← Chapters

အခန်း ၃၇၅

Vol. 33 Ch. 375

အခန်း ၃၇၅

Vol. 33 Ch. 375

အခန်း (၃၇၅) - ဧရာမသားရဲကြီး နိုးထလာခြင်း

ဘာသာပြန် - အားသစ်

"ဒါ... ဒါက...ဘာ…ဘာကြီးလဲ"

နတ်ဆိုးဧကရာဇ် ငါးကောင်စလုံး တုန်လှုပ်သွားကြသည်။ သူတို့အားလုံး သူတို့ခြေထောက်အောက်ကို အမြန်ငုံ့ကြည့်လိုက်၏။ အောက်ဘက်တွင် မြေကြီးအပြင် အိစိအိစိနှင့် အသားနှင့်တူသည့် အလွှာတစ်ခု ရှိနေကြောင်း သတိပြုမိလိုက်သည်။

"ဆုတ် ဆုတ်... မြန်မြန်ဆုတ်ကြ"

နတ်ဆိုးဧကရာဇ် ငါးကောင်မှာ လူမိုက်များ မဟုတ်ကြချေ။ သူတို့အားလုံး မိမိတို့ ဆင်းလာခဲ့သည့် လိုဏ်ဂူလမ်းဆီသို့ ကမန်းကတန်း ပြန်လည်ဆုတ်ခွာပြေးကြတော့သည်။

လိုဏ်ဂူလမ်းထဲသို့ ရောက်ရှိသွားသောအခါမှ သူတို့ စောစောက နင်းမိခဲ့သည့် မြေပြင်ကို အဝေးမှ ဂရုတစိုက် လှမ်းကြည့်ကာ ရဲတင်းသည့် ခန့်မှန်းချက်တစ်ခုကို ပြုလုပ်နိုင်ကြတော့သည်။

"ဒါက... နှုတ်ခမ်းနဲ့ မတူဘူးလား"

"နှုတ်ခမ်းလား။ ဒီလောက်ကြီးတဲ့ နှုတ်ခမ်းကြီးလား"

"တကယ်လို့ ဒါကြီးက တကယ်သာ နှုတ်ခမ်းကြီး ဖြစ်နေမယ်ဆိုရင် ဒီကြောက်စရာကောင်းတဲ့ သက်ရှိကြီးရဲ့ ခန္ဓာကိုယ်က ဘယ်လောက်တောင် ကြီးလိုက်မလဲ"

နတ်ဆိုးဧကရာဇ် ငါးကောင်မှာ အမှန်တကယ်ပင် မှင်သက်သွားကြသည်။ သူတို့သည် ထိုလူသားများ အသုံးပြုသည့် တိုက်ပွဲဝင်ခန္ဓာကိုယ်များကို မြင်ဖူးကြ၏။ ယင်းတို့က အလွန်ကြီးမားသည်ဆိုသော်ငြား ယခုလက်ရှိ သူတို့ရှေ့မှောက်ရှိ လျှို့ဝှက်ဆန်းကြယ်သည့် သက်ရှိနှင့် နှိုင်းယှဉ်လျှင်မူ ဘာမှမဟုတ်တော့ချေ။

မှန်ပေ၏။ ဤအရာကြီးက လျှို့ဝှက်ဆန်းကြယ်သည့် သက်ရှိတစ်ခုဖြစ်ပြီး ယင်းတို့က အမှန်တကယ် နှုတ်ခမ်းများ ဖြစ်နေသည်ဆိုသည့် အချက်အပေါ် အခြေခံ၍ စဉ်းစားခြင်း ဖြစ်သည်။

"စမ်းကြည့်ရင် သိရတာပဲ မဟုတ်ဘူးလား။ တကယ်လို့ ဒါကြီးက တကယ်သာ သားရဲကြီး ဖြစ်နေမယ်ဆိုရင် ငါတို့ကြားထဲမှာ စစ်မှန်တဲ့ အုပ်စိုးသူတစ်ယောက် ပေါ်ထွက်လာနိုင်တာပေါ့"

