← Chapters

အခန်း ၃၇၂

Vol. 33 Ch. 372

အခန်း ၃၇၂

Vol. 33 Ch. 372

အခန်း (၃၇၂) - နှစ်နှစ်တာကာလ

ဘာသာပြန် - အားသစ်

ကာကွယ်သူအဖွဲ့ချုပ်အတွင်း၌ လင်းဖုန်းတစ်ယောက် အလွန်တရာ အသည်းတထိတ်ထိတ် ရင်တဖိုဖို ဖြစ်နေသည်။

ယနေ့ ချူချန်းတစ်ယောက် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ရမည့် နေ့ပင်။

ဝုန်း

ရုတ်တရက် လင်းဖုန်း လျှို့ဝှက်အခန်းအတွင်းမှ ပြင်းထန်သော စွမ်းအင်လှိုင်း တုန်ခါမှုတစ်ခုကို အာရုံခံမိလိုက်သည်။

ထိုစွမ်းအင်လှိုင်း တုန်ခါမှုက သေချာပေါက် တိုက်ပွဲဝင်ခန္ဓာကိုယ်၏ တုန်ခါမှုပင် ဖြစ်၏။

ချူချန်းအနေဖြင့် မျိုးရိုးဗီဇကန့်သတ်ချက်ကို အောင်အောင်မြင်မြင် ချောချောမွေ့မွေ့ ချိုးဖျက်နိုင်ပြီး တိုက်ပွဲဝင်ခန္ဓာကိုယ်ကို စုစည်းနိုင်ရန်အတွက် လင်းဖုန်းက ကာကွယ်သူအဖွဲ့ချုပ်၌ စုဆောင်းထားသော စွမ်းအင်တုံးများစွာကို လျှို့ဝှက်အခန်းတွင်း၌ ထည့်သွင်းပေးထားခဲ့သည်။

တစ်နာရီခန့် ကြာပြီးနောက် ချူချန်းတစ်ယောက် လျှို့ဝှက်အခန်းတွင်းမှ အောင်အောင်မြင်မြင် ထွက်လာခဲ့၏။

"အောင်မြင်သွားပြီလား"

လင်းဖုန်းက အနည်းငယ် စိုးရိမ်နေမိသော်လည်း တစ်ချိန်တည်းမှာပင် ဝမ်းလည်း ဝမ်းသာနေမိသည်။

"အစ်ကိုဖုန်းကလည်း... အစ်ကိုက အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု လေးကြိမ်တောင် ပြီးမြောက်ထားပြီးသား လူသားတွေရဲ့ နံပါတ်တစ် သူတော်စင်ပဲကို။ မရီးရဲ့ ပထမဆုံး အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုအတွက် စိတ်ပူနေတုန်းပဲလား။ စိတ်မပူပါနဲ့။ မရီးက သေချာပေါက် အောင်မြင်မှာပါ" ကျန်းချီကျီက ပြုံးလျက် ပြောလိုက်၏။

ချူချန်းကလည်း အနည်းငယ် ခေါင်းညိတ်ပြသည်။ သူမ၏ မျက်နှာက အနည်းငယ် နီမြန်းနေပြီး လေသံတိုးတိုးဖြင့် စကားဆိုလိုက်၏။

"အရာအားလုံး အဆင်ပြေပြေ ပြီးဆုံးသွားပါပြီ။ ကျွန်မ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို အောင်အောင်မြင်မြင် စုစည်းနိုင်ခဲ့ပြီ"

ချူချန်း၏ အဖြေကို ကြားလိုက်ရမှသာ လင်းဖုန်း သက်ပြင်းအရှည်ကြီး ချနိုင်တော့သည်။

"ချီကျီ... ချန်းချန်းတောင် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်သွားပြီ။ မင်းလည်း လိုက်မီအောင် ကြိုးစားဦး"

လင်းဖုန်းက ကျန်းချီကျီအား လှည့်ကာ ပြောလိုက်သည်။

"အာ..."

