အခန်း (၂၅၈၅-၂၅၈၆)
Vol. 259 Ch. 2585-2586
အခန်း (၂၅၈၅) - ဘယ်သူ့ကိုမှ ချန်မထားခဲ့နဲ့
အရိုးစုအသွင်ပြောင်းလဲခြင်း နတ်ဘုရားစွမ်းအားငယ် ဟုတ်လား။
ဖန့်ချန်၏ မျက်ဝန်းထဲတွင် သဘောပေါက်နားလည်သွားသော အရိပ်အယောင်များ ပေါ်ပေါက်လာခဲ့ရပြီ ဖြစ်သည်။
ဤနတ်ဘုရားစွမ်းအားက... ဝမ်အိုကြီး၏ အရိုးစုအသွင်ပြောင်းလဲခြင်း ကိုယ်ပွားပညာရပ်နှင့် အချို့သော ဆက်စပ်မှုများ ရှိနေလိမ့်မည်ဟု သူ ထင်မှတ်မိပေသည်။
အစစ်အမှန်အားဖြင့် ၎င်းတို့က ဇာစ်မြစ်တစ်ခုတည်း၊ အရင်းအမြစ်တစ်ခုတည်းက ဆင်းသက်လာခြင်းလည်း ဖြစ်နိုင်သလို၊ ဟင်းလင်းပြင်လှုပ်ရှားခြင်းပညာနှင့် ဟင်းလင်းပြင်လှုပ်ရှားခြင်းပညာငယ်တို့ကဲ့သို့သော ဆက်စပ်မှုမျိုးလည်း ဖြစ်နိုင်ပေသည်။
ဖန့်ချန်က တစ်ခုခုကို ဆင်ခြင်သုံးသပ်ရင်း မေးမြန်းလိုက်သည်။
“ဒါဆိုရင်... ချီရွှမ်ဂိုဏ်းက မုန့်ထျန်းရှူးပဲဖြစ်ဖြစ်၊ မသေမျိုးလောကငယ်က အဆင့်ရှစ်စစ်မှန်သောမသေမျိုး မုန့်ထျန်းရှူးပဲဖြစ်ဖြစ်... အကုန်လုံးက မုန့်စီနီယာ ပုရွက်ဆိတ်အသိုက်အမြုံနယ်မြေကို စစ်ဆေးဖို့အတွက် သုံးခဲ့တဲ့ နည်းလမ်းတွေပေါ့ ဟုတ်လား။”
“မှန်တာပေါ့... ငါ သိထားတဲ့ ပုရွက်ဆိတ်အသိုက်အမြုံနယ်မြေတွေအားလုံးမှာ ငါ့ရဲ့ အရိုးစုအသွင်ပြောင်းလဲခြင်းခန္ဓာငယ်တွေကို စိုက်ပျိုးထားခဲ့တာ။”
“သူတို့တွေက သူတို့ဘာသာသူတို့ ကြီးပြင်းလာကြလိမ့်မယ်၊ ဒါပေမဲ့ အဲဒီအချိန်အတောအတွင်းမှာတော့... ငါနဲ့ ဘာဆက်စပ်မှုမှ ရှိနေမှာ မဟုတ်ဘူး။”
“သူတို့တွေ သေဆုံးသွားတဲ့အချိန်ကျမှသာ... သူတို့ရဲ့ မှတ်ဉာဏ်တွေက ငါ့ရဲ့ ခန္ဓာကိုယ်ထဲကို ပြန်ရောက်လာကြမှာ။”
မုန့်ထျန်းရှူးက ခေါင်းကို အသာအယာ ညိတ်ပြလိုက်ပြီး -
“ဒီနည်းလမ်းကို သုံးခြင်းအားဖြင့်... ပုရွက်ဆိတ်အသိုက်အမြုံနယ်မြေကိုလည်း စစ်ဆေးနိုင်သလို၊ ပုရွက်ဆိတ်အသိုက်အမြုံနယ်မြေကိုလည်း ဘာသက်ရောက်မှုမှ မရှိစေတော့ဘူး။ ငါ့ရဲ့ အတွေးအခေါ်အရဆိုရင်တော့... အဘက်ဘက်က ကြည့်ရင် အဆင်ပြေဆုံး နည်းလမ်းပဲ။”
ဖန့်ချန်၏ မျက်ဝန်းများမှာ လေးနက်တည်ကြည်သွားခဲ့ရသည်။
“မုန့်စီနီယာ... ကောင်းကင်ငါးပါးက ပုရွက်ဆိတ်အသိုက်အမြုံနယ်မြေအပေါ် ထားရှိတဲ့ သဘောထားကတော့ တိုက်ခိုက်သိမ်းပိုက်ဖို့နဲ့ ကျွန်ပြုဖို့ပဲလေ။ ဒါပေမဲ့ စီနီယာကတော့... လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေပုံရတယ်နော်။”
အကယ်၍ တစ်ဖက်လူ၏ စကားများသာ အစစ်အမှန်ဆိုလျှင် -
မသေမျိုးလောကငယ်က မုန့်ထျန်းရှူးကို ရှဲ့အာမန် ရိုက်သတ်လိုက်ကတည်းက... တစ်ဖက်လူသည် မသေမျိုးလောကငယ်က မုန့်ထျန်းရှူး၏ မှတ်ဉာဏ်များကို ပြန်လည်သိမ်းဆည်းရရှိခဲ့ပြီး ဖြစ်ပေလိမ့်မည်။
နယ်မြေကိုးခုအကြောင်းကို... တစ်ဖက်လူက အကုန်အစင် နားလည်သဘောပေါက်ထားခဲ့ပြီး ဖြစ်သည်။
တစ်ဖက်လူက ဟော်ဆွေ့ဘိုးဘေးကြီးနှင့်လည်း အချို့သော ဆက်စပ်မှုများ ရှိနေပြီး၊ သူ၏ ကြီးမားလှသော ကျေးဇူးကြွေးကို တင်နေခဲ့သည်ဟု သံသယဝင်ဖွယ် ရှိပေသည်။
သို့သော်လည်း တစ်ဖက်လူက နယ်မြေကိုးခု၏ သတင်းအချက်အလက်များကို ထိုအတိုင်း ပေါက်ကြားအောင် လုပ်ဆောင်ခဲ့ခြင်း မရှိပါချေ။
ထိုသို့သာ မဟုတ်ခဲ့လျှင်... အဘိုးကြီးတို့၏ သေတွင်းထဲက ရှင်လမ်းရှာမည့် အစီအစဉ်ကြီးကလည်း အချိန်မီ ပြင်ဆင်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။
ဤအချက်ကို ကြည့်ခြင်းအားဖြင့်... ဤ မုန့်စီနီယာက လူသားမျိုးနွယ်စုနှင့် ပတ်သက်နေခြင်းကြောင့် ထိုသတင်းကို မပေါက်ကြားစေရန် ရည်ရွယ်ခဲ့ခြင်းမျိုး မဟုတ်ဘဲ၊ ဤစီနီယာက ပုရွက်ဆိတ်အသိုက်အမြုံနယ်မြေအပေါ် ထားရှိသည့် သဘောထားတွင်... မိမိကိုယ်ပိုင် အတွေးအခေါ် စနစ်တစ်ခု ရှိနေခြင်းကြောင့် ဖြစ်ပုံရပေသည်။
“မင်းလည်း ပုရွက်ဆိတ်အသိုက်အမြုံနယ်မြေက လာတာပဲလေ၊ ဒါကြောင့် မင်းကို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်တာလည်း ဘာမှ မဖြစ်ပါဘူး။”
