← Chapters

အခန်း ၃၄၅

Vol. 25 Ch. 345

အခန်း ၃၄၅

Vol. 25 Ch. 345

အပိုင်း(၃၄၅)

ကျန်းလျိုသည် တိတ်ဆိတ်စွာ ခေါင်းခါလိုက်ပြီး ဤထူးဆန်းသော ခံစားချက်များကို သူ၏ခေါင်းထဲမှ မောင်းထုတ်ပစ်လိုက်သည်။ ရှားဝူကျင်းအပေါ် အပြစ်ရှိသလို ခံစားနေရပြီး သူ့ကို အကွက်ဆင်ခဲ့မိသည့်အတွက် ကျန်းလျိုမှာ စိတ်မကောင်းဖြစ်မိလေသည်။

သို့သော် မည်သို့ပင်ဆိုစေကာမူ ဤကိစ္စသည် သူ၏ ကိုယ်ပိုင် အရေးကြီးသော ကိစ္စရပ်များနှင့် သက်ဆိုင်နေသဖြင့် သူလုပ်ခဲ့သမျှအတွက် နောင်တတော့ မရခဲ့ပေ။ လမ်းကြောင်းချင်း မတူလျှင် အတူတူ လျှောက်လှမ်း၍ မရဘူးဆိုသော စကားလိုပင် ဖြစ်သည်။

သူ၏ ရည်မှန်းချက်မှာ ကောင်းယန် ကို ကယ်တင်ရန်သာမက သူ့ကိုယ်သူပါ ကယ်တင်ရန်အတွက် အနောက်အရပ် ရှိ နတ်ဘုရားများအားလုံးကို ဖြုတ်ချပစ်ရန် ဖြစ်သည်။ ကျူးပါကျဲ နှင့် စွန်းဝူခုန်း တို့သည် သူ့ဘက်တွင် ရှိနေကြပြီဖြစ်ပြီး နဂါးမြင်းဖြူ ပင်လျှင် နောက်ဆုံး၌ သူ၏ လမ်းကြောင်းပေါ်သို့ ရောက်ရှိလာမည်သာ ဖြစ်သည်။

ရှားဝူကျင်း တစ်ယောက်တည်းကသာလျှင် သူတို့နှင့် စိတ်သဘောထားချင်း မတူညီဘဲ နတ်ဘုရားများနှင့် ဗုဒ္ဓများ အတွက် သူလျှိုတစ်ယောက်ပင် ဖြစ်လာနိုင်ရာ ကျန်းလျိုသည် သူ့ကို မောင်းထုတ်ရန် ဆုံးဖြတ်ထားခြင်း ဖြစ်သည်။

သူသည် သူ့ကို အကွက်ဆင်ခဲ့ပြီး အပြစ်ရှိသလို ခံစားရသော်လည်း သူ့ကိုယ်သူအတွက်ရော သူ့ကို ယုံကြည်ကြသော စွန်းဝူခုန်း နှင့် ကျူးပါကျဲ တို့ကဲ့သို့သော သူများအတွက်ပါ မဖြစ်မနေ လုပ်ဆောင်ရခြင်းဖြစ်ရာ နောင်တရစရာ အကြောင်းမရှိပေ။

မည်သို့ပင်ဖြစ်စေ သူ၏ ရည်မှန်းချက်က သူ့ကို အဖွဲ့ထဲမှ ကန်ထုတ်ပစ်ရန်သာ ဖြစ်ပြီး သူ့အသက်ကို ယူရန် မဟုတ်ပါချေ။

"ဝူကျင်း... မင်း ဒီကနေ့ ကွမ်ယင်ဗောဓိသတ် ကို ပြစ်မှားစော်ကားမိသွားပြီ... ဒါကြောင့် မင်းကို ရက်ပိုင်းလောက် ပုန်းရှောင်နေဖို့ ငါအကြံပေးချင်တယ်..."

