အခန်း ၃၃၉
Vol. 25 Ch. 339
အပိုင်း(၃၃၉)
"တကယ်ပါပဲ... ဒီဂိမ်းစနစ်မှာ ကိုယ်ပိုင် အသိစိတ်ဆိုတာ မရှိဘူး… ပြီးတော့ နည်းနည်းလေးမှတောင် လူသားဆန်မှု မရှိဘူး..."
ဤတာဝန်ကို လက်ခံပြီးနောက် ကျန်းလျိုသည် စိတ်ထဲမှ တိတ်တခိုး ရယ်မောလိုက်ပြီး ထို အတွေ့အကြုံမှတ် ၂၈၀,၀၀၀ မှာ သူ့ထံသို့ အလကား လာပေးနေသကဲ့သို့ ခံစားလိုက်ရလေသည်။
အကယ်၍ သူသာ ဝတ်ရုံဝါ မိစ္ဆာ နှင့် ကြိုတင် တွေ့ဆုံခဲ့ခြင်း မရှိဘူးဆိုလျှင် ဘုရင်ကြီးက ဤကဲ့သို့ အလိုအလျောက် တာဝန်တစ်ခုကို တရားဝင် စတင်သက်ဝင်စေခြင်းမှာ ကျန်းလျိုအတွက် လုံးဝ အံ့သြစရာ ဖြစ်မည် မဟုတ်ချေ။
သို့သော် သူက ဝတ်ရုံဝါ မိစ္ဆာ နှင့် တွေ့ဆုံဆွေးနွေးမှုတစ်ခုကို စီစဉ်ထားပြီးဖြစ်ရာ အကယ်၍ ဂိမ်းစနစ် တွင် အသိဉာဏ် အနည်းငယ်မျှ ရှိနေမည်ဆိုပါက ဤတာဝန်မှာ ယခုအခါ သူ့အတွက် အလွန်တရာ လွယ်ကူနေပြီဖြစ်ကြောင်း သိရှိသင့်ပေသည်။
သို့သော် မမျှော်လင့်ဘဲ ဆုလာဘ်အဖြစ် အတွေ့အကြုံမှတ် ၂၈၀,၀၀၀ ပေးနေဆဲပင် ဖြစ်လေသည်။
မည်သို့ပင်ဖြစ်စေ ဂိမ်းစနစ်သည် ၎င်း၏ သတ်မှတ်ချက်များအတိုင်းသာ အလုပ်လုပ်ဆောင်ပြီး မည်သည့် အသိဉာဏ်မျှ မရှိခြင်းက ကျန်းလျိုအတွက်မူ ဆိုးရွားသော ကိစ္စရပ်တစ်ခု မဟုတ်သည်မှာ သေချာလှပေသည်။
အကယ်၍ သူသာ စနစ်အတွင်းမှ ဟာကွက်တစ်ခုကို ရှာတွေ့နိုင်မည်ဆိုပါက ထိုချို့ယွင်းချက်များကို အသုံးချပြီး အတွေ့အကြုံမှတ် များ စုဆောင်းနိုင်မည်များလား။
ဥပမာအားဖြင့်... အကယ်၍ သူသည် လူသားများကို စားသောက်နေသော အစွမ်းထက် မိစ္ဆာဆိုးတစ်ကောင်၏ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံထားရပြီး မြို့သူမြို့သားအားလုံး ထိတ်လန့်တုန်လှုပ်နေကြရသည့် မြို့တစ်မြို့ကို ဖြတ်သန်းသွားမည်ဆိုပါစို့။ထိုအခါ သူက မြို့သူမြို့သား တစ်ဦး တစ်ယောက်ချင်းစီထံသို့ သွားရောက်ကာ သူ့ကို ကူညီရန် တရားဝင် အကူအညီတောင်းခံခိုင်းမည်ဆိုလျှင် သူသည် တစ်ကြိမ်တည်းဖြင့် တာဝန်ပေါင်း သောင်းနှင့်ချီ၍ လက်ခံနိုင်မည်များလော…။
ထိုအချိန်တွင် မိစ္ဆာတစ်ကောင်တည်းကို သတ်ဖြတ်လိုက်ရုံဖြင့် တာဝန်ပေါင်း ထောင်သောင်းချီ၍ တစ်ပြိုင်နက်တည်း ပြီးမြောက်သွားနိုင်မည်များလား…
ဤသို့ တွေးမိသောအခါ ကျန်းလျိုသည် အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့လေသည်။ ဤအရာက အမှန်တကယ်ပင် ဂိမ်းစနစ်၏ ဟာကွက်တစ်ခု ဖြစ်လာနိုင်ပေသည်။ ဤကဲ့သို့သော နည်းဗျူဟာမျိုးက သီအိုရီအရဆိုလျှင် ဖြစ်နိုင်ခြေရှိပုံ ရလေသည်။
"ဆရာတော်... ဆရာတော်... ဘာတွေ တွေးနေတာလဲ..."
