အခန်း ၃၂၇
Vol. 33 Ch. 327
အခန်း (၃၂၇) ထျန်းနန်ကို တုန်လှုပ်စေခြင်း
"ဟဲဟဲ နင်ပင်းက အလိုလိုက်ခံထားရလို့ ဆိုးချင်နေတာ နောက်ဆို မင်းကပဲ သည်းခံပေးလိုက်ပါကွာ..."
"နင်ပင်းက လိမ္မာပါတယ် ဦးလေး စိတ်ချပါ..."
ကျန်းချဲ့၏ ဤစကားမှာ လုံးဝ လိမ်လည်ပြောဆိုနေခြင်း မဟုတ်ချေ။ သူ၏ အရှေ့တွင် ခယ်မလေး ချီနင်ပင်း မှာ အမှန်တကယ်ပင် အလွန် လိမ္မာရေးခြား ရှိလေသည်။ မည်သည့် ပုံစံ နေခိုင်းနေခိုင်း ထိုပုံစံအတိုင်း အတိအကျ လိုက်နာတတ်သဖြင့် ကျန်းချဲ့ အနေဖြင့် အလွန် သဘောကျမိလေသည်။
သို့သော် ဤစကားကို အပြင်ထုတ်ပြော၍တော့ မရနိုင်ချေ။ အကယ်၍သာ သူ ဖွင့်ပြောလိုက်မည် ဆိုပါက ချီကျန်းနန် သည် သူ၏ ခေါင်းလောင်းကြီးဖြင့် သူ့ကို သေချာပေါက် ထုခွဲပစ်မည်မှာ အသေအချာ ပင်ဖြစ်သည်။
အချိန်ခဏမျှ စဉ်းစားလိုက်ပြီးနောက် ကျန်းချဲ့ သည် ဤကိစ္စကို လတ်တလော ဖွင့်မပြောသေးရန် ဆုံးဖြတ်လိုက်လေသည်။ ချီကျန်းနန် အနေဖြင့် သူ နှင့် ချီနင်ပင်း တို့၏ ကိစ္စကို သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ယခုအချိန်တွင်တော့ ဖွင့်ပြော၍ မရသေးချေ။
ယခုအခါ သူသည် ချီမိသားစု ၏ မျက်နှာစာ တစ်ခု ဖြစ်နေပြီး အထူး အလေးထား ခံနေရသည် ဆိုသော်လည်း ယောက္ခဖ နှင့် ခယ်မလေး တို့၏ တိတ်တဆိတ် ပတ်သက်မှု မျိုးက အလွန် အရှက်ရဖွယ် ကောင်းလွန်းလှပေသည်။ ချီမိသားစု ကဲ့သို့သော နှစ်ထောင်ချီ သက်တမ်းရှိသည့် မိသားစုကြီး များ အနေဖြင့် မိသားစု၏ ဂုဏ်သိက္ခာကို အဓိက အလေးထားလေ့ ရှိကြလေသည်။
ထိုကိစ္စကို သိသွားလျှင် သူ့ကို ရန်သူအဖြစ် သတ်မှတ်မည် မဟုတ်သော်လည်း သူ နှင့် ချီနင်ပင်း ကိုတော့ သေချာပေါက် ခွဲပစ်မည် ဖြစ်လေသည်။
ထို့ကြောင့် ဤကိစ္စကို ဖြေရှင်းနိုင်ရန် ကျန်းချဲ့ တွင် လုံလောက်သော စွမ်းအားတစ်ခု ရှိနေရန် လိုအပ်ပေသည်။
ဥပမာအားဖြင့် သိုင်းသူတော်စင် အဆင့်သို့ ရောက်ရှိသွားခြင်း မျိုး ပင်ဖြစ်သည်။
ဤအချက်ကို တွေးမိသောအခါ ကျန်းချဲ့ သည် အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။
"ဦးလေး ကျွန်တော့်မှာ အကူအညီတောင်းစရာ တစ်ခု ရှိသေးတယ်..."
"ပြောလေ..."
ချီကျန်းနန် က ကျန်းချဲ့ကို ပြုံး၍ ကြည့်ကာ ပြောလိုက်လေသည်။ ဤ သမက်အသစ်စက်စက်လေး အပေါ် သူ အလွန် သဘောကျ ကျေနပ်နေမိလေသည်။ ကျန်းချဲ့ ကို သမက်အဖြစ် လက်ခံလိုက်ခြင်းက လွန်ခဲ့သော ဆယ်စုနှစ်များစွာ အတွင်း သူ ချမှတ်ခဲ့သမျှ ဆုံးဖြတ်ချက် များထဲတွင် အမှန်ကန်ဆုံး ဆုံးဖြတ်ချက် တစ်ခု ဖြစ်ပေလိမ့်မည်။
နောင်တစ်ချိန်တွင် ကျန်းချဲ့ သည် ချီမိသားစု ၏ အားကိုးရဆုံးသော လက်ရုံးတစ်ဖက် ဖြစ်လာမည်မှာ သေချာပေသည်။
ထို့ကြောင့် အခြားသူများ အရှေ့တွင် ချီကျန်းနန် သည် အမြဲတမ်း တင်းမာခက်ထန်သော အမူအရာ ရှိတတ်သော်လည်း ကျန်းချဲ့ ၏ အရှေ့တွင်မူ အလွန် ရင်းနှီးဖော်ရွေသော လူကြီးတစ်ဦး အလား ဆက်ဆံလေသည်။
အချိန်ခဏမျှ တွေဝေသွားပြီးနောက် ကျန်းချဲ့ က ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်လေသည်။
"နဂါးကျား တာအိုဂိုဏ်းကနေ ရမယ့် အကျိုးအမြတ်တွေကို ကျွန်တော် နည်းနည်းပဲ ယူပါမယ် ဒါပေမဲ့ ဝိညာဉ်ရတနာ နှစ်ခုတော့ လိုချင်တယ်..."
"ဟင်..."
"သက်တမ်း နှစ်ထောင်ရှိတဲ့ နတ်ဝိညာဉ်ဖြည့် ကျောက်စိမ်းလင်ဇီး တစ်ပွင့်နဲ့ သက်တမ်း နှစ်ထောင်ရှိတဲ့ ကျောက်စိမ်းဝိညာဉ် နတ်ပန်း တစ်ပွင့်ပါ..."
"ဒီနှစ်ခုစလုံးက ရှန်ရှန်းအဆင့်ကို ထိုးဖောက်ဖို့အတွက် ထိပ်တန်း ဝိညာဉ်ဆေးပင်တွေလေ မင်း ဒါတွေကို လိုချင်တာက..."
