အခန်း ၃၃၆
Vol. 23 Ch. 336
အပိုင်း(၃၃၆) စစ်ပွဲအကြိုစည်းရုံးခြင်း၊ စစ်ကြေညာစာတမ်း
အချိန်က မြန်မြန်ကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ်အတွင်း အချိန်တစ်လ ကုန်လွန်သွားခဲ့လေပြီ။
ဤကာလအတွင်း ကောင်းကင်ပြည်နယ်သည် လုံးဝပေါင်းစည်းသွားခဲ့ပြီး မိသားစု(၅)ခုက [ကောင်းကင်မဟာမိတ်] အဖွဲ့အစည်းကို ဖွဲ့စည်းခဲ့သည်။ မဟာမိတ်အဖွဲ့ခေါင်းဆောင်မှာ ကောင်းကင်ကြည့်ဆောင် တတိယမြောက် နန်းဆောင်သခင်ဖြစ်ပြီး ကျိဝူရွှမ်သည် မဟာမိတ်အဖွဲ့၏ လူငယ်ခေါင်းဆောင်အဖြစ် တာဝန်ယူကာ မိသားစု (၅)ခု၏ ခေါင်းဆောင်များက အမြင့်ဆုံး အကြီးအကဲများ အဖြစ် တာဝန်ယူကြလေသည်။
[ကောင်းကင်မဟာမိတ်အဖွဲ့]တွင် ကောင်းကင်ထောက်တိုင် ကျင့်ကြံသူ စုစုပေါင်း (၂၁)ဦးနှင့် နံနက်ခင်းအလင်းနယ်ပယ် ကျင့်ကြံသူ အယောက်(၁၀၀)ကျော်ရှိပြီး ၎င်း၏ မဟာမိတ်တပ်ဖွဲ့များသည် တပ်သား တစ်သန်းကို လျင်မြန်စွာစုဆောင်းနိုင်ခဲ့သည်။
ကျင့်ကြံသူ သန်းပေါင်းများစွာသည် ကမ်းရိုးတန်းဒေသတွင် တန်းစီကာ ပင်လယ်နံဘေးတွင် သူတို့၏ ကျွမ်းကျင်မှုများကို လေ့ကျင့်ပြီး နံနက်ခင်းအရုဏ်တက်ချိန်နှင့် ညနေခင်းအလင်းရောင်တွင် အပန်းဖြေရင်း လှိုင်းလုံးများကိုဆန့်ကျင်၍ သိုင်းပညာကို လေ့ကျင့်နေကြရာ စစ်ပွဲအကြိုစည်းရုံးရေးပုံစံနှင့် တူနေလေသည်။
မဟာမိတ်ခေါင်းဆောင် ဝမ်ရွှင်က တိုက်ခိုက်ရေး ကြေညာစာတမ်းကို ကိုယ်တိုင်ရေးပြီး တောရိုင်းမြေရှိ မဟာကျင်းတိုင်းပြည်ထံသို့ ပေးပို့ခဲ့သည်။
စစ်ကြေညာစာတမ်းကို အတိုချုပ်အားဖြင့် အောက်ပါအတိုင်း ဖော်ပြထားသည်။
[တောရိုင်းနယ်မြေက ရက်စက်ကြမ်းကြုတ်သည်။ ဧကရီက ရက်စက်သည်။ ထို့ပြင် အချိန်-နေရာလွတ် ဓားသူတော်စင်က ထိုမကောင်းမှုများကို အားပေးကူညီနေသည်။ သူတို့ကို လောကကြီးက သည်းခံနိုင်စရာ အကြောင်းမရှိ။ ထို့ကြောင့်၊ ပထမဆုံးလူသားဧကရာဇ် တည်ထောင်ခဲ့သော ကောင်းကင်ကြည့်ဆောင်က ဤသစ္စာဖောက်များကို အပြစ်ပေးရန် ရည်ရွယ်ထားသည်။ အကယ်၍ တောရိုင်းနယ်မြေက ကျင့်ကြံသူများ နောင်တရပြီး လမ်းမှားမှ ပြန်လှည့်မည်ဆိုလျှင် ကောင်းကင်ပြည်နယ်တွင် အညံ့ခံနိုင်သည်။ စစ်ပွဲပြီးနောက် သူတို့၏ပြစ်မှုများကို အရေးယူမည် မဟုတ်။ သူတို့ကို ပုံမှန်အတိုင်း ဆုချီးမြှင့်မည် ဖြစ်သည်]
