အခန်း ၃၇၁
Vol. 33 Ch. 371
အခန်း (၃၇၁)
ဘာသာပြန် - အားသစ်
ပင်လယ်ဧကရာဇ်၏ ဒေါသတကြီး ဖြစ်နေသော ပုံစံကို ကြည့်လျက် လင်းဖုန်း မည်သည့်ခံစားချက်မျှ မပြဘဲ တည်ငြိမ်နေသည်။
ဤကိစ္စတွင် သူကိုယ်တိုင်လည်း အမှားလုပ်မိနေမှန်း သိ၏။ မည်သို့ပင်ဖြစ်စေ ပင်လယ်ဧကရာဇ်က အသက်အမြုတေ အပိုင်းအစ အများအပြား ပေးခဲ့၍သာ လင်းဖုန်းအနေဖြင့် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း လေးကြိမ်အထိ ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုအခါတွင်မူ သူ ပင်လယ်ဧကရာဇ်ကို အတင်းအကျပ် လာရောက်တောင်းဆိုနေမိလေပြီ။
အကယ်၍ သူတို့ တကယ် တိုက်ခိုက်ကြမည်ဆိုပါက ပင်လယ်ဧကရာဇ်က သူ့ပြိုင်ဘက် မဟုတ်သော်လည်း သူတို့နှစ်ဦးကြားရှိ ရင်းနီးမှုမှာ ကုန်ဆုံးသွားပေလိမ့်မည်။ မဖြစ်မနေ လိုအပ်ချက်မရှိဘဲ သူ ပင်လယ်ဧကရာဇ်ကို အကျပ်ကိုင်မည်မဟုတ်သလို တိုက်ခိုက်မည်လည်း မဟုတ်ပေ။
"အရှင်... ဒါက လူသားမျိုးနွယ်ရဲ့ ကံကြမ္မာနဲ့ သက်ဆိုင်နေလို့ပါ။ တကယ်ပဲ ဆွေးနွေးဖို့ အခွင့်အရေး မရှိတော့ဘူးလား"
လင်းဖုန်း၏ ၃၁ ကီလိုမီတာရှိသော တိုက်ပွဲဝင်ခန္ဓာကိုယ်က ပင်လယ်ဧကရာဇ် နန်းတော်တစ်ခုလုံးကို လွှမ်းမိုးထားဆဲဖြစ်သည်။ ဤသည်က အမှန်တကယ်ပင် ကြီးမားသော ဖိအားတစ်ခု ဖြစ်နေစေ၏။
ဝုန်း
ပင်လယ်ဧကရာဇ်၏ မြွေခန္ဓာကိုယ်ကြီး အမောက်ထောင်ကာ မာန်ဖီလိုက်သည်နှင့် နန်းတော်တစ်ခုလုံး တဆတ်ဆတ် တုန်ခါသွားတော့သည်။
"ဆွေးနွေးဖို့လား... လင်းဖုန်း၊ မင်းကို တိုက်ပွဲဝင်ခန္ဓာကိုယ် ကျင့်စဥ်ပေးဖို့က မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ မင်း တန်ဖိုးချင်းတူတာတစ်ခုခုနဲ့ လဲရမယ်"
"လဲလှယ်ဖို့ ဟုတ်လား... အရှင်က ဘာလိုချင်တာလဲ"
လင်းဖုန်း အလွန်ဝမ်းသာသွား၏။ သူ ဖြစ်နိုင်လျှင် ပင်လယ်ဧကရာဇ်နှင့် မတိုက်ခိုက်ချင်သည်မှာ အမှန်ပင်။ ပင်လယ်ဧကရာဇ်ဘက်က လျှော့ပေးလာသည်ဖြစ်၍ ဒါက အကောင်းဆုံး ဖြစ်ပေမည်။
"ငါ့ကို ဖျက်ဆီးခြင်းလှံတံကို တစ်လလောက် လေ့လာခွင့်ပေးရမယ်။ ပြီးတော့ အနာဂါတ်မှာ မင်းက ဆဋ္ဌမအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု ပြုလုပ်ပြီး ဂြိုဟ်အဆင့်သက်ရှိ ဖြစ်လာခဲ့ရင် ငါ့ကို ကူညီပေးရမယ်"
"ကောင်းပြီ... သဘောတူတယ်"