ချီကျန်းနန် အနည်းငယ် အံ့သြသွားပြီးနောက် ကျန်းချဲ့ကို သံသယ မျက်လုံးများဖြင့် စူးစိုက်ကြည့်လိုက်လေသည်။
"ကျွန်တော်က ရွှေအမြုတေအဆင့်ကို ရောက်နေပြီဆိုတော့ ရှန်ရှန်းအဆင့်အတွက် ကြိုတင်ပြင်ဆင်ရတော့မယ်လေ..."
ကျန်းချဲ့ က လုံးဝ ဖုံးကွယ်မနေတော့ဘဲ တိုက်ရိုက်ပင် ပြောလိုက်လေသည်။
ကျန်းချဲ့ကို အဓိပ္ပာယ်ပါပါ တစ်ချက် ကြည့်လိုက်ပြီးနောက် ချီကျန်းနန် သည် အချိန်ခဏမျှ တိတ်ဆိတ်သွားလေသည်။
"ကျောက်စိမ်းဝိညာဉ် နတ်ပန်းက နဂါးကျား တာအိုဂိုဏ်းထဲမှာ တစ်ပွင့် ရှိတယ် ခဏနေရင် မင်းအတွက် ယူလာပေးဖို့ လူလွှတ်လိုက်မယ် နတ်ဝိညာဉ်ဖြည့် ကျောက်စိမ်းလင်ဇီး ကတော့ ငါတို့ ချီမိသားစုရဲ့ ရတနာသိုက်ထဲမှာ ရှိတယ် နောက်ရက်အနည်းငယ် ကြာရင် ထျန်းနန်ကို ပို့ပေးလိုက်မယ်..."
"ကျေးဇူးတင်ပါတယ် ဦးလေး..."
ကျန်းချဲ့ က ခါးညွှတ်ကာ အရိုအသေ ပေးလိုက်လေသည်။
ဤတစ်ကြိမ် သူ၏ လာရောက်မှု က အချည်းနှီး မဖြစ်ခဲ့ချေ။
ယခုဆိုလျှင် လိုအပ်သော ယဇ်ပူဇော်စရာ ပစ္စည်း လေးခု အနက် နှစ်ခုကို အပြည့်အဝ စုဆောင်းမိသွားခဲ့ပြီ ဖြစ်သည်။
ထိုက်ရွှမ် ယွမ်ယန် ဝိညာဉ်စွမ်းအင် နှင့် ထိုက်ယင် ရွှမ်ယွမ် ဝိညာဉ်စွမ်းအင် တို့ကိုသာ ထပ်မံ ရရှိသွားမည် ဆိုပါက သူ သည် မဟာသိုင်းသခင် အဖြစ်သို့ အောင်မြင်စွာ တက်လှမ်းနိုင်မည် ဖြစ်ပြီး... ရှန်ရှန်းအဆင့် ကို ထိုးဖောက်ကာ ဤလောက၏ ထိပ်တန်း အဆင့်အတန်း တစ်ခုသို့ ရောက်ရှိသွားမည် ပင်ဖြစ်သည်။
ချီကျန်းနန် က ကျန်းချဲ့ ၏ ပခုံးကို ပုတ်ကာ ပြုံး၍ ပြောလိုက်လေသည်။
"မိသားစုတွေပဲ အရမ်း ယဉ်ကျေးနေစရာ မလိုပါဘူး ဒါနဲ့ စကားမစပ် ဦးလေး မင်းကို ကတိပေးထားတဲ့ ဝိညာဉ်မွေးမြူရေး မှော်ဆေးလုံး တစ်လုံးကိုလည်း အချိန်တန်ရင် မင်းဆီ ပို့ပေးလိုက်မယ်..."
ဤသည်မှာ ယခင်က ကိုးကွေ့ ရွှမ်ဂျင်ဆင်း ကို လဲလှယ်စဉ်က ချီကျန်းနန် ပေးထားခဲ့သော ကတိစကား ဖြစ်ပြီး ကျန်းချဲ့ လည်း လုံးဝ မေ့ပျောက်သွားခြင်း မရှိချေ။ သို့သော် ထိုအရာက သူ၏ အဆင့်တက်ခြင်း အတွက် သိပ်ပြီး အသုံးမဝင်လှချေ။ အဘယ်ကြောင့်ဆိုသော် သူ၏ အဆင့်တက်ခြင်း များ အားလုံးမှာ ကောင်းကင်ယဇ်ပလ္လင် ကျောက်တိုင် ကိုသာ အားကိုးရသောကြောင့် ပင်ဖြစ်သည်။
သို့သော် ဤ ဝိညာဉ်မွေးမြူရေး မှော်ဆေးလုံး မှာ သိုင်းလောက တွင် အလွန် ရှားပါးသော မှော်ဆေးလုံး တစ်မျိုး ဖြစ်ရာ သူ ကိုယ်တိုင် အသုံးမလိုလျှင်တောင် လုံးဝ ငြင်းဆန်မည် မဟုတ်ချေ။ အခြားသော ပစ္စည်းများနှင့် လဲလှယ်ရာတွင် အသုံးပြုနိုင်သလို သူ၏ ဘေးနားရှိ လူများကိုလည်း ပေးအပ် အသုံးပြုစေနိုင်လေသည်။
"ကျေးဇူးတင်ပါတယ် ဦးလေး..."
