် များကို ရှာဖွေ သိမ်းဆည်းနေကြလေသည်။ ဤသည်မှာ အလွန် ကြီးမားလှသော စည်းစိမ်ဥစ္စာကြီး တစ်ခု ဖြစ်လာမည်မှာ အသေအချာ ပင်ဖြစ်သည်။

ကျန်းချဲ့... ကျောက်ရှန်းကျီ နှင့် အခြားသူများ မှာတော့ ဆွေးနွေးပွဲ ခန်းမဆောင် အတွင်းသို့ ဖိတ်ခေါ်ခြင်း ခံလိုက်ရလေသည်။ တိုက်ပွဲအပြီး အကျိုးအမြတ် ခွဲဝေရေး ကိစ္စရပ်များကို ဆွေးနွေးရန် ပင်ဖြစ်သည်။

ကျောက်ရှန်းကျီ နှင့် ကျောက်ယွမ်မင် တို့မှာ ဝင်ရောက် တိုက်ခိုက်ခြင်း မရှိခဲ့သော်လည်း သူတို့သည် အကျိုးအမြတ် တစ်စိတ်တစ်ပိုင်း ကို ရရှိမည်သာ ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ ကိုယ်ထင်ပြလိုက်ခြင်း ကသာ လင်းမိသားစု နှင့် ဖေဟုန်ယီ တို့ကို ဖိအားပေးနိုင်ခဲ့ခြင်း ဖြစ်သောကြောင့် ပင်ဖြစ်သည်။

အကယ်၍သာ နောက်ဆုံးတွင် ချန်ချင်းဖန် ထွက်ပေါ်လာပြီး စွမ်းအားချင်း အကြီးအကျယ် ကွာဟသွားစေခြင်းမျိုး မရှိခဲ့လျှင် ယနေ့တွင် သေချာပေါက် ကြီးမားသော တိုက်ပွဲကြီး တစ်ခု ဖြစ်ပွားခဲ့မည် ဖြစ်လေသည်။

အကယ်၍ ကျန်းချဲ့ သည် သာမန် ရွှမ်တန်အဆင့် သိုင်းသခင်လေး တစ်ပါးသာ ဆိုလျှင် သူသည်လည်း အကျိုးအမြတ်များကို ခွဲဝေယူရန် အရည်အချင်း ပြည့်မီမည် မဟုတ်ဘဲ အများဆုံး ဆုလာဘ် အနည်းငယ်မျှ သာ ရရှိမည် ဖြစ်လေသည်။ သို့သော် ပြဿနာမှာ သူသည် သာမန် မဟုတ်သောကြောင့် ပင်ဖြစ်သည်။

ပထမဆုံး ဂိုဏ်းချုပ်ရှန်ရွှီ ကို သတ်ဖြတ်နိုင်ခဲ့ပြီးနောက် ချန်ချင်းဖန် ကိုပါ စစ်ကူအဖြစ် ဖိတ်ခေါ်နိုင်ခဲ့ခြင်းက သူ့ကို အကျိုးအမြတ် တစ်စိတ်တစ်ပိုင်း ခွဲဝေယူရန် လုံလောက်သော အရည်အချင်း ကို ရရှိစေခဲ့လေသည်။

ဆွေးနွေးမှု ရလဒ် ကတော့... ချီမိသားစု က ငါးဆယ် ရာခိုင်နှုန်း ကို ရယူမည် ဖြစ်ပြီး ကျောက်ရှန်းကျီ နှင့် ကျောက်ယွမ်မင် တို့ နှစ်ယောက် က ဆယ်ရာခိုင်နှုန်း စီ ရယူမည် ဖြစ်လေသည်။ ကျန်းချဲ့ ကတော့ သုံးဆယ် ရာခိုင်နှုန်း အထိ ရရှိခဲ့လေသည်။

