← Chapters

အခန်း (၈၅၀-၈၅၁)

Vol. 45 Ch. 850-851

အခန်း (၈၅၀-၈၅၁)

Vol. 45 Ch. 850-851

အပိုင်း (၈၅၀) သတင်းစာတိုက်၏ အခြေအနေသစ်နှင့် ညွှန်ကြားရေးမှူးဖန်၏ စီမံခန့်ခွဲမှု နိယာမ။

တစ်နာရီခန့် ကြာပြီးနောက်... မြင်းပေါ်တွင် ထိုင်နေသော ကျောက်လင်လုံ၏ ခဲခြစ်ပန်းချီမှာ ရေးဆွဲပြီးစီးသွား၏။ ဖန်ကျန်းရီသည် ပန်းချီကားကို လှမ်းယူ ကြည့်ရှုလိုက်ပြီးနောက်... စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

ကျောက်လင်လုံသည် မြင်းပေါ်တွင် ရဲဝင့် ထည်ဝါစွာ ထိုင်နေပြီး အရှေ့ဘက်သို့ ခိုင်မာ ပြတ်သားသော အကြည့်များဖြင့် ကြည့်နေကာ... ကျောနောက်ရှိ 'ဝတ်ရုံ' မှာ လေထဲတွင် လွင့်ပျံနေ၏။

ယာယီ ဖမ်းဆွဲခံထားရသော ကျောင်းသားအချို့က ယပ်တောင်ကြီးများကို ကိုင်ကာ ကျောက်လင်လုံထံသို့ အပြင်းအထန် ယပ်ခတ်ပေးနေခြင်းကြောင့်ပင် ဖြစ်သည်။ ရေးဆွဲရာတွင် အနည်းငယ် လောသွားခဲ့သော်လည်း... အဓိက အစိတ်အပိုင်းများ အားလုံးကို ဖော်ပြနိုင်ခဲ့ပြီးဖြစ်ကာ... နောက်ပိုင်းတွင် သေသေချာချာ ပြန်လည် ပြင်ဆင် မွမ်းမံနိုင်သေးသည်။

သေသေချာချာ စစ်ဆေးကြည့်ပြီးနောက် လစ်ဟင်းမှုများ မရှိကြောင်း မြင်သောအခါ... ဖန်ကျန်းရီသည် ပန်းချီကားကို မိုရှောင်ဟူထံ ကမ်းပေးရင်း ပြောလိုက်၏။ "ဒီပုံကို ပုံနှိပ်စာလုံး ပုံစံထုတ်ပြီး ပန်းရှန်း သတင်းစာတိုက်ဆီ ပို့ပေးဖို့ လူရှာလိုက်။ သေချာပေါက် သေသပ် ကျနနေစေရမယ်... ပေါ့ပေါ့ဆဆ မလုပ်နဲ့။ "

မိုရှောင်ဟူက ပြန်ဖြေ၏။ "ဟုတ်ကဲ့ပါ သခင်လေး … စာသင်ဆောင်ဘက်က ဆိုင်းဘုတ်ကိုလည်း တင်ပြီးသွားပါပြီ။ သခင်လေး သွားကြည့်မလား။ "

ဖန်ကျန်းရီက တုံ့ပြန်လိုက်သည်။ "သွားကြစို့။ "

သူတို့သည် အမျိုးသမီးသုံးဦးကို ခေါ်ဆောင်ကာ စာသင်ဆောင်ရှိရာသို့ အလျင်အမြန် လျှောက်သွားလိုက်ကြ၏။

မူလက အလွတ်ထားရှိသော အဆောက်အအုံပေါ်တွင် ဆိုင်းဘုတ်ကြီးတစ်ခု ချိတ်ဆွဲထားပြီး ဖြစ်သည်။

[လင်လုံအဆောင်] ဟူသော စာလုံးသုံးလုံးမှာ အထင်အရှား ပေါ်လွင်နေသော်လည်း အတွင်းတွင် အတိအကျ ဘာတွေ သင်ကြားပေးမည်ကိုတော့ ကျောက်လင်လုံ တစ်ယောက် နားမလည်နိုင်သေးချေ။ သို့ပေမည့် သူမ၏ နာမည်ကို ထွင်းထုထားသော ဆိုင်းဘုတ်ကြီးကို ကြည့်ကာ... သူမ၏ ရင်ထဲတွင် အလိုအလျောက် ထူးဆန်းသော ခံစားချက်တစ်ခု ထွက်ပေါ်လာ၏။

ဖန်ကျန်းရီက ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။ "ဒီအမတ်မင်းရဲ့ အလုပ်လုပ်နိုင်စွမ်းက ဘယ်လိုနေလဲ။ ဒီနေရာက နယ်မြေ သတ်မှတ်ပြီးသွားပြီ... နာမည်လည်း ရှိသွားပြီ။ အမျိုးသမီးကျောင်းတော်ရဲ့ စည်းမျဉ်း သတ်မှတ်ချက်တွေကို ရေးဆွဲဖို့ အချိန်အနည်းငယ်လောက်တော့ ထပ်ယူရအုံးမယ်။ အဲဒီနောက်ပိုင်းကျရင် ကျောင်းသား စတင် ခေါ်ယူလို့ ရပြီ။ ပထမဆုံးအသုတ် ကျောင်းသားတွေကို အခမဲ့ ကျောင်းတက်ခွင့် ပြုမယ်။ ဒါတင်မကသေးဘူး... သူတို့ကို ကျုပ်က ငွေတောင် ထောက်ပံ့ပေးအုံးမလို့။ လင်လုံ ... မင်း ဘယ်လိုထင်လဲ။ "

ကျောက်လင်လုံသည် ဆိုင်းဘုတ်ကြီးကို ငေးမောကြည့်ရင်း မေးလိုက်၏။ "အမတ်မင်းဖန် ပြောတာက တကယ်လား။ "

ဖန်ကျန်းရီက ခေါင်းညိတ်ပြလိုက်သည်။ သဘာဝကျကျပင် လေလုံးထွားနေခြင်း မဟုတ်ချေ။ အမျိုးသမီးများကို ကျောင်းတက်ရန် ခေါ်ယူလိုပါက သေချာပေါက် ငွေကြေး အမြောက်အမြား သုံးစွဲရပေလိမ့်မည်။ လက်ရှ ိခေတ်ကာလရှိ အမျိုးသမီးများမှာ သာမန်ပြည်သူများ၏ အယူအဆအရ ရှုံးစေသော ကုန်ပစ္စည်းများသာ ဖြစ်ကြရာ... အကယ်၍ ကျောင်းတက်ရန်အတွက် ငွေကုန်ခံရဦးမည် ဆိုပါက လူတစ်ယောက်ကိုမျှ ခေါ်ယူနိုင်မည် မဟုတ်ချေ။

ထို့အပြင် အမျိုးသမီးများ၏ နောက်ဆက်တွဲ အလုပ်အကိုင် နေရာများကိုပါ သူကိုယ်တိုင် ထပ်မံ ဖန်တီးပေးရဦးမည်။ ဤအရာများကို လက်ရှိ ဈေးကွက်က ဖြည့်ဆည်းပေးနိုင်ရန် အလွန် ခက်ခဲလှသည်။

သူက ပြတ်သားစွာ ပြောလိုက်၏။ "ကျုပ်အိတ်ကပ်ထဲကနေ စိုက်ထုတ်ပြီး... ပထမအဆင့် အနေနဲ့ အမျိုးသမီးတွေ ကျောင်းတက် စာသင်နိုင်ဖို့ ငွေတစ်သောင်း ထုတ်ပေးထားမယ်။ ဒီကျောင်းတော်ကနေ သင်ကြားပေးလိုက်တဲ့ အမျိုးသမီးတွေက ကိုယ်ပိုင် အရည်အချင်းနဲ့ လွတ်လွတ်လပ်လပ် ငွေရှာနိုင်တဲ့ အဆင့်အထိ ရောက်ရှိသွားချိန်ကျမှသာ ထောက်ပံ့ကြေးကို ရပ်တန့်မယ်။ ကျုပ်မှာ ပိုက်ဆံရှိနေသမျှ ကာလပတ်လုံး အဆုံးအထိ ကူညီပေးသွားမယ်။ "

