အခန်း (၇၆၉-၇၇၀)
Vol. 65 Ch. 769-770
အပိုင်း (၇၆၉)
ဤအကျိုးသက်ရောက်မှုမှာ အံ့ဩစရာ ကောင်းလှသည်။ အချိန်တိုလေး အတွင်းမှာပင် ယွင်ကျုံးဟဲ့သည် အင်ပါယာ တစ်ခုလုံး၏ ဂီတ နတ်ဘုရား ဖြစ်လာခဲ့ပြီး နာမည်ကြီး ပုဂ္ဂိုလ် တစ်ဦးမှနေ၍ အင်ပါယာ တစ်ခုလုံး၏ စံပြပုဂ္ဂိုလ် အဖြစ်သို့ တက်လှမ်းသွားခဲ့၏။
သို့ပေမည့် နတ်ဘုရားဖန်တီးရေး လှုပ်ရှားမှုမှာ ဤမျှနှင့် မပြီးသေးပေ။ ရှင်းကျုံး ပါတီက စာစောင် အသစ် ဆယ်ဂဏန်းခန့်နှင့် သတင်းစာ အသစ် ဆယ်ဂဏန်းခန့်ကို ထုတ်ဝေလိုက်သည်။
စာစောင်တိုင်းလိုလို၊ သတင်းစာတိုင်းလိုလိုတွင် ယွင်ကျုံးဟဲ့၏ ပညာရပ်သစ် အကြောင်းအရာများ ပါဝင်ပြီး ယွင်ကျုံးဟဲ့၏ ပုံများ ပါဝင်၏။
အဓိက အချက်မှာ ယခု ယွင်ကျုံးဟဲ့သည် ပြိုင်ဘက်ကင်းအောင် ချောမောရုံသာမက အလွန် ဂုဏ်ကျက်သရေ ရှိနေခြင်းဖြစ်ပြီး ဤသည်မှာ အမြင်အာရုံ ထိုးနှက်ချက်ပင် ဖြစ်သည်။
နေ့စဉ်နှင့်အမျှ လူသန်းပေါင်းများစွာက မျက်နှာဖုံး မျိုးစုံတွင် ယွင်ကျုံးဟဲ့၏ မျက်နှာကို မြင်တွေ့နေရသည်။ အချိန်ကြာလာသည်နှင့်အမျှ ဤမျက်နှာသည် မရေမတွက်နိုင်သော အင်ပါယာ ပြည်သူများ၏ စိတ်ထဲတွင် နက်ရှိုင်းစွာ စွဲထင်သွားတော့၏။
နေ့စဉ် စာစောင်နှင့် သတင်းစာ သန်းပေါင်းများစွာတွင် ယွင်ကျုံးဟဲ့၏ ပုံများ ပါဝင်ကာ အင်ပါယာ ပြည်သူများကြားသို့ စီးဆင်းသွားသည်။
ပညာရပ်ဆိုင်ရာ စာစောင်များတွင် ယွင်ကျုံးဟဲ့၏ အထူး ကျွမ်းကျင်သော သိပ္ပံ စာတမ်းများကို ဖော်ပြထားသည်။ သင်္ချာ စာတမ်း၊ ရူပဗေဒ စာတမ်း၊ နက္ခတ္တဗေဒ စာတမ်း၊ ဆေးပညာ စာတမ်း စသည်တို့ ဖြစ်၏။
တစ်စောင်စီတိုင်းက ထိပ်တန်း အဆင့်များ ဖြစ်ကြပြီး တစ်စောင်စီတိုင်းက ပညာရှင်များနှင့် ကျောင်းသားများကို လက်ခုပ်တီး အားပေးစေသည်။
စာပေ စာစောင်များတွင်မူ ယွင်ကျုံးဟဲ့ ရေးသားထားသော ဝတ္ထုများကို ဖော်ပြထားပြီး ဝတ္ထု အမျိုးအစား မျိုးစုံ ပါဝင်၏။
အချို့က အဆင့်အတန်း အရမ်း မြင့်သည်၊ အချို့က အရမ်း စိတ်ဝင်စားစရာ ကောင်းသည်၊ ကလေးများအတွက် ရေးသားထားသော ပုံပြင်များပင် ပါဝင်သေးသည်။
ကမ္ဘာမြေပေါ်ရှိ နှစ်ပေါင်းထောင်ချီသော ဂန္ထဝင်စာပေများသည် ယွင်ကျုံးဟဲ့ အချိန်အတော်ကြာ အသုံးချရန် အတွက် လုံလောက်၏။
ဤကဲ့သို့ ရူးသွပ်သော လူထု သဘောထား၊ သတင်းစာ၊ စာစောင်၊ ဓာတ်ပြား ဖွင့်စက် ဂီတများဖြင့် ထိုးနှက်မှုအောက်တွင် ယွင်ကျုံးဟဲ့၏ ဩဇာအာဏာသည် အဆက်မပြတ် အထွတ်အထိပ်သို့ တက်လှမ်းနေသည်။
မရေမတွက်နိုင်သော အင်ပါယာ လူငယ်များက သူ့ကို အလွန် ကြည်ညိုကြပြီး မရေမတွက်နိုင်သော အင်ပါယာ မိန်းကလေးများက သူ့ကို ရူးသွပ်မိန်းမောနေကြ၏။
ယွင်ကျုံးဟဲ့ ကိုယ်တိုင် သွားရောက် မိန့်ခွန်းပြောကြားရန်ပင် မလိုအပ်တော့ဘဲ ဓာတ်ပြားထဲတွင် အသံသွင်းလိုက်ရုံဖြင့် အင်ပါယာ တစ်ခုလုံးရှိ စားသောက်ဆိုင်များ၊ အရက်ဆိုင်များ၊ ကယ်ဆယ်ရေး စခန်းများ၊ အများသုံး မြင်းလှည်းများသို့ ဖြန့်ဝေပေးနိုင်သည်။
နေ့စဉ်နှင့်အမျှ မရေမတွက်နိုင်သော လူများက သူ၏ မိန့်ခွန်းများကို နားထောင်ကြပြီး သူ၏ တေးဂီတ ဖျော်ဖြေမှုများကို နားထောင်ကြ၏။
တာ့ယန် အင်ပါယာသစ်သည် ဤကဲ့သို့သော လူထု သဘောထား ထိုးနှက်ချက်မျိုးကို မည်သို့ ခံနိုင်ရည် ရှိမည်နည်း။ ဤသည်မှာ ကြယ်ပွင့်ဖန်တီးရေး လှုပ်ရှားမှု မဟုတ်ဘဲ တကယ့် နတ်ဘုရားဖန်တီးရေး လှုပ်ရှားမှု လုံးဝ ဖြစ်သွားပြီဖြစ်သည်။
အင်ပါယာရှိ သန်းနှင့်ချီသော ပြည်သူများ၏ စိတ်ထဲတွင် ယွင်ကျုံးဟဲ့၏ နေရာသည် ပို၍ ပို၍ မြင့်မားလာပြီး ပို၍ ပို၍ တောက်ပလာ၏။
