အခန်း ၃၃၅
Vol. 23 Ch. 335
အပိုင်း(၃၃၅) ဆန်းသစ်တီထွင်မှု၊ တိုင်းပြည်၏ခမ်းနားမှု
ပစ္စုပ္ပန်ရွာသို့ ပြန်ရောက်ပြီး (၇)ရက်က်မြောက်နေ့တွင် အစိမ်းရောင်အုတ်ကြွပ်များမိုးထားသော အိမ်ငယ်လေးက တိတ်ဆိတ်ပြီး လူသူကင်းမဲ့သွားလေသည်။
ဧကရာဇ်နှင့် ဧကရီတို့သည် နေထွက်ချိန်တွင် အလုပ်လုပ်ပြီး နေဝင်ချိန်တွင် အနားယူကာ နေ့ဘက်တွင် ကိုယ်ပိုင်ကိစ္စများဖြင့် အလုပ်ရှုပ်နေကြပြီး ညဘက်တွင် ကျင့်ကြံခြင်း အကြောင်း နက်နက်ရှိုင်းရှိုင်း ဆွေးနွေးရန် နွေးထွေးသော အိပ်ရာများသို့ ပြန်လာတတ်ကြသည်။
စုချင်ချိုသည် တာဝန်များကို ထမ်းဆောင်ရန် စစ်တပ်သို့ သွားခဲ့သည်။ ဝူတျဲက တိုင်းပြည်အနှံ့သို့ ခရီးသွားနေသည်။ ဝါကြီးက ရတနာများရှာဖွေရန် ဟွေ့နန်းနှင့်အတူ ပင်လယ်ပြင်သို့ ထွက်သွားခဲ့သည်။ ချုံးမိန်က ရံဖန်ရံခါ လာလည်တတ်ပြီး ကျန်ရှိသော အချိန်များကို ကျင့်ကြံခြင်းတွင် ကုန်ဆုံးခဲ့သည်။ သူသည် အချိန်နှင့် အပြေးအလွှား လုပ်ဆောင်နေရသကဲ့သို့ ဖြစ်နေလေသည်။
မဟာကျင်းတိုင်းပြည်က တောရိုင်းနယ်မြေကို ပေါင်းစည်းပြီးနောက်တွင် ပထမဆုံး လပြည့်နေ့ ကုန်လွန်သွားခဲ့လေပြီ။ နယ်မြေများကျယ်ပြန့်လာပြီး ဒေသများကို ပြန်လည်ခွဲဝေခဲ့ကာ အရာရှိများကို ရာထူးတိုးမြှင့်ခြင်းနှင့် နေရာပြောင်းရွှေ့ခြင်းများ ပြုလုပ်ခဲ့ပြီး အဖွဲ့အစည်းဆိုင်ရာပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော်ခဲ့သည်။ အခြေခံမူဘောင်ကို တည်ထောင်ပြီးဖြစ်၍ ၎င်းကို ဖြည့်စွက်ပြီးတိုးတက်အောင် လုပ်ရန်သာ ကျန်တော့သည်။
အင်ပါယာစနစ်သည် ဧကရာဇ်၏ အကြံပြုချက်များကို လိုက်နာပြီး ကဏ္ဍပေါင်းစုံတွင် ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ခဲ့ရာ လူအများက ၎င်းကို ခေတ်သစ်တစ်ခု ဖန်တီးနိုင်သည့် ဆန်းသစ်တီထွင်မှုအဖြစ် ချီးကျူးခဲ့ကြသည်။
