အခန်း ၃၃၈
Vol. 25 Ch. 338
အပိုင်း(၃၃၈)
ပိုင်ဟွာရှို့နှင့် ဝတ်ရုံဝါ မိစ္ဆာတို့သည် တစ်ယောက်ကိုတစ်ယောက် အစစ်အမှန် ချစ်ခြင်းစွမ်းအင်များ ပြသလျက် စိတ်ရင်းမှန်ဖြင့် ပြန်လည်သင့်မြတ်သွားခဲ့ကြလေပြီ။ တစ်ချိန်တည်းမှာပင် ကျန်းလျိုနှင့် အပေါင်းအပါများသည်လည်း တော်ဝင်ကြေညာစာတမ်းကို ဆွဲခွာပြီးနောက် တော်ဝင်စစ်သည်များ၏ ဦးဆောင်မှုဖြင့် ရတနာဆင် တိုင်းပြည်၏ တော်ဝင်နန်းတော် အတွင်းသို့ တိုက်ရိုက် ဝင်ရောက်လာခဲ့ကြလေတော့သည်။
တော်ဝင်ကြေညာစာတမ်းကို မည်သူမျှ မစိန်ခေါ်ဝံ့သည်မှာ နှစ်အနည်းငယ် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ဤအကြောင်းပြချက်ကြောင့်ပင် ယခုကဲ့သို့ စိန်ခေါ်လာသူသည် အမှန်တကယ် စွမ်းဆောင်နိုင်ရည်ရှိသူ ဖြစ်ရမည်ဟု ဆိုရပေမည်။
ဤသတင်းကို ကြားလိုက်ရသောအခါ ဘုရင်ကြီးသည် မျှော်လင့်ချက်များ ပြည့်နှက်သွားကာ တော်ဝင်နန်းတော်ထဲတွင် စောင့်ဆိုင်းနေခဲ့လေသည်။
သို့သော် ကျန်းလျိုနှင့် သူ၏အဖွဲ့ကို မြင်တွေ့လိုက်ရသောအခါ ဘုရင်ကြီး၏ မျက်နှာပေါ်တွင် စိတ်ပျက်သွားသော အမူအရာကို မဖုံးကွယ်နိုင်ခဲ့ချေ။
ရုပ်ရည်သွင်ပြင်ကို ကြည့်ခြင်းအားဖြင့် ကျန်းလျိုသည် စွမ်းဆောင်နိုင်ရည်ရှိသူ တစ်ဦးနှင့် မတူဘဲ ခပ်ငယ်ငယ် ဘုန်းကြီးတစ်ပါးမျှသာ ဖြစ်နေပေသည်။ ထို့ပြင် သူ၏ဘေးရှိ စွန်းဝူခုန်းမှာလည်း ပိန်ပိန်ပါးပါးနှင့် အရပ်ပုပု မျောက်တစ်ကောင်မျှသာ ဖြစ်နေပြီး မည်သို့မျှ အထင်ကြီးစရာ မရှိလှချေ။
အဖွဲ့ထဲတွင် ပါဝင်သော ကျူးပါကျဲနှင့် ရှားဝူကျင်းတို့သည်လည်း အခြားသူများ၏ အာရုံစိုက်မှုကို ရှောင်ရှားရန် လူသားအသွင်ပြောင်းထားကြရာ သူတို့ကို ကြည့်ရသည်မှာလည်း အထူးတလည် အံ့သြစရာ တစ်စုံတစ်ရာ မရှိလှပေ။
ဘုရင်ကြီးသည် စိတ်ထဲမှ စိတ်ပျက်သွားခဲ့သော်လည်း ၎င်းကို အပြင်သို့ မထုတ်ပြဘဲ ကျန်းလျိုနှင့် အပေါင်းအပါများကို နွေးထွေးစွာ နှုတ်ဆက်ကာ နေရာထိုင်ခင်းများ ပေးပြီးနောက် မေးမြန်းလိုက်သည်။
"ဆရာတော်လေး... ကြည့်ရတာ ဒီဒေသက မဟုတ်ဘူး ထင်တယ်နော်..."
"မှန်ပါတယ်..."