အခိုက်အတန့် တစ်ခု အကြာတွင် ကျန်းလျိုက ပြောလိုက်သည်။

"ဗျာ... ရက်အနည်းငယ်လောက် ပုန်းရှောင်နေရမယ် ဟုတ်လား... ဆရာတော်က ကျွန်တော့်ကို တကယ်ကြီး မောင်းထုတ်နေတာလား... ဟင့်အင်း… ကျွန်တော် မသွားဘူး... ကျေးဇူးပြုပြီး ကျွန်တော့်ကို မမောင်းထုတ်ပါနဲ့ ဆရာတော်..."

ကျန်းလျို၏ စကားများကို ကြားသောအခါ ရှားဝူကျင်း၏ မျက်နှာမှာ စိုးရိမ်ပူပန်သွားပြီး ဘာပဲဖြစ်ဖြစ် ထွက်မသွားလိုသော ဟန်ပန်ဖြင့် ကျယ်လောင်စွာ အော်ဟစ်ပြောလိုက်သည်။

‘တကယ်လို့ မင်းကို မောင်းထုတ်လို့ရရင် ငါစောစောကတည်းက မောင်းထုတ်ပစ်ပြီးပြီပေါ့...’

ရှားဝူကျင်း၏ သဘောထားက ကျန်းလျိုကို တိတ်တခိုး လှောင်ပြောင်ရယ်မောချင်စိတ် ပေါက်သွားစေသည်။ သူက ထွက်ပြေးရမည့်အစား သေဖို့ကိုသာ ရွေးချယ်ချင်နေသဖြင့် ကျန်းလျိုအနေဖြင့် သူ့ကို မောင်းထုတ်ရန်မှာ ပို၍ပင် မဖြစ်နိုင်တော့ရာ ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။

"မဟုတ်ပါဘူး... ငါက မင်းကို မောင်းထုတ်နေတာ မဟုတ်ပါဘူး… ရက်ပိုင်းလောက် ပုန်းနေခိုင်းရုံပါ..."

"ရက်ပိုင်းလောက် ပုန်းရှောင်နေရမယ်... ဘာဖြစ်လို့လဲဟင်..."

မိမိကို မောင်းထုတ်နေခြင်း မဟုတ်ကြောင်း ကျန်းလျို၏ စကားများကို ကြားသောအခါ ရှားဝူကျင်းသည် အနည်းငယ် စိတ်အေးသွားသော်လည်း နားမလည်နိုင်ဖြစ်ကာ ကျန်းလျိုကို ကြည့်၍ မေးလိုက်သည်။

"ရိုးရှင်းပါတယ်... ပါကျဲ ဗောဓိသတ်ကို စော်ကားမိသွားတဲ့ ကိစ္စကို မင်း မမှတ်မိဘူးလား..."

ရှားဝူကျင်း၏ မျက်နှာထားကို မြင်သောအခါ ကျန်းလျိုက သူ့ကို အနည်းငယ် လက်မြှောက်အရှုံးပေးချင်သော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။

"ဆရာတော်... ဘာလို့ အဲဒီကိစ္စကို ထပ်ပြောနေရတာလဲ..."

ထိုကိစ္စကြောင့်ပင် သူသည် ကွမ်ယင်ဗောဓိသတ်၏ သတ်ဖြတ်ခြင်းကို ခံရလုနီးပါး ဖြစ်ခဲ့ရသည် မဟုတ်ပါလော။ ကျန်းလျိုက ဤအကြောင်းကို ထပ်မံထုတ်ဖော်ပြောဆိုလာသဖြင့် ရှားဝူကျင်းမှာ လန့်ဖြန့်သွားပြီး ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်လေသည်။

"ငါက အဲဒီကိစ္စ အကြောင်းကို ပြောနေတာ မဟုတ်ဘူး… အဲဒီနောက်ပိုင်း ဘာဖြစ်သွားလဲဆိုတာကို မင်း မမှတ်မိဘူးလားလို့ မေးတာ... ပါကျဲက မိစ္ဆာ ကျူးကျူး နဲ့ တွေ့ဆုံခဲ့တယ်… နောက်တော့ ကျူးကျူးမှာ ပါကျဲရဲ့ ကလေးတောင် ကိုယ်ဝန်ရလာခဲ့တယ်... ဒါပေမယ့် ရလဒ်က ဘာဖြစ်သွားလဲ... ကျူးကျူးရော သူ့ဗိုက်ထဲက ကလေးရော သေဆုံးသွားခဲ့ရတယ်... သူတို့ကို ဘယ်သူသတ်သွားတာလဲ..."

