အခန်း (၈၄၈-၈၄၉)
Vol. 45 Ch. 848-849
အပိုင်း (၈၄၈) အရှေ့ဆင်ခြေဖုံး ကျောင်းတော်၏ လက်ရှိအခြေအနေ။
သူတို့လေးဦး အရှေ့ဆင်ခြေဖုံး တက္ကသိုလ် အပြင်ဘက်သို့ ရောက်ရှိလာကြ၏။ ကြက်ပျံမကျ စည်ကားနေသော လူအုပ်ကြီးကို ကြည့်ကာ ဖန်ကျန်းရီမှာ အံ့အားသင့်သွားခဲ့သည်။ အချိန်အတော်ကြာ ပြန်မလာခဲ့သည်မို့ ယခု တက္ကသိုလ်အပြင်ဘက်တွင် ဤမျှအထိ ပြောင်းလဲသွားလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။
ဤနေရာသည် မူလက မြေရိုင်းကွင်းပြင်ကြီး တစ်ခုသာဖြစ်ပြီး ကျောင်းတော်ကြီး တည်ဆောက် ပြီးစီးချိန်တွင်လည်း ပတ်ဝန်းကျင်၌ လူအများအပြား မရှိခဲ့ချေ။ လုပ်ငန်းအချို့မှာ နန်းတော်နှင့် သူ ပူးပေါင်း လုပ်ဆောင်သော ဖန်ချက်ရုံနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးရေး ဖန်လုံအိမ်ကဲ့သို့သော လုပ်ငန်းများသာ ဖြစ်၏။
သို့ပေမည့် ယခု အရှေ့ဆင်ခြေဖုံး တက္ကသိုလ် အပြင်ဘက် လမ်းမပေါ်တွင် ယာယီ တဲအိမ်တန်းလျားများကို အစီအရီ ဆောက်လုပ်ထားကြသည်။ ရိုးရှင်းလှသော်လည်း ကြည့်ရသည်မှာ အလွန် သေဝပ်ကျနနေသည်။
ကျောင်းပေါက်ဝ ပတ်ဝန်းကျင်တွင်လည်း လူအများအပြားသည် သစ်သားလှည်းငယ်များကို တွန်းကာ အပေါ်၌ အလံငယ်များ စိုက်ထူ၍ လမ်းတစ်လျှောက် ဈေးလည့်လည် ရောင်းချနေကြ၏။ အများအားဖြင့် မုန့်ပဲသရေစာ အမျိုးမျိုးဖြစ်ပြီး လက်ဖက်ရည်ကြမ်း ရောင်းချသူများလည်း ရှိ၏။
ဖန်ကျန်းရီ၏ ရင်ထဲတွင် တိတ်တဆိတ် ဝမ်းသာသွားခဲ့၏။ မဆိုးလှချေ၊ ပတ်ဝန်းကျင် စီးပွားရေးလုပ်ငန်းများက ဤမျှနှင့်ပင် အသက်ဝင်လာခဲ့ပြီ ဖြစ်သည်။ အစပျိုးအဆင့်မျှသာ ဖြစ်သေးသော်လည်း လက်ရှိ အခြေအနေ နှင့်ဆိုလျှင် အတော်လေး သင့်တော်နေပြီ ဖြစ်သည်။
သို့သော်ငြား သူ သေသေချာချာ အကဲခတ် ကြည့်လိုက်ရာ... ဈေးသည်ငယ်များ စိုက်ထူထားသော အလံငယ်များ၏ ထောင့်တစ်နေရာတွင် ရင်းနှီးနေသော မက်မွန်ပန်းပွင့် အမှတ်အသားတစ်ခုကို မြင်တွေ့လိုက်ရ၏။
ထိုအခါမှ သူ သဘောပေါက် နားလည်သွားသည်။ ကျောင်းတော်ထဲရှိ တောက်ယွမ်ခရိုင်သားများက သူတို့၏ မိသားစုဝင်များကိုပါ ခေါ်ဆောင်လာပြီး ဤနေရာသို့ လာရောက်ကာ ငွေရှာရန် အခွင့်အရေး ယူနေကြခြင်း ဖြစ်ဟန်တူ၏။ မည်သို့ပင်ဖြစ်စေ တောက်ယွမ်ခရိုင်၏ စီးပွားရေး အငွေ့အသက်မှာ အလွန်အမင်း အားကောင်းလှရာ ဤကဲ့သို့ လုပ်ဆောင်နိုင်ခြင်းကလည်း မဆန်းလှချေ။
ချူယိုယီ၏ အကြည့်များမှာ ဟိုဟိုဒီဒီ ဆက်တိုက် ရွေ့လျားနေပြီး မျက်လုံးများတွင် အရာရာကို စူးစမ်း လေ့လာလိုသော စိတ်ဆန္ဒများ ပြည့်နှက်နေ၏။
"ဝါး ... ဒီနေရာက အများကြီး ပြောင်းလဲသွားတာပဲ။ အပြင်မှာ စားစရာတွေ ဒီလောက်တောင် များတာလား။"
ဖန်ကျန်းရီသည် သူမ၏ အနီးသို့ တိုးကပ်သွားပြီး ခါးကို ကိုင်းညွှတ်ကာ တီးတိုး ပြောလိုက်သည်။ "စားဖို့လောက်ပဲ သိတယ် မဟုတ်လား။ အသားတွေက ဘာဖြစ်လို့ ထွက်သင့်တဲ့ နေရာတွေမှာ မထွက်လာရတာလဲ။ မင်းအစ်မဆီကနေ နည်းနည်း အတုယူစမ်းပါ။"
ချူယိုယီ၏ လှပသော မျက်လုံးလေးများက ပင့်တက်သွားပြီး ဖန်ကျန်းရီအား သတိထား၍ ကြည့်လိုက်၏။ "မဝရင် ပြီးတာပဲ မဟုတ်လား။"
ဖန်ကျန်းရီက ရယ်မောလိုက်သည်။
"ကောင်းပြီလေ... မင်းအတွက် သွားဝယ်ပေးမယ်။"
ထို့နောက် သူသည် ချူယိုယီ၏ လက်ကိုဆွဲကာ ဈေးဆိုင်ငယ် တစ်ခုရှေ့သို့ လျှောက်သွားလိုက်၏။ သူတို့ရှေ့ရှိ ဆိုင်ငယ်လေးမှာ အသားလုံးကြော် ရောင်းချသော ဆိုင်ဖြစ်ပြီး အလံပေါ်တွင် တောက်ယွမ်အမှတ်အသား မပါရှိသောကြောင့် မြို့တော်မှ သာမန်ပြည်သူ တစ်ဦးဖြစ်ဟန် တူသည်။
အရှေ့ရှိ ဆီအိုးကြီးကို ကြည့်ကာ ဖန်ကျန်းရီမှာ ခေတ္တမျှ တုံ့ဆိုင်းသွားခဲ့၏။ ရှေးခေတ်ကာလတွင် အသားလုံးကြော် စားရခြင်းက အတော်လေး ကောင်းမွန်သော ကိစ္စဖြစ်သော်လည်း ဤဆီကြီးကတော့ အနည်းငယ် လွန်ကဲလွန်းနေသည် မဟုတ်ပါလား။