ဖန်ကျန်းရီ၏ ပြတ်သား ခိုင်မာလှသော စကားများကို ကြားသိရသောအခါ ကျောက်လင်လုံ၊ ချူချင်ဟန်နှင့် ချူယိုယီတို့ သုံးဦးစလုံး၏ ခန္ဓာကိုယ်များ တုန်တက်သွားပြီး မျက်ရည်များပင် ဝဲလာကြ၏။ ကျောက်လင်လုံသည် ခေါင်းငုံ့ထားရင်း... ရင်ထဲတွင် အလွန်အမင်း လှုပ်ရှား ကြည်နူးစွာဖြင့် မေးလိုက်သည်။ "ဘာဖြစ်လို့လဲ ... အမတ်မင်းဖန်က ဘာဖြစ်လို့ ဒီအဆင့်အထိ လုပ်ဆောင်ပေးရတာလဲ။ "

ဖန်ကျန်းရီသည် လှည့်ထွက်သွားပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ အမျိုးသမီးသုံးဦးအတွက် ဆွဲဆောင်မှုရှိသော ကျောပြင်တစ်ခုကို ချန်ထားရစ်ခဲ့သည်။ ပြီးနောက် သက်ပြင်းချလိုက်၏။ "ဒီလောကကြီးက ဒီလိုပုံစံမျိုး မဖြစ်သင့်ဘူး။ အမျိုးသမီး အများစုက ရှေးယခင်တည်းက ပစ္စည်းဥစ္စာ တစ်ခုလို သတ်မှတ်ခံခဲ့ရပြီး... ဂုဏ်သိက္ခာတွေ နင်းချေခံခဲ့ရတယ်။ ပြီးတော့ အရပ်ထဲမှာ ဓလေ့တစ်ခု ရှိသေးတယ်... သားယောကျာ်းလေး မွေးရင် ဝမ်းမြောက်ဝမ်းသာ ဂုဏ်ပြုကြပြီး... သမီးမိန်းကလေး မွေးရင်တော့ သတ်ပစ်ကြတယ်တဲ့။

ဒါက ကိုယ်ကျင့်တရားတွေ ပျက်စီးပြီး လူ့သဘာဝတွေ ဆုတ်ယုတ်နေတာပဲ။ ကျုပ်က ဒေသတစ်ခုရဲ့ အုပ်ချုပ်သူ အရာရှိ ဖြစ်နေချိန်မှာတောင် ကိုယ်တိုင် ကိုယ်ကျ စီမံပြီး အဲဒီလို ယုတ်ညံ့တဲ့ ဓလေ့ဆိုးတွေကို တိုက်ဖျက်ခဲ့ရတယ်။ အခုလို ရာထူးမြင့်မားတဲ့ နေရာမျိုးမှာ ရောက်နေချိန်မှာတော့ ဆိုဖွယ်ရာတောင် မရှိတော့ဘူးပေါ့ ... ကျုပ်ရဲ့ ဒီတစ်သက်တာ ဘဝကြီးက တစ်လောကလုံးရှိ ပြည်သူတွေရဲ့ ကောင်းကျိုး ချမ်းသာအတွက်နဲ့... လောကကြီး ပြောင်းလဲသွားစေဖို့ တွန်းအားပေး ကြိုးပမ်းသွားဖို့ပဲလို့ ထင်တယ်။ ဒီလောက်ပါပဲ။ "

ညွှန်ကြားရေးမှူးဖန်၏ ဟန်ဆောင်မှုမှာ ပြည့်စုံလွန်းလှသော်လည်း ပြောလိုက်သော စကားများမှာမူ အမှန်တကယ်ပင် ရင်တွင်းဖြစ် စကားများသာ ဖြစ်၏။ သို့ပေမည့် ဤပေါ့ပါးလှသော စကားတစ်ခွန်းက အမျိုးသမီးသုံးဦးထံ ပေးစွမ်းလိုက်သည့် တုန်လှုပ်မှုမှာ ဗုံးတစ်လုံး ပေါက်ကွဲသွားသည်နှင့် မခြားနားလှချေ။ လှပသော စကားများကို လူတိုင်း ကြားဖူးခဲ့ကြသော်လည်း... ယခုကဲ့သို့ ငွေကြေး အစစ်အမှန်များကို ထည့်ဝင် အသုံးပြုတော့မည် ဖြစ်၏။ ဤသည်မှာ ဟန်ဆောင်နေခြင်း ဖြစ်နိုင်ပါဦးမည်လား။ အလွန်တရာ ကြီးမြတ်လှသော စိတ်ထားနှင့် အလွန်တရာ မြင့်မြတ်လှသော ကိုယ်ကျင့်တရားပင် ဖြစ်တော့သည်။

ဖန်ကျန်းရီသည် လှည့်ကြည့်လိုက်ရာ ချူချင်ဟန်၏ မျက်လုံးများတွင် လေးစား အထင်ကြီးမှုများ ပြည့်နှက်နေသည်ကို မြင်သောအခါ... ရင်ထဲတွင် အနည်းငယ်တော့ မြောက်ကြွမြောက်ကြွ ဖြစ်သွားမိ၏။ ၏

ကောင်မလေး ... ငါ့ရဲ့ ဒီပုံစံက မင်းကို သတိလစ်လုမတတ် မဆွဲဆောင်နိုင်သေးဘူးလား။

ထို့နောက် သူသည် ကျောက်လင်လုံထံသို့ လက်ဆန့်ထုတ်လိုက်ပြီး အသံကို နှိမ့်၍ လေးနက် တည်ကြည်စွာ မေးလိုက်သည်။ "လင်လုံ ... ကျုပ်တို့ရဲ့ အဖွဲ့ထဲကို မင်း ဝင်ရောက်ချင်သလား။ "

အဖွဲ့ ဟုတ်လား။

ဤစကားကို ရုတ်တရက် ကြားလိုက်ရချိန်တွင်... ကျောက်လင်လုံမှာ အနည်းငယ်တော့ ပြောရခက်သလို ခံစားလိုက်ရသော်လည်း ထိုခံစားချက်လေးမှာ အလျင်အမြန်ပင် ပျောက်ကွယ်သွားခဲ့၏။ ယခုအခါ သူမ၏ ရင်ထဲတွင် ကြီးမားသော တာဝန်ဝတ္တရား တစ်ခုနှင့် မြင့်မြတ်လှသော ခံစားချက်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

ဤသည်မှာ မည်ကဲ့သို့သော လုပ်ငန်းကြီးနည်း။ သူမအနေဖြင့် ဝင်ရောက်ခွင့် ရရှိခြင်းအပေါ် ဂုဏ်ယူဝမ်းမြောက်သင့်ပေသည်... ငြင်းဆန်နိုင်ပါမည်လား။

ဖန်ကျန်းရီ ဆန့်ထုတ်ပေးလာသော လက်ကို ကြည့်ကာ... ကျောက်လင်လုံမှာ စိတ်လှုပ်ရှား ယိမ်းယိုင်သွားခဲ့၏။.

