အခန်း ၃၆၇
Vol. 33 Ch. 367
အခန်း (၃၆၇)
ဘာသာပြန် - အားသစ်
“ချန်းချန်း... မင်း တော်တော်လေး ပင်ပန်းသွားရပြီ”
ညအချိန်တွင်တော့ လင်းဖုန်းနှင့် ချူချန်းတို့နှစ်ယောက် နောက်ဆုံးတွင် အေးချမ်းမှုကို ရှာတွေ့နိုင်ခဲ့ကြလေပြီ။
“ကျွန်မအတွက် ဘာများ ပင်ပန်းစရာရှိလို့လဲ။ ကျွန်မက လက်နက်တပ်စက်ရုပ်တွေကို ဦးဆောင်ပေးရုံလေးတင်ပါ။ အဲဒီ စက်ရုပ်တွေကပဲ တိုက်ခိုက်ခဲ့ကြတာလေ”
ချူချန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ သို့သော်လည်း သူမက မျိုးရိုးဗီဇကန့်သတ်ချက်ကိုပင် မချိုးဖျက်ရသေးသော သာမန်ပရော်ဖက်ရှင်နယ် သိုင်းသမားတစ်ဦးသာ ဖြစ်၏။ ကမ္ဘာတစ်ဝန်းလုံးရှိ လူသားများ၏ ကံကြမ္မာနှင့် သက်ဆိုင်နေသော ဤမျှကြီးမားသည့် အဖြစ်အပျက်ကြီးတွင် ပါဝင်ခွင့်ပြုခြင်းက အမှန်တကယ်တော့ သူမအတွက် ကြီးမားသော ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုဖြစ်ကြောင်း လင်းဖုန်း သိသည်။
ကံကောင်းစွာဖြင့် ချူချန်းက စိတ်ဓာတ်ကြံ့ခိုင်သော မိန်းကလေးတစ်ဦးဖြစ်ပြီး ဤကဲ့သို့သော ဖိအားများကို ခံနိုင်ရည်ရှိခဲ့သည်။
“ချန်းချန်း... မကြာသေးခင်က မင်း သိုင်းပညာနဲ့ပတ်သက်ပြီးတော့ တော်တော်လေး ပေါ့လျော့နေခဲ့တယ်နော်။ အခု မင်း မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ဖို့ တကယ် ကြိုးစားကြည့်လို့ ရပြီ”
လင်းဖုန်းက သဘာဝကျကျပင် ချူချန်း မျိုးရိုးဗီဇက့န်သတ်ချက်ကို ချိုးဖျက်နိုင်ရန် ကူညီပေးချင်ခဲ့၏။ သို့သော်လည်း အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း လေးကြိမ်တိတိ ဖြတ်သန်းထားခဲ့ပြီးဖြစ်သော်ငြား အမှန်တကယ်တော့ ချူချန်းကို ကူညီရန် အလွန်ခက်ခဲလှပေသည်။ သူ ချူချန်းကို အရင်းအမြစ် အမြောက်အမြား ပေးရုံသာ တတ်နိုင်သည်။
“ကာကွယ်သူအဖွဲ့ချုပ်မှာတုန်းက ကျွန်မ ဉာဏ်အလင်းပွင့်မယ့် အရိပ်အယောင်တချို့ကို ခပ်ရေးရေး ခံစားမိနေပြီ။ မကြာခင် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်တော့မှာပါ။ ရှင် ကျွန်မအတွက် အရမ်းကြီး စိတ်ပူမနေပါနဲ့။ ကျွန်မရဲ့ ရည်မှန်းချက်က ရှင့်ကို အမီလိုက်ဖို့နဲ့ ရှင့်ထက်တောင် ကျော်လွန်သွားဖို့ပဲ”
