အခန်း ၃၃၂
Vol. 23 Ch. 332
အပိုင်း(၃၃၂) သစ္စာဖောက်က ဘယ်သူလဲ၊ ဧကရာဇ်ပြန်လာပြီ
နာရီအနည်းငယ် ကြာပြီးနောက်။
"နတ်ဘုရားအနှစ်သာရ တစ်ဝက်နီးပါး ခိုးယူခံလိုက်ရတယ်။ အဲဒါကို ဘယ်သူ လုပ်တာလဲ။ သူတို့က တကယ့်ကို ရဲတင်းလွန်းတယ်။"
"ဒီကမ္ဘာကို အထူးသော့မပါဘဲ ဖွင့်လို့ မရဘူး။ ဘယ်သူကများ အထဲကို ဖောက်ဝင်လာနိုင်မှာလဲ။ ပြီးတော့ နတ်ဘုရားအနှစ်သာရရှိတဲ့ နေရာအတိအကျကို ဘယ်သူက သိနိုင်မှာလဲ။ ပြီးတော့လည်း တတိယမြောက် နန်းဆောင်သခင်က ကောင်းကင်နယ်ပယ်တစ်ပိုင်း ကျွမ်းကျင်သူပဲ။ သူ့ရဲ့ စောင့်ကြည့်မှုကို ဘယ်သူကများ ရှောင်လွှဲပြီး ထွက်ပြေးနိုင်မှာလဲ။။"
"သစ္စာဖောက်တစ်ယောက် ရှိနေတယ်။"
"ဟုတ်တယ်။ ဒါက အရမ်းကို ထူးဆန်းတယ်။"
"ငါပြောနေတာက အတွင်းထဲမှာ သစ္စာဖောက်တစ်ယောက် ရှိနေတာ။"
...
နန်းဆောင်သခင်များ ပြန်လည် စုဝေးမိကြသည်။
တိတ်တဆိတ် ရှာဖွေပြီးနောက်တွင် နတ်ဘုရားအဆင့်အတန်းကို ခိုးယူသွားသူသည် အရိပ်အယောင်ပင် မကျန်ခဲ့ပေ။ ကောင်းကင်ကြည့်ဆောင် သိမ်းဆည်းထားသော နတ်ဘုရားအနှစ်သာရများ၏ တစ်ဝက်မှာ သူခိုး၏ လက်ချက်ဖြင့် ပါသွားခဲ့သည်။
ဤအဖြစ်အပျက်က နန်းဆောင်သခင်အားလုံး၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားစေသည်။
အဋ္ဌမမြောက် နန်းဆောင်သခင်သည် စူးစိုက်ကြည့်ကာ အသံနက်ဖြင့် ပြောလိုက်သည်။ "တတိယမြောက် နန်းဆောင်သခင်။ မင်း ဆိုလိုတာက ကောင်းကင်ကြည့်ဆောင်ထဲက တစ်ယောက်ယောက်က ခိုးနေတာလား။ တည့်ပြောစမ်း။ ဘယ်သူ လုပ်တာလဲ။ ငါ သွားပြီး သူ့ခေါင်းကို ယူလာပေးမယ်။"
နတ်ဘုရားများ၏ အဆင့်အတန်းမှာ အလွန်အရေးကြီးလှသဖြင့် ဤအရေးကြီးသော အချိန်အခါတွင် ခိုးယူခံရခြင်းမှာ ရှေးခေတ်ကာလမှ ကျန်ရှိနေသူအချို့ကိုပင် ထိတ်လန့်သွားစေခဲ့သည်။
ဝမ်ရွှင်က မည်သည့်အဖြေမျှမပေးဘဲ တိတ်ဆိတ်နေပြီး မျက်လုံးများ၏နက်ရှိုင်းရာတွင် ထက်မြက်သော အလင်းတန်းတစ်ခု ရှိနေလေသည်။
အချိန်အတော်ကြာပြီးနောက်။