သူမက ပြန်ဖြေလိုက်သည်။ "ကျွန်မ ... အကယ်၍ အမတ်မင်းဖန်က ကျွန်မ ကူညီပေးတာကို လိုလားတယ် ဆိုရင်... ကျွန်မ ဝင်ရောက်ပါ့မယ်။ ဒါပေမဲ့ ကျွန်မမှာ တောင်းဆိုချက် တစ်ခုရှိတယ်။ အကယ်၍ ကျွန်မ အိမ်ပြန်ချင်တယ် ဆိုရင်... အမတ်မင်းက အိမ်ပြန်ခွင့် ပြုစေချင်တယ်။"

ဖန်ကျန်းရီမှာ အလွန်အမင်း ဝမ်းသာသွားခဲ့၏။ "ဒီလို အသေးအဖွဲ ကိစ္စလေးကို ကျုပ်က ဘာဖြစ်လို့ သဘောမတူဘဲ နေရမှာလဲ။ မင်း ဆန္ဒရှိနေသမျှ ကာလပတ်လုံး အချိန်မရွေး အိမ်ပြန်လို့ ရတယ်။ ဒါတင် မကသေးဘူး... မြို့တော်ထဲမှာ မင်း နေထိုင် စားသောက်စရိတ် အကုန်လုံးကို ကျုပ် တာဝန်ယူပေးမယ်... လစဉ်လတိုင်းလည်း လစာပုံမှန် ပေးအုံးမယ်။ "

ကျောက်လင်လုံက အလန့်တကြားဖြင့် လက်ကို ဆက်တိုက် ခါပြလိုက်၏။ "မလိုပါဘူး ... မလိုပါဘူးရှင်။ "

ဖန်ကျန်းရီက ပြတ်သားစွာ ပြောလိုက်သည်။ "မဖြစ်မနေ ယူရမယ်။ ဒီကိစ္စကို မင်း ထပ်ပြောနေစရာ မလိုတော့ဘူး... ကျုပ်တို့ ဒီအတိုင်းပဲ သတ်မှတ်လိုက်မယ်။ ဒီကနေ့ကစပြီး မင်းက ဒီကျောင်းတော်ရဲ့ ပထမဆုံးသော ကျောင်းသူလေးပဲ။ နောက်ပိုင်း လှုပ်ရှားမှု အစီအစဉ်တွေ ရှိလာရင် ကျုပ် စီစဉ်တာကိုသာ နာခံလိုက်ပါ။ ဒီရက်ပိုင်းအတွင်း မင်း စိတ်ကို အေးအေးဆေးဆေး ထားလိုက်... ချင်ဟန်တို့နဲ့ မြို့တော်ထဲမှာ သေချာ လိုက်လည် .. ခန္ဓာကိုယ် ကျန်းမာလာအောင် ဂရုစိုက်ပါ။"

ကျောက်လင်လုံက တုံ့ပြန်လိုက်၏။ "ကျေးဇူးတင်ပါတယ် အမတ်မင်းဖန်။ "

နောက်တစ်နေ့တွင်... ဖန်ကျန်းရီသည် ပန်းရှန်းသတင်းစာတိုက်သို့ တစ်ယောက်တည်း ရောက်ရှိလာသည်။

သတင်းစာတိုက်သို့ မလာရောက်ခဲ့သည်မှာ အတော်ကြာပြီဖြစ်သော်လည်း ပုံမှန်အတိုင်း အလုပ်များနေဆဲဖြစ်ကာ... ထုံးစံအတိုင်း စိမ်းကားသော မျက်နှာသစ်များ အများအပြား တိုးလာခဲ့၏။

အခန်းထဲတွင် ဖန်ကျန်းရီနှင့် ရှဲ့ရှန်းတို့ နှစ်ဦး မျက်နှာချင်းဆိုင် ထိုင်နေကြ၏။ ဖန်ကျန်းရီသည် လက်ဖက်ရည်ကို တစ်ကျိုက် သောက်လိုက်ပြီး မေးလိုက်သည်။ "သတင်းစာတိုက်က မကြာသေးခင်က ဘယ်လိုနေလဲ။ "

ရှဲ့ရှန်းက ပြန်ဖြေ၏။ "အကုန်လုံး ပုံမှန်ပါပဲ... လူအများအပြားတော့ ထွက်သွားကြတယ်။ အကုန်လုံးက စာမေးပွဲ ဖြေဆိုဖို့ ပြင်ဆင်နေကြတာပါ။ ဒါပေမဲ့ ကျုပ်တို့ လူသစ် ခေါ်ယူရတာကတော့ အတော်လေး ချောမွေ့ပါတယ်။ ဒါပေမဲ့ ... လူသစ်တွေက သိပ်ပြီး စကားမနားထောင်ကြဘူး... လစာတိုးပေးဖို့ကိုပဲ ဆက်တိုက် ဆူပူ အော်ဟစ်နေကြတယ်။"

ဖန်ကျန်းရီသည် မျက်ခုံးပင့်ကာ မေးလိုက်၏။ "တစ်လကို ငွေနှစ်တေလ်းအပြင် ဆုကြေးငွေတွေနဲ့ ပွဲတော်ရက် ခွင့်ခံစားခွင့်တွေ အများကြီး ရှိနေတာကိုတောင် နည်းနေသေးတယ် ဟုတ်လား။ လူသစ်တွေက ဘာဖြစ်လို့ လောဘ ဒီလောက်ကြီးနေရတာလဲ။ "

ရှဲ့ရှန်းသည် လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ "ငွေနှစ်တေလ်း ဆိုတာက ... တကယ်ကို မနည်းပါဘူး။ ဒါပေမဲ့ ဒီနှစ်ပိုင်းတွေအတွင်း ကုန်ဈေးနှုန်းတွေက အမှန်အတိုင်း ပြောရရင် အတော်လေး မြန်မြန် တက်လာခဲ့တယ်။ အခုဝင်လာတဲ့ လူသစ်တွေရဲ့ အရည်အချင်းနဲ့ အခြေအနေတွေက မဆိုးကြတော့... ငွေနှစ်တေလ်းကို လုံးဝ အထင်မကြီးကြဘူး။

ပြီးတော့ အခု မြို့တော်ထဲမှာ ပညာတတ် အဆင့်အတန်းရှိတဲ့ ကိုယ်ပိုင်ကျောင်းက ဆရာတစ်ယောက်တောင် တစ်လကို ငွေနှစ်တေလ်း ရနေတာ... အဲဒါက ကျုပ်တို့ဆီထက် အများကြီး ပိုပြီး သက်သောင့်သက်သာ ရှိသေးတယ် ... လစာ နည်းနည်းလောက် တိုးပေးလိုက်ရမလား။ "

ဖန်ကျန်းရီသည် ခေါင်းကို အပြင်းအထန် ယမ်းပြလိုက်ပြီး ပြောလိုက်၏။ "ဟွန့် ... ကျုပ်တို့ဆီက ဘယ်လို ခံစားခွင့်မျိုးတွေလဲ။ အခမဲ့ စာကြည့်တိုက်အပြင် စုတ်တံ... မင်... စက္ကူနဲ့ မင်သွေးကျောက် အကုန် အလကား ပေးထားတယ်... ပွဲတော်ရက်တွေနဲ့ မွေးနေ့တွေမှာလည်း လက်ဆောင်ပေးသေးတယ်... ပြီးတော့ အလုပ်အတွေ့အကြုံတွေပါ ရနေသေးတာ... တစ်နှစ်ကို ငွေဘယ်လောက်တောင် သက်သာသွားမလဲ။

တိုးပေးလို့ မရဘူး... လုံးဝ တိုးပေးလို့ မရဘူး။ လူတွေကို စီမံအုပ်ချုပ်တဲ့ နေရာမှာ နားယောင်လွယ်လို့ မရဘူး။ သတင်းထောက်တွေက လစာတိုးတောင်းတာက လူ့သဘာဝပဲ... သူတို့ရဲ့ အမြင်က အဲဒီလောက်ပဲ ရှိတာကိုး။ ဒါပေမဲ့ ဘယ်လို လုပ်ဆောင်ရမလဲ ဆိုတာကတော့ ခင်ဗျားရဲ့ ဉာဏ်ပညာကို စမ်းသပ်ရမည့် အချိန်ပဲ။