ဥပမာအားဖြင့် ပြည်သူများကြားတွင် စစ်သားများ ဖုံးကွယ်ထားခြင်းကို စည်းမျဉ်းများ သတ်မှတ်ရန် လိုအပ်သည်။ တိုင်းပြည်ဘဏ္ဍာငွေဖြင့် ထောက်ပံ့ထားသော ဆက်သွယ်ရေးစက်ပစ္စည်းများကို အမြောက်အမြား ထုတ်လုပ်ပြီး လူအများစုအတွက် ရှည်လျားသောစာများရေးခြင်းနှင့် ခက်ခဲသောခရီးစဉ်များ သွားလာရခြင်း၏ ဝန်ထုပ်ဝန်ပိုးကို လျှော့ချရန်ရည်ရွယ်၍ ဈေးနှုန်းများကို လျှော့ခိသည်။ တရားဝင် ကြီးကြပ်ရေးဌာနများကို တည်ထောင်သည်။ ခရိုင်၊ မြို့နယ်၊ ကျေးရွာနှင့် မြို့တိုင်းတွင် ကိုယ်ပိုင်ကြီးကြပ်ရေးဌာန ရှိသင့်ပြီး၊ ဧကရာဇ်၏ နားသို့ တိုက်ရိုက်ရောက်ရှိနိုင်ရမည်... စသည်ဖြင့်။
ဤပြုပြင်ပြောင်းလဲမှုများသည် ရေတိုတွင် ရလဒ်များမပြသနိုင်သော်လည်း ဗဟုသုတနှင့် နားလည်မှု အနည်းငယ် ရှိသူတိုင်း ၎င်းတို့၏ အကျိုးကျေးဇူးများကို မြင်တွေ့နိုင်လေသည်။
အရေးကြီးဆုံးမှာ။
အထက်တန်းလွှာများကို အလုပ်အကျွေးပြုရန် အဆင့်မြင့် ပစ္စည်းများကို လိုက်ရှာနေမည့်အစား ကျင့်ကြံခြင်းအတွက် ဝိညာဉ်ရတနာများ ဖန်တီးသောနေရာတွင် အာရုံစိုက်သင့်ကြောင်းကို ဧကရာဇ်က အကြံပြုခဲ့သည်။ ထို့ပြင် ဝိညာဉ်ရတနာများက လူများ၏ဘဝကို တိုးတက်နိုင်မနိုင် ဂရုစိုက်သင့်သည်။
မုန့်ချင်ကျိုးသည် ဤအကြံဉာဏ်ကို အဆိုပြုသောအခါ ကျင့်ကြံခြင်းနည်းလမ်းက မည်မျှနက်နဲကြောင်း သူ တွေးတောခဲ့သည်။ သူ၏ ယခင်ဘဝမှ ခေတ်မီနည်းပညာများနှင့် နှိုင်းယှဉ်လျှင် ၎င်းသည် များစွာ သာလွန်သည်။ သာမန်နည်းပညာတစ်ခုက လူနေမှုဘဝကို ကြယ်တာရာခေတ် ခုန်တက်သွားစေနိုင်သည်ဆိုလျှင် ကျင့်ကြံခြင်းနည်းလမ်းက မည်သည်ကြောင့် လူနေမှုဘဝကို မတိုးတက်စေနိုင်ရမည်နည်း။
အသေအချာပင်။ ကျင့်ကြံခြင်းလောကတွင် ထိုသို့ဖြစ်လာရန် အကြွင်းမဲ့အာဏာနှင့် အကြွင်းမဲ့လက်သီး ရှိနေရန် လိုအပ်သည်။ မဟုတ်လျှင် အားကြီးသူများက အရင်းအမြစ်များကို လက်ဝါးကြီးအုပ်ထားမည်ဖြစ်ပြီး အပြောင်းအလဲ လုပ်နိုင်စွမ်းရှိသူများက မည်မျှပင် ကြိုးစားစေကာမူ ဘာမှပြောင်းလဲမည် မဟုတ်ပေ။
ဌာနအသီးသီးက လိုက်လျောညီထွေ တုံ့ပြန်ခဲ့ကြသည်။
လက်မှုပညာရှင်များဌာနသည် ယခင်က မရရှိခဲ့ဖူးသော အာရုံစိုက်မှုကို ရရှိခဲ့သည်။ ပါရမီရှင်များကို သူတို့ထံ ချက်ချင်းတာဝန်ပေးအပ်ခဲ့ပြီး ကျန်ရစ်သူများ သို့မဟုတ် မသင့်တော်သူများကို အခြားဌာနများသို့ ပြောင်းရွှေ့တာဝန်ပေးအပ်ခဲ့သည်။