လင်းဖုန်း တွန့်ဆုတ်မနေဘဲ ချက်ချင်း သဘောတူလိုက်သည်။ ပင်လယ်ဧကရာဇ်အား ဖျက်ဆီးခြင်းလှံတံကို လေ့လာခွင့်ပေးခြင်းက လင်းဖုန်းအတွက် မည်သည့်ထိခိုက်မှုမျှ မရှိစေနိုင်ပေ။
ဒုတိယအချက်အနေဖြင့် ပင်လယ်ဧကရာဇ်က ထည့်မပြောလျှင်တောင် လင်းဖုန်းအနေဖြင့် အသက်အမြုတေ ပေးခဲ့သော ကျေးဇူးကို မေ့မည်မဟုတ်ပေ။ အကယ်၍ အနာဂတ်တွင် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း ခြောက်ကြိမ် ပြုလုပ်နိုင်ခဲ့ပါက ပင်လယ်ဧကရာဇ်ကို သဘာဝအတိုင်း ကူညီပေးမည်သာ ဖြစ်သည်။
ထို့ကြောင့် လင်းဖုန်း ဖျက်ဆီးခြင်းလှံတံကို ပင်လယ်ဧကရာဇ်ထံ တိုက်ရိုက် ပေးအပ်လိုက်တော့သည်။
ဖျက်ဆီးခြင်းလှံတံ၏ ဖျက်ဆီးခြင်းစွမ်းအားက အလွန်ပြင်းထန်သော်လည်း ပင်လယ်ဧကရာဇ်သည်လည်း အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း လေးကြိမ် ပြုလုပ်ထားသူဖြစ်၍ ယင်းကို ထိန်းချုပ်ထားနိုင်သည်။
လင်းဖုန်းအနေဖြင့် ပင်လယ်ဧကရာဇ်က ဤလက်နက်ကို ခိုးယူသွားမည်ကိုလည်း မစိုးရိမ်ပေ။ အဘယ်ကြောင့်ဆိုသော် လင်းဖုန်း ဖျက်ဆီးခြင်းလှံတံကို အခြေခံအားဖြင့် ထိန်းချုပ်ထားနိုင်ပြီးဖြစ်၍ အလွယ်တကူ ပြန်လည်ခေါ်ယူနိုင်သောကြောင့်ပင်။
တစ်လကြာပြီးနောက် ပင်လယ်ဧကရာဇ်က ဖျက်ဆီးခြင်းလှံတံကို လင်းဖုန်းထံ ပြန်လည်ပေးအပ်ခဲ့သည်။
"မင်းကို တိုက်ပွဲဝင်ခန္ဓာကိုယ်နဲ့ စိတ်စွမ်းအား ကျင့်ကြံခြင်း နည်းစနစ်နှစ်ခုစလုံးကို ငါပေးမယ်"
ပင်လယ်ဧကရာဇ်က ကျင့်စဥ်များကို ပေးလိုက်သည်။ လင်းဖုန်း တစ်ချက်ကြည့်လိုက်သည်နှင့် ဤအရာက အစစ်အမှန် တိုက်ပွဲဝင်ခန္ဓာကိုယ်ကျင့်စဉ်ဖြစ်ကြောင်း သဘာဝအတိုင်း သိရှိနိုင်သည်။
ထို့ကြောင့် လင်းဖုန်းက ဝမ်းသာအားရဖြင့် ပြောလိုက်၏။
"ကျေးဇူးတင်ပါတယ် အရှင်။ အနာဂတ်မှာ လူသားတွေက ကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲကြီးကို ရင်ဆိုင်နိုင်ခဲ့ရင်တောင် ဒီနက်ရှိုင်းတဲ့ သေမင်းပင်လယ်က အရှင့်ရဲ့ နယ်မြေအဖြစ်ပဲ အမြဲတမ်း ရှိနေမှာပါ။ လူသားတွေ ဘယ်တော့မှ ကြားဝင်စွက်ဖက်မှာ မဟုတ်ပါဘူး"
ထိုသို့ပြောပြီးနောက် လင်းဖုန်း ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကို ပြန်လည်ရုပ်သိမ်းကာ ပင်လယ်ဧကရာဇ် နန်းတော်မှ ချက်ချင်း ထွက်ခွာသွားတော့သည်။
………..
