← Chapters

အခန်း (၇၆၃-၇၆၄)

Vol. 65 Ch. 763-764

အခန်း (၇၆၃-၇၆၄)

Vol. 65 Ch. 763-764

အပိုင်း (၇၆၃)

တစ်လပိုင်း ဆယ့်ခြောက်ရက်နေ့တွင် ယွင်ကျုံးဟဲ့၏ ရူပဗေဒ ပြဋ္ဌာန်းစာအုပ် ရေးသားပြီးစီးသွားပြီး ပုံနှိပ်စက်ဖြင့် စာအုပ် ရာနှင့်ချီ ပုံနှိပ်ထုတ်ဝေခဲ့၏။

တာ့ယန် အင်ပါယာသစ်၏ ရူပဗေဒ ပါမောက္ခ ရာဂဏန်းခန့်နှင့် ရူပဗေဒ ပါရဂူ ရာဂဏန်းခန့် အားလုံး ရောက်ရှိလာကြသည်။

ယွင်ကျုံးဟဲ့သည် ဤပြဋ္ဌာန်းစာအုပ် ရာနှင့်ချီကို သူတို့၏ လက်ထဲသို့ ဝေငှပေးလိုက်သည်။ ဤသည်မှာ ယွင်ကျုံးဟဲ့က ဤကြီးကျယ်ခမ်းနားသော အောင်မြင်မှုကို တာ့ယန် အင်ပါယာသစ်သို့ အခမဲ့ လှူဒါန်း လိုက်ခြင်းပင် ဖြစ်၏။

ဤပြဋ္ဌာန်းစာအုပ်သည် အင်ပါယာ၏ ယဉ်ကျေးမှုကို လုံးဝ ပြောင်းလဲပစ်မည်မှာ သေချာပြီး အင်ပါယာ၏ သွေးကြောများကို ဖွင့်ပေးကာ အင်ပါယာ တစ်ခုလုံး၏ ယဉ်ကျေးမှုကို တိုးတက်မှု အသစ်တစ်ခုဆီသို့ တွန်းပို့ပေးမှာ ဖြစ်သည်။

ဤတိုးတက်မှုကို ပြီးမြောက်သွားသည်နှင့် တာ့ယန် အင်ပါယာသစ်သည် လောကကြီးကို နှစ်ပေါင်း ရာနှင့်ချီ ထပ်မံ၍ ဦးဆောင်သွားနိုင်ပေလိမ့်မည်။

ရူပဗေဒ ပါမောက္ခ ရာဂဏန်းခန့်နှင့် ရူပဗေဒ ပါရဂူ ရာဂဏန်းခန့်တို့သည် တတိယ စာသင်ကျောင်း၊ ကျီးချင့်၏ စံအိမ် အတွင်း၌ပင် ယွင်ကျုံးဟဲ့ ရေးသားထားသော ပြဋ္ဌာန်းစာအုပ်ကို ဖတ်ရှုပြီးစီးသွားကြသည်။

တကယ်ကို ခေါင်းပေါ် ရေအေး လောင်းချလိုက်သကဲ့သို့ ဉာဏ်အလင်း ပွင့်သွားကြသည်။ သူတို့သည် ဤလောကတွင် အထက်မြက်ဆုံး လူတစ်စု ဖြစ်ပြီး ထိပ်တန်း သိပ္ပံပညာရှင်များ ဖြစ်ကြ၏။

အခြားသူများက ယွင်ကျုံးဟဲ့၏ စာအုပ်ကို နားလည်မည် မဟုတ်ပေ။ အတွင်းရှိ စွမ်းအင် တည်မြဲမှု နိယာမ၊ ကမ္ဘာ့ဆွဲငင်အား၊ လျှပ်စစ်နှင့် သံလိုက် သီအိုရီများကို နားလည်မည် မဟုတ်ပေ။ သို့ပေမည့် သူတို့ကမူ နားလည်နိုင်ကြသည်။

ဤစာအုပ်က သူတို့ကို လုံးဝ အသစ်စက်စက် လောကတစ်ခုကို မြင်တွေ့စေခဲ့သည်။ မဟုတ်ပေ။ အတိအကျ ပြောရလျှင် လောကကြီး၏ အမှန်တရား အရေးအကြီးဆုံး အစိတ်အပိုင်း တစ်ခုကို ဖွင့်ဟပြလိုက်ခြင်း ဖြစ်၏။ တကယ်ကို သွေးကြောတွေ အားလုံး ပွင့်သွားသလိုပင်။

ထို့အပြင် ယွင်ကျုံးဟဲ့က သူတို့ကို သီအိုရီ သက်သက်သာ ပေးခဲ့ခြင်း မဟုတ်ဘဲ လက်တွေ့ အသုံးချမှုများကိုပါ ပေးခဲ့ခြင်း ဖြစ်သည်။

ဤသည်မှာ လုံးဝ အင်ပါယာ၏ နောက်မျိုးဆက် ယဉ်ကျေးမှု အဆင့်မြှင့်တင်ရေး သော့ချက်ပင် ဖြစ်ပြီး မည်သည့် စကားလုံးဖြင့်မှ ၎င်း၏ ကြီးကျယ်ခမ်းနားမှုကို ဖော်ပြ၍ မရနိုင်တော့ပေ။

တကယ်ကို မနက်ခင်းမှာ တရားရရင် ညနေ သေရလည်း တန်ပြီဆိုတဲ့ ခံစားချက်မျိုး ဖြစ်၏။

ထိုနေရာရှိ ဤပညာရှင် ရာဂဏန်းခန့်အတွက် ယနေ့သည် တကယ်ကို သမိုင်းဝင် အချိန်အခါ တစ်ခုဖြစ်ပြီး အင်ပါယာ ယဉ်ကျေးမှု အဆင့်မြှင့်တင်မည့် အချိန်အခါကို ဖွင့်လှစ်လိုက်ခြင်း ဖြစ်သည်။

ထိုသို့ဖြင့် ဤလူ ရာဂဏန်းခန့်သည် ကျီးချင့်၏ စံအိမ် အတွင်းတွင် ရက်ပေါင်းများစွာ နေထိုင်ခဲ့ကြသည်။ အဆက်မပြတ် ဆွေးနွေးကြပြီး၊ အဆက်မပြတ် စမ်းသပ်မှု မျိုးစုံ ပြုလုပ်ကာ အတည်ပြုကြ၏။

လောကသစ် အတွင်းတွင် လုံးဝ နစ်မွန်းသွားကြပြီး ရုန်းထွက်၍ မရနိုင်တော့ပေ။ သူတို့ ဤလောကကြီးကို နားလည်လာမှုသည် ယခုလောက် ရှင်းလင်းပြတ်သားမှု မရှိခဲ့ဖူးပေ။ သူတို့ ယခုလောက် ပျော်ရွှင်မှု မရှိခဲ့ဖူးသလို အမှန်တရားကို ဆုပ်ကိုင်နိုင်ပြီဟု မခံစားခဲ့ရဖူးပေ။

