အခန်း ၃၇၆
Vol. 33 Ch. 376
အခန်း (၃၇၆) - အဆိုးဆုံးအတွက် ပြင်ဆင်ခြင်း
ဘာသာပြန် - အားသစ်
လေနက်ချောက်အတွင်းရှိ ငလျင်သတင်းကို အဆင့်ဆင့် အစီရင်ခံနေရန် မလိုအပ်တော့ချေ။ ယင်းကို တိုက်ရိုက်အကျဉ်းချုပ်ကာ သူတော်စင်ခုနစ်ပါးထံသို့ ပေးပို့လိုက်သည်။
သူတော်စင်ခုနစ်ပါးက လေနက်ချောက်၏ သတင်းကို အလွန်အလေးထားကြသည်။ မည်သည့် လှုပ်ရှားမှုမျိုးမဆို ရှိလာပါက သတင်းအချက်အလက်များကို သူတော်စင်ခုနစ်ပါးထံသို့ မဖြစ်မနေ အစီရင်ခံရမည် ဖြစ်သည်။
"လေနက်ချောက်မှာ ငလျင်လှုပ်တယ်တဲ့လား"
သူတော်စင်ခန်း၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။ သူ တုံ့ဆိုင်းနေခြင်း အလျဉ်းမရှိဘဲ မတ်တတ်ရပ်ကာ ကာကွယ်သူအဖွဲ့ ဌာနချုပ်ဆီသို့ လေသင်္ဘောဖြင့် ကမန်းကတန်း ထွက်ခွာသွားတော့သည်။
သူတော်စင်ခန်း တစ်ယောက်တည်း မဟုတ်ပေ။ အခြား သူတော်စင်ခြောက်ပါးသည်လည်း အလားတူ ပြုမူခဲ့ကြသည်။ လေနက်ချောက်ရှိ ငလျင်သတင်းကို ရရှိပြီးနောက် သူတို့အားလုံး ကာကွယ်သူအဖွဲ့ ဌာနချုပ်ဆီသို့ အမြန်ဆုံး အပြေးအလွှား သွားရောက်ခဲ့ကြသည်။
…………
ကာကွယ်သူအဖွဲ့ချုပ်တွင် သူတော်စင်တစ်ပါးအနေဖြင့် လင်းဖုန်းသည်လည်း လေနက်ချောက်နှင့် ပတ်သက်သည့် သတင်းကို ချက်ချင်း ရရှိခဲ့သည်မှာ သဘာဝပင်။
"ငလျင်လား"
လင်းဖုန်း၏ တည်ငြိမ်နေသော မျက်နှာထက်တွင် နောက်ဆုံးတွင် စိတ်ခံစားမှု အရိပ်အယောင်တစ်ခု ပေါ်ထွက်လာ၏။
"နောက်ဆုံးတော့ ရောက်လာပြီလား"
လင်းဖုန်း မျက်လုံးများကို အနည်းငယ် မှိတ်လိုက်သည်။ ထိုအခိုက် သူ၏ စိတ်ခံစားမှုများက တင်းမာလာသည်။ ယခုလက်ရှိအချိန်၌ လင်းဖုန်းကို စိုးရိမ်ပူပန်စေနိုင်သည့် အရာများက အလွန်နည်းပါးလှသည်။ သံသယဖြစ်ဖွယ်မရှိဘဲ လေနက်ချောက်ရှိ မည်သည့် ပြောင်းလဲမှုကမဆို လင်းဖုန်း၏ စိတ်ခံစားမှုများကို ထိခိုက်စေနိုင်ပေသည်။
တစ်ချိန်တည်းမှာပင် အခြားသော သူတော်စင်ခြောက်ပါးကလည်း ကာကွယ်သူအဖွဲ့ ဌာနချုပ်ဆီသို့ အပြေးအလွှား လာရောက်မည်ဖြစ်ကြောင်း စာတိုများ ပေးပို့ခဲ့ကြသည်။
နှစ်နာရီခန့်ကြာပြီးနောက် ကာကွယ်သူအဖွဲ့ ဌာနချုပ်သို့ လေသင်္ဘောများ ရောက်ရှိလာကြ၏။ သူတော်စင်ခြောက်ပါးသည် လေသင်္ဘောများပေါ်မှ တည်ကြည်လေးနက်သော မျက်နှာထားများဖြင့် ဆင်းလာခဲ့ကြသည်။ သူတော်စင်ခုနစ်ပါးစလုံး ကာကွယ်သူအဖွဲ့ချုပ်၏ အစည်းအဝေးခန်းမသို့ ရောက်ရှိလာကြပြီ ဖြစ်သည်။