အပြစ်ပေးခြင်းကြေညာစာတမ်းတွင် မကြာသေးခင် နှစ်များအတွင်း ဧကရီ ၏နှင့် အချိန်-နေရာလွတ် ဓားသူတော်စင် ၏တို့၏ အပြစ်များကို အသေးစိတ်ဖော်ပြထားပြီး သူတို့၏အမှားများကို ချဲ့ကားပြောဆိုကာ တောရိုင်းနယ်မြေရှိပြည်သူများ၏ စိတ်ဓာတ်ကို ဖြိုခွင်းရန် ကြိုးပမ်းထားလေသည်။
ကံမကောင်းစွာဖြင့် တုံ့ပြန်မှုမှာ အေးစက်နေလေသည်။ ဧကရီနှင့ ဧကရာဇ်တို့၏ အောင်မြင်မှုများကို တောရိုင်းနယ်မြေရှိ ပြည်သူများက မျက်မြင်တွေ့ရှိခဲ့ကြသည်။
ထို့အပြင် မကြာသေးခင်က ပြုလုပ်ခဲ့သော ပြုပြင်ပြောင်းလဲရေး အစီအမံများ အားလုံးသည် အလယ်အလတ်နှင့် အောက်ခြေလူတန်းစားများကို ရည်ရွယ်ထားသဖြင့် လူထု၏ထောက်ခံမှုကို ရရှိခဲ့သည်။
ပြုပြင်ပြောင်းလဲမှုများ အဆင်ပြေပြေ တိုးတက်စေရန်အတွက် ဒေသတစ်ခုကို လွှမ်းမိုးထားသော အင်အားကြီးမျိုးရိုးများကဲ့သို့သော အခွင့်ထူးခံအချို့ကို နန်းတွင်းက အားလုံး အမြစ်ပြတ်သုတ်သင်ခဲ့သည်။ ဧကရာဇ်၏ဆန္ဒကို မနာခံရဲသူတိုင်းကို သစ္စာဖောက်အဖြစ် သတ်မှတ်ပြီး သေဒဏ်ပေးခဲ့သည်။
အင်အားကြီး မျိုးနွယ်စု ဒါဇင်ပေါင်းများစွာ သုတ်သင်ခံခဲ့ရပြီး မိသားစုတစ်ရာကျော်သည် သူတို့၏ ပိုင်ဆိုင်မှုသိမ်းဆည်းခံရကာ လုံးဝအမြစ်ပြတ် သုတ်သင်ခံခဲ့ရသည်။ မည်မျှ ကျေနပ်စရာကောင်းလိုက်သနည်း။ ထိုအင်အားကြီးမျိုးနွယ်စုများ၏ ဖိနှိပ်မှုကို ခံခဲ့ရသော အလယ်အလတ်နှင့် အောက်ခြေလူတန်းစားများက တိုင်းပြည်အပေါ် လုံးဝဆည်းကပ်မြှုပ်နှံသူများ ဖြစ်လာခဲ့ကြသည်။
မှန်ပေသည်။