တကယ့်ကို မြင့်မြတ်တဲ့ ပညာရပ်တွေကို တတ်မြောက်သွားသလို ဖြစ်လို့နေသည်။ ယွင်ကျုံးဟဲ့ ရေးသားထားသော ဤပြဋ္ဌာန်းစာအုပ်သည် သူတို့အတွက် သမ္မာကျမ်းစာ ထက်ပင် ပို၍ ကြီးကျယ်ခမ်းနားနေ သကဲ့သို့ပင်။

ဆယ်ရက် အကြာတွင်…

အင်ပါယာ ပထမ စာသင်ကျောင်း၏ ကျောင်းအုပ်သည် ယွင်ကျုံးဟဲ့၏ ရှေ့သို့ ရောက်လာပြီး ပြောလိုက်သည်။ “ယွင်ကျုံးဟဲ့... ကျုပ်တို့ ဆွေးနွေးစရာ ကိစ္စလေး ရှိလို့ ခဏလောက် အပြင် ထွက်ပေးလို့ ရမလား။”

ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “ကောင်းပါပြီ။”

ထို့နောက် သူသည် ကျီးချင့်၏ စံအိမ်မှ ထွက်ခွာလာပြီး အပြင်ဘက်တွင် လမ်းလျှောက်နေကာ အခန်းတံခါးကို ပိတ်ပေးလိုက်သည်။

တာ့ယန် အင်ပါယာသစ် တစ်ခုလုံး၏ သိပ္ပံပညာရှင်များ အားလုံး၊ ရူပဗေဒ ပါမောက္ခများ၊ ရူပဗေဒ ပါရဂူများသည် တစ်ခါမှ မရှိဖူးသော တံခါးပိတ် အစည်းအဝေး တစ်ခုကို ကျင်းပခဲ့ကြသည်။ မခမ်းနားသော်လည်း အလွန် အရေးကြီးသော အစည်းအဝေး တစ်ခု ဖြစ်၏။

ပထမ ကျောင်းအုပ်က အက်ကွဲသော အသံဖြင့် ပြောလိုက်သည်။ “လူသားတွေဟာ သေးငယ်ပြီး လောကကြီး တစ်ခုလုံးက အမည်မသိ အရာတွေနဲ့ ပြည့်နှက်နေတယ်။ ယန်ရှင်းကျုံး ဧကရာဇ်က ကျုပ်တို့အတွက် လောကကြီးရဲ့ အမှန်တရား တစ်စိတ်တစ်ပိုင်းကို ဖွင့်ဟပေးခဲ့တယ်။ ပြီးတော့ သူ... သေဆုံးသွားခဲ့တယ်။ တာ့ယန် အင်ပါယာဟောင်းလည်း ပျက်စီးသွားခဲ့တယ်။ ကျုပ်တို့က သူ့ရဲ့ ရည်မှန်းချက်တွေကို ဆက်ခံပြီး တာ့ယန် အင်ပါယာသစ်ကို တည်ထောင်ခဲ့ကြတယ်။

ကျုပ်အမြဲတမ်း ပြောခဲ့ဖူးတယ်။ ကျုပ်တို့ တာ့ယန် အင်ပါယာသစ်က လောကတစ်ခုလုံးကို ဦးဆောင်နေတယ်လို့ ထင်ရပေမယ့် တကယ်တော့ ယန်ရှင်းကျုံး ဧကရာဇ် ချန်ထားခဲ့တဲ့ အကြွင်းအကျန်လေးတွေကို ကောက်စားနေရုံ သက်သက်ပဲ။ သူ့ရဲ့ အကြွင်းအကျန်လေး နည်းနည်းက ကျုပ်တို့ တာ့ယန် အင်ပါယာသစ်ကို ဒီလောက် အင်အားကြီးမားစေခဲ့တယ်။

ဒါပေမဲ့ ဒီနှစ်ပေါင်း ရာချီ၊ ထောင်ချီ အတွင်းမှာ ကျုပ်တို့ ဘယ်နယ်ပယ်မှာများ ထိုးဖောက်နိုင်ခဲ့လို့လဲ။ လုံးဝ မရှိဘူး။ ကျုပ်တို့ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ခဲ့သမျှ၊ လေ့လာသုတေသန လုပ်ခဲ့သမျှ အားလုံးက ယန်ရှင်းကျုံး ရေးဆွဲပေးခဲ့တဲ့ ပုံကြမ်းတွေချည်းပဲ။

ကျုပ်တို့ လေ့လာသုတေသန လုပ်ခဲ့သမျှ၊ သင်ယူခဲ့သမျှ အားလုံးဟာ ယန်ရှင်းကျုံး ဧကရာဇ်ရဲ့ ပညာရပ်သစ် ကနေ လာတာပဲ။ ကျုပ်တို့က သူ့ရဲ့ စိတ်ကူးတွေကို စာအုပ်ထဲကနေ လက်တွေ့ ဖြစ်လာအောင် လုပ်ခဲ့ရုံ သက်သက်ပဲ။ သူ ရေးသားခဲ့တဲ့ နယ်ပယ် တစ်ခုကို အရမ်း တိုးတက်အောင် လုပ်နိုင်ခဲ့ရုံ သက်သက်ပဲ။ ဒါပေမဲ့ ကျုပ်တို့မှာ ကိုယ်ပိုင် ထိုးဖောက်မှု၊ ကိုယ်ပိုင် ဉာဏ်ပညာ ရှိရဲ့လား။ လုံးဝ မရှိဘူး။

နှစ်ပေါင်းထောင်ချီ ကြာခဲ့ပြီ။ ကျုပ်တို့ရဲ့ အတွေးအခေါ် လမ်းညွှန်မှုဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီက ယန်ရှင်းကျုံး ဧကရာဇ်ပဲ ဖြစ်နေတုန်းပဲ။ ကျုပ်တို့ ဒီအဆင့်မှာ ပိတ်မိနေတာ နှစ်ပေါင်း ထောင်ချီတိတိ ရှိနေပြီ။

ဒီနေ့ ယွင်ကျုံးဟဲ့ရဲ့ ဒီစာအုပ်က ကျုပ်တို့ကို ဒီအဆင့်ကနေ ထိုးဖောက်ကျော်လွန်နိုင်အောင် လမ်းပြပေးလိမ့်မယ်။ အင်ပါယာ ယဉ်ကျေးမှု တစ်ခုလုံးကို ပိုမို မြင့်မားတဲ့ အဆင့်တစ်ခုဆီ ခေါ်ဆောင်သွားလိမ့်မယ်။ ဒီစာအုပ်က အင်ပါယာ တစ်ခုလုံးရဲ့ အနာဂတ် လမ်းကြောင်းပဲ။ အင်ပါယာရဲ့ လမ်းပြမီးအိမ်ပဲ၊ ကောင်းကင်ပေါ်က မီးရှူးတိုင်ပဲ။

