← Chapters

အခန်း (၈၅၆-၈၅၇)

Vol. 45 Ch. 856-857

အခန်း (၈၅၆-၈၅၇)

Vol. 45 Ch. 856-857

အပိုင်း (၈၅၆) သင်္ဘောအုပ်စုက အဘယ့်ကြောင့် ပြန်မလာသေးသနည်း။

ဖန်ကျန်းရီ စကားမပြောသည်ကို မြင်သည့်အခါ ယန်ယွီရင်း၏ လေယူလေသိမ်းတွင် ရန်စသည့် အရိပ်အယောင်အချို့ ပါဝင်လာ၏။ “ကျောင်းအုပ်ကြီးဖန် အဖြေမပေးနိုင်ဘူး ဆိုတော့ အရှေ့ဆင်ခြေဖုံး တက္ကသိုလ်ရဲ့ သီအိုရီက အမှားအယွင်း ရှိနေတာလား။ ဒီကမ္ဘာကြီးပေါ်မှာ တစ်ပြိုင်နက်တည်း ရာသီဥတု နှစ်ခု ရှိနေဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ရှင့်အနေနဲ့ အရမ်း ဆန့်ကျင်ဘက် ဖြစ်နေတယ်လို့ မထင်မိဘူးလား။”

အလိုလေး ... ကျောင်းသူသစ်တွေက တိုက်ခိုက်ရေးစွမ်းရည် ဒီလောက်တောင် မြင့်မားကြတာလား။ ကျောင်းအုပ်ကြီးကိုတောင် တည့်တည့်မတ်မတ် လက်ညှိုးထိုးရဲတာကိုး။ ဒီကျောင်းသူတစ်သုတ်ကို ရွေးချယ်ခဲ့တာ တကယ်ပဲ မှန်ကန်သွားခဲ့ပြီ။

သို့သော်လည်း ဖန်ကျန်းရီ၏ မျက်နှာမှာ အနည်းငယ် ပူထူလာပြီး စာသင်ခန်း၏ နောက်ဆုံးမှ နန်းတွင်း သမားတော် အချို့ဆီသို့ အကူအညီတောင်းခံသည့် အကြည့်ဖြင့် ကြည့်လိုက်ရတော့သည်။

နန်းတွင်း သမားတော်များကတော့ သတိလက်လွတ် ငေးမောနေဟန် ဆောင်လိုက်ကြ၏။

မင်းတို့ အရှေ့ဆင်ခြေဖုံး တက္ကသိုလ်က ဘာ ကမောက်ကမ ပစ္စည်းတွေကို လေ့လာ သုတေသန ပြုနေကြတာလဲ။ ဒီကမ္ဘာကြီးမှာ ဘယ်လိုလုပ်ပြီး ရာသီဥတု နှစ်ခု တစ်ပြိုင်နက်တည်း ရှိနိုင်မှာလဲ။

ဒီမိန်းကလေး ပြောတာ အရမ်း ကောင်းတယ်။ လုံးဝကို ဆန့်ကျင်ဘက်ကြီး ဖြစ်နေတာပဲ။

နန်းတွင်း သမားတော်အချို့သည် ဘာစကားမှ မဆိုဘဲ ငုံးငှက်လေးများကဲ့သို့ ခေါင်းလျှို ဝင်နေလိုက်ကြတော့သည်။

ဖန်ကျန်းရီသည် အကြည့်ကို ပြန်ရုပ်လိုက်ပြီး စိတ်ပျက်သွားခြင်းကို မရှောင်ရှားနိုင်ခဲ့ချေ။

ကြည့်ရတာ တာ့ကျင်းရဲ့ ဆေးပညာမှာ ပြင်းထန်တဲ့ ဟာကွက်ကြီး ရှိနေပုံပဲ ... ချီးတဲ့မှ … အစကတည်းက သိရင် ပြီးခဲ့တဲ့ဘဝတုန်းက ဆေးပညာ သွားသင်ခဲ့ပါတယ်၊ မဟုတ်ရင် မိန်းမငယ်လေး တစ်ယောက်ရဲ့ စကားပိတ် မေးမြန်းတာကို ခံရပါ့မလား။

ပြီးတော့ ဒီလောက်များတဲ့ ဆရာတွေတောင် မဖြေနိုင်ဘူး ဆိုရင် နောက်ပိုင်း ဆရာ့ဂုဏ်သိက္ခာ ဘယ်မှာ သွားထားရမလဲ။

အနည်းငယ် အနေရခက်လာရာ ဖန်ကျန်းရီသည် မခံမရပ်နိုင်ဘဲ ဘေးဘက်နှစ်ဖက်သို့ တစ်ချက် ကြည့်လိုက်၏။

လီမြောင်ဟန်က မျက်လုံးလေးများ ပြုံးရွှင်စွာဖြင့် သူ့အား စိုက်ကြည့်နေသည်ကို မြင်သည့်အခါ မျက်နှာမှာ ချက်ချင်းပင် အနည်းငယ် နီရဲသွားခဲ့သည်။

မဖြစ်ဘူး။ ဒီနေ့ ဒီပြဿနာကို မဖြစ်မနေ ဖြေရှင်းနိုင်မှ ဖြစ်မယ်၊ မဟုတ်ရင် ငါ့ မိန်းမရဲ့ မျက်လုံးထဲမှာ ဂုဏ်သိက္ခာ ရှိပါဦးမလား။

အတွေးတို့ လျှပ်စီးကဲ့သို့ လှည့်ပတ်သွားပြီးနောက် ဖန်ကျန်းရီထံတွင် ခဏချင်းမှာပင် စိတ်ကူးဉာဏ် အလင်းရောင် တစ်ခု ပေါ်ထွက်လာခဲ့၏။

စားပွဲကို ဖွဖွလေး တစ်ချက် ပုတ်လိုက်ပြီး လက်ညှိုးကို ဆန့်ထုတ်ကာ ပြောလိုက်သည်။ “ဒီပြဿနာကို မေးတာ အရမ်း ကောင်းတယ်။ ဒါပေမဲ့ ကျောင်းအုပ်ကြီးက တာဝန်ယူမှု ရှိရှိနဲ့ မင်းကို ပြောပြနိုင်တယ်။ လုံးဝ ဆန့်ကျင်ဘက် မဖြစ်ဘူး။”

ကျောင်းသားများက အာရုံစိုက်၍ နားဆင်နေကြ၏။ ကျောင်းအုပ်ကြီးဖန်ထံတွင် အဆင့်မြင့်မားသော အမြင်သစ်တစ်ခု ရှိရမည် ဖြစ်ရာ အနည်းငယ်မျှ လွတ်သွားမည်ကိုပင် ကြောက်ရွံ့နေကြသည်။

ယန်ယွီရင်းက ပို၍ပင် စိတ်လှုပ်ရှားနေ၏။ သူမ၏ ယုတ္တိဗေဒအရ နှစ်ခုအနက်မှ တစ်ခုက မဖြစ်မနေ မှားယွင်းနေရမည်။

တစ်ခုက ဆေးပညာ သီအိုရီ ပြဿနာရှိနေခြင်း ဖြစ်ပြီး နောက်တစ်ခုက ကမ္ဘာကြီးအပေါ် နားလည်မှု ပြဿနာရှိနေခြင်း ဖြစ်၏။

သို့ပေမည့် ကျောင်းအုပ်ကြီးဖန်က ဤမျှ ပြတ်ပြတ်သားသား ဖြေကြားနေသည် ဆိုတော့ အမှန်တကယ် ဘာများ ပြောနိုင်မည်နည်း။

စာသင်ခန်းထဲတွင် တိတ်ဆိတ်ငြိမ်သက်နေပြီး ဖန်ကျန်းရီက စကားဆိုလိုက်၏။

“ဘာကြောင့်လဲဆိုတော့ လူနာကြည့်တဲ့ ဆရာဝန်တစ်ယောက်က ကမ္ဘာ့ တောင်ဘက်အခြမ်းနဲ့ မြောက်ဘက် အခြမ်းမှာ တစ်ပြိုင်နက်တည်း ရှိမနေနိုင်လို့ပဲ။”

“...”