"ဟုတ်တယ်။ ငါတို့ သားရဲတွေက လူသားတွေလို စည်းလုံးမှုမရှိဘူး။ တစ်ကောင်နဲ့တစ်ကောင်လည်း အစေးမကပ်ကြဘူး။ တကွဲတပြားစီပဲနေကြတာ။ အဓိက အကြောင်းပြချက်က ငါတို့ထဲက ဘယ်သူကမှ တစ်ယောက်ပေါ်တစ်ယောက် အညံ့မခံချင်ကြလို့ပဲ။ စစ်မှန်တဲ့ အသန်မာဆုံး အုပ်စိုးသူရယ်လို့ မရှိလို့ပေါ့"

"တကယ်လို့သာ ဒါကြီးက အုပ်စိုးသူကြီး ဖြစ်နေပြီးတော့ သူနိုးလာတဲ့အခါ ငါတို့အားလုံး သူ့ရဲ့ လက်အောက်ခံ ဖြစ်သွားမယ်ဆိုရင်တောင် လူသားတွေရဲ့ သတ်ဖြတ်တာ ခံရတာထက် အများကြီး သာပါသေးတယ်"

"ဒါဆိုရင်လည်း ငါတို့ စမ်းကြည့်ကြတာပေါ့"

နတ်ဆိုးဧကရာဇ် ငါးကောင်စလုံး ဆုံးဖြတ်ချက်တစ်ခုကို ပြတ်ပြတ်သားသား ချလိုက်ကြသည်။ ဤသည်က အလွန်တရာ အန္တရာယ်များပြီး မည်သို့ဖြစ်လာမည်ကို မသိနိုင်သော်လည်း လူသားတို့၏ လိုက်လံအမဲလိုက်ခြင်းကို ခံရသည်ထက် ပို၍ ဆိုးဝါးနိုင်ပါမည်လား။

ဂရား...

ထို့ကြောင့် နတ်ဆိုးဧကရာဇ် ငါးကောင်က ကောင်းကင်ယံသို့ မော့၍ အသံကုန်ဟစ်ကာ ဟိန်းဟောက်လိုက်ကြသည်။ တစ်ချိန်တည်းမှာပင် သူတို့၏ ကြီးမားလှသော ခန္ဓာကိုယ်များဖြင့် မြေပြင်ပေါ်ရှိ မြေကြီးခဲများကို အလျင်အမြန် ဖယ်ရှားပစ်လိုက်ကြ၏။

သို့သော် သူတို့ မည်မျှပင် ဟိန်းဟောက်နေပါစေ ဤဧရာမသားရဲကြီးက မည်သို့မျှ လှုပ်ရှားမှု မရှိခဲ့ချေ။

နတ်ဆိုးဧကရာဇ်များက စိတ်ဓာတ်မကျပေ။ ဤလျှို့ဝှက်ဆန်းကြည်သည့် သတ္တဝါကြီးပေါ်မှ မြေကြီးခဲများကိုကာ ဆက်လက်၍ သန့်ရှင်းရေး လုပ်နေခဲ့ကြသည်။ သူတို့ ပိုမိုနက်ရှိုင်းအောင် တူးဆွလေလေ ဤအရာကြီးက အလွန်တရာ ကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းသော ဧရာမသားရဲကြီးတစ်ကောင် ဖြစ်ရမည်ကို ပို၍သေချာလာလေလေ ဖြစ်သည်။

သူတို့ ဂူထဲမှတစ်ဆင့် ရောက်ရှိလာခဲ့သည့် နေရာက ဤကြောက်မက်ဖွယ်ရာ သားရဲကြီး၏ ဦးခေါင်းပိုင်း ဖြစ်နေခဲ့ခြင်းပင်။ သားရဲကြီး၏ နှုတ်ခမ်းတစ်ခုတည်းကပင် ကီလိုမီတာ ဒါဇင်ပေါင်းများစွာ အရွယ်အစား ရှိနေနိုင်သည်။

