အခန်း ၃၆၉
Vol. 33 Ch. 369
အခန်း (၃၆၉)
ဘာသာပြန် - အားသစ်
နိယာမများကို အခြေခံအဆင့်၊ ဂြိုဟ်အဆင့်ဟူ၍ ခွဲခြားထားသည်။ ဂြိုဟ်အဆင့်ထက် ပိုမိုမြင့်မားသော ဂလက်ဆီအဆင့်၊ စကြဝဠာအဆင့် စသည်တို့လည်း ရှိသေးသည်။
လင်းဖုန်း နားလည်သဘောပေါက်လိုသည်က တိုက်ခိုက်ရေးစွမ်းအားကို များစွာတိုးတက်စေသည့် ဒီရေနိယာမပင်။
တကယ်တော့ နိယာမတစ်ခုတည်းကိုသာ နားလည်သဘောပေါက်ရမည်ဟူသော ကန့်သတ်ချက်မျိုး မရှိပေ။ လင်းဖုန်းက ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကို ကျင့်ကြံထားသူဖြစ်၏။ သို့ဖြစ်၍ ဒီရေနိယာမကို နားလည်သဘောပေါက်ခြင်းက သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို များစွာ အထောက်အကူပြုစေလိမ့်မည်။
အခြားနိယာမများကို နားလည်သဘောပေါက်လျှင်လည်း တိုက်ပွဲဝင်ခန္ဓာကိုယ်အတွက် တိုးတက်မှု များများစားစား မရှိပေ။ သို့သော်လည်း တစ်ဖက်တစ်လမ်းမှ တခြားသော အကူအညီများအဖြစ် အသုံးပြုနိုင်သည်။
ဟင်းလင်းပြင်နိယာမကို ဥပမာပေးရသော်
အကယ်၍ ဟင်းလင်းပြင်ဆိုင်ရာ မွေးရာပါ ပါရမီရှိသူတစ်ဦးက ဟင်းလင်းပြင်နိယာမကို နားလည်သဘောပေါက်ပါက စကြဝဠာအတွင်း အလွယ်တကူ ခရီးသွားနိုင်ပြီး အာကာသလမ်းကြောင်းများကိုပင် တည်ဆောက်နိုင်သည်။ သူတို့သည် စကြဝဠာတစ်ခုလုံးက အလိုချင်ဆုံး အရည်အချင်းရှိသူများ ဖြစ်ကြသည်။
စကြဝဠာဆိုင်ရာ နိယာမများစွာရှိသော်လည်း နားလည်သဘောပေါက်ရန်မှာ မလွယ်ကူပေ။ ဘီမွန် ပြသခဲ့သော ဒီရေနိယာမကို လင်းဖုန်း ကိုယ်တိုင်မြင်ခဲ့ရသော်လည်း တကယ်တမ်းတွင်မူ သူ နားလည်မှု အနည်းငယ်သာ ရှိသေးသည်။
နိယာမလမ်းကြောင်းက သူ့ရှေ့တွင် အလွန်ဝေးကွာနေသေးသည်။
သို့သော်လည်း ယနေ့မှစ၍ သူသည် ဘီမွန်၏ စာရင်းသွင်းတပည့် ဖြစ်လာခဲ့ပြီ။
လင်းဖုန်း လျှို့ဝှက်အခန်းထဲမှ ထွက်လာသောအခါ အပြင်တွင် စောင့်နေသည့် လောင်ဘီသမ်ကို တွေ့လိုက်ရသည်။
"သခင်... အခု သခင်က သခင်ကြီးရဲ့ တပည့်ဖြစ်သွားပြီ။ နောက်ပိုင်းမှာ ကျွန်တော်က သခင့်ရဲ့ အစေခံအဖြစ်နဲ့ ထိပ်ဆုံးအထိ အတူတူ လိုက်ပါသွားပေးပါ့မယ်"
လောင်ဘီသမ်က ဒူးထောက်ကာ စကားဆိုလိုက်သည်။