စာသင်ခန်းထဲတွင် ခဏချင်းမှာပင် အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ်သွားခဲ့ပြီး မိန်းကလေး ကျောင်းသူသစ်များမှာ အကြည့်တို့ ကြောင်အမ်းနေကြသည်။ စာသင်ခန်းနောက်မှ နန်းတွင်း သမားတော်များပင်လျှင် မျက်လုံးပြူးပြီး လျှာထွက်မတတ် ဖြစ်သွားကြတော့သည်။

ဒါ အဓိပ္ပာယ်မရှိတဲ့ စကား မဟုတ်ဘူးလား။ သက်သက် ကောက်ကျစ်စဉ်းလဲတဲ့ စကားရည်လုမှုကြီးပါပဲလား။

မေးခွန်းထုတ်ခဲ့သည့် ယန်ယွီရင်းပင်လျှင် နက်နက်နဲနဲ စဉ်းစားခန်း ဝင်သွားခဲ့သည်။ ဖန်ကျန်းရီကဲ့သို့သော အဆင့်အတန်း ရှိသူတစ်ဦး၏ အသိပညာ ဗဟုသုတ ကြွယ်ဝမှုကို သူမ စောစောကတည်းက ကြားဖူးထားပြီးသား ဖြစ်ရာ လူပုံအလယ်တွင် အဓိပ္ပာယ်မရှိ လျှောက်ပြောမည် မဟုတ်ချေ။ ဤစကားထဲတွင် နက်နဲသော အဓိပ္ပာယ်တစ်ခု ရှိရပေမည်။

ဖန်ကျန်းရီက ခဏမျှ ရပ်တန့်လိုက်ပြီး အခြားသူများအား မေးမြန်းခွင့် မပေးရန် ဆုံးဖြတ်လိုက်၏။ “ဒီစကားရဲ့ နက်နဲတဲ့ အဓိပ္ပာယ်ကို မင်းတို့ထဲက အများစု နားမလည်ကြဘူး ဆိုတာ ကျုပ် သိတယ်။ ဘာကြောင့်လဲဆိုတော့ မင်းတို့က ကျောင်းသူသစ်တွေ ဖြစ်ပြီး အခြေခံ အရမ်းချို့တဲ့နေသေးလို့ပဲ။

ကျုပ် အားလုံးကို ပြောပြချင်တာက စောစောက အဖြေထဲမှာ ဒဿနိကဗေဒ တစ်ခု၊ ယဉ်ကျေးမှု တစ်ခု၊ ပိုပြီးတော့ ဉာဏ်ပညာ တစ်ခု ကိန်းအောင်းနေတယ်။ မင်းတို့ သင်ယူခြင်းကနေတစ်ဆင့် အဆက်မပြတ် ကျွမ်းကျင်အောင် ကြိုးစားသွားမယ် ဆိုရင် နောင်တစ်ချိန်မှာ မရှုံးနိမ့်နိုင်တဲ့ နေရာမှာ ရပ်တည်နိုင်လိမ့်မယ်။

စကားအများကြီး မပြောတော့ဘူး။ ကျောင်းအုပ်ကြီး … ဆရာ၊ ဆရာမတွေနဲ့ စတင် မိတ်ဆက်ပေးတော့မယ်။”

…..

တုန်းကျောက်တက္ကသိုလ်၏ ကန်ဘောင်ဘေး။

ဖန်ကျန်းရီနှင့် လီယွမ်ကျောက်တို့ နှစ်ဦးသည် ငါးမျှားတံ တစ်ချောင်းစီ ကိုင်ဆောင်လျက် ကန်ဘောင်ထိပ်တွင် ငါးမျှားနေကြ၏။

ဤရေကန်သည် လူလုပ်ရေကန် ဖြစ်သည် ဆိုသော်လည်း ပုံမှန် ပြုစုထိန်းသိမ်းမှုက အတော်လေး သေသပ်လှသည်။ ဖန်ကျန်းရီသည် ကျောင်းတော် တည်ဆောက်ပြီးသည့်နောက် အထဲသို့ ငါးကြီးအမြောက်အမြား ထည့်သွင်းရန် အထူး အမိန့်ပေးထားသေး၏။

၎င်းတို့ထဲတွင် ရွှေငါးကြင်းများပင် ပါဝင်သည်။

ပုံမှန်ရက်များတွင်မူ သဘာဝကျကျပင် ငါးမျှားခွင့် မပြုချေ။ သို့ပေမည့် ကျောင်းအုပ်ကြီးဖန်သည် ယနေ့ ပင်ပန်းနေသောကြောင့် အထူးအခွင့်အရေးကို အနည်းငယ် အသုံးချနိုင်သည်ဟု ခံစားရ၏။

အသစ် ရောက်လာသော မိန်းကလေးကျောင်းသူများ၏ စကားပြောဆိုမှု တက်ကြွလှုပ်ရှားခြင်းက သူ့အား အတန်ငယ် မခံမရပ်နိုင် ဖြစ်သွားစေခဲ့သည်။

မူလက သူတို့ကို မေးမြန်းခွင့် မပြုတော့ဘဲ သို့မဟုတ် တိုက်ရိုက် အခြားဆရာများကို သွားမေးခိုင်းခဲ့သော်လည်း ကျောင်းသားများ၏ စိတ်အားထက်သန်မှုက အလွန်အမင်း မြင့်မားနေသောကြောင့် အမြဲတမ်း သူရှိရာဆီသို့သာ ရောက်ရှိနေကြ၏။

ဖန်ကျန်းရီမှာ ထွက်ပြေး လွတ်မြောက်အောင်သာ ကြိုးစားရတော့သည်။

တက္ကသိုလ်ဘွဲ့ရတစ်ယောက်ကို အလယ်တန်းအဆင့် မေးခွန်းတွေ လာမေးနေတာက လူကို အကျပ် ရိုက်အောင်လုပ်တာ မဟုတ်ဘူးလား။

ထို့ကြောင့် အနားယူရန် အိမ်ရှေ့စံ မင်းသားကို ခေါ်ဆောင်ပြီး ဤနေရာသို့ ငါးမျှားရန် ရောက်လာခဲ့ခြင်း ဖြစ်၏။

မွန်းလွဲပိုင်းသည် ငြိမ်သက်ပြီး လေငြိမ်နေကာ ကန်ဘောင်ဘေးတွင်လည်း လူသိပ်မရှိချေ။ သူတို့နှစ်ဦးသည် ငါးမျှားတံများကို ကိုင်ဆောင်လျက် တိတ်ဆိတ်စွာ ထိုင်နေခဲ့သည်မှာ မိနစ်လေးဆယ် ရှိနေပြီ ဖြစ်၏။

လီယွမ်ကျောက်၏ ကိုယ်ပေါ်တွင် လောက်ကောင်များ တွယ်နေသကဲ့သို့ ဘယ်ဘက်သို့ လှည့်လိုက်၊ ညာဘက်သို့ လှည့်လိုက် လုပ်နေ၏။ “ဖန်ကြီး ... ဒီကန်ထဲမှာ တကယ်ပဲ ငါးရှိရဲ့လား။ ဒီမှာ အလကား ထိုင်နေရတာ အဓိပ္ပာယ်မရှိဘူး။ ကျုပ် နဲ့အတူ နန်းတော်ကို ပြန်ကြမယ်။”

ဖန်ကျန်းရီသည် အထင်အမြင်သေးစွာ ရယ်မောလိုက်၏။ ရင့်ကျက်သော အမျိုးသားများ၏ ဝါသနာကို ဒင်းလို လူမျိုးကတော့ သဘာဝကျကျပင် နားမလည်နိုင်ချေ။

“မင်းသား ... ဒီထဲမှာ ငါးတွေ အများကြီး ရှိပါတယ်။ ကျုပ်က အမြဲတမ်း ငါးမျှားနေတာ မမှားနိုင်ဘူး။”