ချူချန်းက သူမ၏ လက်သီးများကို တင်းတင်းဆုပ်လိုက်သည်။ သို့သော်လည်း သူတော်စင်များပင်လျှင် လင်းဖုန်းကို ကျော်လွန်ရန် တွေးတောဝံ့ကြလိမ့်မည် မဟုတ်ချေ။
“မနက်ဖြန် ငါ ခဏလောက် ထွက်သွားရလိမ့်မယ်”
လင်းဖုန်း အနည်းငယ် တုံ့ဆိုင်းနေခဲ့သည်။ သူ ပြန်ရောက်လာပြီး ချူချန်းနှင့် တစ်ရက်သာ အတူရှိနေရသေး၏။ သို့သော်လည်း သူ ထပ်မံ ထွက်ခွာရဦးမည်။ သူကိုယ်တိုင်ပင် ချူချန်အပေါ် အကြွေးတင်နေသလို ခံစားနေရသည်။
သို့သော်လည်း ချူချန်းက သဘောထားကြီးစွာဖြင့် ပြောလိုက်သည်။
“သွားပါ။ ရှင်က လူသားတွေအကုန်လုံးကို ကာကွယ်ဖို့အတွက် လုပ်နေတာဆိုတာ ကျွန်မ သိပါတယ်။ ရှင် အလုပ်ကိစ္စရှိရင်လည်း လုပ်ပါ။ နောက်ဆံတင်းမနေပါနဲ့။ ကျွန်မ ရှင့်ကို အမြဲတမ်း ထောက်ခံအားပေးနေမှာပါ”
ချူချန်းသည်ကား အလွန်ဉာဏ်ပြေးပြီး နားလည်မှုရှိသူ တစ်ဦး ဖြစ်သည်။ ထိုသည်ကပင် လင်းဖုန်း သူမကို သဘောကျရသည့် အကြောင်းရင်းတစ်ရပ် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
နောက်တစ်နေ့တွင် လင်းဖုန်း စောစော နိုးလာခဲ့၏။ သူ ချူချန်းကို မနှိုးတော့ချေ။ လေသင်္ဘောဖြင့် တစ်ယောက်တည်း ထွက်ခွာသွားခဲ့တော့သည်။
လင်းဖုန်း၏ ခရီးစဉ်က မြောက်ပိုင်းတောင်တန်းအခြေစိုက်စခန်းပင်။
လင်းဖုန်းသည် တောင်ပိုင်းတောင်တန်းအခြေစိုက်စခန်းသို့ ပြစ်ဒဏ်အဖြစ် စေလွှတ်ခြင်းခံရချိန်တွင် သူ ဤမျှအထိ ကံကောင်းသော အဖြစ်အပျက်မျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု ဘယ်တုန်းကမှ တွေးမိခဲ့မည် မဟုတ်ချေ။
အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း လေးကြိမ်တိုင်တိုင် ဖြတ်သန်းရလိမ့်မည်ဟုလည်း သူ ဘယ်တုန်းကမှ တွေးတောထားခဲ့ဖူးခြင်း မရှိချေ။
သို့သော်လည်း ယခုအခါတွင်မူ သူ အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း လေးကြိမ်တိတိ ဖြတ်သန်းထားခဲ့ပြီးဖြစ်၏။ လင်းဖုန်း အနန္တလမ်းစဉ်အကယ်ဒမီသို့ ဝင်ရောက်ခဲ့သည်မှာ နှစ်နှစ်သာ ရှိသေးသည်။