ဒီစာအုပ်ရဲ့ ကြီးကျယ်ခမ်းနားမှုကို ဘယ်စကားလုံးနဲ့မှ ဖော်ပြလို့ မရနိုင်တော့ဘူး။ ကျုပ်တို့က မူလ နေရာမှာ ပိတ်မိနေတဲ့ အကျဉ်းသားတွေလိုပဲ။ ပတ်ဝန်းကျင် တစ်ခုလုံးက မြူခိုးတွေ ဖုံးလွှမ်းနေပြီး အနာဂတ် လမ်းကြောင်းကို လုံးဝ မမြင်ရဘူး။

ဒါပေမဲ့ ဒီစာအုပ်က ကျုပ်တို့ကို တစ်ခါမှ မရှိဖူးတဲ့ လမ်းကြောင်း တစ်ခု ယူဆောင်လာပေးတယ်။ ကျုပ်တို့ရဲ့ မျက်လုံးတွေကို ဖွင့်ပေးပြီး ဒီလောကကြီးရဲ့ အမှန်တရား အများကြီးကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခွင့် ပေးခဲ့တယ်။ ဒီစာအုပ်က ကျုပ်တို့ကို ပြသလိုက်တဲ့ လောကကြီးဟာ အရင်ကထက် အဆတစ်ရာ၊ အဆတစ်ထောင်၊ အဆတစ်သောင်း ပိုကြီးမားတယ်။”

အင်ပါယာ ပထမ စာသင်ကျောင်း ကျောင်းအုပ်၏ ဤစကားက ချဲ့ကားပြောဆိုနေသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် အနည်းငယ်မျှ ချဲ့ကားထားခြင်း မရှိပေ။

ခေတ်သစ် ကမ္ဘာမြေတွင် ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်မှုသည် ပိတ်ဆို့မှု ကာလသို့ ရောက်ရှိနေပြီး လူသား တစ်ရပ်လုံးသည် ကမ္ဘာမြေပေါ်တွင် ပိတ်မိနေကာ ကြယ်တာရာ သမုဒ္ဒရာဆီသို့ မသွားနိုင်သကဲ့သို့ပင် ဖြစ်သည်။

ယဉ်ကျေးမှု တစ်ခုသည် ပိတ်ဆို့မှု ကာလတွင် အချိန်ကြာမြင့်စွာ ရှိနေပါက ရက်စက်သော ပြည်တွင်း ပဋိပက္ခများ အတွင်းသို့ ကျရောက်သွားမှာဖြစ်ပြီး အချင်းချင်း သတ်ဖြတ်ကြကာ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးလိုစိတ်များပင် ဖြစ်ပေါ်လာနိုင်၏။

သို့ပေမည့် ခေတ်သစ် ကမ္ဘာမြေတွင် မည်သူမဆို ထိန်းချုပ်နိုင်သော နျူကလီးယား ပေါင်းစပ်မှု (Controlled Nuclear Fusion) ကို တတ်ကျွမ်းသွားပါက ယဉ်ကျေးမှု အဆင့်မြှင့်တင်ရေး သော့ချက်ကို တိုက်ရိုက် ကိုင်စွဲနိုင်မည်ဖြစ်ပြီး အနာဂတ်ကို ကိုင်စွဲနိုင်မှာဖြစ်သည်။

လျှပ်စစ်နှင့် သံလိုက်သည် တာ့ယန် အင်ပါယာသစ် ယဉ်ကျေးမှု၏ အဆင့်မြှင့်တင်ရေး သော့ချက် ဖြစ်သည်မှာ သေချာလှ၏။

“သမိုင်းက ဘယ်လောက်တောင် ဆင်တူလိုက်လဲ။”

ပထမ စာသင်ကျောင်း ကျောင်းအုပ်က ပြောလိုက်သည်။ “အဲဒီတုန်းက ယန်ရှင်းကျုံး ဧကရာဇ်က ကျုပ်တို့ကို အင်ပါယာ ယဉ်ကျေးမှု အဆင့်မြှင့်တင်မယ့် သော့ချက်ကို ပေးခဲ့တယ်။ ဒီနေ့ ယွင်ကျုံးဟဲ့က ကျုပ်တို့ကို ဒုတိယမြောက် ယဉ်ကျေးမှု အဆင့်မြှင့်တင်မယ့် သော့ချက်ကို ပေးခဲ့တယ်။ ဒါက ဘာကို သက်သေပြနေတာလဲ။”

ဤစကား ထွက်ပေါ်လာချိန်မှာတော့ ထိုနေရာရှိ ပါမောက္ခများ အားလုံး၊ သိပ္ပံပညာရှင်များ အားလုံး ခန္ဓာကိုယ် တစ်ချက် တုန်ယင်သွားကြ၏။

ထို့အပြင် လူတိုင်းက ကိစ္စတစ်ခုကို တွေးမိသွားကြ၏။ ယွင်ကျုံးဟဲ့သည် တာ့ယန် အင်ပါယာဟောင်း၏ တိုက်ရိုက် ဆက်ခံသူ ဖြစ်ပြီး ရွှေရောင် သွေးကြော ရှိသူ ဖြစ်သည်။

ပထမ စာသင်ကျောင်း၏ ကျောင်းအုပ်က အက်ကွဲသော အသံဖြင့် ဆက်ပြော၏။ “အဲဒီတုန်းက ယန်ရှင်းကျုံး ဧကရာဇ်က ပညာရပ်သစ်တွေကို တီထွင်ပြီး ပညာရှင်သစ် အများအပြားကို ပြုစုပျိုးထောင်ခဲ့တယ်။ ဒါပေမဲ့ ရှေးရိုးစွဲ အင်အားစုတွေရဲ့ ရူးသွပ်စွာ တန်ပြန် တိုက်ခိုက်မှုကို ခံခဲ့ရတယ်။

အင်ပါယာ ပြည်တွင်းစစ် ဖြစ်လုနီးပါး အခြေအနေ ရောက်သွားလို့ ဒီပညာရှင်သစ် အင်အားစုတွေဟာ တာ့ယန် အင်ပါယာဟောင်းကနေ ဝေးကွာတဲ့ နေရာကို ထွက်ပြေးခဲ့ရတယ်။ အခက်အခဲ ထောင်သောင်းချီကို ကျော်ဖြတ်ပြီး တိုက်ကြီးသစ်ကို ရှာတွေ့ကာ အင်ပါယာသစ်ကို တည်ထောင်ခဲ့ကြတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ ယန်ရှင်းကျုံး ဧကရာဇ် သေဆုံးသွားပြီး တာ့ယန် အင်ပါယာဟောင်းလည်း ပျက်စီးသွားခဲ့တယ်။