တကယ်တမ်းတွင် ဤသည်မှာ ချီမိသားစု က သူ့ကို မျက်နှာသာ ပေးထားခြင်း ပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤတစ်ကြိမ် ဂိုဏ်းကို မျိုးဖြုတ်သည့် တိုက်ပွဲတွင် အဓိက အားထုတ်ခဲ့သူမှာ ချီမိသားစု သာ ဖြစ်သောကြောင့် ပင်ဖြစ်သည်။

မူလက ကျန်းချဲ့ သည် သူ ဆယ်ရာခိုင်နှုန်း လောက် ရလျှင်ပင် လုံလောက်ပြီ ဟု တွေးထားခဲ့သော်လည်း ချီထျန်းကျုံး က ပါးစပ်ဟလိုက်သည်နှင့် သုံးဆယ် ရာခိုင်နှုန်း အထိ ခွဲဝေပေးလိုက်သဖြင့် အနည်းငယ် အံ့အားသင့် သွားခဲ့ရလေသည်။ သို့သော် မကြာမီမှာပင် သူ သဘောပေါက် နားလည်သွားလေသည်။

ချန်ချင်းဖန် နှင့် ဂိုဏ်းချုပ်ရှန်ရွှီ တို့ကို ထည့်မတွက်လျှင်ပင် ကျန်းချဲ့ ၏ ဘေးတွင် ချီရွှယ်မိစ္ဆာသခင် တစ်ပါး လည်း ရှိနေသေးရာ ဤမျှလောက် ပံ့ပိုးကူညီမှု ဖြင့် အကျိုးအမြတ် အများကြီး ရယူခြင်းက လုံးဝ ဖြစ်သင့်ဖြစ်ထိုက်ပေသည်။ ထို့အပြင် သူ နှင့် ချီမိသားစု မှာ မိသားစု တစ်ခုတည်း ဖြစ်နေလေရာ အနည်းအများ ဆိုသည်မှာ သိပ်ပြီး ပြဿနာ မဟုတ်တော့ချေ။

အဘယ်ကြောင့်ဆိုသော် ချီမိသားစု က ငါးဆယ် ရာခိုင်နှုန်း သာ ယူသွားသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် နဂါးကျား တာအိုဂိုဏ်း ၏ အင်အားစု နယ်မြေ များကို သိမ်းပိုက်ပြီးနောက်တွင် ချီမိသားစု သည် တည်ငြိမ်သော ဝင်ငွေ ရင်းမြစ် တစ်ခုကို ပိုင်ဆိုင်သွားမည် ဖြစ်လေသည်။ ဤသည်ကသာ အကြီးမားဆုံးသော အကျိုးအမြတ် ပင်ဖြစ်သည်။

"ဘာကိစ္စမှ မရှိတော့ဘူး ဆိုရင် ကျုပ် လည်း နှုတ်ဆက်ပါရစေ ချင်းပြည်နယ် ဘက်မှာ လူမရှိလို့ မဖြစ်ဘူးလေ ဟဲဟဲဟဲ အကြီးအကဲချုပ် ခွင့်လွှတ်ပေးပါဦး..."

အချိန်ခဏမျှ စကားစမြည် ပြောပြီးနောက် ကျောက်ယွမ်မင် မှာ ဆက်လက် ထိုင်နေရန် မလွယ်ကူတော့ချေ။

"ယွမ်မင် သွားလို့ ရပါပြီ မင်းရသင့်ရထိုက်တဲ့ ပစ္စည်းတွေကို ချင်းပြည်နယ် ကို အမြန်ဆုံး လူလွှတ်ပြီး ပို့ခိုင်းလိုက်ပါ့မယ်..."

ချီထျန်းကျုံး က ခေါင်းညိတ်လိုက်ပြီး နဂါးခေါင်း တောင်ဝှေး ကို ထောက်ကာ မတ်တပ်ရပ် လိုက်ပို့လေသည်။

"အကြီးအကဲချုပ် အရမ်း ယဉ်ကျေးနေပါပြီ ကျုပ် ကိုယ်စား အစ်ကိုကြီးကျန်းနန် ကို နှုတ်ဆက်ပေးပါဦး နတ်သမီးကျောက် နဲ့ ကျန်းချဲ့ နောင်တစ်ချိန် ပြန်ဆုံကြတာပေါ့ တကယ်လို့ ချင်းပြည်နယ် ကို ရောက်လာခဲ့ရင် ကျုပ်ဆီကို လာလည်ကြပါဦး..."