သိုင်းလောက တွင် သတင်းများ ပျံ့နှံ့နှုန်း က အမြဲတမ်း အလွန် မြန်ဆန်လေ့ ရှိသည်။ အထူးသဖြင့် ကြီးမားလှသော သတင်းကြီး များ ဆိုလျှင် ပို၍ပင် မြန်ဆန်လှပေသည်။ မြောက်ပိုင်း ချီမိသားစု က နဂါးကျား တာအိုဂိုဏ်း ကို မျိုးဖြုတ် သုတ်သင်လိုက်ပြီးနောက် ရက်အနည်းငယ် အတွင်းမှာပင် ထိုသတင်း က ထွက်ပေါ်လာခဲ့လေသည်။
ဤသတင်း က လေဆင်နှာမောင်း ကြီး တစ်ခု အလား ထျန်းနန် တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သလို ယွဲ့ပြည်နယ် တစ်ခုလုံးကိုလည်း အကြီးအကျယ် တုန်လှုပ်သွားစေခဲ့လေသည်။
အချိန်တို အတွင်းမှာပင် ဤသတင်းကို ကြားရသူတိုင်း အလွန် ထိတ်လန့် အံ့အားသင့် သွားကြလေသည်။
မည်သို့ပင်ဆိုစေ နဂါးကျား တာအိုဂိုဏ်း ဆိုသည်မှာ ထိပ်တန်း အင်အားစုကြီး တစ်ခု ဖြစ်ပြီး ယွဲ့ပြည်နယ် သိုင်းလောက တွင် အလွန် မြင့်မားသော အဆင့်အတန်း တစ်ခုကို ပိုင်ဆိုင်ထားလေသည်။ လက်အောက်ခံ အင်အားစု များမှာလည်း အလွန် များပြားလှပြီး သြဇာအာဏာ က အလွန် ကြီးမားလှပေသည်။
သို့သော် ဤမျှလောက် ကြောက်မက်ဖွယ် ကောင်းသော အင်အားစုကြီး သည် ယခုအခါ ပျက်သုဉ်းသွားခဲ့ရလေပြီ။
မြောက်ပိုင်း ချီမိသားစု က သတင်း ထုတ်ပြန်ပြီး မကြာမီ အချိန်အတွင်းမှာပင် တောင်ပေါ်သို့ တက်ကာ နဂါးကျား တောင် တစ်ခုလုံး ကို မျိုးဖြုတ် သတ်ဖြတ် ပစ်လိုက်ခြင်း ပင်ဖြစ်သည်။
ဤသတင်း ထွက်ပေါ်လာပြီးနောက် ယွဲ့ပြည်နယ် သိုင်းလောက တစ်ခုလုံး အကြီးအကျယ် ထိတ်လန့် ကြောက်ရွံ့ သွားကြလေသည်။
မြောက်ပိုင်း ချီမိသားစု ၏ ဂုဏ်သတင်း ကလည်း ယွဲ့ပြည်နယ် တွင် အပြည့်အဝ ပျံ့နှံ့သွားခဲ့ပြီး နဂါးကျား တာအိုဂိုဏ်း ကို မျိုးဖြုတ် ပြီးနောက် ၎င်းမှာ အစပြုမှု သက်သက်သာ ဖြစ်ကြောင်း သိရှိလိုက်ကြလေသည်။ ယခုအခါ ချီမိသားစု သည် နဂါးကျား တာအိုဂိုဏ်း ၏ လက်အောက်ခံ အင်အားစု များကို ရှင်းလင်းရေး လုပ်ဆောင်နေပြီး နဂါးကျား တာအိုဂိုဏ်း ၏ ကြီးမားလှသော အင်အားစု နယ်မြေ များကိုပါ လိုက်လံ သိမ်းပိုက် နေလေပြီ။
ဤသတင်း နှင့် အတူ တွဲလျက် ထွက်ပေါ်လာသော နောက်ထပ် နာမည် တစ်ခုမှာ သွေးပင်လယ် မိစ္ဆာနဂါး ကျန်းချဲ့ ၏ နာမည် ပင်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် မြောက်ပိုင်း ချီမိသားစု က နဂါးကျား တာအိုဂိုဏ်း ကို တိုက်ခိုက်ရသည့် အဓိက အကြောင်းရင်းမှာ ကျန်းချဲ့ အတွက် လက်စားချေပေးရန် ဟူသော ခေါင်းစဉ်ဖြင့် ဖြစ်ကြောင်း လူတိုင်း ကောင်းစွာ သိရှိထားကြသောကြောင့် ပင်ဖြစ်သည်။ ယခုအခါ သူတို့ ပြောသည့်အတိုင်း အမှန်တကယ် လုပ်ဆောင်သွားခဲ့ရာ ကျန်းချဲ့ ၏ အဆင့်အတန်း မှာလည်း ရုတ်တရက် အဆမတန် မြင့်တက် သွားခဲ့လေတော့သည်။
ယွဲ့ပြည်နယ် သိုင်းလောက မှ သိုင်းပညာရှင် များ အားလုံး ကောင်းစွာ နားလည် သဘောပေါက် သွားကြလေသည်။
ယနေ့မှ စ၍ ကျန်းချဲ့ ဆိုသည်မှာ မြောက်ပိုင်း ချီမိသားစု ကို ကိုယ်စားပြုနေပြီ ဖြစ်သည်။ မည်သူကမျှ အင်အားကြီးတာကို အခွင့်ကောင်းယူပြီး စည်းကမ်း မဖောက်ဖျက်ရဲကြတော့ချေ။ နဂါးကျား တာအိုဂိုဏ်း ၏ ပျက်သုဉ်းမှု က သူတို့အတွက် အကောင်းဆုံး သက်သေ တစ်ခု ပင်ဖြစ်သည်။
ထိပ်တန်း အင်အားစုကြီး တစ်ခု ၏ ပျက်သုဉ်းမှု က ယူဆောင်လာသော ရိုက်ခတ်မှု များမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလွန်းလှပေသည်။ ယွဲ့ပြည်နယ် ရှိ အင်အားစု အသီးသီး မှာလည်း မိမိတို့၏ တပည့်များ ကို အပြင်းအထန် သတိပေး နေကြလေသည်။
ကျန်းချဲ့ နှင့် လုံးဝ ပဋိပက္ခ မဖြစ်စေရန် နှင့် စည်းကမ်းများကို လုံးဝ မဖောက်ဖျက်ရန် ပင်ဖြစ်သည်။
မဟုတ်ပါက မြောက်ပိုင်း ချီမိသားစု ၏ ကြမ်းတမ်းလှသော မုန်တိုင်း ကို သေချာပေါက် ရင်ဆိုင်ရမည် ဖြစ်လေသည်။
ဤတစ်ကြိမ် မြောက်ပိုင်း ချီမိသားစု ထုတ်ဖော် ပြသလိုက်သော အင်အား က အမှန်တကယ်ပင် အလွန် ကြောက်မက်ဖွယ် ကောင်းလွန်းလှပေသည်။ ရှန်ရှန်းနှောင်းပိုင်းအဆင့် မဟာသိုင်းသခင် ခြောက်ပါး... အခြားသော မဟာသိုင်းသခင် များ... ရွှမ်တန်အဆင့် သိုင်းသခင် ဒါဇင်ပေါင်းများစွာ နှင့် မွေးရာပါအဆင့် သိုင်းပညာရှင် ရာပေါင်းများစွာ ပါဝင်လေသည်။