ရှားဝူကျင်း၏ မျက်နှာထားကို မြင်သောအခါ ကျန်းလျိုက သူ့ကို စိတ်မရှည်စွာ ကြည့်လိုက်လေသည်။

"သူတို့ ကွမ်ယင်ဗောဓိသတ် ရဲ့ လက်ချက်နဲ့ သေဆုံးသွားခဲ့တာလေ..."

ဤစကားများကို ကြားသောအခါ ရှားဝူကျင်းက ကြောင်တောင်တောင်ဖြင့် ပြန်ဖြေလိုက်သည်။ သို့သော်... ထိုစကားအဆုံးတွင် သူသည် တစ်စုံတစ်ခုကို သဘောပေါက်သွားဟန်ဖြင့် မျက်နှာမှာ ရုတ်တရက် ဖြူရော်သွားကာ ပြောလိုက်သည်။

"အဲဒီတုန်းက ကွမ်ယင်ဗောဓိသတ်က ဒုတိယ အစ်ကိုကြီးရဲ့ အသက်ကို ကယ်တင်ပေးခဲ့တာ မဟုတ်ဘူးလား... ဆရာတော် ပြောချင်တာက ဗောဓိသတ်က သူ့ကို တမင်သက်သက် သတ်ဖို့ ကြိုးစားခဲ့တာလို့ ဆိုလိုတာလား..."

"ဝူကျင်း... ငါ တည့်ပဲ ပြောမယ်… ကျူးကျူး သေဆုံးသွားပြီးနောက်ပိုင်း ပါကျဲက ခဏ ထွက်သွားခဲ့တယ် မဟုတ်လား... သူဘယ်သွားလဲဆိုတာ မင်းသိလား... သူက ဖူးစာရေးနတ်မင်း ဆီကို သွားခဲ့တာ... အစကတော့ သူနဲ့ ကျူးကျူးကို ဖူးစာကြိုး နီနီလေးနဲ့ ချည်နှောင်ပေးခဲ့တဲ့အတွက် ကလဲ့စားချေဖို့ သွားခဲ့တာပေါ့... ဒါပေမယ့် ဖူးစာရေးနတ်မင်းက ဘယ်လိုတုံ့ပြန်ခဲ့လဲဆိုတာကိုရော မင်းသိလား..."

ကျန်းလျိုသည် အလွန်အမင်း တိုက်ရိုက်ကြီး မပြောဘဲ ကျူးပါကျဲ၏ နောက်ဆက်တွဲ လုပ်ရပ်များကိုသာ အကြမ်းဖျင်း ရှင်းပြလိုက်လေသည်။

"ဖူးစာရေးနတ်မင်း ဟုတ်လား... ဒါက သူ့ဆီမှာ တာဝန်ရှိတာ သေချာတယ်… အဲဒီတုန်းက သူက ဘယ်လိုတုံ့ပြန်ခဲ့လဲ..."

ကျန်းလျို၏ စကားများအဆုံးတွင် ရှားဝူကျင်းက မေးလိုက်သည်။

"ဖူးစာရေးနတ်မင်းက ပါကျဲနဲ့ ကျူးကျူးကြားက ဖူးစာကြိုး နီနီလေးကို သူချည်နှောင်ပေးခဲ့တာ မဟုတ်ဘူးလို့ ပြန်ဖြေခဲ့တယ်... နောက်ပြီး လွန်ခဲ့တဲ့ အချိန်အတော်ကြာက ကွမ်ယင်ဗောဓိသတ်ဟာ ဖူးစာရေးနတ်မင်းဆီကနေ ဖူးစာကြိုး အချို့ကို ယူဆောင်သွားခဲ့ဖူးတယ်တဲ့..."

ကျန်းလျိုသည် စကားပြောနေစဉ် ရှားဝူကျင်းကို စိုက်ကြည့်နေလိုက်သည်။

"ဒါဆို ဖြစ်နိုင်တာက... ဒါတွေအားလုံးက..."