သူက လက်ကိုဝှေ့ယမ်းကာ ပြောလိုက်သည်။ "ဒါကို ဒီလောက်နဲ့ပဲ ထားလိုက်ကြတာပေါ့။ နောက်ထပ် ဆက်မစုံစမ်းနဲ့တော့။ ငါ ဒီကိစ္စကို နန်းဆောင်သခင်ချုပ်ဆီ နောက်ပိုင်း အစီရင်ခံလိုက်မယ်။ မင်းတို့အနေနဲ့က ကောင်းကင်ပြည်နယ်ပေါင်းစည်းရေးကို ဆက်လက်မြှင့်တင်ပြီးတော့ အင်အားစုအားလုံးကို စုစည်းပြီး ရက်ပေါင်း (၃၀)အတွင်း တစ်ခုတည်းသော အင်အားစုအဖြစ် ပေါင်းစည်းဖို့ ကြိုးစား။ ရက်ပေါင်း(၆၀)အတွင်းမှာ၊ ကောင်းကင်ပြည်နယ်ရဲ့ ကံကြမ္မာတစ်ဝက်ကိုသုံးပြီး ကျိဝူရွှမ်ကို အားဖြည့်ပေး။ သူက အချိန်-နေရာလွတ် ဓားသူတော်စင်ရဲ့နယ်ပယ်ကို မြန်မြန်မီအောင် လိုက်နိုင်သရွေ့တော့ သူ့ကို အတင်းအကျပ် ပိုပြီးတော့မြန်အောင် ကြီးထွားခိုင်း။"
"ဟုတ်ပြီ။ မင်းတို့အားလုံး ပြန်ကြတော့။"
ပဉ္စမမြောက် နန်းဆောင်သခင် ရှန်ကွမ်းပီယွိက မထသေးဘဲ ရှိနေသည်။ သူက လက်ညှိုးနှင့် လက်မကြားရှိ ကျောက်စိမ်းဆွဲသီးတစ်ခုကို ပွတ်သပ်ကစားနေလေသည်။ "ရှန်ကွမ်း"ဟူသော စာလုံးများကို အရှေ့ဘက်တွင် ထွင်းထုထားသည်။ သူပ ဆွဲသီးကိုမြှောက်ကာ နှုတ်ခမ်းပေါ်သို့ ဖိကပ်ပြီး ပြောလိုက်သည်။
"တတိယမြောက် နန်းဆောင်သခင်။ ကျွန်မတို့အားလုံးက အတိတ်ရဲ့မျိုးဆက်တွေပဲ။ ရှေးခေတ်ရဲ့ ပျောက်ဆုံးသွားတဲ့ ဂုဏ်ကျက်သရေကို စိတ်အားထက်သန်စွာ ရှာဖွေနေကြတာ။ ကျွန်မတို့အားလုံးက လူသားတွေ ဖြစ်ကြပြီးတော့ လူသားဧကရာဇ်ခေတ်မှာတုန်းကလည်း တိုင်းပြည်နဲ့ပြည်သူတွေအတွက် အမှုထမ်းတဲ့ လူကောင်းတွေပဲ။ ခေတ်သစ်နဲ့ခေတ်ဟောင်းက သဘာဝအတိုင်း ဆန့်ကျင်ဘက်ဖြစ်နေပြီး ရန်သူတွေ ဖြစ်ဖို့ ကံကြမ္မာပါလာကြတယ်။"
"ဒီခေတ်လူတွေက ခေတ်ဟောင်းက အကြွင်းအကျန်တွေ ပြန်လာပြီးတော့ ကမ္ဘာကို ပြန်အုပ်ချုပ်တာကို ခွင့်မပြုဘူး။ ပြီးတော့ ကျွန်မတို့လည်း ယုံကြည်ချက်တွေကို စွန့်လွှတ်မှာ မဟုတ်ဘူး။ ဒါက ကျွန်မတို့ကံကြမ္မာရဲ့ ရွေးချယ်မှုပဲ။"
ရှန်ကွမ်းပီယွိက အနည်းငယ် ရပ်တန့်လိုက်ပြီး လက်ချောင်းပေါ်ရှိ ကျောက်စိမ်းဆွဲသီးကိုကြည့်ကာ ဆက်ပြောလိုက်သည်။
"ဒါက ကျွန်မအဘွား ဧကရာဇ်နန်းတော်မှာ အလုပ်လုပ်တုန်းက ဝတ်ဆင်ခဲ့တဲ့ တံဆိပ်ပဲ။ အဲဒါက သူ့ရဲ့ အဆင့်အတန်းကို ကိုယ်စားပြုတယ်။ ရှန်ကွမ်ဆိုတဲ့ စာလုံးနှစ်လုံးကို ထွင်းထုထားပြီးတော့ ဧကရာဇ်ခေတ်ရဲ့ ဆွဲဆောင်မှုတွေ ရှိနေတုန်းပဲ။"
ဝမ်ရွှင်က သူ၏စကားကို စိတ်မရှည်စွာဖြင့် ဖြတ်ပြောလိုက်သည်။ "ရှည်ရှည်ဝေးဝေးတွေ ပြောမနေနဲ့။ လိုရင်းကိုသာပြော။"
ရှန်ကွမ်းပီယွိက မျက်လုံးများကိုလှန်ကာ သူ့ကို တိတ်တဆိတ် စူးစိုက်ကြည့်ပြီး အေးစက်စွာဖြင့် ပြောလိုက်သည်။