ကျီးချင့်နှင့် မိဖုရား တူရှား၊ ထို့အပြင် ရှင်းကျုံး ပါတီ၏ ထိပ်သီး ခေါင်းဆောင်များသည် လုံးဝ အံ့ဩမှင်တက်သွားကြသည်။
‘ဘုရင်ရာထူးကို လုယူရာမှာ ဒီလိုလုပ်လို့ ရတယ်ဆိုတာ လုံးဝ မထင်ထားခဲ့ဘူး။ ဒါ... ဒါကမှ တကယ့် စာပေ နည်းလမ်းနဲ့ တိုက်ခိုက်ပြီး သိုင်းပညာ နည်းလမ်းနဲ့ မတိုက်ခိုက်တာ မဟုတ်ဘူးလား။’
တကယ်တော့ ရှင်းကျုံး ပါတီ၏ အစည်းအဝေး အချို့တွင် ခေါင်းဆောင် အချို့က ရှင်းကျုံး ပါတီဝင် သောင်းချီနှင့် အင်ပါယာ ကျောင်းသား သိန်းချီကို စုစည်းကာ အုပ်ချုပ်ရေး နန်းတော်သို့ သွားရောက် ဆန္ဒပြပြီး ဖိအားပေးရန် အဆိုပြုခဲ့ကြဖူး၏။
သို့ပေမည့် ဤအဆိုပြုချက်ကို ယွင်ကျုံးဟဲ့က တိုက်ရိုက် ပယ်ချခဲ့သည်။ ဤသို့လုပ်ခြင်းက ပဋိပက္ခ ဖြစ်ပွားရန် အလွန် လွယ်ကူပြီး အထက်လွှတ်တော်နှင့် အုပ်ချုပ်ရေးမှူးများကို ရွေးချယ်စရာ မရှိသည့် အခြေအနေသို့ တွန်းပို့လိုက်သကဲ့သို့ ဖြစ်သွားမှာဖြစ်သည်။
လူငယ်များ၏ သွေးဆူမှုကို အသုံးမချသင့်သလို အင်ပါယာ၏ အကြွင်းမဲ့ ဆန့်ကျင်ဘက် အခြေအနေကိုလည်း မဖန်တီးသင့်ပေ။
ယခုကဲ့သို့ ကြယ်ပွင့်ဖန်တီးရေး၊ နတ်ဘုရားဖန်တီးရေး လှုပ်ရှားမှုသည် လေညင်းလေးကဲ့သို့ ညဘက်တွင် တိတ်တဆိတ် ဝင်ရောက်လာပြီး အင်ပါယာ၏ နေရာတိုင်းသို့ ထိုးဖောက် ဝင်ရောက်နိုင်ကာ အင်ပါယာရှိ လူတိုင်း၏ နှလုံးသားထဲသို့ ထိုးဖောက် ဝင်ရောက်နိုင်သည်။
သို့ပေမည့် ဤကဲ့သို့ နတ်ဘုရားဖန်တီးရေး လှုပ်ရှားမှုသည် ငွေကုန်ကြေးကျ အရမ်း များလွန်းလှသည်။ မိဖုရား တူရှားသည် နိုင်ငံ တစ်နိုင်ငံစာလောက် ချမ်းသာသည်ဟု ဆိုနိုင်သော်လည်း ယခုအခါ ပိုင်ဆိုင်မှုများ အားလုံး ကုန်ခမ်းလုနီးပါး ဖြစ်နေပြီ ဖြစ်၏။
ရှင်းကျုံး ပါတီကို စတင် တည်ထောင်သူ ရာဂဏန်းခန့်ကလည်း မိမိတို့၏ ပိုင်ဆိုင်မှုများကို အသီးသီး လှူဒါန်းခဲ့ကြသည်။
သို့ပေမည့် ကံကောင်းစွာဖြင့် ဤနတ်ဘုရားဖန်တီးရေး လှုပ်ရှားမှုသည် မကြာမီ ကောင်းမွန်သော မျှခြေ တစ်ခုသို့ ရောက်ရှိလာတော့မှာဖြစ်ပြီး ငွေစတင် ရရှိလာနိုင်တော့မှာဖြစ်၏။
ဤအခြင်းအရာသည် အမှန်တကယ်ပင် ခေါင်းခဲစရာ ဒုက္ခတစ်ခု ဖြစ်လာတော့၏။ ဤဓာတ်ပြားများ၊ သတင်းစာများ၊ စာစောင်များနှင့် စာအုပ်များအားလုံးသည် နိုင်ငံရေးဝါဒဖြန့်ချိရန် သက်သက်သာ ရည်ရွယ်ထုတ်လုပ်ထားခြင်း ဖြစ်သော်လည်း ရောင်းအားမှာမူ မကြုံစဖူး ထူးကဲစွာ ကောင်းမွန်နေခဲ့သည်။
ဓာတ်ပြားဖွင့်စက်များမှာ အလုအယက် ဝယ်ယူခြင်းခံရသောကြောင့် ပြတ်လပ်လုမတတ် ဖြစ်နေရုံမျှမက ဓာတ်ပြားများမှာလည်း တဟုန်ထိုး ရောင်းထွက်နေတော့၏။
ထို့အတူ သတင်းစာ၊ စာစောင်နှင့် စာအုပ်များအားလုံးသည်လည်း အံ့မခန်းဖွယ် ရောင်းကောင်းလျက် ရှိ၏။ အကြောင်းမူကား ထိုစာပေများထဲတွင် ပါဝင်သော အကြောင်းအရာများမှာ လွန်စွာဖတ်ရှု၍ ကောင်းမွန်လှသည့် အပြင် စိတ်ဝင်စားဖွယ်ရာများဖြင့် ပြည့်နှက်နေသောကြောင့်ပင်။
အဆုံးစွန်အထိ ဆိုရသော် ယွင်ကျုံးဟဲ့ ပုံပြင်များ စာအုပ်တွဲများပင်လျှင် မယုံကြည်နိုင်လောက်အောင် အုန်းအုန်းကျွက်ကျွက် ရောင်းချနေရသည့် အခြေအနေသို့ ဆိုက်ရောက်နေပြီ ဖြစ်သည်။
လအနည်းငယ် အချိန်တို အတွင်းမှာပင် ယွင်ကျုံးဟဲ့သည် အင်ပါယာရှိ လူတိုင်း၏ စိတ်ထဲတွင် လုံးဝ တွေးကြည့်၍ မရနိုင်သော နေရာ တစ်ခုသို့ ရောက်ရှိသွား၏။
အင်ပါယာ သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးသော ဒဿနိကဗေဒ ပညာရှင်၊ ဂီတပညာရှင်၊ စာပေပညာရှင်၊ ရူပဗေဒ ပညာရှင်၊ သင်္ချာပညာရှင်၊ သမားတော်ကြီး ဖြစ်လာသည်။