တောရိုင်းနယ်မြေတွင်ပင် နှစ်ဖက်အင်အားကွာဟချက် ကြီးမားလွန်းသည်ဟု ခံစားရပြီး အချိန်-နေရာလွတ် ဓားသူတော်စင်တွင် ကြီးမားလှသောပါရမီ ရှိနေသည့်တိုင် သူတစ်ယောက်တည်းဖြင့် အဖြစ်အပျက်များ၏ ရေစီးကြောင်းကို မဆန့်ကျင်နိုင်ဟုခံစားရသော သစ္စာဖောက်များလည်း ရှိနေမည်မှာ သေချာသည်။ ထို့ကြောင့် သူတို့သည် ကောင်းကင်မဟာမိတ်အဖွဲ့သို့ ပူးပေါင်းရန် ရွေးချယ်ခဲ့ကြသည်။
မြို့တော်။
ရွှေရောင်နန်းတော်တွင်။
ဧကရီ တုန်းဖန်လျူလီ၏ ဇာမဏီမျက်လုံးများ တစ်ဝက်မှိတ်ထားပြီး သူ၏လက်ညှိုးကို စားပွဲပေါ်တွင် ခေါက်ကာ အသံလေးများ ထွက်ပေါ်နေလေသည်။
ခန်းမအောက်ဘက်တွင်။
ပျက်စီးကမ်းပါးဘုရင် လင်းလုက လက်ထဲတွင် စာလိပ်တစ်ခုကို ကိုင်ထားလျက် အစီရင်ခံလေသည်။
"ကောင်းကင်မဟာမိတ်အဖွဲ့နဲ့ တိတ်တဆိတ် ဆက်သွယ်ပြီးတော့ တိုင်းပြည်ကို သစ္စာဖောက်တာ၊ သတင်းတွေ ရောင်းစားတာ ဒါမှမဟုတ် တိတ်တဆိတ် အရောင်းအဝယ်တွေလုပ်တာတွေ လုပ်ခဲ့တဲ့ လူ အယောက်(၅၀)ကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ သူတို့အားလုံးက ပဉ္စမအဆင့် ဒါမှမဟုတ် အဲဒီထက်ကိုမြင့်တဲ့ အရာရှိတွေ ဖြစ်ကြပြီးတော့ တခြားတိုင်းပြည်တွေကနေ အညံ့ခံလာတဲ့ [အရာရှိအသစ်]တွေ ချည်းပါပဲ။ သူတို့ထဲမှာ မဟာကျင်းရဲ့ ဝါရင့်အမတ်တွေ မပါဝင်ပါဘူး။ ပြီးတော့ သူတို့ထဲကတစ်ယောက်မှ တိုင်းပြည်ကို သစ္စာမဖောက်ပါဘူး။"
တုန်းဖန်လျူလီ၏ နှုတ်ခမ်းနီမျနီား အနည်းငယ် တွန့်ကွေးသွားပြီး လှောင်ပြောင်မှုနှင့် ဝမ်းနည်းမှု နှစ်ခုလုံးကို ဖော်ပြနေလေသည်။
"မဆိုးပါဘူး။"
"အနည်းဆုံးတော့ မဟာကျင်းနဲ့အတူ အကောင်းအဆိုးအားလုံးကို ဖြတ်သန်းခဲ့တဲ့ အရာရှိဟောင်းတွေက စစ်တပ်ရဲ့စိတ်ဓာတ်တွေကြောင့် အလွယ်တကူ လှည့်စားမခံခဲ့ရဘူးပေါ့။ ဒီလောက်တောင် ဖော်ထုတ်နိုင်ခဲ့တာ လုံလောက်ပါပြီ။ ဒီသစ္စာဖောက်တွေဟာ စစ်ပွဲမတိုင်ခင် စတေးခံတွေအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးပြီဆိုတော့ သူတို့ကို ထပ်ပြီးစုံစမ်းစစ်ဆေးဖို့ မလိုတော့ဘူး။"
လင်လုက နားမလည်နိုင် ဖြစ်သွားသော်လည်း ဧကရီ၏လုပ်ရပ်သည် ပိုမိုနက်နဲသော အဓိပ္ပာယ် ရှိရမည်ဟု အကြောင်းပြချက်က သူ့ကို ပြောပြနေသဖြင့် ထပ်ပြီးမေးခွန်းမထုတ်တော့ဘဲ နန်းတွင်းအရာရှိများ၏ အတန်းထဲသို့ ပြန်သွားလေသည်။