"သူတော်စင်လင်းဖုန်း... အခြေအနေက ဘယ်လိုရှိလဲ"
သူတော်စင်ခြောက်ပါးက ကာကွယ်သူအဖွဲ့ ဌာနချုပ်သို့ ရောက်လာသည်နှင့် စိုးရိမ်တကြီး မေးမြန်းလိုက်ကြသည်။
"အားလုံးပဲ ဗီဒီယိုကို ကြည့်လိုက်ကြပါ"
လင်းဖုန်းက ဗီဒီယိုကို ဖွင့်ပြလိုက်သည်။ ယင်းက လေနက်ချောက်၏ ဗီဒီယိုဖိုင်တစ်ခု ဖြစ်သည်။
ဗီဒီယိုဖိုင်အရ လေနက်ချောက်ကို ဗဟိုပြု၍ ကီလိုမီတာ ထောင်ပေါင်းများစွာ အချင်းဝက်အတွင်း၌ ပြင်းထန်လှသည့် ငလျင်လှုပ်ခတ်မှုများ ဖြစ်ပေါ်နေသည်။ ထို့ပြင် တုန်ခါမှုများက အလွန့်အလွန် ပြင်းထန်လှ၏။
ဤသည်ကား သေချာပေါက် ငလျင်မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် တုန်ခါမှုများ တစ်စတစ်စ ပိုမို ပြင်းထန်လာခဲ့သောကြောင့်ပင်။ ထိုတုန်ခါမှုက နှစ်နာရီကျော် ကြာမြင့်ခဲ့သည်။ မည်သည့် ငလျင်ကမှ တုန်ခါမှုများ တဖြည်းဖြည်း ပိုမိုပြင်းထန်လာပြီး နှစ်နာရီကျော်ကြာ ဆက်တိုက် လှုပ်ခတ်နေလေ့ မရှိချေ။
"သူတော်စင်လင်းဖုန်း... ကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲကြီး နိုးထလာပြီလား" သူတော်စင်ခန်းက လေသံခပ်တိုးတိုးဖြင့် မေးလိုက်သည်။
ဤသည်က အဆိုးရွားဆုံး ရလဒ် ဖြစ်ပေလိမ့်မည်။
လင်းဖုန်း မျက်လုံးများကို မှိတ်လိုက်ပြီး ညင်သာစွာ စကားဆိုလိုက်သည်။
"ငါတို့အားလုံး အဆိုးဆုံးအတွက် ပြင်ဆင်ထားရမယ်"
သူတော်စင်များ၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားသည်။ အဆိုးဆုံးအတွက် ပြင်ဆင်ထားရမည်ဆိုသည်မှာ ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးနှင့် ရင်ဆိုင်ရရန် ဖြစ်နိုင်ခြေများသည်။ မကြာသေးမီ နှစ်များအတွင်း လူသားကမ္ဘာကြီးက အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး လူသားမျိုးနွယ်သည်လည်း ကမ္ဘာကြီးတစ်ခုလုံးကို လွှမ်းမိုးနိုင်မည့် အရိပ်အယောင်များ ပြသနေခဲ့သည်။ သို့သော်လည်း ဤအခြေအနေသို့ ရောက်ရှိလာခဲ့လေပြီ။
နတ်ဆိုးဧကရာဇ်မည်မျှ မောင်းထုတ်ခံရပြီး သတ်ဖြတ်ခံခဲ့ရသည်ကို မည်သူမျှ မသိနိုင်တော့ပေ။ အပြင်ဘက်နယ်မြေသည်လည်း ကြမ်းကြုတ်သားရဲများ၏ နယ်မြေ မဟုတ်တော့ချေ။ လူသားမျိုးနွယ်က နယ်မြေများကို အလျင်အမြန် တိုးချဲ့လျက် ရှိသည်။