“ဟားဟား …... ခင်ဗျားက ငါးမျှား သခင်ကြီးတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး။”

“ဘာ သခင်ကြီးလဲ၊ ကျုပ်က ဂိုဏ်းချုပ်ကြီး။”

“ဂိုဏ်းချုပ်ကြီးက ဘာလို့ ငါးတစ်ကောင်မှ မမိသေးတာလဲ။” လီယွမ်ကျောက်က ရွံရှာစွာ ပြောလိုက်၏။

“ပစ္စည်းက လက်မငြိမ်ဘူး။ အလုပ်တစ်ခုကို ကောင်းကောင်း လုပ်ချင်ရင် ကိရိယာတွေ ကျွမ်းကျင်နေမှ ဖြစ်မယ်။ ငါးမျှားခြင်းရဲ့ အနှစ်သာရက တကယ်တော့ အစာကျွေးပြီး မျှားတာပဲ၊ ပြီးတော့ ဒီဝါးခြမ်းပဲ့ကြီးက ... ကျုပ်ရဲ့ စွမ်းရည်ကို ထုတ်ဖော်ပြသဖို့ အနှောင့်အယှက် ဖြစ်စေတယ်။” ဖန်ကျန်းရီက ခပ်ပေါ့ပေါ့ ပြောလိုက်သည်။

“အာ ... မိပြီ။” ဖန်ကျန်းရီ စကားမဆုံးခင်မှာပင် လီယွမ်ကျောက်ဘက်ရှိ ငါးမျှားတံမှာ ရုတ်တရက် ပြင်းထန်စွာ ဆွဲဆန့်ခံလိုက်ရသည်။

ကြည့်ရသည်မှာ ရလဒ်က မသေးငယ်ချေ။

လီယွမ်ကျောက်သည် မတ်တပ်ရပ်လိုက်ပြီး စိတ်လှုပ်ရှားနေသော မျက်နှာဖြင့် ကန်ထဲမှ ငါးကြီးနှင့် စတင် အားပြိုင်ကစားလိုက်၏။

“အလိုလေး ... အကောင်ကြီးကြီးပဲ။”

နှစ်ဖက်သား အတန်ကြာ အားပြိုင်ပြီးနောက် အလေးချိန် ဆယ်ပိဿာကျော်ခန့် ရှိသော မီးခိုးရောင် ငါးကြီးတစ်ကောင်မှာ ရေပြင်ထက်သို့ တဖြည်းဖြည်း ပေါ်ထွက်လာသည်။

ဖန်ကျန်းရီ၏ မျက်လုံးများမှာ ဒေါသကြောင့် ကွဲထွက်မတတ် ဖြစ်သွား၏။ “မင်းသား ... ကျုပ် ကူညီပေးမယ်။”

“ခင်ဗျား အနားမလာနဲ့။”

လီယွမ်ကျောက်၏ တားဆီးမှုကို နားမထောင်ဘဲ ဖန်ကျန်းရီသည် မတ်တပ်ရပ်၍ ရှေ့သို့ လျှောက်သွားကာ လီယွမ်ကျောက်၏ လက်ထဲမှ ငါးမျှားတံကို ဆုပ်ကိုင်ပြီး ဖြစ်သလို လှုပ်ယမ်းလိုက်၏။

ငါးကြီးသည် အခွင့်အရေးကို အသုံးချ၍ တစ်ချက် တုန်ခါလိုက်ပြီး... ချိတ်မှ ပြုတ်ကျကာ ကူးခတ် ထွက်ပြေးသွားလေတော့သည်။

လီယွမ်ကျောက်သည် သစ်သားကြက်ဖကြီး တစ်ကောင်ကဲ့သို့ ကန်ဘောင်ထိပ်တွင် ကြောင်အမ်းအမ်း ရပ်နေပြီး သတိပြန်ဝင်လာချိန်တွင် ဒေါသတကြီး ပြောလိုက်၏။ “ခင်ဗျား ဘာလုပ်တာလဲ။”

ဖန်ကျန်းရီက စိတ်မကောင်းစွာ ပြောလိုက်သည်။ “ကျုပ်က မင်းသားကို ကူညီပေးချင်ရုံလေးပါ။ ဒီငါး ဒီလောက်အထိ ကောက်ကျစ်စဉ်းလဲလိမ့်မယ်လို့ မထင်ထားဘူး။ ငါးထည့်တဲ့ ပိုက်လည်း မပါတော့ သူ့ကို ထည့်စရာ နေရာမှ မရှိတာ။ ကိစ္စမရှိဘူး၊ ကိစ္စမရှိဘူး။ အခုချက်ချင်း မင်းသားအတွက် နောက်တစ်ကောင် ကူညီပြီး မျှားပေးမယ်။”

“ဟွန်း ... လူယုတ်မာ .. ကြည့်ရတာ ခင်ဗျား ကျုပ်ကို မနာလို ဖြစ်နေတာပဲ။” လီယွမ်ကျောက်က အေးစက်စွာ ရယ်မောလိုက်၏။

ကိုယ်ကိုကိုင်း၍ ဝါးမျှားတံကို ကောက်ယူလိုက်ပြီး ကြိုးကို ရှင်းလင်းကာ ဆက်လက် ငါးမျှားလေသည်။

ဖန်ကျန်းရီသည် ရှက်ကိုးရှက်ကန်း ရယ်မောလိုက်ပြီး စောစောက ငါးကြီး ပျောက်ဆုံးသွားသည့် နေရာကို ချိန်ရွယ်ကာ ငါးမျှားတံကို လွှတ်တင်လိုက်၏...

“ငါ နောက်တစ်ကောင် မိပြန်ပြီဟ။”

ငါးမိနစ်ပင် မပြည့်ခင်မှာပင် လီယွမ်ကျောက်သည် အတိုင်းမသိ ဝမ်းမြောက်နေသော အရိပ်အယောင်များဖြင့် မတ်တပ်ရပ်၍ ငါးမျှားတံကို ထပ်မံ ဆွဲဆန့်လိုက်ပြန်သည်။

ဖန်ကျန်းရီ၏ မျက်လုံးများမှာ ကွဲထွက်မတတ် ဖြစ်သွားပြီး နောက်မှ ကပ်လျက် မတ်တပ်ရပ်လိုက်၏။

လီယွမ်ကျောက်က ဘေးတစ်စောင်း ကြည့်လိုက်ပြီး သူ၏ လှုပ်ရှားမှုကို စောစောကတည်းက မြင်တွေ့ထားပြီးသား ဖြစ်ရာ လျင်မြန်စွာ ကိုယ်ကို လှည့်၍ ဘေးဘက်သို့ ရှောင်တိမ်းသွားသည်။

ငါးမျှားဂိုဏ်းချုပ်ကြီး၏ လျှို့ဝှက်အကြံအစည်မှာ အောင်မြင်ခြင်း မရှိခဲ့ချေ။

သို့သော်ငြား ဤတစ်ကြိမ် လှုပ်ရှားမှု အရှိန်အဟုန်က ကြီးမားလွန်းသောကြောင့် ငါးကြီးမှာ ကံမကောင်းစွာဖြင့် ထပ်မံ၍ ချိတ်မှ ပြုတ်ထွက်သွားခဲ့ပြန်သည်။

လီယွမ်ကျောက်သည် ဒေါသတကြီးဖြင့် ငါးမျှားတံကို ရိုက်ချလိုက်၏။ “ခင်ဗျား တော်တော် ရက်စက်တာပဲ။ လှေငယ်နှစ်စင်း သွားရှာချေ၊ ငါတို့တစ်ယောက်တစ်စင်းစီ ခွဲမျှားကြမယ်။”