သို့သော်လည်း အကင်းပါးသော အဘိုးအိုအချို့သည် ငယ်ရွယ်သော ဧကရီ၏ ရည်ရွယ်ချက်များကို သဘောပေါက်နှင့်ပြီး ဖြစ်လေသည်။
စစ်ပွဲမတိုင်မီ အရာရှိများကို စုံစမ်းစစ်ဆေးခြင်းနှင့် ပိုင်ဆိုင်မှုသိမ်းဆည်းခြင်းများသည် စိတ်ဓာတ်ကို အလွယ်တကူ ကျဆင်းစေနိုင်ပြီး တပ်ဖွဲ့ဝင်များကြား ထိတ်လန့်မှုနှင့် မလုံခြုံမှု ခံစားချက်ကို ဖြစ်ပေါ်စေနိုင်၏။
ရိုးသားပြီးဖြောင့်မတ်သော အရာရှိတစ်ဦးပင်လျှင် ထိုကဲ့သို့သော လုပ်ရပ်များကို မြင်တွေ့ရသောအခါ မိမိကိုယ်ကို မှားယွင်းစွာဖမ်းဆီးခံရခြင်း သို့မဟုတ် အထင်အမြင်လွဲမှားခြင်းမှ ကာကွယ်ရန် မိမိ၏အပြုအမူကို ပြန်လည်ဆင်ခြင်သုံးသပ်ပြီး အားနည်းချက်များကို သေချာစွာ စစ်ဆေးကာ၊ အတိတ်က မိမိမကောင်းခဲ့သော နေရာများကို ပြန်လည် ကြည့်ရှုလိမ့်မည်မှာ သေချာသည်။
ထို့ကြောင့်…
ကပ်ပါးကောင်တစ်ကောင် သို့မဟုတ် နှစ်ကောင်ကို ဖယ်ရှားခြင်းထက် အခြေခံအုတ်မြစ်တစ်ခုလုံးကို ထိန်းသိမ်းထားခြင်းက ပို၍အရေးကြီးသည်မှာ အသေအချာပင်။
ကျန်းစန်းဟိုင်က ရှေ့သို့ ထွက်လာပြီး သူ၏အစီရင်ခံစာကို ဆက်လက် တင်ပြလေသည်။
"သတင်းထူးပါ။ စစ်ဗိုလ်ချုပ် လီကွမ်ယန်ဟာ ကောင်းကင်ထောက်တိုင်နယ်ပယ်ကို ရောက်ရှိသွားပြီး မဟာကျင်းတိုင်းပြည်ရဲ့ စတုတ္ထမြောက် ကောင်းကင်ထောက်တိုင်နယ်ပယ် ကျွမ်းကျင်သူ ဖြစ်လာခဲ့ပါပြီ။ အနက်ရောင်ဝတ်နန်းရင်းဝန် ဝမ်ရှန်ကျားက အခုဆို အဆင့်တက်ဖို့ တံခါးပိတ်ကျင့်ကြံနေပါတယ်။ ရလဒ်တွေကို မကြာခင် သိရတော့မှာပါ။"
"နံနက်ခင်းအလင်းနယ်ပယ်က ကျင့်ကြံသူ အရေအတွက်က (၂၀၀)ကျော်သွားပါပြီ။ အဲဒါက ကောင်းကင်မဟာမိတ်အဖွဲ့နဲ့ အခြေခံအားဖြင့် အတူတူပါပဲ။ စစ်ပွဲအတွက် စည်းရုံးထားတဲ့ တပ်ဖွဲ့ဝင် အရေအတွက်က နှစ်သန်းကျော်သွားပါပြီ။ အဲဒါက ကောင်းကင်မဟာမိတ်အဖွဲ့ထက် နှစ်ဆလောက် များပါတယ်။ လက်ရှိမှာ အမြင့်ဆုံးတိုက်ခိုက်ရေးစွမ်းအားမှာပဲ သိသာထင်ရှားတဲ့ ကွာဟချက် ရှိနေပါတယ်။"