ကျောက်ယွမ်မင် က တစ်ယောက်ချင်းစီ ကို လက်ယှက်ကာ နှုတ်ဆက်လိုက်လေသည်။ ထို့နောက် ခြေတစ်လှမ်း လှမ်းလိုက်ရာ မြေကြီးကို ကျုံ့ပစ်လိုက်သည့်အလား လူရိပ်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး မျက်တောင်တစ်ခတ်အတွင်း ကောင်းကင်ယံ ထက်တွင် ပျောက်ကွယ်သွားလေတော့သည်။

"မိတ်ဆွေယွမ်မင် ထွက်သွားပြီ ဆိုမှတော့ ရှန်းကျီ လည်း ဆက်မနေတော့ပါဘူး အကြီးအကဲချုပ် ပြန်ဆုံကြတာပေါ့..."

ထိုသို့ပြောပြီးနောက် ကျောက်ရှန်းကျီ က ချီထျန်းကျုံး ကို ဓားကိုင်ကာ အရိုအသေ ပေးလိုက်ပြီးနောက် ကျန်းချဲ့ ကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်လေသည်။ စကားဆုံးသည်နှင့် အစိမ်းရောင် ဝိညာဉ်ဓား တစ်လက် လေဟာနယ်ထက်တွင် ပျံဝဲလာပြီး ကျောက်ရှန်းကျီ က ဓားပေါ်သို့ တက်ကာ ပျံသန်း ထွက်ခွာသွားလေရာ နေရာတွင် ထူးဆန်းသော ရနံ့လေး တစ်ခု သာ ကျန်ရစ်ခဲ့လေတော့သည်။

ထွက်ခွာသွားသော လူနှစ်ယောက်ကို ကြည့်ရင်း ချီထျန်းကျုံး က တောင်ဝှေးကို တစ်ချက် ခေါက်ကာ တိုးညှင်းစွာ ပြောလိုက်လေသည်။

"ကျောက်ယွမ်မင် က မအောင်မြင်ခင်တုန်းက ငါတို့ ချီမိသားစု ဆီကနေ အထောက်အပံ့တွေ အများကြီး ရခဲ့ဖူးတယ် ငါတို့ရဲ့ သမီးတစ်ယောက်ကိုတောင် သူ့ဆီ ပေးစားခဲ့သေးတယ် နှမြောစရာ ကောင်းတာက အဲ့ဒီကလေးမလေး က ကံဆိုးပြီး မတော်တဆ သေဆုံးသွားခဲ့တာပဲ ဒါပေမဲ့ နောက်ပိုင်းမှာတော့ လက်စားချေနိုင်ခဲ့ပါတယ် ယွမ်မင် ကလည်း ငါတို့ ချီမိသားစု ရဲ့ ဆွေမျိုး တစ်ယောက် လို့ ပြောလို့ ရပါတယ်..."

ကျန်းချဲ့ က ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။ ဤကိစ္စကို သူ တစ်ခါမှ မကြားဖူးခဲ့ချေ။ ဤမျှလောက် နက်ရှိုင်းသော ပတ်သက်မှု မျိုး ရှိနေလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။ တွက်ကြည့်မည် ဆိုလျှင် သူ့အခြေအနေ နှင့် သိပ်ပြီး မကွာခြားလှပေ။

"ရှန်းကျီ ကလည်း ပါရမီ အလွန် မြင့်မားတယ် လင်းကျန့် တောင် မှာ ပါရမီ အကောင်းဆုံး သူတစ်ယောက်ပဲ သူလည်း ငါတို့ ချီမိသားစု ဆီကနေ ကျေးဇူးတွေ ခံစားခဲ့ရဖူးတယ် ဒါကြောင့်လည်း ဒီတစ်ခေါက် တိုက်ပွဲမှာ သူတို့ နှစ်ယောက်ကို ဖိတ်ခေါ်လိုက်တာပါပဲ..."