ပို၍ ပို၍ များပြားသော သာမန် အင်ပါယာ ပြည်သူများသည် ယွင်ကျုံးဟဲ့ကို တစ်ကြိမ်လောက် တွေ့မြင်ရရန် အတွက် နိုင်ငံ အနှံ့အပြားမှ မြို့တော်သို့ ဝင်ရောက်လာကြသည်။ အချိန်ကြာလာသည်နှင့်အမျှ ဤအရာက ဘုရားဖူး ခရီးစဉ် တစ်ခုလိုပင် ဖြစ်လာ၏။
ယွင်ကျုံးဟဲ့သည် နေ့တိုင်း အလွန် အလုပ်များနေပြီး လူသောင်းချီကို နေ့တိုင်း တွေ့ဆုံနေရ၏။ နေ့ခင်းဘက်တွင် ပညာရပ်ဆိုင်ရာ ဟောပြောပွဲများ ပြုလုပ်ရပြီး ညဘက်တွင် တေးဂီတ ဖျော်ဖြေပွဲများ ကျင်းပရသည်။
လဝက် ဆက်တိုက် တေးဂီတ ဖျော်ဖြေပွဲများ ကျင်းပခဲ့ရာ ပွဲတိုင်းတွင် လူတွေ ပြည့်ကျပ်နေပြီး မူလက လူငါးထောင်သာ ထိုင်နိုင်သော အင်ပါယာ အနုပညာပြခန်းတွင် လူတစ်သောင်းကျော် အတင်း တိုးဝှေ့ ဝင်ရောက်လာကြ၏။
ပွဲတိုင်းတွင် လူတစ်သောင်းကျော် ရှိ၏။ ယွင်ကျုံးဟဲ့၏ တေးဂီတ ဖျော်ဖြေပွဲတိုင်းသည် နက်ရှိုင်းစွာ ထိုးဖောက်နိုင်ပြီး စိတ်လှုပ်ရှားဖွယ် ကောင်းသည်။
စုစုပေါင်း ဂန္ထဝင် သီချင်း ရာပေါင်းများစွာကို ဖျော်ဖြေခဲ့သည်။ ဤကာလကို အင်ပါယာ အနုပညာ၏ အခမ်းနားဆုံး၊ အတောက်ပဆုံး သမိုင်းဝင် အချိန်အခါ အဖြစ် ချီးကျူးခံရ၏။
လဝက်ဆိုသော အချိန်တိုအတွင်း ထွက်ပေါ်လာသော ဂန္ထဝင် ဂီတများသည် ယခင် နှစ်ပေါင်း ထောင်ချီက စုစုပေါင်းထက်ပင် ပိုများနေသည်။
အရင်က ယွင်ကျုံးဟဲ့ကို ရန်သူလို သဘောထားခဲ့သော ရှစ်ယီသည် ယခုအခါ ယွင်ကျုံးဟဲ့၏ အရူးသွပ်ဆုံး ပရိသတ် ဖြစ်နေပြီ ဖြစ်သည်။ ဖျော်ဖြေပွဲတိုင်းတွင် သူ ပါဝင်ပြီး တေးဂီတ အဖွဲ့၏ အဖွဲ့ဝင် တစ်ဦး အဖြစ် ပါဝင်၏။
အင်ပါယာ၏ အထူးချွန်ဆုံး ဂီတပညာရှင်များသည်လည်း နေ့တိုင်း ရောက်ရှိလာကြပြီး ယွင်ကျုံးဟဲ့၏ တေးဂီတ အဖွဲ့တွင် သာမန် အဖွဲ့ဝင် တစ်ဦး အဖြစ် ပါဝင်ကြသည်။
အဘယ်ကြောင့်ဆိုသော် ညတိုင်း ယွင်ကျုံးဟဲ့က သီချင်းသစ်များကို ဖျော်ဖြေပြသသောကြောင့် ဖြစ်သည်။ ဤသည်မှာ တစ်ခါမှ မရှိဖူးသော အနုပညာ ပွဲတော်ကြီး တစ်ခု ဖြစ်၏။
အကယ်၍ ဂီတသက်သက်သာ ဆိုပါက ယွင်ကျုံးဟဲ့သည် ကြီးကျယ်သော ဂီတပညာရှင် တစ်ဦးသာ ထာဝရ ဖြစ်နေမည်ဖြစ်ပြီး အင်ပါယာ၏ ဘုရင် ဖြစ်လာနိုင်မည် မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် မည်မျှပင် ရူးသွပ်သော ပရိသတ် ဖြစ်ပါစေ၊ ဂီတပညာရှင် တစ်ဦးက အင်ပါယာ တစ်ခုကို ကောင်းစွာ အုပ်ချုပ်နိုင်မည်ဟု မထင်မြင်သောကြောင့် ဖြစ်သည်။
သို့ပေမည့် ဂီတသည် ယွင်ကျုံးဟဲ့၏ အရည်အချင်းများထဲမှ တစ်ခု သက်သက်သာ ဖြစ်သည်။ နေ့ခင်းဘက်တွင် သူ၏ ဒဿနိကဗေဒ ဟောပြောပွဲ တိင်းကို လူသောင်းချီ လာရောက် နားထောင်ကြ၏။
ဒဿနိကဗေဒ ဟောပြောပွဲတိုင်း၏ အကြောင်းအရာများက မတူညီကြပေ။ ကမ္ဘာမြေပေါ်ရှိ ထိပ်တန်း ဒဿနိကဗေဒ ပညာရှင်များ၏ နှစ်ပေါင်း ထောင်ချီ စုဆောင်းထားသော လက်ရာများကို ယွင်ကျုံးဟဲ့က ရွေးချယ်ပြီး အဆက်မပြတ် ဟောပြော ကြေညာသည်။
အရစ္စတိုတယ် မှစ၍ ဟေဂယ်၊ နီရှေး အထိ ဖြစ်သည်။ ထို့ကြောင့် ဤလဝက်ကို ဒဿနိကဗေဒ အကြီးအကျယ် ပေါက်ကွဲမှု၊ ဉာဏ်ပညာ အကြီးအကျယ် ပေါက်ကွဲမှု ဟုလည်း ခေါ်ဆိုကြ၏။
မရေမတွက်နိုင်သော လူများက ရူးသွပ်မိန်းမောစွာ နားထောင်ကြပြီး ဒဿနိကဗေဒ စာအုပ် တစ်အုပ်ပြီး တစ်အုပ် ထုတ်ဝေ ဖြန့်ချိခဲ့ရာ မျက်နှာဖုံးပေါ်တွင် လူတစ်ယောက်တည်း၏ ပုံသာ အမြဲ ပါဝင်သည်။ ပြိုင်ဘက်ကင်းအောင် ချောမောသော ယွင်ကျုံးဟဲ့ ပင် ဖြစ်သည်။
သိပ္ပံပညာ၏ အဆုံးစွန်သည် ဒဿနိကဗေဒ ဖြစ်သည်။ ထို့ကြောင့် ဒဿနိကဗေဒကို လူအများက အမြင့်ဆုံး ဉာဏ်ပညာ အဖြစ် သတ်မှတ်ကြ၏။