"ဘယ်သူက နတ်ဘုရားအဆင့်အတန်းကို ခိုးသွားလဲဆိုတာ သိလား။ ကျွန်မတို့ကို ပြောပြ။"
"ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့က အတိတ်ရဲ့ ငြိမ်းသတ်လုနီးပါးဖြစ်နေတဲ့ မီးတောက်ကို ကိုင်စွဲထားတဲ့ နောက်ဆုံးကျန်ရှိနေတဲ့ မိသားစုဝင်တွေပဲ။ ရှင် ကျွန် တို့ကို ယုံကြည်သင့်တယ်။ ဒီလိုမျိုး မလုပ်သင့်ဘူး။"
ထိုစကားကို ကြားသောအခါ ဝမ်ရွှင်က စကားမပြောနိုင် ဖြစ်သွားလေသည်။
သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ အဋ္ဌမမြောက်၊ သတ္တမြောက်၊ ဆဋ္ဌမမြောက်နှင့် စတုတ္ထမြောက် နန်းဆောင်သခင်တို့အားလုံးသည် သူ့ကို ကြည့်နေကြပြီး ထရန် သို့မဟုတ် ထွက်သွားရန် ရည်ရွယ်ချက်မရှိဘဲ သူ့အဖြေကို စောင့်နေကြသည်ကို သတိပြုမိလေသည်။
စူးစိုက်ကြည့်နေသည့် မျက်လုံးအစုံစုံတို့သည် ပြင်းထန်သော အပူရှိန်ဖြင့် တောက်ပနေလေသည်။
"မင်းတို့မှာ ခန့်မှန်းချက်တချို့ ရှိပြီးသားလို့ ငါ ထင်တယ်။ ငါ့ကို မေးခွန်းတွေ မေးနေတာက မင်းတို့ရဲ့ သံသယတွေကို အတည်ပြုဖို့ သက်သက်ပဲ။" ဝမ်ရွှင်က ပြုံးလိုက်ပြီးနောက် သက်ပြင်းချကာ ခေါင်းခါလျက် ပြောလိုက်သည်။
"တကယ်လို့ ငါ့ရဲ့ ခန့်မှန်းချက်သာ မှန်မယ်ဆိုရင် ငါလည်း မင်းတို့လိုပဲ တွေးနေတာ။"
"ဒီကမ္ဘာကိုဖောက်ဝင်လာပြီး ငါ့ရဲ့အာရုံခံစားမှုတွေကို ကျော်လွန်ပြီးတော့ နတ်ဘုရားအနှစ်သာရကို ဒီလောက်လွယ်လွယ်နဲ့ ခိုးယူသွားနိုင်မယ့်သူက ဘယ်သူ ဖြစ်နိုင်မလဲ။ အဲဒါက ဂိုဏ်းချုပ်၊ ဒါမှမဟုတ် ဒုတိယမြောက် နန်းဆောင်သခင်နဲ့ လက်ထောက်နန်းဆောင်သခင် နှစ်ယောက်တို့ အထဲက တစ်ယောက်ပဲ ဖြစ်နိုင်တယ်။ သူတို့က နတ်ဘုရားအနှစ်သာရနဲ့ ဘာလုပ်မလဲဆိုတာကိုတော့ ငါ နားမလည်ဘူး။"
ဤအချက်သို့ ရောက်သောအခါ ဝမ်ရွှင်က ရယ်မပြီး ခေါင်းခါလိုက်သည်။ နောက်ပြောင်နေသကဲ့သို့ပင် သူက ပြောသည်။ "မင်းတို့က နတ်ဘုရားတွေကို နိုးထခိုင်းဖို့ ငါ့ကို ပြောနေတာလား။"
သို့သော်လည်း။
မည်သူမျှ သူနှင့်အတူ မရယ်ခဲ့ကြပေ။ သူတို့အားလုံး ဝမ်ရွှင်ကို အေးစက်သော အမူအရာများဖြင့် စူးစိုက်ကြည့်နေကြလေသည်။
တဖြည်းဖြည်းနှင့် ဝမ်ရွှင်၏ အပြုံးသည် မှေးမှိန်သွားပြီး အမူအရာမှာ လေးနက်သွားကာ တည်ငြိမ်စွာ ပြောလိုက်သည်။
"ဒါဆို ဧကန္တ..."