ကျန်းလျိုက ခေါင်းညိတ်ပြကာ ပြန်လည်တုံ့ပြန်လိုက်သည်။
"ကျွန်တော်က ဗုဒ္ဓကို ရှိခိုးပူဇော်ပြီး ကျမ်းစာပင့်ဆောင်ဖို့ အနောက်အရပ်ကို ခရီးထွက်လာတဲ့ အရှေ့တိုင်း မဟာထန်ပြည်က ဘုန်းကြီးတစ်ပါးပါ..."
"မဟာထန်ပြည် ဟုတ်လား..."
ဤစကားကို ကြားသောအခါ ရတနာဆင် တိုင်းပြည်၏ ဘုရင်ကြီးက ကျန်းလျိုအား အနည်းငယ် အံ့သြစွာ ကြည့်လျက် ပြောလိုက်သည်။
"မဟာထန်ပြည်ဆိုတာ ဒီကနေ မိုင်ပေါင်းထောင်ချီပြီး ဝေးကွာတာလေ… ဆရာတော်လေးက ဒီအထိ ရောက်လာနိုင်တာဆိုတော့ သေချာပေါက် စွမ်းရည်တစ်ခုခုတော့ ရှိရမယ်နော်..."
"မိစ္ဆာနှိမ်နင်းရေး နဲ့ မကောင်းဆိုးဝါးတွေကို ဖယ်ရှားတဲ့ နည်းစနစ်တချို့လောက်ပါပဲ..."
ကျန်းလျိုက နှိမ့်ချစွာဖြင့် ပြန်ဖြေလိုက်သည်။
"အို... မိစ္ဆာနှိမ်နင်းရေး နဲ့ မကောင်းဆိုးဝါးတွေကို ဖယ်ရှားတဲ့ နည်းစနစ်တွေပေါ့လေ..."
ဤအဖြေကြောင့် ဘုရင်ကြီး၏ မျက်လုံးများက ပို၍ပင် စိတ်ဝင်စားမှုများဖြင့် တောက်ပလာခဲ့လေသည်။
မူလက ဘုရင်ကြီးမှာ အနည်းငယ် စိတ်ပျက်နေခဲ့သော်လည်း ယခုအခါတွင်မူ စိတ်အားထက်သန်သော မျှော်လင့်ချက်တစ်ခုကို ခံစားလိုက်ရပြီး ကျန်းလျိုအား မေးလိုက်သည်။
"ဆရာတော်လေးဆီမှာ ဘယ်လိုမျိုး မိစ္ဆာနှိမ်နင်းရေး နဲ့ မကောင်းဆိုးဝါး ဖယ်ရှားတဲ့ နည်းစနစ်တွေ ရှိနေတာလဲဆိုတာ ကျုပ် သိချင်မိတယ်… ကျုပ် မင်းကြီးကို မျက်စိပွင့်သွားအောင် တစ်ခုခုလောက်များ ပြသပေးနိုင်မလား..."
ဘုရင်ကြီးက အနည်းငယ် ရပ်တန့်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။
"ဆရာတော်လေးက အဝေးကနေ လာတာဆိုတော့ တော်ဝင်ကြေညာစာတမ်း နဲ့ ပတ်သက်တဲ့ အခြေအနေကို သိချင်မှ သိပါလိမ့်မယ်… လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်တုန်းက မိစ္ဆာဆိုး တစ်ကောင်က ကျုပ်ရဲ့ တော်ဝင်နန်းတော်ထဲကို ဝင်လာပြီး သမီးတော်ကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်… အဲဒီအချိန်ကစပြီး အခုဆို ဆယ်နှစ်ကျော်တောင် ရှိနေခဲ့ပြီလေ..."
"ဒီကာလတွေအတွင်းမှာ တာအိုကျင့်ကြံသူတွေနဲ့ ဘုန်းကြီးပေါင်း များစွာဟာ မိစ္ဆာကို နှိမ်နင်းပြီး သမီးတော်ကို ကယ်တင်ဖို့ ထွက်သွားခဲ့ကြပေမဲ့… အားလုံးက ပြန်မလာနိုင်ခဲ့ကြတော့ဘူး… တကယ်လို့ ဆရာတော်လေးမှာသာ လုံလောက်တဲ့ စွမ်းရည်မရှိဘူးဆိုရင်… သွားပြီး အသေမခံဖို့ပဲ အကြံပြုချင်တယ်..."