မုန့်ထျန်းရှူး၏ မျက်နှာအမူအရာမှာ အနည်းငယ် လေးနက်သွားခဲ့ရသည်။
“ကောင်းကင်ငါးပါးရဲ့ အပြင်ဘက်မှာ ရှိတဲ့ ပုရွက်ဆိတ်အသိုက်အမြုံနယ်မြေတွေကတော့... ရေတွက်လို့တောင် မရနိုင်ပါဘူး၊ ငါ တစ်ယောက်တည်း သိထားတာတင်... အနည်းဆုံး ထောင်ဂဏန်းလောက် ရှိတယ်။”
“ဒါပေမဲ့ ငါ ဒီသတင်းအချက်အလက်တွေကို စစ်ဆေးရေးဌာနဆီကို ပေါက်ကြားအောင် မလုပ်ခဲ့ဘူး၊ ဒီအချက်နဲ့ ပတ်သက်ရင်... ငါ စစ်ဆေးရေးဌာနရဲ့ စည်းမျဉ်းစည်းကမ်းတွေကို အမှန်တကယ် ချိုးဖောက်ခဲ့တာ။”
“ဒါကလည်း ဘာဖြစ်လို့လဲဆိုတော့... ကောင်းကင်ငါးပါးရဲ့ အပြင်ဘက်က ကမ္ဘာကြီးက အလွန်တရာ ကျယ်ပြောလှတယ်လို့ ငါ ခံစားရလို့ပဲ။”
"ခပ်သိမ်းသော အရာတို့တွင် ၎င်းတို့၏ ဇာစ်မြစ် ရှိကြသလို၊ ခပ်သိမ်းသော အရာတို့တွင်လည်း ၎င်းတို့၏ အကျိုးရလဒ် ရှိကြတယ် ။”
“ငါတို့တွေက ဇွတ်အတင်း ဝင်ရောက်စွက်ဖက်မနေသင့်ဘဲ... သူတို့ဘာသာသူတို့ ဖွံ့ဖြိုးတိုးတက်အောင် လွှတ်ထားပေးသင့်တာ။”
“ဒါကြောင့်မို့လို့... ငါ ရှာဖွေတွေ့ရှိခဲ့တဲ့ ပုရွက်ဆိတ်အသိုက်အမြုံနယ်မြေတိုင်းမှာ ငါ့ရဲ့ အရိုးစုအသွင်ပြောင်းလဲခြင်းခန္ဓာတစ်ခုကို စိုက်ပျိုးထားခဲ့တာ။”
“အဲဒီ အရိုးစုခန္ဓာ သေဆုံးသွားတာနဲ့... ငါ အဲဒီ ပုရွက်ဆိတ်အသိုက်အမြုံနယ်မြေရဲ့ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေတွေကို သိရှိနိုင်မှာ ဖြစ်တယ်။”
“အကယ်၍ ချင်းမင်ကမ္ဘာရဲ့ အခြေခံအုတ်မြစ်ကို တကယ်ပဲ ခြိမ်းခြောက်လာနိုင်မယ့် အလားအလာမျိုး ရှိလာခဲ့မယ်ဆိုရင်တော့...”
“ငါလည်း အခြေအနေမှန်အတိုင်း အထက်ကို တင်ပြရမှာပဲ။”
“အဲဒီလိုမှ မဟုတ်ရင်တော့... သူ့အလိုအလျောက်ပဲ လွှတ်ထားပေးလိုက်ရုံပေါ့။”
ဤနေရာသို့ ရောက်သည့်အခါတွင်မူ မုန့်ထျန်းရှူးက ခပ်ဖွဖွလေး ပြုံးလိုက်ပြီး -
“နယ်မြေကိုးခုကို ရှာဖွေတွေ့ရှိခဲ့ကတည်းက... ငါ သူ့ရဲ့ အခြေခံအကြောင်းအရင်းကို သိရှိခဲ့ပြီးသားပါ။ နောက်ဆုံးမှာတော့ ချင်းမင်ကနေ မြစ်ဖျားခံလာတာပဲလေ၊ ငါ သဘာဝအတိုင်း အဲဒီထဲက ကိစ္စရပ်တွေထဲကို ဝင်ပြီး မစွက်ဖက်တော့ပါဘူး။”
“မုန့်စီနီယာက တကယ့်ကို ကြီးမားလှတဲ့ ကရုဏာတရား ရှိတာပဲ။”
ဖန့်ချန်က လက်နှစ်ဖက်ကို ပူးယှက်ကာ အရိုအသေပြုလိုက်သည်။
သူက ခေတ္တမျှ နားလိုက်ပြီးနောက် အနည်းငယ် စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်ပြန်သည်။
“မုန့်စီနီယာရဲ့ အရိုးစုခန္ဓာတွေအားလုံးက... စီနီယာနဲ့ နာမည်တူ၊ မျိုးရိုးတူတွေချည်းပဲလားဟ။ ပြီးတော့ ပုရွက်ဆိတ်အသိုက်အမြုံနယ်မြေတွေက ဒီလောက်တောင် များပြားလှတာကို... မုန့်စီနီယာ ကိုယ်တိုင် သွားပြီး အရိုးစုခန္ဓာတွေကို စိုက်ပျိုးခဲ့ရတာလား။ဒီလောက် ခရီးပန်းလှတဲ့ ကိစ္စရပ်ကြီးဆိုရင်... အချိန်တွေအားလုံးကို ခရီးသွားလာရတဲ့ လမ်းခရီးထဲမှာတင် ကုန်ဆုံးသွားရလိမ့်မယ် ထင်တယ်။”
“အကယ်၍ နာမည်တူ၊ မျိုးရိုးတူ မဟုတ်ခဲ့ရင်... အဲဒီ အရိုးစုခန္ဓာက ငါနဲ့ ဘာမှ မသက်ဆိုင်တော့ဘဲ၊ သေဆုံးသွားပြီးနောက် မှတ်ဉာဏ်တွေက ငါ့ဆီ ပြန်ရောက်လာမှာ မဟုတ်ဘူး။”
“ခရီးပန်းတာလား၊ မပန်းတာလားဆိုတာကတော့... တကယ်တမ်းကျတော့ မင်း ထင်ထားသလို မဟုတ်ပါဘူး၊ ပုရွက်ဆိတ်အသိုက်အမြုံနယ်မြေတစ်ခုချင်းစီမှာ... ငါက အရိုးစုခန္ဓာ တစ်ခုတည်းကိုပဲ စိုက်ပျိုးခဲ့တာ။”
“ပြီးတော့ ငါ့ရဲ့ အရိုးစုခန္ဓာကနေလည်း... နောက်ထပ် အရိုးစုခန္ဓာတွေကို ထပ်ပြီး စိုက်ပျိုးသွားမှာ ဖြစ်လို့၊ သံသရာလည်နေတဲ့အတွက် ငါ ကိုယ်တိုင် စိတ်ပူနေစရာ မလိုပါဘူး။”
မုန့်ထျန်းရှူးက ပြုံးလိုက်ပြီး -
“မင်း အခုအချိန်မှာ တကယ်တမ်း မေးချင်နေတာက... ငါနဲ့ ဟော်ဆွေ့အကြားက ဆက်စပ်မှု ဖြစ်ရမယ်။”
“ကျွန်တော်လည်း မုန့်စီနီယာရဲ့ နောက်ကြောင်းရာဇဝင်ကို အရင်ဦးဆုံး သိရှိထားမှသာ... ဆက်ပြီး မေးရဲမှာပါ၊ မုန့်စီနီယာအနေနဲ့ အခြေအနေမှန်အတိုင်း ပြောပြပေးလို့ ရမလားဟ။”
ဖန့်ချန်က ပြုံး၍ လက်နှစ်ဖက်ကို ပူးယှက်ကာ ဆိုလိုက်သည်။