တိုက်ပွဲဝင်ခန္ဓာကိုယ်နှင့် စိတ်စွမ်းအား ကျင့်ကြံခြင်းနည်းလမ်းများကို ရရှိလာပြီးနောက် လင်းဖုန်းက သူတော်စင်များညီလာခံကို တိုက်ရိုက် ခေါ်ယူကျင်းပလိုက်သည်။
ယခုလက်ရှိအချိန်တွင် လင်းဖုန်းအပါအဝင် သူတော်စင်ခုနစ်ပါးသာ ကျန်ရှိတော့၏။ သူတော်စင်ကလော့နှင့် သူတော်စင်ကတ်တို့မှာ မကြာသေးမီက တိုက်ပွဲတွင် ကျဆုံးသွားခဲ့ရသည်။ သူတော်စင်များမှာ ဝမ်းနည်းပူဆွေးမှုမှ ရုန်းမထွက်နိုင်သေးပုံရသည်။
လင်းဖုန်း၏ တိုက်ခိုက်ရေးစွမ်းအားက အံ့ဩစရာကောင်းလှသော်လည်း လူသားတို့၏ စုပေါင်းစွမ်းအားကမူ အလွန်တရာ အားနည်းလွန်းလှသည်။ အကယ်၍ လင်းဖုန်းသာ ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးကို မခုခံနိုင်ပါက လူသားမျိုးနွယ်အနေဖြင့် ရှေ့ဆက်စရာ မျှော်လင့်ချက်မရှိတော့ပေ။
"သူတော်စင်တို့... ကျွန်တော် ဒီညီလာခံကို ကျင်းပရတာက သတင်းကောင်းတစ်ခုကို ကြေညာချင်လို့ပါ" လင်းဖုန်းက စကားပလ္လင်ခံမနေတေ့ဘဲ တိုက်ရိုက်ပြောလိုက်သည်။
"သတင်းကောင်း ဟုတ်လား... ဘာသတင်းကောင်းများလဲ"
ကျန်ရှိနေသော သူတော်စင်ခြောက်ဦးစလုံးလည်း သိချင်စိတ်ပြင်းပြသွားကြသည်။ ယခုကဲ့သို့ အခြေအနေမျိုးတွင် ဘာသတင်းကောင်းများ ရှိနိုင်ဦးမည်နည်း။
"ကျွန်တော့်မှာ ထူးခြားတဲ့ တိုက်ခိုက်ရေးစွမ်းအားတွေ ရှိနေတာကို သူတော်စင်တို့ သိကြပါတယ်။ ကျွန်တော်က အခုထိ အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း လေးကြိမ်ပဲ လုပ်ရသေးတာပါ။ ဒါဆို ဘာလို့ ကျွန်တော့်ရဲ့ တိုက်ခိုက်ရေးစွမ်းအားက သူတော်စင်တို့ထက် အများကြီး သာလွန်နေရတာလဲ”
“ကျွန်တော်က အမွေအနှစ်တစ်ခုကို ရခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ အဲ့ဒါက ရှေးဟောင်းယဉ်ကျေးမှုရဲ့ အမွေအနှစ်မဟုတ်ပါဘူး”
“စကြဝဠာရဲ့ အမွေအနှစ်ပါ"
"စကြဝဠာရဲ့ အမွေအနှစ် ဟုတ်လား"
သူတော်စင်များ လှုပ်လှုပ်ရွရွ ဖြစ်သွားကြသည်။ သူတို့တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။ သူတို့၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်အရိပ်အယောင်များ လင်းလက်နေ၏။
လင်းဖုန်းတွင် လျှို့ဝှက်ချက်များ ရှိနေသည်ကို သူတို့ မည်သို့ မသိဘဲ နေမည်နည်း။
သို့သော် လူတိုင်း၌ လျှို့ဝှက်ချက်ရှိစမြဲပင်။ သူတို့အနေဖြင့် သူတော်စင်လင်းဖုန်း၏ လျှို့ဝှက်ချက်များကို စုံစမ်းစစ်ဆေးရန် အစပြုကြမည် မဟုတ်ပေ။
ဤသည်က အခြေခံစည်းမျဉ်းတစ်ခု ဖြစ်သည်။ အကယ်၍ သူတို့က အတင်းအကျပ် စုံစမ်းစစ်ဆေးမည်ဆိုပါက သူတော်စင်လင်းဖုန်းက သူတို့နှင့် ရန်ဘက် ဖြစ်သွားနိုင်ချေ ရှိသည်။
ထို့ကြောင့် ယခင်က သူတော်စင်ဘာတိုင်မှလွဲ၍ ကျန်သူတော်စင်အားလုံး လင်းဖုန်း၏ လျှို့ဝှက်ချက်ကို ပြောဆိုရန် ရှောင်ကြဉ်ခဲ့ကြသည်။ ယခုအခါ လင်းဖုန်းကိုယ်တိုင်က အစပြု၍ ပြောလာခြင်းဖြစ်ရာ ဖြစ်နိုင်ချေတစ်ခုသာ ရှိတော့သည်။
ယင်းမှာ လင်းဖုန်းက ဤလျှို့ဝှက်ချက်ကို ထုတ်ဖော်ပြသတော့မည် ဖြစ်၏။