ထိုစကားများကို ကြားသောအခါ ရှားဝူကျင်း၏ မျက်နှာအရောင်မှာ သိသိသာသာ ပြောင်းလဲသွားလေသည်။ ရှားဝူကျင်းကို လူမိုက်တစ်ယောက်ဟု ဆိုလိုခြင်း မဟုတ်ပေ။ လူမိုက်တစ်ယောက်ပင်လျှင် ဤအရာများကို ကြားလိုက်ရပါက အမှန်တရားက ဘာလဲဆိုတာကို နားလည်သွားမည်သာ ဖြစ်သည်။

"မင်းဘာသာမင်း စဉ်းစားကြည့်လေ... ပါကျဲက ကွမ်ယင်ဗောဓိသတ်ကို စော်ကားမိပြီး သိပ်မကြာခင်မှာပဲ… အချစ်ရေးနဲ့ ပတ်သက်တဲ့ အဖြစ်ဆိုးတစ်ခုနဲ့ ကြုံတွေ့ခဲ့ရပြီး သားမယား နှစ်ယောက်စလုံးကို ဆုံးရှုံးခဲ့ရတယ်... ဒါကြောင့် ဘာမှမပြောခင် ရက်အနည်းငယ်လောက် ပုန်းအောင်းနေဖို့ မင်းကို ငါ အကြံပေးချင်တယ်..."

ကျန်းလျိုက ခေါင်းညိတ်ကာ ရှားဝူကျင်းကို အကြံပေးလိုက်သည်။

"ကျွန်တော်... ကျွန်တော်..."

ထိုစကားများကို ကြားသောအခါ ရှားဝူကျင်း၏ နှလုံးသားထဲတွင် အေးစက်သွားပြီး အရာအားလုံးက အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလွန်းနေသည်ဟု ခံစားလိုက်ရသည်။

သူသည် အနောက်အရပ်သို့ ကျမ်းစာပင့်ဆောင်သည့် အဖွဲ့ ထဲတွင် အမြဲရှိနေခဲ့သော်လည်း အဖွဲ့အတွင်း၌ ဤကဲ့သို့သော အဖြစ်အပျက်များ ဖြစ်ပျက်ခဲ့သည်ကို သူ လုံးဝ သတိမထားမိခဲ့ချေ။

ကျန်းလျို၏ စကားများကို ကြားသောအခါ ရှားဝူကျင်းသည် သူ အမှန်တကယ်ပင် ရက်အနည်းငယ်ခန့် ပုန်းရှောင်နေသင့်ကြောင်း ခံစားလိုက်ရသော်လည်း ပုန်းရှောင်နေခြင်းက အနောက်အရပ်သို့ ကျမ်းစာပင့်ဆောင်သည့် အဖွဲ့ ထဲမှ အမှန်တကယ် ထွက်ခွာသွားရခြင်းမျိုး ဖြစ်သွားမည်ကို သူ စိုးရိမ်နေမိသည်။

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ရှားဝူကျင်း၏ အကြည့်တို့က လေးနက်သွားကာ ကျန်းလျိုကို စိုက်ကြည့်ရင်း ပြောလိုက်သည်။

"ဆရာတော်... ရက်ပိုင်းလောက် သွားပုန်းနေဖို့ ဆရာတော်ကိုယ်တိုင် ပြောခဲ့တာနော်... ကျွန်တော့်ကို လမ်းလယ်ခေါင်မှာ ပစ်မထားခဲ့တာ ပိုကောင်းမယ်..."

"စိတ်မပူပါနဲ့... ငါ့မှာ ကိုယ်ကျင့်တရားတွေ သိပ်မရှိပေမယ့်… ငါပေးထားတဲ့ ကတိကိုတော့ အလေးအနက်ထား တည်အောင် လုပ်ပါတယ်..."

"ဒီလိုလုပ်ပါလား... လပိုင်းလောက် ဒါမှမဟုတ် တစ်နှစ်လောက် သွားပုန်းနေလိုက်ပါ... ငါဒီ ရတနာဆင် တိုင်းပြည် မှာပဲ နေပြီး ဘယ်မှ ထွက်မသွားဘူး... မင်းပြန်လာတဲ့ အချိန်ကျမှပဲ အနောက်အရပ်ကို သွားမယ့်ခရီးစဉ်ကို ဆက်ကြတာပေါ့..."