၎င်း၏ ဦးခေါင်းကြီးက ပင်လယ်ပြင်ကြီးတစ်ခုအလား အတိုင်းအဆမဲ့ ကျယ်ပြောလှ၏။

ဤသည်က ဦးခေါင်းမျှသာ ရှိသေးသည်။ သို့ဆိုလျှင် သားရဲကြီး၏ ခန္ဓာကိုယ်တစ်ခုလုံးက မည်မျှအထိတိုင် ကြီးမားလိုက်မည်နည်း။

နတ်ဆိုးဧကရာဇ်ငါးကောင်သည် သူတို့မျက်လုံးများကိုပင် မယုံကြည်နိုင်လောက်အောင် ဖြစ်နေ၏။ ဖြစ်နိုင်သည်က လေနက်ချောက်တစ်ခုလုံးနှင့် အောက်ဘက် ကီလိုမီတာ ထောင်ပေါင်းများစွာအထိ ဤသားရဲကြီး၏ ခန္ဓာကိုယ်ဖြင့် ပြည့်နှက်နေခြင်း ဖြစ်နိုင်သည်။

ဤသည်ကား ကြောက်စရာ ကောင်းလွန်းလှသည်။ မည်သို့သော သားရဲမျိုးက ဤမျှအထိ ကြီးမားလှသည့် အရွယ်အစားအထိ ကြီးထွားလာနိုင်ပါသနည်း။

မည်သို့ပင်ဆိုစေ နတ်ဆိုးဧကရာဇ် ငါးကောင်မှာ ကြောက်ရွံ့နေကြသော်လည်း ဤသားရဲကြီးကို နိုးထလာစေရန် အစွမ်းကုန် ကြိုးစားလိုနေကြဆဲပင်။

ထို့ကြောင့် သူတို့သည် သားရဲကြီး၏ ခန္ဓာကိုယ်၊ နှုတ်ခမ်း၊ နှာခေါင်း၊ မျက်လုံးနှင့် နားရွက်များပေါ်သို့ နင်းတက်ကာ သားရဲကြီးကို နှိုးရန်အတွက် သူတို့ စဉ်းစားမိသမျှ နည်းလမ်းမျိုးစုံကို အသုံးပြုခဲ့ကြသည်။ နတ်ဆိုးဧကရာဇ်ငါးကောင်က ထိုနေရာများကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြည့်ခဲ့ကြသေးသည်။ သူတို့၏ ခွန်အားများကို အစွမ်းကုန် အသုံးပြုကာ တိုက်ခိုက်ခဲ့ကြသော်လည်း သားရဲကြီး၏ အရေပြားကိုပင် ပွန်းပဲ့အောင် မလုပ်နိုင်ခဲ့ကြချေ။

"ဒီသားရဲကြီးက သေနေပြီလား မသိဘူး"

"မဖြစ်နိုင်တာ။ တကယ်လို့ သေနေရင် သူ့ရဲ့ ရုပ်အလောင်းက ဘယ်လိုလုပ်ပြီး ဒီလောက်အထိ ကောင်းကောင်းမွန်မွန် ကျန်ရစ်နေမှာလဲ။ ကြာတာနဲ့ အရိုးစုပဲ ကျန်တော့မှာပေါ့။ ငါတို့ နည်းလမ်းအမှန်ကို ရှာမတွေ့သေးလို့ နေမှာ။ သေချာ ထပ်ရှာကြည့်ရအောင်"

သားရဲကြီးထံတွင် ထူးခြားမှု မရှိသော်လည်း ဤဂူလမ်းကြောင်းက သားရဲကြီး၏ ဦးခေါင်းအထိ ဆန့်တန်းရောက်ရှိနေခြင်းကသာ ထူးဆန်းနေခြင်း ဖြစ်သည်။

