အခန်း ၃၇၀
Vol. 33 Ch. 370
အခန်း (၃၇၀)
ဘာသာပြန် - အားသစ်
လင်းဖုန်းတစ်ယောက် ကာကွယ်သူအဖွဲ့ချုပ်သို့ ပြန်ရောက်လာပြီးနောက် အဖွဲ့ချုပ်၏ အာဏာတချို့ကို လောင်ဘီသမ်ထံ လွှဲအပ်ကာ ဌာနချုပ်ကို စီမံခန့်ခွဲစေသည်။
ယခုအခါတွင် လင်းဖုန်း လောင်ဘီသမ်ကို အပြည့်အဝ ယုံကြည်နေပြီ ဖြစ်သည်။
လောင်ဘီသမ်၏ စီမံခန့်ခွဲမှုအောက်တွင် ချူချန်းလည်း အနားရသွား၏။ စီမံခန့်ခွဲရေးကိစ္စများ၌ အချိန်နှင့် စွမ်းအင်များစွာ သုံးစွဲနေစရာ မလိုတော့ပေ။
ကမ္ဘာပျက်ကပ်သားရဲကြီး၏ အန္တရာယ်ကို ကိုင်တွယ်ဖြေရှင်းရန်အတွက် လင်းဖုန်းက လက်နက်တပ်စက်ရုပ် အများအပြားကို စတင်ထုတ်လုပ်တော့သည်။ ထို့အပြင် စက်မှုယဉ်ကျေးမှုမှ နည်းပညာလက်နက်တချို့ကို တီထွင်ရန်အတွက်လည်း လောင်ဘီသမ်အား တောင်းဆိုထားခဲ့သည်။
ယင်းက အချိန်အတော်ကြာမည့် လုပ်ငန်းစဉ်တစ်ခုပင်။ လောင်ဘီသမ်အနေဖြင့် ဂြိုဟ်ဖျက်လက်နက်ကဲ့သို့ အစုလိုက်အပြုံလိုက် အဖျက်စွမ်းအားရှိသည့် လက်နက်မျိုးကို တည်ဆောက်နိုင်မည် မဟုတ်ပေ။ သို့သော်လည်း စက်မှုယဉ်ကျေးမှုမှ သာမန်လက်နက်တချို့ကိုမူ ဖန်တီးပေးနိုင်သည်။
ထိုသည်က လူသားတို့၏ စုပေါင်းစွမ်းအားကို တိုးတက်စေရုံသာမက နည်းပညာဖွံ့ဖြိုးမှုကိုလည်း အထောက်အကူ ဖြစ်စေသည်။
ကမ္ဘာပျက်ကပ်သားရဲကြီးကို တိုက်ခိုက်နိုင် မနိုင်ကို လင်းဖုန်း ယတိပြတ် မမျှော်လင့်ထားပေ။ သို့သော် အနည်းဆုံး သာမန်ကြမ်းကြုတ်သားရဲများကိုမူ ကိုင်တွယ်နိုင်ရမည်ဖြစ်သည်။ အနာဂတ်တွင် ဤလက်နက်များဖြင့် ကြမ်းကြုတ်သားရဲများကို ဖြေရှင်းနိုင်ပေလိမ့်မည်။
ထိုအခါ လူသားများသည် ဤကမ္ဘာ၏ အရှင်သခင်များ ဖြစ်လာကြပေလိမ့်မည်။
လူသားတို့၏ ကျင့်ကြံခြင်းစနစ်နှင့် ပတ်သက်လျှင် သိုင်းပညာ၏ အလားအလာက အလွန်နည်းပါးသည်ဟု လင်းဖုန်း ထင်မြင်နေဆဲပင်။ သို့သော် တိုက်ပွဲဝင်ခန္ဓာကိုယ် လမ်းညွှန်ကျင့်စဉ်နှင့် စိတ်ဝိညာဉ်လမ်းညွှန်ကျင့်စဉ်တို့က အရှင်ဘီမွန်၏ လျှို့ဝှက်ချက်များ ဖြစ်၍ သီးသန့်ပေးအပ်၍ မရပေ။