မျှော်လင့်ထားသည့်အတိုင်း လင်းဖုန်းက ဆက်ပြောသည်။
"ဟုတ်ပါတယ်... ကျွန်တော် ကျင့်ကြံနေတဲ့ စကြဝဠာ ကျင့်ကြံခြင်းစနစ်အစစ်ကတော့ အဓိကအားဖြင့် တိုက်ပွဲဝင်ခန္ဓာကိုယ်နဲ့ စိတ်စွမ်းအားကို ကျင့်ကြံတာ ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ဧရာမခန္ဓာကိုယ်ကြီးက အမှန်တော့ တိုက်ပွဲဝင်ခန္ဓာကိုယ် ဖြစ်ပါတယ်။ အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု နှစ်ကြိမ်သာ ပြုထားတဲ့ သန်မာတဲ့ တိုက်ပွဲခန္ဓာကိုယ်တစ်ခုက အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု လေးကြိမ် ပြုလုပ်ထားတဲ့ သူတော်စင်တစ်ပါးကိုတောင် ယှဉ်ပြိုင်နိုင်စွမ်း ရှိပါတယ်"
"ဒါက လူသားမျိုးနွယ်အတွက် အန္တရာယ်အရှိဆုံး အချိန်ပါပဲ။ ကမ္ဘာပျက်ကပ်သားရဲကြီးရဲ့ ခြိမ်းခြောက်မှု ရှိနေတဲ့အတွက် ကျွန်တော်က တိုက်ပွဲဝင်ခန္ဓာကိုယ်နဲ့ စိတ်စွမ်းအား ကျင့်ကြံခြင်းနည်းလမ်းတွေကို လူသိရှင်ကြား ထုတ်ဖော်ပြသပေးသွားမှာ ဖြစ်ပါတယ်”
“သူတော်စင်တို့အနေနဲ့ စိတ်ကြိုက် ကျင့်ကြံပြီး လေ့လာနိုင်ပါတယ်။ ဒါပေမဲ့ သူတော်စင်တို့က အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု လေးကြိမ် ပြုလုပ်ထားပြီးဖြစ်လို့ ကျင့်ကြံဖို့အတွက် အလားအလာကတော့ အရမ်းနည်းပါးသွားပါပြီ။ ဒါပေမဲ့လည်း မျိုးရိုးဗီဇကန့်သတ်ချက်ကို အခုမှ ချိုးဖျက်ထားတဲ့သူတွေ ဒါမှမဟုတ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု နှစ်ကြိမ်၊ သုံးကြိမ် ပြုလုပ်ထားတဲ့ သိုင်းသမားတွေ ကျင့်ကြံမယ်ဆိုရင်တော့ အကျိုးသက်ရောက်မှု ရှိပါလိမ့်မယ်"
လင်းဖုန်းက အဓိက အဖွဲ့အစည်းကြီး ခြောက်ခုကို တပြိုင်နက်တည်း ပူးပေါင်းမြှင့်တင်ရန် သူ့အကြံဉာဏ်ကို ဖော်ပြလာသည်။
သဘာဝအတိုင်း ထိုကျင့်စဉ်များကို အကျိုးပြုတန်ဖိုးဖြင့် ဝယ်ယူရန် လိုအပ်မည် ဖြစ်သည်။ မည်သည့် အဖိုးတန် ကျင့်ကြံခြင်းနည်းလမ်းကိုမဆို တန်ဖိုးတစ်ခု ပေးချေရမည်သာ ဖြစ်၏။
သိုင်းပညာရှင်များ၏ ကျင့်ကြံရန် စိတ်အားထက်သန်မှုကို မြှင့်တင်ရန်နှင့် လူသားတို့၏ စုပေါင်းစွမ်းအားကို အလျင်အမြန် တိုးတက်စေရန်အတွက် စျေးနှုန်းကို မည်သို့ သတ်မှတ်ရမည်ဆိုသည်ကို သူတော်စင်များ သေသေချာချာ ဆွေးနွေးရန် လိုအပ်ပေမည်။
လင်းဖုန်းက တိုက်ပွဲဝင်ခန္ဓာကိုယ်နှင့် စိတ်စွမ်းအား ကျင့်စဥ်များကို သူတော်စင်ခြောက်ပါးထံသို့ ပေးအပ်ခဲ့သည်။
သူတော်စင်ခြောက်ပါးက သိုင်းသမားများ ဖြစ်ကြသော်လည်း သိုင်းပညာအားလုံးမှာ ကိုယ်တိုင်ဖန်တီးထားခြင်း ဖြစ်သည်။ မိမိဘာသာ သိုင်းပညာကို ဖန်တီးပြီး အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း လေးကြိမ်အထိ တစ်ဆင့်ချင်းစီ ရောက်ရှိလာနိုင်ခြင်းက အံ့ဩစရာကောင်းလှသည့် ပါရမီရှိကြ၍သာ ဖြစ်သည်။
ထို့ကြောင့် ထိုကျင့်စဉ်များကို မြင်လိုက်ရသောအခါ သူတို့အားလုံး အလွန် အံ့အားသင့်သွားကြသည်။
"ဒါက မျက်စိနဲ့မမြင်နိုင်တဲ့ စိတ်စွမ်းအားပဲ..."