မြို့တော်ထဲမှာ ကျုပ်တို့ သတင်းစာတိုက် တစ်ခုတည်း ရှိနေတာမှ မဟုတ်တာ။ ကျုပ် လစာတိုးပေးလိုက်ရင် တခြားသူတွေက ဘယ်လိုလုပ်မလဲ... လုပ်ငန်းတူတွေ ခံနိုင်ရည် ရှိမရှိ ဆိုတာကိုလည်း ကျုပ်တို့ ထည့်သွင်း စဉ်းစားရမယ်။ ကိုယ့်သဘောနဲ့ကိုယ် လျှောက်လုပ်နေတာက လူ့အဖွဲ့အစည်းအတွက် အကျိုးပြုမှု မဟုတ်ဘဲ ဆိုးကျိုး တစ်ခု ဖြစ်သွားလိမ့်မယ်။ "

ရှဲ့ရှန်းက ပြုံးသက်သက်ဖြင့် ပြန်ပြော၏။ "ဟုတ်ကဲ့ပါ ... ဟုတ်ကဲ့ပါ။ ဒါပေမဲ့ လူသစ်တွေရဲ့ နောက်ခံက တကယ်ကို သာမန်မဟုတ်ကြဘူး... အရမ်းလည်း မာနကြီးကြတယ်။ သတင်းထောက်ဟောင်းတွေကို တိတ်တဆိတ် သွားပြောကြသေးတယ်... ကျုပ်တို့ဆီမှာ ကြော်ငြာခတွေ အများကြီး ရနေလျက်နဲ့ တစ်လကို ငွေနှစ်တေလ်းတည်း ပေးတာက သွေးစုပ် ခေါင်းပုံဖြတ်တာပဲတဲ့။ နောင်ကျရင် ပြဿနာ ကြီးလာရင် ဘယ်လိုလုပ်မလဲ။ "

ဖန်ကျန်းရီက လှောင်ပြုံး ပြုံးလိုက်၏။ "ဘာတွေ လျှောက်ပြောနေတာလဲ။ သွေးစုပ်တာ ဟုတ်လား။ ကျုပ်တို့က စီးပွားရေး လုပ်နေတာလေ... သူများကို အတင်းအဓမ္မ လုပ်ခိုင်းနေတဲ့ လူမိုက်တွေမှ မဟုတ်တာ။ တရားဝင် စီးပွားရေး ဖြစ်နေသမျှ ကာလပတ်လုံး သွေးစုပ် ခေါင်းပုံဖြတ်တယ် ဆိုတာ မရှိဘူး။

ဆင်းရဲတဲ့လူတိုင်းက မှန်ကန်နေတာမှ မဟုတ်တာ။ သတင်းစာတိုက်ရဲ့ တံခါးကြီးကို သော့ခတ်ပြီး သူတို့ကို မသွားခိုင်းဘဲ နေလို့လား။ သူတို့မှာ တခြားနေရာတွေဆီ သွားပြီး ထမင်းစားဖို့ နည်းလမ်း မရှိတော့ဘူးလား။ အကယ်၍ သတင်းစာတိုက်ကနေ ထွက်သွားတာနဲ့ သေရတော့မယ် ဆိုရင်တောင်... ကျုပ်က ဘာကို အားကိုးပြီး သူတို့ကို လစာပေးရမှာလဲ။

အလုပ်သမားတွေမှာ စားစရာ ဖွဲနုလေး တစ်လုတ် ရှိနေရင် လုံလောက်ပြီ မဟုတ်လား။ ကမ္ဘာပေါ်မှာ သူများဆီ အလုပ်လုပ်ပေးနေရင်း သွေးစုပ်ခံနေရပါတယ်လို့ အော်ဟစ်ပြီး... မထွက်သွားဘဲ အတင်း ကပ်တွယ်နေတဲ့လူမျိုး လုံးဝ မကြားဖူးဘူး။ အကယ်၍ စောက်ရူးထနေတာ မဟုတ်ဘူး ဆိုရင်... ဒါက လူအင်အား များတာကို အားကိုးပြီး ကျုပ်တို့လို အားနည်းတဲ့ အဖွဲ့အစည်းကို အနိုင်ကျင့်နေတာပဲ မဟုတ်လား။ "

ဖန်ကျန်းရီသည် ဒေါသတကြီးဖြင့် စားပွဲကို ဆက်တိုက် ရိုက်ကာ ပြောလိုက်သည်။

ရှဲ့ရှန်းမှာ ခေတ္တမျှ ကြောင်အမ်းအမ်း ဖြစ်သွား၏။

တကယ်တော့ ကျုပ်တို့ကမှ အားနည်းတဲ့ အဖွဲ့အစည်း ဖြစ်နေတာလား။ ကျုပ်က အလုပ်သမားတွေရဲ့ အနိုင်ကျင့်မှုကို ခံနေရတာပေါ့။

သူက မေးလိုက်သည်။ "ဒါဆိုရင် တကယ်တမ်း ဘယ်လိုလုပ်ရမလဲ။ တကယ် ပြဿနာ တက်လာရင်ရော။ "

ဖန်ကျန်းရီက ပြတ်သားစွာ ဖြေ၏။ "ပြဿနာ တက်လာရင် လစာတိုးပေးလိုက်ပေါ့။ ဒါကိုတောင် ကျုပ်ကို လာမေးနေရသေးလား။ စီးပွားရေးလောက ဆိုတာက အားပြိုင်မှု တစ်ခုပဲ... အလုပ်ရှင်နဲ့ အလုပ်သမား ဆိုတာကလည်း အားပြိုင်ရတဲ့ ဆက်ဆံရေးမျိုးပဲ။ ကျုပ်တို့က ပြဿနာ တက်မှာကို ကြောက်ရမယ်... သူတို့က ပြဿနာ မရှာဘူး ဆိုရင် ဘာဖြစ်လို့ လစာတိုးပေးရမှာလဲ။ သတင်းထောက်တွေက အကျိုးအမြတ် ရချင်တယ် ဆိုရင် စည်းလုံးညီညွတ်ပြီး ကျုပ်တို့ကို ဆန့်ကျင် တိုက်ခိုက်ရလိမ့်မယ်။

အပြင်မှာ စီးပွားရေး လုပ်နေကြတဲ့ ဈေးသည်ငယ်တွေ တစ်ယောက်ချင်းစီတိုင်းက သွေးချွေးတွေ ရင်းနှီးပြီး ခက်ခက်ခဲခဲ ရှင်သန်နေကြရတာချည်းပဲ။ သူတို့တွေကတော့ နေပူမရှောင် မိုးရွာမရှောင် ပုံမှန် ဝင်ငွေရနေလျက်နဲ့ ပါးစပ်လေး လှုပ်ရုံနဲ့ လစာတိုးချင်နေတာလား။ အဲဒီလောက် မလွယ်ကူဘူး။ ခင်ဗျား သူတို့နဲ့ အားပြိုင်ရမယ်... ခင်ဗျားရဲ့ တာဝန်က သူတို့တွေ စည်းလုံးပြီး ပြဿနာ မရှာနိုင်အောင် တားဆီးဖို့ပဲ။ ဒီလောက် ရိုးရှင်းတယ်။"

ပြောပြီးနောက် ဖန်ကျန်းရီသည် လက်ဖက်ရည်ကို နောက်တစ်ကျိုက် ထပ်သောက်လိုက်ပြန်၏။

ရှဲ့ရှန်းက သတိထားကာ မေးလိုက်သည်။ "သခင်လေး ... သခင်လေးပဲ သွားပြီး သူတို့ကို သင်ခန်းစာ နည်းနည်းလောက် ထပ်ပေးလိုက်ပါလား ..."