သူသည် မူလက သာမန်စက်မှုသက်ရှိတစ်ခုသာ ဖြစ်၏။ ဘီမွန်၏ ရွေးချယ်ခြင်းကို ခံရပြီးနောက် အမွေအနှစ်ကို လက်ခံနိုင်မည့် သက်ရှိများကို ရှာဖွေရန်အတွက် စကြဝဠာ၏ အနက်ပိုင်းနေရာများသို့ အာကာသယာဉ်ကို မောင်းနှင်လာခဲ့ရသည်။
ဤခရီးမှာ နှစ်ပေါင်း ဘီလီယံချီ ကြာမြင့်ခဲ့သည်။
ဤကမ္ဘာသို့ ရောက်လာပြီးနောက် နောက်ထပ် စကြဝဠာသို့ ပြန်နိုင်တော့မည် မဟုတ်ဟုပင် ထင်မှတ်ခဲ့သည်။
သို့သော် နောက်ပိုင်းတွင် လင်းဖုန်းနှင့် တွေ့ဆုံခဲ့သည်။ လင်းဖုန်းကို သူ အထင်မကြီးခဲ့သော်လည်း လင်းဖုန်းက သူ့ကို အမြဲ အံ့အားသင့်စေခဲ့၏။ နှစ်နှစ်အတွင်းမှာပင် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း လေးကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ဘီမွန်၏ စစ်မှန်သော အမွေအနှစ်ကို ရရှိကာ ဘီမွန်၏ တပည့် ဖြစ်လာခဲ့သည်။
ဘီမွန်၏ အမွေအနှစ်ကို ရရှိသွားသည်နှင့် လောင်ဘီသမ်က လင်းဖုန်း၏ အစေခံ ဖြစ်လာမည်ဖြစ်၏။ မည်သည့်အကြောင်းနှင့်မှ ပြောင်းလဲသွားမည် မဟုတ်ပေ။
လင်းဖုန်း ခေါင်းညိတ်ကာ လောင်ဘီသမ်အား ပြောလိုက်သည်။
"ထ…ထ… ငါ့နောက်ကို လိုက်ခဲ့။ အနာဂတ်မှာ ငါ ထိပ်ဆုံးကို ရောက်ဖို့ မျှော်လင့်ချက် ရှိလာရင် မင်းလိုချင်တာကို ငါ ပေးမယ်"
"ကျေးဇူးတင်ပါတယ် သခင်"
လောင်ဘီသမ်လည်း အလွန် ဝမ်းသာနေသည်။ နှစ်နှစ်အတွင်း လင်းဖုန်းတစ်ယောက် သူ၏ ပင်ကိုအရည်အချင်းကို အပြည့်အဝ သက်သေပြနိုင်ခဲ့သည်။
ဤပင်ကိုပါရမီကို လောင်ဘီသမ် မမြင်နိုင်သော်လည်း လင်းဖုန်းတွင်သာ ပါရမီမရှိပါက အချိန်တိုအတွင်း အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း လေးကြိမ် ပြုလုပ်နိုင်ရန် မဖြစ်နိုင်ပေ။
ယင်းက အသက်အမြုတေ အပိုင်းအစများကြောင့်သာ ဖြစ်နိုင်သည့် အောင်မြင်မှု မဟုတ်ပေ။
အကယ်၍ အသက်အမြုတေ အပိုင်းအစများဖြင့်သာ အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း လေးကြိမ်၊ ငါးကြိမ် သို့မဟုတ် ခြောက်ကြိမ်အထိ ပြုလုပ်နိုင်မည်ဆိုပါက စကြဝဠာတစ်ခုလုံးတွင် ဂြိုဟ်အဆင့်သက်ရှိများ အများအပြား ရှိနေပေလိမ့်မည်။
သို့သော် လက်တွေ့တွင် ဂြိုဟ်အဆင့်သက်ရှိများမှာ စကြဝဠာတစ်ခုလုံး၏ အတိုင်းအတာအရ ရှားပါးလှသေးသည်။
"သခင်... ဘီမွန်ဂလက်ဆီကို ဘယ်တော့လောက် ပြန်ဖို့ စိတ်ကူးထားလဲ"
လောင်ဘီသမ်၏ မျက်လုံးထဲတွင် မျှော်လင့်ချက်အရိပ်အယောင်များ ပေါ်လာသည်။