မုန့်ချင်ကျိုး၏ ပြုပြင်ပြောင်းလဲရေး အကြံပြုချက်များက ဤမျှသာ မဟုတ်သည်မှာ သေချသည်။ ၎င်းတို့ အားလုံးသည် သူ၏ယခင်ဘဝမှ ကမ္ဘာကြီးကို အခြေခံထားခြင်းပင်။
မြို့တော်။
ဧကရာဇ်၏ မျက်စိအောက်ရှိမည်သည့်ပြုပြင်ပြောင်းလဲရေး အစီအမံများကိုမဆို စမ်းသပ်စီမံကိန်းအဖြစ် မြို့တော်တွင် ဦးစွာအကောင်အထည်ဖော်မည် ဖြစ်သည်။ ပြုပြင်ပြောင်းလဲမှုများ အောင်မြင်မှသာ ၎င်းတို့ကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေမည် ဖြစ်သည်။
သာမန်ပြည်သူများ၏ ဘဝများက လျင်မြန်စွာ ပြောင်းလဲနေ၏။ သူတို့က ပြုပြင်ပြောင်းလဲရေး လှိုင်းတံပိုး၏ ပထမဆုံးအကျိုးခံစားခွင့်ရရှိသူများထဲ ပါဝင်နေသည်။ ခေတ်ကာလနှစ်ခုကြားက ကွာခြားချက်ကို သူတို့ ရှင်းရှင်းလင်းလင်းခံစားနိုင်ပြီး အကျိုးကျေးဇူးများ မည်မျှကြီးမားကြောင်းကို သဘာဝကျကျပင် နားလည်နိုင်၏။ တိုင်းပြည်၊ ဧကရာဇ်နှင့် ဧကရီတို့အပေါ် သူတို့၏ကျေးဇူးတင်မှုက ပိုပိုပြီး တိုးပွားလာနေသည်။
လမ်းပေါ်တွင် လူများလမ်းလျှောက်သွားသောပုံစံက အရင်ကနှင့် အများကြီး ကွာခြားသွာ၏။
လူတိုင်းနီးပါးတွင် ဆက်သွယ်ရေးစက်ပစ္စည်းတစ်ခုစီ ရှိကြပြီး ၎င်းမှာ အစိမ်းရင့်ရောင် ရှိကာ အပေါဆုံး တွင်းထွက်ပစ္စည်းများဖြင့်ပြုလုပ်ထားပြီး အသုံးပြုရအလွန်လွယ်ကူကာ မိုင်တစ်ထောင်အတွင်း အဟန့်အတားမရှိ ဆက်သွယ်နိုင်စေသည်။
အဝတ်အစားပုံစံများလည်း ပြောင်းလာပြီး လူများက တဖြည်းဖြည်း ဖက်ရှင်ကို လိုက်စားလာကြသည်။ ဤသည်မှာ အသစ်တည်ထောင်လိုက်သော [တိုးတက်မှုဌာန]၏ ကျေးဇူးကြောင့်ပင် ဖြစ်ပြီး မည်သူမဆို အကြံပြုချက်များ ပေးနိုင်သည်။ အကယ်၍ အကြံပြုချက်များကို အတည်ပြုပါက ဆုလာဘ်အဖြစ် ရွှေ သို့မဟုတ် ငွေရရှိမည် ဖြစ်ပြီး ပို၍အရေးကြီးသော ကိစ္စများတွင် ရာထူးတိုးမြှင့်ခြင်းနှင့် ဝိညာဉ်ကျင့်ကြံခြင်းအတွက် အရင်းအမြစ်များ ပေးအပ်ခြင်းတို့ကို ခံရမည်ဖြစ်သည်။