“ပြောပြလိုက်တာလည်း ဘာမှ မဖြစ်ပါဘူး၊ ဟော်ဆွေ့က ငါ့ထက် အသက်ငယ်တယ်ဆိုပေမဲ့... ပါရမီကတော့ ငါ့ထက် ပိုကောင်းတယ်၊ ငါ့ထက် စောပြီး ကောင်းကင်အရှင်သခင် သူတော်စင်ရာထူးနေရာကို တက်လှမ်းနိုင်ခဲ့တာ။”
“မင်းလည်း အခုနက ကြားခဲ့ပြီးပြီပဲ၊ ဝိညာဉ်တောင်ပံမျိုးနွယ်စုတစ်ခုလုံးမှာ ငါ့ရဲ့ အထွတ်အထိပ်ထိပ်တာအိုအဆင့် တစ်ခုတည်းပဲ ရှိတာ၊ သူ့ရဲ့ အခြေခံအုတ်မြစ်က လူသားမျိုးနွယ်စုနဲ့ နှိုင်းယှဉ်ရင်... ပိုပြီးတော့တောင် အားနည်းပါသေးတယ်။”
“ငယ်ငယ်တုန်းက... ဝိညာဉ်တောင်ပံမျိုးနွယ်စုက ကြီးမားလှတဲ့ လူကြီးတစ်ယောက်ကို သွားပြီး ပြစ်မှားမိခဲ့ဖူးတယ်၊ ချင်းမင်ကမ္ဘာရဲ့ စည်းမျဉ်းစည်းကမ်းတွေက ဘယ်လောက်ပဲ တင်းကျပ်ပါစေဦးတော့... ဝိညာဉ်တောင်ပံမျိုးနွယ်စုကို ကြီးမားလှတဲ့ ကပ်ဘေးကြီးတစ်ခုနဲ့ ကြုံတွေ့စေခဲ့ရတယ်။”
“အဲဒီတုန်းက ဟော်ဆွေ့ ကိုယ်တိုင် ထွက်ပြီး ဒီကိစ္စကို ဖြေရှင်းပေးခဲ့တာ ဖြစ်လို့... ငါ သူ့အပေါ်မှာ ကြီးမားလှတဲ့ ကျေးဇူးကြွေးတစ်ခု တင်နေခဲ့တာ။”
“သူ ငါ့ကို လာရှာပြီးတော့... မင်းကို စာမေးပွဲကျအောင် လုပ်ခိုင်းတယ်၊ မင်းကို စစ်ဆေးရေးဌာနရဲ့ ဌာနအရှင်သူတော်စင် ဖြစ်မလာစေဖို့ တားဆီးခိုင်းခဲ့တာက... မင်းက ရှန်းဟုန်မျိုးနွယ်စုရဲ့ အဆက်အနွယ်ဖြစ်မှန်း သူ သိလို့ မဟုတ်ပါဘူး။”
“ဒါက လူသားမျိုးနွယ်စုထဲမှာ... တစ်စုံတစ်ယောက်က ဒီလမ်းကြောင်းကို လျှောက်လှမ်းသွားမှာကို သူ မလိုလားလို့ပဲ။ အဲဒါက လူသားမျိုးနွယ်စု အတွင်းပိုင်းရဲ့ ဆုံးဖြတ်ချက်တွေကို သက်ရောက်မှု ရှိစေလိမ့်မယ်လေ။”
“ငါ အဲဒီတုန်းကလည်း အတိအလင်း ပြောခဲ့ပြီးသားပဲ၊ မင်း ကိုယ်တိုင် စာမေးပွဲစစ်ဆေးမှု မအောင်မြင်တာကလွဲရင်... ငါ မင်းကို စာမေးပွဲကျအောင် လုပ်လို့မရဘူးလို့။”
“ဒါကြောင့်မို့လို့ ငါက စာပေနဲ့ သိုင်းပညာ စစ်ဆေးမှု နှစ်ခုလုံးကို သတ်မှတ်ခဲ့ပြီး... သိုင်းပညာစစ်ဆေးမှုကနေတစ်ဆင့် မင်းရဲ့ ရမှတ်တွေကို ဖိနှိပ်ဖို့ ရည်ရွယ်ခဲ့တာ ဖြစ်လို့၊ အနည်းဆုံးတော့ စစ်ဆေးရေးဌာနထဲက မင်းရဲ့ လမ်းကြောင်းကို... ဒီလောက်အထိ ချောမွေ့မနေစေဖို့ပဲ။”
“ဒီလိုပုံစံနဲ့ပဲ... ဟော်ဆွေ့ရဲ့ ကျေးဇူးကြွေးကို ပြန်ဆပ်လိုက်တာပေါ့။”
မုန့်ထျန်းရှူးက ခပ်အေးအေးပင် ပြုံး၍ ဆိုလိုက်သည်။
“အခုတော့ ဒီကိစ္စက ပြီးဆုံးသွားခဲ့ပြီ ဖြစ်လို့... ငါလည်း ဟော်ဆွေ့ကို မင်းက ရှန်းဟုန်မျိုးနွယ်စုက လာတာပါလို့ အခြေအနေမှန်အတိုင်း ပြောပြနေမှာ မဟုတ်တော့ဘူး။”
“ဒါပေမဲ့ မင်း ရဲ့ ရှန်းဟုန်မျိုးနွယ်စုရဲ့ အမှတ်သညာကတော့... အချိန်အကြာကြီး ဖုံးကွယ်ထားနိုင်လိမ့်မှာ မဟုတ်ဘူး။”
“ဒီနှစ်ပေါင်း ထောင်ဂဏန်းအတွင်းမှာ... ဟော်ဆွေ့က ဒီကိစ္စကို စဉ်ဆက်မပြတ် စုံစမ်းစစ်ဆေးနေခဲ့တာ။”
“သူ ကိုယ်တိုင် နယ်မြေကိုးခုဆီကို တစ်ခေါက် သွားခဲ့ပြီး...နယ်မြေကိုးခုကနေ ထွက်ခွာလာကြတဲ့ မျိုးဆက်သစ်လေးအချို့ကို ခေါ်ဆောင်လာခဲ့ပြီး၊ သူတို့ကို ဟော်ဆွေ့မျိုးနွယ်စုထဲမှာ သံသရာဝင်ပြီး လူပြန်ဖြစ်စေခဲ့တာ။”
ဖန့်ချန်က ဤကိစ္စကို သိရှိထားပေသည်။ ချင်ဟော့ချန်ကို အစတုန်းက သူ ကိုယ်တိုင်ပင် ကျဆုံးမသေမျိုး လမ်းကြောင်းအတိုင်း လွှတ်ခဲ့ခြင်း ဖြစ်သည်။
နောက်ပိုင်းတွင် ချင်းမင်၌ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ရာ... သူတို့ကို ဟော်ဆွေ့ဘိုးဘေးကြီးက ပြန်လည်ခေါ်ဆောင်လာခဲ့ပြီ ဖြစ်ကြောင်း သက်သေပြနိုင်ပေသည်။
“ဟော်ဆွေ့က လူအ မဟုတ်ဘူး၊ မင်းရဲ့ အမှတ်သညာကို... သူ စောစောစီးစီးကတည်းက သံသယဝင်နေခဲ့တာ၊ ဝိညာဉ်မျိုးနွယ်စုဘက်ကနေ တိကျတဲ့ သက်သေအထောက်အထား မရရှိနိုင်ခဲ့တာပဲ ရှိတာ။”
မုန့်ထျန်းရှူးက ဆက်လက်၍ ဆိုလိုက်သည်။
“ဒါတင်မကသေးဘူး... မင်း သူ့ကို ပေးလိုက်တဲ့ အချိန်က တိုတောင်းလွန်းတယ်၊ တိုတောင်းလှတဲ့ နှစ်ပေါင်း ထောင်ဂဏန်းအတွင်းမှာတင်... မင်း က နေရာအသီးသီးက ကောင်းကင်အရှင်သခင်တွေရဲ့ မျက်စိကျခြင်းကို ခံရုံတင်မကသေးဘဲ...”