လင်းဖုန်းအနေဖြင့် လောင်ဘီသမ်၏ အတွေးကို သိသည်။ အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း လေးကြိမ် ပြုလုပ်ပြီး ဘီမွန်၏ အမွေအနှစ်ကို လက်ခံရရှိပြီးသည်နှင့် ဘီမွန်၏ တပည့်အစစ်တစ်ဦးအဖြစ် သတ်မှတ်နိုင်သည်။
ထို့ကြောင့် လင်းဖုန်းအနေဖြင့် ယခုချက်ချင်းပင် အာကာသယာဉ်ကို မောင်းနှင်ကာ ဘီမွန်ဂလက်ဆီသို့ ပြန်သွားနိုင်သည်။
လင်းဖုန်းအနေဖြင့် ကျယ်ပြန့်သော စကြဝဠာကို မည်သို့ မတောင့်တဘဲ ရှိနိုင်ပါမည်နည်း။
သို့သော် သူက လူသားတစ်ဦးဖြစ်သည်။ လက်ရှိတွင် ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးကို ခုခံနိုင်မည့် တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်သည်။ ဤသို့ဖြင့် သူ ထွက်သွားရန်က မဖြစ်နိုင်ပေ။
"လောင်ဘီသမ်... ငါ့သဘောထားကို မင်းသိပါတယ်။ ကမ္ဘာပျက်ကပ်သားရဲကြီးကို မရှင်းလင်းခင် ငါ ဘယ်မှ မသွားဘူး။ ပြီးတော့ ငါ အခု ထွက်သွားချင်ရင်တောင် ဒီ အကာအကွယ်အလွှာကို ငါ ဖြတ်ကျော်နိုင်လို့လား"
မှန်ပေ၏။ အကာအကွယ်အလွှာမှာ မည်သို့ပင်ဖြစ်စေ ကျော်ဖြတ်၍မရနိုင်သော အတားအဆီးတစ်ခုပင်။
"သခင်... သခင်သာ ဒီရေနိယာမကို နားလည်သဘောပေါက်ပြီး အခြေခံအဆင့်ကို ရောက်ရှိပြီးတော့ အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း ငါးကြိမ် ပြုလုပ်နိုင်ရင် ဒီအကာအကွယ်ကို ဖြတ်ကျော်နိုင်မှာပါ။ ကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲကြီးကို ရှင်းလင်းဖို့ကလည်း လွယ်ကူသွားမှာပါ" လောင်ဘီသမ်က ယုံကြည်မှုရှိရှိ ပြောသည်။
လင်းဖုန်းလည်း ခေါင်းညိတ်လိုက်၏။ လောင်ဘီသမ်၏ ပြောစကားက ပုံကြီးချဲ့နေခြင်း မဟုတ်ပေ။ ဒီရေနိယာမ အခြေခံအဆင့်သို့ ရောက်ရှိလျှင် ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်၏ စွမ်းအားမှာ ဆယ်ဆအထိ တိုးတက်လာမည်ဖြစ်သည်။ ထိုအချိန်တွင် ပဉ္စမအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း မပြုလုပ်ရသေးလျှင်ပင် နိယာမကို နားလည်တတ်ကျွမ်းခြင်း မရှိသေးသော အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း ငါးကြိမ်ပြုလုပ်ထားသူတို့နှင့် ယှဉ်နိုင်မည်ဖြစ်သည်။