နှစ်နှစ်တာကာလအတွင်း သိုင်းပညာရှင်များစွာအတွက် ရာစုနှစ်တစ်ခု နှစ်ခုစာမျှ ဖြတ်သန်းရမည့် အရာများကို သူ ကြုံတွေ့ခဲ့ရသည်။
သို့သော်လည်း လင်းဖုန်းသည် လုံးဝ ကျေနပ်ရောင့်ရဲမနေခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် သူ အရာများစွာကို မြင်တွေ့ခဲ့ရပြီးဖြစ်သောကြောင့်ပင်။ စင်စစ်တွင် လူသားမျိုးနွယ်မှာ ချက်ချင်းလက်ငင်း ကျရောက်လာနိုင်သည့် အန္တရာယ်တစ်ခုအတွင်း၌ ရှိနေကြောင်းကို သူ သဘာဝကျကျပင် သိထားခဲ့သည်။
ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးကို မပြောနှင့်၊ လူသားမျိုးနွယ်မှာ ထိုကြမ်းကြုတ်သားရဲများ၏ အန္တရယ်ကိုပင် ရင်ဆိုင်ဖြေရှင်းနိုင်စွမ်း ရှိချင်မှရှိပေလိမ့်မည်။
လူသားယဉ်ကျေးမှုသည် ကြီးပွားတိုးတက်သည့် အနေအထားအထိ ဖွံ့ဖြိုးလာရန် အလှမ်းဝေးနေသေး၏။ ထို့ကြောင့် လင်းဖုန်းအနေဖြင့် ဂုဏ်ယူဝင့်ကြွားနေရန် အခွင့်အရေး မရှိချေ။
ဤတစ်ကြိမ် လင်းဖုန်း မြောက်ပိုင်းတောင်တန်း အခြေစိုက်စခန်းသို့ သွားရောက်ရခြင်းမှာ အရှင်ဘီမွန်၏ အမွေအနှစ်ကို လက်ခံရယူရန် ဖြစ်သည်။ လောင်ဘီသမ်၏ အဆိုအရ အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း လေးကြိမ် ဖြတ်သန်းပြီးမှသာ အရှင်ဘီမွန်၏ အမွေအနှစ်ကို လက်ခံနိုင်ပြီး စားရင်းသွင်းတပည့်တစ်ဦး ဖြစ်လာနိုင်မည်ဟု သိရ၏။
သို့သော်လည်း လောင်ဘီသမ်ပင်လျှင် ထိုအမွေအနှစ်က ဘာလဲဆိုသည်ကို မသိချေ။
ဝှစ်
လင်းဖုန်းတစ်ယောက် တောင်ပိုင်းတောင်တန်း အခြေစိုက်ခန်းကို ဖြတ်သန်းပျံသန်းသွားပြီးနောက် မကြာမီ မြောက်ပိုင်းတောင်တန်း အခြေစိုက်စခန်းသို့ ရောက်ရှိသွားသည်။
သူ တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်း သို့မဟုတ် မြောက်ပိုင်းတောင်တန်း အခြေစိုက်စခန်းများသို့ ဝင်ရောက်ပြီး နှုတ်ဆက်ရန် ရည်ရွယ်ချက် မရှိချေ။ သူ၏ အဆင့်အတန်းက ယခုအခါတွင် မိုးနှင့်မြေပမာ ကွာခြားသွားခဲ့ချေပြီ။
ယခင်က မိတ်ဆွေသူငယ်ချင်းဟောင်းများကို သူ၏ မူလသဘောထားအတိုင်း ဆက်ဆံနိုင်သေးလျှင်ပင် ထိုလုပ်ဖော်ကိုင်ဖက်များနှင့် သူငယ်ချင်းကောင်းများက သူ့ကို နဂိုအတိုင်း ဆက်ဆံနိုင်ကြတော့မည် မဟုတ်ချေ။