ဖန်ကျန်းရီက မေးလိုက်၏။ "အစ်ကိုကြီး ... ခင်ဗျားရဲ့ ဆီတွေကို မလဲရသေးတာ ဘယ်လောက်တောင် ကြာနေပြီလဲ။ မင်ရည်တွေလိုတောင် ဖြစ်နေပြီ။"
ဈေးသည်မှာ သဘောကျစွာ ရယ်မောလိုက်သည်။ "ခင်ဗျား ဘာတွေ ပြောနေတာလဲ။ ကောင်းနေတဲ့ဟာကို ဘာလုပ်လို့ ဆီလဲရမှာလဲ။ အသားလုံး ဝယ်မှာလား... မဝယ်ဘူးလား။"
ဖန်ကျန်းရီသည် ခေါင်းယမ်းလိုက်ပြီး ဘေးနားရှိ ချူယိုယီအား ကြည့်လိုက်ရာ သူမက အလွန်အမင်း စားချင်နေသည့်ဟန် ပေါ်နေသော်လည်း သူမအား ဘေးသို့ ပြတ်သားစွာ ဆွဲထုတ်သွားခဲ့၏။ တော်ပါပြီလေ... နောက်တစ်ဆိုင် ပြောင်းဝယ်မည်။ စားပြီးမှ ရောဂါရလာလျှင် ဒုက္ခများပေလိမ့်မည်။ ဤအရာက ကင်ဆာမဖြစ်စေဘူး ဆိုလျှင် သူ ဇောက်ထိုးနေ၍ ဝမ်းလျှောပြလိုက်မည်။
ဈေးသည်က လှမ်းခေါ်လိုက်၏။
"ဟေး ... မသွားပါနဲ့အုံး။ သိုးသားစစ်စစ်ကို လျှို့ဝှက်ချက်နဲ့ ကြော်ထားတဲ့ အသားလုံးကြော်ပါ။ တစ်ပန်းကန်ကို ငွေနှစ်မူးတည်းပါ။"
ချူယိုယီသည် ခေါင်းငုံ့ကာ ဖန်ကျန်းရီ၏ အင်္ကျီလက်စကို လှမ်းဆွဲလိုက်သည်။
ဖန်ကျန်းရီသည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး အံ့ဩတကြီး မေးလိုက်၏။
"ငွေနှစ်မူးတောင်လား။ ဒီလောက်တောင် ဈေးကြီးရသလား။ ကျုပ်က တက္ကသိုလ်ကျောင်းသားပါ။ နည်းနည်းလောက် ဈေးလျှော့ပေးလို့ မရဘူးလား။"
ဆိုင်ရှင်က ရယ်မောလိုက်သည်။ "ဟွန့် ... ဘာများ ဆန်းလို့လဲ။ ကျုပ်ဆီ လာဝယ်တဲ့လူတိုင်းက တက္ကသိုလ်ကျောင်းသားတွေချည်းပဲ မဟုတ်လား။"
ဖန်ကျန်းရီက အံ့အားသင့်စွာ မေးလိုက်၏။ "အရှေ့ဆင်ခြေဖုံး တက္ကသိုလ်က ကျောင်းသားတွေ အကုန်လုံးက ဒီလောက်တောင် ပိုက်ဆံရှိကြတာလား။"
မူလက သူ ခေါ်ယူထားခဲ့သူများမှာ ဆင်းရဲသော ကျောင်းသားများသာ ဖြစ်ရာ တစ်ပန်းကန်ကို ငွေနှစ်မူးဆိုသည့် သုံးစွဲနိုင်စွမ်းက ဘယ်လို အဆင့်အတန်းမျိုးနည်း။ လျှောက်ပြောနေခြင်းသာ ဖြစ်ပေမည်။
ဆိုင်ရှင်က ပြန်ပြောငည်။ "ကျုပ်ဆီမှာက ဈေးပေါနေပါသေးတယ်။ ဒီနားမှာ တောက်ယွမ်ခရိုင်က လာတဲ့လူတွေ အများကြီးရှိတယ်။ အဲဒါမှ တကယ့်ကို သွေးစုပ်တာ။ ကဲပါလေ ... မင်းက ဆင်းရဲတဲ့ ကျောင်းသားပုံ ပေါက်နေတော့ ဈေးနည်းနည်း လျှော့ပေးလိုက်မယ်။ တစ်ဝက်ဈေးပဲ ပေးတော့။ ရတယ် မဟုတ်လား။ ကြည့်ရတာ ဒီကောင်မလေးလည်း အရမ်း ဗိုက်ဆာနေလောက်ပြီ။"
ဆိုင်ရှင်၏ မျက်လုံးထဲတွင် ကောက်ကျစ်သော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားခဲ့၏။
ဖန်ကျန်းရီက တည်ငြိမ်စွာ ပြောလိုက်သည်။ "ကောင်းပြီလေ... ဒါဆိုလည်း တစ်ပန်းကန် ပေးပါ။"
တိုက်ရိုက်ကြီး ဈေးတစ်ဝက် လျှော့ပေးလိုက်ပုံ ထောက်လျှင် ဤအထဲတွင် အမြတ်အစွန်း ဘယ်လောက်တောင် ကြီးမားနေမည်နည်း။ ရှစ်ဆယ်ရာခိုင်နှုန်းခန့်တော့ အလိမ်ခံလိုက်ရပြီ ဖြစ်၏။ သို့ပေမည့် ဝယ်ပြီး မြည်းစမ်းကြည့်လျှင် ရပြီမို့ ဤနေရာတွင် အချိန်ဖြုန်းနေရန် မလိုချေ။
အသားလုံးများ ကြော်ပြီးသွားသောအခါ ဖန်ကျန်းရီသည် ကြာဖက်ဖြင့် ထုပ်ထားသော ခွက်ငယ်ကို လှမ်းယူပြီး ချူယိုယီအား ကမ်းပေးလိုက်၏။ ချူယိုယီမှာ ဝမ်းမြောက်ဝမ်းသာဖြင့် ချူချင်ဟန်၏ အနီးသို့ ပြန်ပြေးသွားသည်။ သူတို့လေးဦးသည် အသားလုံးကြော်များကို စားသုံးရင်း ကျောင်းတော်အတွင်းသို့ တဖြည်းဖြည်း လျှောက်ဝင်သွားကြ၏။
လူများ အဝေးသို့ ရောက်ရှိသွားချိန်တွင် အသားလုံးကြော် ဆိုင်ရှင်မှာ ပျော်ရွှင်ကြည်နူးစွာဖြင့် ငွေများကို ရေတွက်ရင်း ယနေ့ရရှိသော ဝင်ငွေများကို စာရင်းလုပ်နေသည်။
ဘေးနားရှိ ဆိုင်ငယ်လေးမှ ဆိုင်ရှင်က မျက်နှာရှုံ့မဲ့ကာ ပြောလိုက်၏။
"လောင်ကျန်း ... ခင်ဗျားက တကယ်ကို သွေးစုပ်တာပဲ။ ငွေတစ်မူးနဲ့တင် လေးငါးပွဲလောက် ဝယ်လို့ရနေတာကို... တက္ကသိုလ်ကျောင်းသားကိုတောင် ခင်ဗျားက လည်လှီးရက်တယ်ပေါ့လေ။"
