အခန်း ၃၄၂
Vol. 25 Ch. 342
အပိုင်း(၃၄၂)
"ကျေးဇူးတင်ပါတယ် ဆရာတော်..."
ကျန်းလျို၏စကားကို ကြားသောအခါ နဂါးမြင်းဖြူမှာ လမ်းတစ်လျှောက် ကြုံတွေ့ခဲ့ရသော အခက်အခဲများအားလုံးမှာ တန်ဖိုးရှိသည်ဟု ခံစားလိုက်ရ၏။ အနည်းဆုံးတော့ ဆရာတော်က အရာအားလုံးကို နားလည်ပြီး မှတ်မိနေခဲ့သည် မဟုတ်ပါလော။
"ဟီးဟီး... ဆရာတော်... ကျွန်တော် လောင်စွန်း အတွက်ကရော ဘယ်လိုလဲ..."
နောက်ဆုံးတွင် ကျန်းလျို၏ အကြည့်များက သူ့ထံသို့ ရောက်ရှိလာသောအခါ စွန်းဝူခုန်းသည် သူ၏ ဖျော်ရည်ခွက်ကို မြှောက်ကာ ကျန်းလျိုက သူ့ကို ချီးမွမ်းစကားပြောလာမည့်အချိန်ကို မျှော်လင့်တကြီးဖြင့် ကြည့်နေလိုက်သည်။
"ဝူခုန်း... မင်းနဲ့ငါ့ကြားမှာ စကားတွေအများကြီး ပြောနေစရာ မလိုပါဘူး... ဒီတစ်ခွက်နဲ့တင် အရာအားလုံးကို နားလည်ပါတယ်..."
သို့သော် အခြားသူများကို တခမ်းတနား ပြောဆိုခဲ့သော်လည်း စွန်းဝူခုန်းနှင့် အလှည့်ကျသောအခါ ကျန်းလျိုသည် မည်သည့်စကားမှ မပြောတော့ဘဲ ခေါင်းကိုမော့ကာ သူ၏ခွက်ထဲရှိ ဖျော်ရည်ကို တစ်ကျိုက်တည်း မော့သောက်လိုက်လေသည်။
"ဒီတစ်ခွက်နဲ့တင် အရာအားလုံးကို နားလည်ပါတယ် ဟုတ်လား..."
စွန်းဝူခုန်းမှာ အနည်းငယ် စိတ်ပျက်သွားမိသည်။ ဆရာတော်က သူ့ကို ချိုသာသော စကားများဖြင့် ချီးမွမ်းလိမ့်မည်ဟု သူထင်ထားခဲ့သော်လည်း ဆရာတော်က မည်သည့်စကားမှ မပြောခဲ့ပေ။ သို့သော် ဤသို့ပြုမူခြင်းက ဆရာတော်နှင့် သူ၏ ဆက်ဆံရေးသည် အကောင်းဆုံးဖြစ်နေ၍များလားဟု စွန်းဝူခုန်း တွေးလိုက်မိသည်။
မည်သည့်စကားမှ မပြောဘဲ ဂုဏ်ပြုခြင်းက သူတို့နှစ်ဦးကြား ပိုမိုရင်းနှီးသော ဆက်ဆံရေးရှိကြောင်း သက်သေပြနေသကဲ့သို့ပင်။
မိတ်ဆွေနည်းပါးလှသော သူ့ ဘဝတွင် နီကျားသည် သူ၏ သူငယ်ချင်းတစ်ယောက်ဖြစ်သော်လည်း သူတို့ တွေ့ဆုံကြတိုင်း တစ်ယောက်နှင့်တစ်ယောက် အမြဲလိုလို ရန်ဖြစ်စနောက်နေကြသကဲ့သို့ပင် ဖြစ်သည်။
"ဆရာတော်... ဆရာတော်က အစ်ကိုကြီးအပေါ် မကျေနပ်တာတွေ များရှိနေလို့လား... တကယ်လို့ မကျေနပ်တာရှိရင်လည်း ဖွင့်ပြောလိုက်ပါ... ဘာလို့ ရင်ထဲမှာပဲ အောင်းထားရတာလဲ..."