ဖန်ကျန်းရီ၏ သူငယ်အိမ်များမှာ ကသောင်းကနင်း လှည့်ပတ်နေသည်။

မဖြစ်ဘူး။ ဒီကောင်လေးက လက်သစ် ကံကောင်းတဲ့ ကာလ ဖြစ်နေတော့ ကံတရားက ဒီလောက် ကောင်းနေတာ၊ ယှဉ်ပြီး မျှားရင် ငါက သူ့ထက် နိမ့်ကျသွားမှာ မဟုတ်ဘူးလား။ ဒါဆို ငါ ငါးမျှားဂိုဏ်းချုပ်ကြီးရဲ့ မျက်နှာ ဘယ်မှာ သွားထားရမလဲ။

“မင်းသား ... သင်္ဘောအကြောင်း ပြောလာမှ ငါတို့ ပင်လယ်ထွက်တဲ့ သင်္ဘောအုပ်စုအခြေအနေ ဘယ်လိုရှိနေပြီလဲ မသိဘူး။ သတင်းအစအနလေး ဘာလေး ရပြီးပြီလား။” ဖန်ကျန်းရီက စကားလမ်းကြောင်း စတင် လွှဲလိုက်၏။

လီယွမ်ကျောက် အနည်းငယ် ကြောင်အမ်းသွားပြီး အာရုံစိုက်မှုက တကယ်ပင် လွဲဖယ်သွားခဲ့သည်။

ပြန်လည် ထိုင်ချလိုက်ပြီး ပြောလိုက်၏။ “အင်း ... ဟုတ်သားပဲ၊ သင်္ဘောအုပ်စုက ထွက်သွားတာ ဒီလောက်ကြာနေပြီ ဘာသတင်းမှ မရသေးဘူး။

နန်းတွင်း ညီလာခံမှာ ဆွေးနွေးကြတာကို ကျုပ် ကြားတယ်။ ရေတပ်က အခုထိ လေ့ကျင့်နေဆဲပဲ၊ တောင်ပိုင်းက သင်္ဘောကျင်းတွေကလည်း သင်္ဘောအသစ် တည်ဆောက်ရေးကို သုတေသန ပြုနေဆဲပဲ ... ဒီငွေကြေး သုံးစွဲမှု တစ်ခုချင်းစီတိုင်းက ကြီးမားတယ်။ အနောက်ပိုင်းကို စူးစမ်းရှာဖွေဖို့ ထွက်သွားတဲ့ သင်္ဘောအုပ်စုကလည်း အခုထိ ပြန်မလာသေးဘူး။ ဘဏ္ဍာရေးဌာနက စိတ်လောနေပြီး ရေတပ်နဲ့ သင်္ဘောသစ် သုတေသန စရိတ်တွေကို လျှော့ချချင်နေတယ်။ စစ်ရေးဌာနဘက်ကလည်း လျှော့ချချင်တဲ့ ရည်ရွယ်ချက် ရှိနေပြီး ဒီရင်းနှီးမြှုပ်နှံမှု အပိုင်းကို မီးလက်နက် သုတေသနဘက် ပြောင်းလဲ သုံးစွဲချင်နေကြတယ်။”

ဖန်ကျန်းရီ၏ စိတ်နှလုံးမှာ တင်းကျပ်သွား၏။ “ဘယ်တုန်းက ဆွေးနွေးခဲ့ကြတာလဲ။ ကျုပ် ဘာလို့ သတင်းအစအနလေးတောင် မကြားမိတာလဲ။”

“ရွှေတိုင်းပြည်ကနေ ပြန်ရောက်ပြီး နှစ်ရက်လောက်မှာပဲ ... စစ်ပွဲ စရိတ်တွေက မျှော်မှန်းထားတာထက် ကျော်လွန်သွားလို့ ဒီလို စကားမျိုး ထွက်လာတာပဲ။”

“ဒါပေမဲ့ ခမည်းတော်က ပြောတယ် ... မသိရသေးတဲ့ ကမ္ဘာကြီး ဖြစ်တဲ့အတွက် စူးစမ်းရှာဖွေမှု ဆိုတာ တစ်ချက်တည်းနဲ့ ပြီးမြောက်သွားဖို့ မဖြစ်နိုင်ဘူးတဲ့။ အကယ်၍ သင်္ဘောအုပ်စု ကျရှုံးသွားတဲ့ သတင်း ပြန်ရောက်လာရင် သင်္ဘောအုပ်စုကို ဒုတိယအကြိမ် ထပ်လွှတ်ဖို့ ပြင်ဆင်ထားတယ်။ ဒုတိယအကြိမ်မှာမှ မျှော်လင့်ချက် မရှိတော့ရင် ဆက်ပြီး မထောက်ပံ့တော့ဖို့ ဆုံးဖြတ်လိုက်တယ် ... အားလုံးကလည်း သဘောတူလိုက်ကြတော့ နောက်ပိုင်း ဒီကိစ္စက အဲဒီလိုနဲ့ပဲ ပြီးဆုံးသွားခဲ့တာ။”

ဖန်ကျန်းရီသည် သက်ပြင်းတစ်ချက် ချလိုက်၏။

ကြည့်ရသည်မှာ သူ ဖန်တီး ယက်လုပ်ခဲ့သည့် အနောက်ပိုင်း ဒဏ္ဍာရီပုံပြင်သည် နန်းတွင်း အမတ်များအပေါ် ဆွဲဆောင်နိုင်မှု သိသိသာသာ ပျောက်ဆုံးသွားခဲ့ပြီ ဖြစေသည်။

အဘယ်ကြောင့်ဆိုသော် အစစ်အမှန် ငွေကြေးများကို ရင်းနှီးမြှုပ်နှံထားပြီး အကျိုးအမြတ် မမြင်ရလျှင် မည်သူမဆို စိတ်လောလာမည်သာ ဖြစ်ပြီး ဤအတိုင်း ငုတ်တုတ် ထိုင်ကြည့်နေ၍ မရနိုင်သောကြောင့်ပင်။

ကံကောင်းစွာဖြင့် ယောက္ခထီးကြီးက အကြောင်းအကျိုးကို နားလည်တတ်သိသေးပေ၏။

ဖြစ်နိုင်သည်မှာ မြောက်ပိုင်းမှ အကြီးမားဆုံး ရန်သူကြီး ပျောက်ကွယ်သွားပြီးနောက် သူ၏ ပြင်ပလောက စူးစမ်းရှာဖွေလိုသည့် စိတ်ဝင်စားမှုက အကြီးအကျယ် မြင့်တက်လာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

သို့သော်လည်း သင်္ဘောအုပ်စုက အခုထိ ပြန်မလာသေးသည်မှာ အချိန် အတန်ငယ် ကြာမြင့်နေပြီ ဖြစ်ရာ ကျယ်ပြောလှသော ပင်လယ်ပြင်ကြီးထဲတွင် သူတို့သည် မည်ကဲ့သို့သော အန္တရာယ်များကို ကြုံတွေ့နေရသနည်း မသိချေ။

အပိုင်း (၈၅၇) အနောက်ပိုင်းဆိပ်ကမ်းသို့ ကပ်ရောက်ခြင်း

“ဖန်ကြီး ... ပြောကြည့်စမ်း၊ သူတို့ ပင်လယ်ထဲမှာ တစ်တပ်လုံး ကျဆုံးသွားခဲ့တာမျိုးများ ဖြစ်နေမလား။” လီယွမ်ကျောက်က စိုးရိမ်တကြီး မေးလိုက်သည်။

ထိုစကားကြောင့် ဖန်ကျန်းရီ၏ ရင်ထဲတွင် ဒိန်းကနဲ ထိတ်လန့်သွားသော်လည်း ဟန်ကိုယ့်ဖို့လုပ်ကာ ပြန်ဖြေလိုက်သည်။