"ဟင်... ဒါက ဘာကြီးလဲ"

ရုတ်တရက် နတ်ဆိုးဧကရာဇ်တစ်ကောင်က မြေပြင်ပေါ်တွင် လက်မအရွယ်အစားရှိသည့် သွေးနီရောင်သလင်းကျောက်တစ်ခုကို ရှာဖွေတွေ့ရှိသွားသည်။ ထိုသလင်းကျောက်က ကြည်လင်တောက်ပနေပြီး ထူးဆန်းသည့် အငွေ့အသက်များ ရှိနေသည်။

"နောက်ထပ် ရှိသေးလား ထပ်ရှာကြည့်ရအောင်"

နတ်ဆိုးဧကရာဇ် ငါးကောင်က ဆက်လက် ရှာဖွေခဲ့ကြသည်။ မျှော်လင့်ထားသည့်အတိုင်း ပတ်ဝန်းကျင်တွင် သွေးနီရောင်သလင်းကျောက် အပိုင်းအစတချို့ကို ထပ်မံတွေ့ရှိခဲ့ကြသည်။ ယင်းတို့အနက် အများစုက အလွန်သေးငယ်ကြ၏။ လုံးဝပြည့်စုံသော အပိုင်းအစဟူ၍ မရှိချေ။ သို့သော် ယင်းတို့အတွင်း၌ ထူးဆန်းသော စွမ်းအားတစ်ခု ရှိနေပုံရသည်။

"ဒီသွေးနီရောင်သလင်းကျောက်တွေထဲမှာ ထူးဆန်းတဲ့ စွမ်းအားတစ်ခု ရှိနေတယ်။ ဒါတွေကို သားရဲကြီးရဲ့ ပါးစပ်ထဲ ထည့်ကြည့်ရအောင်"

နတ်ဆိုးဧကရာဇ် ငါးကောင်က ထိုသွေးနီရောင်သလင်းကျောက်များကို မသိကြချေ။ သူတို့သည် နှစ်ပေါင်း ရာထောင်ချီ၍ တဖြည်းဖြည်းချင်း ကြီးထွားလာခဲ့ကြပြီးမှ နတ်ဆိုးဧကရာဇ်များ ဖြစ်လာခဲ့ကြခြင်း ဖြစ်သည်။

ဤသွေးနီရောင်သလင်းကျောက်များမှာ မည်မျှအထိ အစွမ်းထက်သည်ကို သူတို့ မသိပေ။ သို့သော်လည်း ထူးဆန်းသည့် စွမ်းအားများ ပါရှိနေသည့် ဤသလင်းကျောက်များကို သားရဲကြီး၏ အနီးအနားတွင် တွေ့ရှိရသဖြင့် ယင်းတို့မှာ သေချာပေါက် ထူးခြားနေရမည် ဖြစ်သည်။

ထို့ကြောင့် ထိုနတ်ဆိုးဧကရာဇ်များက လက်မအရွယ်ရှိသည့် သွေးနီရောင်သလင်းကျောက် ဒါဇင်ပေါင်းများစွာကို စုဆောင်းကာ သားရဲကြီး၏ ပါးစပ်ထဲသို့ တိုက်ရိုက် ပစ်ထည့်လိုက်ကြတော့သည်။

သားရဲကြီးအနေဖြင့် ဤသွေးနီရောင်သလင်းကျောက်များကို ဝါးမြိုနိုင်ခြင်း ရှိ မရှိကို သူတို့ မသိပေ။ ဤသည်က သူတို့ လုပ်နိုင်သမျှ အရာအားလုံးပင်။

ထို့ကြောင့် သွေးနီရောင်သလင်းကျောက်များကို သားရဲကြီး၏ ပါးစပ်ထဲသို့ ထည့်ပြီးနောက် နတ်ဆိုးဧကရာဇ်များက လိုဏ်ဂူလမ်းဆီသို့ အပြေးအလွှား ပြန်လည်ဆုတ်ခွာကာ သားရဲကြီးကို ဂရုတစိုက် စောင့်ကြည့်နေခဲ့ကြသည်။

"ဘာမှ မထူးခြားသေးဘူး..."