လူတစ်ဦး၏ အဆင့်အတန်း မြင့်မားလေလေ ထိုသူကို နားလည်ပေးကာ ရင်းနှီးသော ဆက်ဆံရေး ရှိနိုင်သူများ နည်းပါးလေလေ ဖြစ်၏။
မကြာမီမှာပင် လင်းဖုန်း၏ လေသင်္ဘောက တောရိုင်းနယ်မြေတစ်ခုအတွင်းသို့ ဆင်းသက်သွားသည်။ ထိုနယ်မြေ၏ အောက်တွင်တော့ မြေအောက်၌ မြှုပ်နှံထားသော လောင်ဘီသမ်၏ အာကာသယာဉ် ရှိနေသည်။
လောင်ဘီသမ်နှင့်အတူ လင်းဖုန်း မြေအောက်အာကာသယာဉ်အတွင်းသို့ သဘာဝကျကျပင် ချောချေမွေ့မွေ့ ဝင်ရောက်နိုင်ခဲ့သည်။ ကိစ္စရပ်များပြီးသွားသည်နှင့် လင်းဖုန်း ထိုအာကာသယာဉ်ကို ကာကွယ်သူအဖွဲ့ချုပ်ထံသို့ သယ်ဆောင်သွားမည် ဖြစ်၏။
မည်သို့ပင်ဆိုစေ သူက လူသားများအကြားတွင် အသန်မာဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေခဲ့ချေပြီ။ သူတို့က သူ့လျှို့ဝှက်ချက်တချို့ကို သိသွားလျှင်ပင် ကိစ္စမရှိပေ။ လင်းဖုန်းတွင် ယုံကြည်မှုအပြည့် ရှိနေပြီဖြစ်သည်။
ဂျွီ
လေသင်္ဘောအတွင်း၌ လောင်ဘီသမ်၏ ပုံစံအစစ်က ရှေ့သို့ ထွက်လာသည်။
“လင်းဖုန်း... သခင်ကြီးရဲ့ အမွေအနှစ်ကို လက်ခံဖို့အတွက် လိုအပ်တဲ့ အခြေအနေတွေကို နှစ်နှစ်အတွင်းမှာတင် ပြည့်မီသွားတဲ့အတွက် ဂုဏ်ပြုပါတယ်”
လောင်ဘီသမ်၏ ပုံစံအစစ်က စက်ရုပ်သက်ရှိတစ်ခု ဖြစ်သည်။ ယင်းက စက်ရုပ်တစ်ရုပ်နှင့် ချွတ်စွပ်တူသော်လည်း သူ့တွင် ဉာဏ်ရည်မြင့်ပြီး ကိုယ်ပိုင်တွေးခေါ်စဉ်းစားနိုင်စွမ်းရှိသည့် အစစ်အမှန် သက်ရှိတစ်ခု ဖြစ်၏။
အတိတ်တုန်းက လင်းဖုန်းအနေဖြင့် စက်ရုပ်သက်ရှိဆိုသည်မှာ ဘာလဲဆိုတာကို နားမလည်နိုင်ခဲ့ပေ။ သို့သော်လည်း ယခုအခါတွင်မူ လင်းဖုန်းသည် လောင်ဘီသမ်၏ ပုံစံအစစ်မှ ထွက်ပေါ်နေသော ဝေဝါးလှသည့် အသက်စွမ်းအား အရိပ်အယောင်တစ်ခုကို ရှင်းရှင်းလင်းလင်း ခံစားသိရှိနိုင်နေပြီ ဖြစ်သည်။
လောင်ဘီသမ်က ဧကန်မုချ စစ်မှန်သော သက်ရှိတစ်ယောက် ဖြစ်သည်။
သို့သော်လည်း စက်ရုပ်သက်ရှိများ တည်ရှိနေသည့် ပုံစံက အမှန်တကယ်ပင် အလွန်အံ့ဩဖွယ်ကောင်းလှ၏။ အနည်းဆုံး လောလောဆယ်တွင် လင်းဖုန်းအနေဖြင့် လောင်ဘီသမ်က စက်ရုပ်သက်ရှိတစ်ခုဖြစ်ကြောင်းကိုသာ အတည်ပြုနိုင်သေးသည်။ သို့သော်လည်း စက်ရုပ်သက်ရှိများနှင့် ပတ်သက်၍ ဘာတွေဖြစ်နေသည်ကိုမူ သူ မသိချေ။