ဒီနေ့ ဒီမှာရှိတဲ့ ကျုပ်တို့ လူရာဂဏန်းဟာ ယွင်ကျုံးဟဲ့ရဲ့ မြင့်မြတ်တဲ့ ပညာရပ်တွေကို သင်ယူရရှိခဲ့ပြီး နောက်မျိုးဆက် အင်ပါယာ ယဉ်ကျေးမှုရဲ့ သော့ချက်ကို ကိုင်စွဲနိုင်ခဲ့ပြီ။ အရမ်း တိုက်ဆိုင်စွာနဲ့ပဲ ကျုပ်တို့ အားလုံးကလည်း ပညာရှင်တွေ ဖြစ်နေကြတယ်။”

ပထမ စာသင်ကျောင်း ကျောင်းအုပ်က ဆက်ပြောသည်။ “လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်ကျော်က ကျုပ်တို့ရဲ့ ဘိုးဘေးတွေဟာ တာ့ယန် အင်ပါယာဟောင်းရဲ့ ရှေးရိုးစွဲ အင်အားစုတွေကြောင့် နှင်ထုတ်ခံခဲ့ရတယ်။ ကျုပ်တို့ရဲ့ ဘိုးဘေးတွေ အားလုံးဟာ ပညာရှင်တွေ ဖြစ်ပြီး ပညာရှင်သစ်တွေ ဖြစ်ကြတယ်။ ဒီလို ရိုးရှင်းတဲ့ ဦးနှောက်ရှိတဲ့ ပညာရှင်သစ်တွေကပဲ တာ့ယန် အင်ပါယာသစ်ကို တည်ထောင်ခဲ့ကြတာ၊ လောကတစ်ခုလုံးကို ဦးဆောင်နေတဲ့ ဒီယဉ်ကျေးမှု အင်ပါယာကို တည်ထောင်ခဲ့ကြတာ။

နှစ်ပေါင်း တစ်ထောင်ကျော် ကုန်လွန်သွားခဲ့ပြီ။ အခု အင်ပါယာ အထက်တန်းလွှာတွေက ယွင်ကျုံးဟဲ့ကို အေးစက်စွာ ဆက်ဆံနေကြပြီ။ အုပ်ချုပ်ရေးမှူးတွေနဲ့ အထက်လွှတ်တော် အမတ်ကြီးတွေကလည်း ယွင်ကျုံးဟဲ့ အပေါ် သဘောထား မရှင်းလင်းဘဲ အန္တရာယ် ပေးနိုင်တဲ့ အနေအထားမှာ ရှိနေတယ်။ ကျီးချန်က တော်ဝင်မိသားစုရဲ့ အကြီးအကဲ တစ်ယောက်အနေနဲ့ ဒုတိယ ကျောင်းအုပ် ကျီးချင့်ကို ယွင်ကျုံးဟဲ့နဲ့ ကွာရှင်းဖို့ တိုက်ရိုက် ခိုင်းစေခဲ့တယ်။ ဒါက သူ့ရဲ့ သဘောထားကို အပြည့်အဝ ပြသလိုက်တာပဲ။”

ပထမ ကျောင်းအုပ်က ပြောလိုက်၏။ “အဲဒါကြောင့် အဲဒီတုန်းက ပညာရှင်သစ် အင်အားစုတွေဟာ အခုတော့ ရှေးရိုးစွဲ အဖွဲ့တွေ ဖြစ်သွားကြပြီ ထင်တယ်။ ဒီမှာရှိတဲ့ ကျုပ်တို့ အားလုံးကတော့ အင်ပါယာရဲ့ ပညာရှင်သစ် အင်အားစု ဖြစ်လာကြပြီပေါ့။”

ဤစကားက ထိုနေရာရှိ လူအားလုံးကို ပို၍ပင် ကျောချမ်းသွားစေသည်။

ပထမ စာသင်ကျောင်း ကျောင်းအုပ်က ဆက်ပြော၏။ “ဒုတိယ ကျောင်းအုပ် ကျီးချင့်... ခင်ဗျားက မိသားစုရဲ့ အမိန့်ကို ငြင်းဆန်ပြီး ယွင်ကျုံးဟဲ့နဲ့ ကွာရှင်းဖို့ ငြင်းဆန်ခဲ့တယ်။ ကျုပ်တို့ ခင်ဗျားအတွက် ဂုဏ်ယူပါတယ်။”

ထို့နောက် ထိုနေရာရှိ ပါမောက္ခ ရာဂဏန်းခန့်နှင့် ပါရဂူ ရာဂဏန်းခန့်တို့က ကျီးချင့်အတွက် လက်ခုပ်တီးပေးကြသည်။

“အဲဒီတုန်းက ယန်ရှင်းကျုံးဟာ တာ့ယန် အင်ပါယာသစ်ရဲ့ သူတော်စင် ဖြစ်လာခဲ့တယ်။ ပြီးတော့ သူ သေဆုံးသွားတယ်။ ပညာရှင်သစ် အင်အားစုတွေလည်း နှင်ထုတ်ခံခဲ့ရတယ်။ တာ့ယန် အင်ပါယာဟောင်းလည်း ပျက်စီးသွားခဲ့တယ်။”

ပထမ ကျောင်းအုပ်က ပြောလိုက်၏။ “ဒီနေ့ ကျုပ်တို့က အဖြစ်ဆိုးတွေကို ထပ်ဖြစ်ခွင့် ပေးရတော့မှာလား။ အရင်မျိုးဆက် ရူပဗေဒ သူတော်စင် ယန်ရှင်းကျုံး ဧကရာဇ်ကတော့ သေဆုံးသွားခဲ့ပြီ။ ယွင်ကျုံးဟဲ့ လည်း အသတ်ခံရတော့မှာလား။

အရင်က တာ့ယန် အင်ပါယာဟောင်း ပျက်စီးသွားခဲ့သလိုပဲ၊ ကျုပ်တို့ရဲ့ ဒီအင်ပါယာကလည်း တာ့ယန် အင်ပါယာသစ်ကနေ တာ့ယန် အင်ပါယာဟောင်း ဖြစ်သွားတော့မှာလား။ ဒီမှာရှိတဲ့ ကျုပ်တို့ ပညာရှင်သစ် အင်အားစုတွေလည်း နှင်ထုတ်ခံရတော့မှာလား။ အဝေးကို ထွက်ပြေးရတော့မှာလား။”

“သမိုင်း ဆိုတာ အမြဲတမ်း ပစ္စုပ္ပန်ပဲ။” အင်ပါယာ ဒုတိယ စာသင်ကျောင်း ကျောင်းအုပ်က ဝင်ပြောလိုက်သည်။

အပိုင်း (၇၆၄)