ထို့ကြောင့် ဤလဝက်အတွင်း လူသိန်းပေါင်းများစွာသည် တစ်ခါမှ မရှိဖူးသော ဉာဏ်ပညာ ဆေးကြောမှုကို ခံယူခဲ့ကြ၏။ မည်သည့် အကြောင်းကြောင့်မှန်း မသိဘဲ လူတိုင်းက မိမိတို့၏ နှလုံးသားသည် တစ်ခါမှ မရှိဖူးသော အဆင့်မြှင့်တင်မှုနှင့် ပြောင်းလဲမှုများကို ခံစားလိုက်ရသည်ဟု ထင်မြင်ကြသည်။
အတန်အသင့် ကြီးမားသော အတိုင်းအတာဖြင့် ဆိုရသော် ဤအခြင်းအရာသည် ထင်ယောင်ထင်မှား ဖြစ်စေမှုတစ်ခုဖြစ်ပြီး တစ်နည်းအားဖြင့် စိတ်ပိုင်းဆိုင်ရာ မှိုင်းတိုက်ဆေးကြောခြင်း (Brainwashing) ပုံစံမျိုးပင် ဖြစ်၏။
ဥပမာပြရသော် အချို့သောသူများသည် Carnegie Success (ကမ္ဘာကျော် လူထုဆက်ဆံရေးနဲ့ စိတ်ပညာပညာရှင် Dale Carnegie (ဒေးလ် ကာနက်ဂျီ) ရဲ့ အောင်မြင်ကျော်ကြားတဲ့ လူမှုဆက်ဆံရေးနဲ့ စိတ်ဓာတ်မြှင့်တင်ရေး သီအိုရီတွေကို အခြေခံပြီး ပြုစုထားတဲ့ စာအုပ်တွဲများ သို့မဟုတ် သူ့ရဲ့ အနှစ်ချုပ်လမ်းညွှန်ချက်များ) ကဲ့သို့သော အောင်မြင်ရေးလမ်းညွှန်စာအုပ်များကို ဖတ်ရှုပြီးနောက် စိတ်အားထက်သန်ကာ သွေးဆူလာတတ်ကြသည့် သဘောနှင့် ဆင်တူလှသည်။
သို့ရာတွင် ယွင်ကျုံးဟဲ့၏ ဒဿနိကဗေဒဆိုင်ရာ ဟောပြောချက်များမှာမူ အဆင့်ဆင့် ထပ်ခါတလဲလဲ သန့်စင် မွမ်းမံထားခြင်း ဖြစ်သည့်အပြင်၊ မရေမတွက်နိုင်သော ပညာရှိသုခမိန်များက နှစ်ပေါင်းထောင်ချီ၍ အချိန်ယူပြုစု ရေးသားခဲ့ကြခြင်း ဖြစ်သောကြောင့် အမှန်တကယ်ပင် လေးနက်သော အဓိပ္ပာယ်အနှစ်သာရ ရှိလှပြီး လူတို့၏ စိတ်နှလုံးကို သိမ့်သိမ့်တုန်လှုပ်သွားစေနိုင်စွမ်း ရှိသည်မှာ ဧကန်မုချပင် ဖြစ်တော့၏။
ဒဿနိကဗေဒထက် ယွင်ကျုံးဟဲ့ အဓိပ္ပာယ် အရှိဆုံး ဟောပြောချက်က ပညာရပ်ဆိုင်ရာ ဟောပြောချက်များ ဖြစ်သည့် စကြာဝဠာ၏ အမှန်တရား၊ လောကကြီး၏ အမှန်တရား၊ ရူပဗေဒ၊ ကမ္ဘာ့ဆွဲငင်အား၊ စွမ်းအင် တည်မြဲမှု စသည်တို့ ဖြစ်သည်။
ဤအရာများကို တာ့ကျိုး အင်ပါယာ သို့မဟုတ် တာ့ရှအင်ပါယာတွင် ထားရှိပါက မိစ္ဆာ အယူဝါဒများ ဖြစ်သွားမှာဖြစ်ပြီး လူအများ၏ တံတွေးထွေးခံရမှာဖြစ်သည်။ သို့ပေမည့် တာ့ယန် အင်ပါယာသစ်တွင်မူ ဤသည်မှာ သမ္မာကျမ်းစာပင် ဖြစ်၏။
အင်ပါယာ၏ အထူးချွန်ဆုံး ကျောင်းသားများ၊ အထူးချွန်ဆုံး ဆရာများ အားလုံးက ယွင်ကျုံးဟဲ့၏ ပညာရပ်ဆိုင်ရာ ဟောပြောချက်များကို လာရောက် နားထောင်ကြသည်။
လူတိုင်း၏ အမြင်တွင် ယွင်ကျုံးဟဲ့သည် ပညာရပ်ဆိုင်ရာ ဟောပြောနေခြင်း လုံးဝ မဟုတ်ဘဲ မြင့်မြတ်သော တရားဟောကြားမှုနှင့် သွန်သင်ဆုံးမမှုပင် ဖြစ်၏။
‘ဒါက သူတော်စင်သစ်ပဲ။ ရှေးခေတ်က သူတော်စင်တွေက ယဉ်ကျေးမှုဟောင်းကို တည်ထောင်ခဲ့ကြတယ်။ သူတော်စင်သစ်ကတော့ လုံးဝ အသစ်စက်စက် ယဉ်ကျေးမှုသစ်ကို တည်ထောင်ရလိမ့်မယ်။’
ယခုအခါ ယွင်ကျုံးဟဲ့သည် ဟောပြောပွဲတိုင်းတွင် အရှေ့ဘက်ကို စစ်ချီမည့် အကြောင်းကို မပြောတော့သလို နိုင်ငံရေး အကြောင်းကိုလည်း လုံးဝ မပြောတော့ပေ။ သန့်ရှင်းသော ပညာရပ်၊ ဒဿနိကဗေဒ၊ အနုပညာ၊ ဆေးပညာ တို့ကိုသာ ပြောဆိုသည်။
ထိုအခြေအနေကို အုပ်ချုပ်ရေးမှူးများက တားဆီးပိတ်ပင်နိုင်ပါမည်လား။ သို့မဟုတ် အထက်လွှတ်တော်ကပင် တားဆီးဟန့်တားနိုင်ပါမည်လား။
ထိုသို့ဖြစ်ရန်မှာ မည်သည့်နည်းနှင့်မှ မဖြစ်နိုင်ချေ။ အကယ်၍သာ ထိုသူတို့က ရှေ့ထွက်၍ ပိတ်ပင်တားဆီးခဲ့မည် ဆိုပါက ချက်ချင်းပင် တစ်အင်ပါယာလုံး၏ ဘုံရန်သူများအဖြစ်သို့ ကူးပြောင်းရောက်ရှိသွားကြပေလိမ့်မည်။
