အခန်း (၈၅၄-၈၅၅)
Vol. 45 Ch. 854-855
အပိုင်း (၈၅၄) မြင့်မြတ်စင်ကြယ်သော မင်းသမီးခင်ပွန်း ဖန်။
ကျင်းဘုရင်မင်းမြတ်၏ အကြည့်များမှာ ပန်းချီကားပေါ်တွင်သာ စွဲကပ်နေပြီး အနည်းငယ်မျှပင် ရွှေ့ခွာခြင်း မရှိချေ။
ဘေးဘက်ရှိ ယန်ရင်းချိုက်၏ မျက်နှာပေါ်တွင် ချွေးများ စိုရွှဲနေပြီ ဖြစ်၏။
သူသည် နန်းတွင်းမှ ဝါရင့်အမတ်ကြီးတစ်ဦး ဖြစ်သည့်အားလျော်စွာ လက်ရှိအခြေအနေကို သဘာဝကျကျပင် အလွန်ရှင်းလင်းစွာ မြင်တွေ့နေရပေသည်။
ဤပန်းချီကားတစ်ချပ်တည်းနှင့်ပင် လူပေါင်းများစွာတို့၏ စိတ်နှလုံးသည် ဖန်ကျန်းရီဘက်သို့ ယိမ်းယိုင်သွားစေခဲ့ပြီ ဖြစ်၏။
မိန်းကလေးကျောင်းတော်ကိစ္စသည် စွန့်ပစ်ခံ ကလေးငယ်များနှင့် ပတ်သက်နေပြီး ပန်းချီကားထဲမှ ကလေးငယ်လေးကလည်း လူတိုင်း၏ စိတ်ဝိညာဉ်ကို ဖမ်းစားထားလေရာ ယခုချိန်မှာတော့ ထပ်မံကန့်ကွက်ရန် နှုတ်ခမ်းလှုပ်လိုက်မည် ဆိုပါက အခြေအနေမသိတတ်ရာ ရောက်သွားပေလိမ့်မည်။
သို့သော်လည်း ပန်းချီကားတစ်ချပ်တည်းကို အားပြုပြီး ဖန်ကျန်းရီအား ဤမျှအထိ ချောချောမွေ့မွေ့ လမ်းခင်းပေးလိုက်၍တော့ မဖြစ်ချေ။
ခန်းမဆောင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။
အတန်ကြာပြီးနောက် ယန်ရင်းချိုက်က စကားဆိုလိုက်၏။ "အရှင်မင်းကြီး ... ဒီပန်းချီကားထဲက မိန်းကလေးငယ်လေးက တကယ်ပဲ သနားစရာကောင်းပါတယ်။ ဒီပန်းချီကားကို ကြည့်ခြင်းအားဖြင့် ကလေးစွန့်ပစ်တယ် ဆိုတာ တကယ်တော့ ရွေးချယ်စရာ မရှိတဲ့ လုပ်ရပ်တစ်ခု ဖြစ်ကြောင်း မြင်နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်မျိုးတို့ဟာ တိုင်းပြည်ရဲ့ အမတ်တွေ ဖြစ်ကြတဲ့အတွက် စဉ်းစားရမှာက ဒီကိစ္စတစ်ခုတည်းကို မဟုတ်ပါဘူး။
ပန်းချီကားတစ်ချပ်ကြောင့်နဲ့ အဓိကဆုံးဖြတ်ချက်ကြီးကို ရောထွေးသွားစေမယ် ဆိုရင် တကယ်ပဲ ဉာဏ်ပညာ မရှိရာ ကျပါလိမ့်မယ်။ ကျွန်တော်မျိုးရဲ့ ကိုယ်ပိုင်အမြင်အရတော့ တိုင်းပြည်က တိုင်းသူပြည်သားတွေကို သနားကြင်နာတယ်ဆိုရင် ဒီစွန့်ပစ်ခံကလေးရဲ့ မိဘတွေကို ရှာဖွေသင့်ပါတယ်။ တိုင်းပြည်ကနေ အင်တိုက်အားတိုက် ကူညီထောက်ပံ့ပေးပြီး သူတို့ရဲ့ အခက်အခဲတွေကို ဖြေလျှော့ပေးသင့်ပါတယ်။”
ကျင်းဘုရင်မင်းမြတ် သည် သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်၏။ “အမတ်ယန် ပြောတာ အဓိပ္ပာယ်ရှိတယ်။ ပန်းချီကားထဲက ကလေးရဲ့ မိသားစုကို …”
ဖန်ကျန်းရီက ကမန်းကတန်း စကားဖြတ်ပြောလိုက်၏။ “ပန်းချီကားထဲက ကလေးရဲ့ မိသားစုကို ရှာတွေ့နိုင်တော့မှာ မဟုတ်ပါဘူး။ သူ့ရဲ့မိဘတွေက သမီးဖြစ်သူကို လူသူလေးပါးကင်းမဲ့တဲ့ နေရာမှာ စွန့်ပစ်ခဲ့တည်းက ဒီကိစ္စကို ဘယ်သူမှ မသိစေချင်လို့ပါပဲ။ အခြားတစ်ဖက်မှာလည်း တိုက်ရိုက် သတ်မပစ်ခဲ့တာကို ကြည့်ရင် သူတို့စိတ်ထဲမှာ မျှော်လင့်ချက်လေး တစ်ခုတော့ ကျန်ရှိနေသေးတယ် ဆိုတာ သိနိုင်ပါတယ်။ ကိစ္စက ပြီးဆုံးသွားခဲ့ပါပြီ။ ကျွန်တော်မျိုး အမြင်ကတော့ လူလွှတ်ပြီး သူ့ရဲ့မိဘတွေကို ထပ်မရှာသင့်တော့ပါဘူး အရှင်မင်းကြီး။
တိုင်းပြည်က ကူညီကယ်တင်ချင်စိတ် ရှိတယ် ဆိုရင်တောင် ဒီတစ်မိသားစုတည်းကို ကယ်တင်ပြီးတာနဲ့ အခြားသော မိသားစုပေါင်း သန်းချီ ကျန်နေပါသေးတယ်။ တိုင်းပြည်အနေနဲ့ မျက်နှာလိုက်ပြီး ကူညီပေးလို့ ရနိုင်မှာ မဟုတ်ဘူးမလား။”
ကျင်းဘုရင်မင်းမြတ် သည် ခေါင်းကို အနည်းငယ် ညိတ်လိုက်ပြီး စိတ်မကောင်းစွာ ပြောလိုက်၏။ “ဒီလောက်နဲ့ပဲ ရပ်လိုက်ကြတာပေါ့။ ဒီပန်းချီကားကို ဧကရာဇ်စာကြည့်ဆောင်ထဲမှာ ချိတ်ဆွဲထားလိုက်။”
ဖန်ကျန်းရီ၏ စိတ်ထဲတွင် အလွန်ဝမ်းမြောက်သွားပြီး အောင်ပွဲခံကာ ဆက်လက်တိုက်ခိုက်လိုက်၏။ “စွန့်ပစ်ခံ ကလေးငယ်တွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေအကြောင်းကို အမတ်မင်းတို့အားလုံး နက်နက်ရှိုင်းရှိုင်း နားလည်ပြီးကြလောက်ပါပြီ။