ဘုရင်ကြီးသည် ကျန်းလျို စဉ်းစားခန်းဝင်ကာ ရပ်နေသည်ကို မြင်လိုက်ရသောအခါ အနည်းငယ် အံ့သြသွားပြီး မေးလိုက်၏။
"အို... ဘာမှမဟုတ်ပါဘူး… မိစ္ဆာကို ဘယ်လို နှိမ်နင်းပြီး ဘုရင်ကြီးအတွက် ပိုင်ဟွာရှို့ မင်းသမီးကို ဘယ်လို ကယ်တင်ရမလဲဆိုတာ စဉ်းစားနေတာပါ..."
ဘုရင်ကြီးက ဝင်ရောက် နှောင့်ယှက်လိုက်သဖြင့် ကျန်းလျိုသည် သူ၏ ယူဆချက်ကို နောက်မှ သက်သေပြရန် တစ်ခဏမျှ ဘေးဖယ်ထားလိုက်သည်။ ထို့နောက် နှိမ့်ချယဉ်ကျေးသော ဟန်ပန်ဖြင့် ဘုရင်ကြီးအား ပြန်လည်တုံ့ပြန်လိုက်လေသည်။
"ဆရာတော်မှာ နည်းလမ်း ရှိနေပြီလား..."
ကျန်းလျို၏ စကားကို ကြားသောအခါ ဘုရင်ကြီးက သူ့အား မျှော်လင့်တကြီးဖြင့် ကြည့်လိုက်လေသည်။
"စိတ်ချပါ ဘုရင်ကြီး… ကျုပ်မှာ အစီအစဉ် ရှိပါတယ်..."
ကျန်းလျိုက ခေါင်းညိတ်လိုက်ပြီး ယုံကြည်မှုရှိသော ဟန်ပန်ကို ပြသလိုက်လေသည်။
"ဒါဆိုရင် အရာအားလုံးကို ဆရာတော်ရဲ့ လက်ထဲမှာပဲ အပ်နှံထားပါရစေ… တကယ်လို့ လိုအပ်တာများရှိရင် တပည့်တော် အစွမ်းကုန် ကူညီပေးပါ့မယ်..."
ကျန်းလျို၏ ယုံကြည်မှုရှိနေသော အသွင်ကို မြင်လိုက်ရသောအခါ ဘုရင်ကြီးက ခေါင်းညိတ်လိုက်ပြီး ဤကိစ္စကို ကျန်းလျို၏ လက်ထဲသို့ အလုံးစုံ ပုံအပ်လိုက်လေတော့သည်။
ဘုရင်ကြီး၏ အမိန့်နှင့်အတူ နောက်ထပ် တာဝန်တစ်ခုကိုပါ ရရှိလိုက်ပြီးနောက် ကျန်းလျိုသည် တော်ဝင်မြို့တော်ထဲတွင် ဆက်လက်နေထိုင်ရန် ရည်ရွယ်ချက် မရှိတော့ဘဲ သူ၏ တပည့်များကို ဦးဆောင်ကာ ဝမ်ဇီတောင်သို့ ထွက်ခွာလာခဲ့လေသည်။
မိုင်တစ်ရာကျော် ကွာဝေးသော ခရီးဖြစ်သော်လည်း ကျန်းလျိုသည် အလျင်စလို ရှိနေသည့် အရိပ်အယောင်မျှ မပြခဲ့ချေ။ မှောင်မိုက်လာသောအခါ သူသည် နတ်စံအိမ်တော် ကို ထုတ်ယူလိုက်ပြီး အားလုံး အတူတကွ အနားယူခဲ့ကြလေသည်။
သို့သော် လမ်းခရီးတစ်လျှောက်တွင်မူ တာဝန်နှစ်ခုလုံးကို မည်သို့ ပြီးမြောက်အောင် လုပ်ဆောင်ရမည်ကို ကျန်းလျို တိတ်ဆိတ်စွာ စဉ်းစားတွေးတောနေခဲ့လေသည်။