ဤမျှလောက် စွမ်းအားမျိုး က သာမန် ထိပ်တန်း အင်အားစု များကို အပြတ်အသတ် ကျော်လွန် နေခဲ့ပြီ ဖြစ်လေသည်။
ဤအချိန်တွင် မှသာ လူများ သတိရသွားကြလေသည်။ မြောက်ပိုင်း ချီမိသားစု သည် သာမန် ထိပ်တန်း အင်အားစု တစ်ခု သက်သက် မဟုတ်ဘဲ ထိပ်တန်း အင်အားစု များ ထဲတွင်မှ အထွတ်အထိပ်သို့ ရောက်ရှိနေသော အင်အားစု တစ်ခု ဖြစ်ကြောင်း ပင်ဖြစ်သည်။ အလယ်ပိုင်းဒေသ ၏ အင်အားကြီး မိသားစု ခြောက်ခု ထဲမှ တစ်ခု အဖြစ် ရပ်တည်နေသော မိသားစုကြီး ပင်ဖြစ်သည်။
၎င်းသည် အစစ်အမှန် ထိပ်တန်း မိသားစုကြီး တစ်ခု ပင်ဖြစ်သည်။
အကယ်၍ မြောက်ပိုင်း ချီမိသားစု က လောက တစ်ခွင်လုံး ကို တုန်လှုပ်သွားစေခဲ့သည် ဆိုပါက... ကျန်းချဲ့ ၏ နာမည် သည်လည်း ယခုအခါ ထျန်းနန် တစ်ခုလုံး ကို တုန်လှုပ်သွားစေခဲ့ပြီ ဖြစ်လေသည်။
လဝက်ခန့် ကြာမြင့်ခဲ့သော အချိန်ကာလ အတွင်း များပြားလှသော တိုက်ပွဲ ရလဒ် များကို အခြေခံကာ... နဂါးကျား တာအိုဂိုဏ်း ၏ ပျက်သုဉ်းမှု က သူ့ကို အထွတ်အထိပ် သို့ ရောက်ရှိသွားစေခဲ့ရာ... ကျန်းချဲ့ သည် ထျန်းနန် ဒေသ တစ်ခုလုံး ကို အပြည့်အဝ ဖိနှိပ် ခြယ်လှယ်နိုင်သည့် အဆင့်သို့ ရောက်ရှိသွားခဲ့လေပြီ။ ထျန်းနန် ဒေသရှိ ပြည်နယ် အတော်များများ တွင်...
သူ၏ နာမည် က ဒဏ္ဍာရီ တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်လေသည်။
ဤ ရိုက်ခတ်မှု များကြောင့်ပင် ကျန်းချဲ့ ၏ အလယ်ပိုင်းဒေသ နံပါတ်တစ် ပါရမီရှင် ဟူသော ဂုဏ်ပုဒ် က လူအများ၏ ရင်ထဲတွင် ပိုမို နက်ရှိုင်းစွာ ကိန်းဝပ်သွားခဲ့ပြီး အလယ်ပိုင်းဒေသ တစ်ခုလုံး သို့ ပိုမို ကျယ်ပြန့်စွာ ပျံ့နှံ့ သွားခဲ့လေသည်။ အချိန်တို အတွင်းမှာပင် ကျန်းချဲ့ ၏ နာမည် ကို မသိသူ မရှိသလောက် ပင် ဖြစ်သွားခဲ့လေတော့သည်။
ယွဲ့ပြည်နယ်... တောင်ပိုင်းစောင့် စစ်တပ် စခန်း။
တောင်ပိုင်းစောင့် မြို့စားကြီး လီချန်ကော သည် စားပွဲပေါ်တွင် လက်ရေး ရေးသား နေပြီး သူ၏ မျက်ဝန်းများ ထဲတွင် အလွန် ထက်မြက်သော အလင်းတန်း များ လင်းလက် နေလေသည်။ တဲအတွင်းရှိ မွေးစားသား များ အားလုံးမှာ အသက်ပြင်းပြင်း မရှူရဲကြဘဲ ခေါင်းငုံ့ကာ မျက်လုံးများဖြင့်သာ အချင်းချင်း ဆက်သွယ် နေကြလေသည်။
အချိန်ခဏမျှ ကြာပြီးနောက် လီချန်ကော က လက်ထဲရှိ စုတ်တံ ကို ဘေးသို့ ပစ်ချလိုက်လေသည်။
ထို့နောက် စားပွဲပေါ်ရှိ သူရေးသားထားသော စာတမ်း ကို အကဲခတ် ကြည့်ရှု လိုက်လေသည်။
"တစ်လောကလုံးကို ခြုံငုံမစဉ်းစားနိုင်သူဟာ နေရာတစ်နေရာကိုတောင် အပိုင်မစီမံနိုင်ဘူး ခေတ်အဆက်ဆက်အတွက် မစီမံနိုင်သူဟာ အချိန်တိုလေးအတွက်တောင် မစီစဉ်နိုင်ဘူး..."
"မွေးစားအဖေရဲ့ လက်ရေးက ပိုပြီး တိုးတက်လာပြန်ပြီ နဂါးနဲ့မြွေ တွန့်လိမ်နေသလိုမျိုး အရမ်းကို ခမ်းနားလွန်းတယ် သားတို့တော့ တကယ်ကို လေးစားသွားပြီ..."
"မွေးစားအဖေရဲ့ လက်ရေးက လောကမှာ ပြိုင်ဘက်ကင်းပဲ သားကို တစ်ချပ်လောက် ချီးမြှင့်ပေးလို့ ရမလား..."
"ဒီလက်ရေးက အပေါ်ယံကြည့်ရင် သာမန်ပဲလို့ ထင်ရပေမဲ့ သေချာကြည့်မယ်ဆိုရင် အထဲမှာ ကိန်းအောင်းနေတဲ့ နက်နဲတဲ့ အနှစ်သာရတွေကို မြင်တွေ့ရတယ် မွေးစားအဖေရဲ့ လက်ရေးကို ပိုင်လု စာသင်ကျောင်းတော်ကို ယူသွားရင်တောင် ထိပ်တန်းအဆင့်မှာ ရှိနေမှာ သေချာတယ်..."
ချီးကျူး မြှောက်ပင့် သံများ က အဆက်မပြတ် ထွက်ပေါ် လာလေသည်။
သို့သော် လီချန်ကော ၏ မျက်နှာပေါ်တွင် မည်သည့် ဝမ်းသာ ပျော်ရွှင်သော အမူအရာ မှ မပေါ်လွင်ဘဲ လက်မြှောက်ကာ သူတို့ကို အသံတိတ်သွားရန် အချက်ပြ လိုက်လေသည်။
သူ၏ လက်ရေး နှင့် ပတ်သက်၍ လီချန်ကော ကောင်းစွာ သိရှိထားလေသည်။ မဆိုးဘူး ဟု ဆိုနိုင်ပြီး အနှစ်သာရ အချို့ ပါဝင်သော်လည်း သူတို့ ချီးကျူး နေသလောက်တော့ လုံးဝ မကောင်းမွန်ချေ။ ပုံမှန် အချိန်များ တွင်တော့ ကိစ္စ မရှိသော်လည်း...