"အောမိတော်ဖော… ဘုရင်ကြီးရဲ့ စေတနာအတွက် ကျေးဇူးတင်ပါတယ်..."
ဘုရင်ကြီး၏ စကားကို ကြားသောအခါ ကျန်းလျိုက ကျေးဇူးတင်စကားအဖြစ် ဗုဒ္ဓဂုဏ်တော်ကို တိုးညင်းစွာ ရွတ်ဆိုလိုက်သည်။
ဘုရင်ကြီး၏ စကားများက နားထောင်ရ သိပ်မကောင်းလှသော်လည်း သူ၏ ရည်ရွယ်ချက်မှာ ကောင်းမွန်ကြောင်း အထင်အရှားပင် ဖြစ်ပေသည်။
သူ၏ သမီးတော်ကို ရှာဖွေလိုစိတ်ဖြင့် နှစ်ပေါင်းများစွာ အချိန်ကုန်ခဲ့ရသော်လည်း လူများကို အချည်းနှီး အသက်မသေစေလိုသော ဤကဲ့သို့သော စိတ်နေသဘောထားမှာ အမှန်တကယ်ပင် သနားကြင်နာတတ်သည်ဟု ဆိုရပေမည်။
"တပည့်တို့... ဘုရင်ကြီးက ငါတို့ရဲ့ စွမ်းရည်တွေကို ကြည့်ချင်နေမှတော့ မင်းတို့ ဘာလုပ်နိုင်လဲဆိုတာ သူ့ကို ပြသလိုက်ကြပါလား..."
ကျေးဇူးတင်စကား ဆိုပြီးနောက် ကျန်းလျိုသည် နက်နဲဆန်းကြယ်သော အမူအရာကို ဖမ်းကာ သူ၏ဘေးရှိ စွန်းဝူခုန်းနှင့် ကျူးပါကျဲတို့အား ပြောလိုက်သည်။
ကိုယ့်ကိုယ်ကိုယ် အထင်ကြီးအောင် ပြသရမည့်အလုပ်ကို သူကိုယ်တိုင် လုပ်ဆောင်သင့်ပြီး အားစိုက်ထုတ်ရမည့် အလုပ်များကိုမူ တပည့်များအား လုပ်ခိုင်းလိုက်ခြင်းသာ ဖြစ်ပေသည်။
မည်သို့ပင်ဖြစ်စေ သူက သူတို့၏ ဆရာသမား ဖြစ်သည် မဟုတ်ပါလား။ တပည့်များက အထင်ကြီးစရာ နည်းစနစ်များကို ပို၍ ပြသနိုင်လေလေ သူတို့၏ ဆရာသမားဖြစ်သော သူက ပို၍ပင် အထင်ကြီးလေးစားစရာ ကောင်းလာလေလေ ဖြစ်မည် မဟုတ်ပါလား။
"ကောင်းပါပြီ ဟီးဟီးဟီး..."
ဆရာတော်၏ စကားကို ကြားသောအခါ မိမိကိုယ်ကို လက်ရင်း တပည့်အဖြစ် ခံယူထားသူ ပီပီ ကျူးပါကျဲက သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်လေသည်။
စကားပြောနေရင်းဖြင့် သူက 'အသွင်ပြောင်းလဲခြင်း အတတ်ပညာ' ကို ရုပ်သိမ်းလိုက်ရာ ချက်ချင်းဆိုသလိုပင် နှစ်မီတာ အရပ်ရှိသော ဝက်ခေါင်းနှင့် လူတစ်ပိုင်း မူလပုံစံသို့ ပြန်လည်ပြောင်းလဲသွားလေတော့သည်။
"အား... မိစ္ဆာ... မိစ္ဆာကြီးဟေ့..."