“ရွှေဟွေးကျောင်းတော်ရဲ့ ကျောင်းတော်အုပ်ချုပ်သူကပါ မင်းကို တပည့်အဖြစ် လက်ခံခဲ့သေးတာ။”
“သူ သံသယဝင်နေခဲ့ရင်တောင်မှ... ဗြောင်ကျကျ လက်ရဲဇာတ်ရဲ လာပြီး မလုပ်ရဲတော့ဘူး၊ မင်း ရိပ်မိသွားမှာကိုတောင် သူ စိုးရိမ်နေဦးမှာ။”
“မင်း မပြောသရွေ့၊ သူ မပြောသရွေ့... မင်းတို့ ရှန်းဟုန်မျိုးနွယ်စုက အချိန်အတော်ကြာအောင် ချင်းမင်ကမ္ဘာမှာ အေးအေးဆေးဆေး ဖွံ့ဖြိုးတိုးတက်နိုင်ဦးမှာပဲ။”
ဤနေရာသို့ ရောက်သည့်အခါတွင်မူ သူက တိုးတိုးလေး ရေရွတ်လိုက်မိသည်။
“ပြစ်ဒဏ်စီရင်ရေးဌာနက ငါ့ကို မိမိကိုယ်ကိုယ် ပြန်လည်ဆင်ခြင်ခိုင်းထားတယ်ဆိုပေမဲ့... ငါ့အမြင်တော့ ပုရွက်ဆိတ်အသိုက်အမြုံနယ်မြေဆီကို တစ်ခေါက် သွားပြီး လှည့်လည်ကြည့်ရှုတာက ပိုပြီး ကောင်းလိမ့်မယ် ထင်တယ်။”
“အရိုးစုခန္ဓာတွေ ပိုပြီး စိုက်ပျိုးထားခဲ့မယ်၊ နေရာတော်တော်များများဆီကို သွားမယ်ဆိုရင်... အမြင်ကျယ်လာနိုင်တာပေါ့။”
စကားဆုံးသည့်အခါတွင်မူ သူက သက်ပြင်းတစ်ချက် ချလိုက်မိပြီး ဖန့်ချန်ကို လှမ်းကြည့်ကာ ပြုံး၍ ဆိုလိုက်သည်။
“မင်းရဲ့ ပါရမီက အလွန်တရာ ကောင်းမွန်တယ်၊ နောင်ကျရင် စစ်ဆေးရေးဌာနက... မင်းတို့လို လူငယ်တွေရဲ့ ကမ္ဘာ ဖြစ်လာလိမ့်မယ်။”
“တစ်နေ့နေ့တစ်ချိန်ချိန်ကျရင်... မင်းလည်း ဌာနကြီးသုံးခုရဲ့ အရာရှိကြီး ရာထူးနေရာအထိ တက်လှမ်းနိုင်လိမ့်မယ်။”
“ဒါပေမဲ့ မင်းသာ ဟော်ဆွေ့မျိုးနွယ်စုအပေါ်ကို လက်ညှိုးညွှန်ချင်တယ်ဆိုရင်တော့... မင်းရဲ့ အဆင့်အတန်း အခြေအနေနဲ့ဆိုရင် စစ်ဆေးရေးဌာနရဲ့ အရှိန်အဝါကို အလွဲသုံးစားလုပ်လို့ ရမှာ မဟုတ်ဘူး။”
“ဒီအချက်က ကြည့်မယ်ဆိုရင်... ငါနဲ့ ဟော်ဆွေ့ရဲ့ အတွေးချင်းက မတူညီကြဘူး၊ သူက မင်းကို စစ်ဆေးရေးဌာနထဲ မဝင်စေချင်ပေမဲ့... ငါကတော့ တွေးမိတာက - ”
“မင်း စစ်ဆေးရေးဌာနထဲကို ဝင်လာခဲ့တာကြောင့်... နောင်တစ်ချိန် ဟော်ဆွေ့မျိုးနွယ်စု ကျရှုံးပျက်စီးသွားခဲ့တဲ့ အချိန်ကျရင်တောင်မှ၊ မင်း လက်ချက်နဲ့ တစ်မိသားစုလုံး သတ်ဖြတ်ချေမှုန်းခံရမယ့် အခြေအနေမျိုးအထိတော့ ဖြစ်မလာနိုင်တော့ဘူးပေါ့။”
ပြောပြီးသည်နှင့် သူက ခန်းမဆောင်ကြီးရှိရာ ဘက်သို့ ဦးတည်ကာ လှမ်းထွက်သွားခဲ့တော့သည်။
ဖန့်ချန်ကလည်း သူ၏ နောက်ကနေ ထပ်ချပ်မကွာ လိုက်ပါသွားခဲ့သည်။
နှစ်ဦးလုံးမှာ မိမိတို့၏ ကိုယ်ပိုင်အတွေးများထဲတွင် နစ်မြုပ်နေကြပုံရသဖြင့်... လမ်းခရီးတစ်လျှောက်လုံးတွင် မည်သည့်စကားမျှ ထပ်မံ၍ အပြန်အလှန် ပြောဆိုခြင်း မရှိကြတော့ချေ။
ခန်းမဆောင်ကြီးထဲသို့ ပြန်လည်ရောက်ရှိလာသည့်အခါတွင်မူ အောက်ကျိုချုံ နှင့် ကွမ်းကျင့်ရှု တို့က သံသယဝင်နေသော မျက်ဝန်းများဖြင့် ဖန့်ချန်နှင့် မုန့်ထျန်းရှူးတို့ကို အကဲခတ် စိုက်ကြည့်လိုက်ကြသည်။
ပါးစပ်ဟပြီး မေးမြန်းရန် ပြင်လိုက်စဉ်မှာပင်... တန်လင်ကျောင်းတော်က စစ်ဆေးရေးမှူး သုံးဦးစလုံးမှာလည်း သူတို့၏ စာပေစစ်ဆေးမှုကို အသီးသီး ပြီးဆုံးသွားခဲ့ကြရပြီ ဖြစ်သည်။
ထိုအထဲတွင် တစ်ဦးတည်းသောသူ၏ ဆင်ခြင်တွေးတောမှု ရလဒ်ကသာ အမှန်ကန်ဆုံး ဖြစ်နေခဲ့သည်။
ကျန်ရှိနေသော နှစ်ဦးမှာမူ နှမြောစရာကောင်းစွာဖြင့် စာမေးပွဲကျသွားခဲ့ရသဖြင့် ဤနေရာမှနေ၍ ပို့ဆောင်ခြင်းကို ခံလိုက်ကြရပြီ ဖြစ်သည်။
စာပေစစ်ဆေးမှု အောင်မြင်သွားခဲ့သော ထိုသူသည်လည်း ထိုက်ဟောင်ရှန်းကဲ့သို့ပင် သိုင်းပညာစစ်ဆေးမှုကိုပါ ထပ်မံ၍ စမ်းသပ်ကြည့်ချင်သဖြင့်... အတွင်းကမ္ဘာကို မောင်းနှင်ကာ ထိုနေရာမှနေ၍ ထွက်ခွာသွားခဲ့တော့သည်။
“လူကြီးမင်းတို့ခင်ဗျာ... ကျွန်တော် စစ်ဆေးမှုတွေကို ပြီးဆုံးသွားခဲ့ပြီဆိုတော့၊ ရွှေဟွေးကျောင်းတော်ကို တစ်ခေါက် ပြန်သွားပြီး... ကျွန်တော့်ရဲ့ ဂျူနီယာညီငယ်၊ ညီမငယ်တွေကို ခေါ်ဆောင်လာပြီးတော့ ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးကို ဆင်ခြင်တွေးတော ခံယူခွင့် ပေးလို့ ရမလား။”
ဖန့်ချန်က လက်နှစ်ဖက်ကို ပူးယှက်ကာ မေးမြန်းလိုက်သည်။