ကျန်းချီကျီမှာ မချိပြုံးသာ ပြုံးနိုင်တော့သည်။ သူ ဘာပြောနိုင်ပါဦးမည်နည်း။ သူက ကာကွယ်သူအဖွဲ့ချုပ်၏ အရန်အဖွဲ့ဝင်များကို စီမံခန့်ခွဲနေရသူ ဖြစ်၏။ လွန်ခဲ့သည့် နှစ်နှစ်အတွင်း လင်းဖုန်းက တိုက်ပွဲဝင်ခန္ဓာကိုယ် ကျင့်ကြံခြင်းစနစ်ဟု ခေါ်သော ကျင့်ကြံခြင်းစနစ်အသစ်ကို လူသိရှင်ကြား ထုတ်ဖော်ပြသခဲ့၏။ ထိုကိစ္စပြီးနောက် ကာကွယ်သူအဖွဲ့ချုပ်မှာ ချက်ချင်းပင် အလွန်တရာ ရေပန်းစားသွားခဲ့သည်။

သိုင်းသမားများစွာက ကာကွယ်သူအဖွဲ့ချုပ်၏ အရန်အဖွဲ့ဝင်အဖြစ် ဝင်ရောက်ရန်အတွက်ပင် အလုအယက် ကြိုးစားနေခဲ့ကြသည်။

ထို့ကြောင့် မျိုးရိုးဗီဇကန့်သတ်ချက်ကို မချိုးဖျက်နိုင်သေးသည့် ကျန်းချီကျီအတွက်မူ ဤအရာများက ဖိအားအကြီးကြီ ဖြစ်နေစေခဲ့၏။

"အစ်ကိုဖုန်း... ကျွန်တော့်ကို သွားခွင့်ပြုပါဦး..."

ကျန်းချီကျီမှာ အလျင်အမြန်ပင် ထွက်ခွာသွားတော့သည်။ မဖြစ်ဘူး...မဖြစ်ဘူး။ သူသာ ဒီမှာ ဆက်နေနေပါက လင်းဖုန်းက သူ့ကို မည်မျှကြာအောင် ဆုံးမနေမည် မသိ။ သူ ယခုလက်ရှိတွင် လင်းဖုန်းကို တကယ် ကြောက်လန့်နေမိသည်။

"ဒီကောင်လေးကတော့..."

လင်းဖုန်း ပြုံးလိုက်မိသည်။ သူ နောက်ဆုံးအကြိမ်က သူတော်စင်များညီလာခံကို ကျင်းပပြီး တိုက်ပွဲဝင်ခန္ဓာကိုယ်ကျင့်စဥ်ကို လူသိရှင်ကြား ထုတ်ဖော်ပြသခဲ့သည်မှာ ယခုဆိုလျှင် နှစ်နှစ်တင်းတင်းပင် ပြည့်သွားခဲ့ချေပြီ။

ဤကာလအတွင်း သူနှင့် ချူချန်းတို့ ကြီးကျယ်ခမ်းနားလှသည့် မင်္ဂလာပွဲကြီးကို ကျင်းပခဲ့ကြသည်။ သို့သော် ချူချန်းတစ်ယောက် မျိုးရိုးဗီဇကန့်သတ်ချက် ချိုးဖျက်ခြင်းအပေါ် အာရုံမပျက်စေရန်အတွက် သူတို့ ကလေးမယူခဲ့ကြချေ။ ထို့ပြင် လောင်ဘီသမ်ကလည်း လင်းဖုန်း၏ လက်တွဲဖော်ဖြစ်သူသာ သန်မာမှု မရှိပါက သူတို့တွင် သားသမီး ထွန်းကားရန် အခွင့်အလမ်း အလွန်နည်းပါးလိမ့်မည်ဟု ပြောခဲ့ဖူးသည်။

မည်သို့ပင်ဆိုစေ လင်းဖုန်းက ယခုအခါ အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း လေးကြိမ်အထိ ပြုလုပ်ထားပြီးဖြစ်ရာ သူ၏ မျိုးရိုးဗီဇများက မည်မျှအထိ သန်မာနေမည်နည်း။ ထို့ကြောင့် မျိုးပွားရန်က အမှန်တကယ်ပင် ခက်ခဲလှသည်။

အကယ်၍ ချူချန်းသာ အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်အထိ ပြုလုပ်နိုင်ပါက လင်းဖုန်းအတွက် သားသမီးရရှိရန်မှာ ထိုမျှ ခက်ခဲတော့မည် မဟုတ်ပေ။

"လင်းဖုန်း... ဒါတွေအားလုံးက ကျွန်မရဲ့ ပါရမီ မပြည့်စုံလို့ပါ။ ကျွန်မသာ အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု နှစ်ကြိမ် သုံးကြိမ်လောက် လုပ်နိုင်ခဲ့ရင် ကျွန်မတို့မှာ ကလေးရနေတာ ကြာပြီ..."