လောင်ကျန်းသည် ငွေများကို သိမ်းဆည်းပြီး ရယ်မောကာ ပြောလိုက်သည်။ "တက္ကသိုလ်ကျောင်းသား ဟုတ်လား။ ဖူး ... သူ့ပုံစံကြီးကိုလည်း ကြည့်ပါအုံး .. ဈေးလျှော့ခိုင်းနေသေးတယ်။ ကျုပ်က အလကား ပေးလိုက်ရမလို ဖြစ်နေပြီ။ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကလည်း ကောလိပ်ကျောင်းသားဟန် ဆောင်ပြီး ဈေးလာလျှော့ခိုင်းတဲ့လူ ရှိသေးတယ်။ ဒီခေတ်ကြီးမှာ လူလိမ်တွေက တဖြည်းဖြည်း ပိုများလာတယ်။ အလှပန်းလေး သုံးပွင့်ကို ခေါ်လာတဲ့ တက္ကသိုလ်ကျောင်းသားမျိုး ခင်ဗျား မြင်ဖူးလို့လား။ ငွေနှစ်မူးလေးကိုတောင် မပေးနိုင်ဘဲနဲ့ လူကြီးလူကောင်းဟန် လာဆောင်နေသေးတယ်။"
ဘေးဆိုင်ရှင်က ပြန်ပြော၏။ "ဟီး ... ခင်ဗျား မျက်လုံးကတော့ တကယ် စူးရှတာပဲ။"
ကျောင်းတော်၏ ပရဝုဏ်အတွင်းတွင် သူတို့လေးဦး အေးဆေးစွာ လမ်းလျှောက်နေကြ၏။ အသားလုံးကြော်များကို တစ်ယောက် တစ်ဖဲ့စီ မြည်းစမ်းကြည့်ပြီးနောက် အရသာမှာ ပုံမှန်မျှသာ ဖြစ်သောကြောင့် ဖန်ကျန်းရီသည် ကျောက်စားပွဲ တစ်လုံးကို ရှာ၍ အလွယ်တကူ တင်ထားလိုက်သည်။ အစားအသောက်များကို အလဟဿ မဖြစ်စေသင့်ချေ။ ကျောင်းတွင် ဆင်းရဲသော ကျောင်းသားများ များပြားလှရာ သူက ဇီဇာကြောင်သော်လည်း တခြားသူများက ဤမျှအထိ ဇီဇာကြောင်မည် မဟုတ်ချေ။ တစ်ယောက်ယောက်က ကောက်ယူ စားသောက်သွားမည်မှာ သေချာသည်။
ဤမျှ အချိန်အတော်ကြာသည်အထိ သူရော လီယွမ်ကျောက်ပါ ကျောင်းတော်ထဲတွင် မရှိခဲ့ကြရာ မိုရှောင်ဟူနှင့် တခြားသူများက ဦးဆောင် စီမံခန့်ခွဲနေခြင်း ဖြစ်ဟန်တူသည်။ မည်သို့ပင်ဖြစ်စေ အားလုံးက ခရိုင် သုတေသနဌာနမှ ထွက်ပေါ်လာသူများ ဖြစ်ကြပြီး အတွေ့အကြုံ ရှိကြသည်မို့ တစ်ဦးကိုတစ်ဦး ကူညီဖေးမမှုအောက်တွင် ကြီးမားသော ပြဿနာများ ဖြစ်ပေါ်လာနိုင်မည် မဟုတ်ချေ။
သူတို့သည် ကျောင်းတော်၏ အတွင်းပိုင်းသို့ တဖြည်းဖြည်း ရောက်ရှိလာကြ၏။ ကျောင်းသား နှစ်ယောက်တစ်တွဲ သုံးယောက်တစ်တွဲ လမ်းလျှောက်နေကြသည်ကို မြင်တွေ့ရပြီး ရာသီဥတုမှာ ဆောင်းဦးပေါက် ကာလသို့ ရောက်ရှိနေပြီဖြစ်၍ သစ်ပင်များထံမှ သစ်ရွက်နီများ တဖြုတ်ဖြုတ် ကြွေကျနေသည်။ အလွန်တရာ လှပ တင့်တယ်သော ရှုခင်းကြီးဟု မဆိုနိုင်သော်လည်း လူ၏ စိတ်နှလုံးကို ကြည်နူးလန်းဆန်းစေရန်တော့ လုံလောက်လှ၏။
တက္ကသိုလ်ကျောင်းသူတွေ မရှိတာ ချို့ယွင်းချက်တစ်ခုပဲ။ ဖန်ကျန်းရီသည် ရင်ထဲတွင် တွေးတောနေမိသည်။
ကျောက်လင်လုံသည် ဟိုဟိုဒီဒီ လေ့လာကြည့်ရှုရင်း ရင်ထဲတွင် တိတ်တဆိတ် ခံစားနေမိသည်။ ဤသည်မှာ ကျောင်းတော်ကြီး ဖြစ်၏။ ဤကဲ့သို့သော ကျောင်းတော်ကြီးတွင် နေထိုင်ရခြင်းက သေချာပေါက် အလွန် ပျော်ရွှင်ရပေလိမ့်မည်။ သို့ပေမည့် လမ်းတစ်လျှောက် မြင်တွေ့ခဲ့ရသမျှတွင် မိန်းကလေး တစ်ဦးတစ်ယောက်ကိုမျှ မမြင်တွေ့ခဲ့ရချေ။ ဤအကြောင်းကို စောစောတည်းက သိနှင့်နေပြီး ဖြစ်သော်လည်း ကျောက်လင်လုံ၏ ရင်ထဲတွင် အကြောင်းပြချက် မရှိဘဲ အနည်းငယ်တော့ စိတ်ပျက် ဝမ်းနည်းနေမိဆဲပင်။ ပုံဖော် ရေးဆွဲပြခဲ့သော ထိုလှပသည့် အနာဂတ် မြင်ကွင်းများမှာ နောက်ဆုံးတွင်တော့ အတုအယောင်များသာ ဖြစ်၏။
ဖန်ကျန်းရီသည် ဘယ်ညာသို့ ဆက်တိုက် ကြည့်ရှုနေပြီး မျက်မှန်းတန်းမိသော ကျောင်းသား တစ်ဦးကို ဖမ်းဆွဲကာ ပင်မအဆောင်သို့ သတင်းပို့ခိုင်းရန် ပြင်ဆင်နေ၏။ သို့သော် အချိန်အတော်ကြာ ကြည့်ရှုနေသော်လည်း စိမ်းကားသော မျက်နှာသစ်များသာ ဖြစ်နေရာ ကြည့်ရသည်မှာ သူ မရှိသည့် အချိန်ကာလအတွင်း ကျောင်းတော်က ကျောင်းသားသစ်များကို ဆက်တိုက် ခေါ်ယူနေခဲ့ပုံ ရသည်။