အချို့က အဝတ်အစားများ ပြုပြင်ပြောင်းလဲရန် အကြံပြုခဲ့ကြသည်။ ၎င်းမှာ ခန္ဓာကိုယ်ပေါ်လွင်စေသော ဖက်ရှင်မျိုးကို ဆိုလိုခြင်းမဟုတ်ဘဲ ဤကမ္ဘာတွင် လူများသည် သူတို့၏ ရှေးရိုးစွဲစိတ်ဓာတ်ကို ဘယ်သောအခါမျှ ပြောင်းလဲမည် မဟုတ်ပေ။ လူတစ်ဦး၏ အလုံးစုံအသွင်အပြင်နှင့် အမူအရာကို တိုးတက်စေသည့် အဝတ်အစား ပုံစံအမျိုးမျိုး ရှိသင့်သည်ဟု ဆိုလိုခြင်းပင်။
လမ်းများပေါ်တွင် လူများသည် အားလပ်ရက်ကို အခွင့်ကောင်းယူ၍ အတူတကွ ခရီးသွားရင်း ပိုမိုပြုံးရွှင်လာကြပြီး ဥပဒေသစ်များအကြောင်း ဆွေးနွေးမှုများများစွာ ရှိနေလေသည်။
"အစ်ကိုယန်... မတွေ့ရတာ ကြာပြီနော်။ ငါတို့ နောက်ဆုံးတွေ့ခဲ့တာကနေ အခုဆိုရင် (၁၀)နှစ်တောင် ရှိသွားပြီ။ ဆက်သွယ်ရေးစက်ပစ္စည်းတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုနိုင်ခဲ့ဘူးဆိုရင် ငါတို့ညီအစ်ကိုတွေ ဘယ်တော့မှ ထပ်တွေ့နိုင်မယ်ဆိုတာ မသိဘူး။"
"ဟုတ်တယ်။ ဧကရာဇ်က အရမ်း ကြင်နာတယ်။ မင်း အဆိုပြုခဲ့တဲ့ ပြုပြင်ပြောင်းလဲမှု အများစုက သာမန်ပြည်သူတွေကို ထည့်သွင်း စဉ်းစားထားတာပဲ။ ဧကရာဇ်သာ မရှိခဲ့ရင် ငါ့သားက တိုင်းပြည်စာမေးပွဲတွေမှာ အကြိမ်ကြိမ်ကျရှုံးပြီး သူ့ရဲ့ပါရမီတွေ အသုံးမဝင်ဖြစ်ပြီးတော့ သူ့ဘဝတစ်လျှောက်လုံး အိပ်ရာပေါ်မှာ ငတ်မွတ်ပြီး သေဆုံးသွားရနိုင်တယ်။ မနေ့ကပဲ ငါ့သားကို တိုင်းပြည်စာမေးပွဲ ပြုပြင်ပြောင်းလဲမှုနဲ့အတူ အရင်နှစ်တွေက ကျရှုံးခဲ့တဲ့သူတွေဟာ အဆင့်(၁၀၀၀၀)အတွင်းမှာ ရှိပြီးတော့ အသက်(၅၀)ထက် မကြီးဘူးဆိုရင် ပြန်ပြီးတော့ ရွေးချယ်ခံရနိုင်တယ်လို့ ပြောခဲ့တယ်။"
"သုတေသနခရီးစဉ် အခက်အခဲကို လျှော့ချလိုက်ပြီလား။ သေစမ်း။ ငါ အိမ်ပြန်ပြီး စစ်ကြည့်ရမယ်။ ငါ မှတ်မိသလောက်ဆို ငါ့သားက..."
"မင်းသားက အဆင့်(၂၀၀၀၀)အပြင်ဘက်မှာ ရှိတာလေ။"
"အိုး၊ ဒါဆိုရင်တော့ တော်ပါပြီ။ လယ်လုပ်ဖို့ပဲ အာရုံစိုက်လိုက်တော့မယ်။"
"စိတ်မပူပါနဲ့။ သိုင်းပညာ စာမေးပွဲလည်း ရှိပါသေးတယ်။ အဲဒါကလည်း အရမ်းကြီး မခက်ခဲပါဘူး။ မင်းရဲ့သား ပါရမီနဲ့ဆိုရင် သေချာပေါက် ရွေးချယ်ခံရမှာပါ။"
...
...