သို့သော် ဤကမ္ဘာတွင် တိုက်ပွဲဝင်ခန္ဓာကိုယ် ပိုင်ဆိုင်သူမှာ လင်းဖုန်းတစ်ဦးတည်း မဟုတ်ပေ။ သူ အသူတရာသေမင်းပင်လယ်ထဲမှ ပင်လယ်သားရဲများကို ချက်ချင်း သတိရမိလိုက်သည်။ သူတို့အားလုံးတွင် ရိုးရှင်းသည့် တိုက်ပွဲဝင်ခန္ဓာကိုယ်တချို့ ရှိကြ၏။
ပင်လယ်ဧကရာဇ်တွင်မူ တိုက်ပွဲဝင်ခန္ဓာကိုယ်အတွက် စစ်မှန်သော ကျင့်ကြံခြင်းနည်းလမ်း ရှိနေသည်။
ထို့ကြောင့် လင်းဖုန်းက ပင်လယ်ဧကရာဇ်ဆီမှ တိုက်ပွဲဝင်ခန္ဓာကိုယ်ကျင့်စဉ်တောင်းရန် ချက်ချင်းပင် သေမင်းပယ်လယ်ဆီသို့ ဦးတည်သွားတော့သည်။
များမကြာမီ လင်းဖုန်း သေမင်းပင်လယ်သို့ ရောက်သွားသည်။ တုန့်ဆိုင်းမနေတော့ဘဲ ပင်လယ်ဧကရာဇ် နန်းတော်ထဲသို့ ဝင်ရောက်သွား၏။
"ရပ်စမ်း... မင်း ဘာလုပ်ဖို့ ကြံနေတာလဲ"
ပင်လယ်ဧကရာဇ်နန်းတော်မှ ပင်လယ်သားရဲများက လင်းဖုန်းကို မှတ်မိနေကြသည်။ လင်းဖုန်း ရောက်လာတိုင်း ပြဿနာတစ်ခုခု ပါလာတတ်၏။
"ကျွန်တော် အရှင်ပင်လယ်ဧကရာဇ်နဲ့ တွေ့ဆုံဖို့ လာတာပါ"
လင်းဖုန်းက ယဉ်ယဥ်ကျေးကျေး ပြောလိုက်သည်။ ပင်လယ်ဧကရာဇ်က သူ့ကို ကူညီခဲ့ဖူးသည် မဟုတ်ပါလား။
"အရှင်ပင်လယ်ဧကရာဇ်က အိပ်စက်နေတယ်။ တောင်းဆိုစရာရှိရင် ငါတို့ကိုပဲ ပြောခဲ့"
ပင်လယ်သားရဲများက လင်းဖုန်းကို ဆက်လက် ဟန့်တားထားသည်။ သူတို့ လင်းဖုန်းအပေါ်တွင် အမြင်မကြည်ကြပေ။
“ပြောစရာရှိတာပြောပြီးရင် သွားတော့။ ဒီနေရာက မင်းကို မကြိုဆိုဘူး”
"ဟမ့်"
လင်းဖုန်း၏ အကြည့်များက အနည်းငယ် အေးစက်သွားသည်။ သူ ပင်လယ်ဧကရာဇ်ကိုသာ လေးစား၏။ ဤပင်လယ်သားရဲများကိုမူ သူ သိပ်ပြီး ဂရုမစိုက်ပေ။
ဝုန်း
လင်းဖုန်း လက်ဝှေ့ယမ်းလိုက်သည်နှင့် ပင်လယ်သားရဲများ လွင့်ထွက်သွားသည်။ လင်းဖုန်း၏ လက်ရှိစွမ်းအားဖြင့် တိုက်ပွဲဝင်ခန္ဓာကိုယ်ကို အသုံးမပြုလျှင်တောင် ဤပင်လယ်သားရဲများက သူ့ပြိုင်ဘက် မဟုတ်ပေ။
"မင်း..."