ဖန်ကျန်းရီက ပြန်ပြော၏။ "မသွားဘူး မသွားဘူး။ အပြင်ဘက်မှာ လူတွေကို လေလုံးထွားပြီး စည်းရုံးခဲ့ရတာ များနေပြီ... ခင်ဗျား သွားလိုက်ရင် ရပြီ။ အဲဒီ အလုပ်သမားသစ်တွေရဲ့ နာမည်စာရင်း တစ်ခုကို ရေးဆွဲလိုက်။ ပြီးရင် သူတို့ကို သီးသန့် ခေါ်ပြောလိုက်... စာရင်းထဲမှာ ပါတဲ့လူတွေ အကုန်လုံးက အိမ်ရှေ့စံမင်းသားနဲ့အတူ သေသေချာချာ ရွေးချယ်ထားတဲ့ အလားအလာ အကောင်းဆုံး ပညာတတ်တွေ ဖြစ်တယ်လို့။ ပုံစံအမျိုးမျိုးနဲ့ သူတို့ကို မကြာခဏ ခွန်အားပေး စည်းရုံးလိုက်... တောင်းဆိုမှုတွေကို လုပ်ငန်းစွမ်းဆောင်ရည်အဖြစ် ပြောင်းလဲသွားအောင် ကြိုးစားပါ။

အလုပ်သမားဟောင်းတွေကိုတော့ အရင်ဆုံး သေလုမတတ် ဖိနှိပ်ထားလိုက်... သူတို့မှာ အချိန်မရွေး အလုပ်ပြုတ်သွားနိုင်တဲ့ အန္တရာယ် ရှိနေတယ်လို့ ခံစားရပါစေ... အိမ်ရှိပြီး ဇနီးနဲ့ ကလေးရှိတဲ့လူတွေကို ဦးစားပေး ဖိနှိပ်ပါ။ ဖိအားတွေကို မခံနိုင်တော့တဲ့ အချိန်ကျမှသာ အကျိုးအမြတ် နည်းနည်း ပေးလိုက်...

သူတို့ ခင်ဗျားအပေါ် မှီခိုသွားအောင် လုပ်ပါ... ခင်ဗျားတို့တွေက တစ်ဖွဲ့တည်းသားတွေ ဖြစ်ကြောင်းကို သူ သိပါစေ။ ပြီးမှ အရည်အချင်းရှိတဲ့ အလုပ်သမားသစ်တွေကို တိတ်တဆိတ် လစာတိုးပေးပြီး... တစ်ယောက်ချင်းစီကို ခွဲထုတ် အောင်နိုင်လိုက်။

အဲဒီလိုဆိုရင် အောက်ခြေ အလုပ်သမားတွေကို ကိုင်တွယ်ရတာ လက်တစ်ဝါးစာလောက်ပဲ ရှိတော့မယ် မဟုတ်လား။ စီမံခန့်ခွဲမှု နိယာမ ဆိုတာက တင်းမာချိန်နဲ့ လျှော့ချချိန်ကို မျှတအောင် လုပ်ဆောင်တတ်ဖို့ပဲ။ လွတ်လွတ်လပ်လပ် သွားလုပ် .. နားမလည်ရင် က်ျုပဆီ ပြန်လာမေး။ "

ရှဲ့ရှန်းမှာ ထိုစကားများကို ကြားသိရပြီးနောက် အလွန်အမင်း လေးစား အထင်ကြီးသွား၏။

ဖန်ကျန်းရီ ပြောဆိုပုံမှာ အလွန် ပြင်းထန် ရက်စက်လှသော်လည်း... နောင်တစ်ချိန် သတင်းထောက်များ၏ ခံစားခွင့်များမှာ သေချာပေါက် ဆိုးရွားနေမည် မဟုတ်ချေ။ သခင်လေး သည် ငွေကြေးများကို ရက်ရက်ရောရော ခွဲဝေပေးတတ်သူ တစ်ဦးဖြစ်ရာ... ယခုအချိန် မရောက်သေးဘူးဟု ထင်မြင်နေခြင်းသာ ဖြစ်ပေမည်။

ထိုစဉ် တံခါးပြင်ပမှ လူတစ်ဦးက သစ်သားပြား တစ်ချပ်ကို လာရောက် ပို့ဆောင်၏။

ဖန်ကျန်းရီသည် တံခါးပေါက်သို့ လက်ညှိုးထိုးကာ ရယ်မော ပြောလိုက်သည်။ "ပစ္စည်း ရောက်လာပြီ။ ဒီကနေ့ မင်းကို အရေးကြီးတဲ့ ပြောစရာ ကိစ္စရှိသေးတယ်။"

အပိုင်း (၈၅၁) သတင်းစာတိုက်၏ စီမံခန့်ခွဲမှု သင်တန်းသား။

ပန်းချီကား လာပို့သူမှာ သတင်းထောက် တစ်ဦးဖြစ်ပြီး ကြည့်ရသည်မှာ အနည်းငယ် စိမ်းနေ၏။ ဖန်ကျန်းရီသည် ကိုယ်တိုင် ကိုယ်ကျ မတ်တပ်ရပ် ကြိုဆိုလိုက်ပြီး... ရှေ့သို့တက်ကာ သစ်သားပြားကို လှမ်းယူလိုက်သည်။

ထိုသတင်းထောက်မှာ နောက်သို့ အနည်းငယ် ဆုတ်သွားပြီး... သံသယဖြစ်ဖွယ် အကြည့်များဖြင့် ရှဲ့ရှန်းအား ကြည့်လိုက်၏။

ရှဲ့ရှန်းက ရှင်းပြသည်။ "ဒီပုဂ္ဂိုလ်က အမတ်မင်းဖန်ပဲ။ ကိစ္စရှိရင် သူ့ကို အကုန် ပြောပြလို့ ရတယ်... အားမနာနဲ့။ "

သတင်းထောက်မှာ အံ့အားသင့် ဝမ်းသာစွာဖြင့် ဖန်ကျန်းရီအား ကြည့်လိုက်၏။

ဖန်ကျန်းရီသည် နွေးထွေးသော အပြုံးတစ်ခုကို ဖော်ပြလိုက်ပြီး ရှဲ့ရှန်းဘက်သို့ လှည့်ကာ မေးလိုက်သည်။ "သူက ငါတို့ နောက်ဆုံး ရွေးချယ်ထားတဲ့ စီမံခန့်ခွဲမှု သင်တန်းသား စာရင်းထဲက သတင်းထောက်လား။ "

စီမံခန့်ခွဲမှု သတင်းထောက် ဟုတ်လား။

သတင်းထောက်နှင့် ရှဲ့ရှန်းတို့ နှစ်ဦးစလုံး၏ ဦးနှောက်ထဲတွင် တစ်ပြိုင်နက်တည်း မေးခွန်းထုတ်စရာ ဖြစ်သွားကြ၏။ အနည်းငယ် သံသယ ဝင်မိသော်လည်း ရှဲ့ရှန်းသည် တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။ "မှန်ပါတယ်။ သူက အသုတ်သစ်ထဲက စီမံခန့်ခွဲမှု သတင်းထောက်ပါ။ ဝေ့ကျိယုံ ... အမတ်မင်းဖန်ကို ဂါရဝ မပြုသေးဘူးလား။ "

ကြည့်ရတာ ငါကို အလုပ်ခေါ်တာ နောက်ကွယ်မှာ လျှို့ဝှက်ချက် ရှိနေပုံပဲ။ ဘာဖြစ်လို့ ဘယ်သူကမှ ငါ့ကို မပြောပြတာလဲ။

ဝေ့ကျိယုံမှာ အံ့အားသင့် ဝမ်းသာစွာဖြင့် ပြောလိုက်၏။ "အမတ်မင်းဖန်ကို ဂါရဝပြုပါတယ်။"