ဧကရာဇ်၏ အားပေးကူညီမှုအောက်တွင်။
မဟာကျင်းသည် ပညာရေးကို အလွန်အလေးထားပြီး ၎င်းကို တိုင်းပြည်၏ အရေးကြီးဆုံးကိစ္စအဖြစ် သတ်မှတ်လေသည်။ ဤကိစ္စကို ပေါ့ပေါ့ဆဆလုပ်ရဲသော မည်သည့ အရာရှိမဆို အနည်းဆုံး သူ၏ရာထူးမှ ထုတ်ပယ်ခံရမည်ဖြစ်ပြီး အဆိုးရွားဆုံးအနေဖြင့် သူ၏မိသားစုတစ်ခုလုံး သုတ်သင်ခံရမည် ဖြစ်သည်။ ဧကရီ ကိုယ်တိုင်က ဤလုပ်ငန်းစဉ်ကို ကြီးကြပ်လေသည်။
စနစ်ကို အကောင်အထည်ဖော်သည့် အစောပိုင်းအဆင့်များတွင် တောရိုင်းနယ်မြေ တစ်လျှောက်လုံး ကျောင်းပေါင်းထောင်နှင့်ချီ၍ တည်ထောင်ခဲ့ပြီး သိပ္ပံပညာလေ့လာရေးခရီးစဉ်များ၏ အခက်အခဲကို သိသိသာသာ လျှော့ချနိုင်ခဲ့သည်။ သူတို့ကို အဆင့်အမျိုးမျိုး ခွဲခြားထားလေသည်။ အကယ်၍ သင်က ကျောင်းကောင်းတွေထဲ မဝင်နိုင်လျှင် သိပ်မကောင်းသော ကျောင်းများကို သွား၍ရသည်။ ပညာရေးတွင် မတော်လျှင် သိုင်းပညာကို သင်ယူ၍ ရနိုင်သည်။
သေချာသည်မှာ သိုင်းပညာကို သင်ယူလိုပါက ထူးကဲသောပါရမီရှိပြီး ကျောင်းလခကင်းလွတ်ခွင့် မရရှိပါက သင့်ကိုယ်တိုင် ပေးချေရမည် ဖြစ်သည်။ မဟုတ်လျှင် တိုင်းပြည်က တတ်နိုင်မည် မဟုတ်ပေ။
ရလဒ်အနေဖြင့် ဒေသအသီးသီးတွင် စိတ်အားထက်သန်မှု လှိုင်းတံပိုးတစ်ခုပင် ပေါ်ပေါက်လာခဲ့သည်။
ဧကရာဇ်အတွက် ဗိမာန်တစ်ခု တည်ဆောက်မယ်။ အဲဒါကို ဧကရာဇ်အတွက် သီးသန့်တည်ဆောက်မှာ။
ဤလှိုင်းတံပိုးသည် ဘာသာရေးဂိုဏ်းတစ်ခု ဖွဲ့စည်းခြင်းနှင့် တူညီပြီး မရေမတွက်နိုင်သောလူများကို တုံ့ပြန်ရန်နှင့် ငွေကြေးလှူဒါန်းရန် ဆွဲဆောင်နိုင်ခဲ့သည်။
၎င်းသည် တောရိုင်းနယ်မြေ၏ ကံကြမ္မာများကို ဧကရာဇ်တစ်ဦးတည်းအတွက်သာ အကျိုးရှိစေရန် အများကြီး ပြောင်းလဲသွားစေ၏။
ဧကရီ၏တည်ရှိမှုကတော့ တဖြည်းဖြည်း မှေးမှိန်သွားခဲ့သည်။
...
...
ပစ္စုပ္ပန်ကျေးရွာ။
"ကိုယ်ပြောခဲ့တာတွေ အားလုံးကို မေ့သွားပြီမလား။ အခုကစပြီးတော့ ကိုယ်က ပြုပြင်ပြောင်းလဲရေး အကြံပြုချက် တစ်ခုခုပေးရင် အဲဒါကို မင်းရဲ့ ကိုယ်ပိုင်အကြံဉာဏ်လို့ပဲ ပြောလိုက်။ အရာရာတိုင်းမှာ ကိုယ့်ကို ဆွဲမထည့်ပါနဲ့။ အခုကြည့်ဦး။ ဒီတိုင်းသာ ဆက်သွားနေရင် ပြည်သူတွေက မင်းကို ထီးနန်းပေါ်ကနေ ဆွဲချပြီးတော့ ကိုယ့်ကို ဧကရာဇ်ဝတ်ရုံ ဝတ်ပေးလိမ့်မယ်။"
မုန့်ချင်ကျိုးသည် စိတ်ပျက်စွာဖြင့် မျက်လုံးများကို လှိမ့်လိုက်ပြီး လုံးဝ စကားမပြောနိုင်တော့ဘဲ တုန်းဖန်လျူလီ၏နဖူးကို ခပ်နာနာလေး တောက်လိုက်လေသည်။
တုန်းဖန်လျူလီက ဂရုမစိုက်ဘဲ ပြောလိုက်သည်။ "ကျွန်မတို့က ဇနီးမောင်နှံတွေပဲ။ ဘယ်သူက ဧကရာဇ် ဖြစ်ဖြစ် ကိစ္စမရှိပါဘူး။ တကယ်လို့ ဖယ်ရှားခံရရင် ကျွန်မတို့အတူတူ ဖယ်ရှားခံရတာပဲ။"
ထိုစကားကို ကြားသောအခါ...