သို့သော် သူတော်စင်များကမူ စိတ်လေးလံနေကြဆဲပင်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးက ယဉ်ကျေးမှုများကိုပင် အပြီးတိုင် ဖျက်ဆီးပစ်နိုင်သည့် ကြောက်မက်ဖွယ်ရာ သတ္တဝါဆိုးကြီး ဖြစ်သောကြောင့်ပင်။ လူသားတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်သည့် သူတော်စင်လင်းဖုန်းပင်လျှင် ပဉ္စမအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု မပြုရသေးချေ။ ဤအချက်က သူတော်စင်များကို ပို၍ပင် စိုးရိမ်ပူပန်စေခဲ့၏။
ယခုအခါတွင်မူ သူတို့၏ စိုးရိမ်ပူပန်မှုက လက်တွေ့ဖြစ်လာပေတော့မည်။
"သူတော်စင် ခုနစ်ပါးရဲ့ အမည်နာမနဲ့ အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း နှစ်ကြိမ် ပြီးမြောက်ထားတဲ့ တိုက်ပွဲဝင်ခန္ဓာကိုယ်ပိုင်ရှင် သိုင်းသမား ၂၃ ယောက်ကို ချက်ချင်း စုဝေးလိုက်။ ငါတို့နဲ့အတူတူ လေနက်ချောက်ကို လိုက်ခဲ့ကြ"
လင်းဖုန်းက အမိန့်ပေးလိုက်သည်။ သူက ယခုအခါ လူသားတို့၏ နံပါတ်တစ် သူတော်စင်ကြီး ဖြစ်နေပြီး လူသားများအကြား သူ၏ ဂုဏ်သိက္ခာက သူတော်စင်ခန်းထက်ပင် ပို၍ ကြီးမားနေပြီ ဖြစ်သည်။ မည်သူကမျှ သူ၏ အမိန့်ကို ဖီဆန်ရဲမည် မဟုတ်ပေ။
သို့သော် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း နှစ်ကြိမ် ပြီးမြောက်ထားသော တိုက်ပွဲဝင်ခန္ဓာကိုယ်ပိုင်ရှင် သိုင်းသမား ၂၃ ဦးကို စည်းရုံးလှုပ်ရှားစေလိုပါက သူတော်စင်ခုနစ်ပါးစလုံး ပူးပေါင်း၍ အမိန့်ပေးရမည် ဖြစ်သည်။
အခြားသူတော်စင်ခြောက်ပါးကလည်း တုံ့ဆိုင်းခြင်းမရှိ ခေါင်းညိတ်လိုက်ကြသည်။ သေခြင်းနှင့် ရှင်ခြင်းကြား အရေးကြီးသော အချိန်ကာလသို့ ရောက်ရှိလာပြီဖြစ်ကြောင်း သူတို့ သိကြသည်။ ထို့ကြောင့် သူတို့အားလုံးက မိမိတို့ အုပ်စုလက်အောက်ရှိ အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း နှစ်ကြိမ် ပြုလုပ်ထားသော တိုက်ပွဲဝင်ခန္ဓာကိုယ်ပိုင်ရှင် သိုင်းသမားများကို ကာကွယ်သူအဖွဲ့ ဌာနချုပ်သို့ စုဝေးရန် အမိန့်ပေးလိုက်ကြတော့သည်။
သူတော်စင်ခုနစ်ပါး ပူးပေါင်းအမိန့်ပေးလိုက်သည်နှင့် လူသားမျိုးနွယ် လူ့အဖွဲ့အစည်း တစ်ခုလုံး အထူးသဖြင့် သိုင်းပညာရှင်များကြားတွင် လှုပ်ခတ်မှုများ အကြီးအကျယ် ဖြစ်ပေါ်သွားစေ၏။
