အခန်း ၃၇၄
Vol. 33 Ch. 374
အခန်း (၃၇၄) - ဖျက်ဆီးခြင်းနိယာမ
ဘာသာပြန် - အားသစ်
ရှူး
လင်းဖုန်း မျက်လုံးများကို ဖွင့်လိုက်သည်။ သူ လက်ကိုဆန့်ထုတ်ကာ ဆုပ်ကိုင်လိုက်၏။ ဟင်းလင်းပြင်ထဲမှ မီးခိုးရောင် လေစီးကြောင်းတစ်ခုကို ဖမ်းဆုပ်မိလိုက်သလို ခံစားလိုက်ရသည်။
သူ့မျက်နှာအမူအရာမှာ အလွန်ထူးဆန်းသွားသည်။ အဘယ်ကြောင့်ဆိုသော် သူ ဤမီးခိုးရောင် လေစီးကြောင်းနှင့် အလွန်တရာ ရင်းနှီးကျွမ်းဝင်နေသောကြောင့်ပင်။ ယခုအခါတွင်မူ ပို၍ပင် ရင်းနှီးသွားခဲ့လေပြီ။
"ဖျက်ဆီးခြင်းစွမ်းအား" လင်းဖုန်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။
သူ ပြာလွင်နေသည့် ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။ သူ့နှုတ်ခမ်းထောင့်တွင် စိတ်ပျက်အားလျော့သော အပြုံးဖျော့ဖျော့တစ်ခု ပေါ်လာ၏။
သူ မြို့ပြများကို ဖြတ်သန်းကာ ပြင်ပနယ်မြေများသို့ ရောက်ရှိလာခဲ့ပြီး သူ၏ စိတ်နှလုံးကို လုံးဝဥဿုံ အေးချမ်းစေခဲ့သည်။ အမှန်တော့ သူ ဒီရေနိယာမကို အခြေခံအဆင့်အထိဖြစ်စေ နားလည်သဘောပေါက်နိုင်မည့် အခွင့်အရေးကို ရှာဖွေလိုခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုအခါတွင်မူ သူသည် ဒီရေနိယာမနှင့် ပတ်သက်၍ မည်သည့်အရိပ်အယောင်မျှ မရရှိခဲ့ဘဲ ဖျက်ဆီးခြင်းနိယာမကိုသာ နားလည်သဘောပေါက်သွားခဲ့သည်။
မှန်ပေ၏။ ခုနကတင် လင်းဖုန်း၏ စိတ်အာရုံက ထူးထူးခြားခြား ကြည်လင်လန်းဆန်းနေခဲ့ပြီး သူ့ခန္ဓာကိုယ်အတွင်းရှိ ဖျက်ဆီးခြင်းလှံတံသည်လည်း အဆက်မပြတ် တုန်ခါနေခဲ့သည်။ ထို့နောက် ဖျက်ဆီးခြင်းစွမ်းအား အရိပ်အယောင်များက သူ့ခန္ဓာကိုယ်တစ်ခုလုံးသို့ အလျင်အမြန် ပျံ့နှံ့သွားခဲ့ခြင်း ဖြစ်သည်။
ဤသို့ဖြင့် လင်းဖုန်းတစ်ယောက် မည်သည့် အချက်ပေးမှုမျှ မရှိဘဲ ဖျက်ဆီးခြင်းနိယာမကို ရုတ်တရက် နားလည်သဘောပေါက်သွားခဲ့တော့သည်။
သူ၏ ဖျက်ဆီးခြင်းနိယာမက အခြေခံအဆင့်သို့ ရောက်ရှိသွားခဲ့လေပြီ။ လင်းဖုန်း လက်ကို ဝှေ့ယမ်းလိုက်ရုံမျှဖြင့် သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်ကိုပင် အသုံးမပြုဘဲ သူတော်စင်များကို ဖြစ်စေ ထိုနတ်ဆိုးဧကရာဇ်များကို ဖြစ်စေ အလွယ်တကူ ဖျက်ဆီးပစ်နိုင်နေပြီဖြစ်၏။
အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု ငါးကြိမ်အထိ ပြုလုပ်ထားသူများ ဖြစ်နေပါစေ သန်မာသော တိုက်ပွဲဝင််ခန္ဓာကိုယ် မရှိသရွေ့ လင်းဖုန်းအနေဖြင့် ဤအခြေခံအဆင့် ဖျက်ဆီးခြင်းနိယာမသက်သက်ဖြင့်ပင် ကိုင်တွယ်နိုင်ပေသည်။
သို့သော် တိုက်ပွဲဝင်ခန္ဓာကိုယ်ကို မစုစည်းထားရသေးသည့် ထိုသက်ရှိများက အစကတည်းကပင် အလွန်အားနည်းလွန်းလှသည်။ အခြေခံအဆင့် ဖျက်ဆီးခြင်းနိယာမက ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးကို မည်သို့ သက်ရောက်နိုင်ပါမည်နည်း။
လင်းဖုန်း စုစည်းထားသည်က ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ် ဖြစ်သည်။ ထို့ကြောင့် ဖျက်ဆီးခြင်းနိယာမ အခြေခံအဆင့်သို့ ရောက်ရှိသွားခြင်းက ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကို သန်မာလာစေရန် မည်သည့်အကျိုးသက်ရောက်မှုမှ မရှိချေ။ တစ်ခုတည်းသော အသုံးဝင်မှုမှာ ဖျက်ဆီးခြင်းလှံတံအပေါ် ထိန်းချုပ်နိုင်စွမ်း သိသိသာသာ တိုးတက်လာခြင်းပင် ဖြစ်သည်။
ယခင်က လင်းဖုန်းအနေဖြင့် ဖျက်ဆီးခြင်းလှံတံ၏ စွမ်းအား ၁ ရာခိုင်နှုန်းကိုသာ ထုတ်ဖော်နိုင်လျှင်ပင် ကောင်းလွန်းလှပြီ ဖြစ်၏။ ယခုအခါတွင်မူ လင်းဖုန်းသည် ဤအခြေခံအဆင့် ဖျက်ဆီးခြင်းနိယာမကို အမှီသဟဲပြုကာ ဖျက်ဆီးခြင်းလှံတံ၏ စွမ်းအား ၁၀ ပုံ ၁ ပုံအထိ ထုတ်ဖော်နိုင်နေပြီ ဖြစ်သည်။
ဤသည်က အလွန်သန်မာနေပြီ ဖြစ်သော်လည်း လင်းဖုန်းအနေဖြင့် ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးကို ကိုင်တွယ်နိုင်ရန်အတွက်မူ လုံးဝ ယုံကြည်မှုမရှိသေးချေ။
အကယ်၍ သူ၏ ဖျက်ဆီးခြင်းနိယာမက ရှေ့ဆက်တိုးတက်ကာ ဂြိုဟ်အဆင့်သို့ ရောက်ရှိသွားမည်ဆိုပါက အခြေအနေမှာ ကွဲပြားသွားပေလိမ့်မည်။ ဖျက်ဆီးခြင်းနိယာမ ဂြိုဟ်အဆင့်ရှိရုံမျှဖြင့် လင်းဖုန်းအနေဖြင့် ဂြိုဟ်အဆင့်သက်ရှိများမှလွဲ၍ မည်သည့်အရာကိုမျှ ကြောက်ရွံ့နေစရာ လိုတော့မည်မဟုတ်ပေ။
မည်သို့ပင်ဆိုစေ ဂြိုဟ်အဆင့် ဖျက်ဆီးခြင်းနိယာမသည် ဂြိုဟ်တစ်လုံး၏ လည်ပတ်မှုကိုပင် ကြားဝင်နှောင့်ယှက်နိုင်၏။ ထို့ပြင် ဖျက်ဆီးခြင်းနိယာမသည် တိုက်ခိုက်ခြင်းနှင့် ဖျက်ဆီးခြင်းတွင်သာ အထူးပြုသဖြင့် တိုက်ခိုက်ရေးစွမ်းအားနှင့် ဖျက်ဆီးခြင်းစွမ်းအားမှာ အလွန်တရာ ပြင်းထန်လှသည်။