"အစ်ကိုကြီးက အရင်တုန်းက ကောင်းကင်ဘုံကို မွှေနှောက်ခဲ့တယ်... ခေါင်းမာပြီး ဥပဒေတွေကို အလေးမထားတတ်ဘူးလေ... ဆရာတော့်အနေနဲ့ မကျေနပ်တာရှိရင်လည်း နားလည်ပေးလို့ ရပါတယ်..."
ထိုအချိန်တွင် ရှားဝူကျင်းက ရုတ်တရက် ဝင်ပြောလိုက်သည်။ သူ့စကားများက သွေးခွဲရန် ကြိုးစားနေပုံရသဖြင့် ကျန်းလျိုမှာ မျက်မှောင်အနည်းငယ် ကြုတ်သွားလေသည်။
သို့သော် ရုတ်တရက် ကျန်းလျို၏ ခေါင်းထဲသို့ အတွေးတစ်ခု ဝင်လာခဲ့သည်။ ဤစကားမျိုးသည် သာမန်အချိန်များတွင် ရှားဝူကျင်း ပြောတတ်သည့် စကားမျိုး မဟုတ်ပေ။ ဤသို့ဆိုလျှင် ဖြစ်နိုင်တာက...။
ဆန်ဝိုင်တစ်ခွက်တည်း သောက်လိုက်ရုံဖြင့် နဂါးနှင့် ဖီးနစ် ယင်ယန်အိုး ၏ မူးယစ်ယမ်းကားခြင်း အထူးစွမ်းရည်က အစွမ်းပြနေပြီလော။
'မူးယစ် ယမ်းကားခြင်း’ ဆိုတာ 'အရက်မူးပြီး အကြမ်းဖက်တာ’ ကို ဆိုလိုတာ မဟုတ်ဘူး… အရက်နည်းနည်း သောက်လိုက်ရုံနဲ့ ဒီအစွမ်းက အလုပ်လုပ်ဖို့ လုံလောက်သွားပြီး အများကြီး သောက်စရာ မလိုတော့တာလား…’
မှန်ပေသည်။ အကယ်၍ သူသာ တကယ် မူးနေခဲ့မည်ဆိုလျှင် နဂါးနှင့် ဖီးနစ် ယင်ယန်အိုး ထံမှ အထူးစွမ်းရည်ပင် လိုအပ်မည်မဟုတ်ဘဲ သူဘာသာသူ အဓိပ္ပာယ်မရှိသော စကားများကို ရမ်းသန်းပြောဆိုနေမည်သာ ဖြစ်သည်။
"တတိယ အစ်ကိုကြီး... စကားပြောတာ ဆင်ခြင်ပါဦး..."
ရှားဝူကျင်းနှင့် ပို၍ ရင်းနှီးသော နဂါးမြင်းဖြူမှာ ထိုစကားများကြောင့် လန့်ဖြန့်သွားပြီး အသံတိုးတိုးဖြင့် အလျင်အမြန် ဝင်ပြောလိုက်သည်။
တစ်ချိန်တည်း၌ တူကို ပြန်ကိုင်ထားသော ကွမ်ယင်ဗောဓိသတ်သည် ထိုစကားကို ကြားသောအခါ မျက်မှောင်အနည်းငယ် ကြုတ်သွားပြီး ရှားဝူကျင်းကို လှမ်းကြည့်လိုက်သော်လည်း မည်သည့်စကားမှ မပြောရန်သာ ရွေးချယ်လိုက်သည်။
သူမကိုယ်တိုင် အနောက်အရပ်သို့ ကျမ်းစာပင့်ဆောင်သည့် အဖွဲ့ဝင် အားလုံးကို တစ်စုတစ်စည်းတည်း ဖြစ်အောင် စုစည်းပေးခဲ့သော်ငြားလည်း ယခုအခါ သူတို့သည် အမှန်တကယ် အဖွဲ့တစ်ဖွဲ့ ဖြစ်နေကြပြီ ဖြစ်သည်။ ထို့ကြောင့် သူမက စောင့်ကြည့်ရန်သာ ဆုံးဖြတ်လိုက်သည်။
"ရှားဝူကျင်း... သာမန်အချိန်တွေဆိုရင် ငါက မင်းကို ဆူလေ့ဆူထ သိပ်မရှိဘူး... ဟိုလူမိုက်ကိုပဲ ပိုဆူဖြစ်တာ... ဒါဆို အခု မင်းက မင်းရဲ့ အစ်ကိုကြီးရဲ့ 'နည်းလမ်း' တွေကို မြည်းစမ်းကြည့်ချင်နေတာလား..."
