← Chapters

အခန်း ၃၄၀

Vol. 25 Ch. 340

အခန်း ၃၄၀

Vol. 25 Ch. 340

အပိုင်း(၃၄၀)

ကျန်းလျိုတို့ ပြင်ဆင်မှုများကို လုပ်ဆောင်နေကြစဉ် အခြားတစ်ဖက်တွင်မူ စွန်းဝူခုန်းသည် သူ၏ တိမ်တိုက်ကို စီးနင်းကာ တောင်ပိုင်းပင်လယ်ရှိ လော့ကျားတောင် သို့ မကြာမီ ရောက်ရှိသွားခဲ့ပြီး ကွမ်ယင်ဗောဓိသတ် နှင့် တွေ့ဆုံခဲ့လေသည်။

"ဒီမျောက်လေး... ရွှမ်ကျန်းကို အနောက်အရပ်ကို ကျမ်းစာပင့်ဆောင်မယ့် ခရီးစဉ်မှာ ကာကွယ်စောင့်ရှောက်ရမယ့်အစား ငါ့ရဲ့ ခရမ်းရောင် ဝါးတောအုပ် ဆီကို ဘာလို့ ရောက်လာရတာလဲ..."

ကြာပန်းပလ္လင်ပေါ်တွင် ထိုင်နေသော ကွမ်ယင်ဗောဓိသတ်က ကျက်သရေရှိပြီး ခန့်ညားလှသော ဟန်ပန်ဖြင့် စွန်းဝူခုန်းအား တိတ်ဆိတ်စွာ ကြည့်လျက် မေးလိုက်သည်။

"ဟီးဟီး... ဗောဓိသတ်… လမ်းခရီးတစ်လျှောက်လုံး ဆရာတော်က အရသာရှိတဲ့ အစားအစာတွေကို စမ်းသပ်ချက်ပြုတ်ခဲ့ပါတယ်… မကြာသေးခင်ကတောင် ကြေးနီအိုးတစ်လုံးကို သီးသန့် ပြုလုပ်ခဲ့သေးတယ်… အဲဒါနဲ့ စားရတာ အရမ်းကို အရသာရှိလွန်းလို့ပါ… ဒါကြောင့် ဆရာတော်က ဗောဓိသတ်ကို လာစားဖို့ ဖိတ်ပေးပါလို့ ကျွန်တော့်ကို လွှတ်လိုက်တာပါ..."

စွန်းဝူခုန်းက နွေးထွေးပြီး စိတ်အားထက်သန်သော အပြုံးဖြင့် ပြောလိုက်သည်။

"ဆရာတော်က ပြောပါတယ်... အနောက်အရပ်ကို ကျမ်းစာပင့်ဆောင်မယ့် ခရီးစဉ်ကို ဗောဓိသတ်က လမ်းညွှန်ပြသပေးခဲ့တာဖြစ်ပြီး လမ်းတစ်လျှောက်လုံး သူ့ကို ကောင်းကောင်း စောင့်ရှောက်ပေးခဲ့တယ်တဲ့… ဒါကြောင့် ဒီနေ့လိုမျိုး အရသာရှိတဲ့ အစားအစာတွေ ရှိနေတဲ့အခါမှာ ဗောဓိသတ်ကို ဖိတ်ကြားတာက သင့်လျော်တယ်လို့ သူက တွေးမိတာပါ... သူ့ရဲ့ ကျေးဇူးတင်မှုကို အနည်းငယ် ပြသတဲ့အနေနဲ့ပေါ့..."

စွန်းဝူခုန်းက ကျန်းလျို၏ ရှင်းပြချက်ကို ကွမ်ယင်ဗောဓိသတ် အား တစ်သဝေမတိမ်း ပြန်လည်ပြောပြလိုက်လေသည်။

"အင်း..."