ယခု လတ်တလော အချိန်များ တွင်တော့ သူ လုံးဝ စိတ်ဝင်စားမှု မရှိတော့ချေ။
အကြောင်းရင်း အားလုံးမှာ ကျန်းချဲ့ က တောင်ပိုင်းယွဲ့ ကို အကြီးအကျယ် ချေမှုန်းနိုင်ခဲ့ပြီး ရန်သူ သောင်းချီ ကို ခေါင်းဖြတ် ကာ မဟာသိုင်းသခင် လေးပါး ကို ချုံခို သတ်ဖြတ်နိုင်ခဲ့ပြီး ထျန်းနန် တစ်ခုလုံး ကို တုန်လှုပ် သွားစေခဲ့သော သတင်းများ ကြောင့် ပင်ဖြစ်သည်။
ဤအရာများ က သူ၏ မူလ ခန့်မှန်းချက် များနှင့် လုံးဝ လွဲချော် သွားခဲ့ရလေသည်။
မူလက သူ တွေးထားခဲ့သည်မှာ တောင်ပိုင်းယွဲ့ နှင့် ပူးပေါင်းကာ သူတို့၏ လက်ကို အသုံးချပြီး ကျန်းချဲ့ ကို သတ်ဖြတ် ရန် ပင်ဖြစ်သည်။ ထို့နောက် အလယ်ပိုင်းဒေသ နှင့် တောင်ပိုင်းယွဲ့ တို့ကြား စစ်ပွဲ ဖန်တီးကာ သူက အခွင့်ကောင်း ယူ၍ အကျိုးအမြတ် များ ရယူရန် ပင်ဖြစ်သည်။
တောင်ပိုင်းယွဲ့ ကို အရှုံးပေး သယောင် ဟန်ဆောင် ကာ စစ်တပ် အာဏာကို ဆက်လက် သိမ်းပိုက်ထားရန် ပင်ဖြစ်သည်။
သို့သော် တောင်ပိုင်းယွဲ့ ဘက်က ဤမျှလောက် အသုံးမကျ လိမ့်မည်ဟု သူ လုံးဝ မထင်မှတ် ထားခဲ့ချေ။
သူ ကိုယ်တိုင် နောက်ဆုတ်ပေးရန် အမိန့်ပေးပြီး ဝင်မတိုက်တော့ရန် ပြောထားသည် တောင်မှ တောင်ပိုင်းယွဲ့ ၏ လက်ရွေးစင် စစ်သည် သောင်းချီ ခန့် မှာ ထျန်းနန်မြို့ တွင် အသေဆိုး နှင့် သေဆုံး သွားခဲ့ရလေသည်။ ၎င်းက ကျန်းချဲ့ ကို အလယ်ပိုင်းဒေသ တစ်ခုလုံး တွင် နာမည် ကျော်ကြား သွားစေခဲ့ပြီး သူ ကတော့ မကောင်းသတင်း များစွာ ကို ရရှိ သွားခဲ့ရလေသည်။
အဘယ်ကြောင့်ဆိုသော် သူ၏ တုံ့ပြန်မှု နှေးကွေးခြင်း က ကျန်းချဲ့ ၏ အစွမ်းထက်ပုံ ကို ပိုမို ပေါ်လွင် သွားစေခဲ့သောကြောင့် ပင်ဖြစ်သည်။
ဤကိစ္စ ကြောင့် တော်ဝင်နန်းတော် မှ လူအချို့ က သူ့ကို မကျေမနပ် ဖြစ်လာကြပြီး စစ်တပ် အာဏာ ကို အလွဲသုံးစား လုပ်ကာ ရိက္ခာငွေ များကို ကိုယ်ကျိုး အတွက် သုံးစွဲ သည်ဟုပင် စွပ်စွဲ တိုင်ကြား လာကြလေသည်။ သို့သော် သူ၏ လက်အောက်ရှိ တောင်ပိုင်းစောင့် စစ်တပ်ကြီး က သူ့ တစ်ယောက်တည်း ၏ အမိန့်ကိုသာ နာခံ သဖြင့် မည်သည့် ပြဿနာ မှ မရှိခဲ့ခြင်း ပင်ဖြစ်သည်။ အကယ်၍ ထိုသို့သာ မဟုတ်လျှင်...
သူ သည် တော်ဝင်နန်းတော် ၏ ရာထူး ဖြုတ်ချခြင်း ကို ခံရပြီးလောက်ပြီ ဖြစ်လေသည်။
ယခု အချိန်အထိ လည်း သူ သည် လူအများအပြား ၏ မကျေနပ်မှု များကို ခံစား နေရဆဲ ပင်ဖြစ်သည်။
"မြောက်ပိုင်း ချီမိသားစုနဲ့ နဂါးကျား တာအိုဂိုဏ်း ကြားက ကိစ္စ ဘယ်လိုနေလဲ..."
လူများ ရောက်လာခြင်း မှာ အရေးကြီး ကိစ္စများ ကို အစီရင်ခံ ရန် ဖြစ်ကြောင်း လီချန်ကော သိရှိထားလေသည်။
လတ်တလော ယွဲ့ပြည်နယ် အတွင်း အကြီးမားဆုံးသော သတင်း မှာ မြောက်ပိုင်း ချီမိသားစု နှင့် နဂါးကျား တာအိုဂိုဏ်း တို့ တရားဝင် စစ်ကြေညာ ခဲ့သော သတင်း ပင်ဖြစ်သည်။ နဂါးကျား တာအိုဂိုဏ်း ၏ အပြင်ဘက် တပည့် များကိုပါ လိုက်လံ ရှင်းလင်း နေပြီ ဖြစ်ရာ...