သို့သော် နိယာမများကို နားလည်သဘောပေါက်ရန် မည်မျှ ခက်ခဲကြောင်းကိုလည်း လင်းဖုန်း သိသည်။ ဖျက်ဆီးခြင်းနိယာမကို အခြေခံအဆင့်မှ ဂြိုဟ်အဆင့်သို့ ရောက်ရှိအောင် လုပ်ဆောင်ရန်က လင်းဖုန်းအနေဖြင့် ဆဋ္ဌမအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု ပြုလုပ်၍ ဂြိုဟ်အဆင့်သက်ရှိ ဖြစ်လာစေရန် ကြိုးစားရသည်ထက်ပင် ပိုမိုခက်ခဲလှသည်။
ဖျက်ဆီးခြင်းနိယာမကို နားလည်သဘောပေါက်ပြီး အခြေခံအဆင့်သို့ ရောက်ရှိသွားခဲ့ပြီးနောက် လင်းဖုန်းတစ်ယောက် ယခုတစ်ကြိမ် အသိဉာဏ်ပွင့်မှု ပြီးဆုံးသွားကြောင်း သိလိုက်သည်။ ဤတာအိုရှာဖွေခြင်း ခရီးစဉ်က သူ့ကို များစွာအကျိုးရှိစေခဲ့၏။ အလွန်ရှားပါးလှသော အသိဉာဏ်ပွင့်မှု အခွင့်အရေးကို ရရှိစေခဲ့သည်။
ထိုသို့သော အခွင့်အရေးမျိုးမှာ ကံကောင်း၍သာ ကြုံတွေ့ရခြင်း ဖြစ်သည်။ လင်းဖုန်းအနေဖြင့် တာအိုရှာဖွေခြင်းခရီးကို ဆက်လက်လျှောက်လှမ်းနေလျှင်ပင် ထိုကဲ့သို့သော အခွင့်အရေးမျိုးကို ထပ်မံကြုံတွေ့ရရန် မလွယ်ကူတော့ချေ။ ဤကဲ့သို့သော အခွင့်အရေးမျိုး မရှိဘဲ လင်းဖုန်းအနေဖြင့် နိယာမများကို ထပ်မံနားလည်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
ဒီရေနိယာမကို နားလည်သဘောပေါက်နိုင်ခြင်း မရှိခဲ့သော်လည်း ဖျက်ဆီးခြင်းနိယာမကို နားလည်သွားခဲ့သဖြင့် လင်းဖုန်းအနေဖြင့် ဖျက်ဆီးခြင်းလှံတံအပေါ် ထိန်းချုပ်မှုကို အားကောင်းစေခဲ့ပြီး သူ၏ တိုက်ခိုက်ရေးစွမ်းအားကို များစွာ တိုးတက်စေခဲ့သည်။
ဤသည်ကိုလည်း ကြီးမားသော ရလဒ်တစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်။
ထို့ကြောင့် လင်းဖုန်း သူ၏ရုပ်သွင်ကို ဆက်လက်မကွယ်ဝှက်တော့ဘဲ ပင်လယ်ပြင်ထက် ကောင်းကင်ယံသို့ တိုက်ရိုက်တက်လှမ်းကာ ကာကွယ်သူအဖွဲ့ ဌာနချုပ်ရှိရာ ဘက်သို့ ပြန်လည်ဦးတည် ပျံသန်းသွားတော့သည်။
…
လူသားများသည် တားမြစ်နယ်မြေကြီး လေးခုကို အမြစ်ပြတ် ရှင်းလင်းခဲ့သည်။ လေနက်ချောက် တစ်ခုတည်းကိုသာ ချန်ထားခဲ့သည်။ ထိုစဉ်ကတည်းက လေနက်ချောက်ကို အထူးတင်းကျပ်စွာ စောင့်ကြည့်ခဲ့ကြသည်။ သိုင်းသမားများစွာကို လေနက်ချောက် အပြင်ဘက်တွင် သိပ်သည်းစွာ နေားရာချထားခဲ့ပြီး နေ့စဉ်နှင့်အမျှ အချိန်နှင့်တပြေးညီ စောင့်ကြည့်နေခဲ့ကြသည်။