ထို့ပြင် ဖျက်ဆီးခြင်းလှံတံနှင့်ဆိုပါက ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးကို ဖြေရှင်းရန်က ပြဿနာ မဟုတ်တော့ပေ။ ပဉ္စမအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း ပြီးမြောက်ပြီးပါမူ တစ်ဖက်သတ်တိုက်ပွဲပင် ဖြစ်သွားပေလိမ့်မည်။
သို့သော် ဒီရေနိယာမက အလွန်နက်နဲလှ၏။
လင်းဖုန်းကိုယ်တိုင် ဘီမွန်၏ ဒီရေနိယာမ ပြသမှုကို တစ်ကြိမ် မြင်ခဲ့ရသော်လည်း အခုထိ မည်သည့်သဲလွန်စမျှ မရသေးပေ။
"ဒါနဲ့... မင်းရဲ့ အာကာသယာဉ်မှာ လက်နက်တွေ ရှိသေးလား"
"လက်နက်တွေလား။ ရှိတာပေါ့။ ဒါပေမဲ့ စွမ်းအင်တွေတော့ ကုန်သွားပြီ။ လက်နက်စနစ်က ကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲကြီးကို မတိုက်ခိုက်နိုင်တော့ဘူး"
လင်းဖုန်း၏ စိတ်ကူးကို လောင်ဘီသမ် သိသော်လည်း သူ၏ အာကာသယာဉ်မှာ စက်မှုယဉ်ကျေးမှု၏ အဆင့်အမြင့်ဆုံးယာဉ်မျိုး မဟုတ်ပေ။ အကယ်၍ စက်မှုယဉ်ကျေးမှု၏ အဆင့်အမြင့်ဆုံး ယာဉ်သာဆိုလျှင် တစ်ချက်တည်းနှင့် ဂြိုဟ်တစ်လုံးကိုပင် ဖျက်ဆီးနိုင်ပေလိမ့်မည်။
"အာကာသယာဉ်က အခုထိ ပျံသန်းနိုင်သေးတယ်မလား။ အရင်ဆုံး ကာကွယ်သူအဖွဲ့ချုပ်ဆီ ပြန်ကြရအောင်"
ထိုသို့ဆိုပြီးနောက် လောင်ဘီသမ်က အာကာသယာဉ်ကို စတင်လည်ပတ်စေသည်။
ဝူး
လောင်ဘီသမ်၏ လှုပ်ရှားမှုကြောင့် အာကာသယာဉ် စတင် ရွေ့လျားသွားသည်။ မြေပြင်တစ်ခုလုံး တုန်ခါသွား၏။
မြောက်ပိုင်းတောင်တန်း အခြေစိုက်စခန်းမှ သိုင်းပညာရှင်များအားလုံး ချက်ချင်း သတိထားမိလိုက်သည်။
"ဘာဖြစ်တာလဲ။ မြေပုရွက်ဆိတ်တွေ တိုက်ခိုက်နေတာလား"
"ငလျင်လှုပ်တာ ထင်တယ်။ မြေအောက်မှာ ဘာတွေများဖြစ်နေတာလဲ"
"အခြေစိုက်စခန်းက သိုင်းပညာရှင်တွေကို တိုက်ခိုက်ဖို့အတွက် အမြန်ဆုံး ပြင်ဆင်ခိုင်းကြ"
မြောက်ပိုင်းတောင်တန်း အခြေစိုက်စခန်းမှ သိုင်းပညာရှင်များသည် မြေပုရွက်ဆိတ်များနှင့် နှစ်ပေါင်းများစွာ တိုက်ခိုက်လာခဲ့ကြသူများ ဖြစ်ကြ၏။ လွန်ခဲ့သည့် နှစ်အနည်းငယ်က အခြေအနေ တိုးတက်လာသော်လည်း သတိမလျော့ကြပေ။
မြေပြင်မှာ ပိုမိုပြင်းထန်စွာ တုန်ခါလာပြီး မကြာမီ မြေပြင်အက်ကွဲကာ နက်ရှိုင်းပြီး မှောင်မိုက်နေသော အက်ကြောင်းကြီးတစ်ခု ပေါ်လာသည်။ မြေအောက်မှ နတ်ဆိုးများ ထွက်လာသည့်အလားပင်။
ရွှီး