နောက်ထပ် မိနစ်နှစ်ဆယ်ခန့် လျှောက်သွားပြီးချိန်ကျမှသာ အစောပိုင်း ကာလက ကျောင်းသားတစ်ဦးသည် ဖန်ကျန်းရီအား မှတ်မိသွား၏။ ထိုကျောင်းသားမှာ စိတ်လှုပ်ရှားစွာဖြင့် ဖန်ကျန်းရီထံသို့ လက်လှမ်းပြလိုက်သည်။ "ကျောင်းအုပ်ကြီးဖန်။"
ဖန်ကျန်းရီသည် ပြုံးလိုက်ပြီး ရှေ့သို့ လျှောက်သွားလိုက်၏။ "လာ လာ လာ ... မင်း ရောက်လာတာ ကောင်းသွားတယ်။ နာမည် ဘယ်လိုခေါ်လဲ။ ဘယ်တုန်းက ကျောင်းဝင်ခဲ့တာလဲ။"
ကျန်းလျန်ချိုက်သည် စိုးရိမ်တကြီးဖြင့် ခန္ဓာကိုယ်ကို မတ်မတ် ရပ်လိုက်သည်။ "ကျန်းလျန်ချိုက်လို့ ခေါ်ပါတယ်။ ပထမဆုံးအသုတ် ဝင်ခဲ့တာပါ။ ကျောင်းအုပ်ကြီး မိန့်ခွန်းပြောတာကို နားထောင်ဖူးပါတယ်။"
သူ၏အသက်မှာ ဆယ့်ခုနစ် ၊ ဆယ့်ရှစ်နှစ်ဝန်းကျင် ပေါက်နေသည်ကို မြင်သောအခါ ဖန်ကျန်းရီက ခေါင်းညိတ်လိုက်သည်။
"ပညာအရည်အချင်းက ဘယ်လောက်ရှိလဲ။"
ကျန်းလျန်ချိုက်က ဖြေ၏။ "ဒုတိယအဆင့်ပါ။"
ဖန်ကျန်းရီမှာ ဒေါသတကြီးဖြင့် မျက်လုံးများကို ပြူးကျယ်ပြီး အော်ပြောလိုက်၏။ "ဒုတိယအဆင့် ဟုတ်လား။ ကောလိပ်ကို စာမေးပွဲ မအောင်တာက ထားလိုက်ပါတော့ ... ပထမဆုံးအသုတ် ဝင်ခဲ့ပြီးမှ တတိယအဆင့်ကိုတောင် မရဘူး ဆိုတော့... မင်း စာကို ဘယ်လို သင်ယူနေတာလဲ။"
ကျန်းလျန်ချိုက်မှာ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ပြန်ဖြေသည်။
"ကျောင်းအုပ်ကြီး ... အိမ်မှာ လယ်ယာအလုပ်တွေ များနေလို့ပါ။ ဒီနှစ်တော့ ကျုပ် တတိယအဆင့်ကို သေချာပေါက် တက်နိုင်မှာပါ ..."
မူလက ဖန်ကျန်းရီကို မြင်သောအခါ ရင်းနှီးအောင် ဝင်ရောက် ပြောဆိုလိုခဲ့သော်လည်း မိမိ၏ ပညာ အရည်အချင်းကြောင့် အထိနာသွားလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။
ဖန်ကျန်းရီသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ကျောင်းအုပ်ကြီး၏ ဟန်ပန်ကို ထုတ်ဖော်လိုက်ပြီး နှာခေါင်းရှုံ့လိုက်၏။ "ဒီလောက်ဆိုရင်တော့ တော်သေးတယ်။ နှစ်ကုန်ပိုင်းအထိ တတိယအဆင့်ကို မတက်နိုင်သေးဘူး ဆိုရင်တော့ အိမ်ပြန်ပြီး လယ်ပဲ သွားစိုက်တော့... စိတ်အာရုံ နောက်မခံနဲ့တော့။"
အားလုံးက အခြေခံ ဘာသာရပ်များသာ ဖြစ်ပြီး နက်နဲ ရှုပ်ထွေးသော အရာများ မပါဝင်ချေ။ ဖန်ကျန်းရီ၏ အထင်အရ ထိုပညာဗဟုသုတလောက်ကို သူသာ သုံးလခန့် သင်ယူလိုက်ပါက ကောလိပ်အဆင့်သို့ ရောက်ရှိသွားမည် ဖြစ်၏။ ထို့ကြောင့် ဒေါသထွက်ခြင်းကလည်း ယုတ္တိရှိလှသည်။
သူက အမိန့်ပေးလိုက်၏။ "ဟို မိုရှောင်ဟူတို့ ဘာတို့ အဆောင်မှူးတွေ အကုန်လုံး ကျောင်းထဲမှာ ရှိကြတယ် မဟုတ်လား။ သူတို့ကို သွားပြီး ကျုပ်ဆီ ခေါ်ခဲ့စမ်းပါ။"
ကျန်းလျန်ချိုက်က ဖိနပ်သံ ပြင်းပြင်းဖြင့် မတ်တပ်ရပ်လိုက်သည်။
"ဟုတ်ကဲ့ပါ ကျောင်းအုပ်ကြီး။"
ထို့နောက် သူသည် သေဘေးမှ လွတ်မြောက်သွားသူ တစ်ဦးကဲ့သို့ အဝေးသို့ ထွက်ပြေးသွားတော့၏။
အပိုင်း (၈၄၉) လင်လုံအား အဖွဲ့ထဲသို့ ဖိတ်ခေါ်ခြင်း။
အချိန်မကြာလိုက်ချေ... မိုရှောင်ဟူသည် လူအချို့ကို ခေါ်ဆောင်ကာ ရောက်ရှိလာ၏။ ဖန်ကျန်းရီကို မြင်တွေ့ရသောအခါ သူတို့မှာ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြသည်။ ယခုအခါ သူတို့ ကျောင်းတော်အတွင်း နေထိုင်ရသော အချိန်ကာလမှာ တောက်ယွမ်ခရိုင်ထက် အများကြီး ပိုများနေခဲ့ပြီး... ဖန်ကျန်းရီ ခရိုင်ထဲသို့ ပြန်ရောက်လာကြောင်း ကြားသိရသော်လည်း သွားရောက်ရန် အချိန်မရလိုက်ကြချေ။ ယခု သခင်လေးက ကိုယ်တိုင် ကိုယ်ကျ အိမ်တိုင်ရာရောက် လာလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ကြချေ။
မိုရှောင်ဟူသည် စကားပြောရန် ပါးစပ်ပြင်လိုက်စဉ်မှာပင်... ဖန်ကျန်းရီက လှောင်ပြုံး ပြုံးကာ မေးလိုက်၏။ "မဆိုးပါဘူး ... ခင်ဗျား လက်ပစ်ဗုံးတွေကို အိမ်ရှေ့မင်းသားဆီ ပေးလိုက်တာလား။ "
မိုရှောင်ဟူ၏ မျက်နှာပေါ်ရှိ အပြုံးများမှာ ခဲအေး တောင့်တင်းသွားခဲ့ပြီး... နေရာတွင်တင် ဘာလုပ်ရမှန်းမသိ ရပ်နေမိသည်။