မိမိအား သိသိသာသာ စော်ကားနေသည့် ရှားဝူကျင်း၏ စကားများကို ကြားသောအခါ စွန်းဝူခုန်းမှာ မကျေမနပ်ဖြစ်သွားပြီး ရှားဝူကျင်းကို စူးရဲစွာ စိုက်ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။
"ဆရာတော် ကြည့်ပါဦး... အစ်ကိုကြီးက လက်ပါတော့မယ်နော်..."
သို့သော် စွန်းဝူခုန်း၏ ဟန်ပန်ကို ရင်ဆိုင်ရချိန်တွင် ရှားဝူကျင်းသည် မကြောက်ရွံ့ခဲ့ပေ။ ထိုအစား သူက ကျန်းလျိုဘက်သို့လှည့်ကာ ညည်းတွားလိုက်သည်။
"အစ်ကိုကြီးက သဘာဝအရကို ကြမ်းတမ်းတာ... ဒုတိယ အစ်ကိုကြီး အနည်းငယ် အဆင်မပြေဖြစ်ရင်တောင် သူက ရိုက်ဖို့၊ ဆဲဖို့ချည်းပဲ လုပ်တယ်... ဆရာတော့်အနေနဲ့ သူ့ကို သေချာလေး ဆုံးမသင့်တယ်လို့ တပည့်တော် ထင်တယ်..."
"ရှားဝူကျင်း ပြောတဲ့စကားတွေက နည်းနည်း မလျော်ကန်ပေမယ့်… အမှန်တရား တစ်ချို့တော့ ပါနေတာပဲ..."
အနီးတွင်ရှိနေသော ကွမ်ယင်ဗောဓိသတ်သည် တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်ပြီး စွန်းဝူခုန်း၏ ဒေါသကို အမှန်တကယ်ပင် အနည်းငယ် ပြုပြင်ပေးရန် လိုအပ်နေသေးကြောင်း ခံစားလိုက်ရသည်။
ညီငယ်များအပေါ် အမြဲတစေ ရိုက်နှက်ဆဲဆိုနေခြင်းမှာ သူ့ အတွက် အမှန်တကယ်ပင် မသင့်တော်လှပေ။
ဤအတွေးက ခေါင်းထဲသို့ ဝင်ရောက်လာပြီးနောက် ကွမ်ယင်ဗောဓိသတ်သည် စွန်းဝူခုန်း၏ ပြောင်လက်နေသော ဦးခေါင်းကို လှမ်းကြည့်လိုက်ရာ သူမ၏ မျက်မှောင်များမှာ ပို၍ပင် ကြုတ်သွားလေသည်။
ဘာတွေဖြစ်နေသနည်း။ ယခင်တစ်ခေါက်က ရွှမ်ကျန်း တောင်းဆိုခဲ့သော ရွှေကွင်းသည် အဘယ်ကြောင့် သူ့ ခေါင်းပေါ်သို့ မရောက်ရှိသေးသနည်း။
"ကဲပါ... ဝူကျင်း... အဓိပ္ပာယ်မရှိတာတွေ လျှောက်မပြောနေနဲ့တော့... မင်း မူးနေပြီ… အခု သွားနားလိုက်တော့..."
