← Chapters

အခန်း ၃၇၃

Vol. 33 Ch. 373

အခန်း ၃၇၃

Vol. 33 Ch. 373

အခန်း (၃၇၃) - တာအိုရှာဖွေခြင်း ခရီးစဉ်

ဘာသာပြန် - အားသစ်

မိန်းကလေးသုံးဦး အနည်းငယ် မှင်သက်သွားကြသည်။ သူတို့ အဘယ်အကြောင်းကြောင့် ကာကွယ်သူအကယ်ဒမီကို တက်လိုကြသနည်း။ ဤမေးခွန်းကို သူတို့ သေသေချာချာ ဂရုတစိုက် မတွေးဖူးခဲ့ကြသည်မှာ အမှန်ပင်။

"ကျွန်မတို့ ဘာလို့ ကာကွယ်သူအကယ်ဒမီကို ဝင်ချင်ရတာလဲဆိုတော့... ကာကွယ်သူအဖွဲ့ချုပ်ကို ဝင်ချင်လို့ပေါ့။ အခုနောက်ပိုင်း ကာကွယ်သူအဖွဲ့ချုပ်ရဲ့ ဝင်ခွင့်စည်းကမ်းတွေက အရမ်းတင်းကျပ်သွားပြီလို့ ကြားတယ်။ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို စုစည်းနိုင်ခဲ့တဲ့ သိုင်းသမားအများစုတောင် အဆင့်ဆင့် စစ်ဆေးခံရပြီးတော့ အများစုက ပယ်ချခံရတာ။ ဒါပေမဲ့ ကာကွယ်သူအကယ်ဒမီကို ဝင်ခွင့်ရပြီး အောင်အောင်မြင်မြင် ဘွဲ့ယူနိုင်ခဲ့ရင်တော့ ကာကွယ်သူအဖွဲ့ချုပ်ကို တိုက်ရိုက် ဝင်ခွင့်ရမှာလေ"

"ဟုတ်တယ်...ဟုတ်တယ်။ ကျွန်မတို့အားလုံး ကာကွယ်သူအဖွဲ့ချုပ်ကို ဝင်ချင်ကြတာလေ။ ကာကွယ်သူအဖွဲ့ချုပ်ရဲ့ ရည်ရွယ်ချက်က ကျွန်မတို့ရဲ့ မိသားစု၊ ကျွန်မတို့ချစ်ရတဲ့သူတွေနဲ့ လူသားမျိုးနွယ်တစ်ခုလုံးကို ကာကွယ်ဖို့ပဲ။ ကျွန်မကတော့ ကျွန်မရဲ့ မိဘတွေနဲ့ ညီမလေးကို ကာကွယ်ချင်တာ။ သူတို့က ကျွန်မအတွက်တော့ အရာရာပဲ"

"ကာကွယ်သူအဖွဲ့ချုပ်က သိုင်းသမားတွေအကုန်လုံးက ရှေ့တန်းကိုသွားပြီး ကြမ်းကြုတ်သားရဲတွေနဲ့ တိုက်ခိုက်နိုင်ကြတယ်။ ကျွန်မတို့လည်း အဲဒီအထဲက တစ်ယောက် ဖြစ်လာဖို့ မျှော်လင့်နေတာ"

မိန်းကလေးသုံးယောက်က သူတို့၏ စိတ်ကူးများကို မကွယ်မဝှက်ဘဲ ပြောပြကြသည်။

"ကောင်းတယ်... သိပ်တော်တာပဲ"

ရထားပေါ်ရှိ အခြားခရီးသည်များက အသက် ၁၇၊ ၁၈ နှစ်အရွယ် မိန်းမငယ်လေးများ၏ ပြတ်သားသော ဆန္ဒကို ကြားရသောအခါ လက်ခုပ်တီး၍ ကျယ်လောင်စွာ ချီးကျူးကြသည်။

ထိုအခါမှ မိန်းကလေးသုံးဦးမှာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားကြ၏။

"ဟယ်... ခုနက လူရော ဘယ်ရောက်သွားတာလဲ"

သူတို့ သတိပြန်ဝင်လာချိန်တွင် သူတို့ရှေ့၌ ထိုင်နေသူမှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ထိုလူက စောစောကတင် သူမတို့ကို မေးခွန်းမေးခဲ့၏။ မျက်စိတစ်မှိတ်အတွင်း မည်သို့ ပျောက်ကွယ်သွားသည်ကို သူတို့ စဉ်းစားမရ ဖြစ်နေကြသည်။