တခြားသူများလည်း ထိုမြင်ကွင်းကို မြင်သောအခါ ခြေလှမ်းများကို တိတ်တဆိတ် ရပ်တန့်လိုက်ကြပြီး ရှေ့သို့ မတက်ရဲကြချေ။ အတိအကျ ဘာတွေ ဖြစ်ပျက်ခဲ့မှန်း မသိရသော်လည်း... သခင်လေး၏ သဘောထားကို ကြည့်ရသည်မှာ အပြစ်ရှာ မေးမြန်းရန် လာရောက်ခြင်း ဖြစ်ဟန်တူပေသည်။
မိုရှောင်ဟူ တစ်ယောက် အချိန်အတော်ကြာသည်အထိ အသံတစ်ချက်မျှ မထွက်ရဲသည်ကို မြင်သောအခါ... ဖန်ကျန်းရီက မျက်နှာကို တင်းထားရင်း ပြောလိုက်၏။ "တော်ပြီ.. နောက်တစ်ခါ ဒီလို မလုပ်နဲ့တော့။ နောက်တစ်ခါ ထပ်ရှိနေသေးရင်တော့ ခင်ဗျား နန်းတော်ထဲဝင်ပြီး မင်းသားလေးရဲ့ အစေခံအဖြစ် သွားလုပ်တော့။ "
မိုရှောင်ဟူ၏ နှုတ်ခမ်းများမှာ တွန့်ကွေးသွားပြီး ငိုလုမတတ် ဖြစ်သွား၏။ အိမ်ရှေ့မင်းသားနှင့် သခင်လေး နှစ်ယောက်ကြားတွင် ညပ်နေရခြင်းက တကယ်ကို လူမဆန်သော အဖြစ်ပင် ဖြစ်သည်။ သူက ဝမ်းနည်းစွာ ပြောလိုက်သည်။ "သခင်လေး ... ကျွန်တော်ကလည်း သခင်လေး အတွက် စဉ်းစားပေးလို့ပါ ..."
ဖန်ကျန်းရီက မျက်မှောင်ကြုတ်လိုက်၏။ "ခင်ဗျား ဘာပြောလိုက်တာလဲ။ "
မိုရှောင်ဟူက ပြာပြာသလဲ ပြန်ဖြေသည်။ "ဘာမှမဟုတ်ပါဘူး။ "
ဖန်ကျန်းရီက တည်ငြိမ်စွာ ပြောလိုက်၏။ "တော်ပြီ... အဓိက ကိစ္စကို ပြောကြစို့။ ကျောင်းတော်ကြီး ကြည့်ရတာ တိုးတက်မှု မဆိုးဘူးပဲ။ မကြာသေးခင်က ထူးထူးခြားခြား ကိစ္စတွေ ဘာမှမဖြစ်ခဲ့ဘူး မဟုတ်လား။ "
မိုရှောင်ဟူသည် ခေတ္တမျှ စဉ်းစားကြည့်ပြီးနောက် ပြန်ဖြေသည်။ "အကုန်လုံး ပုံမှန်ပါပဲ... ကျောင်းသားတွေလည်း အများကြီး ခေါ်ထားတယ်။ ဒါ့အပြင် ကျောင်းတော်က ခရိုင်ထဲကလိုမျိုး လှုပ်ရှားမှု အစီအစဉ်တွေ အများကြီး လုပ်ခဲ့သေးတယ်။ ကျောင်းသားသစ် အသုတ်ထဲမှာ... ချမ်းသာကြွယ်ဝတဲ့ ကုန်သည်တွေရဲ့ သားတွေ အများကြီး ဝင်လာကြတယ်။ တချို့က ကိုယ်ပိုင် အထူးစွမ်းရည်တွေလည်း တတ်ကျွမ်းကြတယ်။ ဒီတစ်ခေါက် ကျုပ်တို့ ပန်းချီပြပွဲ တစ်ခု လုပ်ထားပြီး... အခု ဆုရွေးချယ်နေကြတယ်။"
ဖန်ကျန်းရီက စိတ်ဝင်စားသွား၏။ "အို ... စိတ်ဝင်စားစရာပဲ။ ကျောင်းတော်ထဲမှာ အခုလွတ်နေတဲ့ စာသင်ဆောင်တွေ ကျန်သေးလား။ "
မိုရှောင်ဟူက ဖြေ၏။ "မြောက်ဘက်မှာ အဆောင်သုံးဆောင်ဆက် ရှိနေပါတယ်။ အခုထိ လွတ်နေပြီး ဆိုင်းဘုတ် မတင်ရသေးပါဘူး။ သခင်လေး မှာ ညွှန်ကြားချက် ရှိလို့လား။ "
ဖန်ကျန်းရီက အမိန့်ပေးလိုက်သည်။ "ရှိတယ်။ အဲဒီ အဆောင်သုံးဆောင် ပတ်ဝန်းကျင်ကို ဝိုင်းရံထားဖို့ အခုချက်ချင်း လူစီစဉ်လိုက်။ ပြီးရင် ဆိုင်းဘုတ် တင်လိုက်... လင်လုံအဆောင်လို့ နာမည်ပေးလိုက်။ နောင်ကျရင် အမျိုးသမီး ကျောင်းတော်အဖြစ် ကျောင်းသား ခေါ်ယူတော့မယ်။ "
ထို့နောက် ဖန်ကျန်းရီသည် ကျောက်လင်လုံအား ကြည့်ကာ ပြောလိုက်၏။ "လင်လုံ ... ဒီကနေ့ကစပြီး ကျောင်းတော်ကြီးမှာ အမျိုးသမီးကျောင်းတော် ရှိသွားပြီလို့ သတ်မှတ်လိုက်တော့။"
ကျောက်လင်လုံမှာ အံ့ဩလွန်းသဖြင့် ပါးစပ်လေး အဟောင်းသား ဖြစ်သွားပြီး... ဘာလုပ်ရမှန်းမသိ ဖြစ်နေမိ၏။ သူမ၏ နာမည်ကို အသုံးပြုပြီး နာမည်ပေးလိုက်သည် ဆိုတော့... သူမ ဘာလုပ်ပေးနိုင်မည်နည်း။
ဖန်ကျန်းရီသည် လှည့်ကြည့်လိုက်ပြီး ဆက်ပြော၏။ "ကောင်းပြီ.. ဆိုင်းဘုတ် သွားလုပ်ဖို့ အခုချက်ချင်း လူလွှတ်လိုက်။ နှစ်နာရီ ကြာပြီးရင် ဆိုင်းဘုတ်ကြီး တင်ထားတာကို ကျုပ် မြင်ချင်တယ်။"
အရှေ့ဆင်ခြေဖုံး တက္ကသိုလ်အတွင်းတွင် လက်သမားဆရာများ ရှိပြီးဖြစ်ကာ... လူအင်အားလည်း လုံလောက်လှရာ... ဆိုင်းဘုတ်တစ်ခု ပြုလုပ်ရန်မှာ အလွန်အမင်း လွယ်ကူလှပေသည်။
မိုရှောင်ဟူက အထစ်ထစ်အငေါ့ငေါ့ဖြင့် မေးလိုက်၏။ "နှစ်နာရီအတွင်း ဆိုတော့ ... နည်းနည်းများ လောလွန်းနေမလား ..."