“မင်းသား လျှောက်မပြောနဲ့။ တစ်နိုင်ငံလုံးက သေသေချာချာ ပြင်ဆင်ပြီး ပင်လယ်ထွက်ခဲ့တာ ဘယ်လိုလုပ် အန္တရာယ် ရှိနိုင်မှာလဲ။ အဲဒီ ရေတပ်သားတွေ တစ်ယောက်ချင်းစီတိုင်းက အတွေ့အကြုံ ကြွယ်ဝပြီး ခန္ဓာကိုယ် ကြံ့ခိုင်သန်စွမ်းကြတယ်။ ပြီးတော့ ကျုပ်ကိုယ်တိုင် သေသေချာချာ ပြင်ဆင်ပေးလိုက်တဲ့ ထောက်ပံ့ရေး ပစ္စည်းတွေလည်း ပါသေးတယ် ... လုံးဝ ပြဿနာမရှိနိုင်ဘူး။ တကယ်လို့များ သူတို့ ကမ္ဘာသစ်ကို ရှာတွေ့သွားပြီး အပြင်မှာ စူးစမ်းရှာဖွေနေတာလည်း ဖြစ်နိုင်တာပဲ။”

“ကမ္ဘာသစ် ... အဲဒါ ဘာပစ္စည်းကြီးလဲ။” လီယွမ်ကျောက်က နားမလည်နိုင်စွာ မေးပြန်သည်။

“ဖွံ့ဖြိုးတိုးတက်အောင် မလုပ်ရသေးတဲ့ တိုက်ကြီးပါပဲ။ ကမ္ဘာဦး လူသားအချို့ပဲ ရှိပြီး ပုံမှန် ယဉ်ကျေးမှု မရှိသေးတဲ့ မြေရိုင်း တစ်ကွင်းပေါ့။ အဲဒီနေရာမှာ မြေဩဇာ ကောင်းမွန်တဲ့ မြေပြင်တွေ၊ ဆန်းကြယ်တဲ့ တိရစ္ဆာန်တွေ၊ ပြီးတော့ အမျိုးမျိုးသော သတ္တုသိုက်တွေ ရှိနေနိုင်တယ် ...”

ဆန်းကြယ်သော တိရစ္ဆာန် ဟူသော စကားကြောင့် လီယွမ်ကျောက်မှာ စိတ်ကူးယဉ်ကမ္ဘာထဲ နစ်မျောသွားတော့၏။

ဖန်ကျန်းရီကတော့ စိတ်ထဲတွင် သက်ပြင်းအလီလီ ချနေမိသည်။ တကယ်တော့ သူကိုယ်တိုင်လည်း မသေချာပေ။ ကံကောင်း၍ ကမ္ဘာသစ်ကိုပဲ ရှာတွေ့သွားတာလား၊ နိုင်ငံခြားသားလေးယောက်၏ ဇာတိဖြစ်သော ဖေးခါတိုင်းပြည်ဆီပဲ ရောက်နေတာလား၊ ဒါမှမဟုတ် အပြန်လမ်းခုလတ်မှာလား မသိနိုင်ပေ။

သို့သော်ငြား သူ အကြောက်ဆုံးနှင့် လုံးဝ လက်မခံလိုသည့် အဖြစ်ဆိုးကတော့ ကြီးမားကျယ်ပြောလှသော ပင်လယ်ပြင်ကြီးထဲတွင် တစ်တပ်လုံး သုတ်သင်ခံလိုက်ရမည်ကိုပင်။ ပင်လယ်ပြင်၏ အန္တရာယ်များကို သူမသိ။ အထူးသဖြင့် သူတောင်းစားဘဝမှ ခက်ခက်ခဲခဲ ကြိုးစားကာ တောက်ပသော အနာဂတ်ကို ပိုင်ဆိုင်ထားပြီ ဖြစ်သည့် ညီငယ်လေး လိုင်ကော်အာ၏ အခြေအနေကို တွေးပြီး အစကတည်းက တားခဲ့သင့်သည်ဟု နောင်တရနေမိသည်။

ထိုသို့ ဖန်ကျန်းရီ တစ်ယောက်တည်း သတိလက်လွတ် တွေးတောနေဆဲမှာပင်...

“ ငါးထပ်မိပြီ။” ဟူသော လီယွမ်ကျောက်၏ အော်သံကြီး ရုတ်တရက် ထွက်ပေါ်လာသည်။

“ချီးတဲ့မှ။”

ဖန်ကျန်းရီ ဆဲဆိုပြီး လှည့်ကြည့်လိုက်ရာ လီယွမ်ကျောက်က ငါးကြီးကို ကန်ဘောင်ပေါ် ဆွဲတင်နေသည်ကို တွေ့လိုက်ရသည်။ ထိုကောင်လေးက ဖြူစင်သော သွားတန်းကြီးများကို ဖော်ပြကာ သူ့အား တုံးအစွာ ရယ်ပြနေ၏။ သူ၏လက်ထဲတွင်မူ လက်မောင်းတစ်ဖက်စာမျှရှိသော ဝဝဖြိုးဖြိုး ရွှေငါးကြင်းကြီးတစ်ကောင် ပါလာသည်။ ပိုဆိုးသည်က ထိုငါးကြီးမှာ သူ ငွေအမြောက်အမြားပေးပြီး ဝယ်ထားရသော ရေကန်၏ အဖိုးတန်ရတနာ ဖြစ်နေခြင်းပင်။

“မင်းသား ... မြန်မြန် ပြန်လွှတ်လိုက်၊ ဒီငါးက ...”

ဖန်ကျန်းရီ စကားပင် မဆုံးလိုက်ပေ။ လီယွမ်ကျောက်က မတ်တပ်ရပ်ကာ ဘောင်းဘီပေါ်မှ ဖုန်မှုန့်များကို ခါထုတ်လိုက်သည်။ ထို့နောက် ငါးမျှားကြိုးကို အားရပါးရ တစ်ချက် လွှဲလိုက်ရာ ဧရာမ ရွှေငါးကြင်းကြီးသည် သူ့ကျောပြင်ပေါ်သို့ ခွပ်ကနဲ ကျရောက်သွားပြီး ငါးကြီးကို ကျောပိုးအိတ်သဖွယ် လွယ်ထားလိုက်လေသည်။ ငါးကြီးမှာ တဖျန်းဖျန်း တွန့်လိမ်ရုန်းကန်နေသော်လည်း သူကတော့ မျက်နှာတည်ကြီးဖြင့်...

“ဘာငါးမှ မဟုတ်ပါဘူး။ ထိုင်နေရတာလည်း ပျင်းစရာကောင်းတယ်၊ ကျုပ်တို့နှစ်ယောက် ကျောင်းဝင်းထဲမှာ လျှောက်လည်ပြီးရင် ပြန်ကြမယ်။” လီယွမ်ကျောက်က ခပ်တည်တည် ဆိုလေသည်။

...

ကောင်းကင်ယံမှာ တဖြည်းဖြည်း မှောင်မိုက်လာပြီး မည်းမှောင် မီးခိုးရောင် တစ်ပြင်တည်း ဖြစ်နေချေပြီ။

ဖန်ကျန်းရီမှာ ရှေ့မှ ခပ်သွက်သွက် လျှောက်နေသော လီယွမ်ကျောက်နောက်မှ ခြေလှမ်းယိမ်းယိုင်စွာ လိုက်ပါရင်း ရှိသယောင်၊ မရှိသယောင် ငါးညှီနံ့ကို ရှူရှိုက်နေရသည်။ လီယွမ်ကျောက်၏ ကျောပေါ်မှ ရွှေငါးကြင်းကြီးမှာ ယခုအခါ ရုန်းကန်ခြင်းကို စွန့်လွှတ်လိုက်ပြီဖြစ်သည်။ လူလျှောက်တိုင်း တစ်ချက်ချင်း ခုန်ဆွခုန်ဆွ ဖြစ်နေကာ သေဆုံးနေသော ငါးမျက်လုံးအကြည့်ဖြင့် လူသားတို့၏ ရက်စက်မှုကို တိတ်တဆိတ် တိုင်တန်းနေပုံရသည်။

နောက်ဆုံးတွင် ဖန်ကျန်းရီ မခံစားနိုင်တော့ဘဲ လက်ကို ဆန့်ထုတ်ကာ အက်ကွဲသောအသံဖြင့် တောင်းဆိုလိုက်၏။

“အိမ်ပြန်ကြရအောင်ပါ မင်းသား ... ငါးတောင် ပုပ်နေပြီ။ ကြွားတာလည်း တော်လောက်ပါပြီ။”

ထိုအခါမှ လီယွမ်ကျောက်က တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် လှည့်ပြောလိုက်သည်။

“ဟုတ်သားပဲ ... မိန်းကလေးဆောင်ဘက်ကို သွားမလည်ရသေးဘူး။ သွားမယ်၊ သူတို့ ညဘက် စာလုပ်လား၊ ကြိုးစားရဲ့လား သွားကြည့်ကြရအောင်။”

………..