ဤသို့ စောင့်ကြည့်နေကြသည့် သိုင်းသမားများပင်လျှင် လေနက်ချောက်ထဲတွင် မည်သည့်အရာ ပုန်းအောင်းနေသည်ကို သိကြမည် မဟုတ်ပေ။
ဤယလက်ရှိအချိန်တွင် လေနက်ချောက်အတွင်းရှိ ကြီးမားသော ဂူကြီးတစ်ခုထဲ၌ နတ်ဆိုးဧကရာဇ်ငါးကောင် စုဝေးနေကြသည်။ သို့သော် ယခင်အကြိမ်များကလို မိမိတို့သဘောအတိုင်း အလိုအလျောက် စုဝေးခဲ့ကြခြင်း မဟုတ်ပေ။ ယခုတစ်ကြိမ်တွင်မူ သူတို့ လေနက်ချောက်ထဲသို့ ကမန်းကတန်း ထွက်ပြေးတိမ်းရှောင်လာခဲ့ကြရခြင်း ဖြစ်သည်။
"ထောင်ချီဆူး... မင်းလည်း ဘာလို့ လေနက်ချောက်ထဲ ရောက်နေတာလဲ"
"ငါဘာသာ လေနက်ချောက်ထဲ လာတာ။ ဘာလို့ မလာရမှာလဲ"
"ဟဲဟဲ... မင်းလည်း လူသားတွေ ဖိအားပေးလို့ လေနက်ချောက်ထဲကို ထွက်ပြေးလာရတာမလား"
"မင်းလည်း အတူတူနဲ့ အနူနူပါပဲကွာ။ မင်းကိုရော လူသားတွေက ဒီချောက်ထဲအထိ မောင်းမထုတ်ခဲ့ဘူးလို့ လာပြောမလို့လား"
နတ်ဆိုးဧကရာဇ် ငါးကောင်စလုံး တိတ်ဆိတ်သွားကြသည်။ သူတို့ တကယ်ကို စိတ်နာကြည်းနေမိကြသည်။ ယခင်က ပြင်ပနယ်မြေတွင် သူတို့သည် ကြမ်းကြုတ်သားရဲမျိုးနွယ်စု အများအပြားကို ဦးဆောင်ခဲ့ကြသည့် အကြီးမြတ်ဆုံး နတ်ဆိုးဧကရာဇ်များ ဖြစ်ခဲ့ကြသည်။ မည်မျှအထိ ထည်ဝါလိုက်သနည်း။ ထိုလူသားများက သူတို့ကို အလွယ်တကူ မကျူးကျော်ရဲခဲ့ကြပေ။ သူတို့ကသာ လူသားနယ်မြေများကို ကျူးကျော်ခဲ့ကြခြင်း ဖြစ်သည်။
ဒါပေမဲ့ အခုရော…
အခြေအနေက လုံးဝ ပြောင်းလဲသွားခဲ့လေပြီ။ လူသားမျိုးနွယ်မှာ မည်သည့်အချိန်ကစ၍ ဤမျှအထိတိုင် သန်မာလာခဲ့သည်ကို မည်သူမျှမသိကြပေ။ လူသားတို့၏ ခန္ဓာကိုယ်များက သူတို့ထက်ပင် ပိုမိုသန်မာနေပုံရသည်။ အများအားဖြင့် လူသားပညာရှင် နှစ်ဦး သုံးဦး ပူးပေါင်းလာပါက သူတို့ ထွက်ပြေးရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိချေ။ မဟုတ်ပါက လူသားတို့၏ သတ်ဖြတ်ခြင်းကိုသာ ခံရပေလိမ့်မည်။
သူတို့ လေနက်ချောက်ထဲသို့ ကံကောင်းထောက်မစွာဖြင့် ထွက်ပြေးလွတ်မြောက်လာခဲ့ကြခြင်း ဖြစ်သည်။ ကျန်ရှိသော နတ်ဆိုးဧကရာဇ်များကမူ သေလျှင်သေ မသေလျှင် ဖမ်းဆီးခြင်း ခံခဲ့ကြရ၏။ ပြင်ပနယ်မြေတွင် ကြမ်းကြုတ်သားရဲများက အရေအတွက်အားဖြင့် အပြတ်အသတ် သာလွန်နေဆဲ ဖြစ်သော်လည်း ထိပ်တန်း နတ်ဆိုးဧကရာဇ် အရေအတွက်ကမူ တဖြည်းဖြည်း နည်းပါးလာခဲ့ပြီ ဖြစ်သည်။