"ပေလင် ချီမိသားစု က တကယ်ကို အထင်ကြီးစရာပဲ..."

ကျန်းချဲ့ က ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ချီးကျူးလိုက်လေသည်။

ဤကိစ္စ မတိုင်မီက သူ သိထားသည်မှာ မြောက်ပိုင်း ချီမိသားစု သည် စီးပွားရေး လုပ်ငန်းများတွင် ကျွမ်းကျင်ပြီး အလယ်ပိုင်းဒေသ ၏ အင်အားကြီး မိသားစု ခြောက်ခု ထဲမှ တစ်ခု အဖြစ် ဂုဏ်သတင်း ကြီးမားကြောင်း သာ ဖြစ်သည်။ အစစ်အမှန် အင်အား မည်မျှ ကြီးမားသနည်း ဆိုသည်ကို သူ အတိအကျ သဘောမပေါက်ခဲ့ချေ။ သို့သော် ယခုတစ်ကြိမ် နဂါးကျား တာအိုဂိုဏ်း ကို တိုက်ခိုက်ခြင်း က မြောက်ပိုင်း ချီမိသားစု ၏ အစွမ်းထက်ပုံ ကို မြင်တွေ့ခွင့် ရစေခဲ့လေသည်။

သို့သော် လင်းကျန့် တောင် နှင့် ကျောက်ယွမ်မင် တို့အပြင် ချီမိသားစု တွင် အခြားသော လျှို့ဝှက် အင်အားစု များ ရှိနေသေးသလား ဆိုသည်ကိုတော့ သူ အလွန် သိချင်နေမိသည်။ သိချင်သော်လည်း မေးမြန်းချင်စိတ်ကို သူ ဖိနှိပ်ထားနိုင်ခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် ဤအရာများမှာ ချီမိသားစု ၏ အခြေခံ အုတ်မြစ် ဖြစ်ပြီး ချီထျန်းကျုံး အနေဖြင့် သူ့ကို အလွယ်တကူ ပြောပြမည် မဟုတ်သောကြောင့် ပင်ဖြစ်သည်။

"ကြိုးကြိုးစားစား ကျင့်ကြံပါကွာ ဒီအဘိုးကြီး မသေခင်မှာ မင်း ငါတို့ ချီမိသားစုရဲ့ လက်ရုံးတစ်ဖက် ဖြစ်လာတာကို မြင်တွေ့ချင်ပါသေးတယ် ဟဲဟဲဟဲ..."

ချီထျန်းကျုံး က ညင်သာစွာ ပြုံးလိုက်ပြီး ကျန်းချဲ့ ၏ ပခုံးကို ပုတ်ကာ အားပေးစကား ပြောလိုက်လေသည်။ ထို့နောက် တောင်ဝှေးကို ထောက်ကာ ခန်းမဆောင်ကြီး အတွင်းသို့ ဖြည်းညင်းစွာ လျှောက်သွားလေတော့သည်။

နဂါးကျား တောင်၊ တောင်ထိပ်။

သတင်းရရှိပြီးနောက် ကျန်းချဲ့ လည်း ချက်ချင်း လှုပ်ရှားလိုက်လေသည်။ ၎င်းမှာ ယောက္ခမ ဖြစ်သူ ချီကျန်းနန် ၏ အလိုဆန္ဒ ဖြစ်ကြောင်း သူ သိရှိထားလေသည်။ ယခင်က တိုက်ပွဲကြီး မပြီးဆုံးမီ အချိန်ကတည်းက ချီကျန်းနန် သည် ထိုနေရာမှ ထွက်ခွာသွားခဲ့ခြင်း ဖြစ်လေသည်။