သူ လည်း ဤကိစ္စ ကို အလွန် စိတ်ဝင်စား နေမိလေသည်။
သို့သော် လွန်ခဲ့သော နှစ်ရက် အတွင်း သူ တရားထိုင် နေခဲ့သဖြင့် အချိန် အနည်းငယ် နှောင့်နှေး သွားခဲ့ရလေသည်။ မဟုတ်ပါက သူ လည်း အခြေအနေ ကို ကိုယ်တိုင် သွားရောက် ကြည့်ရှု လောက်မည် ဖြစ်လေသည်။
လီတုန်းရှန်း သည် မွေးစားအဖေ ၏ စကားကို ကြားသောအခါ အချိန်ခဏမျှ တွေဝေ သွားပြီးနောက် ရှေ့သို့ တစ်လှမ်း တိုးကာ အရိုအသေ ပေးလိုက်လေသည်။
"မွေးစားအဖေကို တင်ပြပါတယ် ဒီစစ်ပွဲက ပြီးဆုံးသွားပါပြီ..."
"ရလဒ်က ဘယ်လိုလဲ..."
"မြောက်ပိုင်း ချီမိသားစုက အပြတ်အသတ် နိုင်သွားတယ် နဂါးကျား တာအိုဂိုဏ်း တစ်ခုလုံးကို မျိုးဖြုတ်ပစ်လိုက်ပြီး အခုဆိုရင် နဂါးကျားတောင်ကို သိမ်းပိုက်ပြီး သူတို့ရဲ့ အင်အားစုနယ်မြေတွေကိုပါ လက်ခံရယူနေပါပြီ..."
"ဒီလောက် မြန်မြန်လား မြောက်ပိုင်း ချီမိသားစုက သိုင်းသူတော်စင်ကြီး ကိုယ်တိုင် ဝင်ပါတာများလား..."
လီချန်ကော မျက်မှောင် အနည်းငယ် ပင့်တက် သွားပြီး အလွန် အံ့အားသင့် သွားလေသည်။
သူ၏ အမြင်တွင် နဂါးကျား တာအိုဂိုဏ်း မှာ အလွန် အစွမ်းထက်သော ဂိုဏ်းကြီး တစ်ခု ဖြစ်လေသည်။ ဂိုဏ်းချုပ်ရှန်ရွှီ... ကျောက်လင်ခုန်း တို့မှာ သာမန် လူများ မဟုတ်ကြဘဲ များပြားလှသော အဆက်အသွယ် များလည်း ရှိနေသေးရာ... အကယ်၍ စစ်ပွဲ ဖြစ်ပွား မည် ဆိုလျှင်တောင် အချိန် အတော်ကြာ အထိ ဆက်လက် ဖြစ်ပွား နေဦးမည် ဟု သူ ခန့်မှန်း ထားခဲ့လေသည်။
"ပြန်ရလာတဲ့ သတင်းတွေအရဆိုရင်တော့ သိုင်းသူတော်စင်ကြီး ဝင်ပါတာ မရှိပါဘူး ဒါပေမဲ့ ချီကျန်းနန်က အထွတ်အမြတ်လက်နက်ကို ကိုင်ဆောင်ပြီး နဂါးကျား တာအိုဂိုဏ်းရဲ့ ဂိုဏ်းကာကွယ်ရေး အစီအရင်ကြီးကို ဖျက်ဆီးပစ်ခဲ့တာပါ..."
"အသေးစိတ် ပြောပြစမ်း..."
လီချန်ကော ၏ မျက်နှာထား လေးနက် သွားလေသည်။
"ဟုတ်ကဲ့... အဲ့ဒီနေ့က နဂါးကျား တာအိုဂိုဏ်း ဘက်က ဖိတ်ခေါ်ထားတာက..."
လီတုန်းရှန်း က အပြင်ဘက်တွင် ပျံ့နှံ့ နေသော သတင်း များကို အစအဆုံး ပြန်လည် ပြောပြ လိုက်ရာ တဲအတွင်းရှိ လေထု မှာ တဖြည်းဖြည်း လေးလံ သွားလေတော့သည်။
"လင်းလန်ထျန်း လင်းကျီတုန်း ဖေဟုန်ယီ နဂါးကျား တာအိုဂိုဏ်းက တကယ်ကို သာမန်မဟုတ်ဘူးပဲ နှမြောစရာကောင်းတာက မြောက်ပိုင်း ချီမိသားစုရဲ့ အင်အားက ပိုပြီး ကြီးမားနေတာပဲ ကျောက်ယွမ်မင် ကျောက်ရှန်းကျီ ပြီးတော့ ချန်ချင်းဖန် တို့ကပါ ချီမိသားစုဘက်က ရပ်တည်နေကြတာကိုး နဂါးကျား တာအိုဂိုဏ်းက ဒီလောက် မြန်မြန်ဆန်ဆန် ကျဆုံးသွားတာ အံ့သြစရာတော့ မဟုတ်ဘူး..."
လီချန်ကော က တိုးညှင်းစွာ ရေရွတ် လိုက်ပြီး နဖူးကို ဖိကာ အလွန် လေးနက်သော အမူအရာ ဖြင့် စဉ်းစား နေလေသည်။
ယခင် အခြေအနေ များကို ကြည့်ခြင်း အားဖြင့် မြောက်ပိုင်း ချီမိသားစု နှင့် ကျန်းချဲ့ တို့သည် နောက်ကွယ်တွင် သူ အကွက်ဆင် နေကြောင်း ကို ကြိုတင် ရိပ်မိ နေပြီ ဖြစ်ကြောင်း အလွန် ထင်ရှား လှပေသည်။ ထို့ကြောင့် ကျန်းချဲ့ သည် လူကိုယ်တိုင် လာရောက် သတင်းပို့ ခြင်း မရှိဘဲ လူလွှတ်၍ သာ အကြောင်းကြား ခဲ့ခြင်း က သူတို့၏ သဘောထား ကို ပြသ နေခြင်း ပင်ဖြစ်သည်။
သို့သော် သူ၏ ရာထူး အဆင့်အတန်း အရ နှစ်ဖက် စလုံး က မျက်နှာချင်း မဆိုင်ရဲ ကြသေးချေ။
တစ်ခုတည်းသော နှမြောစရာ မှာ ဤလုပ်ရပ် ကြောင့် သူ သည် မြောက်ပိုင်း ချီမိသားစု နှင့် ရန်သူတွေ ဖြစ်သွား ခဲ့ရခြင်း ပင်ဖြစ်သည်။
"ဒါနဲ့ သား ကြားရသလောက်တော့ ကျန်းချဲ့ အဲ့ဒီကောင်လေးလည်း သွားတယ်တဲ့ ပြီးတော့ လက်တစ်ချက် ဝှေ့ယမ်းရုံလေးနဲ့ လဲ့ထင်ကို သတ်ဖြတ်နိုင်ခဲ့တယ် ဆိုပဲ တကယ့်ကို သာမန်မဟုတ်တဲ့ စွမ်းရည်ပဲ..."