ပင်လယ်သားရဲများ ချက်ချင်း ထိတ်လန့်သွားကြသည်။ ထို့ကြောင့် တုံ့ဆိုင်းမနေတော့ဘဲ သူတို့၏ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို အသုံးပြုကာ လင်းဖုန်းကို ဝိုင်းရံထားကြ၏။
လင်းဖုန်းကမူ ထိတ်လန့်ခြင်း မရှိပေ။ နန်းတော်ဘက်သို့လှည့်ကာ ကျယ်လောင်စွာ အော်ပြောလိုက်သည်။
"အရှင်ပင်လယ်ဧကရာဇ်... အခုချက်ချင်း ထွက်မလာဘူးဆိုရင် အရှင့်ရဲ့ လက်အောက်ငယ်သားတွေ အကုန် သေကုန်လိမ့်မယ်နော်"
"မင်း… ရဲတင်းလိုက်လေ"
"လူသားလေးတစ်ယောက်ကများ။ ဘယ်လောက်တောင် အောက်တန်းကျလိုက်သလဲ"
"ဒီတစ်ခါ ဘယ်လို လွတ်အောင် ပြေးမလဲ ကြည့်ကြသေးတာပေါ့ကွာ"
ပင်လယ်သားရဲများ အလွန်ဒေါသထွက်နေကြသည်။ တချို့မှာ ယခင်တစ်ခေါက် လင်းဖုန်းလာရောက်စဥ်က နန်းတော်တွင် မရှိခဲ့ကြသူများ ဖြစ်၏။ သူတို့ လင်းဖုန်း၏ ကြောက်မက်ဖွယ်ရာ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို တစ်ခါမှ မမြင်ဖူးကြပေ။
ထို့ကြောင့် သူတို့အတွက် ဤမျှ သေးဖွဲသိပ်နုပ်လှသော လူသားလေးတစ်ယောက်က လေကြီလေကျယ်လုပ်နေသည်ကို ဘယ်လိုမှ သည်းမခံနိုင်ချေ။ သူတို့အားလုံး လင်းဖုန်းကို ဒေါသတကြီး စိုက်ကြည့်နေကြသည်။
လင်းဖုန်း ခပ်အေးအေး နှာခေါင်းရှုံ့လိုက်ပြီး ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကို ၁၀ ကီလိုမီတာ အထိ ချက်ချင်း ထုတ်ဖော်လိုက်သည်။
ဧရာမတိုက်ပွဲဝင်ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ဖိအားကြောင့် ပင်လယ်သားရဲများ၏ မျက်နှာပျက်သွားကြ၏။ သူတို့မှာ ၁၀ ကီလိုမီတာရှိသော ဤခန္ဓာကိုယ်၏ ပြိုင်ဘက် လုံးဝ မဟုတ်ပေ။
"ဟင်း..."
ရုတ်တရက် ပင်လယ်ဧကရာဇ် နန်းတော်အတွင်းမှ သက်ပြင်းချသံတစ်ခု ထွက်ပေါ်လာသည်။
"အားလုံးပဲ ထွက်သွားကြတော့"
ပင်လယ်ဧကရာဇ် ပေါ်လာပြီဖြစ်သည်။ ပင်လယ်သားရဲများမှာ မကျေနပ်သော်လည်း လင်းဖုန်း၏ ဧရာမ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို မြင်ပြီးနောက် သူတို့ မယှဉ်နိုင်ကြောင်း သိလိုက်ကြသည်။ ထို့ကြောင့် စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွားကြတော့သည်။
"လင်းဖုန်း... သူတို့ကို ခွင့်လွှတ်လိုက်ပါ။ သူတို့က သေမင်းပင်လယ်ထဲက တစ်ခါမှ မထွက်ဖူးသလို အပြင်က ကောင်းကင်ကြီးကိုလည်း တစ်ခါမှ မမြင်ဖူးကြဘူး။ သူတို့က သေမင်းပင်လယ်ရဲ့ အရှင်သခင်တွေ ဖြစ်တဲ့အတွက် နည်းနည်းတော့ ထောင်လွှားနေတတ်ကြတယ်"
"အရှင်က ယဉ်ကျေးလွန်းနေပါပြီ။ ကျွန်တော်က သူတို့ကို ဘယ်တုန်းကမှ မမုန်းခဲ့ပါဘူး"