မူလက ကျန်းချဲ့ ထင်မှတ်ထားသည်မှာ အခြားသော ရန်သူများ ရှိနေသေးသည်ဟု ထင်ခဲ့သော်လည်း နောက်ပိုင်းမှ သိလိုက်ရသည်မှာ ချီကျန်းနန် ထွက်သွားခြင်းမှာ နဂါးကျား တာအိုဂိုဏ်း ၏ လျှို့ဝှက်နယ်မြေ နှစ်ခုကို သိမ်းယူရန် သွားရောက်ခြင်း ဖြစ်ကြောင်း သိလိုက်ရလေသည်။ ထို့ကြောင့်ပင် ချီထျန်းကျုံး က ကျောက်ရှန်းကျီ နှင့် ကျောက်ယွမ်မင် တို့ကို ဧည့်ခံရန် ကျန်ရစ်ခဲ့ခြင်း ဖြစ်လေသည်။

အဝေးမှ လှမ်းကြည့်လိုက်လျှင်... ချီကျန်းနန် သည် သူ့ကို ကျောခိုင်း၍ လက်နောက်ပစ်ကာ မတ်မတ် ရပ်နေလေသည်။ သူ၏ တစ်ကိုယ်လုံးတွင် ကြီးမားလှသော အရှိန်အဝါများ ထွက်ပေါ်နေပြီး မတ်စောက်သော ပေသောင်းချီ မြင့်သည့် တောင်ထွတ်ကြီး တစ်ခုအလား တိုက်ရိုက် စူးစိုက်ကြည့်ရန်ပင် ခက်ခဲလှပေသည်။

ကျန်းချဲ့ လည်း အလိုအလျောက် ပင် ယခင်က ချီကျန်းနန် ဝင်ရောက် တိုက်ခိုက်ပြီး နဂါးကျား တာအိုဂိုဏ်း ၏ ဂိုဏ်းကာကွယ်ရေး အစီအရင်ကြီး ကို ဖျက်ဆီးပစ်ခဲ့သည့် မြင်ကွင်းကို ပြန်လည် တွေးတောမိလိုက်လေသည်။ ပြိုင်ဘက်ကင်း အစွမ်းအစ ပင်ဖြစ်သည်။

အထွတ်အမြတ် ခေါင်းလောင်းကြီး ကို ကိုင်ဆောင်ထားသော ချီကျန်းနန် သည် ထိုအချိန်က ကျန်းချဲ့ ၏ ရင်ထဲတွင် အလွန် နက်ရှိုင်းသော မှတ်ဉာဏ်များ ချန်ထားခဲ့နိုင်လေသည်။ အချိန်တိုလေး အတွင်းမှာပင် တစ်ဖက်လူ၏ အစီအရင်ကြီးကို အကြမ်းပတမ်း ဖျက်ဆီးပစ်နိုင်ခဲ့ရာ ထိုစွမ်းအားမှာ ဂိုဏ်းချုပ်ရှန်ရွှီ ထက်ပင် ပို၍ ကြောက်စရာ ကောင်းသေးလေသည်။

သေချာသည် ကတော့ ဂိုဏ်းချုပ်ရှန်ရွှီ က အားနည်းလွန်းသည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ ဆန့်ကျင်ဘက် အနေဖြင့် လော့ဖုန်းတောင်ကြား တိုက်ပွဲ ကာလကြာရှည်စွာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း ကျန်းချဲ့ ပြန်လည် တွေးမိတိုင်း အလွန် လေးနက် နေဆဲ ပင်ဖြစ်သည်။

ကြိုတင် ချုံခိုတိုက်ခိုက်ခြင်း၊ အနက်ရောင် သစ်သားဓားကို အသုံးပြုခြင်း၊ အောက်ခွန်း၊ ချီရွှယ်မိစ္ဆာသခင် နှင့် သွေးပင်လယ် အစီအရင်ကြီး တို့ကိုပါ ပေါင်းစပ်၍ ဆက်တိုက် ဝိုင်းဝန်းတိုက်ခိုက်ခဲ့ပြီး မှသာ နောက်ဆုံးတွင် ဂိုဏ်းချုပ်ရှန်ရွှီ ကို လမ်းဆုံးသို့ တွန်းပို့နိုင်ခဲ့ခြင်း ဖြစ်လေသည်။ ထိုမျှလောက် ပြုလုပ်ခဲ့သည်တောင် မှ သူတို့ကို အပြင်းအထန် ဒဏ်ရာရရှိစေခဲ့သေးရာ အထွတ်အမြတ်လက်နက် ၏ ကြောက်စရာ ကောင်းပုံကို အပြည့်အဝ မြင်တွေ့နိုင်ပေသည်။