လက်ရှိအခြေအနေကို ဖြေလျှော့ချင်တယ် ဆိုရင်တော့ ကျွန်တော်မျိုးရဲ့ အမြင်အရ မိန်းကလေးကျောင်းတော် ဖွင့်လှစ်ခြင်းဟာ အမျိုးသမီးတွေရဲ့ တန်ဖိုးကို ထုတ်ဖော်ပြသနိုင်သလို စွန့်ပစ်ခံကလေးငယ် အရေအတွက်ကို လျှော့ချနိုင်မဲ့ အကောင်းဆုံး နည်းလမ်းပါပဲ။”
ယန်ရင်းချိုက်က အလျင်စလို ကန့်ကွက်လိုက်၏။ “လုံးဝမဖြစ်ဘူး။ တပ်မှူးဖန် ... စွန့်ပစ်ခံကလေးတွေရဲ့ အခြေအနေက သနားစရာကောင်းတယ် ဆိုတာကို ကျုပ် မငြင်းပါဘူး။ ဒါပေမဲ့ တိုင်းပြည်ရဲ့ ဆုံးဖြတ်ချက်ဆိုတာ အများအကျိုးကိုပဲ ကြည့်ရတယ်။ မင်းက ပန်းချီကားတစ်ချပ်ကို ကိုင်ပြီး အာရုံထွေပြားအောင် လုပ်လို့မရဘူး။
မိန်းကလေးကျောင်းတော်က စွန့်ပစ်ခံကလေးတွေရဲ့ အခြေအနေကို သက်သာစေနိုင်တယ် ဆိုပေမဲ့ အရပ်ထဲမှာ အခြားပြဿနာတွေ ပေါ်ပေါက်လာခဲ့ရင် ဘယ်လိုလုပ်မလဲ။ မင်း အဓိကကိစ္စကို ရှောင်ဖယ်ပြီး အသေးအမွှားကိုပဲ ပြောလို့မရဘူး။”
ယန်ရင်းချိုက်သည် အလျင်စလို ချေပပြောဆိုနေသော်လည်း သူ၏ စကားလုံးများထဲမှ ပြင်းထန်သော အရှိန်အဝါတို့မှာ အတော်လေး လျော့ကျသွားခဲ့ပြီ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် စောစောက ပန်းချီကားသည် သူ၏ စိတ်ကို အတော်လေး ထိခိုက် လှုပ်ရှားစေခဲ့သောကြောင့်ပင်။
ဖန်ကျန်းရီက ခေါင်းညိတ်လိုက်၏။ “အရှင်မင်းကြီး ... အမတ်ယန် ပြောတဲ့စကားကို ကျွန်တော်မျိုး သဘောမတူနိုင်ပါဘူး။ တရားရုံးမှာ အမှုစစ်ဆေးရင်တောင် သံသယရှိတဲ့ အပြစ်ကို ပေါ့ပေါ့ပါးပါး စီရင်ရတယ်၊ သံသယရှိပေမဲ့ အပြစ်မထင်ရှားရင် အပြစ်မရှိဘူးလို့တောင် သတ်မှတ်ကြပါတယ်။ ရှင်းရှင်းလင်းလင်း မြင်နေရတဲ့ အကျိုးကျေးဇူးတစ်ခုနဲ့ ဖြစ်လာနိုင်ခြေ မရှိလောက်တဲ့ ဆိုးကျိုးတစ်ခု ... ဒီနှစ်ခုကို ဘယ်လို ချိန်ထိုးရမလဲ ဆိုတာကို စိုးရိမ်ပူပန်နေစရာ မလိုဘူးလို့ ကျွန်တော်မျိုး ထင်ပါတယ်။
ဒါပေါ့ ... ဟောင်းနွမ်းဆွေးမြေ့နေတဲ့ အလေ့အထတွေကို အစွဲပြုပြီး ကျွန်တော်မျိုး မိန်းကလေးကျောင်းတော် တည်ထောင်မှာကို ကန့်ကွက်မဲ့သူတွေ ရှိလာလိမ့်မယ်လို့ ကြိုတင် တွေးထားပြီးသားပါ။ ဒါကြောင့် ခန်းမဆောင်ပေါ်ကို ဆက်သစရာ ဒုတိယမြောက် ပစ္စည်းတစ်ခု ရှိပါသေးတယ်။”
ကျင်းဘုရင်မင်းမြတ် က အမိန့်ပေးလိုက်၏။ “ဆက်သစေ။”
ဖန်ကျန်းရီ အမိန့်နာခံပြီး မကြာမီမှာပင် အစောင့်တပ်သားများက ဧရာမ သစ်သားသေတ္တာကြီး တစ်လုံးကို ခန်းမဆောင်ပေါ်သို့ သယ်ဆောင်လာကြ၏။
သစ်သားသေတ္တာကို ဖွင့်လိုက်ချိန်မှာတော့ အတွင်း၌ ပြည့်ကျပ်နေအောင် ထည့်သွင်းထားသော စာရွက်စာတမ်းများကို မြင်တွေ့လိုက်ရသည်။
လူတိုင်းက ကိုယ်ကိုကိုင်း၍ သေတ္တာထဲသို့ ကြည့်လိုက်ကြရာ စာရွက်များပေါ်တွင် စာသားများ ပြည့်နှက်နေပြီး ထောင့်စွန်းများ၌ အနီရောင် လက်ဗွေရာများကို နှိပ်ထားသည်ကို တွေ့လိုက်ရ၏။
ဖန်ကျန်းရီသည် စာရွက်တစ်ထပ်ကို လှမ်းယူလိုက်ပြီး အပေါ်သို့ မြှောက်ပြလိုက်သည်။ “ဒီသေတ္တာထဲက စာရွက်တွေဟာ မြို့တော်ထဲက တိုင်းသူပြည်သားတွေဆီကနေ မိန်းကလေးကျောင်းတော် တည်ထောင်ခြင်းနဲ့ ပတ်သက်တဲ့ သဘောထား အမြင်တွေကို ကျွန်တော်မျိုး လူလွှတ်ပြီး စုဆောင်းခိုင်းထားတာတွေပဲ ဖြစ်ပါတယ်။
လက်ဗွေရာ နှိပ်ထားတဲ့ ပြည်သူတစ်ဦးချင်းစီတိုင်းကို သတင်းထောက်တွေက အကျိုးအပြစ်တွေကို သေချာ ရှင်းပြထားပြီးသားပါ။ ပြီးတော့ အရှေ့ဆင်ခြေဖုံးတက္ကသိုလ်က မိန်းကလေးတစ်ယောက်ကို လက်ခံတိုင်း စွန့်ပစ်ခံ ကလေးဆယ်ယောက်ကို ကျွေးမွေးစောင့်ရှောက်ပေးမယ် ဆိုပြီး သူတို့ဆီမှာ ကတိခံထားပါတယ်။”
သတင်းယူတဲ့ ကာလအတွင်းမှာ သတင်းစာတိုက်က သတင်းထောက်တွေဟာ ကလေးစွန့်ပစ်ခဲ့ဖူးတဲ့ မိသားစု မနည်းကို တွေ့ဆုံခဲ့ရပါတယ်။ ဒီအထဲက စာသားအချို့ဟာ အဲဒီပြည်သူတွေ ကိုယ်တိုင် နှုတ်ကနေ ပြောပြခဲ့တာတွေ ဖြစ်ပြီး အတိတ်က သူတို့ရဲ့ လုပ်ရပ်အပေါ် နောင်တရနေကြတာတွေပါပဲ။ စာလုံးတစ်လုံးချင်းစီတိုင်းက သွေးမျက်ရည်တွေနဲ့ ရေးသားထားသလိုပါပဲ။”
ကျင်းဘုရင်မင်းမြတ် သည် ထိုအထဲမှ စာရွက်တစ်ရွက်ကို ကောက်ယူလိုက်ပြီး သေသေချာချာ ဖတ်ရှုလိုက်၏။