ဖန်ကျန်းရီသည် ပခုံးကို ပုတ်ကာ ပြောလိုက်၏။ "အင်း ... မဆိုးဘူး။ ရုပ်ရည်သွင်ပြင် ကြည့်ကောင်းသလို... စွမ်းဆောင်ရည်လည်း ထက်မြက်ပုံ ပေါက်နေတယ်။ ထိပ်တန်း ပုဂ္ဂိုလ်တွေထဲက ထိပ်တန်း ပုဂ္ဂိုလ်တစ်ဦး ပီသပေသည်။ စောစောက ငါနဲ့ ရှဲ့ရှန်းတို့ အတူတူ သတင်းစာတိုက်ရဲ့ အခြေအနေတွေကို ဆွေးနွေးနေကြရင်း... လူအတော်များများက သတင်းစာတိုက်ရဲ့ လစာကို မကျေမနပ် ဖြစ်နေကြတယ်လို့ ကြားတယ်။ အဲဒီလို အခြေအနေမျိုး အမှန်တကယ် ရှိနေသလား။ "

ဝေ့ကျိယုံမှာ အနည်းငယ်တော့ တုံ့ဆိုင်းနေမိ၏။ ပြောရမလား... မပြောရဘူးလား။ ဤပုဂ္ဂိုလ်က သတင်းစာတိုက်ကို တည်ထောင်သူ ဖြစ်သော်လည်း ... သားဖြစ်သူ၏ တစ်လပြည့်ပွဲတွင် လက်ဆောင်ငွေများ ယူပြီး ဧည့်သည်များကို သက်သတ်လွတ် ဟင်းများသာ ကျွေးခဲ့သည်ဟု ကြားဖူးသည်။ မပြောဘဲ နေမည် ဆိုလျှင်လည်း လူမှုကျင့်ဝတ် နိယာမများနှင့် ဆန့်ကျင်နေလိမ့်မည်။ နောက်ဆုံးတွင် အံကြိတ်ပြီး ဝေ့ကျိယုံက ပြန်ဖြေလိုက်၏။ "အဲဒီလို အခြေအနေမျိုး အမှန်တကယ် ရှိနေပါတယ်။ ဒါပေမဲ့ အမတ်မင်းဖန် ... ကျုပ် ပြောတာကို နားထောင်ပါအုံး ..."

ဖန်ကျန်းရီသည် ညင်သာစွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။ "မင်း ထပ်ပြောနေစရာ မလိုတော့ပါဘူး... ဒီလို အခြေအနေမျိုး ရှိနေကြောင်းကို သိရရင် လုံလောက်ပြီ။ ပြဿနာ ရှိနေရင် ပွင့်ပွင့်လင်းလင်း ဆွေးနွေး တိုင်ပင်လို့ ရပါတယ်... တိတ်တဆိတ် ကွယ်ရာမှာ မကျေမနပ် ပြောဆိုနေတာမျိုး မလုပ်နဲ့။ ဒါပေမဲ့ ရှောင်ဝေ့ ... မင်းကို ငါ တစ်ခွန်းတော့ ဆုံးမရလိမ့်မယ်။ သတင်းထောက် တစ်ယောက် အနေနဲ့ ငွေကြေးကို အရမ်း အလေးထားလွန်းတာက ကောင်းတဲ့ကိစ္စ မဟုတ်ဘူး... ပိုပြီး အရေးကြီးတာက မင်းရဲ့ အနာဂတ်ပဲ။ ပန်းသီးပင် တစ်ပင်အကြောင်း ပုံပြင်ကို မင်း ကြားဖူးသလား ... ဒါကြောင့် မင်းက စီမံခန့်ခွဲမှု သတင်းထောက် တစ်ယောက် အနေနဲ့... အရေးအကြီးဆုံး ကိစ္စက မင်းရဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကို မြှင့်တင်ဖို့ပဲ။ "

ဝေ့ကျိယုံမှာ ဝေဝေဝါးဝါးဖြင့် မေးလိုက်သည်။ "အမတ်မင်းဖန် ... စီမံခန့်ခွဲမှု သတင်းထောက် ဆိုတာက ဘာကို ပြောတာလဲ။ အရင်က ဘယ်သူကမှ ကျုပ် ကို မပြောပြဖူးပါဘူး။ "

ဖန်ကျန်းရီသည် မေးစေ့ကို ပွတ်သပ်လိုက်ပြီး... အနည်းငယ် ခက်ခဲနေသည့်ဟန်ဖြင့် ပြောလိုက်၏။ "မင်းက မေးလာမှတော့ ပြောပြလိုက်လည်း ကိစ္စမရှိပါဘူး။ စီမံခန့်ခွဲမှု သတင်းထောက် ဆိုတာက ငါတို့ သတင်းစာတိုက်ရဲ့ အဆင့်မြင့် စီမံခန့်ခွဲသူတွေကို လေ့ကျင့်ပေးမဲ့ အစီအစဉ်နဲ့... လူသားအရင်းအမြစ် စုဆောင်းရေး စီမံကိန်းတွေနဲ့ ပတ်သက်နေတယ်။ ဒါက သတင်းစာတိုက်ရဲ့ အနာဂတ် ခေါင်းဆောင်တွေကို လေ့ကျင့် ပျိုးထောင်ပေးဖို့ အဓိက ရည်ရွယ်ထားတဲ့ အထူး စီမံကိန်း တစ်ခုပဲ။ မင်းတို့ကို မပြောပြခဲ့ရတဲ့ အကြောင်းရင်းကလည်း... မင်းတို့တွေ မာနထောင်လွှားသွားပြီး နောက်ကွယ်က ထောက်ပံ့ပေးမည့်လူ ရှိနေပြီဆိုတဲ့ အတွေးနဲ့ ဆက်ပြီး မကြိုးစားတော့မှာကို စိုးရိမ်လို့ပဲ။ ဒါပေမဲ့ မင်းက ရိုးသား ကြိုးစားပုံ ပေါက်နေတာကို မြင်တော့... မင်းကို တစ်ခွန်းလောက် သတိပေးလိုက်မယ်။ ဒီသတင်းစာတိုက် အတွင်းမှာရှိတဲ့ ကြီးငယ်မဟူ ကိစ္စရပ်တွေ အားလုံးကို တက်တက်ကြွကြွ ဦးဆောင် လုပ်ကိုင်တတ်အောင် သင်ယူရမယ်... လုပ်ငန်းစဉ် တစ်ခုလုံးကို ကျွမ်းကျင် ပိုင်နိုင်နေမှသာ နောင်အနာဂတ်မှာ အရေးကြီးတဲ့ တာဝန်တွေကို ပေးအပ်ခံရလိမ့်မယ်။ အဲဒီအချိန်ကျရင် အောင်မြင်မဲ့ လမ်းခရီးမှာ ဂုဏ်သိက္ခာရော ငွေကြေးပါ အပြည့်အဝ ရရှိနေပြီ ဆိုတာကို မင်း တွေ့လာရလိမ့်မယ်။ "

အနာဂတ် ခေါင်းဆောင်ကြီး ဟုတ်လား။

ဝေ့ကျိယုံ၏ မျက်နှာအမူအရာမှာ ထိန်းချုပ်မှု ကင်းမဲ့သွားခဲ့ပြီး အတွေးများ လွင့်မျောသွားကာ မျက်လုံးများပင် ဝေဝါးသွားခဲ့သည်။ ပြီးနောက် ဖန်ကျန်းရီ စကားပြောဆို ပြီးစီးသွားချိန်ကျမှသာ သတိပြန်လည် လာတော့၏။ နှလုံးခုန်သံများ သိသိသာသာ မြန်ဆန်လာခဲ့ပြီ ဖြစ်ကြောင်းကို သူ လုံးဝ သတိမထားမိခဲ့ချေ။