နျဲ့ချင့်က ချက်ချင်းပင် ထွက်ရပ်လိုက်ပြီး တရားမျှတမှုအပြည့်ရှိသော လေသံဖြင့် ဆိုလိုက်သည်။
“ဖန့်အစ်ကို... ငါ မင်းကို လိုက်ပြီး ကာကွယ်စောင့်ရှောက်ပေးပါ့မယ်။”
ဤလုပ်ဆောင်ချက်က ကျန်ရှိနေသော ဌာနအရှင်သူတော်စင်များကို ချက်ချင်းပင် သတိရသွားစေခဲ့သည်။
သူတို့အားလုံးက တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့ ထွက်ရပ်လာကြပြီး၊ မျှော်လင့်ချက်အပြည့်ရှိသော မျက်ဝန်းများဖြင့် ဖန့်ချန်ကို စိုက်ကြည့်ကာ ဆိုလိုက်ကြတော့သည်။
“ငါတို့အားလုံး မင်းကို လိုက်ပြီး ကာကွယ်စောင့်ရှောက်ပေးကြမယ်။”
“မင်းတို့နဲ့ ဘာဆိုင်လို့လဲ။ ငါ တစ်ယောက်တည်း ဖန့်ချန်ကို ကာကွယ်စောင့်ရှောက်ပေးရင် လုံလောက်ပြီ။”
အောက်ကျိုချုံက ခပ်အေးအေးပင် ဆိုလိုက်သည်။
“ငါလည်း သူ့ကို လိုက်ပြီး ပို့ပေးမယ်။”
ကွမ်းကျင့်ရှုက ဆိုလိုက်သည်။
“ဒီနေရာမှာတော့ မုန့်ထျန်းရှူး စောင့်ကြည့်နေရင် ရပြီပဲ။”
မုန့်ထျန်းရှူး၏ မျက်နှာထက်တွင်မူ မတတ်သာသော လှောင်ပြုံးတစ်ခု ပေါ်ပေါက်လာခဲ့ရသည်။
ဖန့်ချန်က ထိုအခြေအနေကို မြင်လိုက်ရသည့်အခါ ခေတ္တမျှ ဆင်ခြင်တွေးတောလိုက်ပြီးမှ ဆိုလိုက်တော့သည်။
“ဒါဆိုရင်လည်း... လူကြီးမင်းတို့အားလုံး အတူတူ သွားကြတာပေါ့၊ ဘယ်သူ့ကိုမှ ချန်မထားခဲ့ပါနဲ့။”
ထိုစကား ထွက်လာသည်နှင့်... သူတော်စင်များအားလုံးက ဖန့်ချန်ကို ကြည့်ကာ ခေါင်းကို အသာအယာ ညိတ်ပြလိုက်ကြတော့သည်။
အလိုက်သိတတ်ပေသည်။
အခန်း (၂၅၈၆) - ရင်ရှီအဆိပ်
ရွှေဟွေးကျောင်းတော်၊ လူသားမျိုးနွယ်စု ကျောင်းဆောင်။
ကျိုကျီတောင်။
ဟင်းလင်းပြင်ထဲ၌ ကျိုကျီတောင်မှ တပည့်အများအပြားသည် မိမိတို့၏ အတွင်းကမ္ဘာကို မောင်းနှင်ရင်း အဝေးတစ်နေရာမှ အရှိန်အဝါများ တရိပ်ရိပ် မြင့်တက်လာနေသော နေရာဆီသို့ လှမ်းမြော်ကြည့်ရှုနေကြပေသည်။
ထိုနေရာကား... ထိုက်ရှီဝမ်းကျန်း၏ အတွင်းကမ္ဘာ တံခါးဝ တည်ရှိရာ နေရာပင် ဖြစ်သည်။
ယခုအချိန်တွင် သူ၏ ကျင့်စဉ်အရှိန်အဝါမှာ လှိုင်းတံပိုးများပမာ ပြင်းထန်စွာ မြင့်တက်လာနေခဲ့ပြီ ဖြစ်သည်။
“ဒီနှုန်းအတိုင်းဆိုရင်... ထိုက်ရှီဝမ်းကျန်းက မကြာခင်မှာပဲ စွမ်းအင်စုစည်းခြင်းအဆင့်နောက်ပိုင်းကို တက်လှမ်းနိုင်တော့မှာပဲ။”
“သူ့ရဲ့ ကျင့်စဉ်ကလည်း တည်တည်ငြိမ်ငြိမ်နဲ့ တိုးတက်လာတာဆိုတော့... စွမ်းအင်စုစည်းခြင်းအဆင့်နောက်ပိုင်းကို ရောက်ပြီးရင်၊ အသက်စွမ်းအင် အစာပိုင်းအဆင့် ရောက်ဖို့ကော အဝေးကြီး လိုပါဦးမလား။”
ကျိုကျီတောင်မှ တပည့်များသည် တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြပေသည်။
ယနေ့တွင် သူတို့ ရောက်ရှိလာခြင်းမှာ ထိုက်ရှီဝမ်းကျန်း ကျင့်စဉ်တက်လှမ်းနိုင်ရန်အတွက် ဘေးမှနေ၍ ကာကွယ်စောင့်ရှောက်ပေးရန် ဖြစ်သည်။
ထိုနေရာက ရွှေဟွေးကျောင်းတော် ဖြစ်သည့်အပြင်... သူတို့ကိုယ်တိုင်လည်း ဘေးမှ စောင့်ရှောက်ပေးနေကြခြင်း ဖြစ်ရာ၊ သာမန်သူတော်စင်များအတွက် အန္တရာယ်အရှိဆုံး ဖြစ်သည့် ကျင့်စဉ်အဆင့်တက်လှမ်းခြင်း လုပ်ငန်းစဉ်မှာ... ရွှေဟွေးကျောင်းတော်မှ တပည့်များအတွက်မူ အလွန်တရာ ဘေးကင်းလုံခြုံလှပေသည်။
ခပ်သိမ်းသော အရာတို့က ပုံမှန်အတိုင်းပင် လည်ပတ်နေခဲ့သည်။
ထိုအတောအတွင်း ဝေကွမ်ရှောင်ပင်လျှင် တစ်ခေါက် လာရောက်ကြည့်ရှုခဲ့သေးပြီး... ထိုက်ရှီဝမ်းကျန်း၏ အရှိန်အဝါ တည်ငြိမ်စွာ မြင့်တက်နေသည်ကို မြင်လိုက်ရသည့်အခါ ခေါင်းကို အသာအယာ ညိတ်ပြကာ ချီးကျူးဂုဏ်ပြုသည့် အမူအရာ ပြသခဲ့ပြီးနောက်မှ လှည့်ထွက်သွားခဲ့သည်။
အချိန်မည်မျှ ကုန်ဆုံးသွားခဲ့သည်မသိ... အတွင်းကမ္ဘာ၏ အရှိန်အဝါမှာ ရုတ်တရက် ထိန်းမနိုင်သိမ်းမရဘဲ အရှိန်အဟုန်ပြင်းစွာ မြင့်တက်လာခဲ့တော့သည်။
“အောင်မြင်တော့မယ်။”
တပည့်များအားလုံး အချင်းချင်း မျက်လုံးချင်းဆုံကာ ကြည့်လိုက်မိကြပြီး... ထိုအထဲတွင် မနာလိုအားကျစိတ်များ ရှိကြသလို၊ ဝမ်းမြောက်ဂုဏ်ယူစိတ်များလည်း ရှိနေကြပေသည်။
အတိအကျပင် ထိုအရှိန်အဝါများ တရိပ်ရိပ် မြင့်တက်လာနေသည့် အချိန်မှာပင်... ရုတ်တရက် ထူးခြားဆန်းပြားသော ပြောင်းလဲမှုတစ်ခု ပေါ်ပေါက်လာခဲ့တော့သည်။