ဤစာရွက်မှာ အမြောက်အမြား ပုံနှိပ်ထားခြင်း ဖြစ်ပြီး ၎င်းအပေါ်တွင် မိန်းကလေးကျောင်းတော်နှင့် စွန့်ပစ်ခံကလေးငယ်များ အကြောင်းကို အသေးစိတ် ဖော်ပြထားကာ အဆုံး၌ အနီရောင် လက်ဗွေရာတစ်ခုကို နှိပ်ထားပြီး တွန့်လိမ်ကောက်ကွေးနေသည့် နာမည်တစ်ခုလည်း ပါရှိလေသည်။
ကြည့်ရသည်မှာ ပြည်သူများက စာမတတ်သည့်အတွက် သတင်းထောက်က ကြိုတင် ရေးသားပေးထားပြီး ပြည်သူကို အတုခိုး၍ ပြန်ရေးခိုင်းထားခြင်း ဖြစ်ပေလိမ့်မည်။
ကျင်းဘုရင်မင်းမြတ်သည် ကိုယ်ကိုကိုင်းကာ နောက်ထပ် စာရွက်တစ်ရွက်ကို ယူလိုက်၏။ ဤစာရွက်တစ်ထပ် မှာတော့ အခြားအရာများနှင့် မတူဘဲ သတ်မှတ်ထားသော ပုံစံခွက်အတိုင်း ရေးသားထားသည့် စာသားများ မဟုတ်ချေ။
၎င်းတို့ထဲတွင် ပြည်သူတို့၏ ကလေးစွန့်ပစ်ခဲ့ရသည့် အမှတ်တရများကို ဖော်ပြထားခြင်း ဖြစ်သည်။ စာသားများထဲ၌ နာမည်၊ အချိန်၊ နေရာတို့ မပါဝင်ချေ။ အဆုံးမရှိသော နောင်တတရားနှင့် လွမ်းဆွတ်မှုများသာ တည်ရှိနေ၏။
ပြည်သူတို့က နှုတ်ဖြင့် ပြောပြပြီး သတင်းထောက်က အရှိကိုအရှိအတိုင်း ရေးသားထားခြင်း ဖြစ်သောကြောင့် စကားအသုံးအနှုန်းများမှာ တည့်တည့်မတ်မတ်နှင့် ရိုးရှင်းလှသည်။
သို့ပေမည့် ဤသို့ ရိုးရှင်းသည့် စာသားများအပြင် စာသားများကြားတွင် ရံဖန်ရံခါ တွေ့ရတတ်သည့် မှေးမှိန်ပြန့်ကျဲနေသော အစက်အပြောက်အချို့ကြောင့် ကျင်းဘုရင်မင်းမြတ် ၏ စိတ်နှလုံးကို ထိခိုက် လှုပ်ရှားသွားစေခဲ့၏။ မျက်ရည်များပင် ဖြစ်ရပေမည်။
ဖန်ကျန်းရီသည် ကျင်းဘုရင်မင်းမြတ် ၏ လက်ထဲမှ စာရွက်ကို လှမ်းကြည့်လိုက်ပြီး နှုတ်ခမ်းကို သပ်လိုက်သည်။
ပစ္စည်းများအားလုံးမှာ အစစ်အမှန်များသာ ဖြစ်ပေသည်။ အပေါ်မှ ပြန့်ကျဲနေသော မင်စက်များကတော့ သူ ရေဖျန်းထားခြင်းသာ ဖြစ်၏။
ကျန်ရှိနေသော အမတ်များအားလုံးသည်လည်း သေတ္တာထဲမှ စာရွက်များကို ထုတ်ယူဖတ်ရှုကြပြီး ဖတ်ပြီးနောက်တွင် ထပ်မံ၍ တိတ်ဆိတ်ငြိမ်သက်သွားကြပြန်သည်။
ဖန်ကျန်းရီ လိမ်လည်တုပထားသည်ဟု မည်သူကမှ သံသယမဝင်ကြချေ။ ဤမျှ များပြားလှသော သေတ္တာကြီး တစ်လုံးစာ ပစ္စည်းများကို လိမ်လည်တုပရန် လုံးဝ မဖြစ်နိုင်သောကြောင့်ပင်။
အပြင်ထွက်ပြီး ကြုံရာလူကို မေးကြည့်လိုက်ရုံနှင့် သိနိုင်ပေ၏။
ဤအခိုက်အတန့်တွင် ယန်ရင်းချိုက်ပင်လျှင် လည်ချောင်းထဲ၌ ဆူးတစ်ချောင်း တစ်ဆို့နေသကဲ့သို့ ဖြစ်သွားခဲ့ခ၏။
သူသည် ပါးစပ်ဖွင့်လိုက်တိုင်း မိန်းကလေးကျောင်းတော်က ပြည်သူတို့၏ စာရိတ္တအပေါ် ထိခိုက်စေလိမ့်မည်ဟု ပြောခဲ့သော်လည်း ယခု ဤသေတ္တာတစ်လုံးစာ ပစ္စည်းများက ပြည်သူတို့၏ဆန္ဒကို ကိုယ်စားပြုနေချေပြီ။
ဖန်ကျန်းရီက ပြည်သူတွေကို တမင်တကာ လမ်းညွှန်ပြီး လက်ဗွေရာ နှိပ်ခိုင်းခဲ့သည်ဟု သူ ပြောနိုင်ပါ့မည်လား။ အကယ်၍ ပြောလိုက်မည် ဆိုပါက အရှင်မင်းကြီးပင်လျှင် အမျက်ဒေါသ ထွက်တော်မူပေလိမ့်မည်။
အရင်ဆုံး အရှိန်လျှော့ပြီး ဖြေရှင်းမဲ့နည်းလမ်းကို စဉ်းစားမှ ဖြစ်မည်။
လူတိုင်းက စာသားများထဲတွင် နစ်မျောနေဆဲ အချိန်ကို အခွင့်ကောင်းယူ၍ ဖန်ကျန်းရီသည် ယန်ရင်းချိုက်၏ အနီးသို့ လျှောက်သွားလိုက်ပြီး စကားဆို၏။ “အမတ်ယန် ... ပထမဆုံး မှိုစားခဲ့တဲ့သူကို ကျုပ် အရမ်း လေးစားမိတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒါက အဆိပ်မှိုလည်း ဖြစ်နေနိုင်တာကိုး။ တစ်ချို့ကိစ္စတွေကလည်း ဒီလိုပါပဲ။ ဒါပေမဲ့ တစ်ခါ အောင်မြင်သွားပြီ ဆိုရင်တော့ နောင်လာနောက်သားတွေကို ကောင်းချီးပေးနိုင်မဲ့ ကြီးမြတ်တဲ့ အမှုကိစ္စကြီး တစ်ခု ဖြစ်လာလိမ့်မယ်။
အခုတာ့ကျင်းရဲ့ မြောက်ပိုင်းက အကြီးမားဆုံး ရန်သူကြီးကို နှိမ်နင်းပြီးပါပြီ။ အရပ်လေးမျက်နှာကို ဝေ့ကြည့်လိုက်ရင် ကျုပ်တို့ တာ့ကျင်းရဲ့ အကြီးမားဆုံး ပြိုင်ဘက်က ကိုယ် ကိုယ်တိုင်ပါပဲ။