ဖန်ကျန်းရီက ပြန်ပြောသည်။ "စကားမများစမ်းနဲ့။ စာလုံးသုံးလုံးတည်းကို ခင်ဗျားက ဘယ်လောက်ကြာအောင် ထွင်းနေဦးမလို့လဲ။ သွားကြစို့... ပန်းချီပြပွဲကို အရင် သွားကြည့်ကြမယ်။ အပြင်ကို ခဏလောက် သွားပြီး ပြန်လာတာတောင် အထူးစွမ်းရည်ရှင်တွေ ရှိနေပြီပဲ။ "
မိုရှောင်ဟူမှာ အံကြိတ်ကာ ခေါင်းညိတ်လက်ခံလိုက်ရပြီး ဘေးနားရှိ လူများထံသို့ အသိပေး မှာကြားလိုက်၏။ ထို့နောက် သူသည် ဖန်ကျန်းရီတို့ကို ခေါ်ဆောင်ကာ အရှေ့ဘက် ကွင်းပြင်ရှိရာသို့ လျှောက်သွားလိုက်၏။
ကွင်းပြင်ပေါ်တွင် ပန်းချီကားချပ်များ အစီအရီ ပြသထားပြီးဖြစ်ရာ... သဘာဝကျကျပင် ရေဆေးပန်းချီများသာ ဖြစ်ကြပြီး... ခဲခြစ်ပန်းချီ တစ်ကား နှစ်ကားခန့်ကို ရံဖန်ရံခါ မြင်တွေ့ရသော်လည်း လက်ရာမှာ အနည်းငယ် စိမ်းနေသေးကာ... သင်ယူထားမှု သိပ်မပီပြင်လှကြောင်း ပေါ်လွင်နေ၏။ သို့သော်လည်း ရေဆေးပန်းချီများမှာမူ တစ်ကားချင်းစီတိုင်းက အလွန်အမင်း ပြောင်မြောက်လှသည်။
မိုရှောင်ဟူက လမ်းလျှောက်ရင်း ရှင်းပြ၏။ "သခင်လေး ... ဒီအထဲက အများစုက ကျောင်းသားသစ်တွေ ရေးဆွဲထားတဲ့ ပန်းချီကားတွေပါ။ သူတို့တွေက ချမ်းသာတဲ့ ကုန်သည်တွေရဲ့ သားတွေဖြစ်ကြပြီး... ဒီပန်းချီကားတွေကို ကြည့်ရတာ တကယ်ကို မဆိုးလှဘူး။ ကျောင်းတော်က ပန်းချီပြပွဲကနေတစ်ဆင့် လက်ရာကောင်းတဲ့သူ တစ်သုတ်ကို ရွေးချယ်ပြီး... နောင်ကျရင် ကျောင်းတော်အတွက် ဝါဒဖြန့် ကြော်ငြာရေး ကိစ္စတွေကို သီးသန့် တာဝန်ယူခိုင်းမလို့။ အဲဒီလိုဆိုရင် ငွေလည်း အများကြီး သက်သာသွားလိမ့်မယ်။"
ဖန်ကျန်းရီသည် ကြည့်ရှုရင်းဖြင့် ခေါင်းညိတ်လိုက်သည်။ "အင်း ... မဆိုးဘူး။ အထူးစွမ်းရည် ရှိတဲ့သူတွေကို ဦးစားပေး လေ့ကျင့်သင်ကြားပေးလို့ ရတယ်။ နာမည်ကြီး ပန်းချီဆရာတွေရဲ့ လက်ရာတွေကို ပိုပြီး ကူးယူ ရေးဆွဲခိုင်းပြီး... အပြင်ဘက်ကို ပြန်ရောင်းချရင် ကျောင်းတော်အတွက် ဝင်ငွေရှာပေးသလို ဖြစ်သွားလိမ့်မယ်။ "
ပြောပြီးသည်နှင့် ဖန်ကျန်းရီသည် လှည့်ကြည့်ကာ ကျောက်လင်လုံအား အကဲခတ်လိုက်သည်။ ပြီးနောက် မေးလိုက်၏။ "ဒီတစ်ခေါက် ပန်းချီပြပွဲရဲ့ ပထမဆုရှင်ကို ရွေးပြီးသွားပြီလား။ အတိအကျပဲ ... အခု ကျုပ် ပန်းချီတစ်ကား ရေးဆွဲခိုင်းချင်တဲ့လူ ရှိတယ်။ ဒီကောင်မလေးပုံကို ဆွဲခိုင်းမလို့။ "
မိုရှောင်ဟူက မေးလိုက်၏။ "သခင်လေး ... ဒီကောင်မလေးက ဘယ်သူလဲ။ "
ဖန်ကျန်းရီက ပြန်ဖြေသည်။ "သူက ကျုပ်တို့ တိုင်းပြည်ရဲ့ အမျိုးသမီး သူရဲကောင်းပဲ။ အဓိက ဝါဒဖြန့်ရမဲ့စံပြပုဂ္ဂိုလ်ပေါ့။ "
မိုရှောင်ဟူက နားလည်သွားသည့်ဟန်ဖြင့် ပြောလိုက်၏။ "သဘောပေါက်ပါပြီ။ ပထမဆုရှင်ကိုတော့ ရွေးချယ်ပြီးသွားပါပြီ။ သခင်လေး ... ကျုပ်နောက်ကို လိုက်ကြည့်ပါ။ သခင်လေး ကြည့်ပြီး သဘောကျတယ် ဆိုရင် သူ့ကို သွားခေါ်ခိုင်းလိုက်ပါ့မယ်။ "
ပြောပြီးနောက် မိုရှောင်ဟူသည် ဖန်ကျန်းရီတို့ကို ခေါ်ဆောင်ကာ ရှေ့သို့ ဆက်လက် လျှောက်သွားလိုက်သည်။ ခြေလှမ်း ဆယ်လှမ်းကျော်ခန့် လျှောက်သွားပြီးနောက်... လူတစ်ရပ်ကျော်ခန့် မြင့်မား ကျယ်ဝန်းသော ကြီးမားသည့် ပန်းချီကားကြီး တစ်ကားရှေ့တွင် ရပ်တန့်လိုက်ကြသည်။