ဤအတိုင်းသာ ဆက်သွားပါက လူသားမျိုးနွယ်က အပြင်ဘက်နယ်မြေတစ်ခုလုံးကို တစ်နေ့နေ့ တစ်ချိန်ချိန်တွင် သေချာပေါက် သိမ်းပိုက်သွားပေလိမ့်မည်။
"ငါတို့ကို ဒီလိုအခြေအနေ ရောက်အောင် ဖိအားပေးတဲ့ အောက်တန်းစား လူသားတွေ။ သူတို့ လေနက်ချောက်ထဲကို မဝင်ရဲတာက ချောက်ထဲက လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားကို ကြောက်လို့ မဟုတ်လား"
ဤနတ်ဆိုးဧကရာဇ်များမှာ ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးအကြောင်းကို မသိရှိကြပေ။ သို့သော်လည်း သူတို့သည် ပြင်ပနယ်မြေတွင် ကြီးပြင်းလာခဲ့ကြသူများဖြစ်ရာ အန္တရာယ်ကို အာရုံခံနိုင်စွမ်း အရှိဆုံး သက်ရှိများလည်း ဖြစ်ကြ၏။
သူတို့သည် လွန်လေပြီးသော အချိန်အတန်ကြာကတည်းက လေနက်ချောက်ထဲမှ ကြောက်မက်ဖွယ်ရာ အငွေ့အသက်ကို အာရုံခံမိခဲ့ကြသဖြင့် ဘယ်တုန်းကမှ အနီးကပ်မသွားရဲခဲ့ကြချေ။ ယခင်က သူတို့ လေနက်ချောက်တွင် စုဝေးခဲ့ကြခြင်းမှာလည်း ဤအန္တရာယ်ရှိသော အငွေ့အသက်က အမှန်တကယ် မည်သည့်အရာ ဖြစ်သည်ကို သိရှိနိုင်ရန် ကြိုးစားခဲ့ကြခြင်းသာ ဖြစ်သည်။
သို့သော် သူတို့ အတွင်းပိုင်းအထိ မဝင်ရဲခဲ့ကြချေ။
ယခုမူ အခြေအနေက ကွဲပြားသွားခဲ့လေပြီ။ သူတို့တွင် နေစရာနေရာ မရှိတော့ချေ။ တစ်ခဏအတွင်း သူတို့၏ စိတ်ထဲတွင် ရဲတင်းသော အတွေးများ ပေါ်ထွက်လာ၏။
"လေနက်ချောက်ထဲမှာ အဲဒီလူသားတွေကိုတောင် ကြောက်လန့်စေတဲ့ ကြောက်စရာ လျှို့ဝှက်စွမ်းအားတစ်ခု ရှိနေတာပဲ။ ငါတို့ ဘာလို့ အထဲဝင်ပြီး မရှာရမှာလဲ။ တကယ်လို့ ငါတို့သာ အဲဒီစွမ်းအားကို ရခဲ့ရင် လူသားတွေကို ကြောက်နေစရာ လိုတော့မှာ မဟုတ်ဘူး"
"ဟုတ်တယ်။ ငါတို့ အခု အရမ်းခက်ခဲတဲ့ အခြေအနေကို ရောက်နေတာပဲ။ လေနက်ချောက်ထဲမှာ အမြဲတမ်း ပုန်းနေလို့မှ မရတာ။ စွန့်စားကြည့်တာကမှ ပိုကောင်းဦးမယ်"
"အဆိုးဆုံးဖြစ်ရင်တောင် သေရုံပဲပေါ့။ လူသားတွေရဲ့ လက်ထဲကို ရောက်သွားတာနဲ့ ဘာများကွာသေးလို့လဲ။ ဘာပဲဖြစ်ဖြစ် အပြင်ထွက်သွားရင်လည်း သေမှာပဲ။ အထဲကို စွန့်စားပြီး ဝင်ကြည့်ရင်တော့ အသက်ရှင်ဖို့ အခွင့်အလမ်းတစ်ခုခု ရှိနိုင်သေးတယ်"