ကျန်းလျိုသည် ဘုရင်ကြီး၏ တာဝန်ကိုသာမက ဝတ်ရုံဝါ မိစ္ဆာ ထံမှ တာဝန်ကိုပါ ပြီးမြောက်အောင် လုပ်ဆောင်ရမည် ဖြစ်သည်။
တကယ်တမ်းတွင် တာဝန်များကို မည်သို့ ပြီးမြောက်အောင် လုပ်ဆောင်ရမည် ဆိုသည်နှင့် ပတ်သက်၍ ကျန်းလျိုတွင် အကြမ်းဖျင်း အကြံဉာဏ်တစ်ခု ရှိနေပြီးဖြစ်ရာ ယင်းမှာ ကောင်းကင်ဘုံ၏ မျက်လုံးများကို လှည့်စားခြင်းထက် မပိုချေ။
သို့သော် သူ၏ အဖွဲ့ထဲတွင် သူလျှိုတစ်ယောက်ကဲ့သို့ ဖြစ်နေသော ရှားဝူကျင်း က ဘေးတွင် ရှိနေသည်ကို တွေးမိသောအခါ ကောင်းကင်ဘုံကို လှည့်စားမည့် ဤအစီအစဉ်အကြောင်းကို သူ့အား အသိမပေးခြင်းက အကောင်းဆုံးဖြစ်မည်ဟု ကျန်းလျို ခံစားလိုက်ရသည်။
မဟုတ်ပါက အတော်လေး ပြဿနာတက်သွားနိုင်ပေသည်။
မည်သို့ပင်ဆိုစေကာမူ သူက မည်သူ့ကို လှည့်စားရန် ကြိုးစားနေခြင်းနည်း။ ကျောက်စိမ်းဧကရာဇ် ကို မဟုတ်ပါလား။
'ရှားဝူကျင်း ကို စောစောစီးစီး ပထုတ်ပစ်ဖို့ နည်းလမ်းတစ်ခု ရှာတာ ပိုကောင်းမယ် ထင်တယ်...'
ဤတာဝန်အကြောင်းကို ရှားဝူကျင်း လုံးဝ မသိစေရဟု တွေးတောမိသောအခါ ကျန်းလျိုသည် တစ်ခဏမျှ စဉ်းစားလိုက်ပြီး ရှားဝူကျင်းနှင့် ပတ်သက်သော တာဝန်ကို အရင်ဆုံး ပြီးမြောက်အောင် လုပ်ဆောင်ခြင်းက အကောင်းဆုံးဖြစ်မည်ဟု ဆုံးဖြတ်လိုက်လေသည်။
အတွေ့အကြုံမှတ် သန်း ၈၀ ဆုလာဘ်တဲ့လော... အကယ်၍ ပြီးမြောက်သွားမည် ဆိုလျှင် သူ အဆင့် ဘယ်လောက်တောင် တက်သွားနိုင်မည်နည်း။
"ပါကျဲ... မင်း ဝမ်ဇီတောင်ကို အရင်သွားပြီး… ပိုင်ဟွာရှို့ မင်းသမီး ကို နန်းတော်မှာ ဘုရင်ကြီးနဲ့ တွေ့ဆုံဖို့ ငါ ခေါ်သွားချင်တယ်လို့ ပြောလိုက်… သူ သဘောတူလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောလိုက်ဦး..."
အကြမ်းဖျင်း အစီအစဉ်တစ်ခုကို ရေးဆွဲပြီးနောက် ကျန်းလျိုက ခေါင်းလှည့်ကာ ကျူးပါကျဲအား ပြောလိုက်လေသည်။
"ဟင်... ဆရာတော်က ကျွန်တော့်ကို သွားခိုင်းတာလား..."