“လင်းဖုန်း... မင်း အရင်တုန်းက သခင်ကြီးရဲ့ စိတ်ဝိညာဉ်လမ်းညွှန်ကျင့်စဉ်နဲ့ တိုက်ပွဲဝင်ခန္ဓာကိုယ် လမ်းညွှန်ကျင့်စဉ်တို့ကို ရခဲ့ဖူးတယ်။ ဒါပေမဲ့ အဲဒါတွေက သခင်ကြီးရဲ့ စစ်မှန်တဲ့ အမွေအနှစ် မဟုတ်ဘူး။ သခင်ကြီးရဲ့ စစ်မှန်တဲ့ အမွေအနှစ်ကို အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု လေးကြိမ် ဖြတ်သန်းပြီးမှသာ ရရှိနိုင်တာ။ ဒါပေမဲ့ အမွေအနှစ်ကို လက်မခံခင် ငါ့ရဲ့ မေးခွန်းတစ်ခုကို မင်း အရင်ဖြေရမယ်”
“ဘာမေးခွန်းလဲ”
“အမွေအနှစ်ကို လက်ခံပြီးတာနဲ့ မင်းက သခင်ကြီးရဲ့ စာရင်းသွင်းတပည့် ဖြစ်သွားလိမ့်မယ်။ မင်း သခင်ကြီးရဲ့ တပည့်ဖြစ်ဖို့ ဆန္ဒရှိသလား”
“သေချာပေါက် ဆန္ဒရှိတာပေါ့”
လင်းဖုန်း လုံးဝတုံ့ဆိုင်းမနေခဲ့ချေ။ သူ့အနေဖြင့် ကြီးမြတ်လှသော ဂလက်ဆီအဆင့်သက်ရှိ၏ တပည့်ဖြစ်ရန် မည်သို့လျှင် ဆန္ဒမရှိဘဲ နေပါမည်နည်း။
“အရမ်းကောင်းတယ်။ တကယ်တော့ ဒါက ပုံမှန်အတိုင်း မေးကြည့်ရုံပါပဲ။ ဘာသက်ရောက်မှုမှ မရှိပါဘူး။ မင်း အခု အမွေအနှစ်ကို လက်ခံလို့ ရပါပြီ”
လောင်ဘီသမ်က လင်းဖုန်းကို လျှို့ဝှက်အခန်းတစ်ခုဆီသို့ ခေါ်ဆောင်သွားသည်။
လျို့ဝှက်အခန်းထဲတွင် သက်တံရောင်စုံအလင်းတန်းများ တလက်လက်တောက်ပနေသော ကျောက်တုံးတစ်တုံး လွင့်မျောနေ၏။ ယင်းက အလွန်တရာ လျှို့ဝှက်ဆန်းကြယ်ဟန်ရှိပြီး လှပသေသပ်လှသည်။
မကြာမီ လောင်ဘီသမ် ပျောက်ကွယ်သွားသည်။ လင်းဖုန်း အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်၏။ ဤထူးဆန်းသော သက်တံရောင်စုံကျောက်တုံးလေးထဲတွင် ကြီးမြတ်လှသော ဂလက်ဆီအဆင့်သက်ရှိ၏ အစစ်အမှန် အမွေအနှစ် ပါရှိနေကြောင်း သူ သိသည်။
ထို့ကြောင့် လင်းဖုန်းတစ်ယောက် စိတ်လှုပ်ရှားမှုများကို တဖြည်းဖြည်း ငြိမ်သက်သွားစေလိုက်သည်။ ပြီးမှ ထိုသက်တံရောင်ကျောက်တုံးလေးထံသို့ ချဉ်းကပ်သွား၏။ သူ လက်လှမ်းလိုက်ပြီး သက်တံရောင်ကျောက်တုံးလေးကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။
ဝုန်း