"ဒါက အံ့သြစရာ မဟုတ်ပါဘူး ကျန်းချဲ့က တောင်ပိုင်းယွဲ့က မဟာသိုင်းသခင် လေးပါးကို ချုံခိုသတ်ဖြတ်နိုင်သလို ဂိုဏ်းချုပ်ရှန်ရွှီ ကိုတောင် အောင်မြင်စွာ တုံ့ပြန်သတ်ဖြတ်နိုင်ခဲ့တာ ဆိုတော့ ဒီကောင်လေးက သာမန်မဟုတ်ဘူး ဆိုတာကို လုံလုံလောက်လောက် သက်သေပြနေပြီပဲ ငါကိုယ်တော်တောင် အခုချိန်မှာ ဒီကောင်လေးကို သေချာ အလေးထားပြီး ရင်ဆိုင်နေရပြီလေ ဒါပေမဲ့ ငါကိုယ်တော် နားမလည်တာက ချန်ချင်းဖန်က ဘယ်လိုလုပ်ပြီး သူတို့နဲ့ ပတ်သက်သွားရတာလဲ ဆိုတာပဲ..."
လီချန်ကော က မျက်မှောင်ကျုံ့ ကာ မေးလိုက်လေသည်။
"ဒီကိစ္စကို သားတို့ စုံစမ်းနေဆဲပါ..."
"တခြား ကိစ္စ ရှိသေးလား..."
လီချန်ကော က အချိန်ခဏမျှ တိတ်ဆိတ် သွားပြီးနောက် ဆက်လက် မေးမြန်း လိုက်လေသည်။
"မွေးစားအဖေ သား သတင်းတစ်ခု စုံစမ်းရရှိထားတယ် မွေးစားအဖေ စိတ်ဝင်စားလောက်မယ် ထင်တယ်..."
တစ်ချိန်လုံး တိတ်ဆိတ် နေခဲ့သော လီယွမ်ရှိုး က ရုတ်တရက် ရှေ့သို့ တစ်လှမ်း တိုးကာ ပြောလိုက်လေသည်။
သူ သည်လည်း လီချန်ကော ၏ မွေးစားသား တစ်ယောက် ဖြစ်ပြီး လီတုန်းရှန်း နှင့် မတူညီ သည်မှာ သူ သည် လီချန်ကော ၏ နောက်သို့ အစောပိုင်း ကတည်းက လိုက်ပါ ခဲ့သူ ဖြစ်ပြီး ကျင့်ကြံခြင်း အဆင့် လည်း ပိုမို မြင့်မား လေသည်။ တောင်ပိုင်းစောင့် မြို့စား အိမ်တော် ၏ သတင်း အချက်အလက် စုဆောင်းရေး အဖွဲ့ကို အုပ်ချုပ် နေသူ ဖြစ်လေသည်။
လီချန်ကော ၏ ဘေးနားရှိ အကြံပေး တစ်ဦး ပင်ဖြစ်သည်။
အဆိပ်ပြင်းသော အကြံပေး လီယွမ်ရှိုး ဟုပင် နာမည် ကျော်ကြား လေသည်။
"အို ပြောကြည့်စမ်းပါဦး..."
လီချန်ကော က သူ့ကို တစ်ချက် ကြည့်လိုက်ပြီး အနည်းငယ် စိတ်ဝင်စား သွားလေသည်။
"ဒီသတင်းက တောင်ပိုင်းယွဲ့ကနေ ထွက်လာတာပါ တောင်ပိုင်းယွဲ့က ကျန်းချဲ့နဲ့ ချီရွှယ်မိစ္ဆာသခင်တို့ကို ခဏခဏ ပစ်မှတ်ထားနေတာက သူတို့တွေ တောင်ပိုင်းယွဲ့ မြို့တော်မှာ ရုတ်ရုတ်သဲသဲ လုပ်ခဲ့လို့ မဟုတ်ဘူးတဲ့ လွန်ခဲ့တဲ့ နှစ်တစ်ရာတုန်းက ချီရွှယ်မိစ္ဆာသခင်က တောင်ပိုင်းယွဲ့ဆီကနေ နဂါးကြောစွမ်းအင် တစ်စိတ်တစ်ပိုင်းကို မတော်တဆ ယူဆောင်သွားခဲ့လို့တဲ့ အဲ့ဒါကြောင့်မို့ တောင်ပိုင်းယွဲ့ ဘက်က အမြဲတမ်း ပစ်မှတ်ထားနေတာပါတဲ့..."
"နဂါးကြောစွမ်းအင် ဟုတ်လား..."
တဲအတွင်းရှိ လူများ အားလုံး အသက်ပြင်းပြင်း တစ်ချက် ရှူသွင်း လိုက်မိကြပြီး မျက်နှာ ပေါ်တွင် ထိတ်လန့် အံ့အားသင့် နေသော အမူအရာ များ ပေါ်လွင် လာလေသည်။
လီချန်ကော ၏ မွေးစားသား များ၊ လက်အောက်ခံ စစ်သူကြီး များ အနေဖြင့် သူတို့ အားလုံး မှာ ဗဟုသုတ နည်းပါး သူများ မဟုတ်ကြဘဲ... နဂါးကြော စွမ်းအင် သည် နိုင်ငံ တစ်နိုင်ငံ အတွက် မည်မျှ အရေးကြီး ကြောင်း ကို ကောင်းစွာ သိရှိ ကြလေသည်။
ထို့အပြင် နဂါးကြော စွမ်းအင် သည် ကျင့်ကြံခြင်း တွင်လည်း အလွန် အသုံးဝင် ကြောင်း သတင်းများ ကြားဖူး ကြလေသည်။
သို့သော် နဂါးကြော စွမ်းအင် တည်ရှိရာ နေရာ များမှာ နိုင်ငံ အသီးသီး ၏ လျှို့ဝှက်ချက် များ ဖြစ်ကြပြီး သာမန် နိုင်ငံငယ်လေး များ အနေဖြင့် နဂါးကြော စွမ်းအင် ကို ဖန်တီး နိုင်စွမ်း မရှိကြချေ။ အနည်းဆုံး ပိုင်ယွဲ့ နိုင်ငံများ ၏ ရှေ့ဆောင် ဖြစ်သော ရှေးဟောင်း ယွဲ့နိုင်ငံ ကဲ့သို့သော နိုင်ငံ မျိုး မှသာ အရည်အချင်း ရှိလေသည်။
"ဒီသတင်းက တိကျသေချာရဲ့လား..."