ကမ္ဘာလောကကြီးထဲက ပြည်သူတွေအားလုံးဟာ အရှင်မင်းကြီးရဲ့ တိုင်းသူပြည်သားတွေ ချည်းပါပဲ။ ဒါပေမဲ့ အမျိုးသမီးတွေ ဒီလိုမျိုး အဖြစ်ဆိုးကြီးတွေ၊ မတရားမှုတွေကို ရင်ဆိုင်နေရချိန်မှာ အခြေအမြစ်မရှိတဲ့ ဆင်ခြေအချို့ကြောင့် အချိန်ဆွဲနေပြီး ဘာလုပ်ဆောင်ချက်မှ မရှိဘူးဆိုရင် ဘယ်လိုလုပ် တာဝန်ယူမှု ရှိရာ ရောက်ပါ့မလဲ။”
ဖန်ကျန်းရီသည် အသံကို အနည်းငယ် မြှင့်လိုက်၏။ “တိုင်းပြည်နဲ့ ပြည်သူဆိုတာ တစ်သားတည်းပါပဲ။ ပြည်သူတွေရဲ့ ကံမကောင်းမှုဟာ တိုင်းပြည်ရဲ့ ကံမကောင်းမှုပါပဲ။”
ယန်ရင်းချိုက်၏ ကိုယ်ပေါ်မှ အေးစက်သော ချွေးများမှာ သတိမထားမိဘဲ စီးကျလာသည်။ သို့နှင့် နှုတ်ဆိတ်နေလိုက်သည်။
ကျင်းဘုရင်မင်းမြတ် သည် လက်ထဲမှ စာရွက်ကို ချလိုက်ပြီး ဖန်ကျန်းရီအား မော့ကြည့်ကာ ဝမ်းမြောက်ဝမ်းသာ ပြောလိုက်၏။ “နန်းတော်ရဲ့ အမြင့်မှာ နေထိုင်ရင် ပြည်သူအတွက် ပူပန်ရတယ်၊ ဝေးလံတဲ့ အရပ်မှာ နေထိုင်ရင် အရှင်သခင်အတွက် ပူပန်ရတယ် ဆိုတာ တကယ်ပဲ အလကားစကား မဟုတ်ဘူးကိုး။”
ဖန်ကျန်းရီက နှိမ့်ချစွာ ပြောလိုက်၏။ “ကျွန်တော်မျိုးရဲ့ ဘဝစည်းမျဉ်းကတော့ ကမ္ဘာလောကကြီး မပူပန်ခင်မှာ ကြိုတင် ပူပန်ပြီး ကမ္ဘာလောကကြီး ပျော်ရွှင်ပြီးတဲ့ နောက်မှ ပျော်ရွှင်ဖို့ပါပဲ အရှင်မင်းကြီး။”
အလိုလေး ... နောက်ထပ် စကားတစ်ခွန်း ထွက်လာပြန်ပြီလား။ ကျင်းဘုရင်မင်းမြတ် ၏ မျက်လုံးနှစ်လုံးမှာ တောက်ပစွာ အရောင်လက်သွားခဲ့သည်။
ကျွတ် … ကျွတ် … ကျွတ် …. ။
သံရှည်ဆွဲ၍ လေစုတ်သွင်းသံများ ထွက်ပေါ်လာ၏။
အမတ်များအားလုံးသည်လည်း အံ့ဩတကြီးဖြင့် လက်ထဲမှ စာရွက်များကို ချလိုက်ကြပြီး တုန်လှုပ် ချောက်ချားနေသော အကြည့်များက ဖန်ကျန်းရီထံသို့ စုပြုံရောက်ရှိသွားကြသည်။
နန်းတော်ရဲ့ အမြင့်မှာ နေထိုင်ရင် ပြည်သူအတွက် ပူပန်ရတယ်၊ ဝေးလံတဲ့ အရပ်မှာ နေထိုင်ရင် အရှင်သခင်အတွက် ပူပန်ရတယ် ၊ ကမ္ဘာလောကကြီး မပူပန်ခင်မှာ ကြိုတင် ပူပန်ပြီး ကမ္ဘာလောကကြီး ပျော်ရွှင်ပြီးတဲ့ နောက်မှ ပျော်ရွှင်ဖို့ပါ ဆိုသည့် စကားမျိုးကို သူ ပြောခဲ့တာတဲ့လား။
ဤအခိုက်အတန့်တွင် ဖန်ကျန်းရီသည် မေးစေ့ကို အနည်းငယ် မော့ထားရာ လူတိုင်း၏ မျက်လုံးထဲ၌ သူ၏ ကိုယ်ပေါ်တွင် သန့်စင်သော အလင်းရောင်များ လွှမ်းခြုံနေသကဲ့သို့ ထင်မှတ်ရသည်။
မိန်းကလေးကျောင်းတော် ဖွင့်လှစ်ပြီး စွန့်ပစ်ခံ ကလေးငယ်များကို ကယ်တင်ခြင်းသည် တကယ်ပင် ပင်ပန်းပြီး ကျေးဇူးတင်မခံရသည့် ကိစ္စရပ်တစ်ခု ဖြစ်၏။
ထို့အပြင် အခြားသူများနှင့် မည်သည့် အကျိုးစီးပွား ပဋိပက္ခမှလည်း မရှိချေ။
အရာရှိတစ်ဦး ... အမည်ခံ ရာထူးတစ်ခုသာ ရှိသည့် မင်းသမီးခင်ပွန်း တပ်မှူးချုပ်တစ်ဦးသည် ဤမျှ ခက်ခဲသည့် ကိစ္စမျိုးကို လုပ်ဆောင်ရန် မည်မျှအထိ အားထုတ်ရပြီး မည်မျှအထိ စိတ်ပိုင်းဖြတ်ထားရမည်နည်း။
ဤသည်မှာ စိတ်ကူးပေါက်ရာ လျှောက်လုပ်သည့် ပြဿနာရှာမှု တစ်ခုလား။
သိသာထင်ရှားစွာပင် မဟုတ်ချေ။ ပန်းချီကားတစ်ချပ်၊ ပြည်သူ့ဆန္ဒပြုစာ သေတ္တာတစ်လုံးတို့က သူသည် ကြီးမားလှသော စိတ်စွမ်းအင်များကို ရင်းနှီးမြှုပ်နှံထားကြောင်း သက်သေပြရန် လုံလောက်နေပေပြီ။
ဤကဲ့သို့ မြင့်မြတ်သော လူတစ်ဦးကို ရင်ဆိုင်ရချိန်တွင် ဖန်ကျန်းရီ၏ စာရိတ္တသဘာဝက မည်သို့ပင် ရှိစေကာမူ၊ နိုင်ငံရေး အမြင်များ မည်သို့ပင် ကွဲပြားစေကာမူ လူတိုင်း၏ စိတ်နှလုံးထဲ၌ လေးစားအံ့ဩမှုတို့ တည်ရှိနေကြသည်။
လီယန်စုန့်က မုတ်ဆိတ်မွေးကို သပ်လိုက်ပြီး မျက်လုံးများ အရောင်လက်သွားကာ အဆုံးတွင် သက်ပြင်းချ၍ ပြောလိုက်၏။ “တကယ်ပဲ လူငယ်တွေက အရှိန်အဟုန် ရှိကြတာပဲ ... ကျုပ် အိုမင်းသွားခဲ့ပြီ။”
“နန်းတော်ရဲ့ အမြင့်မှာ နေထိုင်ရင် ပြည်သူအတွက် ပူပန်ရတယ် ...” တစ်စုံတစ်ယောက်က နက်နက်နဲနဲ တွေးတောနေဟန်ဖြင့် တီးတိုး ရေရွတ်လိုက်၏။
လီယွမ်ကျောက်၏ အသက်ရှူနှုန်းမှာ မြန်ဆန်လာပြီး စိတ်လှုပ်ရှားနေသော အရိပ်အယောင်များက သူ၏ မျက်နှာပေါ်တွင် ပေါ်လွင်နေပေသည်။
ဖန်ကြီး ကစားတာ ကမ္ဘာ့အဆင့်ပဲ။ တစ်ဆင့်ပြီးတစ်ဆင့် ... ကွယ်ရာမှာ ဒီလောက်တောင် အလုပ်တွေ အများကြီး လုပ်ထားခဲ့တာကိုး။