၎င်းက ပူပြင်းလှသော မီးပုံကြီးတစ်ခုပေါ်သို့ ရေအေးတစ်ဖလား ဇွတ်လောင်းချလိုက်သကဲ့သို့ပင်... ထိုက်ရှီဝမ်းကျန်း၏ အတွင်းကမ္ဘာအရှိန်အဝါမှာ တရိပ်ရိပ် ပြန်လည်ကျဆင်းသွားခဲ့ရပြီ ဖြစ်သည်။
ဤကဲ့သို့သော ပြောင်းလဲမှုကြောင့် တပည့်များအားလုံး ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ရပြီး၊ အချင်းချင်း မျက်နှာပျက်ကာ ကြည့်လိုက်မိကြတော့သည်။
ထိုအထဲမှ တပည့်အချို့က တုံ့ပြန်မှု အလွန်အမင်း မြန်ဆန်လှသဖြင့်... ချက်ချင်းပင် အတွင်းကမ္ဘာကို မောင်းနှင်ကာ ထိုက်ရှီဝမ်းကျန်း ရှိရာဘက်သို့ ဦးတည်၍ ပျံသန်းသွားခဲ့ကြသည်။
သို့သော်လည်း သူတို့ ထိုက်ရှီဝမ်းကျန်း၏ အနီးသို့ ချဉ်းကပ်လိုက်မိရုံရုံ ရှိသေး... မိမိတို့ ခန္ဓာကိုယ်ပေါ်ရှိ အတွင်းကမ္ဘာများမှာလည်း တစ်ဖက်လူနည်းတူ အရှိန်အဝါများ အဆမတန် ကျဆင်းသွားခဲ့ရပြီ ဖြစ်သည်။
၎င်းက သစ်ပင်ကြီးတစ်ပင် ဆွေးမြည့်ပျက်စီးသွားသကဲ့သို့သော ခံစားချက်မျိုးကို ပေးစွမ်းနေခဲ့ပေသည်။
စက္ကန့်ပိုင်းမျှသော အချိန်အတွင်းမှာပင်... ထိုက်ရှီဝမ်းကျန်း၏ အတွင်းကမ္ဘာ အပါအဝင်၊ ကျိုကျီတောင်မှ အခြားသော တပည့်အချို့၏ အတွင်းကမ္ဘာများပါ လုံးဝ ခြောက်သွေ့မှောင်မိုက်သွားခဲ့ရပြီ ဖြစ်သည်။
၎င်းတို့သည် အသက်မဲ့နေသော အရာဝတ္ထုများကဲ့သို့ပင်... ဟင်းလင်းပြင်ထဲ၌ လွင့်မျောနေခဲ့ကြတော့သည်။
“ဒါ... ဒါက ဘာတွေ ဖြစ်ကုန်တာလဲ။”
ထိုနေရာတွင် ရှိနေသော တပည့်များအားလုံး အချင်းချင်း ကြည့်ကာ ထိတ်လန့်သွားခဲ့ရသည်။
ရွှမ်ပုထုံ၏ မျက်ဝန်းထဲတွင် ထိတ်လန့်တုန်လှုပ်မှုရိပ်တစ်ခု လျှပ်ခနဲ ဖြတ်ပြေးသွားခဲ့ပြီး... တပည့်အချို့က ထိုခြောက်သွေ့မှောင်မိုက်သွားသော အတွင်းကမ္ဘာများ၏ အနီးသို့ သွားရောက်ကာ အခြေအနေမှန်ကို စူးစမ်းရန် ပြင်လိုက်သည်ကို မြင်လိုက်ရသည့်အခါ ချက်ချင်းပင် အော်ဟစ်တားဆီးလိုက်တော့သည်။
“မသွားကြနဲ့။”
ထိုတပည့်အချို့မှာ ခြေလှမ်းများ ချက်ချင်း ရပ်တန့်သွားခဲ့ရပြီး... လူတိုင်း၏ အကြည့်များက ရွှမ်ပုထုံ၏ အပေါ်သို့ ကျရောက်လာခဲ့ကြကာ၊ တစ်ခုခုကို ဆင်ခြင်တွေးတောမိသွားကြပုံရပေသည်။
“ကိစ္စကြီးကြီးမားမား ဖြစ်ပျက်သွားခဲ့ပြီ၊ အရင်ဦးဆုံး ဆရာ့ဆီကို သတင်းပို့ပြီး... ဆရာ့ကို ထွက်ပြီး ဖြေရှင်းခိုင်းရမယ်။”
“အကယ်၍ ငါတို့သာ ဇွတ်အတင်း အနီးကို ချဉ်းကပ်သွားမယ်ဆိုရင်... သူတို့လိုပဲ အတွင်းကမ္ဘာတွေ ခြောက်သွေ့ပျက်စီးပြီး သေဆုံးသွားရလိမ့်မယ်။”
ရွှမ်ပုထုံက လေးနက်တည်ကြည်သော လေသံဖြင့် ဆိုလိုက်သည်။
တစ်စုံတစ်ယောက်က ထိုစကားကို ကြားသည်နှင့်... ချက်ချင်းပင် ဟင်းလင်းပြင်ကို ဖြတ်သန်းကာ ထွက်ခွာသွားခဲ့ရာ၊ သေချာပေါက်ပင် သတင်းသွားပို့ခြင်း ဖြစ်ပေလိမ့်မည်။
“ဒါက တကယ်ပဲ ဘာအကြောင်းကြောင့် ဖြစ်ရတာလဲ။”
လူတိုင်း၏ ရင်ဘတ်ထဲတွင် ကြီးမားလှသော မေးခွန်းထုတ်မှုတစ်ခု ပေါ်ပေါက်လာခဲ့ရသည်။
ရွှမ်ပုထုံ ပြောခဲ့သကဲ့သို့ပင်... ထိုအတွင်းကမ္ဘာအချို့မှာ အမှန်တကယ်ပင် ခြောက်သွေ့ပျက်စီးသွားခဲ့ရပြီ ဖြစ်သည်။
ဒါပေမဲ့ ဘာဖြစ်လို့ ဒီလိုကိစ္စမျိုး ဖြစ်ပျက်ခဲ့ရတာလဲ။
ထိုက်ရှီဝမ်းကျန်း ကျင့်စဉ်အဆင့်တက်လှမ်းတဲ့ လုပ်ငန်းစဉ်ထဲမှာ... အမှားအယွင်းတစ်ခုခု ရှိခဲ့ရင်တောင်မှ၊ အခြားသူတွေကိုပါ သက်ရောက်မှု ရှိစေမယ့်အထိတော့ ဖြစ်မလာသင့်ဘူးမလား။
အတိအကျပင် ထိုအချိန်မှာပင်... ထိုခြောက်သွေ့ပျက်စီးနေသော အတွင်းကမ္ဘာများ၏ အနီးဆုံးနေရာတွင် ရှိနေသည့် တပည့်တစ်ဦးက ရုတ်တရက် လန့်အော်လိုက်မိသည်။
သူသည် အခြားသော လုပ်ဆောင်ချက်များကိုပင် ပြုလုပ်ရန် အချိန်မရလိုက်ဘဲ... မိမိ၏ တစ်ခုလုံးသော အတွင်းကမ္ဘာ တံခါးဝကြီးပေါ်၌ မှောင်မိုက်သော မီးခိုးရောင်အလွှာတစ်ခု ဖုံးလွှမ်းသွားသည်ကိုသာ မြင်တွေ့လိုက်ရတော့သည်။