ပန်းချီကားကြီးမှာ အလွန်အမင်း ခမ်းနား ထည်ဝါလှပြီး... ဦးဆောင်သူမှာ ကျားကဲ့သို့ ခါးထွားကာ ဝက်ဝံကဲ့သို့ ကျောပြင်ကျယ်သော စစ်သူကြီး တစ်ဦးဖြစ်ပြီး... မျက်နှာသွင်ပြင်ကို မသဲမကွဲသာ မြင်တွေ့ရသည်။ သူ၏ နောက်ကွယ်ရှိ စစ်တပ်ကြီးထံမှ သတ်ဖြတ်လိုသော အရှိန်အဝါများ ပြင်းထန်စွာ ထွက်ပေါ်နေပြီး... တိမ်မည်းကြီးများ ဖုံးလွှမ်းနေကာ... တိမ်တိုက်များ ကြားတွင် နဂါးပုံသဏ္ဌာန်တစ်ခုကို ရံဖန်ရံခါ မြင်တွေ့နေရ၏။
အရေးကြီးဆုံးမှာ အောက်ခြေရှိ မိတ်ဆက်စာသား အတိုလေးပင် ဖြစ်သည်။
မိုရှောင်ဟူသည် စာသားများကို လက်ညှိုးထိုးပြရင်း ပြောလိုက်၏။ "သခင်လေး ... ဒီပန်းချီကားပါပဲ။ အရှင်မင်းကြီး စစ်ချီတော်မူခန်း ပန်းချီကားချပ်လို့ နာမည်ပေးထားပြီး... ကျောင်းတော် တစ်ခုလုံးက အသိအမှတ်ပြုထားတဲ့ ပထမဆုရှင်ပါ။ ပန်းချီဆွဲတဲ့သူရဲ့ နာမည်က ကျိုးဝမ်လို့ ခေါ်ပါတယ်။ သူ့အိမ်က နာမည်အနည်းငယ် ရနေတဲ့ ချမ်းသာတဲ့ ကုန်သည်မျိုးရိုးဖြစ်ပြီး... အသက် ခုနစ်နှစ် ကတည်းက ပန်းချီ စတင် သင်ယူခဲ့တာလို့ ကြားတယ်။ ဒီပန်းချီကားကို အရှင်မင်းကြီး မြို့တော်ဆီ ပြန်ရောက်ပြီးတဲ့နောက်... သူက အိပ်ရေးပျက်ခံပြီး ဆက်တိုက် ရေးဆွဲခဲ့တာပါ။"
ဖန်ကျန်းရီသည် ခေါင်းညိတ်လိုက်ပြီး ခါးကို ကိုင်းညွှတ်ကာ သေသေချာချာ အကဲခတ် ကြည့်ရှုလိုက်၏။ ပြီးနောက် ပြောလိုက်သည်။ "အင်း ... ကျိုးဝမ် ဟုတ်လား။ သူ့ကို ကျောင်းထုတ်လိုက်ပြီ။ "
မိုရှောင်ဟူမှာ အံ့အားသင့်သွား၏။ "ဗျာ။ "
ဖန်ကျန်းရီ၏ မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်များ ထွက်ပေါ်လာပြီး နှာခေါင်းရှုံ့လိုက်၏။ "ဟွန့် ... ဖားယားထားတဲ့ လက်ရာကြီး။ သူက ဒီလို ပန်းချီမျိုး ဆွဲထားမှတော့ တခြားသူတွေက ဘယ်လိုလုပ်ပြီး အကဲဖြတ် ရွေးချယ်ရဲတော့မှာလဲ။ တစ်လ ကြာပြီးရင် အကြောင်းပြချက် တစ်ခုခုရှာပြီး သူ့ကို ကျောင်းထုတ်ပစ်လိုက်။ နောင်ကျရင် ကျောင်းတော်ထဲမှာ ဒီလို ပန်းချီမျိုး ဆွဲတဲ့လူ ထပ်ရှိနေသေးရင်... အကုန်လုံးကို ကျောင်းထုတ်ပစ်မယ်။ စည်းကမ်းကို နည်းနည်းလေးမှ နားမလည်ဘူး။ "
မိုရှောင်ဟူက အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြန်ပြော၏။ "ဒါပေမဲ့ ... သူ ဆွဲထားတာက တကယ်ကို ကောင်းမွန်နေတာပါ။"
ဖန်ကျန်းရီက လက်ခါပြလိုက်သည်။ "ကျုပ်ရှေ့မှာ ဘယ်သူကမှ လာပြီး ဉာဏ်ရည်ပြလို့ မရဘူး။ သူက ဒီလို ပန်းချီမျိုး ဆွဲရတဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာကို ကျုပ် မသိဘူးများ မှတ်နေလား။ ကျောင်းတော်ရဲ့ သင်ယူမှု လေထုကို ထိခိုက်စေတယ်... ထား,ထားလို့ မရဘူး။ နောင်ကျရင် ကျောင်းသားတွေကို တိတ်တဆိတ် သတိပေးလိုက်... ဒါက လုံးဝ ထိတွေ့လို့ မရတဲ့ အကြောင်းအရာပဲ ဆိုတာကို။ တော်ပြီ ... ခဲခြစ်ပန်းချီ သင်ပေးတဲ့ ဆရာကို သွားခေါ်လိုက်... ပြီးရင် မြင်းတစ်ကောင် ဆွဲလာခဲ့... အဝတ်နီတစ်စပါ ယူလာပြီး ဒီနေရာမှာ ပုံဆွဲကြမယ်။ "
ပန်းချီဆရာ ရောက်ရှိလာသောအခါ ဖန်ကျန်းရီသည် မြင်းကို ဆွဲယူလာပြီး ကျောက်လင်လုံအား ပြောလိုက်၏။ "လာ ... မြင်းပေါ်တက်။ ပန်းချီဆရာကို မင်းအတွက် ပန်းချီတစ်ကား ရေးဆွဲခိုင်းမလို့။ ပြီးရင် ဒီအဝတ်နီကြီးကိုပါ ခြုံထားလိုက်။ "
ကျောက်လင်လုံမှာ ဘာလုပ်ရမှန်းမသိ ဖြစ်နေပြီး မေးလိုက်သည်။ "အမတ်မင်းဖန် ... ရှင် ဘာလုပ်မလို့လဲ။ "