ဖန်ကျန်းရီက အချိန်ကိုက်ပင် စကားဆိုလိုက်၏။ “အမတ်မင်းတို့အားလုံးရဲ့ စိတ်ထဲမှာ ချိန်ခွင်တစ်ခုစီ ရှိကြမယ်လို့ ထင်ပါတယ်။ အခုချိန်မှာတော့ အဖြေထွက်လောက်ပါပြီ။”
“တိုင်းပြည်ရဲ့ အမှုကိစ္စတွေက များပြားလှတဲ့အတွက် ဒီကိစ္စလေးကြောင့်နဲ့ အမတ်မင်းတို့ အခြားပြဿနာတွေ ဆွေးနွေးမှာကို အချိန်မဆွဲသင့်ပါဘူး။ ကျုပ်ကတော့ လက်မြှောက်ပြီး မဲပေးဖို့ အကြံပြုချင်ပါတယ်။ အမတ်ယန်ကို ထောက်ခံတဲ့သူတွေ လက်မြှောက်ကြပါ။ ကျုပ်ကို ထောက်ခံတဲ့သူတွေကတော့ လှုပ်ရှားစရာ မလိုဘူး။”
... မည်သူကမှ လက်မမြှောက်ကြချေ။
ယန်ရင်းချိုက် ကိုယ်တိုင်ပင်လျှင် လက်မမြှောက်ခဲ့ချေ။ သူ၏ မျက်လုံးထဲတွင် ဝမ်းနည်းဒေါသထွက်သော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားပြီး တိတ်ဆိတ်စွာဖြင့် ဘေးဘက်သို့ ဆုတ်ခွာသွားသည်။
ရှုံးနိမ့်သွားခဲ့ပြီ။ ပြတ်ပြတ်သားသားကို စကားရည်လုပွဲမှာ ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်၏။ ဒါပေမဲ့ ဘာကြောင့်များ ငါ့ကို ထောက်ခံတဲ့သူတွေက လက်မြှောက်ရပြီး မင်းကို ထောက်ခံတဲ့သူတွေက လှုပ်ရှားစရာ မလိုတာလဲ။
ကျင်းဘုရင်မင်းမြတ်သည် ဘယ်ညာကို ဝေ့ကြည့်လိုက်ပြီး နှုတ်ခမ်းစွန်းများက တဖြည်းဖြည်း အပေါ်သို့ ကွေးတက်လာကာ ဖန်ကျန်းရီအား လက်ညှိုးထိုး၍ ပြောလိုက်၏။ “ဒါ ကိုယ်တော့်သမီးရဲ့ ခင်ပွန်းပဲ။ ဒီလို ရင်ခွင်ကျယ်ဝန်းမှုမျိုးနဲ့ဆိုရင် ကမ္ဘာလောကကြီးထဲမှာ ကိုယ်တော့်ရဲ့ ဒီလို တတ်သိလိမ္မာတဲ့ သားမက်ကို ဘယ်သူများ ယှဉ်နိုင်ပါ့မလဲ။ မင်းတို့ ပြောကြည့်စမ်း ... အခြားဘယ်သူ ရှိသေးလဲ။”
ကျင်းဘုရင်မင်းမြတ်၏ ရယ်မောသံများက တဖြည်းဖြည်း လွတ်လပ်ရဲတင်းလာသည်ကို နားဆင်ရင်း အမတ်များအားလုံးက တစ်ပြိုင်နက်တည်း အရိုအသေပေးကာ ပြောလိုက်ကြ၏။ “အရှင်မင်းကြီးကို ကျွန်တော်မျိုးတို့ ဂုဏ်ပြုအပ်ပါတယ်။”
“ဟားဟား ဟား ... ကောင်းပြီ၊ ကောင်းပြီ။ ဒီကိစ္စက အဖြေထွက်ပြီးသား ဖြစ်တဲ့အတွက် ဒီနေ့ကစပြီး ထပ်မဆွေးနွေးကြနဲ့တော့။”
အပိုင်း (၈၅၅) မိန်းကလေးကျောင်းသားများ၏ ပထမဆုံး သင်ခန်းစာ
အတွင်းပိုင်း အန္တရာယ်များ ရှင်းလင်းသွားခဲ့ပြီးနောက် တုန်းကျောက်တက္ကသိုလ်မှ အသစ် တည်ထောင်ထားသော မိန်းကလေးကျောင်းဆောင်သည် သတ်မှတ်ရက်အတိုင်း စတင် ဖွင့်လှစ်ခဲ့ပေသည်။
ရရှိမည့် အကျိုးခံစားခွင့်များက ကောင်းမွန်ပြီး သတင်းဖြန့်ချိမှုကလည်း ထိရောက်သောကြောင့် ဆင်းရဲနွမ်းပါးသော မိသားစုများမှာ သူတို့၏ သမီးများကို ကျောင်းအပ်ရန် မစောင့်နိုင်အောင်ပင် ဖြစ်နေကြ၏။
သို့သော်လည်း ဖန်ကျန်းရီက ဤမျှ များပြားစွာ လက်မခံလိုသည်မှာ သိသာထင်ရှားလှသည်။ ပထမဆုံး အသုတ်အနေဖြင့် အကောင်းဆုံးထဲမှ အကောင်းဆုံးကိုသာ ရွေးချယ်ရမည် ဖြစ်သည်။
အကြိတ်အနယ် ရှင်းလင်းရွေးချယ်မှုများကို ဖြတ်သန်းပြီးသည့်နောက် အဆုံးတွင် ရဲရင့်သော အရှိန်အဝါ ပြည့်ဝသည့် မိန်းကလေးတစ်သုတ်ကို ရွေးချယ်နိုင်ခဲ့သည်။ သူတို့သည် ဆင်းရဲနွမ်းပါးသော အနွယ်မှ ပေါက်ဖွားလာကြသည် ဆိုသော်လည်း ၎င်းတို့၏ ကိုယ်ပေါ်တွင်မူ သဘာဝကျကျပင် ပြင်းထန်သော အရှိန်အဝါ တစ်ခု တည်ရှိနေပြီး ကြံ့ခိုင်လိုစိတ် ပြင်းပြမှုပိုင်းကို ပြောရမည်ဆိုလျှင် သာမန် အမျိုးသမီးများထက် အဆပေါင်းများစွာ သာလွန်နေ၏။
ဤကဲ့သို့သော ကျောင်းသားမျိုးကမှ ဖန်ကျန်းရီ လိုချင်သည့် အရာပင်။
လက်ရှိ ပတ်ဝန်းကျင် အခြေအနေကို မပြောနှင့်ဦး၊ ခေတ်သစ် ကမ္ဘာမှာပင်လျှင် အမျိုးသမီးများ၏ ယေဘုယျ အောင်မြင်မှုနှုန်းမှာ အမျိုးသားများလောက် မမြင့်မားချေ။
မတူညီ မမျှတမှု ပြဿနာများ တည်ရှိနေသည်မှာ သေချာသော်လည်း အခြားတစ်ဖက်မှ ကြည့်လျှင် ပတ်ဝန်းကျင် အခြေအနေက လုံးဝ တန်းတူညီမျှ ဖြစ်သွားခဲ့လျှင်တောင်မှ အမျိုးသမီးများသည် အလုပ်အကိုင် အများအပြားတွင် အမျိုးသားများလောက် ရာထူးတိုး မြန်ဆန်ခြင်း၊ ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားခြင်းတို့ ရှိလာနိုင်ချေ နည်းပါးလှ၏။