တာ့ပူဟော့ဆိပ်ကမ်း။

ပင်လယ်ရေမှာ အတန်ငယ် နောက်ကျိနေပြီး အဝေးပြေး ဧရာမ သင်္ဘောကြီးသည် လှိုင်းတံပိုးများ ထန်နေသော ပင်လယ်ပြင်ထက်တွင် တဖြည်းဖြည်း ချီတက်နေ၏။

သင်္ဘော မာလိန်မှုး ကျိန့်ဟွေ့သည် သင်္ဘောဦးပိုင်းတွင် မတ်တပ်ရပ်လျက် မှန်ပြောင်းကို ကိုင်ဆောင်ကာ ဆိပ်ကမ်း ရှိရာဘက်သို့ အဝေးမှ လှမ်းကြည့်နေသည်။

ပင်လယ်ပြင်က ကျယ်ဝန်းသည် ဆိုသော်လည်း အကွာအဝေးက ဝေးလွန်းသောကြောင့် မီးပြတိုက်နှင့် တူသော အစက်အပြောက်တစ်ခုကိုသာ ဝါးတားတား မြင်တွေ့နေရ၏။

သူ၏ ဘေးဘက်တွင်မူ လိုင်ကော်အာ၊ နိုင်ငံခြားသား နှစ်ဦး ဖြစ်သည့် ရှောင်ရွှိုက်နှင့် ခါလဲ့မီတို့အပြင် ရေတပ်သားတစ်စုလည်း ရပ်နေကြသည်။

လူတိုင်း ပင်လယ်ထွက်စ အချိန်တွင် အသားအရေက နူးညံ့ ဖြူစင်သည် ဟု ဆိုနိုင်သော်လည်း ယခုအခါတွင်မူ တစ်ဦးချင်းစီတိုင်းက ကြမ်းတမ်းသော မျက်နှာများ ရှိနေကြပြီ ဖြစ်ရာ ကြည့်မကောင်းလောက်အောင်ပင် ဖြစ်နေကြ၏။

အချိန်ကြာမြင့်စွာ ပြင်းထန်သော နေရောင်ခြည် ကျရောက်မှု၊ ပင်လယ်လေ တိုက်ခတ်မှုတို့က သူတို့အပေါ် ဖျက်ဆီးမှု မနည်းလှသည်မှာ သိသာထင်ရှားလှသည်။

မုန်တိုင်းနှင့် သဘာဝဘေးအန္တရာယ်များ၊ ရေတွက်မရသည့် လမ်းလွှဲ ကွေ့ဝိုက်မှုများကို ဖြတ်သန်းခဲ့ရသော်လည်း ဤခရီးတစ်လျှောက် ရလဒ်များက ပြည့်နှက်နေခဲ့ချေပြီ။

နိုင်ငံပေါင်း ဆယ်ချီကို ဖြတ်သန်းခဲ့ပြီး သံတမန် အဆက်အသွယ် အများအပြား ထူထောင်နိုင်ခဲ့ကာ ရလဒ်များက အလွန်အမင်း ကြွယ်ဝ ဝေဆာလှသည်။ ထို့အပြင် လုံးဝ အသစ်အဆန်း ဖြစ်သော ရိုးရာ ယဉ်ကျေးမှု အသွင်အပြင် အများအပြားကိုပင် စာအုပ်ထဲ၌ ပြည့်စုံစွာ မှတ်တမ်းတင်နိုင်ခဲ့၏။

မူလက ပင်လယ်ထွက်စဉ် သယ်ဆောင်လာခဲ့သော တာ့ကျင်း၏ ကုန်ပစ္စည်းများမှာ အများစုကြီးက ရွှေ၊ ငွေများ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပြီး သင်္ဘောခန်းဝမ်းဗိုက်ထဲ၌ ပုံကျနေသည်။

စစ်သည်များ အိမ်လွမ်းသည့် အခါတိုင်း ကျိန့်ဟွေ့သည် ပြည့်နှက်နေသော အသီးအပွင့် ရလဒ်များကို ပြသ၍ လက်အောက်ငယ်သားများကို နှစ်သိမ့်ပေးလေ့ ရှိ၏။

လက်ရှိ အခိုက်အတန့်တွင် လူပေါင်းများစွာတို့မှာ မှန်ပြောင်းများကို ကိုင်ဆောင်လျက် လေ့လာကြည့်ရှုနေကြသည်။

ကျိန့်ဟွေ့သည် မှန်ပြောင်းကို ချလိုက်ပြီး ရှောင်ရွှိုက်အား ကြည့်ကာ ထပ်တလဲလဲ အတည်ပြု မေးမြန်းလိုက်၏။ “ငါတို့ တကယ်ပဲ ဖေးခါတိုင်းပြည်ဆီ ရောက်လာကြပြီလား။”

ရှောင်ရွှိုက်က အလေးအနက် ခေါင်းညိတ်ပြသည်။ “လုံးဝ မမှားနိုင်ဘူး အစ်ကို။ ဒီနေရာက ကျုပ်ရဲ့ အိမ်ပါပဲ၊ ဒီက ပတ်ဝန်းကျင် အခြေအနေကို ကျုပ် သေသေချာချာ ရှင်းရှင်းလင်းလင်း မြင်ရတယ်။”

ခါလဲ့မီက လက်ကို ဆန့်ထုတ်၍ ပြောလိုက်၏။ “အဲဒီ မီးပြတိုက်ကို ကြည့်ကြ။ ဒီနေရာရဲ့ နာမည်က တာ့ပူဟော့ ဆိပ်ကမ်းပဲ။”

သူတို့နှစ်ဦး၏ မျက်နှာပေါ်တွင် လွမ်းဆွတ်တမ်းတနေသော အရိပ်အယောင်များ ပေါ်လွင်နေ၏။ သူတို့သည် တာ့ကျင်း၌ ကျန်ရစ်နေလိုသည် ဆိုသော်လည်း ဤနေရာက သူတို့၏ ဇာတိမြေ ဖြစ်နေဆဲပင် ဖြစ်ပြီး ဆွေမျိုး မိတ်ဆွေများလည်း ဤနေရာတွင် တည်ရှိနေသည်။

ဤခရီးတစ်လျှောက်တွင် ဖန်ကျန်းရီက သူတို့သည် ကြီးမားသော အသုံးဝင်မှု ရှိကြောင်း မှာကြားထားခဲ့သောကြောင့် အတူလိုက်ပါလာသော သင်္ဘောသားများမှာ ပေါ့ဆရဲခြင်း မရှိဘဲ၊ သူတို့အပေါ် ဂရုတစိုက် စောင့်ရှောက်ပေးခဲ့ကြရာ အတန်ငယ်ပင် ဝဖြိုးလာခဲ့ကြသေး၏။

အချိန်ကြာမြင့်စွာ အတူနေထိုင်လာပြီးနောက် သူတို့နှစ်ဦး၏ စကားပြော အလေ့အကျင့်၊ ဝေါဟာရ သုံးစွဲမှု အဆင့်အတန်းတို့မှာ တာ့ကျင်းသားများနှင့် ကွဲပြားခြင်း မရှိတော့ချေ။