မဟာဗျူဟာမြောက် ဆုတ်ခွာသည့်အနေဖြင့် ရှားဝူကျင်းသည် နဂါးနှင့် ဖီးနစ် ယင်ယန်အိုး ၏ အာနိသင်ကြောင့် ဤသို့ဖြစ်နေမှန်း ကျန်းလျို သိနေသော်လည်း ရှားဝူကျင်း မူးနေပြီဟု အကြောင်းပြချက် ပေးလိုက်လေသည်။
"ဆရာတော်... ဆရာတော်ကသာ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာပါ..."
ကျန်းလျို၏စကားဆုံးသည်နှင့် ရှားဝူကျင်းက ပြန်လည်ချေပလိုက်သည်။
"ကျွန်တော်တို့ရဲ့ ဆရာတော် တစ်ပါးအနေနဲ့ အနောက်အရပ်ကို ကျမ်းစာပင့်ဆောင်မယ့် ဒီခရီးစဉ်မှာ တပည့်တွေအတွက် စံပြဖြစ်အောင် နေပြရမှာပေါ့... ဒါပေမယ့် တကယ်တမ်းကျတော့ကော ဘာလဲ... ဆရာတော်က အရက်သောက်တယ်… အသားစားတယ်… လောင်းကစားလုပ်တယ်… မာဂျောင် ကစားတယ်... ဒီလိုအပြုအမူမျိုးနဲ့ ဘယ်လိုလုပ်ပြီး အနောက်အရပ်ကို ရောက်အောင်သွားပြီး စစ်မှန်တဲ့ ကျမ်းစာ တွေကို ရယူနိုင်မှာလဲ... ကျွန်တော် မူးနေပြီ ဟုတ်လား... ဆန်ဝိုင်တစ်ခွက်လေး သောက်ရုံနဲ့ မူးမလား... ကျွန်တော့်ကို တစ်စည်လုံးတိုက်ရင်တောင် မူးမှာမဟုတ်ဘူး..."
"ဝူကျင်း... ရွှမ်ကျန်း ပြောတာ မှန်တယ်... မင်း မူးနေပြီ… အခု သွားနားလိုက်တော့..."
ဤစကားများကို ကြားသောအခါ ကွမ်ယင်ဗောဓိသတ်မှာ မနေနိုင်တော့ဘဲ သူ့ကို ခပ်တိုးတိုး ဆူပူလိုက်လေသည်။
သူ စွန်းဝူခုန်းကို ရင်ဆိုင်စကားများခြင်းက ကိစ္စမရှိပေ။ မည်သို့ပင်ဆိုစေ သူတို့သည် မျိုးဆက်တူ နောင်တော် ညီငယ်များ ဖြစ်ကြသည်။
သို့သော် ရွှမ်ကျန်းသည် သူ၏ ဆရာဖြစ်ပြီး သူတို့၏ အဆင့်အတန်းနှင့် ရိုသေလေးစားမှုတို့မှာ ကွဲပြားခြားနားလှသည်။ သို့ပါလျက်နှင့် သူ၏ ကိုယ်ပိုင်ဆရာကိုပင် ဤသို့ ပြောဆိုရဲသည်တဲ့လား။ ကွမ်ယင်ဗောဓိသတ်အနေဖြင့် ဤအရာကို မည်သို့ သည်းခံနိုင်မည်နည်း။
ထို့အပြင် လောင်းကစားခြင်းနှင့် မာဂျောင် ကစားခြင်း ဟုတ်လား။ သူမသိထားသလောက်ဆိုလျှင် သူကိုယ်တိုင်လည်း လောင်းကစား လုပ်နေသည် မဟုတ်ပါလော။ အရက်သောက်ပြီး အသားစားသည် ဟုတ်လား။ အခု သူကိုယ်တိုင် ဘာလုပ်နေသနည်း။
သူကိုယ်တိုင် မာဂျောင် ကစားခဲ့ပြီး အရက်သောက်၊ အသားစားနေပါလျက်နှင့် ဆရာဖြစ်သူကို ဝေဖန်ရန် ဤအရာများကို အသုံးပြုရဲသေးသည်တဲ့လား။ လူတစ်ယောက်က ဘယ်လောက်တောင် အရှက်မရှိ ဖြစ်နိုင်သနည်း။
"ဗောဓိသတ်... ဗောဓိသတ်က ကျွန်တော့်ကို တရားပြပြီး အနောက်အရပ်ကို ကျမ်းစာပင့်ဆောင်မယ့် အဖွဲ့ထဲ ဝင်ခွင့်ပေးခဲ့တယ်... နတ်ဘုရားတွေ… ဗုဒ္ဓတွေကြားထဲကို ပြန်လည်ဝင်ရောက်ခွင့် ပေးခဲ့တဲ့အတွက် ကျွန်တော် အရမ်းကို ကျေးဇူးတင်ပါတယ်..."