အကြောင်းအရင်းမှာ အလွန်အမင်း ရှုပ်ထွေးလှသည်တော့ မဟုတ်ချေ။ အဓိကအားဖြင့် ဇီဝကမ္မဆိုင်ရာ အချက်အလက်များက ဆုံးဖြတ်ထားခြင်း ဖြစ်သည်။ အလုပ်ခွင် ယှဉ်ပြိုင်မှုများတွင် စိတ်ပညာကစားနည်းများကို အသုံးပြုရန် လိုအပ်ပြီး အမျိုးသမီးများသည် သဘောကောင်းလွန်းကာ နူးညံ့သိမ်မွေ့သော စရိုက်လက္ခဏာ ရှိကြသောကြောင့် အဆိုပါ ကစားနည်းများတွင် အောက်စီးသို့ ကျရောက်သွားရန် သတ်မှတ်ခံထားရပြီးသား ဖြစ်သည်။
နိုင်ငံရေးနှင့် စီးပွားရေး နယ်ပယ်များတွင် အစွမ်းကုန် ကြိုးပမ်းအားထုတ်ပြီး ထွက်ပေါ်လာကြသည့် အမျိုးသမီး အောင်မြင်သူများ၏ အခြေခံ စရိုက်လက္ခဏာမှာ အမျိုးသားများနှင့် တူညီကြပြီး တိုက်ခိုက်ရေးစွမ်းရည် အထွတ်အထိပ်သို့ ရောက်ရှိနေကာ ခွန်အား အပြည့်အဝ ရှိကြ၏။
အမျိုးသားများမှာမူ မွေးတည်းက ဦးခေါင်းနှစ်လုံး ပါလာကြပြီး တက်စတိုစတုန်း ဟော်မုန်း ထုတ်လွှတ်မှု အားကောင်းကာ တိုက်ခိုက်လိုစိတ် ပြင်းပြကြပြီး သဘာဝအရကို ရန်လို တိုက်ခိုက်တတ်ကြသည်။
ထို့ကြောင့် ဖန်ကျန်းရီ ရွေးချယ်ထားသော မိန်းကလေးကျောင်းသားများ အားလုံးမှာ ယောက်ျားဆန်သော မိန်းမကြမ်းကြီးများ ဖြစ်လာနိုင်သည့် အလားအလာ အနည်းငယ်စီ ရှိနေကြ၏။
ပထမဆုံး မိန်းကလေးကျောင်းသားသုတ်ကို ဖိတ်ခေါ် ကြိုဆိုသည့် နေ့ရက်တွင် ဖန်ကျန်းရီသည် မျက်နှာပေါ်၌ တောက်ပသော နေရောင်ခြည်ကဲ့သို့ အပြုံးများ လွှမ်းခြုံထားလျက် ကျောင်းဝင်းထဲ၌ ကျောင်းသားသစ်များကို ကြိုဆိုနေ၏။
လီယွမ်ကျောက်က ဘေးဘက်တွင် အဖော်ပြုပေးနေသည်။
ပတ်ဝန်းကျင်သစ်သို့ ရောက်ရှိလာပြီး ကြောက်ရွံ့တုံ့ဆိုင်းနေဟန်ရသည့် မိန်းကလေးတစ်စုကို မြင်တွေ့လိုက်ရချိန်တွင် ဖန်ကျန်းရီ၏ အပြုံးများက ပို၍ပင် တောက်ပလာခဲ့၏။
ဤကျောင်းသားသုတ်၏ အသက်အရွယ်မှာ သင့်တင့်လျောက်ပတ်ပြီး အကြမ်းဖျင်းအားဖြင့် ဆယ်ငါးနှစ်မှ နှစ်ဆယ်ကြားတွင် ရှိကာ တစ်ဦးချင်းစီတိုင်းက နုပျိုလန်းဆန်းမှုတို့ လွှမ်းခြုံနေကြသည်။
ဤအဆင့်သည် သင်ယူနိုင်စွမ်း အမြင့်မားဆုံး အဆင့်လည်း ဖြစ်ရာ အယူအဆသစ်များကို သွတ်သွင်းပေးရန် လွယ်ကူလှ၏။
ဖန်ကျန်းရီ၏ အဆင့်အတန်းမရှိသော အပြုံးကို မြင်တွေ့လိုက်ရချိန်တွင် လီယွမ်ကျောက်သည် ကိုယ်ကိုစောင်းကာ ရွံရှာစွာ ပြောလိုက်၏။ “ခင်ဗျား အဲဒီလောက်ထိ ဖြစ်နေစရာ လိုလို့လား။ ဒီထဲက ဘယ်သူကများ ကျုပ် နှမတော်လေးထက် ပိုလှနေလို့လဲ။”
“ကျုပ်က ပုံရိပ်ကို တည်ဆောက်နေတာပါ မင်းသား။ ကျောင်းသားတွေကို ဆက်ဆံရင် နွေဦးလေညင်းလေးလို နွေးထွေးနေမှ နောက်ပိုင်း သူတို့က ကျောင်းတော်ကို ကိုယ့်အိမ်လို သဘောထားပြီး စိတ်အေးလက်အေး စာလုပ်နိုင်ကြမှာပေါ့။”
“ချီးပဲ။ ဟိုဘက်မှာ ဒီနေရာကို ပြူးတီးပြူးတန်း ကြည့်နေတဲ့ တိရစ္ဆာန်အုပ်ကြီး ရှိနေသေးတာကို သတိထားအုံး။ နောင်တစ်ချိန်မှာ ကောလာဟလတွေ မနည်း ထွက်လာတော့မှာပဲ။ နောက်ပိုင်း ခင်ဗျား ဘယ်လိုလုပ်မလို့လဲ။ မိန်းကလေးကျောင်းသူတွေကို အသေပိတ်လှောင်ထားမလို့လား။”
လီယွမ်ကျောက်သည် မေးစေ့ကို ပင့်ပြလိုက်ရာ အဝေးတွင် တုန်းကျောက်တက္ကသိုလ်မှ ဝါရင့်ကျောင်းသားတစ်စုက အဆင့်အတန်းမရှိသော မျက်နှာပေးများဖြင့် သူတို့ဘက်သို့ လက်ညှိုးထိုးပြနေကြသည်ကို တွေ့လိုက်ရ၏။
ဖန်ကျန်းရီက လက်နှစ်ဖက်ကို ဆုပ်လိုက်သည်။ “အလှအပကို မြတ်နိုးတဲ့စိတ်ဆိုတာ လူတိုင်းမှာ ရှိစမြဲပါ။ ဒါက သိပ်ကြီးမားတဲ့ ပြဿနာကြီးတော့ မဟုတ်ပါဘူး။
နောက်ပိုင်း ကျောင်းဝင်းထဲမှာ ပုံမှန် စီးပွားရေး လှုပ်ရှားမှုအချို့ကို ကျင်းပပြီး မြို့တော်ထဲက ပြည်သူတွေကို ဒီနေရာဆီ လာရောက်လည်ပတ်အောင် ဆွဲဆောင်ဖို့ ပြင်ဆင်ထားတယ်။ အချိန်ကြာလာတာနဲ့အမျှ လူတိုင်း မြင်ဖူးနားဝ ရှိသွားပြီး ရိုးသွားလိမ့်မယ်။ အဲဒီအခါကျရင် ဘယ်သူမှ စိတ်ကူးယဉ်နေကြတော့မှာ မဟုတ်ဘူး။ အချို့ကိစ္စတွေက ဖုံးကွယ်ထားလေလေ၊ လူတွေကို ပိုပြီး အတွေးလွန်စေလေလေပဲ။ အဲဒီအစား ပွင့်ပွင့်လင်းလင်း ချပြလိုက်တာကမှ ပိုကောင်းသေးတယ်။”