"ဒါက ဘာကြီးလဲ"

စားပွဲပေါ်တွင် ကာကွယ်သူအဖွဲ့ချုပ်၏ တံဆိပ်ပါရှိသော ရွှေရောင်ကတ်ပြားတစ်ခု ရှိနေခဲ့သည်။

"ဒါ... ဒါက အထူးဝင်ခွင့်ကတ်ပြား မဟုတ်လား"

"ဟုတ်တယ်... ဒါ ကာကွယ်သူအကယ်ဒမီရဲ့ အထူးဝင်ခွင့်ကတ်ပဲ။ ဘုရားရေ... ခုနကလူက ကာကွယ်သူအကယ်ဒမီက ဆရာတစ်ယောက် ဖြစ်ရမယ်။ ဆရာတွေမှာပဲ အထူးဝင်ခွင့်ကတ် ရှိတာလေ"

"မဟုတ်သေးပါဘူး။ ဆရာတစ်ယောက်ရဲ့ အထူးဝင်ခွင့်ကတ်က လူတစ်ယောက်ပဲ ခေါ်လို့ရတာ။ အခုက သုံးယောက်စာ ဝင်ခွင့်ပေးနိုင်တဲ့ ကတ်ပြားကြီးလေ..."

မိန်းကလေးသုံးယောက်မှာ ဆက်မတွေးရဲတော့ဘဲ ကတ်ပြားကို အမြန်သိမ်းဆည်းလိုက်သည်။ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုသော်လည်း ထိုလူ၏ အရိပ်အယောင်ကိုမူ မတွေ့ရတော့ပေ။

လင်းဖုန်းတစ်ယောက် မြို့ပတ်ရထားပေါ်မှ ဆင်းသွားခဲ့သည်မှာ အတော်ကြာပြီဖြစ်သည်။ ဤအထူးဝင်ခွင့်ကတ်ပြားက ထိုမိန်းကလေးသုံးဦး၏ စိတ်ဓာတ်အတွက် သူပေးခဲ့သော ဆုလာဘ်ငယ်တစ်ခုပင်။ သူက ကာကွယ်သူအဖွဲ့ချုပ်၏ သူတော်စင်တစ်ဦးဖြစ်ရာ တစ်နှစ်လျှင် ကာကွယ်သူအကယ်ဒမီအတွက် အထူးဝင်ခွင့်နေရာ ၁၀ နေရာ ပေးပိုင်ခွင့် ရှိသည်။

ထို့ကြောင့် သုံးနေရာပေးလိုက်ခြင်းက သူ့အတွက် ပြဿနာ မဟုတ်ပေ။

နှစ်နှစ်တာကာလအတွင်း လူသားမျိုးနွယ် လူ့အဖွဲ့အစည်းတစ်ခုလုံး အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

လင်းဖုန်းက လူသားတို့၏ နံပါတ်တစ် သူတော်စင်ကြီး ဖြစ်လာခဲ့ပြီး ကာကွယ်သူအဖွဲ့ချုပ်ကလည်း လူသားတို့၏ အထွတ်အမြတ် နေရာတစ်ခု ဖြစ်လာခဲ့သည်။ ကာကွယ်သူအဖွဲ့ ဌာနချုပ်မှ တည်ထောင်ထားသော ကာကွယ်သူအကယ်ဒမီသည်လည်း ထိပ်တန်း အကယ်ဒမီတစ်ခု ဖြစ်လာခဲ့သည်။

လင်းဖုန်းနှင့် ကာကွယ်သူအဖွဲ့ချုပ်တို့နှင့် သက်ဆိုင်သောအရာအားလုံးမှာ နှစ်နှစ်အတွင်း အရှိန်အဟုတ်ပြင်းပြင်းဖြင့် တိုးတက်ပြန့်ပွားလာခဲ့သည်။

သံသယဖြစ်ဖွယ်မရှိဘဲ လက်ရှိ ကာကွယ်သူအဖွဲ့ချုပ်က လူသားမျိုးနွယ်၏ အင်အားအကြီးဆုံး အဖွဲ့အစည်း ဖြစ်လာခဲ့ချေပြီ။