ဖန်ကျန်းရီက ပြန်ဖြေ၏။ "မင်းက ငါတို့ အမျိုးသမီးကျောင်းတော်ရဲ့ ပထမဆုံး ကျောင်းတက်မည့် မိန်းကလေး လေ။ သေချာပေါက် မင်းကို အဓိကထားပြီး ဝါဒဖြန့်ရမှာပေါ့... ပြီးမှ တခြား မိန်းကလေးတွေကို ကျောင်းတက်ဖို့ ဆွဲဆောင်ရမယ်။ မင်းမှာ သဘောထားကွဲလွဲမှု ဘာများရှိလို့လဲ။ "
ကျောက်လင်လုံက တီးတိုး ပြောလိုက်သည်။ "ကျွန်မ ရှင့်ကို သဘောမတူရသေးပါဘူး ... ရှင်က ကျောင်းတော်ကြီး ကို ဒီလောက်တောင် ပေါ့ပေါ့ဆဆ လုပ်နေတာ... ကျွန်မကို နောက်ပြောင်နေတာတော့ မဟုတ်ပါဘူးနော်။ "
ဖန်ကျန်းရီက လေးနက်စွာ ဖြေ၏။ "ပေါ့ဆတယ် ဟုတ်လား။ မဟုတ်ဘူး … မဟုတ်ဘူး... ဒါက နည်းနည်းလေးမှ ပေါ့ဆနေတာ မဟုတ်ဘူး။ လေဆိုတာ မြက်ပင်လေးတွေရဲ့ အဖျားကနေ စတင် တိုက်ခတ်လာပြီး... လှိုင်းတံပိုး ဆိုတာကလည်း လှိုင်းငယ်လေးတွေ ကြားကနေ ကြီးမားလာတတ်တာပဲ။
ဘယ်လို ကြီးကျယ်ခမ်းနားတဲ့ လုပ်ငန်းကြီးမဆို ရိုးရှင်းတဲ့အရာလေးတွေ ကနေ စတင်ရစမြဲပဲ။ မိုးပေါ်ထိုးထွက်နေတဲ့ သစ်ပင်ကြီး တစ်ပင် ဖြစ်လာဖို့ ဆိုတာကလည်း မျိုးစေ့လေး တစ်စေ့ကနေ အရင် စတင်ရတာပဲလေ။
ဘဝကြီးက ဇာတ်ကား ရိုက်နေတာမှ မဟုတ်တာ... ဘယ်မှာ ဒီလောက်များပြားတဲ့ အခမ်းအနား အစီအစဉ်တွေ ရှိနေမှာလဲ။ ဒီနောက်ပိုင်းမှာ ကိုယ် ကိုယ်တိုင် ဖြေရှင်းရမည့် ကိစ္စတွေ အများကြီး ကျန်နေသေးတယ်။ မင်း စိတ်ကူးထားသလိုမျိုး သိပ်မလွယ်ကူလှဘူး။ ဒါ့အပြင် ကျုပ်မှာ မင်းကို လိမ်စရာ အကြောင်းပြချက် ရှိသေးလို့လား။ အကယ်၍ မင်း အိမ်ပြန်ချင်နေတယ် ဆိုရင်တောင် ပြဿနာ မရှိပါဘူး... ကျုပ်ကို တစ်ကြိမ်လောက် ကူညီပေးတယ်လို့ သတ်မှတ်လိုက်ရင် ဘယ်လိုလဲ။ အကယ်၍ ဒီစမ်းသပ်မှုကြီးက တာ့ကျင်းမှာ အောင်မြင်သွားခဲ့ရင်... အမျိုးသမီးကျောင်းတော်ကို ရွှေတိုင်းပြည်ဆီအထိ ဖွင့်လှစ်ပေးဖို့ ဝန်လေးနေမှာ မဟုတ်ဘူး။ အဲဒီအချိန်ကျရင် မင်းက ရွှေတိုင်းပြည်က ရေတွက်လို့မရနိုင်တဲ့ အမျိုးသမီးတွေရဲ့ ကယ်တင်ရှင်ကြီး ဖြစ်လာလိမ့်မယ်။ "
သူက ဆက်လက် စည်းရုံး၏။ "ဒုက္ခတွင်းထဲ ကျရောက်နေကြတဲ့ အမျိုးသမီးတွေကို မင်းပဲ စဉ်းစားကြည့်လေ... တစ်သက်လုံး သူများ ထိန်းချုပ်တာကို ခံနေရပြီး... ကိုယ်ပိုင်ဘဝကို ရွေးချယ်ဖို့ အခွင့်အရေး လုံးဝ မရှိကြဘူး။ မင်း ဒီအတိုင်းကြီး ထိုင်ကြည့်နေရက်သလား ..."
ကိုယ်ကျင့်တရားဖြင့် အကျပ်ကိုင်မှုများ ဆက်တိုက် ဝင်ရောက်လာပြီးနောက် ကြီးမားလှသော တာဝန်ဝတ္တရား ခေါင်းစဉ်ကြီးများ ဖိချခံလိုက်ရသောကြောင့် ကျောက်လင်လုံမှာ တိတ်ဆိတ် ငြိမ်သက်သွား၏။ မည်သို့ပင်ဖြစ်စေ သူမသည် စာပေလေ့လာဖူးသူ တစ်ဦးဖြစ်ရာ... ဖန်ကျန်းရီ ပြောဆိုသည်ကို ကြားသိရပြီးနောက် သူသာ မလုပ်ဆောင်ပေးဘူး ဆိုလျှင်... ငရဲဘုံကပင် သူမအတွက် သီးသန့် အထပ်တစ်ထပ် ဖွင့်ပေးလိမ့်မည်ဟု ခံစားလိုက်ရသည်။
ဖန်ကျန်းရီ ကမ်းပေးလာသော အဝတ်နီကြီးကို ကြည့်ကာ... သူမသည် လက်ကို တိတ်တဆိတ် ဆန့်ထုတ်လိုက်၏။ "ကောင်းပြီလေ ... ဒါဆိုလည်း အမတ်မင်းဖန်ကို ကျွန်မ တစ်ကြိမ် ကူညီပေးပါ့မယ်။ နောက်ပိုင်း ကိစ္စတွေကတော့ ..."
ဖန်ကျန်းရီက ဖြတ်ပြောလိုက်သည်။ "နောက်ပိုင်း ကိစ္စတွေကို နောက်မှ ပြောကြတာပေါ့။ ခဏနေရင် မင်းကို စာသင်ဆောင်ဆီ ခေါ်သွားပြီး ပြသအုံးမယ်။ အဲဒီကျမှ မင်း ဆုံးဖြတ်ချက် ချပါ။"