ယွင်ကျုံးဟဲ့၏ ဤကဲ့သို့ လုံးဝ အသစ်စက်စက် နတ်ဘုရားဖန်တီးရေး လှုပ်ရှားမှု၊ လုံးဝ အသစ်စက်စက် တိုက်ခိုက်ရေး နည်းလမ်းများကို ရင်ဆိုင်ရချိန်တွင် အထက်လွှတ်တော်နှင့် အုပ်ချုပ်ရေးမှူးများသည် တိတ်ဆိတ်စွာသာ ကြည့်နေရသည်။
မည်သည့်နည်းနှင့်မှ ပိတ်ပင်တားဆီး၍ မရနိုင်သလို၊ ဖိနှိပ်ချုပ်ချယ်ရန်လည်း မဖြစ်နိုင်တော့ပေ။ ထို့အပြင် ၎င်းတို့ အနေဖြင့် ကိုယ်တိုင်ကိုယ်ကျ သွားရောက်အားပေးခြင်း မပြုဘဲ ထောက်ခံကြောင်း မပြသခဲ့လျှင် ပြည်သူလူထုက ၎င်းတို့အပေါ် ကြည့်မြင်သည့် အကြည့်များသည် တစ်နေ့ထက်တစ်နေ့ ပိုမိုစိမ်းကား ထူးဆန်းလာကာ ပို၍ပင် အလှမ်းဝေးကွာသွားကြလိမ့်မည်။
အကြောင်းမူကား ထိုသို့သော အပြုအမူမျိုးက ၎င်းတို့အား တစ်နေ့ထက်တစ်နေ့ ပိုမို၍ ရှေးရိုးစွဲဆန်လာကာ ခေတ်နောက်ကျကျန်ရစ်သူများ ဖြစ်လာသည်ဟု ထင်မှတ်မှားစေသောကြောင့်ပင် ဖြစ်၏။
အပိုင်း (၇၇၀)
ယွင်ကျုံးဟဲ့၏ အလွန်အမင်း ရူးသွပ်ဖွယ်ကောင်းသော နတ်ဘုရားဖန်တီးရေး လှုပ်ရှားမှုကြီးအောက်တွင် အင်ပါယာ၏ အထက်တန်းလွှာများပင်လျှင် ၎င်းတို့၏ ရပ်တည်ချက် သဘောထားများ စတင်ယိမ်းယိုင် လှုပ်ခတ်လာခဲ့သည်။
သန်းနှင့်ချီသော အင်ပါယာပြည်သူများ၏ အရူးအမူး ကြည်ညိုကိုးကွယ် ထောက်ခံကြမှုနှင့်အတူ ယွင်ကျုံးဟဲ့သည် အမြင့်ဆုံးသော အာဏာစက်နှင့် တစ်စတစ်စ ပိုမိုနီးကပ်လာခဲ့ပြီ ဖြစ်သည်။ စင်စစ်သော်ကား သူ အလိုရှိသည်မှာ စာပေဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး ရာထူးဂုဏ်ပုဒ်မျှတင် သက်သက်သာ မဟုတ်ပေ။
ယွင်ကျုံးဟဲ့၏ ရူးသွပ်စွာ တိုးတက်လာမှုကို ရင်ဆိုင်ရချိန်တွင် အုပ်ချုပ်ရေးမှူး နှစ်ဦးနှင့် အထက်လွှတ်တော်သည် လောလောဆယ်တွင် စကားမပြောနိုင်ဘဲ တိတ်ဆိတ်သွားကြသည်။
အရင်က ပထမ တပ်တော်ကို မြို့တော်ထဲ ဝင်ရောက်စေပြီး ရှင်းကျုံး ပါတီ၏ အစွန်းရောက် လှုပ်ရှားမှုများကို နှိမ်နင်းရန် အဆိုပြုသူများ ရှိခဲ့သည်။ သို့ပေမည့် ယခုအခါတွင် ဤအရာများ အားလုံး မဖြစ်နိုင်တော့ပေ။
ယွင်ကျုံးဟဲ့က ရှင်းကျုံး ပါတီကို လွှဲပြောင်းရယူပြီးနောက် အစွန်းရောက် လှုပ်ရှားမှုများ အားလုံး ရပ်တန့်သွားပြီး အင်ပါယာ အထက်တန်းလွှာများနှင့် ဆန့်ကျင်ဘက် ဖြစ်နေမှုများလည်း ရပ်တန့်သွားသည်။
ယခု ရှင်းကျုံး ပါတီသည် ဆောက်လုပ်ရေး လုပ်ငန်းများတွင် အပြည့်အဝ အာရုံစိုက်နေသည်။ အသစ်စက်စက် စက်ရုံများသည် တစ်ခုပြီး တစ်ခု ပေါ်ပေါက်လာ၏။
ဤတက်ကြွသော အဖွဲ့အစည်းသည် အင်ပါယာကို ပြောင်းလဲရန် အစွမ်းကုန် ကြိုးပမ်းနေပြီး ကုန်ထုတ်လုပ်မှု စွမ်းအားကို တိုးတက်စေရန် အစွမ်းကုန် ကြိုးပမ်းနေသည်။
ထိုသို့ဆိုလျှင် ယွင်ကျုံးဟဲ့၏ ဟောပြောပွဲများကို ပိတ်ပင်မည်လား။ သူ၏ တေးဂီတ ဖျော်ဖြေပွဲများကို ပိတ်ပင်မည်လား။ ရှင်းကျုံး ပါတီ၏ စာစောင်များနှင့် သတင်းစာများကို ပိတ်ပင်မည်လား။
ဤသည်မှာ ပို၍ပင် မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ယွင်ကျုံးဟဲ့၏ ဟောပြောပွဲ အများစုမှာ နိုင်ငံရေးနှင့် မပတ်သက်သလို အင်ပါယာ အထက်တန်းလွှာများကို ဆန့်ကျင်မည့် သဘောထားလည်း အနည်းငယ်မှ မပါဝင်သောကြောင့် ဖြစ်သည်။
စာစောင် အများစုမှာ စာပေနှင့် ဒဿနိကဗေဒများ ဖြစ်ပြီး အထူးပြုသော ပညာရပ်ဆိုင်ရာ စာတမ်းများလည်း ပါဝင်သည်။ ထို့အပြင် သူ၏ ဂီတ၊ သီချင်း တစ်ပုဒ်စီတိုင်းက အလွန် ဂန္ထဝင်ဆန်ပြီး အံ့ဩစရာ ကောင်းကာ အင်ပါယာ နိုင်ငံသားများအတွက် မရှိမဖြစ် လိုအပ်သော စိတ်ပိုင်းဆိုင်ရာ ဘဝ တစ်ခု ဖြစ်လာခဲ့၏။
ဤဂီတများကို ပိတ်ပင်မည်၊ ဤဆောင်းပါးများကို ပိတ်ပင်မည် ဆိုသည့် အဆိုပြုချက်ကို မည်သည့် အထက်လွှတ်တော် အမတ်ကမှ မတင်ပြရဲပေ။