ဝေ့ကျိယုံက စိတ်လှုပ်ရှား တက်ကြွစွာဖြင့် ပြောလိုက်သည်။ "အမတ်မင်းဖန်ရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်။"

ပြောပြီးနောက် သူ၏ ရင်ထဲတွင် အလိုအလျောက် ရှက်ရွံ့သွားမိ၏။ တကယ်တော့ သတင်းစာတိုက်၏ ရည်ရွယ်ချက် က ဤမျှအထိ နက်နဲ ရှည်လျားနေခဲ့သည်ကို... မိမိက လုံးဝ သတိမထားမိခဲ့ဘဲ အသေးအဖွဲ အကျိုးအမြတ်လေးများနှင့် တစ်လကို ငွေနှစ်ကျပ်လေးအတွက် အသေအလဲ တိုက်ခိုက်နေခဲ့မိ၏။

အတွေးအမြင်က သေးငယ်လွန်းလှပေသည်။ သို့ပေမည့် အမတ်မင်းဖန် ပြောလိုက်သော စကား၏ အဓိပ္ပာယ်အရ ကြည့်လျှင်... တခြားသော စီမံခန့်ခွဲမှု သတင်းထောက်များလည်း ရှိနေသေးဟန် တူသည်။ သို့သော်ငြား ခေါင်းဆောင် နေရာ ဆိုသည်မှာ လက်တစ်ဆုပ်စာမျှသာ ရှိရာ ... အချိန်ပို ဆင်းရမည်... ဒီညတော့ မဖြစ်မနေ အချိန်ပို ဆင်းပြီး တခြားသူတွေကို အသေအလဲ ယှဉ်ပြိုင် ပစ်ရပေမည်။

ဖန်ကျန်းရီသည် သစ်သားပြားကို လှမ်းယူပြီး လက်ခါပြကာ နှင်ထုတ်လိုက်၏။ "ကောင်းပြီလေ... ရှောင်ဝေ့ ... ပစ္စည်းကို ငါ့ပေးပြီး မင်း အလုပ်သွားလုပ်တော့။ "

ဝေ့ကျိယုံက အလွန်အမင်း ကျေးဇူးတင်စွာဖြင့် တုံ့ပြန်လိုက်သည်။ "ဟုတ်ကဲ့ပါ အမတ်မင်းဖန်။ "

တံခါးပိတ်သွားသည်နှင့် တစ်ပြိုင်နက် ရှဲ့ရှန်း၏ မျက်နှာပေါ်တွင် ကောက်ကျစ်သော အပြုံးတစ်ခု ထွက်ပေါ်လာပြီး လက်မထောင်ပြလိုက်၏။ "သခင်လေး ... တကယ်ကို ကြောက်စရာကောင်းတာပဲ။ "

ဖန်ကျန်းရီသည် နှုတ်ခမ်းကို သပ်ရင်း ပြောလိုက်သည်။ "ဟီး ... အတုယူစမ်းပါ။ ဒီကောင်လေး ဒီည အချိန်ပို ဆင်းလိမ့်မယ်လို့ ကျုပ် ထင်တယ်။ သူ ဆက်တိုက် အချိန်ပို ဆင်းပြီးတဲ့နောက် ... သတင်းစာတိုက်က အလုပ်သမား လျှော့ချတော့မယ် ဆိုတဲ့ သတင်းကို တိတ်တဆိတ် လွှင့်တင်ခိုင်းလိုက်... အလုပ်သမားတွေ အချင်းချင်း အသေအလဲ ယှဉ်ပြိုင်ကြပါစေ။ "

ရှဲ့ရှန်းမှာ အလွန်အမင်း လေးစားသွား၏။ "သဘောပေါက်ပါပြီ။ ဒါနဲ့ သခင်လေး ယူလာတဲ့ သစ်သားပြားကြီးက ဘာပစ္စည်းလဲ။ "

ဖန်ကျန်းရီသည် သစ်သားပြားကို စားပွဲပေါ်သို့ အလွယ်တကူ တင်ထားလိုက်သည်။ သစ်သားပြားပေါ်ရှိ ပုံရိပ်မှာ အသက်ဝင် လှပနေသည်ကို မြင်သောအခါ ရှဲ့ရှန်းက အံ့အားသင့်စွာ မေးလိုက်၏။ "ဒါက ကျောက်လင်လုံလား။ "

ဖန်ကျန်းရီသည် ပြန်လည် ထိုင်လိုက်ပြီး နောက်သို့ မှီကာ ပြောလိုက်သည်။ "မှန်တယ်... သူပဲလေ။ ဒီတစ်ခေါက် သူက တိုင်းပြည်အတွက် အကျိုးပြုခဲ့တာမို့... သူ့ရဲ့ လုပ်ဆောင်ချက်တွေကို ဝါဒဖြန့် ကြော်ငြာပေးမလို့။ နောင်ကျရင် အရှေ့ဆင်ခြေဖုံး တက္ကသိုလ်ထဲမှာ အမျိုးသမီးတွေအတွက် စာသင်ဆောင် ဖွင့်လှစ်ပေးဖို့ ပြင်ဆင်ထားတယ်... ခရိုင်ထဲကပုံစံမျိုးနဲ့ ခပ်ဆင်ဆင်ပေါ့။ ခင်ဗျားက သတင်းစာတိုက်မှာ နေလာတာ ဒီလောက်တောင် ကြာနေပြီကို... မြို့တော်ထဲက ပြည်သူတွေရဲ့ အခြေအနေကို ကျုပ်ထက် ပိုသိပါတယ်။ ဘယ်လို အတွေးအမြင်တွေ ရှိလဲ ပြောပြစမ်းပါ။"

ရှဲ့ရှန်းက မျက်မှောင်ကြုတ်ကာ ပြန်ပြော၏။ "ဒီလောက်တော့ မလွယ်ကူလောက်ဘူး ထင်တယ်။ မြို့တော်က တောက်ယွမ်ခရိုင်နဲ့ မတူဘူးလေ... သခင်လေး ဖိနှိပ်ထားနိုင်ပါ့မလား မသိဘူး။ ခရိုင်ထဲမှာတော့ အမျိုးသမီး ကျောင်းတော် ရှိပြီး... တူရိယာတီးခတ်ခြင်း... စစ်တုရင်ကစားခြင်း... စာပေရေးသားခြင်းနဲ့ ပန်းချီဆွဲခြင်း အကုန် သင်ပေးတယ် ဆိုပေမဲ့ မြို့တော်က ပြည်သူတွေက ဘယ်လို မြင်ကြမလဲ။

အဲဒီအချိန်ကျရင် ဆွေးနွေး ဝေဖန်ကြတဲ့ အခါလူအများရဲ့ ပါးစပ်ထဲမှာ သန့်ရှင်းတဲ့ စကားတစ်ခွန်းမှ ရှိနေမှာ မဟုတ်ဘူး။ အကယ်၍ အရှေ့ဆင်ခြေဖုံး တက္ကသိုလ်က ပြည့်တန်ဆာအိမ်တွေနဲ့ ပူးပေါင်း လုပ်ဆောင်နေတယ်လို့ သတင်းပျံ့သွားရင် ဂုဏ်သိက္ခာတွေ အကုန် ကျဆင်းသွားလိမ့်မယ်။ ပြီးတော့ အပြင်လောကမှာ အခု သတင်းစာတိုက်နဲ့ ပတ်သက်ပြီး မကောင်းတဲ့ ကောလာဟလတွေ အများကြီး ရှိနေတယ် ... အကယ်၍ သတင်းစာတိုက်ရဲ့ ဂုဏ်သိက္ခာပါ တစ်ပါတည်း ပျက်စီးသွားခဲ့ရင်... ပြန်လည် ကုစားလို့ ရနိုင်မဲ့ အခြေအနေ ရှိတော့မှာ မဟုတ်ဘူး။ "