လီယွမ်ကျောက်က ခေါင်းညိတ်လိုက်ပြီး လင်လုံဆောင်၏ ဆိုင်းဘုတ်ကို ကြည့်ကာ မေးလိုက်၏။ “ကျောင်းတော်ထဲမှာ အသစ် ဖွင့်မယ့် မိန်းကလေးဆောင်ကို ကျုပ် နှမတော်လေးက ကျောင်းအုပ်ကြီး လုပ်မယ် ဆိုပြီး ပြောထားတာ မဟုတ်ဘူးလား။ ဘာလို့ သူ ရောက်လာတာကို မတွေ့ရတာလဲ။”
“မြောင်ဟန်က ကောင်းကောင်းမွန်မွန် ... အာ … ရောက်လာပြီပဲ။”
စကားပြောနေဆဲမှာပင် လီမြောင်ဟန်သည် မဝေးလှသော နေရာမှနေ၍ နူးညံ့ သိမ်မွေ့သော ခြေလှမ်းများဖြင့် လျှောက်လာခဲ့ပြီ ဖြစ်၏။
သူမသည်လည်း ဤကဲ့သို့သော အဆင့်အတန်းဖြင့် အပြင်ဘက်သို့ ပထမဆုံး အကြိမ် လျှောက်လှမ်းခြင်း ဖြစ်သည့်အားလျော်စွာ သဘာဝကျကျပင် ခမ်းနားထည်ဝါစွာ ပြင်ဆင်လာခဲ့သည်။
သေသေချာချာ ဂရုတစိုက် ပြင်ဆင်ထားမှုအောက်တွင် လီမြောင်ဟန်မှာ သဘာဝကျကျပင် ချစ်စရာကောင်းပြီး လူတို့၏ ရင်ကို လှုပ်ရှားစေနိုင်လောက်အောင် လှပနေ၏။
သူတို့နှစ်ဦး၏ အနီးသို့ လျှောက်လာပြီးနောက် သူမက မေးလိုက်သည်။ “ယောက်ျား ... နောင်တော်၊ ရှင်တို့ ဘာတွေ ပြောနေကြတာလဲ။”
“ဟီးဟီး ... ဖန်ကြီးက မိန်းကလေးတွေကို ခိုးကြည့်ပြီး ...”
ဖန်ကျန်းရီက လီမြောင်ဟန်အား ကမန်းကတန်း ဖက်တွယ်လိုက်၏။ “မိန်းမ ... ဒီနေ့ ဘာလို့ ပိုလှလာပြန်တာလဲ။ မမှတ်မိတော့လောက်အောင် လှနေတာပဲ။”
“အချိုသတ်တဲ့ စကားတွေ ... ကဲ၊ ဘယ်လိုလုပ်ပြီး ပိုလှလာတာလဲ ဆိုတာ ပြောစမ်းပါအုံး။” လီမြောင်ဟန်က ပြန်မေးလိုက်၏။
“မျက်နှာချင်းဆိုင်ကနေ လျှောက်လာတဲ့ မင်းလေးကြောင့် ကိုယ့်ရင်တွေ တဒိတ်ဒိတ် ခုန်သွားခဲ့ရတယ် ...”
“လျှောက်မပြောနဲ့။” လီမြောင်ဟန်သည် ရှက်သွေးဖြာကာဖြင့် ဖန်ကျန်းရီအား တစ်ချက် လှမ်းထုလိုက်၏။
ထို့နောက် ထပ်မံ မေးမြန်းလိုက်သည်။ “ကျန်တဲ့သူတွေ ရောက်လာကြပြီလား။”
ဖန်ကျန်းရီက ပြန်ဖြေ၏။ “ရောက်လာကြပါပြီ။ ကျောင်းသားတွေ အစုံအလင် ရောက်လာတာကိုပဲ စောင့်နေတာ။ မင်း သူတို့နဲ့ တွေ့ပြီးတာနဲ့ အိမ်ပြန်လို့ ရပြီ။”
ယနေ့သည် မိန်းကလေးကျောင်းသားများ ကျောင်းအပ်သည့် နေ့ရက် ဖြစ်သလို တခါတည်း စာသင်ကြားမည့် နေ့ရက်လည်း ဖြစ်ရာ အရာအားလုံးမှာ အချိန်ကုန်သက်သာစေရန်အတွက်ပင်။
သင်ကြားရေး အစီအစဉ်များကို စောစောကတည်းက သတ်မှတ်ထားပြီး ဖြစ်သည်။ ဖန်ကျန်းရီ၏ အစီအစဉ်အရ အခြေခံအားဖြင့် ဘာသာရပ်အားလုံးကို အခြေခံ သင်ကြားပေးမည် ဖြစ်ပြီး နောက်ဆုံးတွင် ဆေးပညာကို အဓိက ထားမည် ဖြစ်၏။
ဤအတွက်ကြောင့် သမားတော်ချုပ်ဌာနနှင့် ဘိုးဘေးအသင်းတို့ထံမှ မီးယပ်ဆေးပညာရှင် ဆရာကြီးအချို့ကိုပင် အထူး ဖိတ်ကြားထားသေးသည်။
ကျောင်းသားသစ်များအားလုံး စာသင်ခန်းထဲတွင် ထိုင်ပြီးသွားချိန်မှာတော့ ဖန်ကျန်းရီသည် စာသင်စင်မြင့်ပေါ်သို့ တည့်တည့်မတ်မတ် တက်သွားပြီး တစ်ချက် ဝေ့ကြည့်လိုက်၏။
ကျောက်လင်လုံက ပထမဆုံး တန်းစီတန်းတွင် ထိုင်နေပြီး စာသင်ခန်း၏ နောက်ဆုံး၌ ဝါရင့် ဆရာဝန်အိုကြီး အချို့နှင့် ကျောင်းတော်မှ ဆရာများ ရပ်နေကြသည်။
ကျန်ရှိနေသော ကျောင်းသူသစ်များမှာမူ ရှက်ရွံ့တုံ့ဆိုင်းစွာဖြင့် ဖန်ကျန်းရီအား ရံဖန်ရံခါ တစ်ချက် လှမ်းကြည့်နေကြ၏။
ရုပ်ရည်သွင်ပြင်ပိုင်းကို ပြောရမည် ဆိုလျှင်လည်း ဖန်ကြီးသည် ဆယ်မိုင်ပတ်လည်အတွင်း၌ အချောအမော လူငယ်တစ်ဦး ဖြစ်ပေရာ ခေတ်သစ်ကမ္ဘာသို့ ရောက်သွားမည် ဆိုလျှင်ပင် နာမည်ကြီး မော်ဒယ်တစ်ဦး အလွယ်တကူ ဖြစ်လာနိုင်သည်။
ထို့အပြင် အစကတည်းက လူအများစု၏ သဘောကျ နှစ်သက်မှုကို ရရှိပြီးသား ဖြစ်နေ၏။
အရာအားလုံး အသင့်ဖြစ်နေသည်ကို မြင်တွေ့လိုက်ရချိန်တွင် ဖန်ကျန်းရီသည် လည်ချောင်းကို ဟန့်လိုက်သည်။