ကျန်ရှိနေသော တပည့်များမှာလည်း နောက်ဆုံးတွင် သတိဝင်လာခဲ့ကြပြီး... တစ်ယောက်ပြီးတစ်ယောက် အတွင်းကမ္ဘာကို မောင်းနှင်ကာ ထိုနေရာမှနေ၍ အဝေးသို့ အလျင်အမြန်ပင် ဆုတ်ခွာသွားခဲ့ကြပြီး၊ ဝေးကွာလှသော နေရာမှနေ၍ ထိတ်လန့်အံ့ဩစွာဖြင့် လှမ်းမြော်ကြည့်ရှုနေကြတော့သည်။
“ထိုက်ရှီစီနီယာက... ဒီဆန်းကြယ်လှတဲ့ အင်အားစုရဲ့ သက်ရောက်မှုကို ခံလိုက်ရတာကြောင့် အတွင်းကမ္ဘာက ချက်ချင်း ခြောက်သွေ့ပျက်စီးသွားတာပဲ။ ပြီးတော့ ဒီအင်အားစုက... အခုထက်ထိ စဉ်ဆက်မပြတ် ပြန့်နှံ့နေဆဲပဲလား။”
ရွှမ်ပုထုံသည် တစ်ကိုယ်လုံး စိမ့်ခနဲ အေးစက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ဤနေရာက ရွှေဟွေးကျောင်းတော် လူသားမျိုးနွယ်စု ကျောင်းဆောင်ရဲ့ ကျိုကျီတောင် နယ်မြေလေ။
ထိုအမည်မသိ ဆန်းကြယ်လှသော အင်အားစုက... တကယ်တမ်းကျတော့ ဘယ်ကနေ ရောက်လာတာလဲ။
ငါတို့ကို လာပြီး လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်နေတဲ့ သူတော်စင်တစ်ယောက်ယောက် ရှိနေတာလား။
တစ်ဖက်လူက... လူသားမျိုးနွယ်စု ကျောင်းဆောင်က သူတော်စင်တွေအားလုံးရဲ့ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံရပြီး ဒီနေရာမှာတင် သေဆုံးသွားမှာကို မကြောက်ဘူးလား။
အတိအကျပင် ထိုအချိန်မှာပင်... ဝေကွမ်ရှောင်သည် ရွှေရှင်း အပါအဝင် အခြားသော သူများကိုပါ ခေါ်ဆောင်၍ ချက်ချင်း ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
သူသည် ထိုခြောက်သွေ့ပျက်စီးနေသော အတွင်းကမ္ဘာအချို့၏ မြင်ကွင်းကို မြင်လိုက်ရသည့်အခါ မျက်နှာအမူအရာမှာ အလွန်တရာ ဆိုးဝါးသွားခဲ့ရပြီး -
“အားလုံး... ငါ့အတွက် ကျိုကျီတောင်ကို ချက်ချင်း ပြန်ကြစမ်း၊ ဒီနေရာမှာ မတ်တတ်ရပ်ပြီး လျှောက်ကြည့်မနေကြနဲ့။”
တပည့်များအားလုံး ထိုစကားကို ကြားလိုက်ရသည့်အခါ ကြီးမားလှသော သံသယများဖြင့် ဟင်းလင်းပြင်ထဲမှနေ၍ အလျင်အမြန် ထွက်ခွာသွားခဲ့ကြပြီး၊ ကျိုကျီတောင်သို့ ပြန်လည်ရောက်ရှိသွားခဲ့ကြရသည်။
ရွှေရှင်း ပေါ်ပေါက်လာသည့်အခါတွင်မူ ရွှမ်ပုထုံတို့က အလျင်အမြန်ပင် ရှေ့သို့ တိုးကာ မေးမြန်းလိုက်ကြတော့သည်။
“ဆရာ ကတော့... ဘာတွေ ဖြစ်ပျက်ခဲ့လဲဆိုတာကို သိချင်လို့ အဲဒီဘက်မှာပဲ ကျန်ခဲ့တယ်။”
ရွှေရှင်း၏ မျက်နှာအမူအရာမှာ အလွန်တရာ လေးနက်တည်ကြည်နေခဲ့ပြီး ဆိုလိုက်သည်။
“ထိုက်ရှီအစ်ကိုတို့... တကယ်တမ်းကျတော့ ဘယ်လို ဖြစ်သွားခဲ့ရတာလဲဟ။”
ရွှမ်ပုထုံက တိုးတိုးလေး မေးမြန်းလိုက်သည်။
လူတိုင်းက ရွှေရှင်းကို လှမ်းကြည့်လိုက်ကြပြီး၊ သူတို့၏ မျက်ဝန်းများထဲတွင် မျှော်လင့်ချက်အပြည့် ရှိနေကြပေသည်။
ရွှေရှင်းက ခေတ္တမျှ ဆင်ခြင်တွေးတောလိုက်ပြီးနောက် -
“အခုနက မြင်ကွင်းအရဆိုရင်တော့... အခြေအနေက မကောင်းဘူး။ ထိုက်ရှီဝမ်းကျန်းနဲ့ ကျန်တဲ့သူတွေက... အသက်ဆုံးရှုံးသွားခဲ့ပြီ ဖြစ်ဖို့ များတယ်။”
သူက ခေတ္တမျှ နားလိုက်ပြီးနောက် -
“မင်းတို့တွေလည်း အလွန်အမင်း စိတ်ပူမနေကြပါနဲ့၊ ဒီကိစ္စကတော့ သေချာပေါက် ဖြေရှင်းချက်တစ်ခု ရှိလာမှာပါ။ သူတို့ရဲ့ ဝိညာဉ်တွေကို... ဝိညာဉ်ဖမ်းတမန်တွေက ယင်လောကဆီကို ခေါ်ဆောင်သွားလောက်ပါပြီ။ အဆိုးဆုံး အခြေအနေ ဖြစ်ခဲ့ရင်တောင်မှ... အထက်က စီနီယာတွေက ယင်လောကဆီကို သွားပြီးတော့ ဒီကိစ္စကို စုံစမ်းမေးမြန်းကြလိမ့်မယ်။”
လူတိုင်း၏ ရင်ဘတ်ထဲက သက်ပြင်းတစ်ချက် ချလိုက်နိုင်ကြပေသည်။
သို့သော်လည်း ထိုက်ရှီဝမ်းကျန်း ကျင့်စဉ်အဆင့်တက်လှမ်းသည့် လုပ်ငန်းစဉ်ထဲတွင် ဤကဲ့သို့သော ပြောင်းလဲမှုနှင့် ကြုံတွေ့ခဲ့ရခြင်းက... သူတို့အားလုံး၏ နှလုံးသားထက်၌ မှောင်မိုက်သော အရိပ်အယောင်တစ်ခုကို ဖုံးလွှမ်းသွားစေခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။
အတိအကျပင် ထိုအချိန်မှာပင်... ရွှေရှင်း အမှူးပြုသော ကမ္ဘာတည်ဆောက်ခြင်းအဆင့် တပည့်များက ရုတ်တရက် တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။
ထို့နောက်တွင်မူ အောက်ခြေက အသက်စွမ်းအင်အဆင့် တပည့်များ၊ ၎င်းနောက်တွင် စွမ်းအင်စုစည်းခြင်းအဆင့် တပည့်များ...