လင်းဖုန်း ပြုံးလိုက်သည်။ သူက အကူအညီတောင်းရန် ရောက်လာခြင်းဖြစ်၍ ပင်လယ်သားရဲများကို အပြစ်မတင်လိုပေ။
"လင်းဖုန်း...မင်း ဒီတစ်ခါ ဘာကိစ္စနဲ့ ရောက်လာတာလဲ"
"အရှင်... ဒီတစ်ခါ ကျွန်တော် အကူအညီ တောင်းချင်လို့ပါ"
"ငါ မင်းကို အသက်အမြုတေ ပေးခဲ့ပြီးပြီလေ။ နောက်ထပ် အသက်အမြုတေ ထပ်လိုချင်တာဆိုရင်တော့ ငါ မကူညီနိုင်တော့ဘူး"
"မဟုတ်ပါဘူး အရှင်။ အသက်အမြုတေအတွက် မဟုတ်ပါဘူး။ တိုက်ပွဲဝင်ခန္ဓာကိုယ်နဲ့ စိတ်စွမ်းအား ကျင့်ကြံခြင်း နည်းလမ်းတွေကို လိုချင်လို့ပါ"
"ဟမ်... မင်းမှာ မရှိဘူးလား" ပင်လယ်ဧကရာဇ်၏ အသံက အနည်းငယ် တင်းမာသွားသည်။
"ကျွန်တော့်မှာ ရှိပါတယ်။ ဒါပေမဲ့ အဲ့ဒါတွေက တခြားသူတွေကို ပေးလို့မရတဲ့ လျှို့ဝှက်ချက်တွေပါ။ ကျွန်တော်က လူသားမျိုးနွယ်အတွက် တိုက်ပွဲဝင်ခန္ဓာကိုယ် ကျင့်ကြံနည်းကို တောင်းဆိုချင်လို့ပါ"
"လင်းဖုန်း... ငါ မင်းကို အသက်အမြုတေ အပိုင်းအစ ပေးခဲ့ပြီးပြီ။ ဒီတိုက်ပွဲဝင်ခန္ဓာကိုယ်ကတော့ ငါ့ဆရာက ငါ့ကိုပေးအပ်ထားတဲ့ ကျင့်ကြံနည်းပဲ။ သူများတွေကို ပေးခွင့်မရှိဘူး"
ပင်လယ်ဧကရာဇ်က ချက်ချင်း ငြင်းဆိုလိုက်သည်။
"ဒါဆိုရင် အရှင့ါဆီမှာ တခြားတိုက်ပွဲဝင်ခန္ဓာကိုယ် ကျင့်ကြံနည်းတွေ မရှိဘူးလား။ ဘယ်နည်းလမ်းမဆို အဆင်ပြေပါတယ်"
"မရှိဘူး။ ပထမယဉ်ကျေးမှုက တခြား နတ်ဘုရင်တွေကို ရှာတွေ့နိုင်ရင်တော့ တခြားနည်းလမ်းတွေ ရကောင်းရနိုင်တယ်"
လင်းဖုန်း စကားမဆိုနိုင်တော့ပေ။ ပထမယဉ်ကျေးမှုက ပျက်စီးသွားပြီဖြစ်ပြီး ပင်လယ်ဧကရာဇ်တစ်ဦးတည်းသာ ကျန်ရှိတော့၏။ တခြားနတ်ဘုရင်ဟူ၍ ဘယ်သူများ ကျန်ရှိပါဦးမည်နည်း။
ပင်လယ်ဧကရာဇ်၏ ငြင်းဆိုမှုကို လင်းဖုန်း နားလည်ပေးနိုင်သည်။ လင်းဖုန်းကိုယ်တိုင်လည်း တိုက်ပွဲဝင်ခန္ဓာကိုယ် ကျင့်စဥ်ကို ပိုင်ဆိုင်သော်လည်း သူ့စိတ်တိုင်းကျ ပေးအပ်၍ မရပေ။ အမှန်တော့ ပင်လယ်ဧကရာဇ်ကို တောင်းဆိုရမည့် အကြောင်းပြချက် မရှိပေ။
သို့သော် ဤကိစ္စက လူသားမျိုးနွယ် တစ်ခုလုံး၏ အကျိုးစီးပွား ဖြစ်နေသည်။
"အရှင်... ကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲကြီးက တစ်နေ့နေ့တော့ နိုးထလာမှာပဲ။ လူသားတွေက အဲဒီသားရဲကြီးကို ခုခံချင်ရင် လုံလောက်တဲ့ စွမ်းအားရှိဖို့ လိုပါတယ်။ ဒါက အရှင့်အတွက်လည်း အကျိုးရှိပါတယ်။ အရှင်က အရင်ယဉ်ကျေးမှုတွေ ပျက်စီးတာကို ရှောင်လွှဲနိုင်ခဲ့ပေမဲ့ အမြဲတမ်း ရှောင်လွှဲနိုင်မယ်လို့ ဘယ်လို အာမခံမလဲ။ အဲဒီသားရဲကြီးသာ သေမင်းပင်လယ်ကို ရှာတွေ့သွားရင် အရှင့်အနေနဲ့ ရှောင်လွှဲနိုင်ပါဦးမလား"