"ဒီတိုက်ပွဲဝင်ခန္ဓာကိုယ်က ကြယ်တာရာစွမ်းအင်ကို လုံးဝ မကျင့်ကြံဘူးပဲ။ ကြယ်တာရာစွမ်းအင်ဆိုတာ တိုက်ပွဲဝင်ခန္ဓာကိုယ်အတွက် စွမ်းအင်အရင်းအမြစ်တွေထဲက တစ်ခုလောက်ပဲကိုး..."
"ကြောက်စရာကောင်းလိုက်တာ၊ တကယ်ကို ကြောက်စရာကောင်းတယ်။ စကြဝဠာကျင့်ကြံခြင်းစနစ်က ဒီလောက်တောင် သန်မာနိုင်တာလား။ ဂြိုဟ်အဆင့် သက်ရှိတွေ..."
သူတော်စင်ခြောက်ပါးစလုံး မျက်လုံးပြုး မျက်ဆံပြူးဖြစ်သွားကြကာ အလွန်တရာ အံ့ဩမှင်သက်နေကြသည်။ ဤသည်ကား တံခါးအသစ်တစ်ခု ဖြစ်၏။ သူတို့ တစ်ခါမှ မဖွင့်ဖူးသေးသည့် တံခါးတစ်ခုပင်။
ယခုအခါ လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ် ကျင့်ကြံခြင်းနည်းလမ်းက သူတို့အတွက် ဤတံခါးအသစ်ကို ဖွင့်လှစ်ပေးလိုက်ပြီ ဖြစ်သည်။
ကံမကောင်းစွာဖြင့် သူတော်စင်များအားလုံး အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း လေးကြိမ် ပြုလုပ်ပြီးသားဖြစ်နေ၏။ သူတို့၏ အလားအလာများကို ကုန်ဆုံးစေခဲ့ပြီ ဖြစ်သည်။ သူတို့အနေဖြင့် ပဉ္စမအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု ပြုလုပ်ပြီး တိုက်ပွဲဝင်ခန္ဓာကိုယ်ကို စုစည်းနိုင်လျှင်ပင် ထင်သလောက် အရေးပါတော့မည်မဟုတ်။
ယင်းက အဆင့်အနိမ့်ဆုံး တိုက်ပွဲဝင်ခန္ဓာကိုယ်သာ ဖြစ်လာနိုင်လိမ့်မည်။ သူတို့သည်လည်း ဘယ်တော့မှ ဂြိုဟ်အဆင့်သက်ရှိများ ဖြစ်လာနိုင်တော့မည် မဟုတ်ပေ။
ဤတိုက်ပွဲဝင်ခန္ဓာကိုယ် ကျင့်ကြံနည်းက လူသားသိုင်းပညာရှင်များစွာကို မျှော်လင့်ချက် ပေးခဲ့သော်လည်း တစ်ချိန်တည်းမှာပင် သူတော်စင်ခြောက်ပါးအတွက်မူ အလွန်ရက်စက်လှသည်။
သူတို့အားလုံး ရှေ့ဆက်ရမည့် လမ်းကြောင်းကို ယခုအခါ ရှင်းရှင်းလင်းလင်း သိရှိလိုက်ရသော်လည်း ရှေ့ဆက်တိုးရန်အတွက်မူ မဖြစ်နိုင်တော့ပေ။ (ငယ်တုန်းက အမှားတွေကို အခုအချိန်မှာ ရှင်းရှင်းလင်းလင်း သိလာပြီဆိုပေမဲ့ ပြန်ပြင်ဆင်ခွင့်မရတော့သလိုပေါ့)
သူတော်စင်များအတွက်မူ ဤအရာက သူတို့၏ ရှေ့ဆက်ရမည့် လမ်းကြောင်းကို ဖြတ်တောက်လိုက်ခြင်းပင်။