ရှန်ကွမ်းပီယွိက မိမိကိုယ်ကို အထင်သေးသောအပြုံးတစ်ခု ပေးလိုက်သည်။
"ဟီးဟီး။"
"နှစ်ပေါင်းတစ်သောင်းဆိုတာ ကြာလွန်းတယ်။ အဲဒါက တစ်ချိန်က သန့်စင်ပြီးစိတ်အားထက်သန်ခဲ့တဲ့ လူတွေကို မှောင်မိုက်ပြီး စိတ်သဘောထားပျက်ပြားသွားအောင် လုပ်ပစ်လိုက်တာပဲ။ သူတို့က ကျွန်မတို့ကိုတောင် လှည့်စားထားသေးတယ်။ ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ။ ကျွန်မက ရှင်တို့ကို အယုံကြည်ရဆုံး အပေါင်းအဖော်တွေလို့ အမြဲထင်ခဲ့မိတာ။ ဘယ်လောက်တောင် အပြစ်ကင်းပြီး မိုက်မဲလိုက်လဲ။"
ထိုသို့ပြောပြီးနောက် ရှန်ကွမ်းပီယွိက ရုတ်တရက်မတ်တတ်ရပ်ကာ မဆိုင်းမတွပင် ထွက်ခွာသွားသည်။
အခြားနန်းဆောင်သခင်များသည်လည်း တစ်ဦးပြီးတစ်ဦး စကားမဆိုဘဲ ထွက်သွားကြလေသည်။
စားပွဲရှည်၏အဆုံးတွင် ဝမ်ရွှင်တစ်ဦးတည်း ကျန်ရစ်ခဲ့ပြီး မီးတောက်၏ မှိန်ဖျော့သောအလင်းရောင်က သူ၏မျက်နှာပေါ်သို့ ကျရောက်နေလေသည်။
"ဂိုဏ်းချုပ်။ ခင်ဗျား တကယ် ဘာကိုလိုချင်နေတာလဲ။ အတိတ်က ကတိတွေကို မေ့သွားပြီလား။"
"နတ်ဘုရားတွေရဲ့ နတ်ဘုရားအနှစ်သာရကို ခိုးယူပြီးတော့ အရေအတွက်ကို တစ်ဝက်အထိ တိတိကျကျ ထိန်းချုပ်တာ။ ဒီအရေအတွက်က ကောင်းကင်တာအိုကို မနိုးလာစေနိုင်ဘူးဆိုတာ သေချာလား။"
"ဒါပေမဲ့ ဘာလို့ အဲဒါက နတ်ဘုရားတွေကို နိုးထလာစေနိုင်တာလဲ။"
"ကျုပ်... ကျုပ် နားမလည်နိုင်ဘူး။"
...
...