ဤစကားသည်လည်း အမှန်တရားပင် ဖြစ်သည်။ ကမ္ဘာမြေပေါ်ရှိ ပညာရှိ တစ်ဦးက ပြောခဲ့ဖူးသည်။ သမိုင်း အားလုံးသည် ခေတ်ပြိုင် သမိုင်းများသာ ဖြစ်သည်။ လောကတွင် အသစ်အဆန်း ဆိုသည်မှာ မရှိပေ။ ယခင် သမိုင်းကြောင်းများသည် မရေမတွက်နိုင်သော အကြိမ်များစွာ ပြန်လည် ဖြစ်ပွားနေပြီး မတူညီသော အပေါ်ယံ အခွံများ ဖုံးအုပ်ထားခြင်းသာ ဖြစ်၏။

သို့ပေမည့် ယခု မြင်ကွင်းသည် လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ကျော်ကနှင့် တကယ်ကို အရမ်း ဆင်တူလွန်းလှ၏။ ထို့အပြင် ယွင်ကျုံးဟဲ့သည်လည်း ယန်ရှင်းကျုံး ဧကရာဇ်၏ တိုက်ရိုက် ဆက်ခံသူ ဖြစ်ပြီး ရွှေရောင် သွေးကြော ရှိသူ ဖြစ်သည်။

ပထမ စာသင်ကျောင်း ကျောင်းအုပ်က အက်ကွဲသော အသံဖြင့် ပြောလိုက်၏။ “လက်ရှိမှာ ကျုပ်တို့ရဲ့ အင်ပါယာက နောက်ဆုံးတော့ ပွင့်လင်းမြင်သာမှု ရှိပါတယ်။ နှစ်ပေါင်း တစ်ထောင်ကျော်က အဖြစ်ဆိုးတွေ ထပ်ဖြစ်ခွင့် မပြုနိုင်ဘူး။

ယန်ရှင်းကျုံး သေဆုံးသွားလို့ အရှေ့ဘက်လောကက နှစ်ပေါင်း တစ်ထောင်ကျော် လုံးဝ နစ်မွန်းသွားခဲ့ရတယ်။ ယွင်ကျုံးဟဲ့ မသေရဘူး။ သူ မသေရုံတင် မကဘူး၊ အင်ပါယာရဲ့ ခေါင်းဆောင်သစ် ဖြစ်လာရမယ်။ အင်ပါယာရဲ့ ယဉ်ကျေးမှု လမ်းကြောင်းသစ်ကို လမ်းပြပေးရမယ်။”

ပထမ ကျောင်းအုပ်က ဆက်ပြောသည်။ “ကျုပ်တို့ ဒီမှာရှိတဲ့ လူရာဂဏန်းဟာ အင်ပါယာရဲ့ အထက်မြက်ဆုံး လူတွေဖြစ်ပြီး အင်ပါယာ တစ်ခုလုံးရဲ့ ကုန်ထုတ်လုပ်မှု စွမ်းအား အမြင့်ဆုံး ပြောရေးဆိုခွင့်ကိုလည်း ကိုင်စွဲထားတယ်။ နောက်ဆက်တွဲ ကျုပ်တို့က ခေါင်းစဉ် တစ်ခုကို မဲခွဲ ဆုံးဖြတ်ရမယ်။

ဒီခေါင်းစဉ်ကတော့... ယွင်ကျုံးဟဲ့ကို အင်ပါယာရဲ့ အမြင့်ဆုံး ခေါင်းဆောင်အဖြစ် တင်မြှောက်ဖို့၊ ယွင်ကျုံးဟဲ့ကို အင်ပါယာရဲ့ ဘုရင် အဖြစ် တင်မြှောက်ဖို့ပဲ။”

ပထမ ကျောင်းအုပ်က ပြောလိုက်၏။ “နောက်ဆက်တွဲ လျှို့ဝှက် မဲပေးမှု စတင်ပါမယ်။ ယွင်ကျုံးဟဲ့ကို အင်ပါယာရဲ့ ဘုရင်အဖြစ် ထောက်ခံရင် ထောက်ခံတယ်လို့ ရေးပါ။ ကန့်ကွက်ရင် ကန့်ကွက်တယ်လို့ ရေးပါ။ တစ်ယောက်ယောက်က လက်ရေးကို မှတ်မိသွားမှာ စိုးရိမ်ရင် ဘယ်ဘက်လက်နဲ့ ရေးလို့ ရပါတယ်။

ဒီမှာရှိတဲ့ လူအားလုံး စုစုပေါင်း သုံးရာကိုးဆယ့်ငါးယောက် ရှိပါတယ်။ အကယ်၍ ထောက်ခံသူ အရေအတွက်က ခုနစ်ဆယ် ရာခိုင်နှုန်း ကျော်သွားရင် ကျုပ်တို့ အစွမ်းကုန် ကြိုးစားပြီး ဘယ်လို ပေးဆပ်မှုမျိုးပဲ ဖြစ်ဖြစ် ယွင်ကျုံးဟဲ့ကို သူ ရှိသင့်တဲ့ နေရာကို ရောက်အောင် တွန်းပို့ပေးပါမယ်။

ဒုတိယ ကျောင်းအုပ် ကျီးချင့်... မဲပုံး တစ်ခုလောက် ပြင်ဆင်ပေးလို့ ရမလား။ ပြီးတော့ စက္ကူ သုံးရာကိုးဆယ့်ငါးရွက်လောက် ပြင်ဆင်ပေးပါ။”

ကျီးချင့် အနည်းငယ် အံ့ဩသွား၏။ ရိုးရိုးသားသား ပြောရလျှင် သူမ အနည်းငယ် တုံ့ပြန်မှု နှေးကွေးသွားသည်။

‘ဘာလို့ ဒီလို ဖြစ်သွားရတာလဲ။ ဘာတွေ ဖြစ်ကုန်တာလဲ။ ကျွန်မ ရှင်တို့ကို ယွင်ကျုံးဟဲ့ရဲ့ အောင်မြင်မှု လာကြည့်ခိုင်းတာက အင်ပါယာအတွက် အရမ်း ကြီးမားတဲ့ အဓိပ္ပာယ် ရှိလို့လေ။ အင်ပါယာရဲ့ ယဉ်ကျေးမှုကို ပြောင်းလဲပစ်နိုင်လို့လေ။ ယွင်ကျုံးဟဲ့ကို အင်ပါယာရဲ့ ဘုရင်အဖြစ် တင်မြှောက်ဖို့ လုံးဝ မရည်ရွယ်ခဲ့ဘူးလေ။ ရှင်တို့တွေ အလွန်အကျွံ တုံ့ပြန်နေကြတာ မဟုတ်ဘူးလား။’

ဤသည်မှာ အကွာအဝေးကြောင့် ဖြစ်ပေါ်လာသော အလှတရားပင် ဖြစ်သည်။ ဤပါမောက္ခများနှင့် ပါရဂူများသည် ယွင်ကျုံးဟဲ့နှင့် အကွာအဝေး ဝေးကွာပြီး ယွင်ကျုံးဟဲ့၏ လက်ရာများမှတစ်ဆင့်သာ သူ့ကို သိရှိခဲ့ကြခြင်း ဖြစ်၏။