တိုက်ပွဲဝင်ခန္ဓာကိုယ်ရှင် သိုင်းသမားဆိုသည်မှာ လင်းဖုန်းက တိုက်ပွဲဝင်ခန္ဓာကိုယ်ကျင့်စဉ်ကို ထုတ်ဖော်ပြသပြီးနောက် ၎င်းကို ကျင့်ကြံသော သိုင်းပညာရှင်များအတွက် သူသတ်မှတ်ပေးထားသည့် တူညီသော ဂုဏ်ပုဒ်တစ်ခု ဖြစ်သည်။ နှစ်အနည်းငယ် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း တိုက်ပွဲဝင်ခန္ဓာကိုယ်ကို အမှန်တကယ် ကျင့်ကြံနိုင်သည့် သိုင်းသမား အရေအတွက်က နည်းပါးနေဆဲပင်။
အထူးသဖြင့် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း နှစ်ကြိမ် ပြုလုပ်ထားသော တိုက်ပွဲဝင်ခန္ဓာကိုယ်ရှင် သိုင်းပညာရှင်များက ပို၍ပင် ရှားပါးလှသည်။ သူတို့၏ တိုက်ခိုက်ရေးစွမ်းအားက သူတော်စင်များနှင့် နီးကပ်နေပြီ ဖြစ်သည်။ ထို့ကြောင့် ဤတိုက်ပွဲဝင်ခန္ဓာကိုယ်ရှင် သိုင်းသမားများ၏ အဆင့်အတန်းကလည်း အတော်လေး မြင့်မားနေပြီး သာမန် သာလွန်နတ်ဘုရားအဆင့် သိုင်းသမားများထက် များစွာ ပိုမိုမြင့်မားကြသည်။
အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း နှစ်ကြိမ် ပြုလုပ်ထားသော သိုင်းပညာရှင်တိုင်းက မြင့်မားသော ရာထူးနေရာများတွင် ရှိနေကြပြီး ကြီးမားသော ဩဇာအာဏာများကို ကိုင်စွဲထားကြသည်။ သူတို့ထဲမှ အများစုက ပြင်ပနယ်မြေ၏ ရှေ့တန်းစစ်မြေပြင်များတွင် နတ်ဆိုးဧကရာဇ်များကို လိုက်လံအမဲလိုက်နေကြခြင်း ဖြစ်သည်။
"အရေးပေါ် အမိန့်လား"
တိုက်ပွဲဝင်ခန္ဓာကိုယ်ရှင် သိုင်းသမားတချို့မှာ အကြောင်းရင်းကို မသိကြပေ။ သို့သော်လည်း သူတော်စင်များက အမြင့်ဆုံးအမိန့်ကို ထုတ်ပြန်လိုက်ပြီဖြစ်ရာ သူတို့အနေဖြင့် နာခံရန်သာ ရှိတော့သည်။
"အမြင့်ဆုံးအမိန့်လား။ ကာကွယ်သူအဖွဲ့ ဌာနချုပ်ကို ချက်ချင်းသွားရမယ်တဲ့လား"
တကယ်တန်းတွင် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း နှစ်ကြိမ် ပြုလုပ်ထားသည့် တိုက်ပွဲဝင်ခန္ဓာကိုယ်ရှင် သိုင်းသမား ၂၃ ဦးက ဤအမိန့်ကို သိပ်နားမလည်ကြချေ။ မည်သည့်အရာက သူတော်စင်များကို ဤမျှအထိ စိုးရိမ်ပူပန်စေသနည်း။
သူတို့သည် တိုက်ပွဲဝင်ခန္ဓာကိုယ်ကျင့်စဉ်ကို သင်ယူတတ်မြောက်ပြီး တိုက်ပွဲဝင်ခန္ဓာကိုယ်ရှင် သိုင်းသမားများ ဖြစ်လာခဲ့ပြီးကတည်းက အရာအားလုံးမှာ အခြေခံအားဖြင့် ချောမွေ့နေခဲ့သည်။ တစ်ချိန်က မခံမရပ်နိုင်လောက်အောင် မောက်မာခဲ့ကြသော နတ်ဆိုးဧကရာဇ်များသည်ပင် သူတို့၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် ရှုံးနိမ့်ခဲ့ကြရသည်။