မဟာကျင်းတိုင်းပြည်။
မြို့တော်။
မြို့တော်၏အရှေ့ဘက်ခြမ်းရှိ ချင်းမိသားစု စံအိမ်တွင် အချိန်အတော်ကြာ အိမ်ပြင်ထွက်နေခဲ့သော နေမင်းအရှင်သခင်သည် အိမ်သို့ပြန်ရောက်လာပြီး စိုးရိမ်တကြီးဖြင့် လမ်းလျှောက်နေကာ လက်သည်းများဖြင့် မြေကြီးပေါ်တွင် စာလုံးများရေးခြစ်နေသော်လည်း သူ၏လက်ရေးမှာ ခွေးကိုက်ထားသကဲ့သို့ ဖြစ်နေလေသည်။
စုချင်ချိုးနှင့် ဝူတျဲတို့သည် တစ်နေကုန် ဂရုတစိုက် လေ့လာပြီးနောက်တွင်ပင် နေမင်းအရှင်သခင် ဘာကိုဆိုလိုချင်မှန်း သူတို့ နားမလည်နိုင်ခဲ့ပေ။
"ဝုတ် ဝုတ် ဝုတ်။"
နေမင်းအရှင်သခင်သည် ဒေါသထွက်လွန်း၍ မျက်နှာဖြူရော်သွားပြီး ကျိန်ဆဲချင်နေလေသည်။
"အရှင်သခင်။ ဧကရာဇ် ပြန်လာမယ့်အချိန်အထိ စောင့်ပြီးမှ သူ့ကိုပြောပြတာ ပိုကောင်းမယ်။ ကျွန်မက ကောင်းကင်တာအိုရဲ့လမ်းစဉ်ကို ကျင့်ကြံနေပြီးတော့ ကျွန်မနဲ့ပဲ သက်ဆိုင်တဲ့ ဓားတာအိုတစ်ခုကို ဖန်တီးဖို့ မျှော်လင့်နေတယ်။ အခု တောရိုင်းနယ်မြေနဲ့ ကောင်းကင်ပြည်နယ်ကြားက စစ်ပွဲကြီးဖြစ်ဖို့ နီးကပ်နေပြီမို့ ဧကရီက ကျွန်မကို စစ်တပ်ဆီသွားပြီး တာဝန်ထမ်းဆောင်ဖို့ အမိန့်ပေးထားပြီးတော့ ဒုတိယအဆင့် စစ်ဗိုလ်ချုပ် အဖြစ် ခန့်အပ်ထားတယ်။"
စုချင်ချိုးသည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် တိုကင်တစ်ခုကို ထုတ်ယူကာ ဝူတျဲနှင့် နေမင်းအရှင်သခင်တို့၏ အရှေ့တွင် ဝှေ့ယမ်းပြလိုက်ပြီး သူ၏ ဆံပင်မြီးတိုကိုလှုပ်ခါကာ ပျော်ရွှင်စွာဖြင့် ထွက်ခွာသွားလေသည်။
လက်ရှိတွင် စုချင်ချိုးသည် နံနက်ခင်းအလင်းနယ်ပယ အလယ်အလတ်အဆင့် ဓားကျင့်ကြံသူတစ်ဦး ဖြစ်ပြီး မဟာကျင်း၏ အင်အားကြီးမားသောသူ ဖြစ်သည်။ ထို့အပြင် သူ့ကို အချိန်-နေရာလွတ် ဓားသူတော်စင်၏ တစ်ဦးတည်းသော အရိုက်အရာ ဆက်ခံသူအဖြစ် သတ်မှတ်နိုင်သည်။ အချိန်-နေရာလွတ် ဓားသူတော်စင်သည် တပည့်လက်ခံမည်ဟု မကြေညာခဲ့သော်လည်း၊ မဟာကျင်းတိုင်းပြည်တွင် စုချင်ချိုးမှလွဲ၍ မည်သူမျှ သူ၏ အရိုက်အရာကို ဆက်ခံနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် စုချင်ချိုးသည် နန်းတွင်းတွင် ကြီးမားသောလွှမ်းမိုးမှု ရှိလေသည်။
ကူကယ်ရာမဲ့စွာဖြင့် ဝါကြီးသည် ဝူတျဲဆီသို့ မျှော်လင့်ချက်အကြည့်များကို ပို့လွှတ်ပြီး ကောင်မလေးက သူ၏ခွေးဘာသာစကားကို နားလည်ပေးနိုင်မည်ဟု မျှော်လင့်နေလေသည်။