ဤအရာအားလုံးက လင်းဖုန်းကြောင့်ပင်။

သို့သော် ထိုကိစ္စရပ်များ၏ အဓိကလူဖြစ်သည့် လင်းဖုန်းကမူ ထောင်လွှားဝင့်ကြွားနေခြင်းမရှိပေ။ ယခုလက်ရှိတွင် သူ တိတ်ဆိတ်စွာသာ လမ်းလျှောက်နေခဲ့သည်။

သူ လမ်းမများပေါ်ရှိ လမ်းသွားလမ်းလာတိုင်း၏ ပြုံးပျော်နေသော မျက်နှာများကိုလည်းကောင်း၊ ကျောင်းများရှိ ကျောင်းသားများ၏ စိတ်အားထက်သန်မှုကိုလည်းကောင်း တွေ့မြင်ခဲ့ရသည်။ ပါရမီ သိပ်မပါသော်လည်း အစွမ်းကုန် ကြိုးစားကျင့်ကြံနေကြသည့် သိုင်းသမားများကိုလည်း တွေ့ခဲ့ရသည်။

ဘဝက မည်မျှလှပပြီး လူ့အဖွဲ့အစည်းမှာ မည်မျှ အေးချမ်းသာယာနေသနည်း။ ထိုသို့သော ကမ္ဘာကြီးကို ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးက ဖျက်ဆီးပစ်မည့်အဖြစ်ကို လင်းဖုန်း မည်သို့ ခွင့်ပြုနိုင်မည်နည်း။

လင်းဖုန်း၏ စိတ်ပိုင်းဖြတ်မှုက ပိုမိုခိုင်မာလာသည်။

လင်းဖုန်းတစ်ယောက် မြို့တစ်မြို့ပြီးတစ်မြို့ကို ဦးတည်ချက်မရှိဘဲ ဖြတ်သန်းသွားလာခဲ့သည်။ တစ်လ၊ နှစ်လ၊ သုံးလ...

မသိလိုက်မသိဘာသာဖြင့် လင်းဖုန်း ဗဟိုပင်လယ်မြို့သို့ ရောက်ရှိလာခဲ့သည်။ သူ၏ မိဘများနှင့် မိသားစုဝင်များအားလုံးမှာ ဗဟိုပင်လယ်မြို့တွင်သာ ရှိနေကြသည်။ သူတို့က ကာကွယ်သူအဖွဲ့ချုပ်သို့ မပြောင်းရွှေ့လိုကြသဖြင့် လင်းဖုန်းကလည်း အတင်းအကျပ် မတိုက်တွန်းခဲ့ချေ။

လက်ရှိတွင် လင်းမိသားစုသည် ဗဟိုပင်လယ်မြို့၌ အာဏာအရှိဆုံး မိသားစုတစ်ခု ဖြစ်နေရုံသာမက လူသားကမ္ဘာတစ်ခုလုံးတွင်ပါ သြဇာအရှိဆုံး မိသားစုတစ်ခု ဖြစ်နေသည်။

လင်းဖုန်းသည် မိသားစုစည်းကမ်းများကို အလွန်တင်းတင်းကျပ်ကျပ် သတ်မှတ်ထား၏။ ကံကောင်းထောက်မစွာဖြင့် သူ၏ အစ်ကိုကြီး၊ ဒုတိယအစ်ကိုနှင့် ညီမလေးတို့မှာ ပြဿနာရှာတတ်သူများ မဟုတ်ကြသဖြင့် ဆိုးသွမ်းသော မျိုးဆက်များ ပေါ်ထွက်မလာခဲ့ချေ။

ဗဟိုပင်လယ်မြို့သို့ ရောက်ရှိလာသော်လည်း လင်းဖုန်းက အိမ်သို့ ပြန်ရန် စိတ်ကူးမရှိပေ။ သူ၏ စိတ်အလိုအတိုင်းသာ ခြေဦးတည့်ရာ လျှောက်သွားနေခဲ့သည်။ ဗဟိုပင်လယ်မြို့အကြောင်း စဉ်းစားမိလျှင် သူပထမဆုံး သတိရသည်မှာ ဗဟိုပင်လယ်တက္ကသိုလ်ပင်။