"ဒါပေမဲ့ အမြင့်ဆုံးတိုက်ခိုက်ရေးစွမ်းအားမှာ ကွာခြားချက် သိပ်မရှိဘူးလို့ ဒီအရာရှိအို ယုံကြည်ပါတယ်။ ဧကရာဇ်တစ်ပါးတည်းက အဆင့်တူ လူ(၁၀)ယောက်နဲ့ ညီမျှပါတယ်။"
သူ စကားပြောနေစဉ်။
ကျန်းစန်းဟိုင်သည် စုဝေးနေသောအရာရှိများကို လှည့်ကြည့်လိုက်ပြီး သူ၏မျက်လုံးများတွင် နက်ရှိုင်းသော အဓိပ္ပာယ်များ ပြည့်နှက်နေလေသည်။
ဤသတင်းသည် ချဲ့ကားပြောဆိုခြင်း ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ၎င်းသည် မရိုးသားသော ရည်ရွယ်ချက်ရှိသူအချို့ကို တားဆီးနိုင်လိမ့်မည်။
ထိုလူများသည် သူတို့၏လုပ်ရပ်များကို ပြန်လည်သုံးသပ်ရန်လိုအပ်ပြီး မဟာကျင်းတိုင်းပြည်ကို တကယ် သစ္စာဖောက်ရန် ရည်ရွယ်ထားသလားဆိုသည်ကို သေသေချာချာ စဉ်းစားရန် လိုအပ်လေသည်။
တုန်းဖန်လျူလီက အနည်းငယ် နားမလည်နိုင်ဖြစ်သွားပြီး ပြောလိုက်သည်ဒ
"နံနက်ခင်းအလင်းနယ်ပယ်မှာ ဒီလောက်တောင် လူများနေတာလား။"
မဟာကျင်းတိုင်းပြည် အာဏာရလာကတည်းက သူသည် ဤကိစ္စရပ်များကို အာရုံစိုက်မှု နည်းပါးခဲ့ပြီး တိုင်းပြည်သစ် တည်ဆောက်ရေးတွင် အလုပ်ရှုပ်နေခဲ့သည်။
ယခုမှ ၎င်းကို ကြားလိုက်ရ၍ သူ အံ့အားသင့်သွားခဲ့သည်။
ကျန်းစန်းဟိုင်က ခေါင်းညိတ်ပြီး ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
"တောရိုင်းနယ်မြေရဲ့ကံကြမ္မာဟာ ကောင်းကင်ပြည်နယ်ထက် တစ်လစောပြီး ပေါင်းစည်းသွားခဲ့တယ်။ လရောင်ထွန်းလင်းနယ်ပယ်မှာ ပိတ်မိနေတဲ့ ကျင့်ကြံသူတွေနဲ့ ထူးကဲတဲ့ ပါရမီရှိသူတွေဟာ မြန်မြန်ဆန်ဆန် အဆင့်တက်နိုင်ခဲ့ကြတယ်။"
"ပြီးတော့ အတ္တကင်းမဲ့ဗုဒ္ဓက သူ့ဘဝရဲ့အဆုံးသတ်မှာ အကျိုးကျေးဇူးတွေက ထင်ထားတာထက် အများကြီး ပိုကြီးမားပါတယ်။"
ဤအချက်သို့ ရောက်သောအခါ ကျန်းစန်းဟိုင်က လေးနက်သွားပြီး ဆက်ပြောသည်။