"မဟုတ်တာ... ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့။ ဘာမှ စိတ်ပူနေနဲ့။ ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ပါ။ ဒီလောက်များတဲ့ အရင်းအမြစ်တွေ ရှိနေတာပဲ။ အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု မပြုနိုင်မှာကို စိုးရိမ်စရာ မလိုပါဘူး" လင်းဖုန်းက ချူချန်းကို နှစ်သိမ့်လိုက်သည်။

အမှန်စင်စစ် လင်းဖုန်းအနေဖြင့် သားသမီးရခြင်း မရခြင်းအပေါ် သိပ်ပြီး အလေးမထားလှပေ။ လက်ရှိ သူ စိတ်ပူနေသည်က ဒီရေနိယာမကို နားလည်သဘောပေါက်နိုင်ခြင်း မရှိသေးသည့် အချက်ပင်။

အထူးသဖြင့် သူ ဒီရေနိယာမကို နားလည်သဘောပေါက်နိုင်ခြင်း မရှိရုံသာမက သူ၏ စိတ်စွမ်းအားမှာလည်း ကြီးကြီးမားမား တိုးတက်ပြောင်းလဲခြင်း မရှိခဲ့ချေ။ ထို့ကြောင့် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု ပြုလုပ်နိုင်ရန်အတွက်လည်း မည်သည့် အရိပ်အယောင်မျှ မရှိချေ။ နှစ်နှစ်တိုင်တိုင် လင်းဖုန်းတစ်ယောက် တကယ်ပင် လမ်းပိတ်နေခဲ့ပြီး သူ၏ စွမ်းအားကလည်း တိုးတက်မှု မရှိသလောက် ဖြစ်နေခဲ့သည်။

ဤသည်မှာ လင်းဖုန်းအတွက် ပထမဆုံးအကြိမ်အဖြစ် တစ်ဆို့မှုကြီးတစ်ခုနှင့် ကြုံတွေ့ရခြင်းဖြစ်ရာ သူလည်း စိုးရိမ်ပူပန်နေမိသည်။

မည်သို့ပင်ဆိုစေ လင်းဖုန်းအတွက် နှစ်နှစ်ဆိုသည်က အလွန်ကြာမြင့်သော အချိန်တစ်ခုပင်။ သူ သာမန်သိုင်းသမားတစ်ဦးအဆင့်မှ အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု လေးကြိမ် ပြီးမြောက်ထားသော ပညာရှင်တစ်ယောက် ဖြစ်သည်အထိ၊ ထိုမျှသာမက လက်ရှိ လူသားမျိုးနွယ်၏ နံပါတ်တစ် သူတော်စင်အဆင့်အထိ ရောက်ရှိရန် နှစ်နှစ်သာ အချိန်ယူခဲ့ရသည် မဟုတ်ပါလော။

အခြားသော သူတော်စင်များက လင်းဖုန်းကို စိတ်အေးအေးထားရန် ဖျောင်းဖျကြသည်။ နှစ်နှစ်ပဲ ရှိသေးသည်လေ။ မည်သူက အမြဲတမ်း အဆက်မပြတ် တိုးတက်နေနိုင်မည်နည်း။ သို့သော် လင်းဖုန်း၏ စိတ်ထဲတွင်မူ စိုးရိမ်စိတ်များ ရှိနေဆဲပင်။

သူ ကမ္ဘာပျက်ကပ် ဧရာမသားရဲကြီး၏ ခြိမ်းခြောက်မှုကို မေ့လျော့မထားချေ။ လူသားမျိုးနွယ်က မည်မျှပင် ထွန်းကားလာပြီး မကြုံစဖူး တိုးတက်စည်ပင်လာပါစေ ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးနှင့် ရင်ဆိုင်ရပါက သူတို့မှာ အလွန်အားနည်းနေဦးမည်သာ ဖြစ်သည်။