စွန်းဝူခုန်း၏ စကားများကြောင့် ကွမ်ယင်ဗောဓိသတ် သည် လမ်းခရီးတစ်လျှောက်လုံး သူမ ကြုံတွေ့ခဲ့ရသော အခက်အခဲများကို ပြန်လည်ဆင်ခြင်မိသွားကာ စိတ်ထဲမှ သက်ပြင်းချလိုက်လေသည်။

ကံကောင်းထောက်မစွာဖြင့် ရွှမ်ကျန်းမှာ သိတတ်နားလည်သေးသဖြင့် သူမ၏ ကြိုးစားအားထုတ်မှုများအားလုံးမှာ အချည်းနှီး မဖြစ်သွားခဲ့ပေ။

အခက်အခဲ စမ်းသပ်မှု ရှစ်ဆယ့်တစ်ပါး ပါဝင်သော ဤအနောက်အရပ်သို့ ခရီးစဉ်သည် သူမကိုယ်တိုင်အတွက်ပင် ပို၍ ခက်ခဲကြမ်းတမ်းနေခဲ့သည် မဟုတ်ပါလား။

ကွမ်ယင်ဗောဓိသတ်သည် ရွှမ်ကျန်းဆရာတော်၏ အရသာရှိသော အစားအစာများအကြောင်းကို အနည်းငယ် ကြားသိထားပြီးဖြစ်သည်။ အထူးသဖြင့် သူမ မျက်ခြည်မပြတ် စောင့်ကြည့်နေခဲ့သော ဝူကျွမ်းကျောင်းတော်ရှိ အခြေအနေများကိုပင် ဖြစ်သည်။

မာဂျောင် ဟုခေါ်သော ကစားစရာသည် ဝူကျွမ်းကျောင်းတော် တစ်ခုလုံးဆီသို့ အုံ့မှိုင်းဆူညံသော အငွေ့အသက်များကို ယူဆောင်လာခဲ့ပေသည်။

မာဂျောင် ကစားခြင်း၊ ဖဲကစားခြင်းကဲ့သို့သော လောင်းကစားများနှင့် အဆိုပါ အရသာရှိလှသည့် အစားအစာများသည် ရွှမ်ကျန်းဆရာတော်၏ ထင်ရှားသော အမှတ်အသား နှစ်ခု ဖြစ်လာခဲ့ပုံရသည်။

လောင်းကစားခြင်းနှင့် နှိုင်းယှဉ်ပါက ဗောဓိသတ်သည် အရသာရှိသော အစားအစာများကိုသာ ပို၍ စိတ်ဝင်စားမိလေသည်။

ဒီနေ့ ငါ့ကို ဖိတ်ကြားဖို့ သီးသန့် လာခဲ့တာလား... တွေးကာ ကွမ်ယင်ဗောဓိသတ်သည် စိတ်ဝင်စားသွားပြီး ရွှမ်ကျန်းဆရာတော်၏ အစားအစာများက မည်မျှအထိ အရသာရှိမည်ကို မြည်းစမ်းကြည့်ချင်လာသည်။

သို့သော် သူမ မည်မျှပင် မြည်းစမ်းကြည့်ချင်နေစေကာမူ ကျူးပါကျဲကို တွေးမိလိုက်သည်နှင့် သူမ၏ စိတ်လှုပ်ရှားမှုမှာ အနည်းငယ် ရွံရှာမှုအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။

သူမက ချက်ချင်း ခေါင်းခါလိုက်ပြီး...

"ဝူခုန်း.... မင်းဆရာရဲ့ စေတနာကို ငါ့ကိုယ်စား ကျေးဇူးတင်တယ်လို့ ပြောပေးပါ... ဒါပေမယ့် ဒီရက်ပိုင်းအတွင်းမှာ ငါ ဖြေရှင်းစရာ ကိစ္စလေးတွေ..."

"ဗောဓိသတ်..."

ကွမ်ယင်ဗောဓိသတ် စကားမဆုံးမီမှာပင် စွန်းဝူခုန်းက ရုတ်တရက် ဝင်ဖြတ်ပြောလိုက်သည်။

"ဒီကနေ့ အစားအစာတွေကို ဆရာတော် အသစ်ဖန်တီးထားတဲ့ အိုးနဲ့ ချက်ပြုတ်ထားတာမို့ အရမ်းကို အရသာရှိမှာ သေချာတယ်... ရှားဝူကျင်း… နဂါးမြင်းဖြူနဲ့ ကျွန်တော်တို့ နည်းနည်းပဲ စားရမှာဆိုတော့ နည်းနည်းတော့ ခြောက်ကပ်ကပ် ဖြစ်နေတယ်..."