ကျန်းလျို၏ စကားကို ကြားသောအခါ ကျူးပါကျဲက ပျင်းရိလေးတွဲစွာဖြင့် သိပ်မသွားချင်သော အမူအရာပြကာ မေးလိုက်သည်။
သူသည် ကျန်းလျို၏ ဘေးတွင်သာ နေချင်လေသည်။ ထိုနေရာတွင် မိန်းကလေးများကို မည်သို့ ပိုးပန်းရမည်ဆိုသည်ကို သင်ယူနိုင်ရုံသာမက အရသာရှိသော အစားအစာများကိုလည်း စားသုံးနိုင်သည် မဟုတ်ပါလား။
"မင်း သွားတာ ပိုကောင်းမယ်… ပြီးတော့ ဝတ်ရုံဝါ မိစ္ဆာ ဆီကို ဒီစာလေးပါ ပေးလိုက်ဦး… သူက ပိုင်ဟွာရှို့ မင်းသမီးကို လွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်တယ်..."
ကျန်းလျိုက ကျူးပါကျဲအား စူးစူးရဲရဲ တစ်ချက်ကြည့်ကာ ပြောလိုက်ပြီးနောက် စာတစ်စောင်ကို ထုတ်ပေးလိုက်လေသည်။
"ကောင်းပါပြီ ဆရာတော်… ကျွန်တော် နားလည်ပါပြီ..."
ကျန်းလျိုက စူးရဲစွာ စိုက်ကြည့်လိုက်သဖြင့် ကျူးပါကျဲမှာ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းညိတ်လိုက်ပြီး စာကို ယူကာ နတ်စံအိမ်တော် မှ ထွက်ခွာသွားခဲ့လေသည်။
"ဝူခုန်း..."
ကျူးပါကျဲ ထွက်သွားသည်နှင့် တစ်ပြိုင်နက် ကျန်းလျိုက ရုတ်တရက် အသံထွက်ခေါ်လိုက်ပြီး စွန်းဝူခုန်းဘက်သို့ လှည့်ကြည့်လိုက်လေသည်။
"ဆရာတော်... ဘာများ အမိန့်ရှိမလို့လဲ..."
ကျန်းလျို၏ ခေါ်သံကို ကြားသောအခါ စွန်းဝူခုန်းက မေးလိုက်သည်။
"ဒီနေ့ သိုးသား ဟောပေါ့အိုး စားရင် ဘယ်လိုလဲ… ပြီးခဲ့တဲ့တစ်ခေါက်က ငါတို့လုပ်ထားတဲ့ မီးသွေးကြေးနီအိုးကို မသုံးရသေးဘူးလေ... ခရမ်းရောင် ဝါးတောအုပ် ဆီကို ခဏလောက် ပြေးသွားပြီး ဗောဓိသတ်ကို အရသာရှိတဲ့ သိုးသားဟောပေါ့အိုး လာစားဖို့ ဖိတ်ပေးပါလား..."
ကျန်းလျိုက စွန်းဝူခုန်းအား ပြောလိုက်သည်။
"ဟင်... ကွမ်ယင်ဗောဓိသတ်ကို ဒီကို ဖိတ်ရမယ် ဟုတ်လား..."
စွန်းဝူခုန်းသည် ကျန်းလျို၏ စကားကြောင့် ကြက်သေသေသွားကာ သူ့အား လှမ်းကြည့်လိုက်လေသည်။
အထင်အရှားပင် ကျန်းလျို၏ စကားများက စွန်းဝူခုန်းကို အံ့အားသင့်သွားစေခဲ့သည်။
"ဟုတ်တယ်… အနောက်အရပ်သို့ ကျမ်းစာပင့်ဆောင်မယ့် ခရီးစဉ်ကို ဗောဓိသတ် ကိုယ်တိုင်က ငါ့ကို တာဝန်ပေးအပ်ထားတာဆိုတော့ သူက ငါ့ရဲ့ လမ်းညွှန်ပြသသူပဲလေ... လမ်းခရီးတစ်လျှောက်လုံး ငါတို့ကို ကောင်းကောင်း စောင့်ရှောက်ပေးခဲ့တာဆိုတော့ သူ့ကို ကျေးဇူးဆပ်တဲ့အနေနဲ့ အခုလို ထမင်းစားဖိတ်တာက သင့်လျော်ပါတယ်..."