"လင်းဖုန်း... ရှင် စိတ်မအေးနိုင်ဖြစ်နေတယ်။ ဘာတွေများ စိတ်ပူနေတာလဲ"

လင်းဖုန်းနှင့် အနီးကပ်ဆုံးလူတစ်ယောက်အနေဖြင့် ချူချန်းတစ်ဦးတည်းသာ လင်းဖုန်း၏ စိတ်ထဲရှိ စိုးရိမ်ပူပန်မှုများကို ခံစားမိခြင်း ဖြစ်နိုင်သည်။

လင်းဖုန်းက ကောင်းကင်ကြီးကို မော့ကြည့်ကာ တီးတိုး ရေရွတ်လိုက်၏။

"အန္တရာယ်က ဘယ်တုန်းကမှ ပျောက်ကွယ်မသွားသေးဘူး။ ငါ အရမ်း စိတ်မအေးဖြစ်ရတယ်။ နှစ်နှစ်တောင် ရှိသွားပြီ။ ငါ ဘာမှ တိုးတက်မလာသေးဘူး။ ချန်းချန်း... ငါ တစ်ကိုယ်တည်း လမ်းလျှောက် ထွက်ချင်တယ်"

"ဘယ်ကို သွားမလို့လဲ"

ချူချန်း အံ့အားသင့်သွားသည်။

"ဒီအတိုင်း အပြင်မှာ လမ်းလျှောက်ရင်း မြို့ထဲ ဒါမှမဟုတ် တခြားနေရာတွေကို သွားမလို့ပါ။ စိတ်မပူပါနဲ့၊ လေနက်ချောက်ဆီကိုတော့ မသွားပါဘူး။ ငါ စိတ်အေးချမ်းမှုကို ရှာဖွေချင်လို့။ ငါ့စိတ်ထဲက ပူပန်စရာတွေကို လွှတ်ချပြီးတော့ တည်ငြိမ်အေးချမ်းမှုကို ပြန်ရှာကြည့်ချင်တယ်။ ပြီးရင် ဒီရေနိယာမကို နားလည်သဘောပေါက်နိုင်မလား ကြိုးစားကြည့်ချင်လို့ပါ"

လင်းဖုန်းသည် သူ၏ အတွေးအားလုံးကို ချူချန်းအား ပြောပြလိုက်သည်။ လူသားများတွင် တိုက်ပွဲဝင်ခန္ဓာကိုယ် ရှိကြသော်လည်း နိယာမများအကြောင်းကိုမူ ချူချန်းနှင့် လောင်ဘီသမ်တို့သာ အမှန်တကယ် သိရှိကြသည်။ သူတို့နှစ်ဦးက လင်းဖုန်း အယုံကြည်ရဆုံးသူများ ဖြစ်ကြ၏။

ချူချန်း သက်ပြင်းဖွဖွ ချလိုက်မိသည်။ သူ လေနက်ချောက်ဆီသို့ မသွားလျှင် အဆင်ပြေသည်။ လင်းဖုန်းက ဇွတ်တရွတ်လုပ်ကာ လေနက်ချောက်ထဲသို့ တိုးဝင်သွားပြီး ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးနှင့် ထိပ်တိုက်တွေ့ကာ အန္တရာယ်ကြုံရမည်ကိုသာ သူမ စိုးရိမ်နေခြင်း ဖြစ်သည်။

သူမအနေဖြင့် လူသားမျိုးနွယ်၏ ကြီးမြတ်သော အကျိုးစီးပွားကို အရေးမစိုက်ချေ။ အမျိုးသမီးတစ်ဦးအနေဖြင့် သူမ ချစ်ရသော အမျိုးသား၏ ဘေးကင်းလုံခြုံမှုကိုသာ သူမ ဂရုစိုက်သည်။