နာရီဝက်ခန့် ကုန်လွန်သွားခဲ့သော်လည်း သားရဲကြီးထံမှ မည်သည့် လှုပ်ရှားမှုမျှ မရှိသေးချေ။ နတ်ဆိုးဧကရာဇ် ငါးကောင်စလုံး အလွန်စိတ်ပျက်သွားခဲ့ကြသည်။ သူတို့အားလုံး တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားခဲ့ကြပြီး ဖြစ်သော်လည်း သားရဲကြီးကို နှိုးနိုင်ခြင်း မရှိခဲ့ချေ။

ဝူး

ရုတ်တရက် ဂူအတွင်း၌ အနည်းငယ် တုန်ခါမှုတစ်ခု ဖြစ်ပေါ်လာသည်။ ယင်းက အလွန် သိမ်မွေ့လှသော်လည်း နတ်ဆိုးဧကရာဇ် ငါးကောင်ကမူ ထင်ထင်ရှားရှား ခံစားလိုက်မိသည်။

"နေဦး... လှုပ်ရှားမှု ရှိလာပြီ"

နတ်ဆိုးဧကရာဇ်ငါးကောင်၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ပေါ်ထွက်လာသည်။ သားရဲကြီး၏ မျက်လုံးများကို သူတို့ အထင်းသား မြင်တွေ့နေရ၏။ မျက်ခွံများက အနည်းငယ် တုန်ခါနေသလိုပင်။ အလွန်သိမ်မွေ့သော်လည်း အမှန်တကယ် တုန်ခါနေခြင်း ဖြစ်သည်။

တစ်ချိန်တည်းတွင်ပင် သားရဲကြီး၏ ခန္ဓာကိုယ်မှ မီးခိုးရောင် လေစီးကြောင်းတစ်ခု ထွက်ပေါ်လာပြီး ဂူတစ်ခုလုံးကို ပြည့်နှက်သွားစေသည်။ သို့သော် နတ်ဆိုးဧကရာဇ် ငါးကောင်ကမူ ထိုအဖြစ်ကို လုံးဝ မမြင်တွေ့နိုင်ခဲ့ကြချေ။

တုန်ခါမှုက ပိုမိုပြင်းထန်လာခဲ့သော်လည်း သားရဲကြီးကမူ ထလာမည့် အရိပ်အယောင် မပြသေးချေ။

ရှူး

ရုတ်တရက် မီးခိုးရောင် လေစီးကြောင်းက ဝေ့ဝဲလာပြီး နတ်ဆိုးဧကရာဇ်ငါးကောင်ကို လွှမ်းခြုံသွားသည်။ သို့သော် ထိုနတ်ဆိုးဧကရာဇ်များကမူ ၎င်းကို အာရုံမခံမိကြသေးချေ။

ထို့နောက် မီးခိုးရောင်လေစီးကြောင်းက နတ်ဆိုးဧကရာဇ်များ၏ ခန္ဓာကိုယ်အတွင်းသို့ တပြိုင်နက်တည်း ဝင်ရောက်သွားတော့၏။

ချက်ချင်းဆိုသလိုပင် နတ်ဆိုးဧကရာဇ်များ၏ ခန္ဓာကိုယ်များက ပုပ်ပွလာပြီး တဖြည်းဖြည်း ပျောက်ကွယ်ပျက်စီးလာသည်။

"ဒါ... ဒါက ဘာဖြစ်တာလဲ"

"မလုပ်ပါနဲ့... မလုပ်ပါနဲ့..."

"မဟုတ်ဘူး... ငါတို့က မင်းကို နှိုးပေးခဲ့တာလေ... ငါတို့က မင်းကို နှိုးပေးခဲ့တာကွ..."