ကျူးပါကျဲက မမျှော်လင့်ဘဲ သူ၏ မူလအသွင်သဏ္ဌာန်သို့ ပြန်လည်ပြောင်းလဲသွားသောအခါ နန်းတော်အတွင်းရှိ လူများကြားတွင် ရုတ်ရုတ်သဲသဲ အော်ဟစ်သံများ ထွက်ပေါ်လာခဲ့လေသည်။
"လူကြီးမင်းတို့... ကြောက်ရွံ့နေဖို့ မလိုပါဘူး… သူက ငါ့ရဲ့ တပည့်ပါ… ရုပ်ရည်က ရုပ်ဆိုးအကျည်းတန်တယ် ဆိုပေမဲ့ သူက အံ့မခန်း စွမ်းရည်တွေကို ပိုင်ဆိုင်ထားတယ်… သူ့ရဲ့ အသွင်အပြင်ကို ပြောင်းလဲထားခဲ့ရတဲ့ အကြောင်းရင်းက မြို့သူမြို့သားတွေကို မလန့်သွားစေချင်လို့ပါပဲ..."
ဘုရင်ကြီးနှင့် သူ၏ နောက်ပါများ၏ လန့်ဖြန့်နေသော အမူအရာများကို မြင်လိုက်ရသောအခါ ကျန်းလျိုက သူတို့ကို နှစ်သိမ့်ရန် ဝင်ပြောလိုက်လေသည်။
ကျန်းလျို၏ နှစ်သိမ့်စကားများကို ကြားလိုက်ရသောအခါ ဘုရင်ကြီးနှင့် နောက်ပါများ၏ မျက်နှာအမူအရာများမှာ အနည်းငယ် လင်းလက်သွားကြပြီး အတော်လေး စိတ်သက်သာရာ ရသွားကြလေသည်။
"ဒါဆိုရင်လည်း တပည့်တော်ရဲ့ သမီး ကိစ္စအတွက် ဆရာတော်ကိုပဲ ဒုက္ခပေးပါရစေ..."
မိမိ ရှေ့မှောက်ရှိ လူများသည် အမှန်တကယ်ပင် သာမန်လူသားများ မဟုတ်ကြောင်း သဘောပေါက်သွားသောအခါ ရတနာဆင် တိုင်းပြည်၏ ဘုရင်ကြီးသည် ကျန်းလျိုနှင့် သူ၏ အဖွဲ့၏ စွမ်းဆောင်နိုင်ရည်များကို များစွာ ပိုမို ယုံကြည်လာခဲ့လေသည်။
သူ၏ အတွေးများကို ပြန်လည် ဆင်ခြင်ကြည့်လိုက်ရာ ကျူးပါကျဲသည် မိစ္ဆာတစ်ကောင် ဖြစ်နေလျှင်တောင်မှ ဘာဖြစ်သေးသနည်း။ မိစ္ဆာတစ်ကောင်ကို အသုံးပြု၍ နောက်ထပ် မိစ္ဆာတစ်ကောင်ကို ရင်ဆိုင်ဖြေရှင်းခြင်းက အမှန်တကယ်ပင် ကောင်းမွန်လှသော ဗျူဟာတစ်ခု မဟုတ်ပါလား။
ကျူးပါကျဲ၏ သုံးဆယ့်ခြောက်ပါးသော အသွင်ပြောင်းလဲခြင်း အတတ်ပညာ ကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုက်ရပြီးနောက် ရတနာဆင် တိုင်းပြည်၏ ဘုရင်ကြီးမှာ အခြားသော နည်းလမ်းများကို စဉ်းစားရန် မလိုအပ်တော့ဟု ခံစားလိုက်ရသည်။
ရတနာဆင် တိုင်းပြည်၏ ဘုရင်ကြီး ပြောသော စကားများကို ကြားသောအခါ ဘုရင်ကြီးသည် သူတို့၏ စွမ်းဆောင်နိုင်ရည်များကို စတင်ယုံကြည်လာပြီဖြစ်ကြောင်း ကျန်းလျို နားလည်လိုက်သည်။ 'ဆရာတော်လေး' ဟု ခေါ်ဝေါ်ရာမှ 'ဆရာတော်' ဟု အသုံးအနှုန်း ပြောင်းလဲသွားခြင်းက ဤအချက်ကို အလွန် ရှင်းလင်းစွာ ပြသနေပေသည်။
"ကျေးဇူးပြုပြီး ဘုရင်ကြီး... အကူအညီကို တရားဝင် တောင်းခံပေးပါ… ဒီလုပ်ထုံးလုပ်နည်းကို လိုက်နာဖို့က အရေးကြီးပါတယ်..."