"အတ္တကင်းမဲ့ဗုဒ္ဓရဲ့ သုံးရက်နဲ့သုံးညကြာ တာအိုကျင့်ကြံမှု ဟာ သာမန် ကောင်းကင်ထောက်တိုင်နယ်ပယ် ကျင့်ကြံသူ တစ်ယောက်ရဲ့ သေဆုံးခြင်းနဲ့ လုံးဝကွာခြားပါတယ်။ အဲဒါက ပျက်စီးနေတဲ့တောရိုင်းနယ်မြေကို ပြုပြင်ပေးရုံသာမက အထူးဗုဒ္ဓကောင်းချီးတစ်ခု ပေးလိုက်သလိုပါပဲ။ သူ့ရဲ့ မျက်နှာသာပေးမှုကို ရရှိခဲ့တဲ့ ကျင့်ကြံသူတွေရဲ့ ကြာရှည်စွာရှိနေခဲ့တဲ့ လျှို့ဝှက်ဒဏ်ရာတွေအားလုံးကို သက်သာပျောက်ကင်းစေပြီးတော့ သူတို့ရဲ့ အရည်အချင်းနဲ့ ပါရမီတွေကို ကဏ္ဍစုံမှာ တိုးတက်စေခဲ့ပါတယ်။"
"ဝေလငါးတစ်ကောင် သေဆုံးတဲ့အခါ သက်ရှိအရာအားလုံး မွေးဖွားလာတယ်။ အတ္တကင်းမဲ့ဗုဒ္ဓဟာ လရောင်ထွန်းလင်းနယ်ပယ် ကျင့်ကြံသူဒါဇင်ပေါင်းများစွာကို နံနက်ခင်းအလင်းနယ်ပယ် တက်လှမ်းနိုင်အောင် သူ့ကိုယ်သူ စတေးခဲ့တယ်။"
ချင်းဖုန်းဟော်က ပြုံးဖြီးဖြီး လုပ်လိုက်သည်။ သွေးနှင့်အသက်စွမ်းအင် ကုန်ခမ်းနေပြီဖြစ်သော အဘိုးအို ဖြစ်သည့် သူပင်လျှင် နံနက်ခင်းအလင်းနယ်ပယ်၏ အလယ်အလတ်အဆင့်သို့ ဖောက်ထွင်းဝင်ရောက်နိုင်ခဲ့ပြီး အတ္တကင်းမဲ့ဗုဒ္ဓ၏ ကောင်းချီးပေးခံရပြီးနောက် နှောင်းပိုင်းအဆင့်သို့ ဝင်ရောက်လုနီးပါး ဖြစ်နေလေသည်။
ကျန်းစန်းဟိုင်က အဘိုးကြီးချင်း ပြုံးနေသည်ကို သတိပြုမိပြီး သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်၏။
၎င်းကို မြင်သောအခါ ချင်းဖုန်းဟော်သည် အလျင်အမြန် တည်ငြိမ်အောင် လုပ်လိုက်ပြီး တိတ်ဆိတ်စွာ ဝမ်းနည်းပူဆွေးနေသည့်ဟန်ဖြင့် ခေါင်းငုံ့လိုက်လေသည်။
တုန်းဖန်လျူလီ တိတ်ဆိတ်နေ၏။
ငါးပိကောင် တစ်ခါက ပြောခဲ့ဖူးသည့် အတ္တကင်းမဲ့ဗုဒ္ဓ ပြောခဲ့သလိုမျိုး စကားပုံတစ်ခုကို သူ တွေးလိုက်မိသည်။
လောကကြီးမှာ လုံးဝကောင်းတဲ့သူ ဒါမှမဟုတ် ဆိုးတဲ့သူဆိုတာ မရှိဘူး။ လူတိုင်းမှာ မျက်နှာစာနှစ်ခု ရှိတယ်။ ကိစ္စတစ်ခုမှာ ခွင့်လွှတ်လို့မရတဲ့ လူဆိုးတစ်ယောက် ဖြစ်နိုင်ပေမယ့် တခြားအချိန်တွေမှာတော့ သူက လူကောင်းတစ်ယောက် ဖြစ်နိုင်တယ်။
သူ အရင်က နားမလည်ခဲ့သော်လည်း ယခုတော့ တဖြည်းဖြည်း သဘောပေါက်လာခဲ့လေပြီ။
မှန်ပေသည်။