ဤတစ်ကြိမ် တာ့ကျင်းကို အနောက်ပိုင်းသို့ ရောက်ရှိအောင် ချောချောမွေ့မွေ့ ကူညီပေးနိုင်ခဲ့ပြီး အိမ်တွင်းရေး ကိစ္စများ ဖြေရှင်းပြီးစီးပါက ချောချောမွေ့မွေ့ နိုင်ငံတော်ဆီ ပြန်နိုင်တော့မည်။

သူတို့သည် တရားဝင် ကျင်းယီဝေ အဖြစ် ခန့်အပ်ခံထားရကြောင်း တွေးမိသည့်အခါ နှစ်ဦးလုံး၏ မျက်နှာအမူအရာများမှာ အနည်းငယ် စိတ်လှုပ်ရှားလာကြသည်။

ပြန်ရောက်သွားလျှင် လစာကို မပြောနှင့်ဦး၊ မြို့တော်ထဲက ပြည်သူတွေ စက်ဘီးပျောက်၍ ကိုယ်စား အမှုဖွင့်ပေးရုံနှင့်တင် အမြတ်အစွန်း ကြီးကြီးမားမား ရနိုင်ပြီ။

ကျိန့်ဟွေ့က ထိုအခြေအနေကို မြင်ပြီး ပြုံးလိုက်၏။ “အိမ်လွမ်းနေပြီလား။”

သူတို့နှစ်ဦးက ခေါင်းညိတ်ပြ၏။ “အနည်းငယ်တော့ လွမ်းမိတယ် အစ်ကို။ ဒါပေမဲ့ ဒီဘက်က ကိစ္စတွေ ပြီးတာနဲ့ တာ့ကျင်းဆီ အမြန်ဆုံး ပြန်လာနိုင်ဖို့ မျှော်လင့်ပါတယ်။”

ကျိန့်ဟွေ့က အံ့ဩတကြီး မေးလိုက်သည်။ “မင်းတို့က တာ့ကျင်းမှ်နေဖို့ တကယ်ပဲ သံမဏိလို စိတ်ပိုင်းဖြတ်ထားကြတာလား။ ဖေးခါတိုင်းပြည်က အဲဒီလောက်ထိ ဆိုးရွားနေလို့လား။”

ရှောင်ရွှိုက်က ပြန်ဖြေ၏။ “သိပ်ကြီးကြီးမားမား ဆိုးရွားလှတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဖေးခါက သေးငယ်ပြီး ညစ်ပတ်လွန်းတယ်၊ တာ့ကျင်းရဲ့ ပြည်နယ်တစ်ခုလောက်ကိုတောင် မမီဘူး။ တာ့ကျင်းက စားကောင်းသောက်ဖွယ်တွေ ရှိပြီး မိန်းမတွေကလည်း သန့်ရှင်းကြတယ်၊ ဒါပေမဲ့ အရမ်း ရှေးရိုးစွဲလွန်းတာပဲ ရှိတာ။ ကျုပ်တို့ ဒီက မိန်းမတွေကတော့ သိပ်ကို ဆွဲဆောင်မှု ရှိပြီး ရဲတင်းကြတယ်ဗျ ... အစ်ကိုကျိန့်၊ ကျုပ် အိမ်ရှင် လုပ်ပြီး အစ်ကိုတို့ကို အပန်းဖြေဖို့ ဖိတ်ခေါ်ကျွေးမွေးရင် ဘယ်လိုနေလဲ။”

ကျိန့်ဟွေ့က အထင်အမြင်သေးစွာ ပြောလိုက်သည်။ “မင်းက ငါတို့ တာ့ကျင်းကို နားမလည်ဘဲ ရမ်းသန်း ကောက်ချက်ချနေတာပဲ။ အမျိုးသမီးတွေ ဆိုတာ သိမ်မွေ့တဲ့ အလှတရား ရှိရမယ်၊ မင်းတို့ နားလည်လား။ မင်းတို့ မိန်းမ ရှာချင်ရင် ကိုယ့်ဘာသာ ရှာကြပေတော့။ ငါ့ရဲ့ ဒီသင်္ဘောပေါ်က ညီအစ်ကိုတွေမှာ တာဝန်တွေ ရှိနေသေးတယ်။ ဘာပဲဖြစ်ဖြစ် သူစိမ်းပြင်ပြင် နေရာကြီး ဖြစ်တဲ့အတွက် အရမ်း ရဲတင်းလွတ်လပ်နေလို့ မသင့်တော်ဘူး။”

ရှောင်ရွှိုက်က ရှက်ကိုးရှက်ကန်း ရယ်မောလိုက်၏။ “သိမ်မွေ့တာလား။ ကျုပ်တို့ နားမလည်ဘူး၊ ကျုပ်တို့ သိတာကတော့ ဘာပဲဖြစ်ဖြစ် နောက်ဆုံးကျရင် ရဲတင်းလာကြတာ ချည်းပါပဲ။”

ဤနိုင်ငံခြားသား နှစ်ဦး၏ လူမိုက် သဘာဝ စရိုက်လက္ခဏာမှာ တစ်နေ့တခြား ပိုမို ပေါ်လွင်လာခဲ့ချေပြီ။

ကျိန့်ဟွေ့က ပြောလိုက်သည်။ “အဓိကကိစ္စကိုပဲ ပြောကြရအောင်။ ဒီလောက်ကြာအောင် ပြန်မလာခဲ့ရတော့ အခြေအနေ မရှင်းလင်းဘူး။ မင်းနဲ့ ခါလဲ့မီ သင်္ဘောပေါ်က ဆင်းပြီးတာနဲ့ အဖွဲ့နှစ်ဖွဲ့ ခွဲကြမယ်။ မင်းက အရပ်ထဲမှာ ပြည်သူ့အခြေအနေတွေနဲ့ ဒေသထွက် ကုန်ပစ္စည်းအချို့ကို စုဆောင်းပါ၊ ခါလဲ့မီက ငါနဲ့အတူ မင်းတို့ရဲ့ ဧကရာဇ်ကို သွားပြီး တွေ့ဆုံကြမယ်။ မင်းတို့ အရင်ဆုံး ပြန်ပြီး ပြင်ဆင်ထားလိုက်ကြအုံး။”

သူတို့နှစ်ဦးက တစ်ပြိုင်နက်တည်း လက်သီးဆုပ် အရိုအသေပေးလိုက်ကြ၏။ “အမိန့်အတိုင်း နာခံပါ့မယ်။”

သူတို့နှစ်ဦး သင်္ဘောခန်းထဲ ဝင်သွားပြီးနောက် လိုင်ကော်အာက မေးလိုက်၏။ “အစ်ကိုကြီးကျိန့် ... ဒီနေရာမှာ စုံစမ်းထောက်လှမ်းဖို့ ကျုပ်တို့ ကုန်းတွင်းပိုင်းအထိ ဝင်ရောက်ရအုံးမှာလား။”

လိုင်ကော်အာသည် ကျိန့်ဟွေ့၏ အားကိုးရသော ဒုတိယခေါင်းဆောင်တစ်ဦး ဖြစ်သည့်အားလျော်စွာ အချိန်ကြာမြင့်စွာ အတူနေထိုင်လာပြီးနောက် ညီအစ်ကိုအဖြစ် သတ်မှတ် ခေါ်ဝေါ်နေကြပြီ ဖြစ်သည်။

ကျိန့်ဟွေ့က ခေါင်းခါလိုက်၏။ “မလိုတော့ဘူး။ ဒီခရီးမှာ ငါတို့ အလကား လမ်းတွေ အများကြီး လျှောက်ခဲ့ရပြီး အချိန်ဆွဲတာလည်း ကြာနေပြီ။ အချိန်ဆွဲလေလေ၊ အပြောင်းအလဲတွေ ပေါ်ပေါက်လာဖို့ လွယ်ကူလေလေပဲ။ ငါတို့ ထမ်းဆောင်ထားရတဲ့ စူးစမ်းရှာဖွေရေး တာဝန် ပြီးမြောက်သွားပြီ ဖြစ်တဲ့အတွက် သံတမန် ဆက်ဆံရေး ထူထောင်ပြီးတာနဲ့ စောစောစီးစီး အပြန်ခရီး စသင့်တယ်။”

လိုင်ကော်အာက ခပ်ဆွေးဆွေး ပြောလိုက်၏။ “နောက်ဆုံးတော့ အိမ်ပြန်ရတော့မယ်ပေါ့ ... ပင်လယ်ရပ်ခြားမှာ သေဆုံးသွားခဲ့ရတဲ့ ကျုပ်တို့ရဲ့ ညီအစ်ကိုတွေကတော့ သနားစရာ ကောင်းလှပါတယ်ဗျာ ...”