သို့သော် အက်ကြောင်းထဲမှ ထွက်လာသည်မှာ နတ်ဆိုးများ သားရဲများ မဟုတ်ချေ။ ဧရာမ အာကာသယာဉ်ကြီးတစ်ခုသာ။
ဤအာကာသယာဉ်က ထူးဆန်းလှသည်။ ဘဲဥပုံစံဖြစ်ပြီး ကိုယ်ထည်တစ်ခုလုံး နူးညံ့သော အလင်းရောင်များဖြင့် အတိဖုံးလွှမ်းနေပြီး မြေအောက်မှ တဖြည်းဖြည်း ထွက်ပေါ်လာသည်။
"ဒါ ဘာအာကာသယာဉ်လဲ"
"ငါ တစ်ခါမှ မမြင်ဖူးဘူး"
"ဒါ လူသားတွေရဲ့ အာကာသယာဉ် မဟုတ်လောက်ဘူး။ ရှေးဟောင်းယဉ်ကျေးမှု တစ်ခုခုရဲ့ အာကာသယာဉ်များလား"
"ရှေးဟောင်းယဉ်ကျေးမှု... ငါတို့ရဲ့ မြောက်ပိုင်းတောင်တန်း အခြေစိုက်စခန်းအောက်မှာ ရှေးဟောင်းအပျက်အစီးနယ်မြေတွေများ ရှိနေတာလား"
သိုင်းပညာရှင်များစွာက ထူးဆန်းသော အာကာသယာဉ်ကို စိုက်ကြည့်နေကြသည်။ သူတို့၏ အထက်လူကြီးများထံသို့ပင် သတင်းပို့နေကြပြီ ဖြစ်သည်။ ဤကဲ့သို့ ထူးဆန်းသော ဖြစ်ရပ်မျိုးကို မြောက်ပိုင်းတောင်တန်း အခြေစိုက်စခန်းအနေဖြင့် ကိုင်တွယ်နိုင်မည် မဟုတ်ပေ။
သို့သော် အာကာသယာဉ်က မြောက်ပိုင်းတောင်တန်း အခြေစိုက်စခန်းကို ဖြတ်ကျော်ပျံသန်းသွားစဉ် အာကာသယာဉ်ထဲမှ အသံတစ်ခု ထွက်ပေါ်လာသည်။
"ငါ လင်းဖုန်းပဲ။ ဒီအာကာသယာဉ်က ငါ ရှေးဟောင်းအပျက်အစီးနယ်မြေတစ်ခုကနေ ရခဲ့တဲ့ ရှေးဟောင်းယဉ်ကျေးမှု အာကာသယာဉ်ပါ။ စိုးရိမ်စရာ မလိုပါဘူး"
ထိုသို့ပြောပြီးနောက် အာကာသယာဉ်က မြောက်ပိုင်းတောင်တန်း အခြေစိုက်စခန်းမှ ထွက်ခွာသွားသည်။
"ဒါ သူတော်စင်လင်းဖုန်းမလား"
"တကယ်ပဲ သူတော်စင်လင်းဖုန်းပဲ။ သူ ရှေးဟောင်းအပျက်အစီးနယ်မြေတစ်ခုကနေ အာကာသယာဉ်ကို ရှာတွေ့ခဲ့လိမ့်မယ်လို့ မထင်ထားမိဘူး"
"နေပါဦး။ သူတော်စင်လင်းဖုန်း သူတော်စင် မဖြစ်ခင်က မြောက်ပိုင်းတောင်တန်းအခြေစိုက်စခန်းကို ကူညီခဲ့ဖူးတယ်။ အဲဒီအချိန်တုန်းက သူ ရှေးဟောင်းအပျက်အစီးနယ်မြေကို ရှာတွေ့ခဲ့တာလား"
တချို့က မရေမရာ ခန့်မှန်းနေကြသည်။
သို့သော် ခန့်မှန်းမိလျှင်လည်း ဘာအရေးနည်း။ လက်ရှိ လင်းဖုန်းက မည်သူ့ကိုမျှ ကြောက်စရာ မလိုတော့ပေ။ သူက လူသားမျိုးနွယ်၏ ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနေသူ ဖြစ်သည်။
သူကိုယ်တိုင် ထုတ်ဖော်ပြောဆိုခြင်း မရှိသရွေ့ မည်သူမှ သူ့လျှို့ဝှက်ချက်ကို အတင်းအကျပ် မေးမြန်းနိုင်မည် မဟုတ်ပေ။
ထာဝရသိုင်းတာအိုအရှင်