မဟာကျင်းတိုင်းပြည်၏ လက်ချက်ဖြင့် တိုင်းပြည်နှင့်အိမ်များ ဖျက်ဆီးခံရသူများ၏ အမြင်တွင်တော့ မဟာကျင်းတိုင်းပြည်က အကောင်းဘက်ကပုံရိပ်တစ်ခု ဖြစ်နိုင်မည်လား။
လုံးဝ မဖြစ်နိုင်ပေ။
"အမိန့်ထုတ်ပြန်လိုက်။ ဒီနေ့ကစပြီး အတ္တကင်းမဲ့ဗုဒ္ဓအကြောင်း ကောလာဟလတွေ ထပ်မဖြန့်ရဘူး။ သူ့ဘဝတစ်လျှောက်လုံးက ကောင်းကွက်နဲ့ ဆိုးကွက်တွေကိုပဲ ပုဂ္ဂိုလ်ရေးစိတ်ခံစားမှုမပါဘဲ ရှင်းရှင်းလင်းလင်း ရေးမှတ်ထားရမယ်။"
"အမိန့်အတိုင်းပါ။"
ကျန်းစန်းဟိုင် ရိုသေစွာ ဦးညွှတ်လိုက်ပြီး နန်းတွင်းအရာရှိများ၏အတန်းထဲသို့ ပြန်သွားလေသည်။
ချက်ချင်းပင် ချင်းဖုန်းဟော်က ရှေ့သို့ထွက်လာပြီး ကောင်းကင်မဟာမိတ်အဖွဲ့ကို ဆန့်ကျင်မည့် မကြာသေးခင်က စစ်ရေးအစီအစဉ်များအကြောင်း အစီရင်ခံလေသည်။
နံနက်ခင်းအလင်းနယ်ပယ်အထက်ရှိ လူအများစုကို စစ်ဗိုလ်ချုပ် လီကွမ်ယန်၊ စုချင်ချိုး၊ လူဖုန်းနျန်၊ ချုံးမိန်နှင့် အခြားသူများအပါအဝင် ကမ်းရိုးတန်းဒေသများသို့ စေလွှတ်ခဲ့သည်။
ကျက်သရေရှိသော ပုံရိပ်လေးတစ်ခု ပေါ်လာသည်အထိပင်။
ဝူတျဲ၏ တောက်ပသောမျက်လုံးများနှင့် အဖြူရောင်သွားများက ပိုမိုတောက်ပလာပြီး ပြောလိုက်သည်။
"ဧကရီ ကျွန်မမှာ အစီရင်ခံစရာတစ်ခု ရှိပါတယ်။"
"နတ်ဘုရားတွေအကြောင်းပါ။"
"ကျွန်မ တောင်တွေ၊ မြစ်တွေကြားမှာ ခရီးသွားနေတုန်းက၊ ပင်လယ်ရေအောက် နက်နက်ပိုင်းကို စူးစမ်းလေ့လာရာကနေပြန်လာတဲ့ ကျင့်ကြံသူတစ်ယောက်နဲ့ တွေ့ခဲ့တယ်။ အရှေ့ဘက်အစွန်အဖျားပင်လယ်မှာ နတ်ဘုရားရာနဲ့ချီ ပြန်ရှင်လာပြီးလော ခမ်းနားတဲ့ ကောင်းကင်နန်းတော်တစ်ခုကို တည်ဆောက်ခဲ့တယ်လို့ သူက ကျွန်မကို ပြောပြခဲ့တယ်။ ပြီးတော့ သူတို့က ဘယ်စစ်ပွဲမှာမှပါဝင်မှာ မဟုတ်ဘူးလို့ ကြေညာခဲ့တယ်။ သူတို့ကို ရန်စတဲ့ ဘယ်သူမဆို နတ်ဘုရားတွေရဲ့ရန်သူ ဖြစ်လာလိမ့်မယ်လို့လည်း ပြောခဲ့ပါတယ်။"
ထိုစကားကို ကြားသောအခါ ရွှေရောင်နန်းတော်တစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။
…