"ဟင်..."

စွန်းဝူခုန်း၏ စကားကြောင့် ကွမ်ယင်ဗောဓိသတ်သည် မျက်ခုံးအနည်းငယ် ပင့်သွားပြီး မေးလိုက်သည်။

"မင်းတို့ နည်းနည်းပဲလား.... ပါကျဲကကော... သူက မစားဘူးလား..."

"အော်.... ပါကျဲက လုပ်စရာ ကိစ္စလေးတွေ ရှိနေလို့ ဆရာတော်က အပြင်လွှတ်လိုက်တယ်လေ... ဒါကြောင့် ဒီကနေ့ စားသောက်ပွဲကို သူ လွဲချော်သွားပြီပေါ့..."

ဗောဓိသတ်၏ မေးခွန်းကို စွန်းဝူခုန်းက ပြန်ဖြေလိုက်သည်။

"အောမိသောဖော..."

စွန်းဝူခုန်း၏ အဖြေကြောင့် ကွမ်ယင်ဗောဓိသတ်၏ စိတ်ထဲတွင် အတော်လေး သက်သာရာ ရသွားလေသည်။

ထိုကိစ္စကို ခေတ္တမျှ စဉ်းစားပြီးနောက်...

"အင်းလေ.... ရွှမ်ကျန်းဆရာတော်က ငါ့ကို ပထမဆုံးအကြိမ် ဖိတ်ကြားတာဆိုတော့ ငြင်းလိုက်ရင်လည်း မကောင်းဘူးပေါ့... ငါ့ကိစ္စတွေကို ခဏလောက် ဖယ်ထားလိုက်ပါ့မယ်..."

သူမသည် အနည်းငယ် တွန့်ဆုတ်နေဟန် ဖမ်းလိုက်ကာ ပြောလိုက်သည်။

"ကောင်းလှပါပြီ ဗောဓိသတ်... မြန်မြန်သွားကြရအောင်..."

ကွမ်ယင်ဗောဓိသတ်၏ အဖြေကို ကြားသောအခါ စွန်းဝူခုန်းသည် တိတ်တခိုး ရယ်မောလိုက်သော်လည်း အပြင်ပန်းတွင်မူ မည်သို့မျှ မပြသခဲ့ပေ။ ထိုအစား သူက သွားရန် စိတ်အားထက်သန်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"ဒီမျောက်ဆိုးလေးတော့ တော်တော်လောတာပဲ... မင်းရဲ့ ဒီအကျင့်ကို ဘယ်တော့များမှ ပြင်မှာလဲ..."

စွန်းဝူခုန်း၏ စိတ်မရှည်ဖြစ်နေမှုများကို မြင်သောအခါ ကွမ်ယင်ဗောဓိသတ်က သဘောကျစွာ ပြုံးလိုက်ပြီး တိတ်ဆိတ်စွာပင် ခေါင်းခါလိုက်လေသည်။

စကားပြောနေစဉ်မှာပင် ကွမ်ယင်ဗောဓိသတ်၏ ကြာပန်းပလ္လင်သည် ကောင်းကင်သို့ ပျံတက်သွားပြီး ကျန်းလျို ရှိရာဆီသို့ လျင်မြန်စွာ ဦးတည်သွားလေတော့သည်။

စွန်းဝူခုန်းသည်လည်း သူ၏ တိမ်တိုက်စီးနင်းခြင်း နတ်စွမ်းရည်ကို အသုံးပြုလိုက်ရာ ကွမ်ယင်ဗောဓိသတ်ထက်ပင် သာလွန်သော နတ်ဘုရားအလျင်ဖြင့် ပျံသန်းသွားလေတော့သည်။

...

တစ်ဖက်တွင်မူ ဝမ်ဇီတောင်၌ ပြန်လည်ရောက်ရှိလာသော ကျူးပါကျဲကို ဝတ်ရုံဝါ မိစ္ဆာ၏ မိသားစုက နွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။

"စစ်သူကြီး... ဒီလောက်မြန်မြန် ပြန်ရောက်လာတဲ့ အကြောင်းရင်းကို သိခွင့်ပြုပါ..."