ပြီးခဲ့သည့်နှစ်က ယွင်ကျုံးဟဲ့သည် တာ့ယန် အင်ပါယာသစ်ကို စိန်ခေါ်ခဲ့ပြီး ငါးကြိမ်စလုံး အနိုင်ရရှိခဲ့သည်။

‘အရမ်း တော်တယ်။ သူ့ရဲ့ ဂီတကလည်း တော်တယ်၊ သူ့ရဲ့ စာအုပ်ကလည်း ကောင်းတယ်။’

အထူးသဖြင့် ယခု ယွင်ကျုံးဟဲ့ ရေးသားခဲ့သော ရူပဗေဒ ကျမ်းစာသည် အင်ပါယာ ယဉ်ကျေးမှု အဆင့်မြှင့်တင်ရေး၏ သော့ချက်ဖြစ်ပြီး လူသားများ၏ တိုးတက်ရေး လမ်းကြောင်းကို အပြည့်အဝ ကိုယ်စားပြုနေကာ တကယ့်ကို သူတော်စင် တစ်ပါးကဲ့သို့ပင် ဖြစ်၏။

ဤအရာက သိပ္ပံပညာရှင် အားလုံးကို ယန်ရှင်းကျုံး အကြောင်း အလိုအလျောက် တွေးမိသွားစေပြီး ယွင်ကျုံးဟဲ့ကို အလွန် မြင့်မြတ်ကာ အလင်းရောင်များ တောက်ပနေသည်ဟု ထင်မြင်သွားစေသည်။

သို့ပေမည့် ကျီးချင့်နှင့် ယွင်ကျုံးဟဲ့တို့၏ ဤကာလအတွင်း ဆက်ဆံရေးမှာမူ အလွန် နီးကပ်လွန်းပြီး အနုတ် လက္ခဏာပြသော အကွာအဝေးအထိပင် ရှိနေ၏။

သူမ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ် အနည်းငယ် နစ်မွန်းသွားသော်လည်း သူမ ယွင်ကျုံးဟဲ့ကို ကြည့်ရာတွင် မည်သည့် အလင်းရောင်မှ မတွေ့ရပေ။

ရုတ်တရက် သူ့ကို ခေါင်းဆောင် အဖြစ် တင်မြှောက်တော့မည်လား။ တကယ်ကို သူ့ယောက်ျားက နတ်ဘုရားပါလား ဆိုသည့် အံ့ဩမှုမျိုး ဖြစ်သွားရသည်။

ထို့ကြောင့် ကျီးချင့်သည် ဤမေးခွန်းကို ခေါင်းငုံ့ကာ စဉ်းစားလိုက်၏။ ‘ယွင်ကျုံးဟဲ့ ဆိုတဲ့ ဒီလူယုတ်မာက တကယ်ပဲ အဲဒီလောက် ကြီးကျယ်ခမ်းနားတာလား။’

အလွန် ဓမ္မဓိဋ္ဌာန်ကျစွာဖြင့် တတိယလူ၏ ရှုထောင့်မှ တွေးတောကြည့်ပြီး ယွင်ကျုံးဟဲ့၏ အချို့သော နယ်ပယ်များတွင် စွမ်းရည် သာမန်သာ ရှိသည် ဆိုသည့် အနုတ်လက္ခဏာဆောင်သော အထင်အမြင်များကို ဖယ်ရှားလိုက်သည်။

ယွင်ကျုံးဟဲ့က တကယ်ပဲ အရမ်း ကြီးကျယ်ခမ်းနားကြောင်း ကျီးချင့် တွေ့ရှိလိုက်ရသည်။ ကျီးချင့်သည် မဲပုံးကို ယူလာပြီး လူတိုင်းကို စက္ကူ တစ်ရွက်စီ ဝေပေးလိုက်၏။

ပထမ ကျောင်းအုပ်က ပြောလိုက်သည်။ “စတင် ရေးသားပါ။”

ထိုနေရာရှိ လူသုံးရာကိုးဆယ့်ငါးဦးသည် လက်ဖြင့် ကွယ်ကာ စက္ကူဖြူပေါ်တွင် မိမိတို့၏ သဘောထားကို ရေးသားကြ၏။

“ရေးသားပြီးရင် စက္ကူဖြူကို ခေါက်လိုက်ပါ။”

ထိုနေရာရှိ လူအားလုံးသည် မိမိတို့ ရေးသားထားသော စာကို တခြားသူများ တိုက်ရိုက် မမြင်တွေ့စေရန် စက္ကူဖြူများကို ခေါက်လိုက်ကြသည်။

“မဲပုံးထဲ ထည့်ပါ။”

လူသုံးရာကိုးဆယ့်ငါးဦးသည် တန်းစီကာ မိမိတို့၏ မဲများကို မဲပုံးထဲသို့ ထည့်လိုက်ကြ၏။

ထို့နောက် မဲရေတွက်ခြင်း စတင်သည်။

“ကန့်ကွက်တယ်။”

မြင့်မြတ်သော မဲရေတွက်သံများ အဆုံးတွင် နောက်ဆုံး ရလဒ် ထွက်ပေါ်လာသည်။ စုစုပေါင်း လူ ၃၉၅ ဦးတွင် ထောက်ခံသူ ၃၀၅ ဦး၊ ကန့်ကွက်သူ ၃၀ ဦး၊ ကြားနေသူ ၆၀ ဦး ရှိ၏။

ပထမ ကျောင်းအုပ်က ကြေညာလိုက်သည်။ “ထောက်ခံတဲ့ အချိုးအစားက ခုနစ်ဆယ် ရာခိုင်နှုန်း ကျော်သွားပါပြီ။ ပညာရှင်ကြီးတို့... ဒါက နောက်ဆက်တွဲမှာ ကျုပ်တို့ အစွမ်းကုန် ကြိုးစားပြီး ယွင်ကျုံးဟဲ့ကို အင်ပါယာရဲ့ ဘုရင်အဖြစ် တင်မြှောက်ရမယ် ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။

ယွင်ကျုံးဟဲ့ ပြောတဲ့ စကားတွေကို ကျုပ် ယုံကြည်တယ်။ လောကကြီး တစ်ခုလုံး အန္တရာယ် ရှိနေပြီ။ တာ့ရှန်း မိစ္ဆာနိုင်ငံရဲ့ အမှောင်ထုဟာ လောကကြီးရဲ့ တစ်ဝက်ကို လွှမ်းမိုးထားပြီးပြီ။ မကြာခင်မှာ တာ့ယန် အင်ပါယာသစ်ကိုပါ လွှမ်းမိုးလာလိမ့်မယ်။