ကျန်းလျိုက ခေါင်းညိတ်လိုက်ပြီး သစ္စာရှိသော ဟန်ပန်ဖြင့် ရှားဝူကျင်းကို ပြောလိုက်သည်။

"ဆရာတော်..."

ကျန်းလျို၏ စကားများကို ကြားသောအခါ သူ့အတွက် ကိုယ်စား ခရီးစဉ်ကို တစ်နှစ်၊ တစ်နှစ်ခွဲခန့် အချိန်ဆွဲပေးရန် ဆန္ဒရှိသော ဆရာကို ရှားဝူကျင်းမှာ အလွန်ကျေးဇူးတင်သွားပြီး ချက်ချင်းပင် ဒူးထောက်ကာ တဒုန်းဒုန်း မြည်သည်အထိ ရင်ထဲမှလှိုက်လှဲစွာ ဦးချကန်တော့လိုက်လေသည်။

"ဆရာတော့်ရဲ့ မေတ္တာနဲ့ ကျေးဇူးတရားတွေကို ဒီဘဝမှာ ဘယ်တော့မှ ပြန်မဆပ်နိုင်တော့ပါဘူး... ဒီကနေစပြီး အနောက်အရပ်ကို သွားမယ့် လမ်းတစ်လျှောက်လုံးမှာ ကျွန်တော် စွမ်းနိုင်သမျှ အရာအားလုံးကို သေချာပေါက် ပေးဆပ်သွားပါ့မယ်..."

"ကဲပါ... အခု မင်းသွားလို့ရပါပြီ... စကားတွေ အများကြီး ပြောနေစရာ မလိုတော့ပါဘူး..."

ရှားဝူကျင်း၏ အခြေအနေကို မြင်သောအခါ ကျန်းလျိုက သူ၏လက်ကို ဝှေ့ယမ်းပြလိုက်ပြီး ဆရာနှင့်တပည့်ကြား နက်ရှိုင်းသော သံယောဇဉ်ကို ဖော်ပြသည့် အကြည့်မျိုးဖြင့် ကြည့်လိုက်လေသည်။

"ဆရာတော်... ကျွန်တော် သွားပါတော့မယ်..."

ခေါင်းညိတ်ကာ ရှားဝူကျင်းသည် ခြေသုံးလှမ်းလှမ်းတိုင်း တစ်ကြိမ် ပြန်ပြန်လှည့်ကြည့်နေပြီး မခွဲခွာချင်သော ဟန်ပန်ဖြင့် နောက်ဆုံးတွင် လှည့်ကာ တိမ်တိုက်များဆီသို့ ပျံတက်သွားလေတော့သည်။

"ဟူး....နောက်ဆုံးတော့ သူ့ကို ထွက်သွားအောင် ဖျောင်းဖျနိုင်ခဲ့ပြီပဲ..."

ရှားဝူကျင်း အဖွဲ့ထဲမှ နောက်ဆုံးတွင် ထွက်ခွာသွားသည်ကို ကြည့်ကာ ကျန်းလျိုက သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်လေသည်။

ရှားဝူကျင်း ထွက်သွားခဲ့သော်လည်း တာဝန် က ပြီးမြောက်မသွားခဲ့ပေ။ ၎င်းက သူ့ကို တပည့်အဖြစ်မှ ထုတ်ပယ်လိုက်ခြင်း မမည်ကြောင်း ရှင်းလင်းနေပေသည်။ ကျန်းလျိုအနေဖြင့် ဤကိစ္စကို စိတ်မပူခဲ့ပေ။

တာဝန် မပြီးဆုံးဘဲ စိတ်ပျက်စရာ ကောင်းသော်လည်း သူ့ကို ယာယီထွက်သွားအောင် လုပ်နိုင်ခဲ့ခြင်းက ကောင်းမွန်ပေသည်။ အနည်းဆုံးတော့ ဝတ်ရုံဝါ မိစ္ဆာ ၏ ကောက်ကျစ်သော အစီအစဉ်နှင့် ပတ်သက်၍ သူလျှိုဖြစ်သော ရှားဝူကျင်းက သတင်းပေါက်ကြားသွားစေမည်ကို သူ စိုးရိမ်စရာ မလိုတော့ပေ။