ကျူးပါကျဲကို ကောင်းမွန်စွာ ဧည့်ခံပြုစုပြီးနောက် ဝတ်ရုံဝါ မိစ္ဆာက သိချင်စိတ်ဖြင့် မေးမြန်းလိုက်သည်။

"ငါ့ဆရာက စာတစ်စောင် ပေးခိုင်းလိုက်လို့လေ... ရော့... ဒါကို ယူလိုက်..."

ကျူးပါကျဲက ကျန်းလျိုပေးလိုက်သော စာကို ထုတ်ယူကာ ဝတ်ရုံဝါ မိစ္ဆာထံ ကမ်းပေးလိုက်သည်။

"စာတစ်စောင်..."

ဝတ်ရုံဝါ မိစ္ဆာသည် အနည်းငယ် အံ့အားသင့်သွားသည်။ သူတို့ လမ်းခွဲခဲ့ကြသည်မှာ ရက်အနည်းငယ်သာ ရှိသေးသော်လည်း ယခု ဆရာတော်ထံမှ စာတစ်စောင် ရောက်လာသည်တဲ့လား။

ဝတ်ရုံဝါ မိစ္ဆာသည် နားမလည်နိုင်ဖြစ်နေစဉ်မှာပင် စာကို ဖွင့်ဖတ်လိုက်ရာ ကောင်းကင်ဘုံကို လှည့်စားပြီး ပင်လယ်ကို ဖြတ်ကူးမည့် ကျန်းလျို၏ အသေးစိတ် အဆင့်ဆင့် စီစဉ်ထားမှုများကို တွေ့ရှိလိုက်ရသည်။

နောက်ဆုံးတွင် ဤကိစ္စကို တတ်နိုင်သမျှ လျှို့ဝှက်ထားရန် ဝတ်ရုံဝါ မိစ္ဆာကို ကျန်းလျိုက အထူးမှာကြားထားခဲ့သည်။

ကျန်းလျို၏ စာထဲတွင် ဖော်ပြထားသော အစီအစဉ်များကို ဂရုတစိုက် ဖတ်ရှုပြီးနောက် ဝတ်ရုံဝါ မိစ္ဆာသည် စကားအများကြီး မပြောခဲ့ပေ။ အရာအားလုံးကို မှတ်သားပြီးနောက်တွင် သူသည် စာကို လက်ထဲ၌ ဆုပ်ကိုင်လိုက်ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် ပြာအဖြစ်သို့ ပြောင်းလဲကာ လွင့်စင်ပျောက်ကွယ်သွားလေသည်။

"ကဲ... ငါ စာလည်း ပေးပြီးပြီဆိုတော့ ငါ နားဖို့ အခန်းတစ်ခန်းလောက် စီစဉ်ပေးပါဦး..."

ကျူးပါကျဲသည် သူ၏ တာဝန်ပြီးဆုံးသွားသော်လည်း ပြန်ဖို့ ရည်ရွယ်ချက် မရှိဘဲ ဝတ်ရုံဝါ မိစ္ဆာထံတွင် နားခိုရန် နေရာတစ်နေရာ တောင်းဆိုလိုက်သည်။

ဆရာဖြစ်သူနှင့် အခြားသူများ စားသုံးနေကြမည့် ဟော့ပေါ့အိုးကို သူ အလွန် တောင့်တနေသော်လည်း ဒီကနေ့ စားသောက်ပွဲအတွက် ကွမ်ယင်ဗောဓိသတ်ကို ဖိတ်ကြားထားသည်ဟု ဆရာတော်က ပြောထားခဲ့သဖြင့် ကျူးပါကျဲအနေဖြင့် အနည်းငယ် အနေရခက်သလို ခံစားနေရသည်။

အနောက်အရပ်သို့ ကျမ်းစာပင့်ဆောင်သည့် ခရီးစဉ်တွင် ဖြတ်သန်းစရာ လီတစ်သောင်းကျော် ကျန်ရှိနေသေးရာ စားသောက်ရန် အခွင့်အရေးများစွာ ရှိလာဦးမည်သာ ဖြစ်သည်။ ထို့ကြောင့် သူသည် ဒီကနေ့ စားသောက်ပွဲကို လက်လွှတ်လိုက်ရန် ဆုံးဖြတ်လိုက်လေသည်။

...