ရှားဝူကျင်းသည် လှည့်လာကာ သူ၏အကြည့်တို့က ကွမ်ယင်ဗောဓိသတ်ထံသို့ ကျရောက်သွားပြီး ပြောလိုက်သည်။
သို့သော် ကွမ်ယင်ဗောဓိသတ်မှာ သူ၏စကားများကြောင့် ဝမ်းမြောက်မသွားနိုင်မီမှာပင် ရှားဝူကျင်းက စကားလမ်းကြောင်းလွှဲကာ ပြောလိုက်သည်။
"ဒါနဲ့ ဗောဓိသတ်... ပြီးခဲ့တဲ့အကြိမ်က ဗောဓိသတ် အိုက်အိုက် အဖြစ် အသွင်ပြောင်းခဲ့တုန်းက ဗောဓိသတ်နဲ့ ဒုတိယ အစ်ကိုကြီး ကြားထဲမှာ ဘာတွေများ အတိအကျ ဖြစ်ခဲ့တာလဲ... ကျွန်တော် တော်တော်လေး သိချင်နေလို့ပါ... အဲဒီအကြောင်းလေး ကျွန်တော်တို့ကို နည်းနည်းလောက် ပြောပြပေးလို့ ရမလး..."
“...”
အနေရခက်စွာ တိတ်ဆိတ်သွားလေသည်။
ရှားဝူကျင်း၏ စကားများကြောင့် ယခင်က ဟန်ချက်ညီပြီး သက်ဝင်လှုပ်ရှားနေသော ညစာစားပွဲမှာ ရုတ်တရက် အနေရခက်သွားပြီး စားပွဲဝိုင်းရှိ လူတိုင်းသည် စားသောက်နေခြင်းကို ရပ်တန့်ကာ သူတို့၏ အကြည့်များက ရှားဝူကျင်းထံသို့ ကျရောက်သွားလေသည်။
"သွားပြီ... ဒီကနေ့ တတိယ အစ်ကိုကြီူ ဘာတွေများ ဖြစ်နေတာလဲ..."
နဂါးမြင်းဖြူ သည် သူ၏ တူကိုချလိုက်ပြီး ဆက်မကြည့်ရက်တော့သည့်အလား မျက်လုံးများကို ဖုံးအုပ်ထားလိုက်သည်။
‘ဘုန်းကြီးရှားကတော့ အကြီးဆုံး ဝှက်ဖဲကြီးကို ပစ်ချလိုက်ပြီဟေ့...’
ကွမ်ယင်၏ မျက်နှာပေါ်မှ မည်းမှောင် နေမှုများကို ကြည့်ကာ ကျန်းလျိုမှာ စိတ်ထဲမှ တိတ်တခိုး ရယ်မောလိုက်မိတော့သည်။
***