အတွေးတစ်ခု ဝင်လာသဖြင့် ကျန်းလျိုက ဘုရင်ကြီးအား ပြောလိုက်လေသည်။ ယခင်က ဝတ်ရုံဝါ မိစ္ဆာ ထံတွင် သူသည် တာဝန်တစ်ခုကို ရရှိခဲ့သည်။ သို့ဆိုလျှင် ဘုရင်ကြီးထံမှ အကူအညီကို တရားဝင် တောင်းခံခိုင်းခြင်းကလည်း နောက်ထပ် တာဝန်တစ်ခုကို စတင်သက်ဝင်လာစေနိုင်မလား။
ကျန်းလျို၏ စကားကြောင့် ဘုရင်ကြီးသည် အနည်းငယ် တုံ့ဆိုင်းသွားခဲ့ပြီး ဤအရာက ဘာအတွက်ကြောင့် လိုအပ်နေသနည်း ဆိုသည်ကို နားမလည်နိုင် ဖြစ်နေခဲ့သည်။
သို့သော် ကျန်းလျိုကိုယ်တိုင် ပြောလာသည်ဆိုမှတော့ ဘုရင်ကြီးသည် တစ်ခဏမျှ စဉ်းစားလိုက်ပြီး တရားဝင် ချဉ်းကပ်မှုက ပို၍ ကောင်းမွန်မည်ဟု ခံစားလိုက်ရသည်။ ထို့နောက် သူက ခေါင်းညိတ်ကာ ပြောလိုက်သည်။
"ဒီနေ့ တကည့်တော် မင်းကြီးက ဆရာတော်ရဲ့ အကူအညီကို တရားဝင် တောင်းခံပါတယ်… ဆရာတော်က တပည့်တော်ရဲ့ ချစ်လှစွာသော သမီးတော်ကို ကယ်တင်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်… အကယ်၍ အောင်မြင်ခဲ့မယ်ဆိုရင် ဆရာတော်ကို ကျေးဇူးဆပ်တဲ့အနေနဲ့ ရွှေတစ်သောင်းနဲ့ မရေမတွက်နိုင်တဲ့ ရတနာတွေကို ဆက်သဖို့ ဆန္ဒရှိပါတယ်..."
ဒင် - "သမီးတော်အပေါ်ထားရှိသော နက်ရှိုင်းသည့် မေတ္တာ" တာဝန် စတင်သက်ဝင်သွားပါပြီ။
တာဝန် လိုအပ်ချက်များ - ပိုင်ဟွာရှို့ မင်းသမီး ကို အောင်မြင်စွာ ကယ်တင်ပြီး ရတနာဆင် တိုင်းပြည် ဘုရင်ကြီး၏ နန်းတော်သို့ ပြန်လည်ခေါ်ဆောင်လာပေးပါ။ အောင်မြင်ပါက ဆုလာဘ်အဖြစ် အတွေ့အကြုံမှတ် ၂၈၀,၀၀၀ နှင့်အတူ ပြီးပြည့်စုံသော အရည်အသွေး ရတနာသေတ္တာ တစ်လုံး ရရှိပါမည်။ အကယ်၍ တာဝန် ကျရှုံးပါက အတွေ့အကြုံမှတ် ၂၈၀,၀၀၀ နှုတ်ယူခံရပါမည်။
လက်ခံ / ငြင်းပယ် ပါသလား။
ဘုရင်ကြီးက တရားဝင် အကူအညီ တောင်းခံလိုက်သည်နှင့် တစ်ပြိုင်နက် အလိုအလျောက် တာဝန်တစ်ခုကလည်း အမှန်တကယ်ပင် စတင်သက်ဝင်လာခဲ့လေသည်။ တာဝန် စတင်လာသည်ကို မြင်လိုက်ရသောအခါ သဘာဝကျကျပင် ကျန်းလျိုသည် အချိန်ဆွဲမနေတော့ဘဲ ထိုတာဝန်ကို ချက်ချင်း လက်ခံလိုက်လေတော့သည်။
***