"ငါသာ ဒီတိုက်ပွဲဝင်ခန္ဓာကိုယ်ကျင့်စဥ်ကို စောစောစီးစီးကတည်းက ရခဲ့ရင် တိုက်ပွဲဝင်ခန္ဓာကိုယ်ကို သေချာပေါက် စုစည်းနိုင်မှာ... သေချာပေါက်ပဲ"
ပြိုင်ဘက်ကင်းလက်သီးသူတော်စင်တစ်ယောက် အလွန် စိတ်လှုပ်ရှားနေခဲ့သည်။ အမှန်တော့ သူသည်လည်း ယခင်က သိုင်းပညာလမ်းကြောင်းအပေါ် သံသယဝင်ခဲ့ဖူးသည်။ ကံမကောင်းစွာဖြင့် သူတစ်ဦးဏ္ဍစ်ယောက်တည်းအနေဖြင့် စကြဝဠာကျင့်ကြံခြင်းစနစ်ကို မဖန်တီးနိုင်ခဲ့ပေ။ အဆုံးသတ်တွင် သူလည်း ယခင်လူများ၏ လမ်းစဉ်အတိုင်းသာ လိုက်လျှောက်ခဲ့ရသည်။
ယင်းက လမ်းပိတ်နေသော လမ်းဟောင်းတစ်ခု ဖြစ်လိမ့်မည်ဟု ထင်မထားခဲ့မိပေ။
သိုင်းသမားတစ်ဦး သိုင်းရူးတစ်ယောက်အတွက် ဤသည်က မည်မျှအထိ ရက်စက်ပြီး မျှော်လင့်ချက်မဲ့စရာ ကောင်းလိုက်သနည်း။
"ဒါက စစ်မှန်တဲ့ ကျင့်ကြံခြင်းစနစ် ဖြစ်လိမ့်မယ်လို့ ဘယ်သူ ထင်ထားမှာလဲ... ဒါ ငါ့အပြစ်တွေပါပဲ..."
သူတော်စင်ခန်းက သက်ပြင်းအရှည်ကြီး ချလိုက်သည်။ သူ လင်းဖုန်းကို ကြည့်လိုက်၏။ သူ့ အကြည့်များကလည်း ပြောရခက်သော ခံစားချက်များဖြင့် ရှုပ်ထွေးနေသည်။
သိုင်းပညာလမ်းစဥ်ကို သူတော်စင်ခန်းက ဖန်တီးခဲ့ခြင်း မဟုတ်သော်လည်း သူက ၎င်းကို အဆင့်မြင့်မားအောင် များစွာ ပြုပြင်မွမ်းမံခဲ့သူ ဖြစ်သည်။ နောက်ပိုင်း သိုင်းသမားများက သူ့ခြေရာအတိုင်း လိုက်လျှောက်ရင်း တစ်ယောက်ပြီးတစ်ယောက် သူတော်စင်များ ဖြစ်လာခဲ့ကြခြင်း ဖြစ်သည်။
တစ်ချိန်က သူ ထိုကိစ္စအတွက် အလွန်ဂုဏ်ယူခဲ့ဖူးသည်။
ဒါပေမဲ့ အခုတော့…
သူတော်စင်ခန်းအနေဖြင့် ပါရမီရှင်များစွာကို လမ်းမှားသို့ လိုက်လျှောက်စေခဲ့မိသည့်အတွက် မိမိကိုယ်ကိုယ် အပြစ်ရှိသူတစ်ဦးအဖြစ် ခံစားနေရသည်။
သို့သော် ယခုအခါ စကြဝဠာကျင့်ကြံခြင်းနည်းလမ်းများ ရှိလာပြီဖြစ်၏။ သို့ဖြစ်၍ လူသားမျိုးနွယ်သည် သေချာပေါက် အကြီးအကျယ် တိုးတက်မှု အလှည့်အပြောင်းကို မြင်တွေ့ရတော့မည်ဟု သူတော်စင်ခန်းတစ်ယောက် အခိုင်အမာ ယုံကြည်နေတော့သည်။
ထာဝရသိုင်းတာအိုအရှင်