လူသားမျိုးနွယ်က နယ်မြေအားလုံးကို မသိမ်းပိုက်နိုင်သေးသော်လည်း ပြင်ပနယ်မြေ တစ်ခုလုံးတွင် မည်သည့် ကြမ်းကြုတ်သားရဲကမျှ လူသားမျိုးနွယ်၏ ပြိုင်ဘက် မဟုတ်ကြတော့ပေ။ ယေဘုယျ အခြေအနေအရ လူသားများက ပြင်ပနယ်မြေကို သိမ်းပိုက်နိုင်ရန်မှာ အချိန်တစ်ခုသာ ပြဿနာရှိတော့သည်ဟု သူတို့ ယူဆထားခဲ့ကြသည်။
အဆင့်အတန်းမြင့်မားပြီး အစွမ်းထက်လှသော သူတော်စင်ခုနစ်ပါးက ယခင်က ဤမျှအထိ စိုးရိမ်ပူပန်ခဲ့ဖူးခြင်း မရှိချေ။ အထူးသဖြင့် ကာကွယ်သူအဖွဲ့ ဌာနချုပ်တွင် စုဝေးနေကြခြင်းက ပို၍ပင် စိတ်ဝင်စားစရာ ကောင်းနေ၏။ သူတော်စင်လင်းဖုန်း တစ်ခုခုများ ဖြစ်သွားတာလား။
တိုက်ပွဲဝင်ခန္ဓာကိုယ်ရှင် သိုင်းသမား ၂၃ ဦး ရောက်ရှိလာသောအခါ အချင်းချင်း၏ မျက်လုံးများထဲမှ အံ့သြမှုများကို တွေ့မြင်လိုက်ကြရသည်။
လူသားမျိုးနွယ် တစ်ခုလုံးတွင် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း နှစ်ကြိမ်ပြုလုပ်ထားသည့် တိုက်ပွဲဝင်ခန္ဓာကိုယ်ရှင် သိုင်းပညာရှင် ၂၃ ဦးသာ ရှိသည်။ စင်စစ်တွင် အများစုက အချင်းချင်း ရင်းနှီးသိကျွမ်းသူများ ဖြစ်ကြသည်။ ဤမျှအထိများပြားလှသည့် တိုက်ပွဲဝင်ခန္ဓာကိုယ်ရှင် သိုင်းသမားများကို တပြိုင်နက်တည်း ဆင့်ခေါ်လိုက်ခြင်းမှာ ကိစ္စရပ်များက အလွန်တရာ ကြီးလေးနေ၍သာ ဖြစ်ပေလိမ့်မည်။
ဝှစ်
ရုတ်တရက် သူတော်စင်လင်းဖုန်း ဦးဆောင်သော သူတော်စင်ခုနစ်ပါး ပေါ်လာသည်။ သူတော်စင်များ၏ ဩဇာအာဏာရှေ့တွင် ဤပါရမီရှင် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း နှစ်ကြိမ် သိုင်းသမားများပင်လျှင် ရိုသေလေးစားမှု ပြသရသည်။
"အားလုံးပဲ လေသင်္ဘောပေါ်တက်ပြီး လေနက်ချောက်ကို သွားကြမယ်"
"လေနက်ချောက်လား"
လင်းဖုန်း၏ စကားကြောင့် တိုက်ပွဲဝင်ခန္ဓာကိုယ်ရှင် သိုင်းသမားအားလုံး၏ မျက်နှာအမူအရာများ အနည်းငယ် ပြောင်းလဲသွားကြသည်။ သူတို့အနေဖြင့် ကမ္ဘာပျက်ကပ်၏ ဧရာအသားရဲကြီး အကြောင်းကို တစ်ခါမှ မကြားဖူးခဲ့ကြချေ။ သို့သော်လည်း သဲလွန်စအချို့မှတဆင့် လေနက်ချောက်၏ ထူးခြားချက်များကို ခွဲခြမ်းစိတ်ဖြာနိုင်ရန် သူတို့ကို တားဆီးထားနိုင်ခြင်း မရှိချေ။
တားမြစ်နယ်မြေလေးခုအနက် လေနက်ချောက်နှင့် အသူတရာသေမင်းပင်လယ်သို့သာလျှင် တိုက်ပွဲဝင်ခန္ဓာကိုယ်ရှင် သိုင်းသမားများကို အလွယ်တကူ ဝင်ရောက်ခွင့် မပြုဘဲ တားမြစ်ထားခြင်း ဖြစ်သည်။