မုန့်ချင်ကျိုး ရယ်လိုက်ပြီး ဟန်ဆောင်ကာ ပြောလိုက်သည်။
"ဟုတ်လား။"
"ဒါဆိုရင် မင်း သေချာစဉ်းစားတာ ပိုကောင်းမယ်။ မင်းက ဧကရီတစ်ပါး ဖြစ်ပြီးတော့ ဇနီး သုံးယောက်နဲ့ မောင်းမ ခြောက်ယောက် ဒါမှမဟုတ် မောင်းမမိဿံ သုံးထောင် ရှိရမယ်လို့ ဘယ်သူမှ မပြောရဲဘူး။ ဒါပေမဲ့ ကိုယ်က မတူဘူး။ တိုင်းပြည်တွေအားလုံးမှာ ဘယ်ဧကရာဇ်ကများ သူ့လက်အောက်မှာ ပုံစံနဲ့ အရွယ်အစား အမျိုးမျိုးရှိတဲ့ အမျိုးသမီးတွေ မရှိခဲ့လို့လဲ။"
"အဲဒီအချိန်ကျရင် နန်းတွင်းအမတ်တွေရဲ့ တတွတ်တွတ် ပြောဆိုမှုတွေကို ကိုယ် ခံနိုင်ရည်ရှိရင်တောင်မှ သူတို့ကိုယ်သူတို့ ဆက်သဖို့ အသက်စွန့်မယ့် အဲဒီအမျိုးသမီးတွေကို တားနိုင်မှာ မဟုတ်ဘူးလို့ထင်တယ်။"
...အင်း။
တုန်းဖန်လျူလီ၏ လှပသောမျက်နှာ အနည်းငယ် ပြောင်းလဲသွားလေသည်။ တစ်ခဏမျှ သေချာ စဉ်းစားပြီးနောက် ငါးပိကောင်ပြောသည့် စကားက အဓိပ္ပာယ်အများကြီးရှိကြောင်း သူ ခံစားလိုက်ရသည်။
ငိုခြင်း၊ ပြဿနာရှာခြင်းနှင့် ကိုယ့်ကိုယ်ကိုယ် သတ်သေမည်ဟု ခြိမ်းခြောက်ခြင်းဟူသော နန်းတွင်းအမတ်များ၏ လှည့်ကွက်သုံးခုကို သူ ကြုံတွေ့ခဲ့ဖူးလေသည်။ တိုင်းပြည် သုံးဆက်တိုင်အောင် တာဝန်ထမ်းဆောင်ခဲ့ပြီး အကျိုးပြုမှု အများအပြားရှိသော ဝါရင့်အမတ်တစ်ဦးပင်လျှင် သူ၏လည်ပင်းတွင် ဓားတစ်လက်တေ့ကာ "ဧကရီအရှင်မ၊ ဧကရာဇ်တစ်ပါးကို ခန့်အပ်မှာလား။ ကောင်းပြီ။ ကောင်းပြီလေ။ မခန့်ဘူးပေါ့ ဟုတ်လား။ ဒီနေ့ အရှင်မရဲ့အရှေ့မှာ ကျုပ် သေမယ်။ အနာဂတ် မျိုးဆက်တွေက ဘာပြောကြမလဲ ကြည့်ကြတာပေါ့" ဟူ၍ တောင်းဆိုလိမ့်မည်။
ငါးပိကောင်က ကိုယ့်လူများနှင့်ပတ်သက်လာလျှင် စိတ်ထားနူးညံ့ပြီး တခြားသူများ၏ လွှမ်းမိုးမှုကိုပင် အလွယ်တကူ ခံရနိုင်၏။
မဖြစ်ဘူး။
ဒီလိုကိစ္စမျိုး လုံးဝ အဖြစ်ခံလို့မရဘူး။
"အခုကစပြီး ကျွန်မကို သီးသန့်ပဲ အကြံဉာဏ်ပေးခွင့်ရှိတယ်။ အခုကစပြီးတော့ ရှင်က ကျွန်မရဲ့ တစ်ဦးတည်းသော ကိုယ်ရေးကိုယ်တာအကြံပေးပဲ။ နားလည်လား။" တုန်းဖန်လျူလီသည် မုန့်ချင်ကျိုး၏ မေးစေ့ကို သွယ်လျသောလက်ညှိုးဖြင့်ချိတ်ကာ ဗိုလ်ကျသောအရှိန်အဝါကို ထုတ်လွှတ်လျက် ပြောလိုက်သည်။