သူတို့အားလုံးသည် မှောင်မိုက်သော အရိပ်မည်းကြီးတစ်ခုပမာ ဖြစ်တည်နေသည့် ကြီးမားလှသော ပါးစပ်ကြီးတစ်ခုက... ကျိုကျီတောင်တစ်ခုလုံးကို လွှမ်းခြုံအုပ်မိုးလိုက်သည်ကို မြင်တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရပေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင်... ကြီးမားလှသော ကျိုကျီတောင်ကြီးမှာ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့ရပြီ ဖြစ်သည်။
မူရင်းနေရာတွင်မူ... အလွန်တရာ ကြီးမားလှသော လစ်ဟာမှုကြီးတစ်ခုသာ ကျန်ရှိနေခဲ့တော့သည်။
၎င်းက မည်သည့်အရာတစ်ခုခုကမဆို... ထိုနေရာပေါ်မှနေ၍ ကျိုကျီတောင်ကြီးကို ကိုက်ဖြတ်ဝါးမြိုသွားခဲ့သကဲ့သို့ပင်။
ဟင်းလင်းပြင်ထဲ၌ ဝေကွမ်ရှောင် အမှူးပြုသော အတွင်းကမ္ဘာများအားလုံးမှာ... လုံးဝ ခြောက်သွေ့ပျက်စီးသွားသော အသွင်သဏ္ဌာန်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ရပြီး၊ မည်သည့် သက်ရှိအငွေ့အသက်မျှ မရှိတော့ဘဲ ဟင်းလင်းပြင်ထဲ၌ လွင့်မျောနေခဲ့ကြတော့သည်။
ရွှေရှင်း ဖြစ်စေ၊ ရွှမ်ပုထုံ ဖြစ်စေ၊ သို့မဟုတ် ဖုန်းကွန်း၊ ဖုန်းယွီ၊ ဝူချုံး... စသဖြင့် ကျိုကျီတောင်မှ သူတော်စင်များအားလုံးမှာ... ဤအခိုက်အတန့်၌ သေဆုံးသွားခဲ့ကြရပြီ ဖြစ်သည်။
ထိုနေရာကား... အတွင်းကမ္ဘာများ၏ သချိုင်းဂူတစ်ခုအသွင်သို့ ပြောင်းလဲသွားခဲ့ရပြီ ဖြစ်ပြီး၊ ထိုခြောက်သွေ့ပျက်စီးနေသော အတွင်းကမ္ဘာ တံခါးဝကြီးများမှာ... ကြည့်ရသည်မှာ ကမ္ပည်းကျောက်စာတိုင်များပမာ ဖြစ်နေခဲ့ကြရတော့သည်။
လက်ဖက်ရည်တစ်ခွက်စာခန့် အချိန်ကုန်ဆုံးသွားခဲ့ပြီးနောက်... ကျောင်းတော်အုပ်ကြီး ဇောင်ဟွမ်၊ ကျောင်းအုပ် ဇောင်ဟွေး၊ အပြင် နာလန်ချိုးဟုန် အပါအဝင် အခြားသော အစောင့်အရှောက် သူတော်စင်များအားလုံး အတူတကွ ရောက်ရှိလာခဲ့ကြပြီ ဖြစ်သည်။
ထို့နောက်တွင်မူ တောင်အသီးသီးမှ ဆရာများလည်း တစ်ယောက်ပြီးတစ်ယောက် ဤနေရာသို့ ရောက်ရှိလာခဲ့ကြသည်။
သူတို့ ကျိုကျီတောင်၏ လက်ရှိ မြင်ကွင်းကို မြင်လိုက်ရသည့်အခါ... လူတိုင်း၏ မျက်နှာထက်တွင် လုံးဝ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားခဲ့ရတော့သည်။
“ဒါက သေချာပေါက် တစ်စုံတစ်ယောက်က ဝင်ရောက်တိုက်ခိုက်ပြီး... ကျိုကျီတောင်ကို အစအနမကျန် ချေမှုန်းပစ်လိုက်တာပဲ။”
“ဘယ်သူကများ ဒီလောက်အထိ လက်ရဲဇာတ်ရဲ ရှိရတာလဲ။”
“လင်ယောင်ရဲ့ သူလျှိုတွေလား။”
“မဖြစ်နိုင်တာ၊ လက်ရှိမှာ ငါတို့တွေက လင်ယောင်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်နေတာလေ၊ ဒီလိုအချိန်မျိုးမှာ... ဒီလိုကိစ္စမျိုး ဖြစ်ပျက်မလာသင့်ဘူး။”
“ဟင်းလင်းပြင်ထဲကို သွားပြီးတော့ သေသေချာချာ စစ်ဆေးကြည့်ရအောင်၊ အစအနအချို့ ကျန်ခဲ့တာလည်း ဖြစ်နိုင်တာပဲ။”
အစောင့်အရှောက် သူတော်စင်တစ်ဦးက မိမိ၏ အတွင်းကမ္ဘာကို ထုတ်ဖော်လိုက်ပြီး... ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်ကာ အခြေအနေမှန်ကို စူးစမ်းရန် ပြင်လိုက်သည်။
ဇောင်ဟွမ်က ရုတ်တရက် လက်ကို မြှောက်ကာ တားဆီးလိုက်ပြီး -
“ခဏနေဦး... ငါ သွားပြီး ကြည့်လိုက်မယ်၊ မင်းတို့တွေ မလှုပ်ရှားကြနဲ့။”
စကားဆုံးသည်နှင့် ဇောင်ဟွမ်က ဟင်းလင်းပြင်ထဲသို့ တိုးဝင်သွားခဲ့ပြီး... စက္ကန့်ဝက်မျှပင် မကြာလိုက်သော အချိန်အတွင်းမှာပင်၊ သူသည် လူတိုင်း၏ ရှေ့မှောက်သို့ ပြန်လည်၍ ရောက်ရှိလာခဲ့သည်။
သူ၏ အတွင်းကမ္ဘာမှာ... ထိန်းမနိုင်သိမ်းမရဘဲ ရူးသွပ်စွာ တောက်လောင်နေခဲ့ပြီး၊ ဆန်းကြယ်လှသော ဒြပ်ပစ္စည်းတစ်ခုက... ထိုပြင်းထန်စွာ တောက်လောင်နေသော မီးတောက်များထဲ၌ ပြာအဖြစ်သို့ လောင်ကျွမ်းပြာကျသွားခဲ့ရပုံရပေသည်။
လူတိုင်းက လေးနက်တည်ကြည်သော မျက်နှာအမူအရာများဖြင့် ဇောင်ဟွမ်ကို စိုက်ကြည့်လိုက်ကြပြီး... ဟင်းလင်းပြင်ထဲတွင် သေချာပေါက်ပင် တစ်စုံတစ်ခုသော ကြီးမားလှသည့် အန္တရာယ် ရှိနေကြောင်းကို ရင်ထဲကနေ နားလည်သဘောပေါက်လိုက်ကြပေသည်။
ဇောင်ဟွမ်က ထိုဆန်းကြယ်လှသော ဒြပ်ပစ္စည်းကို ဖယ်ရှားပစ်လိုက်ပြီးနောက်... အတွင်းကမ္ဘာထဲမှ လှမ်းထွက်လာခဲ့ပြီး၊ ပထမဆုံး ပြောလိုက်သော စကားတစ်ခွန်းမှာ -
“စစ်ဆေးရေးဌာနက သူတော်စင်တွေကို သွားပြီး ပင့်ဖိတ်လိုက်ကြပါ၊ ဒီကိစ္စကို... ငါတို့တွေ လောလောဆယ် ဝင်ပြီး မစွက်ဖက်နိုင်တော့ဘူး။”
လူတိုင်းမှာ တစ်ကိုယ်လုံး တုန်လှုပ်ခြောက်ခြားသွားခဲ့ရသည်။
လူသားမျိုးနွယ်စု ကျောင်းဆောင်ရဲ့ ကျောင်းတော်အုပ်ကြီးကိုယ်တိုင်ပင် သူတို့ ဝင်ရောက်မစွက်ဖက်နိုင်ဘူးဟု ခံစားရစေရန်... ဟင်းလင်းပြင်ထဲ၌ တကယ်တမ်းကျတော့ ဘာတွေ ရှိနေလို့လဲ။
……
……
မကြာမီအချိန်အတွင်းမှာပင်... လူသားမျိုးနွယ်စု ကျောင်းဆောင်တစ်ခုလုံးကို ဆွေ့ဟုန်ကျူး က သူတော်စင်များကို ဦးဆောင်၍ လုံးဝ ပိတ်ဆို့လိုက်ပြီ ဖြစ်သည်။
တောင်အသီးသီးမှ ဆရာများအားလုံးကို... မိမိတို့၏ နယ်မြေအသီးသီးတွင်သာ နေထိုင်ကြရန် အမိန့်ထုတ်ပြန်ထားခဲ့ပြီး၊ မိမိတို့၏ တပည့်များကိုလည်း တင်းကျပ်စွာ ထိန်းသိမ်းထားခိုင်းကာ၊ ခွင့်ပြုချက်မရှိဘဲ တောင်ပေါ်မှ ထွက်ခွာခွင့် မပြုတော့ချေ။
“ဆွေ့ဟုန်ကျူး... မင်းတို့ စစ်ဆေးရေးဌာနက အမြင်ကျယ်ပြီး ဗဟုသုတများတာပဲ၊ အဲဒီအရာက ဘာလဲဆိုတာကို ခန့်မှန်းမိပြီလားဟ။”
ဇောင်ဟွမ်က လေးနက်တည်ကြည်သော လေသံဖြင့် မေးမြန်းလိုက်သည်။
ကာကွယ်ရေးဆရာ သူတော်စင်ကြီးများအားလုံး၏ အကြည့်များမှာလည်း... ဆွေ့ဟုန်ကျူး၏ အပေါ်သို့ တညီတညွတ်တည်း ကျရောက်လာခဲ့ကြရသည်။
ဆွေ့ဟုန်ကျူး၏ မျက်နှာအမူအရာမှာ အလွန်တရာ လေးနက်တည်ကြည်နေခဲ့သည်။
“ဖြစ်နိုင်တာကတော့... ရင်ရှီအဆိပ် ပဲ ဖြစ်လိမ့်မယ်။”