အကယ်၍ ရှားဝူကျင်းသာ တစ်နှစ် သို့မဟုတ် ထိုထက်ပို၍ အမှန်တကယ် ပုန်းအောင်းနေနိုင်ခဲ့လျှင် ကျန်းလျို ပို၍ပင် ပျော်ရွှင်ရမည် ဖြစ်သည်။

ထိုသို့ဆိုလျှင် သူ့အနေဖြင့် ရတနာဆင် တိုင်းပြည် တွင် တစ်နှစ်၊ တစ်နှစ်ခွဲခန့် တရားဝင် အချိန်ယူနိုင်မည်ဖြစ်ရာ သူကိုယ်တိုင် ကျင့်ကြံရန်အတွက် ပို၍ကောင်းမွန်သော အခွင့်အရေး ရရှိမည် မဟုတ်ပါလော။

"ဟူး... သူသေရမယ်ဆိုရင်တောင် အနောက်အရပ်သို့ ကျမ်းစာပင့်ဆောင်သည့် အဖွဲ့ ထဲကနေ ထွက်မသွားချင်ဘူးလို့ ငါ လုံးဝ မမျှော်လင့်ထားခဲ့မိဘူး... တကယ်ပဲ အတွေ့အကြုံမှတ် သန်းရှစ်ဆယ် ရဖို့ဆိုတာ အဲဒီလောက် မလွယ်ကူဘူးပဲ..."

ရှားဝူကျင်း၏ ရွေးချယ်မှုနှင့် သေချာပေါက် အောင်မြင်မည်ဟု ထင်ရသော တာဝန်မှာ ပြီးမြောက်မသွားသေးသည်ကို တွေးမိသောအခါ ကျန်းလျိုမှာ မလွှဲမရှောင်သာ အနည်းငယ် စိတ်ပျက်သွားမိလေသည်။

သူသည် စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး ခေါင်းခါကာ ထိုကိစ္စကို ဆက်မတွေးတော့ပေ။ ထို့နောက် လှည့်ကာ သူ၏အခန်းထဲသို့ ကျင့်ကြံရန် ပြန်သွားလေသည်။

ယနေ့မှာပင် ရှားဝူကျင်းကို အကွက်ဆင်ခဲ့ခြင်းဖြင့် သူက အလွန်အမင်း ကျေးဇူးတင်သွားကာ သူ့အတွက် အသက်ကိုပင် စွန့်လွှတ်ရန် အသင့်ဖြစ်နေသည့် ဤမမျှော်လင့်ထားသော အခြေအနေက ကျန်းလျိုကို အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားစေခဲ့လေသည်။

ထိုကိစ္စများအပြင် ကျူးပါကျဲနှင့် ရှားဝူကျင်းတို့ မရှိတော့ဘဲ ကျန်းလျိုလည်း သူ၏အခန်းထဲသို့ ပြန်ဝင်သွားရာ စွန်းဝူခုန်းနှင့် နဂါးမြင်းဖြူတို့ နှစ်ယောက်သာ ကျန်ရစ်ခဲ့လေသည်။ နဂါးနှင့် ဖီးနစ် ယင်ယန်အိုး ထဲရှိ အရသာရှိသော အစားအစာများပင်လျှင် စားချင်စရာ သိပ်မကောင်းတော့သကဲ့သို့ ထင်ရလေသည်။

ညတစ်ညသည် တိတ်ဆိတ်စွာ ကုန်လွန်သွားခဲ့ပြီး နောက်တစ်နေ့ နံနက်တွင် ကျန်းလျိုနှင့် အခြားသူများသည် မျက်နှာသစ် ကိုယ်လက်သန့်စင်ကာ ပစ္စည်းများကို အနည်းငယ် သိမ်းဆည်းပြီးနောက် ဝမ်ဇီတောင် သို့ ဆက်လက်ထွက်ခွာလာခဲ့ကြသည်။

***

All Chapters