အထူးသဖြင့် လေနက်ချောက်ကို အချိန်နှင့်တပြေးညီ စောင့်ကြည့်ရန် သိုင်းပညာရှင်များစွာကို အထူးတလည် စေလွှတ်ထားခဲ့သည်။ လေနက်ချောက်အတွင်း၌ ကြောက်မက်ဖွယ်ကောင်းသည့် တည်ရှိမှုတစ်ခုခု ရှိနေပုံရသည်။
သံသယများဖြင့် ပြည့်နှက်နေကြသော်လည်း သူတို့အားလုံး ယခုအချိန်တွင် မေးခွန်းများ မမေးရဲကြချေ။ သူတော်စင်ခုနစ်ပါးနောက်မှ လိုက်၍ ကြီးမားသော လေသင်္ဘောကြီးထဲသို့ ဝင်ရောက်ရန်သာ ရှိတော့သည်။
လေသင်္ဘောကြီးက အလျင်အမြန် ပျံတက်သွားပြီး ကာကွယ်သူအဖွဲ့ ဌာနချုပ်မှ ထွက်ခွာသွားခဲ့သည်။ တစ်ဒင်္ဂအတွင်း မိုးကုတ်စက်ဝိုင်းသို့ တိုးလျှိုးဝင်ရောက်ကာ ပျောက်ကွယ်သွား၏။
လေသင်္ဘောပေါ်တွင် လင်းဖုန်းက ဤလူငယ် သိုင်းသမများကို ကြည့်ကာ တည်ကြည်လေးနက်စွာဖြင့် ပြောလိုက်သည်။
"မင်းတို့ရဲ့ မိသားစုတွေကို အခု ဆက်သွယ်နိုင်တယ်။ နှုတ်ဆက်တဲ့အနေနဲ့ သဘောထားလိုက်ပါ။ မင်းတို့တွေ အသက်ရှင်လျက် ပြန်လာနိုင်မလားဆိုတာကို ဘယ်သူမှ အာမမခံနိုင်ဘူး"
ဝုန်း
လင်းဖုန်း၏ စကားကြောင့် လေသင်္ဘောပေါ်တွင် ချက်ချင်းဆိုသလို ဆူညံပွက်လောရိုက်သွားသည်။
လူငယ် တိုက်ပွဲဝင်ခန္ဓာကိုယ် သိုင်းသမားများအားလုံး အကြောင်းရင်းကို သိချင်နေကြသည်။
လင်းဖုန်း ဘာမှ ထပ်မပြောတော့ချေ။ သူတော်စင်ခန်းနှင့် အခြားသူများက ထိုကိစ္စရပ်များကို သဘာဝအတိုင်း ရှင်းပြကြပေလိမ့်မည်။ သူ ပြတင်းပေါက်မှတဆင့် အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ ဤတစ်ကြိမ်တွင် သူ ချူချန်းကို နှုတ်ဆက်ခဲ့ခြင်း မရှိချေ။
သူ မခွဲခွာရက်၍ ဖြစ်နိုင်သလို အကြွင်းမဲ့ ယုံကြည်မှုရှိမနေ၍လည်း ဖြစ်နိုင်သည်။
ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးက လင်းဖုန်း၏ ရင်ထဲတွင် ကျောက်တုံးကြီးတစ်တုံး ဆွဲထားသည့်အလား လေးလံဖိစီးနေခဲ့သည်။ ယခုအခါတွင် သူ မည်မျှပင် ဆန္ဒမရှိပါစေ ထိုသားရဲကြီးနှင့် ရင်ဆိုင်ရပေတော့မည်။
လေသင်္ဘောကြီးက မျက်စိတစ်မှိတ်အတွင်း ကောင်းကင်ယံထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်။ ကာကွယ်သူအဖွဲ့ချုပ်မှ အဖွဲ့ဝင်များမှာ မည်သည့်အရာကိုမျှ အာရုံခံမိကြသေးမည် မဟုတ်ပေ။
သို့သော် ချူချန်းကမူ တံခါးအပြင်ဘက်တွင် ရပ်ကာ ပျောက်ကွယ်သွားသော လေသင်္ဘောကြီးကို လှမ်းကြည့်နေခဲ့သည်။ သူမမျက်နှာထက်တွင် မျက်ရည်များ တိတ်တဆိတ် စီးကျနေ၏။