ချီကျန်းနန် မှာတော့ တစ်ဖက်လူထက် ပို၍ အစွမ်းထက်သော တည်ရှိမှု တစ်ခု ပင်ဖြစ်သည်။

"ဦးလေး..."

ကျန်းချဲ့ က ချီကျန်းနန် ၏ အနီးသို့ လျှောက်သွားပြီး ချက်ချင်း အရိုအသေ ပေးလိုက်လေသည်။

"ရောက်လာပြီလား..."

ချီကျန်းနန် က လှည့်မကြည့်ဘဲ အရှေ့ကိုသာ ဆက်လက် ကြည့်နေလေသည်။

"ဦးလေး က ကျွန်တော့်ကို ခေါ်ခိုင်းလိုက်တာ ဘာအရေးကြီး ကိစ္စများ ရှိလို့လဲ ခင်ဗျာ..."

ကျန်းချဲ့ က မျက်လုံးများ လှုပ်ရှားသွားပြီး သူ၏ သံသယကို ဖွင့်ဟ မေးမြန်းလိုက်လေသည်။

"သမက် တစ်ယောက်က သားတစ်ဝက် နဲ့ ညီမျှတယ် လို့ ပြောကြတယ်လေ မင်းနဲ့ ဝမ်ကျင်း တို့ စေ့စပ်ထားပြီးပြီ ဆိုတော့ မင်းနဲ့ ငါနဲ့က မိသားစု တစ်ခုတည်းပါပဲ ဒီလောက် တောင့်တင်းနေစရာ မလိုပါဘူး မင်းကို ခေါ်လိုက်တာက မင်္ဂလာကိစ္စ အကြောင်း ဆွေးနွေးချင်လို့ပါ..."

ချီကျန်းနန် က ညင်သာစွာ ပြုံးလိုက်လေသည်။

ဤစကားကို ကြားသောအခါ ကျန်းချဲ့ ၏ နှုတ်ခမ်းထောင့် အနည်းငယ် တွန့်ကွေးသွားလေသည်။

'သမက် တစ်ယောက်က သားတစ်ဝက် နဲ့ ညီမျှတယ် ဆိုရင် တကယ်လို့ သမီး နှစ်ယောက်စလုံးကို ယူလိုက်ရင် ဘယ်လိုလုပ်မလဲ...'

"မင်္ဂလာကိစ္စ နဲ့ ပတ်သက်ပြီး ကျွန်တော် မှာ ဘာထင်မြင်ချက်မှ မရှိပါဘူး အားလုံးကို ဦးလေး စီစဉ်တဲ့ အတိုင်း လုပ်ဆောင်ပါ့မယ်..."

ကျန်းချဲ့ က ခေါင်းငုံ့ထားပြီး စကားအများကြီး မပြောတော့ချေ။ သို့သော် သူ၏ ရင်ထဲတွင် တွေးနေမိသည်မှာ ချီကျန်းနန် သည် သူ နှင့် ချီနင်ပင်း တို့ကြားရှိ ကိစ္စကို သိနေပြီလား အကယ်၍ သိသွားခဲ့မည် ဆိုပါက တစ်ဖက်လူ က ဘယ်လို တုံ့ပြန်မလဲ ဆိုသည်ကို ပင်ဖြစ်သည်။

"မင်းက အရှေ့ပင်လယ် သိုင်းပညာ ပြိုင်ပွဲကို သွားပြိုင်ရဦးမှာ ဆိုတော့ အချိန်က သိပ်မရှိဘူးလေ မင်္ဂလာပွဲကို အဲ့ဒီကိစ္စ ပြီးမှပဲ ကျင်းပကြတာပေါ့ တင်တောင်းမယ့် ပစ္စည်းတွေ ကိစ္စကိုတော့ မင်းဘာသာမင်း ပြင်ဆင်မလား ဒါမှမဟုတ် ချီမိသားစု ကပဲ ကူညီပေးရမလား..."