"အရှင်သခင်၊ ကျွန်မမှာလည်း အားလပ်ချိန် မရှိဘူး။"
"ကျွန်မလည်း ဉာဏ်အလင်းပွင့်လမ်းကြောင်းပေါ်မှာ ရှိနေပြီးတော့ ကမ္ဘာကို လှည့်လည်ရင်း ရှေးဟောင်း အပျက်အစီးတွေကို ရှာဖွေပြီးတော့ ဝိညာဉ်ကို အစွမ်းကုန်မြှင့်တင်ဖို့ ပြင်ဆင်နေတာ။ သွားတော့မယ်။"
ဝူတျဲသည် လက်ကို အလျင်အမြန်ဝှေ့ယမ်းလိုက်ပြီး ထွက်ပြေးသွားလေသည်။
နေမင်းအရှင်သခင်သည် လုံးဝ စိတ်ပျက်သွားပြီး မျက်လုံးများတွင် ဝမ်းနည်းမှုများ ပြည့်နှက်နေ၏။ သူ ခေါင်းငုံ့လိုက်ပြီး စကားပြောခွင့် ချိတ်ပိတ်ထားသောအရာကို မဖောက်ခဲ့မိသည့်အတွက် နောင်တရနေလေသည်။
ထိုအချိန်တွင်။
ဘေးဘက်မှ နူးညံ့သောအသံတစ်ခု ထွက်ပေါ်လာ၏။ "ဒီရဟန်းက သင့်အတွက် အဓိပ္ပာယ် ဖွင့်ဆိုပေးရမလား။"
နေမင်းအရှင်သခင်သည် ခြံဝင်းထဲတွင် ဂါထာရွတ်ဆိုနေသော ရဟန်းငယ်ကို တစ်ချက်ကြည့်လိုက်ပြီး မျက်စောင်းထိုးလိုက်သည်။
သွားစမ်း၊ သွားစမ်း၊ သွားစမ်းပါ။
ဒီထိပ်ပြောင်ကောင်လေးက ဘယ်က ရောက်လာတာလဲ။ ဘာလို့ ဗုဒ္ဓဘာသာဆန့်ကျင်ရေးလှုပ်ရှားမှုမှာ မင်း မပါဝင်တာလဲ။ ဧကရီက မင်းကို ခေါ်လာတာက မင်းအတွက် ကောင်းချီးတစ်ခုပဲ။ ထိပ်ပြောင်လေး။
နေမင်းအရှင်သခင်သည် အနောက်ဘက် ဗုဒ္ဓတိုင်းပြည်နှင့် တိုက်ပွဲတွင် ပြင်းထန်သောဒဏ်ရာများ ရရှိခဲ့ပြီး ဘုန်းကြီးများကို မနှစ်သက်ပေ။ ရလဒ်အနေဖြင့် အတ္တကင်းမဲ့ဗုဒ္ဓက တာအိုကို ဖြန့်ကျက်ပြီးနောက် ကောင်းကင်နှင့်မြေကြီးဆီသို့ ပြန်ပေးလိုက်ချိန်တွင် သူ လွဲချော်သွားခဲ့သည်။
သူက တစ်ယောက်တည်း နေခဲ့ပြီး သူ၏ဒဏ်ရာများကို လျှာနှင့်လျက်နေခဲ့ရသည်။
သဘာဝကျကျပင် သူသည် ထိုထိပ်ပြောင်ရဟန်းကို အလွန်ပင် ရွံရှာလေသည်။ အကယ်၍ ဧကရီက တားမြစ်မထားပါက ဤထိပ်ပြောင်ရဟန်းလေးသည် နေ့လယ်စာမတိုင်ခင် သေဆုံးသွားလိမ့်မည်။
ရုတ်တရက်။
ဘေးဘက်မှ နူးညံ့သောအသံတစ်ခု ထွက်ပေါ်လာသည်။
"မင်းနာမည် ဘယ်လိုခေါ်လဲ။"
ရဟန်းငယ်သည် လုံးဝတည်ငြိမ်စွာ ရှိနေပြီး အလွန်ယဉ်ကျေးစွာ ပြန်ဖြေသည်။ "ဒီရဟန်းငယ်မှာ လောကီနာမည် မရှိပါဘူး။ တာအို နာမည်ကတော့ ဟွေ့နန်းလို့ ခေါ်ပါတယ်။"
ရင်းနှီးသောအသံကို ကြားလိုက်သောအခါ ဝါကြီးသည် အစပိုင်းတွင် လန့်သွားပြီးနောက် အလွန် ဝမ်းသာသွားလေသည်။
မျက်မမြင် ပြန်ရောက်လာပြီဟေ့။
...