ဖန်ကျန်းရီ၏ အကြည့်များမှာ စူးရှသွားခဲ့၏။ "သတင်းစာတိုက်မှာ မကောင်းတဲ့ ကောလာဟလတွေ ရှိနေတယ် ဟုတ်လား။ ဘယ်လိုဖြစ်ရတာလဲ။ "

ရှဲ့ရှန်းက အားလျော့စွာ ပြန်ဖြေသည်။ "ကြီးမားတဲ့ ကိစ္စတော့လည်း မဟုတ်ပါဘူး... အရင်တုန်းက ရွှေတိုင်းပြည်နဲ့ ပတ်သက်တဲ့ သတင်းတွေကြောင့်ပါ။ တချို့က ပြောကြတယ်... ကျုပ်တို့က ကတိမတည်ဘူးတဲ့... တစ်ခါကျရင် ရွှေတိုင်းပြည်က ကောင်းတယ်လို့ ပြောပြီး... နောက်တစ်ခါကျရင် ရွှေတိုင်းပြည်က ဆိုးတယ်လို့ ပြောပြန်တယ်... ကျုပ်တို့ဆီမှာ အမှန်တရား တစ်ခွန်းမှ မရှိဘူးလို့ ပြောနေကြတာ။ ပြည်သူတွေ အကုန်လုံးက အဲဒီလို ဝေဖန်နေကြတယ် ..."

ဖန်ကျန်းရီ၏ မျက်နှာကြီး ရှည်ထွက်သွားပြီး လက်သီးဆုပ်ကာ စားပွဲကို ခေါက်ရင်း အော်ပြောလိုက်၏။ "ဒီအရိုင်းအစိုင်းကောင်တွေ … သူတို့ကို သတင်းစာ စုစည်းမှု စာအုပ်ကြီးကို ကြည့်ရှုဖို့ ဘယ်သူ ခွင့်ပြုထားလို့လဲ။ "

ရှဲ့ရှန်းသည် ခေါင်းယမ်းလိုက်ပြီး ပြောလိုက်သည်။ "အလုပ်ပမာဏက အရမ်းများနေတော့... လစ်ဟင်းမှုတွေ ရှိလာတာကို ရှောင်လွှဲလို့ မရဘူးလေ။ ဒါတင်မကသေးဘူး... တချို့က ပြောကြတယ်... ကျုပ်တို့က နေ့တိုင်း သိပ္ပံပညာကိုချည်း ဝါဒဖြန့်နေတာက အရပ်ထဲမှာရှိတဲ့ တခြား ယုံကြည်မှုတွေကို စော်ကားနေတာပဲတဲ့... သိပ္ပံပညာမှလွဲပြီး တခြားအရာတွေ မရှိတော့ဘူးလားလို့ မေးနေကြတယ်။"

ဖန်ကျန်းရီက မျက်နှာကို အေးစက်စွာ ထားလိုက်၏။ "မဟုတ်လို့လား။ အကယ်၍ ဂမ္ဘီရပညာတွေကသာ လယ်ယာမြေထဲကနေ စပါးတွေ ထွက်လာအောင် လုပ်ပေးနိုင်ပြီး ဆေးခန်းတွေထဲကနေ ပင်နီဆီလင် ဆေးတွေ ထွက်လာအောင် လုပ်ပေးနိုင်မယ် ဆိုရင် ကျုပ် မနက်ဖြန်ကျရင် အရှေ့ဆင်ခြေဖုံး တက္ကသိုလ်ကြီးကို ဗုံးခွဲပစ်ပြီး... သူတို့နဲ့အတူ တရားသွားထိုင်တော့မယ်။ ဒီလို အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ဂရုစိုက်နေစရာ မလိုဘူး... ဘယ်သူ့ဆီမှာ ထုတ်လုပ်နိုင်စွမ်း ရှိနေလဲ... အဲဒီလူက အဖေပဲ။ ကျုပ်တို့က လက်တွေ့ အမှန်တရား တစ်ခုတည်းကိုပဲ အသိအမှတ်ပြုတယ်... အစစ်အမှန် ပစ္စည်းတွေကို ထုတ်မပြနိုင်သမျှ ကာလပတ်လုံး ပါးစပ်က ဘယ်လောက်ပဲ ဟောနေပါစေ အသုံးမကျဘူး။

သတင်းထောက်တွေ ပိုရှာပြီး အဲဒီလူတွေကို ပြန်တိုက်ခိုက်ခိုင်းလိုက်... သတ္တိရှိရင် ကျုပ်တို့ ဆေးခန်းတွေဆီ လာပြီး ဆေးမကုကြနဲ့ပေါ့။ ဒီကိစ္စနှစ်ခုကို ခင်ဗျား သေချာ ဖြေရှင်းရမယ်... ပြည်သူတွေရဲ့ ဝေဖန်သံတွေအောက်မှာ သတင်းစာတိုက်ရဲ့ အသံ ဖုံးလွှမ်းသွားလို့ မရဘူး။ ကျုပအ်တို့ ပန်းရှန်းသတင်းစာတိုက်ကို အနိုင်ယူနိုင်မဲ့သူက မနက်ဖြန်ရဲ့ ပန်းရှန်းသတင်းစာတိုက် တစ်ခုတည်းပဲ ဖြစ်ရမယ်။ ကဲပါလေ ... ဆက်ပြောစမ်းပါ။"

ရှဲ့ရှန်းက ခေါင်းညိတ် လက်ခံလိုက်၏။ "နောက်တစ်ခုကတော့ သတင်းမူကြမ်း စစ်ဆေးတဲ့ ကိစ္စပါပဲ။ အရင်က နေ့စဉ်ထုတ် သတင်းစာတွေကို နန်းတော်ထဲဆီ တစ်စောင်ပုံမှန် ပို့ပေးရပြီး... လက်ရှိ အချိန်အထိတော့ ကြီးမားတဲ့ ပြဿနာတွေ မရှိခဲ့သေးပါဘူး။ ဒါပေမဲ့ အမျိုးသမီးတွေ ကျောင်းတက်မဲ့ ကိစ္စနဲ့ ပတ်သက်လာရင်တော့... သေချာပေါက် ကြီးမားတဲ့ ဂယက်ရိုက်ခတ်မှုကြီး ဖြစ်လာလိမ့်မယ်... နန်းတော်ဘက်က ခွင့်ပြုချင်မှ ခွင့်ပြုလိမ့်မယ်။ "

ဖန်ကျန်းရီသည် လက်ကို မြှောက်ပြလိုက်သည်။ "ဒီကိစ္စကို ကျုပ်ရင်ထဲမှာ အကြံအစည် ရှိပြီးသားပါ။ ဒီအချက်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်မဲ့လူတွေ အများကြီး ရှိလာမှာ သေချာတယ်။ ဒါကြောင့် ကျောက်လင်လုံကို စံပြပုဂ္ဂိုလ် တစ်ယောက်အနေနဲ့ အရင် မြှောက်တင်ပေးရမယ်။ အဲဒီလိုဆိုရင် သူက ပထမဆုံး ကျောင်းတက်မဲ့ ကျောင်းသူ တစ်ဦးအနေနဲ့... အဲဒီလူတွေရဲ့ ပါးစပ်ကို ပိတ်ပစ်နိုင်လိမ့်မယ်။ သူတို့တွေက ကိုယ့်ပါးကိုကိုယ် ပြန်ရိုက်မဲ့ အလုပ်မျိုးကိုတော့ လုပ်ဆောင်ကြမှာ မဟုတ်ဘူးလေ။ "

ရှဲ့ရှန်းက မေးလိုက်၏။ "ဒါပေမဲ့ သတင်းစာတိုက်က ကျောက်လင်လုံကို ဝါဒဖြန့် ကြော်ငြာပေးမှာကို... အရှင်မင်းကြီးဘက်က သဘောတူနိုင်ပါ့မလား။ "

All Chapters