ထို့ကြောင့် လင်းဖုန်း ဗဟိုပင်လယ်တက္ကသိုလ်သို့ ရောက်ရှိလာခဲ့သည်။

တက္ကသိုလ်ဝင်ပေါက်တွင် ကြီးမားလှသော ကျောက်ရုပ်တုကြီးတစ်ခု ရှိနေသည်။ ကျောင်းသားသစ်တချို့ ကျောင်းထဲသို့ ဝင်လာသောအခါ ထိုရုပ်တုရှေ့တွင် ရိုသေလေးစားသော အကြည့်များဖြင့် ခေတ္တရပ်တန့်သွားတတ်ကြ၏။

လင်းဖုန်း၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။ ၎င်းမှာ သူ၏ ရုပ်တုပင်။

လူသားမျိုးနွယ်၏ နံပါတ်တစ် သူတော်စင်ကြီးအနေဖြင့် သူ တစ်ချိန်က ဗဟိုပင်လယ်တက္ကသိုလ်၌ ပညာသင်ကြားခဲ့ဖူးရာ တက္ကသိုလ်အနေဖြင့် ဤကဲ့သို့သော ဂုဏ်သတင်းကို မည်သို့ လက်လွတ်ခံပါမည်နည်း။

လူသားတို့၏ နံပါတ်တစ် သူတော်စင် လင်းဖုန်း၏ ဂုဏ်သတင်းကြောင့် ဗဟိုပင်လယ်တက္ကသိုလ်မှာ ယခုအခါ ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်တစ်ခု ဖြစ်လာခဲ့လေပြီ။

လင်းဖုန်း ကျောင်းဝန်းထဲသို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သည်။ ပတ်ဝန်းကျင်နှင့် အငွေ့အသက်များက ရင်းနှီးနေဆဲဖြစ်ပြီး စာကြည့်တိုက်ကြီးမှာလည်း အရာမယွင်း ရှိနေဆဲပင်။ လင်းဖုန်း တစ်ချိန်က မျိုးရိုးဗီဇပေါင်းစပ်ကိရိယာကို ရရှိခဲ့ဖူးသည့် စာကြည့်တိုက်ရှိ စာအုပ်စင်ဆီသို့ပင် ပြန်လည်ရောက်ရှိသွားခဲ့သည်။

ဤနေရာက သူ့ဘဝ၏ အစပျိုးခြင်း၊ လက်ရှိလင်းဖုန်း၏ အစပြုရာပင်။

တဖြည်းဖြည်းနှင့် လင်းဖုန်း၏ စိတ်အခြေအနေမှာ သူကိုယ်တိုင်ပင် သတိမထားမိဘဲ အလွန်တရာ အေးချမ်းတည်ငြိမ်လာသည်။

သူသည် စိတ်ခံစားချက်အတိုင်း ရှေ့သို့ ဆက်လက် လျှောက်လှမ်းလာခဲ့သည်။

ဗဟိုပင်လယ်မြို့မှ ထွက်ခွာပြီးနောက် လင်းဖုန်း မြို့များစွာကို ဖြတ်သန်းရင်း ရှုခင်းများစွာကို ကြုံတွေ့ခဲ့ရသည်။ တစ်ခါတစ်ရံ ပြုစုပျိုးထောင်ရန် ထိုက်တန်သည့် သိုင်းသမားတစ်ဦးစ နှစ်ဦးစကို တွေ့ရှိပါက အထူးဝင်ခွင့်ကတ်ပြားကို ချန်ထားခဲ့တတ်သေးသည်။ စိတ်အေးချမ်းစရာ ခရီးစဉ်တစ်ခုပင်။

တဖြည်းဖြည်းနှင့် လင်းဖုန်းတစ်ယောက် ဒယ်တာမြို့သို့ ထပ်မံရောက်ရှိလာခဲ့သည်။

ဤမြို့သည် လင်းဖုန်းအတွက် ထူးခြားသော အဓိပ္ပာယ်ရှိ၏။ အဘယ်ကြောင့်ဆိုသော် သိုင်းပညာလမ်းကြောင်းကို လျှောက်လှမ်းရန် သူ၏ ဆုံးဖြတ်ချက်က ဤမြို့မှ အစပြုခဲ့သောကြောင့်ပင်။

ဒယ်တာမြို့သည် လွန်ခဲ့သည့် နှစ်နှစ်ကထက် ပိုမိုစည်ကားနေ၏။ အထူးသဖြင့် အနန္တလမ်းစဉ်အကယ်ဒမီသည် မကြုံစဖူး ထွန်းကားစည်ပင်နေသည်။