“အားလုံးပဲ မင်္ဂလာပါ။ ကျုပ်ကတော့ အရှေ့ ဆင်ခြေဖုံး တက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီး ဖန်ကျန်းရီပဲ ဖြစ်ပါတယ်။ အရှေ့ ဆင်ခြေဖုံး တက္ကသိုလ်ရဲ့ ပထမဆုံး မိန်းကလေးကျောင်းသားသုတ် ကျောင်းတော်ထဲ ဝင်ရောက်လာခြင်းကို လှိုက်လှိုက်လှဲလှဲ လက်ခုပ်တီးပြီး ကြိုဆိုလိုက်ကြရအောင်။”
လက်ခုပ်သံများ အဆုံးသတ်သွားချိန်တွင် ဖန်ကျန်းရီက ဆက်ပြော၏။ “အချိန်က ကန့်သတ်ချက် ရှိတဲ့အတွက် တတ်နိုင်သမျှ တိုတိုတုတ်တုတ်ပဲ ပြောပါ့မယ်။ တုန်းကျောက်တက္ကသိုလ်ကို မလာခင်မှာ မင်းတို့အားလုံး ကျောင်းတော်အကြောင်းနဲ့ ကိုယ့်ရဲ့ တာဝန်အကြောင်းကို နားလည်ပြီးကြလောက်ပြီလို့ ယုံကြည်ပါတယ်။”
“မင်းတို့ဟာ ပထမဆုံး မိန်းကလေးဆောင် ကျောင်းသူတွေ ဖြစ်ကြတဲ့အတွက် မိန်းကလေးဆောင်ကို ထွန်းကားစေရမဲ့ ကြီးလေးတဲ့ တာဝန်ကြီးကို ထမ်းဆောင်ထားကြရတယ်။ မင်းတို့ရဲ့ သင်ယူရေး တာဝန်က ယောက်ျားတွေထက် အဆပေါင်းများစွာ ပိုပြီး ကြိုးစားကြရလိမ့်မယ်။
ဒီနေ့ကစပြီး ချက်ချင်း စာသင်ကြားတော့မှာ ဖြစ်သလို အခြေခံကို သင်ယူရင်းနဲ့ ဆေးပညာကိုပါ ပူးတွဲ သင်ယူကြရမယ်။ ဒီအတွက်ကြောင့် ကျုပ်က နန်းတွင်း သမားတော်တွေကို အချိန်လုပြီး မင်းတို့ကို စာသင်ပေးဖို့ အထူး ဖိတ်ကြားထားပါတယ်။ မင်းတို့ ဘွဲ့ရပြီးသွားတဲ့ အခါကျရင် ကျုပ်ကိုယ်တိုင် မင်းတို့ တာဝန်ကျရာ နေရာကို စီစဉ်ပေးမှာ ဖြစ်ပြီး အနည်းဆုံးတော့ စားဝတ်နေရေး ပူပန်စရာ မလိုအောင် အာမခံပေးနိုင်ပါတယ်။”
နန်းတွင်း သမားတော်တွေတောင် ရောက်လာကြတာလား။
မိန်းကလေး ကျောင်းသူသစ်များမှာ အဆက်မပြတ် အံ့ဩတကြီး ရေရွတ်နေကြပြီး မျက်နှာအမူအရာများမှာ အလွန်အမင်း စိတ်လှုပ်ရှားနေကြ၏။
“မင်းတို့အပေါ် ကျုပ် သတ်မှတ်ချက် တစ်ခုတည်း ရှိတယ်။ အပြင်မှာ ဘာတွေပဲ သင်ယူခဲ့ဖူးပါစေ၊ ဒီတက္ကသိုလ်ကို ရောက်လာပြီးတာနဲ့ အရာအားလုံးကို ဆရာတွေရဲ့ စီစဉ်ညွှန်ကြားမှုအတိုင်း နာခံပြီး အသိပညာသစ်တွေကို သင်ယူကြရမယ်။”
ဖန်ကျန်းရီသည် စကားဆိုရင်းနှင့် ကျောက်သင်ပုန်းဘက်သို့ လှည့်လိုက်ကာ မြေဖြူတစ်ချောင်းကို ယူပြီး စက်ဝိုင်းတစ်ခုကို ဆွဲလိုက်၏။
“ဥပမာ ... ငါတို့ ခြေထောက်အောက်က ကမ္ဘာမြေကြီးဟာ ဘောလုံးတစ်လုံး ဖြစ်တယ်။ ဒီဘောလုံးက တောင်နဲ့မြောက် နှစ်ခြမ်း ကွဲသွားပြီး ကမ္ဘာ့အခြမ်းနှစ်ခုမှာ ရာသီဥတုက ပြောင်းပြန် ဖြစ်နေကြတယ် ... ဒီလိုမျိုး အသိပညာတွေကို အရှေ့ဆင်ခြေဖုံး တက္ကသိုလ်ထဲမှာ နေရာတကာ တွေ့နိုင်ပါတယ်။ ဒါပေါ့ ... မင်းတို့ရဲ့ စိတ်ထဲမှာ သံသယတွေ အများကြီး ရှိကောင်း ရှိနေနိုင်ပေမဲ့ ပြဿနာရှိရင် ဘာကြောင့်လဲ ဆိုတာကို အမြဲတမ်း မေးမြန်းရမယ်၊ မျက်နှာပူတာမျိုး မလုပ်ရဘူး။
မဟုတ်ရင် သင်ယူရေး ရမှတ်တွေ အဆင့်မမီတာနဲ့ အရည်အချင်း မပြည့်မီတဲ့သူတွေကို ထုတ်ပယ်ပစ်မယ်။”
ဖန်ကျန်းရီ စကားပြောပြီးသွားသည်နှင့် ချက်ချင်းမှာပင် မိန်းကလေးတစ်ဦးက မတ်တပ်ရပ်လာ၏။
ကြည့်ရသည်မှာ ဝတ်စားဆင်ယင်မှုက သာမန်မဟုတ်ဘဲ ယုံကြည်မှု အပြည့် ရှိနေကာ သာမန် အရပ်သား မိသားစုမှ လာသူနှင့် မတူချေ။
“ကျောင်းအုပ်ကြီးဖန် ... ကျွန်မမှာ မေးစရာ ပြဿနာတစ်ခု ရှိပါတယ်။”
ဖန်ကျန်းရီက ပြုံး၍ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။ “အရမ်းကောင်းတယ်။ ဒီကျောင်းသားက မင်းတို့ရဲ့ စံနမူနာပဲ။ မင်း နာမည် ဘယ်လိုခေါ်လဲ။”
“ကျွန်မ နာမည် ယန်ယွီရင်းပါ။”
“ကောင်းပြီ၊ မေးပါ။”
“ကျောင်းအုပ်ကြီးဖန် ... ကျွန်မလည်း အဖေ့နောက် လိုက်ပြီး ဆေးပညာအချို့ကို သင်ယူခဲ့ဖူးပါတယ်။ ဆောင်းရာသီမှာ အအေးမိရောဂါတွေ အဖြစ်များပြီး နွေရာသီမှာ အပူရောဂါတွေ အဖြစ်များပါတယ်။ ဒါပေမဲ့ ကျောင်းအုပ်ကြီးဖန် ပြောတဲ့စကားအတိုင်း ဆိုရင် ရောဂါတစ်မျိုးတည်းက ကမ္ဘာ့ တောင်ဘက်အခြမ်းနဲ့ မြောက်ဘက်အခြမ်းမှာ တစ်ပြိုင်နက်တည်း ဖြစ်ပွားခဲ့မယ် ဆိုရင် အဲဒါကို အအေးမိရောဂါလို့ သတ်မှတ်ရမလား၊ အပူရောဂါလို့ သတ်မှတ်ရမလား။”
“ဟမ် ...” ဖန်ကျန်းရီ အနည်းငယ် ကြောင်အမ်းသွားသည်။
ချီးတဲ့မှ ... ဒါ ဘာမရဏပြဿနာကြီးလဲ။ ငါက ဆေးပညာ သင်ခဲ့တာမှ မဟုတ်ဘဲ။