အဘယ်ကြောင့်ဆိုသော် ဤအရာများသည် တိုးတက်မှုဖြစ်ပြီး လှပသော အရာများ ဖြစ်သောကြောင့် ပိတ်ပင်ရန် အဆိုပြုသူတိုင်းသည် အင်ပါယာ၏ ဘုံရန်သူ ဖြစ်သွားမှာဖြစ်သည်။
မည်သူကမှ ဤအမိန့်ကို အကောင်အထည်ဖော်မည် မဟုတ်ပေ။ အရက်ဆိုင်များနှင့် အဆောင်များရှိ ဓာတ်ပြား ဖွင့်စက်များကို သွားရောက် သိမ်းဆည်းမည်လား။ ဤသည်မှာ ပို၍ပင် မဖြစ်နိုင်ပေ။
အင်ပါယာတွင် မိုက်မဲသော ပြည်သူ မရှိပေ။ နိုင်ငံသားတိုင်းသည် ရှစ်နှစ်တာ အခြေခံ ပညာရေးကို သင်ယူခဲ့ကြပြီး နိုင်ငံသား အတော်များများမှာ အဆင့်မြင့် ပညာရေးကိုပင် သင်ယူခဲ့ကြသည်။
ပိတ်လှောင်မှုနှင့် နောက်ကျမှုသည် အင်ပါယာတွင် ရှင်သန်နိုင်စွမ်း မရှိပေ။ ဆန့်ကျင်ဘက် အနေဖြင့် အင်ပါယာ အထက်တန်းလွှာများသာ ပို၍ ပို၍ အနေရခက်လာ၏။
ယွင်ကျုံးဟဲ့၏ ဂီတ၊ အနုပညာ၊ စာပေ၊ ဒဿနိကဗေဒ၊ ရူပဗေဒ ယဉ်ကျေးမှုသစ်များသည် အင်ပါယာ၏ အဓိက ယဉ်ကျေးမှု ဖြစ်လာခဲ့သည်။
အင်ပါယာ အထက်တန်းလွှာများသည် ဤယဉ်ကျေးမှုများနှင့် ပို၍ ဝေးကွာကြောင်း ပြသလေလေ၊ သူတို့သည် ပို၍ ရှေးရိုးစွဲ ဖြစ်ပြီး ပို၍ နောက်ကျနေကြောင်း ပေါ်လွင်လေလေ ဖြစ်သည်။ တာ့ယန် အင်ပါယာသစ်တွင် ရှေးရိုးစွဲ ဖြစ်ခြင်းသည် အမှားအယွင်းဟု ဆိုလိုခြင်းပင် ဖြစ်၏။
ရှင်းကျုံးပါတီ၏ အရှိန်ဟုန်ပြင်းပြင်းဖြင့် လည်ပတ်နေသော ဆောက်လုပ်ရေး လုပ်ငန်းများကြောင့် လျှပ်စစ် ဓာတ်အားပေး စက်ရုံ အများအပြားကို တည်ဆောက်ပြီးစီးသွားပြီဖြစ်ပြီး မြို့တော် တစ်ခုလုံး၏ လျှပ်စစ်ကြိုး ပြောင်းလဲမှု အများစုကိုလည်း ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။
ပို၍ ပို၍ များပြားသော အဖွဲ့အစည်းများက လျှပ်စစ်မီး သုံးစွဲလာကြပြီး လျှပ်စစ်မီးသီးများကို လဲလှယ် တပ်ဆင်လာကြ၏။
စာသင်ကျောင်းကြီးများ၊ အခြေခံ ပညာရေးကျောင်း ဆယ်ဂဏန်းခန့်၊ အလုပ်ရုံ အများစု၊ စာကြည့်တိုက်များ၊ အရက်ဆိုင်များ စသည်တို့ ပါဝင်ကြသည်။
မြို့တော်၏ အလင်းရောင် စီမံကိန်းသည် မီးဟုန်းဟုန်း တောက်နေပြီ ဖြစ်သည်။ ထို့အပြင် အင်ပါယာ နိုင်ငံသား အများအပြား၏ အိမ်များတွင်လည်း လျှပ်စစ်မီး စတင် သုံးစွဲနေကြပြီ ဖြစ်၏။
ညတိုင်း မြို့တော်၏ ညရှုခင်းကို ကြည့်လိုက်လျှင် ပို၍ ပို၍ လှပလာပြီး ပို၍ ပို၍ လင်းထိန်လာသည်။
သို့ပေမည့် အထက်လွှတ်တော်နှင့် အုပ်ချုပ်ရေး နန်းတော်တို့မှာမူ လျှပ်စစ်မီး မသုံးသေးဘဲ မြို့တော် အုပ်ချုပ်ရေးရုံးမှာလည်း လျှပ်စစ်မီး မသုံးသေးပေ။
လူထု သဘောထားက ပို၍ ပို၍ ဆိုးရွားလာသည်။ လျှပ်စစ်မီးသီးသည် ဇီဝဓာတ်ငွေ့ မီးအိမ်၊ သဘာဝ ဓာတ်ငွေ့ မီးအိမ်များထက် ပိုလင်းပြီး ပိုလုံခြုံသည်မှာ ငြင်းမရသော အမှန်တရား ဖြစ်၏။
အင်ပါယာသည် အမှန်တရားကို အခြေခံပြီး အမှန်တရားကို ရှာဖွေရာ ဤအချက်ကို ဆန့်ကျင်သူ မည်သူမဆို မိုက်မဲသူများ ဖြစ်သည်။
ထို့ကြောင့် လျှပ်စစ်မီးသီးသည် တိုးတက်မှုနှင့် ယဉ်ကျေးမှုကို ကိုယ်စားပြုနေသော်လည်း အထက်လွှတ်တော်နှင့် အုပ်ချုပ်ရေး နန်းတော်ကဲ့သို့သော အင်ပါယာ၏ အမြင့်ဆုံး အာဏာပိုင် အဖွဲ့အစည်းများက လျှပ်စစ်မီး မသုံးဘဲ လျှပ်စစ်မီးသီးများကို အသုံးမပြုခြင်းသည် ယဉ်ကျေးမှုသစ်ကို ဆန့်ကျင်နေခြင်းလား။
ဤသည်မှာ ပို၍ ပို၍ ရှေးရိုးစွဲ ဖြစ်လာပြီး ပို၍ ပို၍ နောက်ကျလာခြင်းပင် ဖြစ်သည်။
ပြည်သူများ၏ အတင်းအဖျင်း စကားများကလည်း ပို၍ ပို၍ များပြားလာပြီး အထက်လွှတ်တော်နှင့် အုပ်ချုပ်ရေး နန်းတော်ကို ကြည့်သော အကြည့်များမှာလည်း ပို၍ ပို၍ မလေးစားတော့ပေ။