လီချန်ကော ၏ မျက်လုံးများ ချက်ချင်း ကျဉ်းမြောင်း သွားပြီး အလွန် စိတ်ဝင်စား သွားလေသည်။
"ဒီကိစ္စကို အတည်ပြုနေဆဲပါ ဒါပေမဲ့ သား အမြင်အရတော့ ဖြစ်နိုင်ခြေ အရမ်းများတယ် မဟုတ်ရင်လည်း တောင်ပိုင်းယွဲ့က ကျန်းချဲ့ကို ပစ်မှတ်ထားဖို့ ဘာလို့ ဒီလောက်တောင် အတင်းအကျပ် စစ်တပ်တွေ စေလွှတ်နေရတာလဲ ဆိုတာ အဓိပ္ပာယ်မရှိဘူးလေ..."
"ဒါဆိုရင် တောင်ပိုင်းယွဲ့က ဘာလို့ ဒီသတင်းကို အပြင်ထုတ်ပြောရတာလဲ..."
လီတုန်းရှန်း ၏ မျက်နှာပေါ်တွင် နားမလည် နိုင်သော အမူအရာ များ ပေါ်လာလေသည်။
လီယွမ်ရှိုး က ညင်သာစွာ ပြုံးလိုက်လေသည်။
"ငါ ခန့်မှန်းတာသာ မမှားဘူးဆိုရင် အခု တောင်ပိုင်းယွဲ့မှာ နဂါးကြောစွမ်းအင်ကို ပြန်လုယူနိုင်တဲ့ အင်အား မရှိတော့လို့ ဖြစ်ရမယ် ဒီတစ်ခေါက် အကြီးအကျယ် ရှုံးနိမ့်သွားတာက တောင်ပိုင်းယွဲ့ကို အတော်လေး အထိနာသွားစေခဲ့တာမို့ ထပ်ပြီး အစွမ်းထက်တဲ့သူတွေကို စေလွှတ်ဖို့ အရမ်းခက်ခဲသွားပြီလေ သာမန် မဟာသိုင်းသခင်တွေကလည်း ကျန်းချဲ့ကို မယှဉ်နိုင်တော့ အဆုံးစွန် အနေနဲ့ ဒီသတင်းကို ထုတ်ပြောလိုက်တာပဲ အဲ့ဒါမှ နဂါးကြောစွမ်းအင်ကို စိတ်ဝင်စားတဲ့သူတွေက ကျန်းချဲ့နဲ့ ချီရွှယ်မိစ္ဆာသခင်တို့ကို ပစ်မှတ်ထားလာကြမှာလေ..."
"မွေးစားအဖေ ဒါက အခွင့်အရေးကောင်းကြီး တစ်ခုပဲ တကယ်လို့ မွေးစားအဖေသာ နဂါးကြောစွမ်းအင်ကို ရလိုက်မယ်ဆိုရင် ကျင့်ကြံခြင်းအဆင့်တွေ အများကြီး တိုးတက်လာမှာ သေချာတယ် သီးခြားလွတ်လပ်တဲ့ အင်အားစုတစ်ခု တည်ထောင်ဖို့တောင် မဖြစ်နိုင်စရာ မရှိတော့ဘူး..."
တစ်စုံတစ်ယောက် က အလွန် စိတ်လှုပ်ရှားစွာ ဖြင့် ဝင်ပြော လိုက်လေသည်။
သို့သော် လီယွမ်ရှိုး က ခေါင်းယမ်း လိုက်လေသည်။
"လောလောဆယ် ကျန်းချဲ့ရဲ့ လက်ထဲက နဂါးကြောစွမ်းအင်က အစစ်လား အတုလား ဆိုတာ မသိရသေးဘူး ပြီးတော့ နဂါးကြောစွမ်းအင် ပမာဏ ဘယ်လောက်ရှိလဲ ဆိုတာလည်း မသိရသေးဘူး တကယ်လို့ အရမ်းနည်းနေရင် မွေးစားအဖေ ကိုယ်တိုင် လှုပ်ရှားဖို့ မတန်ဘူးလေ ဘာပဲဖြစ်ဖြစ် ကျန်းချဲ့က အခုဆိုရင် အရင်ကနဲ့ လုံးဝ မတူတော့ဘူး မဟာသိုင်းသခင်ကိုတောင် အောင်မြင်စွာ တုံ့ပြန်သတ်ဖြတ်နိုင်ရုံသာမက မြောက်ပိုင်း ချီမိသားစုကိုလည်း ကျောထောက်နောက်ခံအဖြစ် ရထားသေးတယ် တကယ်လို့ မဆင်မခြင် လှုပ်ရှားလိုက်ရင် မြောက်ပိုင်း ချီမိသားစုနဲ့ သေချာပေါက် ရန်သူတွေ ဖြစ်သွားလိမ့်မယ်..."
"မင်း ဆိုလိုတာက ဘာလဲ..."
လီချန်ကော က လီယွမ်ရှိုး ကို ကြည့်ကာ မေးလိုက်လေသည်။
"သားရဲ့ အမြင်အရတော့ ဒီကိစ္စအတွက် လောလောဆယ် အရမ်းကြီး စိုးရိမ်နေစရာ မလိုသေးဘူး ဒီသတင်းကို သိုင်းလောကထဲ ပျံ့နှံ့သွားအောင် ဖြန့်လိုက်ရုံနဲ့ စိတ်ဝင်စားတဲ့သူတွေ သေချာပေါက် ပေါ်လာမှာပဲ သူတို့က ငါတို့ကိုယ်စား ကျန်းချဲ့ရဲ့ အခြေအနေကို စမ်းသပ်ပေးလိမ့်မယ် အထူးသဖြင့် ချင်းထျန်းဂိုဏ်း ကဲ့သို့သော ပုန်ကန်သူတွေပေါ့ သူတို့ အလိုအပ်ဆုံးအရာက ဒီ နဂါးကြောစွမ်းအင် လိုမျိုး အရာတွေပဲလေ..."
လီယွမ်ရှိုး က ခါးညွှတ် ကာ သူ၏ ထင်မြင်ချက် ကို တင်ပြ လိုက်လေသည်။
လီချန်ကော သည် ကုလားထိုင် နောက်မှီကို မှီလိုက်ပြီး မျက်လုံးများ လှုပ်ရှား နေကာ တိုးညှင်းစွာ ရေရွတ် လိုက်လေတော့သည်။
"ချင်းထျန်းဂိုဏ်း…”