ကျန်းလျိုက ခေါင်းညိတ်လိုက်ပြီး မျှတဆီလျော်သော အကြောင်းပြချက်ဖြင့် စွန်းဝူခုန်းအား ရှင်းပြလိုက်သည်။
ကျန်းလျိုနှင့် သိကျွမ်းလာခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်ပြီး တစ်ဖွဲ့တည်းသားများ ဖြစ်ကြသော်လည်း ယင်းမှာ သူ၏ စကားများနောက်ကွယ်မှ အစစ်အမှန် ရည်ရွယ်ချက်များ ဖြစ်သည်ဟု စွန်းဝူခုန်းက မယုံကြည်ခဲ့ချေ။
သို့သော် ဆရာတော်က ဆက်လက် မပြောဆိုလိုသည်ဖြစ်ရာ သူ၏ လျှို့ဝှက်ထားမှု နောက်ကွယ်တွင် သိသာထင်ရှားသော အကြောင်းပြချက်အချို့ ရှိနေမည်မှာ သေချာပေသည်။
ဤကဲ့သို့ အလွန်အကျွံ စဉ်းစားတွေးတောရန် လိုအပ်သော ကိစ္စများလော။ စွန်းဝူခုန်းသည် သိပ်ပြီး စဉ်းစားတွေးတောလိုစိတ် မရှိချေ။ ဆရာတော်က သူ့အား သွားရောက်ဖိတ်ခေါ်ခိုင်းသည်ဆိုမှတော့ သူ သွားလိုက်ရုံသာ ဖြစ်ပေသည်။
"ကောင်းပါပြီ... နားလည်ပါပြီ..."
စွန်းဝူခုန်းသည် သူ၏ ရင်ထဲမှ သံသယများကို ဖိနှိပ်ထားလိုက်ပြီး သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်လေသည်။
"အော်... ဒါနဲ့… အကယ်၍ ဗောဓိသတ်က ဆင်ခြေပေးပြီး ငြင်းမယ်ဆိုရင် ဒီနေ့ ပါကျဲ အိမ်မှာမရှိဘူး လို့သာ သူ့ကို ပြောလိုက်ပါ..."
ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ ကျန်းလျိုက ထပ်လောင်းပြောဆိုလိုက်သည်။ ထိုစကားကို ကြားလိုက်ရသောအခါ ဘာတွေဖြစ်နေသလဲ ဆိုသည်ကို စွန်းဝူခုန်းက ဘယ်လိုလုပ်ပြီး နားမလည်ဘဲ နေတော့မည်နည်း။
သူက ရယ်မောလိုက်ပြီး ကောင်းကင်ပေါ်သို့ ခုန်တက်ကာ သူ၏ တိမ်တိုက်စီးနင်းခြင်း နတ်စွမ်းရည် ကို အသုံးပြုလိုက်၏။ ချက်ချင်းပင် သူသည် လွတ်မြောက်ခြင်း အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မိုးကုတ်စက်ဝိုင်းဆီသို့ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့လေတော့သည်။
သိုးသားဟောပေါ့အိုး စားရန် ဆုံးဖြတ်လိုက်ကြသည်ဖြစ်ရာ ကျန်းလျိုသည် မီးသွေးကြေးနီအိုးကို ထုတ်ယူကာ မီးသွေးအချို့ကို မီးမွှေးလိုက်သည်။ ထို့နောက် ပံသကူ သိုးတစ်ကောင်လည်း ထုတ်ယူလိုက်၏။ ပြီးသည်နှင့် ရှားဝူကျင်းအား လေအေးတစ်ချက် မှုတ်ထုတ်စေကာ သိုးကို အေးခဲသွားစေလိုက်သည်။ ထိုအခါမှသာ သူသည် သိုးသားများကို ပုစဉ်းရင်ကွဲ တောင်ပံများကဲ့သို့ ပါးလွှာနေအောင် လှီးဖြတ်လိုက်လေတော့သည်။
***