"သွားပါ... အပြင်မှာ လမ်းလျှောက်ထွက်တာ ကောင်းပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်လုံး ရှင် အရမ်း ကြိုးစားခဲ့ရတာပဲ။ ရှင် ဘာပဲလုပ်လုပ် ကျွန်မ အမြဲတမ်း ထောက်ခံအားပေးမှာပါ"

ချူချန်းက နားလည်မှုရှိစွာဖြင့် ပြောလိုက်သည်။

လွန်ခဲ့သည့် နှစ်နှစ်အတွင်း လူသားမျိုးနွယ်၏ ထိပ်တန်း သူတော်စင်တစ်ဦးအနေဖြင့် လင်းဖုန်း မည်မျှအထိ ကြိုးစားခဲ့ရသည်ကို သူမ သိသည်။ သူက ကာကွယ်သူအဖွဲ့ချုပ်ကို စီမံခန့်ခွဲရရုံသာမက လူသားမျိုးနွယ်၏ အရေးကြီးသော ကိစ္စရပ်အားလုံးအတွက်ပါ စိတ်ပူပေးခဲ့ရသည်။

သူ့စိတ်ကိုသာ မအေးချမ်းစေပါက လင်းဖုန်းအနေဖြင့် နိယာမကို မည်သို့ နားလည်သဘောပေါက်နိုင်ပါမည်နည်း။

ချူချန်းမှာ စာနာနားလည်ပေးတတ်ပြီး လင်းဖုန်း ဘာလိုချင်သည်ကို သူမ သိသည်။ သဘာဝအတိုင်း သူမ လင်းဖုန်းကို တားဆီးမည် မဟုတ်ပေ။

"ကျေးဇူးတင်ပါတယ်... ဒီဘဝမှာ မင်းနဲ့ ဆုံခွင့်ရတာ ငါ့ရဲ့ အကြီးမားဆုံး ကံကောင်းခြင်းပါပဲ"

သူတို့နှစ်ဦး လက်ချင်းချိတ်ထားကြရင်း သူတို့၏ နှလုံးအိမ်အတွင်း၌ နွေးထွေးမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

….........

နောက်တစ်နေ့တွင် လင်းဖုန်း ခရီးထွက်သွားသည်။ သူ အာကာသယာဉ်ကို မစီးခဲ့သလို ပျံသန်းခြင်းလည်း မပြုချေ။ ထို့ပြင် သူ၏ ရုပ်သွင်ကို ပြောင်းလဲကာ သာမန်လူတစ်ယောက်အနေဖြင့် ကာကွယ်သူအဖွဲ့ဌာနချုပ်မှ ထွက်ခွာခဲ့သည်။

သူ အရင်ဆုံး ကာကွယ်သူမြို့ထဲသို့ ဝင်ရောက်သွား၏။ ဤမြို့မှာ ကာကွယ်သူအဖွဲ့ဌာနချုပ်၏ အပြင်ဘက်တွင် တိုးချဲ့တည်ဆောက်ထားသော မြို့ဖြစ်သည်။

ကာကွယ်သူအဖွဲ့ချုပ် ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ မိုင်ပေါင်းထောင်ချီသော ပတ်ဝန်းကျင်နယ်မြေတစ်ခုလုံး စည်ကားလှပသော မြို့ပြများအဖြစ် လုံးဝ ပြောင်းလဲသွားသည်။ မြို့များက တစ်မြို့နှင့်တစ်မြို့ ဆက်စပ်နေကြပြီး ဗဟိုချက်တွင်မူ ကာကွယ်သူအဖွဲ့ဌာနချုပ် ရှိနေသည်။

ဤမြို့ပြဧရိယာ၏ လူဦးရေက သန်း ၁၀၀ ပင် ကျော်လွန်နေပြီ ဖြစ်သည်။

လင်းဖုန်းသည် မြို့ပတ်ရထားပေါ်တွင် ထိုင်ရင်း ကာကွယ်သူမြို့မှ ထွက်ခွာရန် ပြင်ဆင်နေ၏။

ဤမြို့ပတ်ရထားက သံလိုက်ရထား အမျိုးအစား ဖြစ်သည်။ ၎င်း၏ အရှိန်မှာ အသံ၏အလျင်ထက် ငါးဆကျော်အထိရှိပြီး အလွန်တရာ မြန်ဆန်လှသည်။ တချို့အာကာသယာဉ်ငယ်များ၏ အရှိန်ထက်ပင် မနိမ့်ချေ။