ယခင်က မူမမှန်သည့် တုန်ဖန်းရှန်ကြောင့် အနန္တလမ်းစဉ်အကယ်ဒမီမှာ ပျက်စီးခဲ့ရသည်။ သို့သော်လည်း နောက်ပိုင်းတွင် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က လင်းဖုန်းထံမှ စက်ရုပ်တချို့ကို ငှားရမ်းကာ အကယ်ဒမီကို ပြန်လည်တည်ဆောက်ခဲ့ယသည်။

ဆန်းသစ်သော ဗိသုကာလက်ရာများကြောင့် အနန္တလမ်းစဉ်အကယ်ဒမီသည် ဒယ်တာမြို့၏ အထင်ကရနေရာတစ်ခု ဖြစ်လာခဲ့၏။

လင်းဖုန်း အနန္တလမ်းစဉ်အကယ်ဒမီသို့ ပြန်လည်ရောက်ရှိသွားပြီး အကယ်ဒမီအတွင်းရှိ စည်ကားလှသော လူအုပ်ကြီးကို အမှတ်တမဲ့ ကြည့်ရှုနေမိခဲ့သည်။ ဤသည်မှာ ပြန်လည်တည်ဆောက်ထားသော ကျောင်းဝန်းဖြစ်သော်လည်း လင်းဖုန်းအတွက်မူ ရင်းနှီးမှု အငွေ့အသက်တစ်ခုကို ခံစားမိနေဆဲပင်။

အကယ်ဒမီဝင်ပေါက်တွင် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ ရုပ်တုအပြင် နောက်ထပ် ရုပ်တုတစ်ခု ရှိနေသည်။ ထိုရုပ်တုက လင်းဖုန်း၏ရုပ်တု ဖြစ်သည်မှာ သံသယရှိစရာမလိုပေ။

လင်းဖုန်းက ကာကွယ်သူအဖွဲ့ချုပ်ကို တည်ထောင်ခဲ့သော်လည်း သူက အနန္တလမ်းစဉ်အကယ်ဒမီ၏ ဂုဏ်ယူစရာ ဖြစ်နေဆဲပင်။

လင်းဖုန်းသည် သူနေထိုင်ခဲ့ဖူးသော မြို့များအားလုံးသို့ လျှောက်သွားခဲ့သည်။ သူသည် ပြင်ပနယ်မြေဒေသများ၊ နဂါးကျောက်တုံးမြို့၊ နဂါးတောင်အခြေစိုက်စခန်း၊ တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းနှင့် မြောက်တောင်တန်း အခြေစိုက်စခန်းတို့သို့လည်း သွားရောက်ခဲ့သည်။

ယခုအခါ ထိုအခြေစိုက်စခန်းများက ခြိမ်းခြောက်မှုများနှင့် မရင်ဆိုင်ရတော့ပေ။ လူသားတို့၏ နယ်မြေမှာ အစဉ်တစိုက် တိုးချဲ့လျက် ရှိသည်။

အထူးသဖြင့် လင်းဖုန်းက တိုက်ပွဲဝင်ခန္ဓာကိုယ် ကျင့်စဥ်ကို ဖြန့်ဝေပေးခဲ့ပြီးနောက် နှစ်နှစ်တာကာလအတွင်း တိုက်ပွဲဝင်ခန္ဓာကိုယ်ကို စုစည်းနိုင်ခဲ့သော သိုင်းသမား အရေအတွက်မှာ ဆထမ်းပိုး တိုးတက်လာခဲ့သည်။ ယခုအခါတွင် တိုက်ပွဲဝင်ခန္ဓာကိုယ် စုစည်းနိုင်သူ အယောက်သုံးထောင်ကျော် ရှိနေပြီဖြစ်သည်။

ထို့ပြင် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း နှစ်ကြိမ် ပြီးမြောက်အောင်မြင်ခဲ့သည့် တိုက်ပွဲဝင်ခန္ဓာကိုယ်ပိုင်ရှင် သိုင်းသမား ၂၃ ဦးပင် ရှိနေလေပြီ။

ဤသည်က မည်သည်ကို ဆိုလိုသနည်း။

ဒုတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု ပြုထားသော တိုက်ပွဲဝင်ခန္ဓာကိုယ် သိုင်းသမားတစ်ဦးက သူတော်စင်တစ်ပါး၏ တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။ အားအနည်းဆုံး သူတော်စင် ဖြစ်နေပါစေဦး သူတော်စင်တစ်ပါး၏ စွမ်းအားမျိုး ရှိနေသဖြင့် ယင်းက သူတော်စင် ၂၃ ပါးနှင့် ညီမျှနေ၏။