ဒီအမှောင် စွမ်းအားက အမည်မသိ အရာတစ်ခုပဲ။ ကျုပ်တို့ဟာ အမှောင်ထုနဲ့ မြူခိုးတွေကြားထဲကို ရောက်နေပြီ။ ကျုပ်တို့ကို အမှောင်ထဲကနေ လွတ်မြောက်ပြီး အလင်းရောင်ရှိတဲ့ အနာဂတ်ဆီ ခေါ်ဆောင်သွားပေးမယ့် လမ်းပြမီးအိမ် တစ်ခု၊ မိုးသောက်ကြယ် တစ်ပွင့် လိုအပ်နေပြီ။ ပြီးတော့ အဲဒီလူဟာ ယွင်ကျုံးဟဲ့ပဲ ဖြစ်ပါတယ်။

သေချာပေါက် ဒါက အရမ်း အန္တရာယ်များတဲ့ လုပ်ရပ် တစ်ခုပါ။ အင်ပါယာ အထက်တန်းလွှာတွေဟာ ပွင့်လင်းမြင်သာမှု ရှိပေမယ့် အမြဲတမ်း ပွင့်လင်းမြင်သာမှု ရှိနေမယ်လို့ မဆိုလိုပါဘူး။ အဲဒါကြောင့် ကျုပ်တို့ရဲ့ တောင်းဆိုချက်ဟာ အသက်အန္တရာယ် ရှိလာနိုင်သလို အင်ပါယာကို ကြီးမားတဲ့ ပျက်စီးမှုတွေတောင် ဖြစ်စေနိုင်ပါတယ်။

အဲဒါကြောင့် ကန့်ကွက်မဲနဲ့ ကြားနေမဲ ပေးတဲ့သူတွေကို ကျုပ် နားလည်ပါတယ်။ ခင်ဗျားတို့ အခု ထွက်သွားလို့ ရပါပြီ။ ဒီကိစ္စနဲ့ မပတ်သက်အောင် နေလို့ ရပါပြီ။”

ထို့နောက် ပထမ ကျောင်းအုပ်က ကျောခိုင်းလိုက်သည်။ ဤသည်မှာ အလွန် လူကြီးလူကောင်း ဆန်သော သဘောထားကို ပြသလိုက်ခြင်း ဖြစ်သည်။ လမ်းမတူလျှင် အတူတူ အလုပ် မလုပ်နိုင်သော်လည်း မကောင်းသော စကားများ မပြောဆိုဘဲ ဤကဲ့သို့ အဆက်အသွယ် ဖြတ်တောက်ခြင်းကိုပင် ရင်ဆိုင်စရာ မလိုစေရန် ဖြစ်၏။

ထို့နောက် ထိုနေရာရှိ လူအများစုက ကျောခိုင်းလိုက်ကြ၏။ ထို့နောက် တံခါးပွင့်သွားသော အသံများ ထွက်ပေါ်လာပြီး လူအချို့ ထွက်ခွာသွားကြသည်မှာ သေချာသည်။

သုံးမိနစ်ခန့် ကြာပြီးနောက် ထိုနေရာရှိ လူအားလုံး နောက်သို့ ပြန်လှည့်ကြည့်လိုက်ကြသည်။ ထိုနေရာရှိ လူ ၃၉၅ ဦးတွင် လူ ၃၆၉ ဦး ကျန်ရှိနေသေး၏။

ကန့်ကွက်မဲနှင့် ကြားနေမဲ ပေးသူ စုစုပေါင်း ကိုးဆယ်တိတိ ရှိသော်လည်း ထွက်သွားသူမှာ နှစ်ဆယ့်ခြောက်ဦးသာ ရှိသည်။

ထိုအထဲမှ ရူပဗေဒ ပါမောက္ခ တစ်ဦးက လက်ထောင်ကာ ပြောလိုက်၏။ “ကျုပ်က ကန့်ကွက်မဲ ပေးခဲ့တာပါ။ အကြောင်းရင်းကတော့ လက်ရှိ အခြေအနေကို မဖျက်ဆီးချင်လို့ပါ။ လက်ရှိ အင်ပါယာကို ကျုပ် ချစ်မြတ်နိုးပြီး ကြီးမားတဲ့ အပြောင်းအလဲတွေ မဖြစ်စေချင်လို့ပါ။

ဒါပေမဲ့ ခင်ဗျားတို့က ဆုံးဖြတ်ချက် ချပြီးသွားပြီဆိုတော့ ကျုပ် လိုက်လုပ်ဖို့ ဆန္ဒရှိပါတယ်။ ကျုပ် ချစ်မြတ်နိုးတဲ့ ဒီအဖွဲ့အစည်းကနေ မခွဲခွာချင်ပါဘူး။ ပြီးတော့ ကျုပ်က တစ်သက်လုံး အိမ်ထောင်မပြုဘူး။ ကလေးလည်း မရှိဘူး။ ဇနီးလည်း မရှိဘူး။ ကျုပ်... ကျုပ်မှာ ဇနီး မရှိဘူးလား။”

ဤပါမောက္ခသည် ထိုပြဿနာကို ယခုမှ သတိထားမိလိုက်ပုံ ရသည်။

ထို့နောက် ထိုနေရာရှိ ပါမောက္ခ သုံးပုံတစ်ပုံကျော်၏ မျက်နှာများမှာလည်း ဝမ်းနည်းသွားကြသည်။ အခန်း တစ်ခုလုံး၏ လေထုမှာ ရုတ်တရက် ပြောင်းလဲသွားပြီး ဝမ်းနည်းစရာကောင်းသော အငွေ့အသက်များ လွှမ်းခြုံသွား၏။

မည်သူကမှ တစ်ကိုယ်တည်း မနေချင်ကြပေ။ အထူးသဖြင့် ဤကဲ့သို့ ထူးခြားသော အချိန်အခါမျိုးတွင် ဖြစ်သည်။ သို့ပေမည့် သူတို့၏ အလုပ်များက အလွန်များလွန်းပြီး စမ်းသပ်မှုများနှင့် သုတေသန လုပ်ငန်းများတွင် လုံးဝ နစ်မွန်းနေကြသောကြောင့် အိမ်ထောင်ပြုရန် အချိန် မရှိကြပေ။

ထို့အပြင် အမျိုးသမီးများနှင့် ဆက်ဆံရသည်မှာလည်း အလွန် အလုပ်ရှုပ်သောကြောင့် အချို့မှာ အိမ်ထောင်ပြုပြီးသော်လည်း ကွာရှင်းသွားကြသည်။ ထိုနေရာရှိ လူ ၃၉၅ ဦးတွင် လူတစ်ရာကျော်ခန့်မှာ လက်ရှိအချိန်တွင် တစ်ကိုယ်တည်း ဖြစ်နေကြ၏။