"ကျွန်တော် က သိပ်ပြီး မချမ်းသာလှပေမဲ့ တင်တောင်းမယ့် ပစ္စည်းတွေ အတွက်တော့ ပြဿနာ မရှိပါဘူး ဦးလေး ကြည့်ကြည့်ပါဦး ယွမ်ကျောက်တုံး သုံးထောင် နှစ်တစ်ထောင် သက်တမ်းရှိတဲ့ ဆေးပင် ဆယ်ပင် ပြီးတော့ တန်ဖိုး ငွေနှစ်သိန်း နဲ့ ညီမျှတဲ့ ရွှေငွေ ရတနာတွေ ဆိုရင် သင့်တော်ပါ့မလား..."

ချီကျန်းနန် ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာလေသည်။

"ကောင်းပြီ မင်း သဘောအတိုင်းပဲ လုပ်ကြတာပေါ့ ဒါ့အပြင် ချီမိသားစု ရဲ့ မင်္ဂလာ လက်ဖွဲ့ ပစ္စည်း က မင်း တင်တောင်းမယ့် ပစ္စည်း ရဲ့ နှစ်ဆ ဖြစ်လိမ့်မယ်..."

"ဟင်..."

ကျန်းချဲ့ ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး မျက်တောင်တစ်ခတ်အတွင်း နောင်တရစိတ် တစ်ခု ထွက်ပေါ်လာလေသည်။

'နောက်ဆုံးတော့လည်း ငါ့ရဲ့ အမြင်က ကျဉ်းမြောင်းလွန်း နေခဲ့သေးတယ် စောစောက တင်တောင်းမယ့် ပစ္စည်းတွေကို နောက်ထပ် အဆအနည်းငယ်လောက် ထပ်တိုးလိုက်သင့်တာ...'

'ဒါပေမဲ့ တော်သေးတယ်လို့ ဆိုရမယ် အချိန်ကျလာရင် ငါက တင်တောင်းမယ့် ပစ္စည်း နှစ်စုံ ပြင်ဆင်ရမှာဆိုတော့ အရမ်းကြီး ရှုံးသွားတယ်လို့ မဆိုနိုင်တော့ဘူး...'

'ဒါပေမဲ့ စိုးရိမ်စရာ တစ်ခုက ဒီကိစ္စကို အခု ချက်ချင်း ဖွင့်ပြောလိုက်ရမလား ဒါမှမဟုတ် အချိန်အနည်းငယ် စောင့်ဆိုင်းရမလား ဆိုတာပဲ... အကယ်၍ ချီကျန်းနန် သာ အကြီးအကျယ် ဒေါသထွက်သွားရင် ဘယ်လိုလုပ်မလဲ ငါက ထိုက်ယင် ရွှမ်ယွမ် ဝိညာဉ်စွမ်းအင် ကို လုံးဝ မရရှိသေးဘူးလေ...'

"အခုမှ နောင်တရနေရင်တော့ နောက်ကျသွားပြီနော်..."

"ကျွန်တော် အဲ့ဒီလို သဘောမျိုး မဟုတ်ပါဘူး..."

"ဒါနဲ့ စကားမစပ် နင်ပင်း မင်းဆီမှာ နေနေတာ လတ်တလော အဆင်ပြေရဲ့လား..."

"ဦးလေး စိတ်ချပါ နင်ပင်း အခု အရမ်း အဆင်ပြေပါတယ်..."

ကျန်းချဲ့ ၏ ရင်ထဲတွင် တုန်လှုပ်သွားပြီး ချက်ချင်း လေးနက်စွာ ပြန်ပြောလိုက်လေသည်။

All Chapters