လင်းဖုန်း၏ စိတ်အစဥ်မှာ အနည်းငယ် လှုပ်ရှားသွားသည်။ ထို့နောက် သူ၏ အသိစိတ်က ထိန်းချုပ်မှု ကင်းမဲ့သွားသည့်အလား ဖြစ်သွားပြီး ကြယ်တာရာ ကောင်းကင်ယံတစ်ခုအတွင်းသို့ ဝင်ရောက်သွားတော့၏။
ကြယ်များ လည်ပတ်နေကြသည်။ လင်းဖုန်းတစ်ယောက် အပြောကျယ်လှသော စကြာဝဠာကြီးထဲသို့ ရောက်ရှိနေသကဲ့သို့ ခံစားလိုက်ရ၏။
ကျယ်ပြောလှသော စကြာဝဠာကြီးက အေးစက်ပြီး အထီးကျန်ဆန်လှပေသည်။ လင်းဖုန်း ဧရာမဂြိုဟ်ကြီးများနှင့် ခမ်းနားကြီးကျယ်လှသော ဂလက်ဆီများကို မြင်တွေ့ခဲ့ရ၏။ စိတ်ကူးတစ်ချက်ဖြင့် သူ၏ပုံရိပ်က ၎င်းတို့ကြားထဲတွင် အလျင်အမြန် ကူးသန်းသွားလာနေခဲ့သည်။
သူ ဂလက်ဆီတစ်ခုပြီးတစ်ခု ဖြတ်သန်းသွားခဲ့သည်။ လင်းဖုန်း၏ အမြန်နှုန်းက အံ့မခန်းဖြစ်သော်လည်း သူ၏ အသိစိတ်ကတော့ အလွန်ရှင်းလင်းနေဆဲပင်။ သူ ဖြတ်သန်းသွားခဲ့သော ဂလက်ဆီတိုင်းနှင့် ဂြိုဟ်တိုင်းကို သူ အတိအကျ မှတ်မိနေခဲ့သည်။
ဤသည်ကား လမ်းကြောင်းတစ်ခုနှင့် တူလှပေသည်။ အချိန်မည်မျှ ကြာအောင် သွားခဲ့ရမှန်း မသိ။ နောက်ဆုံးတွင် လင်းဖုန်း ရှေ့တွင် ကျယ်ဝန်းပြီး တောက်ပလှသော ဂလက်ဆီကြီးတစ်ခုကို မြင်တွေ့လိုက်ရသည်။
၎င်းတို့အထဲတွင် အချို့သော ကြယ်များထက်ပင် ကြီးမားပုံရသော ပြိုင်ဘက်ကင်း ဧရာမဂြိုဟ်ကြီးတစ်လု ရှိနေခဲ့၏။ ၎င်းသည်ကား ထူးခြားဆန်းကြယ်ပြီး ခမ်းနားကြီးကျယ်ကာ အလွန် လှပလှပေသည်။
“ကောင်လေး... ဒါက ဘီမွန်ဂလက်ဆီရဲ့ ဘီမွန်ဂြိုဟ်ပဲ။ မင်း နောက်ဆုံးမှာ ရောက်လာရမယ့် နေရာလေ”
ရုတ်တရက် အသံတစ်ခုက လင်းဖုန်း၏ နားထဲတွင် ထွက်ပေါ်လာသည်။
သူ မော့ကြည့်လိုက်၏။ သူ ဘာကို မြင်လိုက်ရသနည်း။
ယင်းကား မျက်လုံးတစ်လုံးပင်။
စဉ်းစားတွေးတော၍ပင် မရနိုင်လောက်အောင် ကြီးမားလှသည့ါ ဧရာမမျက်လုံးကြီးတစ်လုံး။
မျက်လုံးတစ်လုံးတည်းကပင် သူ့ရှေ့ရှိ ဧရာမ ဘီမွန်ဂြိုဟ်ကြီးထက် ဆယ်ဆမက ပိုမိုကြီးမားနေသည် မဟုတ်ပါလား။
ထိုမျက်လုံး၏ နောက်ဘက်ရှိ ဦးခေါင်းကြီးကိုတော့ လင်းဖုန်း စကားလုံးများဖြင့်ပင် ဖော်ပြနိုင်စွမ်း မရှိတော့ချေ။ အမှန်စင်စစ် ဤအရာက လင်းဖုန်း ယခင်က နားလည်ထားခဲ့သော ကြီးမားမှုဟူသည့် ဝေါဟာရ၏ အဓိပ္ပာယ်ကိုပင် ကျော်လွန်သွားခဲ့ချေပြီ။
ထာဝရသိုင်းတာအိုအရှင်