နတ်ဆိုးဧကရာဇ် ငါးကောင်စလုံး အံကြိတ်ကာ ဆုံးဖြတ်ချက် ချလိုက်ကြသည်။
ထို့ကြောင့် နတ်ဆိုးဧကရာဇ် ငါးကောင်မှကာ လေနက်ချောက်အတွင်းရှိ ဧရာမဂူကြီးဆီသို့ အတူတူ လျှောက်လှမ်းသွားခဲ့ကြတော့သည်။
ထိုဂူကြီးက အလွန်တရာ နက်ရှိုင်းလှပြီး လေတိုးသံ ခပ်သဲ့သဲ့ ကြားနေရသည်။ သူတို့ အတွင်းသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်သွားလေလေ ပို၍ အေးစက်လာလေလေ ဖြစ်သည်။
နာရီအနည်းငယ်ခန့် လျှောက်လှမ်းလာပြီးနောက် နတ်ဆိုးဧကရာဇ် ငါးကောင်မှာ သူတို့၏ အမြင်အာရုံများ ရုတ်တရက် ပွင့်လင်းသွားသလို ခံစားလိုက်ရသည်။ သူတို့သည် ကျယ်ပြောလှသော မြေအောက်ခန်းမကြီးတစ်ခုအတွင်းသို့ ရောက်ရှိသွားခဲ့လေပြီ။ သို့သော် သူတို့၏ စိတ်နှလုံးအောက်ခြေမှ အန္တရာယ်ရှိသည့် အာရုံခံစားမှုက ပို၍ပင် ပြင်းထန်လာ၏။ အန္တရာယ် အငွေ့အသက်က အထွတ်အထိပ်အဆင့်သို့ပင် ရောက်ရှိနေပြီဖြစ်ရာ သူတို့၏ ကြောက်ရွံ့မှုကို မထိန်းချုပ်နိုင်တော့ချေ။
"ငါတို့ ဘာလို့ ဒီလောက်တောင် ကြောက်နေရတာလဲ။ အန္တရာယ်က ငါတို့အနီးနားမှာ ရှိနေသလိုပဲ"
"ငါတို့ အခု ဘယ်နေရာ ရောက်နေတာလဲ"
"မြေအောက်ခန်းမကြီးနဲ့ တူတယ်။ ဒါပေမဲ့ ဘာလို့ လမ်းက မညီမညာဖြစ်နေပြီးတော့ နည်းနည်း အိစိအိစိ ဖြစ်နေရတာလဲ"
နတ်ဆိုးဧကရာဇ်များ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိ၏။ အချင်းချင်း၏ မျက်လုံးများထဲမှ ကြောက်ရွံ့မှုများကို အတိုင်းသား မြင်တွေ့နေရသည်။
သူတို့သည် နတ်ဆိုးဧကရာဇ်များ ဖြစ်ကြသော်လည်း ဤအကြောင်းပြချက်မရှိဘဲ အန္တရာယ်အငွေ့အသက် ပြင်းထန်လှသော လေနက်ချောက်ထဲသို့ ရောက်ရှိလာသောအခါ ရင်ထဲအသည်းထဲမှ နက်နက်ရှိုင်းရှိုင်း ကြောက်ရွံ့မှုကို ခံစားနေကြရဆဲပင်။ သို့သော် သူတို့ကို ပို၍စိုးရိမ်ပူပန်စေသည်မှာ သူတို့၏ ကြောက်ရွံ့မှု အရင်းအမြစ်ကို လုံးဝ ရှာမတွေ့ခြင်းပင်။
"မ…မဟုတ်သေးဘူး... ငါ... ငါတို့ ခြေထောက်အောက်မှာ..."
ရုတ်တရက် နတ်ဆိုးဧကရာဇ်တစ်ကောင်က တစ်ခုခုကို ရှာဖွေတွေ့ရှိသွားပုံရသည်။ သူ၏ အသံသည်ပင် ကြောက်လန့်မှုကြောင့် တုန်ရီထစ်အနေလေသည်။
ထာဝရသိုင်းတာအိုအရှင်