ဤစွမ်းအားက မည်မျှအထိတိုင် ထူးကဲလိုက်သနည်း။

လူသားတို့သည် ပြင်ပနယ်မြေကိုပင် လွှမ်းမိုးနိုင်စပြုနေပြီ ဖြစ်သည်။ အကယ်၍ ထိုကြမ်းကြုတ်သားရဲများက နတ်ဆိုးဧကရာဇ်များ ဖြစ်နေလျှင်လည်း တိုက်ပွဲဝင်ခန္ဓာကိုယ် စုစည်းထားသော ဤသိုင်းပညာရှင်များက ကိုင်တွယ်ဖြေရှင်းနိုင်နေပြီ ဖြစ်သည်။ အကယ်၍ အလွန်တရာ သန်မာသော နတ်ဆိုးဧကရာဇ်များ ရှိလာပါကလည်း လင်းဖုန်းကိုယ်တိုင် ရှင်းလင်းပေးမည် ဖြစ်၏။

လူသားမျိုးနွယ်တစ်ခုလုံး မကြုံစဖူး တိုးတက်ထွန်းကားလာနေသည်။

လင်းဖုန်း မည်မျှကြာအောင် လမ်းလျှောက်ခဲ့သည်ကို သူကိုယ်တိုင် မသိတော့ပေ။ လအနည်းငယ် သို့တည်းမဟုတ် နှစ်အနည်းငယ် ကြာမြင့်ခဲ့ပြီ ဖြစ်နိုင်သည်။

သူ အချိန်ကို ဂရုမထားခဲ့ချေ။ ပင်လယ်ပြင်ဘေးသို့ ရောက်ရှိလာသောအခါ သူ ရပ်တန့်လိုက်သည်။

သူ မျက်လုံးများကို မှိတ်လိုက်သည်။ ဤသည်မှာ စိတ်နှလုံး အေးချမ်းမှုအရှိဆုံး ခရီးစဉ်တစ်ခု ဖြစ်သည်။ စာနာနားလည်မှုနှင့် စိတ်အာရုံခံစားမှုများကို ပြန်လည်ရှာဖွေသည့် ခရီးစဉ်လည်း ဖြစ်၏။

သူ့စိတ်ထဲတွင် ဤမျှလောက် အေးချမ်းမှုကို တစ်ခါမှ မခံစားဖူးခဲ့ချေ။

ဝရုန်း

ပင်လယ်လှိုင်းတံပိုးများက ကမ်းခြေကို တစ်ကြိမ်ပြီးတစ်ကြိမ် ရိုက်ခတ်နေသည်။ ပြာလွင်သော ကောင်းကင်ကြီးတွင် ပင်လယ်ငှက်အုပ်ကြီး ပျံသန်းသွားကြ၏။ ငါးတစ်ကောင်က လှိုင်းလုံးများကြားမှ ခုန်တက်လာသည်။ ပင်လယ်ပြင်နှင့် ကောင်းကင်ကြီးကို ဖြတ်ကျော်တော့မည့်အလား။

လင်းဖုန်း မျက်လုံးမှိတ်ထားဆဲပင်။ မကြုံစဖူး အေးချမ်းနေသော သူ၏ စိတ်နှလုံးအတွင်း၌ နောက်ဆုံး လှုပ်ရှားမှု အရိပ်အယောင်တစ်ခု ပေါ်ထွက်လာသည်။

ဝူး

လင်းဖုန်း၏ ခန္ဓာကိုယ်အတွင်းရှိ ဖျက်ဆီးခြင်းလှံတံက ရုတ်တရက် တုန်ခါသွားပြီး ခန္ဓာကိုယ်အပြင်ဘက်သို့ ခုန်ထွက်လာသည်။ ၎င်းသည် လင်းဖုန်းကို ဝန်းရံလျက် အဆက်မပြတ် တသိမ့်သိမ့် တုန်ခါနေ၏။

ဖျက်ဆီးခြင်း စွမ်းအားရိပ်အယောင်များက လင်းဖုန်းကို ရစ်ပတ်ထားသည်။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်ကိုမူ မည်သို့မျှ ထိခိုက်မှု မရှိစေခဲ့ပေ။

ထာဝရသိုင်းတာအိုအရှင်

All Chapters