အထက်လွှတ်တော် အမတ် တစ်ဦး၏ စံအိမ်အတွင်းတွင် အရေးပါသော ပုဂ္ဂိုလ်သည် စာကြည့်ခန်း အတွင်း၌ အလုပ် လုပ်နေပြီး သေချာပေါက် သူ အသုံးပြုနေသည်မှာ သဘာဝ ဓာတ်ငွေ့ မီးအိမ်ပင် ဖြစ်သည်။
သူ၏ ကလေး နှစ်ယောက်သည် လသာဆောင် အပြင်ဘက်တွင် ရပ်ကာ ဘေးအိမ်ကို အလွန် အားကျစွာ ကြည့်နေကြ၏။
ယခင်က သူတို့ အိမ်သည်သာ တခြားသူများ အားကျရသော အရာ ဖြစ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ ဖခင်သည် အထက်လွှတ်တော် အမတ်၊ အင်ပါယာ၏ အထက်တန်းလွှာ ဖြစ်ပြီး မိခင်မှာလည်း အုပ်ချုပ်ရေးရုံးမှ အရာရှိ ဖြစ်သောကြောင့်ပင်။ သူတို့သည် ကြီးမားသော စံအိမ်ကြီးတွင် နေထိုင်ပြီး ကြီးမားသော ပန်းခြံကြီး ရှိသည်။
သူတို့ ဘေးအိမ်များတွင် အင်ပါယာ၏ ထိပ်တန်း သမားတော်များ၊ စက်ရုံပိုင်ရှင်များ၊ အင်ပါယာ အဆင့်မြင့် ပါမောက္ခများ နေထိုင်ကြ၏။
ယခင်က ထိုသူများ၏ အဆင့်အတန်းမှာ ပိုမို နိမ့်ကျပြီး ထိုအိမ်မှ ကလေးများ အားလုံး သူတို့ အိမ်သို့ လာရောက် ကစားကြကာ သူတို့ အိမ်၏ ကြီးမားသော ပန်းခြံကြီးကို အံ့ဩကြပြီး သူတို့ အိမ်၏ စာကြည့်ခန်းကို အံ့ဩကြသည်။
သို့ပေမည့် မကြာသေးမီက ပတ်ဝန်းကျင်ရှိ အိမ်နီးချင်း ကလေးများ အားလုံး သူတို့ အိမ်သို့ လာမကစားကြတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့၏ မိဘများသည် ရှေးရိုးစွဲများ ဖြစ်သောကြောင့်ပင်။
ထို့အပြင် ဘေးအိမ်များ၏ လျှပ်စစ်မီးများက အလွန် လင်းထိန်နေပြီး သူတို့ အိမ်များတွင် ဓာတ်ပြား ဖွင့်စက်များလည်း ရှိသည်။
ထိုကလေးများသည် နူးညံ့သော ကော်ဇောပေါ်တွင် ထိုင်ကာ လင်းထိန်နေသော လျှပ်စစ်မီးများ အောက်တွင် သာယာသော ဂီတများကို နားထောင်ရင်း အသစ်စက်စက် ပုံပြင်စာအုပ်များကို ဖတ်ရှုနေကြ၏။
သူတို့လည်း ဓာတ်ပြား ဖွင့်စက် လိုချင်သည်၊ လျှပ်စစ်မီး လိုချင်သည်၊ ပုံပြင်စာအုပ်သစ် လိုချင်သည်၊ ရောင်စုံ ရုပ်ပြစာအုပ် လိုချင်ကြသည်။
သို့ပေမည့် သူတို့၏ မိဘများက ခွင့်မပြုဘဲ ယွင်ကျုံးဟဲ့၏ ယဉ်ကျေးမှုသစ်ကြောင့် ပျက်စီးမသွားစေရန် ပြောဆိုကြသည်။ ထို့ကြောင့် အချိန်ကြာလာချိန်မှာတော့ သူတို့သည် ပတ်ဝန်းကျင်ရှိ ကလေးများ၏ ဖယ်ကျဉ်ခြင်းကို ခံလိုက်ရ၏။
ကလေး နှစ်ယောက်သည် မိဘများ မသိအောင် တိတ်တဆိတ် နံရံကို ကျော်၍ အိမ်နီးချင်း အိမ်သို့ သွားရောက်ကြသည်။
ထို့နောက် ကလေး အားလုံး အတူတကွ ရုပ်ပြစာအုပ် ဖတ်ကြသည်၊ ပုံပြင်စာအုပ် ဖတ်ကြသည်၊ ဓာတ်ပြား နားထောင်ကြ၏။
“ကောင်းကင်ဘုံ... နင်တို့ အိမ်က အရမ်း လင်းတာပဲ။”
“ဒီရုပ်ပြစာအုပ်က အရမ်း လှတာပဲ။”
“ဒီဓာတ်ပြား ဖွင့်စက်က အရမ်း နားထောင်လို့ ကောင်းတာပဲ။”
“မနက်ဖြန် ငါ ထပ်လာလို့ ရမလား။”
သို့ပေမည့် ဤကလေး နှစ်ယောက် ပျော်ရွှင်စွာ မကစားရသေးမီမှာပင် သူတို့၏ မိခင် ရောက်လာပြီး မျက်နှာထား တင်းမာစွာဖြင့် ပြောလိုက်သည်။ “အိမ်ပြန်မယ်။”
ဤအိမ်ပိုင်ရှင်မှာ အဆင့်မြင့် ပညာရှင်များ ဖြစ်ကြပြီး ဖခင်က ပါမောက္ခ၊ မိခင်က သမားတော် ဖြစ်ကာ နှစ်ဦးစလုံး ရှင်းကျုံး ပါတီဝင်များ ဖြစ်ကြ၏။
ဇနီးမောင်နှံ နှစ်ဦးသည် သူတို့ အိမ်သို့ လာကစားသော ကလေးများကို အလွန် ရင်းနှီးစွာ ကြိုဆိုကြပြီး အရသာရှိသော မုန့်များလည်း ကျွေးကြသည်။
သို့ပေမည့် သူတို့ အိမ်သို့ ဝင်ရောက်လာသော အမျိုးသမီးကိုမူ အလွန် အေးစက်စွာ ဆက်ဆံကြသည်။ အဘယ်ကြောင့်ဆိုသော် သူမက ရှေးရိုးစွဲ ဖြစ်ပြီး သူမ၏ ခင်ပွန်းက အထက်လွှတ်တော်ရှိ အခိုင်မာဆုံးသော ရှေးရိုးစွဲများထဲမှ တစ်ဦးဖြစ်ကာ ယွင်ကျုံးဟဲ့ကို အခိုင်မာဆုံး ဆန့်ကျင်သူများထဲမှ တစ်ဦး ဖြစ်သောကြောင့်ပင်။