ဤနည်းပညာသစ်များက ကာကွယ်သူအဖွဲ့ချုပ်မှ ပေးအပ်ထားသော နည်းပညာများ ဖြစ်သည်။ လက်တွေ့တွင် လောင်ဘီသမ်က ကာကွယ်သူအဖွဲ့ချုပ်၏ နာမည်ဖြင့် ဤနည်းပညာများကို တမင်တကာ ထုတ်ဖော်ပေးခဲ့ခြင်း ဖြစ်သည်။

လင်းဖုန်း ပြတင်းပေါက်ဘေးတွင် ထိုင်နေစဉ် သူ၏ မျက်စိချင်းဆိုင်တွင် မိန်းကလေးသုံးဦး ထိုင်နေကြ၏။ သူတို့မှာ ရဲရင့်ဖျတ်လတ်သော ပုံစံရှိကြရာ သိုင်းပညာရှင်များသာ ဖြစ်ရပေမည်။ သူတို့သုံးယောက်စလုံး စိတ်ပျက်အားလျော့နေဟန် ရှိကြသည်။

"ဒီတစ်ခါလည်း ငါ ထပ်ပြီး ကျရှုံးပြန်ပြီ။ ကာကွယ်သူအကယ်ဒမီကို ဝင်ဖို့က ဘာလို့ ဒီလောက်တောင် ခက်ခဲနေရတာလဲ။ ငါ သုံးကြိမ်တောင် ကျရှုံးပြီးပြီ..."

"တင်းတင်းရယ်... ညည်းက သုံးကြိမ်ပဲ ရှိသေးတာပါအေ။ ငါ့အစ်ကိုဆို ငါးကြိမ်တောင် ကျဖူးတယ်ဟဲ့။ ဒါပေမဲ့ ကာကွယ်သူအဖွဲ့ချုပ်ကို ဝင်နိုင်သရွေ့တော့ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်မယ့် အခွင့်အလမ်းက ၉၀ ရာခိုင်နှုန်းကျော် ရှိတယ်လေ"

"ငါ့ရဲ့ အိမ်မက်ကတော့ ကာကွယ်သူအကယ်ဒမီကို ဝင်ပြီး ကြီးမြတ်တဲ့ နံပါတ်တစ် သူတော်စင်ကြီးကို တွေ့ခွင့်ရဖို့ပဲ"

"ဒီတစ်ခါ ငါတို့ ကျရှုံးခဲ့ပေမဲ့ နောက်တစ်ခါ ပိုပြီး ကြိုးစားကြတာပေါ့။ အဆိုးဆုံးဖြစ်ရင်တောင် ငါတို့ မျိုးရိုးဗီဇကန့်သတ်ချက်ကို တိုက်ရိုက် ချိုးဖျက်လိုက်ရုံပါပဲ။ အသက် ၂၀ မတိုင်ခင် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီး တိုက်ပွဲဝင်ခန္ဓာကိုယ်ကို စုစည်းနိုင်ရင် ကာကွယ်သူအကယ်ဒမီကို တိုက်ရိုက် ဝင်ခွင့်ရတယ်လေ"

ဤမိန်းကလေးသုံးဦးက အသက် ၁၇ နှစ် ၁၈ နှစ်ခန့်သာ ရှိပေဦးမည်။ သူတို့သုံးယောက် ကာကွယ်သူအကယ်ဒမီသို့ ဝင်ရောက်ရန် မျှော်လင့်ချက် ပြင်းပြနေကြလိမ့်မည်ဟု လင်းဖုန်း မထင်ထားခဲ့မိပေ။

"မင်းတို့က ဘာဖြစ်လို့ ကာကွယ်သူအကယ်ဒမီကို ဝင်ချင်ကြတာလဲ" လင်းဖုန်း ရုတ်တရက် စကားစ,ကာ ထိုမိန်းကလေးသုံးဦးအား တိုက်ရိုက် မေးမြန်းလိုက်သည်။

ထာဝရသိုင်းတာအိုအရှင်

All Chapters