ပထမ ကျောင်းအုပ်က ပြောလိုက်သည်။ “ကျုပ်တို့ရဲ့ တံခါးပိတ် အစည်းအဝေး ပထမ အစီအစဉ် အောင်မြင်စွာ ပြီးဆုံးသွားပါပြီ။ ယွင်ကျုံးဟဲ့ကို အင်ပါယာရဲ့ ဘုရင် အဖြစ် တင်မြှောက်ဖို့ အားလုံး သဘောတူညီကြပါတယ်။ နောက်ဆက်တွဲ ဒုတိယ အစီအစဉ်ကို စတင်ပါမယ်။ ယွင်ကျုံးဟဲ့ကို အင်ပါယာရဲ့ ဘုရင်အဖြစ် ဘယ်လို တင်မြှောက်ကြမလဲ။”

ကျီးချင့် လက်ထောင်လိုက်၏။

ပထမ ကျောင်းအုပ်က ပြောလိုက်သည်။ “ဒုတိယ ကျောင်းအုပ် ကျီးချင့်... ပြောပါ။”

ကျီးချင့်က ပြောသည်။ “လက်ရှိ အခြေအနေအရ တိုက်ရိုက် ဧကရာဇ် ပြန်လည် တင်မြှောက်ဖို့က မဖြစ်နိုင်သေးဘူး။ ကျွန်မတို့ တာ့ယန် အင်ပါယာသစ်မှာ ဧကရာဇ် မရှိတာ နှစ်ပေါင်း တစ်ထောင်ကျော် ရှိနေပြီ။ လူတိုင်းက ဧကရာဇ် မရှိတဲ့ ကိစ္စကို ကျင့်သားရနေကြပြီ။”

ပထမ ကျောင်းအုပ်က ပြောလိုက်၏။ “ကျုပ် နည်းနည်းလေး ပြင်ပြောပါရစေ။ တကယ်တော့ ကျုပ်တို့ တာ့ယန် အင်ပါယာသစ်မှာ ဧကရာဇ် ရှိပါတယ်။ အဲဒါက ယန်ရှင်းကျုံး ဧကရာဇ်ပဲ။ ဒါပေမဲ့ သူ့နောက်ပိုင်းမှာ သင့်တော်တဲ့ ဆက်ခံမယ့်သူ မတွေ့တော့လို့ ဧကရာဇ် ရာထူးက လောလောဆယ် လစ်လပ်နေတာပါ။ ဒါပေမဲ့ ကျုပ်တို့ တာ့ယန် အင်ပါယာသစ်ဟာ အင်ပါယာပဲ ဖြစ်ပြီး ဘုရင်စနစ်ပဲ ဖြစ်ပါတယ်။”

ကျီးချင့်က ပြောလိုက်သည်။ “ဟုတ်ပါတယ်။ နာမည်အရတော့ ကျွန်မတို့ဆီမှာ ဧကရာဇ် ရှိနေတုန်းပါပဲ။ ဒါပေမဲ့ တကယ့် အမှန်တရားကတော့ တာ့ယန် အင်ပါယာသစ်ရဲ့ ဧကရာဇ် ရာထူး လစ်လပ်နေတာ နှစ်ပေါင်း တစ်ထောင်ကျော် ရှိနေပြီ။ ပြီးတော့ အရင် အုပ်ချုပ်ရေးမှူးက အာဏာရှင် ဖြစ်လာမယ့် အရိပ်အယောင် ပြပြီးနောက်မှာ ရုတ်တရက် ရောဂါရပြီး သက်တမ်း မကုန်ခင်မှာတင် သေဆုံးသွားခဲ့တယ်။”

ဒုတိယ စာသင်ကျောင်း ကျောင်းအုပ်က ဝင်ပြော၏။ “တကယ်တမ်းတော့ အရင် အုပ်ချုပ်ရေးမှူးရဲ့ အာဏာရှင် လုပ်ရပ်ကို ကျုပ်လည်း ဆန့်ကျင်ခဲ့တာပါ။ ဒါပေမဲ့ ဒုတိယ ကျောင်းအုပ် ကျီးချင့် ပြောတာက အရမ်း အဓိပ္ပာယ် ရှိပါတယ်။”

ကျီးချင့်က ဆက်ပြောလိုက်သည်။ “ပြီးတော့ လူတွေရဲ့ ဉာဏ်ရည်မှာ ကွာဟချက် ရှိတယ်ဆိုတာကို ကျွန်မတို့ ဝန်ခံရမယ်။ အင်ပါယာ တစ်ခုလုံးက လူတိုင်း ကျွန်မတို့လို ဉာဏ်ကောင်းဖို့ မတောင်းဆိုနိုင်ဘူး။”

လူတိုင်းက ခေါင်းအဆက်မပြတ် ညိတ်ကြသည်။ ထိုနေရာရှိ လူအားလုံးက အင်ပါယာ တစ်ခုလုံးရှိ ဉာဏ်အကောင်းဆုံး လူများ အားလုံး ဤနေရာတွင် ရှိနေသည်ဟု အခိုင်အမာ ယုံကြည်ထားကြ၏။

ကျီးချင့်က ပြောလိုက်သည်။ “အဲဒါကြောင့် ယွင်ကျုံးဟဲ့ကို အာဏာရလာအောင် လုပ်ချင်ရင် တစ်လှမ်းချင်းစီ လုပ်သွားဖို့ လိုအပ်တယ်။ တစ်ခါတည်းနဲ့ နေရာယူဖို့ မဖြစ်နိုင်ဘူး။ အချိန်လိုသလို အင်ပါယာ ပြည်သူ တစ်ခုလုံးရဲ့ လူထု ထောက်ခံမှုလည်း လိုအပ်တယ်။”

ပထမ စာသင်ကျောင်း ကျောင်းအုပ်က ခေါင်းညိတ်လိုက်၏။ “ဒုတိယ ကျောင်းအုပ် ကျီးချင့် ပြောတာက အရမ်း အဓိပ္ပာယ် ရှိပါတယ်။ ဒါပေမဲ့ ဒီတစ်လှမ်းချင်းစီ လုပ်သွားတဲ့ နေရာမှာလည်း သတိထားဖို့ လိုအပ်ပါတယ်။ အရမ်း မနှေးကွေးလွန်းသင့်ဘူး။ အနည်းဆုံးတော့ ရာထူးကို သတ်မှတ်ထားဖို့ လိုအပ်တယ်။”

ကျီးချင့်က ပြောလိုက်သည်။ “ဟုတ်တယ်။ အရေးကြီးဆုံးက ရာထူး သတ်မှတ်ဖို့ပဲ။ အဲဒါကြောင့် အရင်ဆုံး ယွင်ကျုံးဟဲ့ကို အုပ်ချုပ်ရေးမှူးသစ် ဖြစ်လာအောင် လုပ်ရမယ်။ ချင်ဝမ် ကျီးရှန့်ရဲ့ ထောက်ခံမှုကို ရဖို့အတွက် ကျွန်မတို့က လောလောဆယ် ကျီးယန်ရဲ့ သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးလောင်း နေရာကို မထိခိုက်စေဘဲ ယွင်ကျုံးဟဲ့ကို စာပေဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး နေရာရောက်အောင် အရင် တွန်းပို့ရမယ်။”

All Chapters