နတ်ဆိုးဧကရာဇ် ငါးကောင်စလုံး အလွန်တရာ ထိတ်လန့်ခြောက်ခြားသွားကြသည်။ သူတို့အားလုံး သူတို့၏ ခန္ဓာကိုယ်များ တဖြည်းဖြည်း ပျောက်ကွယ်နေသည်ကို မသက်မသာဖြင့် ငေးကြည့်နေရုံမှတစ်ပါး ဘာမှမတတ်နိုင်တော့ချေ။ ဤဖြစ်ရပ်က အလွန်တရာ ထူးဆန်းလွန်းလှသည်။

သူတို့တွင် လုံးဝ ခုခံနိုင်စွမ်း မရှိခဲ့ချေ။

သူတို့၏ ခန္ဓာကိုယ်များ ပြာအဖြစ် တတိတိ ပြောင်းလဲနေသည်ကို မြင်ရသောအခါ ဤသည်က ရှေ့မှောက်ရှိ သားရဲကြီး၏ လက်ချက်ဖြစ်ရမည်ကို သူတို့ မည်သို့ သိနိုင်ပါမည်နည်း။ သူတို့ နားမလည်နိုင်ခဲ့ကြချေ။ သူတို့က သားရဲကြီးကို နှိုးပေးခဲ့သူများ ဖြစ်ပါလျက်နှင့် အဘယ်ကြောင့် ၎င်းက သူတို့ကို ပြန်လည် သတ်ဖြတ်လိုရသနည်း။

သူတို့ နားမလည်နိုင်သည်က သဘာဝကျပေ၏။ အဘယ်ကြောင့်ဆိုသော် ဤဧရာမသားရဲကြီးက အကြွင်းမဲ့ ဖျက်ဆီးပစ်ရန်နှင့် လုံးဝ ဗလာနတ္ထိဖြစ်သွားအောင် ချေမှုန်းရန်အတွက်သာ မွေးဖွားလာခြင်း ဖြစ်သောကြောင့်တည်း။

ဝုန်း

သားရဲကြီး၏ ခန္ဓာကိုယ် တုန်ခါမှုက တဖြည်းဖြည်း ပိုမိုပြင်းထန်လာသည်။ နတ်ဆိုးဧကရာဇ်ငါးကောင်၏ ခန္ဓာကိုယ်များ လုံးဝ ပြာအတိ ပြောင်းလဲသွားချိန်တွင် သားရဲကြီး၏ မျက်လုံးများ ပွင့်လာလေတော့သည်။

ကြောက်မက်ဖွယ်ရာ အငွေ့အသက်များက ကောင်းကင်ယံသို့ ထိုးတက်သွား၏။ သားရဲကြီး၏ ကြီးမားလှသော ဦးခေါင်းကြီးက တဖြည်းဖြည်း ကြွတက်လာသည်။

လေနက်ချောက်တစ်ခုလုံး အဆင့်တစ်ဆယ်ရှိသော ငလျင်တစ်ခု လှုပ်ခတ်သွားသည့်အလား ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။ လေနက်ချောက် ပတ်ဝန်းကျင် မိုင်တစ်ထောင်အတွင်းရှိ နေရာအားလုံးပါ အပြင်းအထန် လှုပ်ခါသွားစေ၏။

"လေနက်ချောက်ထဲမှာ ငလျင်လှုပ်ခတ်မှု ဖြစ်ပွားနေကြောင်း သံသယရှိပါတယ်..."

လေနက်ချောက်ကို အနီးကပ် စောင့်ကြည့်နေကြသည့် သိုင်းသမားများက ဤအချက်အလက်ကို ချက်ချင်း အထက်သို့ အစီရင်ခံ တင်ပြလိုက်ကြတော့သည်။

ထာဝရသိုင်းတာအိုအရှင်

All Chapters