ထူးကဲလှပသော နတ်စံအိမ်တော် အတွင်း၌ အစားမက်သည့် ကျူးပါကျဲ မရှိသည့်အတွက် ကျန်းလျိုသည် ဟင်းလျာများကို အများကြီး ပြင်ဆင်ရန် မလိုအပ်ခဲ့ပေ။

မကြာမီမှာပင် သိုးသားလိပ်ပေါင်းများစွာကို လှီးဖြတ်လိုက်ပြီး သစ်သီးများနှင့် ဟင်းသီးဟင်းရွက် အချို့ကိုလည်း ထည့်သွင်းထားလိုက်သည်။

ခနအကြာတွင် စွန်းဝူခုန်း၏ အသံ ထွက်ပေါ်လာပြီး ၎င်း၏နောက်တွင် စွန်းဝူခုန်းနှင့် ကွမ်ယင်ဗောဓိသတ်တို့ နှစ်ဦးစလုံး ထူးကဲလှပသော နတ်စံအိမ်တော် အတွင်းသို့ ဝင်ရောက်လာကြသည်။

"ဟင်..."

နတ်စံအိမ်တော် အတွင်းသို့ ဝင်ရောက်လာပြီးနောက် ကွမ်ယင်ဗောဓိသတ်သည် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ကာ အံ့ဩသွားဟန်ဖြင့် စိတ်ထဲမှ တွေးလိုက်သည်။

"ဒါက နတ်စံအိမ်တော် လား... နွီဝါးနတ်သမီး ကိုယ်ပိုင်အပန်းဖြေဖို့ ပေါ့ပေါ့ပါးပါး ဖန်တီးထားခဲ့တဲ့ အိမ်တော်မလား... ဒီနေရာကို ဘယ်လိုများ ရောက်နေရတာလဲ..."

တစ်ချိန်တည်းမှာပင် သူမ၏ အကြည့်တို့က စွန်းဝူခုန်းထံ၌ ရပ်တန့်သွားပြီးနောက် သဘောပေါက်နားလည်သွားလေသည်။

ဒါက ယုတ္တိရှိပေသည်။ ဝူခုန်းသည် နွီဝါးနတ်သမီး ကောင်းကင်ယံကို ဖာထေးရာတွင် အသုံးပြုခဲ့သော အရောင်ငါးမျိုးကျောက်တုံး မှ မူလဆင်းသက်လာခြင်း ဖြစ်သည်။ သူ့ကို နွီဝါး၏ မျိုးဆက်တစ်ခုအဖြစ် သတ်မှတ်နိုင်သည်။ သာမန်နေ့ရက်များတွင် သိပ်မသိသာလှသော်လည်း ဝါးဟွမ်နန်းတော် ၌ နေထိုင်သူ နည်းပါးလှသည်ကို ထည့်တွက်ကြည့်လျှင်... နွီဝါးက ထူးကဲလှပသော နတ်စံအိမ်တော်ကို သူ့အား ပေါ့ပေါ့ပါးပါး လက်ဆောင်ပေးခဲ့ခြင်းက အံ့ဩစရာတော့ မဟုတ်ပေ။

သို့သော်လည်း ထူးကဲလှပသော နတ်စံအိမ်တော် သည် နွီဝါးနတ်သမီးထံမှ စွန်းဝူခုန်းအတွက် လက်ဆောင်တစ်ခု ဖြစ်နေမည်ဆိုသော အတွေးက ကွမ်ယင်ဗောဓိသတ်၏ နှလုံးသားထဲသို့ လေးနက်သော ခံစားချက်တစ်ခုကို ယူဆောင်လာခဲ့သည်။

"စွန်းဝူခုန်းရဲ့ အခြေအနေကို ငါ တကယ် သတိထားဖို့ လိုအပ်နေပြီထင်တယ်... မဟုတ်ရင်များ နွီဝါးနတ်သမီးကို အမျက်ထွက်အောင် လုပ်မိသလို ဖြစ်သွားရင်..."

***

All Chapters