တစ်ဖက်လူက အင်ပါယာ အရာရှိကြီး ဖြစ်သော်လည်း ပါမောက္ခနှင့် သမားတော် ဇနီးမောင်နှံ နှစ်ဦးသည်လည်း အလွန် ဂုဏ်သိက္ခာ ရှိကြပြီး တစ်ဖက်လူကို ဖားယားရန် မလိုအပ်ပေ။
မိခင်၏ အေးစက်သော အကြည့်များအောက်တွင် အထက်လွှတ်တော် အရာရှိကြီး၏ ကလေး နှစ်ယောက်သည် စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွားကြသည်။
‘ဒီက အလင်းရောင်ကို အရမ်း နှမြောတာပဲ၊ ဒီရုပ်ပြစာအုပ်တွေကို အရမ်း နှမြောတာပဲ၊ နားထောင်လို့ ကောင်းတဲ့ ဓာတ်ပြား ဖွင့်စက်ကို အရမ်း နှမြောတာပဲ။’
အိမ်ရောက်ပြီးနောက် ကလေး နှစ်ယောက်က မနေနိုင်ဘဲ ပြော၏။ “ဖေဖေ၊ မေမေ... သားတို့ အိမ်လည်း လျှပ်စစ်မီး တပ်ရအောင်။ ပြီးတော့ ဓာတ်ပြား ဖွင့်စက်လည်း ဝယ်ရအောင်။ သိပ်မဈေးကြီးပါဘူး၊ သားရဲ့ မုန့်ဖိုးနဲ့တင် လောက်ပါတယ်။”
“ပါးစပ်ပိတ်ထား။”
အထက်လွှတ်တော် အရာရှိက အေးစက်စွာ ပြောလိုက်သည်။ “ဒီပစ္စည်းတွေ အားလုံးက ယွင်ကျုံးဟဲ့က အင်ပါယာ ပြည်သူတွေရဲ့ စိတ်ဓာတ်ကို ဖျက်ဆီးဖို့ သုံးတဲ့ အရာတွေပဲ။ ဒီပစ္စည်းတွေကို သုံးတဲ့သူတိုင်းက သူ့ရဲ့ အဆိပ်မိသွားတာပဲ။ ဘယ်သူကများ ဒီကိစ္စကို ထပ်ပြောရဲရင် အပြစ်ပေးခံရမယ်။ မင်းတို့ကို ဘယ်သူက ဓာတ်ပြား သွားနားထောင်ခိုင်းတာလဲ။ ဘယ်သူက ယွင်ကျုံးဟဲ့ရဲ့ ရုပ်ပြစာအုပ်ကို သွားဖတ်ခိုင်းတာလဲ။ လက်ဆန့်ထုတ်စမ်း။”
ကလေး နှစ်ယောက်က သနားစရာ ကောင်းသည့် မျက်နှာများဖြင့် လက်ဆန့်ထုတ်ပေးလိုက်၏။
အထက်လွှတ်တော် အရာရှိက ပေတံကို ယူကာ ကလေး နှစ်ယောက်၏ လက်ဝါးကို ရိုက်၏။ ကလေး နှစ်ယောက် နာကျင်လွန်း၍ မျက်ရည်များ ကျလာသည်။
ဤအထက်လွှတ်တော် အရာရှိကြီးသည် ယခုနှစ်တွင် အသက် ခြောက်ဆယ်ကျော်နေပြီဖြစ်ပြီး ကလေး နှစ်ယောက်မှာ အသက်ဆယ်နှစ်ပင် မပြည့်သေးသောကြောင့် အသက်ကြီးမှ ရသော သားသမီးများ ဖြစ်ရာ သေချာပေါက် ချစ်ခင်မြတ်နိုး၏။
သို့ပေမည့် သူ၏ ရပ်တည်ချက်အတွက် ကလေး နှစ်ယောက်ကို အပြစ်ပေးရမှာဖြစ်သည်။
ကလေး နှစ်ယောက်ကို ရိုက်ပြီးနောက် လက်များ ရောင်ရမ်းနေသည်ကို တွေ့လိုက်ရသောကြောင့် မိခင်ဖြစ်သူက ဆေးဝါး သွားယူကာ ကလေးများ၏ လက်လေးများကို လိမ်းပေးရန် ပြင်လိုက်၏။
သို့ပေမည့် ဆေးဝါးကို ထုတ်ကြည့်လိုက်ရာ ဤဆေးဝါးသည် တတိယ စာသင်ကျောင်း၏ အလုပ်ရုံမှ ထုတ်လုပ်ထားခြင်း ဖြစ်ကြောင်း တွေ့လိုက်ရသည်။
ဤဆေးဝါးသည်လည်း ရှင်းကျုံး ပါတီမှ ထုတ်လုပ်ထားခြင်း ဖြစ်ပြီး ယွင်ကျုံးဟဲ့နှင့် သက်ဆိုင်သော ပစ္စည်း ဖြစ်ရာ မသုံးရဘူးလား။ သို့ပေမည့် ထိုဆေးဝါးက အလွန် သုံးလို့ ကောင်း၏။
ကလေး နှစ်ယောက်ကို ချော့သိပ်ပြီးနောက် ဤအမျိုးသမီးသည် သူမ၏ စကတ်ပေါ်တွင် သွေးကွက်များ ရှိနေသည်ကို တွေ့ရှိလိုက်သည်။
အဘယ်ကြောင့်ဆိုသော် သူမ၏ ရာသီလာချိန် ရောက်နေပြီး အမြဲတမ်း စက္ကူကိုသာ အသုံးပြုထားသောကြောင့် ယိုစိမ့်သွားခြင်း ဖြစ်၏။
အင်ပါယာ တတိယ စာသင်ကျောင်း၏ အလုပ်ရုံမှ အသစ် ထုတ်လုပ်ထားသော အမျိုးသမီးသုံး လစဉ်သုံး ဂွမ်းထုပ်များမှာ အသုံးပြုရ အလွန် ကောင်းမွန်ကြောင်း သူမ သိ၏။
စုပ်ယူအား ကောင်းပြီး နူးညံ့ကာ သက်သောင့်သက်သာ ရှိသောကြောင့် ဈေးကွက်ထဲ ရောက်သည်နှင့် အင်ပါယာရှိ အမျိုးသမီး နိုင်ငံသားများ၏ နှလုံးသားကို ချက်ချင်း ဖမ်းစားနိုင်ခဲ့သည်။
အင်ပါယာရှိ အမျိုးသမီး နိုင်ငံသားတိုင်းနီးပါး အသုံးပြုနေကြပြီး ၎င်းကို ယွင်ကျင်း (ယွင်ဂွမ်းထုပ်) ဟု ခေါ်ဆိုကြ၏။