"ဒီအစေခံက အမိန့်ကို နာခံပါတယ်။" မုန့်ချင်ကျိုး ဦးညွှတ်လိုက်သည်။
တုန်းဖန်လျူလီက မောက်မာစွာဖြင့် ခေါင်းညိတ်လိုက်ပြီး၊ အတော်လေး ကျေနပ်သွားသည်။ "ငါ့ရဲ့ ချစ်လှစွာသောအမတ်... မင်းက သစ္စာရှိပြီး ကြီးမားတဲ့အကျိုးပြုမှုတွေ လုပ်ခဲ့တယ်။ မင်းက တိုင်းပြည်ရေးရော စစ်ရေးမှာပါ ကျွမ်းကျင်တယ်။ အဲဒါက ငါတို့မဟာကျင်းအတွက် ကောင်းချီးတစ်ခုပဲ။ ဒီမြင်းရိုင်းကို ထိန်းချုပ်ပေးလို့ မင်းကို ဆုချတဲ့အနေနဲ့ အဓိပ္ပာယ်မရှိတာတွေ မတွေးမိအောင်နဲ့ တခြားမြေခွေးရိုင်းတွေရဲ့ သွေးဆောင်မှုကိုမခံရအောင် ဒီည မင်းကို အအေးခံဖို့ ငါ ဆုံးဖြတ်လိုက်ပြီ။"
မုန့်ချင်ကျိုး တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် ပြောလိုက်သည်။
"လိုက်နာဖို့ မဖြစ်နိုင်တဲ့အတွက် ခွင့်လွှတ်ပါ။ လာမယ့်နေ့တွေအတွက် ကျင့်ကြံခြင်းမှာ အာရုံစိုက်ဖို့ တစ်သီးတသန့်နေထိုင်ဖို့ ဆုံးဖြတ်လိုက်ပြီ။ ဘယ်သူ့ကိုမှတွေ့မှာ မဟုတ်ပါဘူး။"
"နယ်မြေနှစ်ခုကြားက အဆုံးအဖြတ်တိုက်ပွဲ မတိုင်ခင် အချိန်အထိပေါ့။"
တောရိုင်းနယ်မြေ ပေါင်းစည်းသွားပြီဖြစ်ကာ ရေတိုတွင် ကျင့်ကြံမှုအဆင့်ကို ထပ်မံတိုးတက်စေရန် စနစ်က ကူညီပေးလိမ့်မည်ဟု မျှော်လင့်ရန် မဖြစ်နိုင်သလောက်ပင်။
ကောင်းကင်ကြည့်ဆောင်ပေါ်ထွက်လာခြင်းက ၎င်းကို ကောင်းကင်ပြည်နယ်နှင့် ချည်နှောင်လိုက်၏။ ကောင်းကင်နယ်ပယ်ကို ရောက်နိုင်လျှင်ပင် ၎င်းကို အောင်နိုင်မနိုင် မသေချာပေ။ ပထမဆုံး လူသားဧကရာဇ်ကို သတ်ရန် ကောင်းကင်တာအိုနှင့် ပူးပေါင်းခဲ့သည်ဟု သံသယရှိသော နတ်ဘုရားများအကြောင်းကို ပြောစရာပင် မလိုတော့ပေ။
ယခုလုပ်ရမည့် အကောင်းဆုံးအရာက လက်ရှိအတားအဆီးများကို ကျော်လွှားနိုင်ရန် ကိုယ့်ကိုယ်ကိုယ် အားကိုးရန်ပင်။
တုန်းဖန်လျူလီက နှုတ်ခမ်းကိုစေ့ကာ တိုးတိုးလေး သက်ပြင်းပြီး အနည်းငယ် ခေါင်းညိတ်လိုက်သည်။ "ဟုတ်ပါပြီ။ ကျင့်ကြံခြင်းမှာပဲ အာရုံစိုက်လိုက်ပါ။ နောက်ဆုံးတိုက်ပွဲ ဖြစ်လာရင်တောင်မှ အဲဒါက တစ်ရက် နှစ်ရက်နဲ့ ပြီးသွားမှာ မဟုတ်ဘူး။”
...