ထိုစကားကို ကြားသည့်အခါ ကျိန့်ဟွေ့သည်လည်း အတန်ငယ် စိတ်မကောင်း ဖြစ်သွားရသည်။

ဤခရီးတစ်လျှောက်တွင် သဘာဝဘေးအန္တရာယ်များ၊ လူလုပ်ဘေးအန္တရာယ်များ ရှိခဲ့ပြီး လွှတ်လိုက်သော သင်္ဘောအုပ်စုမှာလည်း အပျက်အစီး ပြင်းထန်ခဲ့၏။

သို့သော်ငြား အပြန်ခရီး လမ်းကြောင်းကို သိရှိပြီးသား ဖြစ်သည့်အတွက် အများကြီး ချောမွေ့သွားပေလိမ့်မည်။

ဝမ်းနည်းစရာ ကောင်းသည်မှာ သေဆုံးသွားခဲ့ကြသည့် စစ်သည်များမှာ လူ့ပြည်၏ ကောင်းချီးမင်္ဂလာများကို ခံစားစံစားရန် ကံမပါတော့ခြင်းပင်...

ကျိန့်ဟွေ့သည် အသက်ကို အကြိမ်အနည်းငယ် ပြင်းပြင်းရှူလိုက်ပြီး အပြုံးတစ်ခု ဖန်တီးကာ ပြောလိုက်၏။ “အကြီးမားဆုံး ဒုက္ခဆင်းရဲတွေ ပြီးဆုံးသွားခဲ့ပြီပဲ ... တက်တက်ကြွကြွ နေစမ်းပါ‌ေ

ငါတို့ ဒီတစ်ကြိမ် ရရှိတဲ့ ရလဒ် ကြွယ်ဝမှုက နန်းတွင်းကို အကြီးအကျယ် တုန်လှုပ်သွားစေမှာ သေချာတယ်။ အဲဒီအခါကျရင် ညီအစ်ကိုတွေ တစ်ယောက်ချင်းစီတိုင်းက သူဌေးကြီးတွေ ဖြစ်လာကြတော့မှာ။”

လိုင်ကော်အာက ပြုံးလိုက်ပြီး လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ ပင်လယ်လေကို ကြိုဆိုလိုက်သည်။ “မှန်တယ် ... သူဌေးကြီးတွေ ဖြစ်ကြတော့မှာ။

ဒီခရီးကနေ‌ ကျုပ် အကျိုးကျေးဇူး အများကြီး ရခဲ့တယ်။ ဒီကမ္ဘာကြီးပေါ်မှာ ဒီလောက် များပြားတဲ့ နိုင်ငံတွေ၊ ဒီလောက် များပြားတဲ့ ဓလေ့ထုံးတမ်းတွေ ရှိနေလိမ့်မယ်လို့ မထင်ထားဘူး ... တကယ်ကို မျက်စိ ရွှင်လန်းစေပြီး အမြင် ကျယ်ဝန်းစေတယ်။ ပင်လယ်ကြီး ဆိုတာ ယူလို့မကုန်နိုင်တဲ့ ရတနာသိုက်ကြီးပါပဲ။”

ကျိန့်ဟွေ့က ပြောလိုက်၏။ “ကမ္ဘာပေါ်မှာ ဒီလောက်များတဲ့ နိုင်ငံတွေ ရှိနေပေမဲ့ အင်အားပိုင်းကို ပြောရရင် ဘယ်သူကများ ငါတို့ တာ့ကျင်းကို ယှဉ်နိုင်မှာလဲ။ အဲဒီ လူရိုင်းတွေက အသိဉာဏ် မပွင့်လင်းသေးဘူးလို့ပဲ ငါ ခံစားရတယ်။ ဒါပေမဲ့ ပိုက်ဆံကတော့ အစစ်အမှန် ရတာပါပဲ ... လူရိုင်းနယ်မြေတွေက ငါတို့ တာ့ကျင်းရဲ့ ကုန်ပစ္စည်းတွေကို မြင်တာနဲ့ ဘယ်သူကများ ရူးရူးမူးမူး မပြေးလာဘဲ နေလို့လဲ။”

လိုင်ကော်အာသည် ရယ်မောလိုက်သည်။ “ကျုပ်တော့ အဲဒီလို မထင်ဘူး အစ်ကိုကြီးကျိန့် ... ကျုပ် အရင်တုန်းက ဘာအလုပ်လုပ်ခဲ့လဲ ဆိုတာ အစ်ကို သိလား။”

“အို ... မင်း ပြောတာ တစ်ခါမှ မကြားဖူးဘူး။” ကျိန့်ဟွေ့က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။

“ကျုပ်က သူတောင်းစား တစ်ယောက်ပါ၊ အစကနေအဆုံးထိ အစစ်အမှန်ကို သူတောင်းစား တစ်ယောက်ပဲ။ အစ်ကိုကြီး ဖန်ကျန်းရီနဲ့ တွေ့ဆုံချိန်အထိပါပဲ ... သူက ကျုပ် ကြိုးစား အားထုတ်ပြီး အထက်ကို တက်လှမ်းတတ်အောင် သင်ပေးခဲ့လို့ ဒီနေ့ဒီအချိန် ရှိလာတာ။”

ကျုပ်က မြေမှုန့်လောက်အထိ နိမ့်ကျနေမှန်း ကိုယ့်ကိုယ်ကိုယ် သိတဲ့အတွက် အစွမ်းကုန် ကြိုးစားပြီး စာသင်ယူရုံပဲ ရှိတယ်။ ကိုယ့်ကိုယ်ကိုယ် ကြည့်ရင် အားနည်းချက်တွေချည်းပဲ၊ သူများတွေကို ကြည့်ရင် အားသာချက်တွေ ပြည့်နှက်နေတာကို မြင်ပြီး တစ်နေ့ထက်တစ်နေ့ တိုးတက်အောင် လုပ်ခဲ့လို့ ဒီနေ့လို အသေးအမွှား အောင်မြင်မှုလေး ရလာခဲ့တာ။

နိုင်ငံအချင်းချင်းလည်း ဒီလိုပဲ ဖြစ်မယ်လို့ ထင်ပါတယ်။ အဲဒီ ပင်လယ်ရပ်ခြား နိုင်ငံတွေဆီက အတုယူစရာ အချက်တွေဟာ ရွှေ၊ ငွေတွေထက် ပိုပြီး တန်ဖိုးရှိနေနိုင်ပါတယ်။ ပြီးတော့ ဒီကမ္ဘာကြီးက ကြီးမားလှတဲ့အတွက် ကျုပ်တို့ စူးစမ်းရှာဖွေလို့ မရသေးတဲ့ အရာတွေ အများကြီး ကျန်နေပါသေးတယ်။”

ကျိန့်ဟွေ့၏ မျက်လုံးထဲတွင် တုန်လှုပ်သွားသော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွား၏။

သူတောင်းစားတဲ့လား။ လိုင်ကော်အာက အရင်တုန်းက တကယ်ပဲ သူတောင်းစား တစ်ယောက် ဖြစ်နေခဲ့တာကိုး။

ကြည့်ရသည်မှာ သူနှင့် ဖန်ကျန်းရီတို့သည်လည်း တိုက်ဆိုင်စွာ တွေ့ဆုံခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။

All Chapters