"မင်း ငါ့ကို ခြိမ်းခြောက်နေတာလား"
ပင်လယ်ဧကရာဇ်၏ အသံက အေးစက်သွားသည်။ သူ အနည်းငယ် အရှက်ရ ဒေါသထွက်သွား၏။
"မဟုတ်ပါဘူး အရှင်။ လူသားတွေကို ကူညီပေးတာက ပင်လယ်ဧကရာဇ် နန်းတော်ကို ကူညီပေးတာနဲ့ အတူတူပါပဲ" လင်းဖုန်းက ခိုင်မာစွာ ပြောလိုက်သည်။
"မဟုတ်ဘူး။ မင်း ဘယ်လိုပဲ ပြောပြော တိုက်ပွဲဝင်ခန္ဓာကိုယ် ကျင့်စဥ်ကို ငါ မသင်ပေးဘူး။ ကြည့်လေ... ငါ့လက်အောက်က ပင်လယ်သားရဲတွေကိုတောင် ရိုးရှင်းတဲ့ တိုက်ပွဲဝင်ခန္ဓာကိုယ်ပဲ သင်ပေးထားတာ။ ဒါက ငါ ဖန်တီးထားတဲ့ သာမန်နည်းလမ်းတစ်ခုပဲ"
လင်းဖုန်း စိတ်မပျက်ပေ။ ဤခရီးစဉ်က လွယ်ကူလိမ့်မည် မဟုတ်ကြောင်း သူ ကြိုသိနှင့်ပြီးသားပင်။
ထိုသို့ဆိုလျှင် လင်းဖုန်း နောက်ဆုံးနည်းလမ်းကိုသာ အသုံးပြုရတော့မည်။
"အရှင်... ခွင့်လွှတ်ပေးပါဦး"
တစ်ခဏအတွင်း လင်းဖုန်း၏ ခန္ဓာကိုယ်က ၃၁ ကီလိုမီတာအထိ ပြန့်ကားကြီးထွားသွားသည်။
ထိုသို့သော ဧရာမခန္ဓာကိုယ်က ပင်လယ်ဧကရာဇ် နန်းတော်ကိုပင် တုန်ခါသွားစေ၏။
တစ်ချိန်တည်းတွင် လင်းဖုန်းက ပင်လယ်ဧကရာဇ် ခန်းမထဲရှိ ပင်လယ်ဧကရာဇ်ကို လက်ဖြင့် ဖမ်းဆုပ်လိုက်သည်။
"လင်းဖုန်း... မင်း ရဲတင်းလိုက်တာ"
ပင်လယ်ဧကရာဇ်က ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး သူ့ဧရာမခန္ဓာကိုယ်ကို ချက်ချင်း လှုပ်ရှားလိုက်သည်။
ပင်လယ်ဧကရာဇ်က အမှန်တကယ်တော့ ဧရာမမြွေကြီးတစ်ကောင် ဖြစ်သည်။ သို့သော် ဤမြွေကြီး၏ ခန္ဓာကိုယ်က အလွန်တရာ ကြီးမားလှ၏။ သူ နန်းတော်ထဲမှ ချက်ချင်း ခေါင်းဆန့်လိုက်သည်။
လင်းဖုန်းအနေဖြင့် ပင်လယ်ဧကရာဇ်၏ မူလပုံစံကို မြင်တွေ့ရခြင်းမှာ ဤသည်က ပထမဆုံးအကြိမ်ပင်။
ပင်လယ်ဧကရာဇ်၏ တိုက်ပွဲဝင်ခန္ဓာကိုယ်က အနည်းဆုံး ၁၃ ကီလိုမီတာ ရှည်လျားသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ စွမ်းအင်က အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း လေးကြိမ် ပြုလုပ်ထားကြောင်း သိသာနေပြီး လင်းဖုန်း ယခင်က ကြုံတွေ့ခဲ့ရသော ရန်သူများထက် အဆပေါင်းများစွာ သာလွန်နေသည်။
"မင်း... ကျေးဇူးကန်းတဲ့ လူသား"
ပင်လယ်ဧကရာဇ် အလွန်ဒေါသထွက်နေ၏။ သူ အသံနက်နက်ဖြင့် ဟိန်းဟောက်လိုက်သည်။ ပင်လယ်ဧကရာဇ်၏ အမျက်ဒေါသကြောင့် နန်းတော်တစ်ခုလုံး တုန်ယင်နေပြီး ပြိုကျတော့မည့်အလား ဖြစ်နေလေသည်။
ထာဝရသိုင်းတာအိုအရှင်